နင် ကောင်းဖို့ အတွက် ပြောနေတာ..
Vol. 50 Ch. 749
“ ကျိန်း… အဲ့ကောင်က ဘယ်မှာလဲ… ငါတို့ သွားရှာပြီး နည်းနည်းလောက် ဖြေရအောင်…”
ပြောလိုက်သူကတော့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်ပြီး ကျိန်းချောင်နှင့် ပခုံးတွဲထားကာ သူ၏ လေသံနှင့် ယိုင်တိုင်တိုင် လမ်းလျှောက်နေသည့် အနေအထားအရ အတော်လေး အရက်မူးနေဟန်ပင်။
ထိုအမျိုးသား၏ နာမည်မှာ ရှုံးဟွေ့ဖြစ်ပြီး ကျိန်းချောင်ထံမှ လေယာဉ်အသေးစားလေး ဝယ်သွားဖူးသည့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်၏။ ထိုစဉ်က ပိုက်ဆံ အနည်းငယ် ချွေတာနိုင်ခဲ့သောကြောင့် နှစ်ယောက်မှာ အပြန်အလှန် ထိတွေ့ဆက်ဆံမိပြီး သူငယ်ချင်းများ ဖြစ်လာခဲ့ကြလေသည်။
ယနေ့ အဖြစ်အပျက်ပြီးနောက် ကျိန်းချောင် ရှုံးဟွေ့ကို ခေါ်ပြီး အခြေအနေကို အသေးစိတ်ရှင်းပြလိုက်၏။
သို့သော်လည်း သူ ဖောက်ပြန်ခံရသည်လို့တော့ မပြောဘဲ သူ၏ ကောင်မလေးကို တစ်ခြားသူက ဖျားယောင်းသွေးဆောင်ပြီး သူ့ကိုလည်း မထီမဲ့မြင် ပြုသွားခဲ့သည်ဟုသာ ဆိုထားလေသည်။
ယမကာ အနည်းငယ် ဝင်ပြီးနောက် ရှုံးဟွေ့လည်း သွေးလေး အနည်းငယ်ကြွလာကာ ရင်ဘက်တဘုန်းဘုန်းပုတ်၍ ကျိန်းချောင်အတွက် လက်စားချေပေးမည်ဟု ဆိုလာ ရောက်လာခဲ့ကြခြင်းပင်။
“ ငါလည်း မသိဘူး…” ကျိန်းချောင် ပြောလိုက်ပြီး “ ငါ့ကောင်မလေးကို အရင်သွားရှာပြီး အဲ့ကောင်ဘယ်မှာလဲ မေးကြမယ်…”
“ ငါကြားတာ မင်းကောင်မလေးက တီဗွီဌာနရဲ့ ဒါရိုက်တာဆို…” ရှုံးဟွေ့ အပြုံးလေးဖြင့် ပြောလိုက်၏။
“ အင်း.. ဟုတ်တယ်…”
“ မင်းလိုမျိုး ဒီလောက် ထူးချွန်တဲ့ ကောင်လေးရှိတာတောင် တခြား အမျိုးသားနဲ့ ဇယားတွေ ရှုပ်နေတယ်ဆိုတော့ အဲ့လို မိန်းမမျိုးကို မင်းဘေးနား ဆက်မထားသင့်တော့ဘူး…”
“ ညီကိုဟွေ့… မင်းထင်နေသလို မဟုတ်ဘူး… ငါ့ကောင်မလေးက သူနဲ့ ဘာမှ မဖြစ်ထားဘူး..”
