ကွဲပြားသည့် ကမ္ဘာအခြေအနေ အပိုင်း(၁)
Vol. 75 Ch. 1042
"ဘယ်သူမှ မေးစရာမရှိဘူးဆိုရင် သွားလို့ရပြီ။ ငါတို့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတော့ ချက်ချင်းစလိုက်ကြရအောင်။" ဝမ်ဝေ့က ကြေညာလိုက်သည်။ သူ့ကို ဦးညွှတ်ပြီးသည်နောက်တွင်အစည်းအဝေးခန်းမှ အလျင်အမြန်ထွက်ခွာသွားကြ၏။
အောင်းရှန်က ရှုရှစ်နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အံ့ဖွယ်အသိစိတ်မှတဆင့် စကားပြောဆိုခဲ့ကြသည်။ သူတို့ပြောသည်အရာကို မည်သူကမှ မသိကြသော်လည်း ၂ဦးသားက ကျေနပ်နေဟန်ပေါ်၏။ ထိုအင်အားစုများက ပြန်ရောက်လာပြီးသည်နောက်တွင် အစည်းအဝေး ကျင်းပကာ ချဲ့ထွင်ဖို့ လိုအပ်သည့် လူအင်အား၊ အရင်းအမြစ်များကို တွက်ချက်ကာ စီစဥ်လိုက်ကြ၏။
ဧကရာဇ်မျိုးနွယ်မဟုတ်သည့် အင်အားစုများက ခုံရုံးရှိ ကူးသန်းသွားလာရေးအစီအရင်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထိုအရာက သူတို့အစီအရင်ထက် ပိုမိုကောင်းမွန်နေပြီး ကောင်းကင်ဧကရာဇ်ကလည်း သူတို့ကိုလုပ်ပိုင်ခွင့်အပြည့်အဝပေးထားလောက်အောင် ကြင်နာလေသည်။
…………
မဟာအဆောင်မြို့တော်
"မင်းကိုယ်တိုင် မြင်ပြီပဲ။ ငါတို့ရဲ့ ပိုင်နက်နယ်မြေက ထာဝရအဆင့် ပုဂ္ဂိုလ်တွေရှိတဲ့ အင်အားစုတွေနဲ့တောင် မယှဉ်နိုင်ဘူး။ ပိုပြီးဆိုးရွားတာက ငါတို့တွေက အဆင့်နိမ့်ဧကရာဇ်မျိုးနွယ်လိုမျိုး ဆက်ဆံခံနေရတာ။ ဒီအကြောင်းအရင်းက သိသာတယ်။"
ထုံရို့ပင်း၏ ကိုယ်ပွားက တိတ်ဆိတ်နေသည်။
" ကြယ်တာရာသားရဲကမ္ဘာရဲ့ မိဖုရားခေါင်ကြီးရာထူးက မင်းအတွက်ပဲ အကျိုးရှိတာ။ မြို့တော်အတွက် မဟုတ်ဘူး။ တစ်စုံတစ်ခုတော့လုပ်မှ ဖြစ်မယ်"
မဟာအဆောင်မြို့တော်က ကြယ်တာရာသားရဲကမ္ဘာ၏ ခုံရုံးအတွင်း အကြောင်းအရင်းများစွာကြောင့် နတ်ဘုရားရာထူးကို ကိုင်စွဲထားခြင်း မရှိပေ။ အများစုက ကမ္ဘာနှစ်ခုကြားရှိ အာဏာပိုင်းဆိုင်ရာ အခြေအနေများကြောင့် ဖြစ်၏။ ထိုစဉ် ဝမ်ဝေ့က သူတို့ကိုပုံမှန် မဆက်ဆံသည်မှာ သူတို့က ခုံရုံးနှစ်ခုမှ ရရှိလာသည့် အရင်းအမြစ်များနှင့် အကျိုးကျေးဇူးများကြောင့် အားကောင်းလွန်းလာနိုင်၍ ဖြစ်သည်။
"ကြယ်တာရာသားရဲကမ္ဘာက ကျွန်မရဲ့ အရင်းအမြစ်တချို့ကို မြို့တော်ဆီ ဝေမျှပါမယ်" ထုံရို့ပင်း၏ ကိုယ်ပွားက ပြောလိုက်သည်။