ကျိန်းချောင် သူ ဖောက်ပြန်ခံလိုက်ရသည်ဟု တစ်ခြားသူများကို အထင်မခံချင်သောကြောင့် အတတ်နိုင်ဆုံး ကြိုးစား၍ ရှင်းပြလိုက်လေသည်။
ရှုံးဟွေ့ ကျိန်းချောင်၏ ပခုံးကို ပုတ်လိုက်ပြီး အတွေ့အကြုံ ပြည့်ဝနေသည့် လေသံဖြင့် “ တကယ်လို့ သူတို့ နှစ်ယောက်ကြားမှာ တကယ်ကြီး ဘာမှ မဖြစ်ထားဘူးဆိုရင် မင်း အရိုက်ခံရတုန်းက ဘာလို့ ဒီတိုင်းရပ်ကြည့်နေလဲ…”
ကျိန်းချောင် အရှက်ရသွားခဲ့၏။ သူ ပြန်လည် ချေပချင်သော်လည်း မည်သို့ ပြန်ဖြေရမှန်း မသိ ဖြစ်နေလေသည်။
ကျိန်းချောင်ကိုယ်တိုင်က ခြေငြိမ်သည့် ယောက်ျား တစ်ယောက်မဟုတ်ပဲ အခြား မိန်းကလေးများနှင့် ရှုပ်ထွေးသည့် ဆက်ဆံရေး တစ်ချို့ ရှိနေသော်ငြား ရှုံးဟွေ့နှင့် နှိုင်းယှဉ်လျှင်တော့ ဝေးကွာနေဆဲပင်။
“ ဒါကြောင့်မို့ အဲ့လို မိန်းမမျိုးကို မင်းဘေးနား ဆက် မထားသင့်တော့ဘူးလို့ ပြောတာပေါ့…” ရှုံးဟွေ့ ကျိန်းချောင် ပခုံးကို ဖက်၍ ပြောလိုက်ပြီး “ ငါတို့ ဒီနေ့ အဲ့ကောင်ကို သင်ခန်းစာပေးရုံနဲ့တင် မပြီးသေးဘူး… မင်းရဲ့ ရည်းစားဆိုတဲ့ ကောင်မကိုလည်း လွယ်လွယ်နဲ့ အလွတ်ပေးလိုက်လို့ မရဘူး… အဲ့ဒီ ဖောက်ပြန်တတ်တဲ့ နှစ်ယောက်ကို သေချာလေး သင်ခန်းစာပေးရမယ်…”
ကျိန်းချောင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး “ ညီကိုဟွေ့ … မင်းက…………..”
“ ညီကို... ငါပြောတာကို နားထောင်… ကမ္ဘာပေါ်မှာ မိန်းမ မရှားဘူး.. တကယ်လို့ တစ်ယောက်နဲ့ အလုပ်မဖြစ်ရင် နောက်တစ်ယောက်ပြောင်းပေါ့…”
ပြောပြီးနောက် ရှုံးဟွေ့ လူယုတ်မာ အပြုံးကြီး ပြုံးလိုက်ကာ “ ဒါပေမယ့် မပြောင်းခင် ငါတို့ သူမကို နည်းနည်းလေး အပြစ်ပေးရမယ်… ဘယ်လိုထင်လဲ… မဟုတ်ရင် မင်းခံစားရတာတွေ အလကား ဖြစ်ကုန်မှာနော်….”
“ ဒါပေမယ့်…..”
“ ဘာမှ ဒါပေ မမယ့်နဲ့… စဉ်းစားကြည့်ကြည့်… မင်းလို အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ကို သောက်ရေးမပါတဲ့ စထွင်မာတစ်သိုက် အနိုင်ကျင့်သွားတာ ရှက်ဖို့ မကောင်းဘူးလား…” ရှုံးဟွေ့ ပြောလိုက်ပြီး “ ပြီးတော့ အဲ့ဒီကောင်မ….... မင်းကို စထွင်မာ တစ်ယောက်ကြောင့်နဲ့ လမ်းခွဲစကား ပြောသွားခဲ့တယ်… အဲ့လို မိန်းမမျိုးနဲ့ ဆက်ပြီး ဆက်ဆံဖို့ သင့်လား… ဒီတိုင်း အပျက်မကိုပဲ… မင်းရဲ့ စေတနာတွေနဲ့ မတန်ပါဘူးကွာ… အဲ့တာတောင် မင်းက ဘာလို့ ဆက်ပြီး ကာကွယ်နေသေးတာ… ငါမင်းကို ကူညီပြီးတော့ အဲ့ကောင်မ ဘယ်လိုလူစားမျိုးလဲဆိုတာကို ဘာလို့ သိခွင့်မပြုချင်ရတာ….”
အရက်မူးနေသည့် ကျိန်းချောင်၏ မျက်နှာထက်၌ နာကျင်နေသည့် အမူအရာက ပေါ်ပေါက်လာသည်။
သူလည်း မှားယွင်းသလို ခံစားနေရပြီး အစော်ကားခံလိုက်ရသလို ဖြစ်နေတော့၏။
သူ၏ အခြေအနေ အရပ်ရပ်တို့က အဆိုပါ အောက်တန်းစား စထွင်မာထက် အကြိမ် တစ်သောင်းမက သာလွန်နေပါသော်လည်း အဘယ်ကြောင့် ရန်စီက သူ့ကို စွန့်ပစ်သွားခဲ့ရသနည်း။
“ သွားစို့… ! အဲ့ကောင်မကို ခုပဲ သွားရှာကြမယ်… ဒါပေမယ့် ငါတို့ ဟိုခွေးမသားကို အရင် သင်ခန်းစာပေးကြမယ်….”
ရှုံးဟွေ့ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ ဒါပေါ့.... သွားစို့… လက်စားသွားချေကြမယ်….!”
ကျိန်းချောင်၏ ဦးဆောင်မှုအောက်တွင် အုပ်စုမှာ ရန်စီ၏ အခန်းတံခါးဝသို့ ရောက်လာကြလေသည်။
ကျိန်းချောင် တံခါးခေါက်တော့မည့် ဆဲဆဲတွင် ရှုံးဟွေ့မှ လက်ကို လှမ်းဆွဲလိုက်ပြီး “ မင်း အဲ့တာ ဘာလုပ်နေတာ…”
“ တံခါးခေါက်မလို့လေ…”
“ သူမက မင်းကောင်မလေး မဟုတ်ဘူးလား… မင်း အခန်းတံခါး ကုတ်နံပါတ်ကို မသိဘူးလားကွ…”
“ သိတယ်လေ… ဒါပေမယ့် ဒီတိုင်းကြီး မပြောမဆိုနဲ့ ဝင်စီးလို့ ကောင်းမှ မကောင်းတာ…”
“ ညီကို… မင်းတော်တော်လေး နုသေးတာပဲ…” ရှုံးဟွေ့ ပြောလိုက်ပြီး “ ခု မင်းတို့ နှစ်ယောက်က လမ်းလည်း ခွဲပြီးသွားပြီ… ပြီးတော့ အချိန်ကလည်း ညသန်းခေါင်ကျော်ကြီး … သူ မင်းကို တံခါးဖွင့်ပေးလိမ့်မယ် ထင်လား….”
“ ဒါဆို....… ဘယ်လိုလုပ်မှာ..” ကျိန်းချောင် ပြောလိုက်ပြီး “ ဒီတိုင်း ကုတ်ကို ရိုက်ထည့်ပြီး အထဲဝင်သွားကြမလား..”
“ ဒါပေါ့ကွ… မဟုတ်လို့ သူမ မင်းကို တံခါးမဖွင့်ပေးဘူးဆိုရင် မင်းက မဖွင့်ပေးမချင်း တံခါးထိုင်ခေါက်နေမှာလား…”
“ ဒါပေမယ့် ဒီလိုပုံစံကြီးနဲ့ ဝင်သွားရင် မကောင်းဘူးထင်တယ်…” ကျိန်းချောင် ပြောလိုက်ပြီး “ သူမ လန့်ပြီး အော်ဟစ်နေရင် ဘယ်လိုလုပ်မှာ…”
“ အော်ဟစ်မှာလား…” ရှုံးဟွေ့ နှာခေါင်းရှုံ့လိုက်ပြီး “ ငါ့ကောင် … မင်း သေချာလေး နားစွင့်ကြည့်လိုက်… ဒီဟိုတယ်ရဲ့ ဘယ်အခန်းထဲက အော်ဟစ်သံတွေ မကြားရလို့လဲ… အဲ့ဒီ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေဆိုတာ အကုန်လုံးက သောက်ရူးတွေ… အဲ့လိုကောင်တွေက ညင်ညင်သာသာ ကိုင်တွယ်မယ်လို့ ထင်လား….”