အဆောင်(၁)က သူမကို ကြည့်ပြီးသည့်နောက်တွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ယခု အကောင်းဆုံးရွေးချယ်မှုက ဤကမ္ဘာ၏ ခုံရုံးကို အာရုံစိုက်ထားဖို့ ဖြစ်သည်။
သို့သော်လည်း ဤဆုံးဖြတ်ချက်က မဟာအဆောင်မြို့တော်ဆီ အကျိုးအမြတ်များ ရောက်ရှိသွားပြီး သူမ၏ အရင်းအမြစ်၊ အာဏာနှင့် လွှမ်းမိုးမှုတို့ကမူ သိသိသာသာ လျော့ကျသွားလိမ့်မည်။ ထုံရို့ပင်းက ဤသို့ မလုပ်လိုပေ။
အဆောင်(၁)က စိတ်ပျက်သွားသော်လည်း ထိုအချက်ကို နားလည်လေသည်။ မည်သည့်ဧကရာဇ်ကမှ ထိုဆုံးဖြတ်ချက်ကို လုပ်မည် မဟုတ်သည့်အတွက် သူမကို အပြစ်မတင်နိုင်ပေ။
အဆုံးသတ်တွင် သူမက အင်အားစုအတွက် သူမ ဝေစုကို မျှဝေဖို့ လိုလားနေဆဲ ဖြစ်သည့်အတွက် ထပ်မံ မတောင်းဆိုနိုင်တော့ပေ။ မဟုတ်ပါက သူတို့၏ ဆက်ဆံရေးကို ပျက်ပြားသွားစေနိုင်၏။
…...................................................
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်
ကျောင်းတော်ဆီ ပြန်ရောက်လာပြီးသည်နောက်တွင် ရှူရှစ်က သူ့လူများကို ဆင့်ခေါ်ခဲ့သည်။ သူတို့က ခုံရုံးချဲ့ထွင်မှုအတွက် ကြိုတင်ပြင်ဆင်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် သွားရောက်ကြမည့် ပထမဆုံး လူအုပ်စုကို ဆုံးဖြတ်ပေးခဲ့သည်။ သိပ်မကြာခင် သူတို့က တိုင်လေးလုံး ကမ္ဘာဟုခေါ်ဆိုသည့် မဟာကမ္ဘာဆီ ဆင်းသက်ခဲ့ကြသည်။
ရှူရှစ်၊ ဆရာအဖွဲ့နှင့် စစ်သည်တော် သိန်းချီပါဝင်နေသည့် တပ်ဖွဲ့က ထိုကမ္ဘာအသစ်တွင် ပေါ်ထွက်လာခဲ့သည်။ သူမက အတွေးတစ်ချက်ဖြင့် ကမ္ဘာတစ်ခုလုံးကို စစ်ဆေးကြည့်ကာ သမိုင်းကြောင်းကို သိလိုက်ရသည်။
အတိတ်က ဖရိုဖရဲဖြစ်လွန်းပြီး အရေးမကြီးသည့်အတွက် ရှူရှစ်က လက်ရှိကိုသာ အာရုံစိုက်ထားသည်။
မဟာရွှယ်တိုင်းပြည်က ကမ္ဘာတစ်ခုလုံးကို မျိုးဆက်များစွာတိုင် အုပ်စိုးလာခဲ့ပြီး ဤကမ္ဘာ၏ အုပ်ချုပ်သူအဖြစ် သတ်မှတ်နိုင်သည်။ ထိုကိစ္စကား ယခုလတ်တလောလေး ဖြစ်ရပ်များ မတိုင်ခင်အထိ ဖြစ်၏။ ထိုအရာသည် တော်ဝင်မိသားစုကို အားနည်းသွားစေပြီး ကမ္ဘာတစ်ဝန်း ပုန်ကန်မှုများကို ဖြစ်စေသည့် ဖြစ်ရပ်ကြီးများစွာ ရှိလာခဲ့သည်။
နှစ်များစွာ တိုက်ခိုက်လာပြီးသည့်နောက်တွင် မဟာရွှယ်တိုင်းပြည်၊ လနတ်ဘုရားမဂိုဏ်း၊ ဆေးဝါးတောင်ကြားနှင့် မြောက်ပိုင်း စုတိုင်းပြည်ကြား မျှခြေညီလာခဲ့သည်။