“ အဲ့ဒါက….”
ကျိန်းချောင် မျက်မှောင်ကြုတ်လိုက်၏။ တုံ့ဆိုင်းမှုနှင့် မရေရာမှုတို့က စိတ်ထဲတွင် လွန်ဆွဲနေလေသည်။
“ ဒီအခြေအနေထိ ရောက်လာနေပြီကို တုံ့ဆိုင်းမနေနဲ့တော့…” ရှုံးဟွေ့မှ သံပူတုန်း နာနာထုလိုက်ပြီး “ တကယ်လို့ ခုနေ ငါတို့ ဝင်သွားရန် အထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ ဘယ်သူက သိနိုင်မှာ…”
စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ကျိန်းချောင် ပြောလိုက်ပြီး “ ကောင်းပြီလေ… ဒါပေမယ့် သူမက ငါ့ ရည်းစားဟောင်း… ဟို စထွင်မာကောင်ကိုပဲ အရင်ဆုံး ကိုင်တွယ်မယ်…”
“ သေချာတာပေါ့… အဲ့ အသေးမွှားကိစ္စလောက်လေးကတော့ ငါမင်းကို သေချာပေါက် ကူညီပေးမယ်… ငါ အဲ့ကောင်ကို သူ့အမေ မမှတ်မိလောက်တဲ့အထိ ဆော်ပလော်တီးပေးလိုက်မယ်…”
“ အိုကေ… ကျေးဇူးပဲ ညီကို ဟွေ့…”
သို့နှင့် ကျိန်းချောင် ရန်စီ အခန်းတံခါး၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး ချက်ခ် ခနဲ မြည်သံနှင့် အတူ တံခါးမှာ ပွင့်ဟသွားခဲ့လေသည်။
“ ဟမ်…လူကော….”
ရှုံးဟွေ့ ကြက်သေသေသွားခဲ့၏။
သူ အစက ကုတင်ပေါ်တွင် တိုက်ပွဲပြင်းထန်နေသည့် မြင်ကွင်းကို မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း လူတစ်ယောက်မျှ ရှိမနေမည်ကိုတော့ ထင်မှတ်မထားခဲ့ချေ။
“ ဘာတွေဖြစ်နေတာလဲ… မင်း ရည်းစားက ထွက်သွားခဲ့တာလား…”
“ မဖြစ်နိုင်ဘူး…” ကျိန်းချောင် ပြောလိုက်ပြီး “ ဒီအခန်းကို ငါကပဲ ဘွတ်ကင်လုပ်ထားပေးတာ… တကယ်လို့ သူမ အခန်း ပြန်အပ်လိုက်မယ်ဆို ငါ့ဆီ အသိပေးစာ ဝင်လာမှာ… ပြီးတော့ သူ့ပစ္စည်းတွေကလည်း ဒီမှာ ရှိနေသေးတုန်းပဲ.. ထွက်သွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..”
“ ဒါဆို ဘယ်ပျောက်သွားခဲ့တာ…” ရှုံးဟွေ့ ရေရွတ်လိုက်ပြီး “ ဧကန္တ ……. ဟိုကောင့် အခန်းထဲမှာများလား…”
ကျိန်းချောင်၏ အမူအရာ ရုပ်ဆိုးသွားခဲ့ပြီး သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ ယင်းက ဖြစ်နိုင်ချေများသည်။
“ ဘယ်သူတွေလဲ… နင်တို့ ငါ့အခန်းထဲ ဘာလာလုပ်နေကြတာ…”
နောက်မှ တစ်ယောက်ယောက် စကားပြောသံကို ကြားတော့ ကျိန်းချောင် လှည့်ကြည့်လိုက်၏။
ထိုအခါ ရန်စီ သူ့နောက်တွင် အနည်းငယ် မျက်နှာနီရဲနေပြီး အေးစက်သည့် အမူအရာဖြင့် ရပ်နေကြောင်းကို မြင်တွေ့လိုက်ရလေသည်။
ရန်စီကို မြင်တော့ ရှုံးဟွေ့ ဇီးကွက် မျက်၀န်းနှင့် ဖြစ်သွားခဲ့၏။
ဒီလိုမျိုး လုံးကြီးပေါက်လှ
ဒီလိုမျိုး သွင်ပြင် မျက်နှာထား
အားပါးပါး... လှရက်လိုက်ပါဘိကွာ...
“ ဟိုကောင် ဘယ်မှာလဲ…” ကျိန်းချောင် အေးတိအေးစက် မေးလိုက်၏။
" လင်းရီကို ပြောနေတာလား…” ရန်စီ ပြောလိုက်ပြီး “ နင် သူ့ကို ရှာပြီး ဘာလဲလုပ်မှာ…”
“ အဲ့ကောင် ဘယ်မှာလဲလို့ငါမေးနေတယ်လေ….!” ကျိန်းချောင် သူ့အသံကို မြင့်လိုက်ပြီး “ ငါ့ကို ရိုက်နှက်ပြီး အရှက်ခွဲသွားတဲ့ကောင်ကို ငါက လွယ်လွယ်ကူကူနဲ့ အလွှတ်ပေးလိုက်မယ်လို့ မင်းထင်နေတာလား….”
“ သူနင့်ကို မရိုက်နှက်ပါဘူး… ရိုက်လို့လား…သူ့သူငယ်ချင်း လုပ်သွားခဲ့တာ မဟုတ်ဘူးလား…” ရန်စီ ရွံရှာစက်ဆုပ်သည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
“ ဒါပေမယ့် အဲ့ကောင်က ကြိုးကိုင်နေဝာာလေ…”
ရန်စီ လင်းရီကို ကာကွယ်ပြီး ပြောပေးလေလေ၊ ကျိန်းချောင် ရင်ဘက်ထဲရှိ အာဃာတ အမုန်းတရားတို့က ပို၍ ကြီးထွားလေလေ ဖြစ်လာခဲ့၏။
သူသည်ကား MIT ဘွဲ့ရတစ်ယောက်ဖြစ်ပြီး ဝင်ငွေကောင်းသည့် အလုပ်တစ်ခုကိုလည်း ရှိထားသည်။ ထို့ပြင် သူနှင့် ရန်စီဆိုသည်မှာလည်း အထက်တန်းကျောင်းသားဘဝကတည်းက ရင်းနှီးလာခဲ့သူများ ဖြစ်ကြလေသည်။
ယခုတော့ အင်တာနက် သူတောင်းစားကောင်ကြောင့်နှင့် သူ့ကို စွန့်ပစ်ရက်ခဲ့၏။
ဘာလို့လဲ….
ဘာကြောင့်လဲ…
“ သူက ကြိုးကိုင်တဲ့သူဆိုတာ နင် ဘယ်လိုလုပ်ပြီး သေချာနေတာ…”
ရန်စီ အစက သူမ မပြန်ခင် ဤနေရာ၌ အိပ်စက်ရန် ဆုံးဖြတ်ထားသော်လည်း ယခုလို ဖြစ်ပျက်ပြီးနောက်တွင်တော့ သူမ ဤအခန်းထဲ၌ နေရမည်ကိုပင် မသတီသလို ဖြစ်လာခဲ့လေသည်။
ငါ ကန်းနေခဲ့လို့ပဲ ဒီလို လူစားမျိုးနဲ့ အချိန်အကြာကြီး တွဲခဲ့မိတာ....
“ ရန်စီ… မင်းက တကယ့်ကို တစ်ခုခုတော့တစ်ခုခုပဲ… မင်း တကယ်ကြီး အဲ့သူတောင်းစားဘက်ကနေ ကာကွယ်ပေးနေတယ်ပေါ့…. ငါတကယ်ကို လူကဲခတ်မှားသွားခဲ့တာပဲ…”
ရန်စီ ခေါင်းခါရမ်းလိုက်ပြီး “ ကျိန်းချောင် … ငါတို့ လမ်းခွဲတာက လမ်းခွဲတာ တစ်ကဏ္ဍပဲ... နင် သူ့ကို သွားရှာစရာ မလိုဘူး... ခုလို ပြောနေတယ်ဆိုတာကလည်း နင်ကောင်းဖို့ အတွက်ချည်းပဲ…”