လနတ်ဘုရားမဂိုဏ်းက ထိပ်တန်းအင်အားစုများကို လွှမ်းမိုးပြီး အမျိုးသမီးများသာရှိသည့် ဂိုဏ်းတစ်ခု ဖြစ်၏။ အကြောင်းအရင်းမှာ သူတို့၏ အပြင်စည်းတပည့်များနှင့် အတွင်းစည်း တပည့်အချို့က အင်အားစုအသီးသီးမှ အားကောင်းသည့် အမျိုးသားများနှင့် လက်ထပ်ထားကြသည်။ ထို့အပြင် မျိုးဆက်၏ လသူတော်စင်မက ပြိုင်ဖက်ကင်း အလှတရားနှင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။
မြောက်ပိုင်း စုတိုင်းပြည်ကမူ ဤခေတ်ကာလတွင် အအောင်မြင်ဆုံးဟု ဆိုရပေမည်။ သူတို့က မဟာရွှယ်တိုင်းပြည်၏ စစ်သခင်နှင့်အရာများစွာကို ကျော်ဖြတ်လာခဲ့ပြီး ဤကမ္ဘာ၏ အကြီးဆုံးကုန်းမြေဖြစ်သည့် မြောက်ဖက်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့သည်။
ဆေးဝါးတောင်ကြားကမူ ဆေးလုံးဖော်စပ်သူများသာမကဘဲ ကျွမ်းကျင်အတတ်ပညာရှင်များ ပေါင်းစည်းထားသည့် ဂိုဏ်းတစ်ခု ဖြစ်သည်။ သူတို့က ဤကာလတွင် အကောင်းဆုံးဖြစ်လာသည်မှာ စစ်ပွဲအတွင်း နှစ်ဖက်လုံးထံ အရင်းအမြစ်များကို ရောင်းချ၍ ဖြစ်သည်။
တစ်စုံတစ်ယောက်က ပိုက်ဆံ ရှိနေသရွေ့ သူတို့က ဆေးလုံး၊ လက်နက်၊ အဆောင်နှင့် အစီအရင်များကို ရောင်းချမည်သာ ဖြစ်၏။ သူတို့၏ အပြုအမူများက တခြားအင်အားစုများ၏ အမျက်ဒေါသကို နှိုးဆွပေးခဲ့သော်လည်း မည်သူကမှ သူတို့ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို မချိုးဖောက်နိုင်ကြပေ။ တိုင်းပြည်နှစ်ခုလုံးအနေနှင့် ဆေးဝါးတောင်ကြားက တခြား တစ်ဖက်ကိုသာ တစ်ဖက်သတ် ထောက်ပံ့ပေးသွားမည်ကို မဖြစ်စေလိုကြပေ။
ကမ္ဘာ၏ သမိုင်းကြောင်းကို သုံးသပ်ပြီးသည့်နောက်တွင် ရှုရှစ်က မည်သို့ဆောင်ရွက်ရမည်ကို သိလိုက်၏။ သူမက ဤကမ္ဘာတွင် နေထိုင်သည့်သူအားလုံးကို လွှမ်းမိုးသွားစေသည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ခဲ့သည်။
"ငါက အချိန်လေဟာနယ်ဧကရီ။ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်အောက်မှာ ဒီကမ္ဘာက ငါရဲ့ အကဲဖြတ်မှုအောက် ရှိလိမ့်မယ်။ အင်အားစုလေးခုရဲ့ ခေါင်းဆောင်တွေအားလုံးက နောက် ၆နာရီအတွင်းမှာ ခုံရုံးရဲ့ အဖွဲ့ခွဲဆီ ငါ့ကို လာရောက်တွေ့လှည့်"
အားလုံးက တုန်လှုပ်ပြီး သတင်းကို စဉ်းစားနေကြစဉ် ရှူရှစ်က လုပ်လက်စကို ဆက်လက် လုပ်ဆောင်လိုက်သည်။ လက်တစ်ချက်အဝေ့တွင် ကောင်းကင်အဆင့် အစီအရင်ကို ခင်ကျင်းခဲ့၏။ သူမက ကမ္ဘာကို ပြောင်းလဲသွားစေပြီး ထူးဆန်းသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်မိသည်။ ပြောရလျှင် ထိုအရာက ဤကမ္ဘာ၏ ကောင်းကင်တာအိုကို ပစ်မှတ်ထားနေ၏။
သူမခေါင်းအထက်ရှိ လေဟာနယ်က ချိုးဖောက်သွားကာ သစ်ကိုင်းတစ်ခုက ဤကမ္ဘာဆီ ရောက်ရှိလာပြီး အမြစ်တွယ်သွားသည်။ ဤအရာက သူမမွေးရပ်မြေကမ္ဘာ၏ လောကသစ်ပင်၏ သစ်ကိုင်းဖြစ်ကြောင်း သိလိုက်၏။ ထိုသစ်ကိုင်းထဲတွင် ကမ္ဘာ၏ ခုံရုံးအဖြစ် ထမ်းဆောင်နိုင်သည့် သီးသန့်နေရာလွတ် တစ်ခု ပါဝင်နေသည်။ စစ်သည်တော်များနှင့် ဆရာများက နန်းဆောင်တစ်ခုကို ချက်ချင်း တည်ဆောက်လိုက်ကြသည်။
ထိုအရာက မွေးရပ်မြေမှာရှိသည်လောက် မကြီးကျယ်သော်လည်း ဤကမ္ဘာတွင် နေထိုင်သည့် နယ်ခံများအား စွမ်းအားနှင့် အာဏာကို ပြသဖို့ရာအတွက် လှပကာတန်ဖိုးကြီးရန် လိုအပ်နေသေးသည်။
၆နာရီကြာမြင့်ပြီးသည်နောက်တွင် ရှုရှစ်က အပြင်ဘက်တွင် တစ်ချိန်လုံး စောင့်နေကြသည့် လူလေးယောက်ကို ဆင့်ခေါ်ခဲ့သည်။ သူမက ပလ္လင်ပေါ်တွင် ထိုင်နေစဉ် စွမ်းအားကြီးသည့် လူလေးယောက်က အခန်းအတွင်း ဝင်ရောက်လာခဲ့သည်။ ဘယ်ဘက်ဆုံးက လူလတ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်ကာ အဝါရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့နာမည်က ဟို့ချန်းဖူဖြစ်ပြီး လက်ရှိ မဟာရွှယ်၏ အုပ်ချုပ်သူ ဖြစ်ပေသည်။
သူ့အနားတွင် ဆံပင်ဖြူဖြူနှင့် အသက်ကြီးကြီး လူတစ်ယောက် ရှိနေ၏။ သူတွင် အဖြူရောင်မုတ်ဆိတ်ရှည်ကြီး ရှိကာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပညာရှိဝိဇ္ဇာနှင့် တူသည့် အငွေ့အသက်မျိုးရှိကာ ဆေးရနံ့တို့ စွဲထင်နေသည်။
ရှုရှစ်က သူသည် ဤမျိုးဆက်အတွင်း တောင်ကြားသခင်ရာထူးကို ဆုပ်ကိုင်ထားသည့် ဆေးဝါးသူတော်စင်ဟု ခေါ်ကြောင်း သိလိုက်ရသည်။
တတိယလူကမူ လသူတော်စင်မ ဖြစ်၏။ သူမက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်စက် အမူအရာမျိုး ရှိလေသည်။ သူမ၏ အေးစက်သော အပြုအမူနောက်တွင် သူမ၏ ရေခဲစိတ်ဝိညာဉ် ရုပ်ခန္ဓာနှင့် ရေခဲတာအိုကြောင့် အရိုးအေးခဲလုမတတ် အအေးဓာတ်ပင် ပါဝင်လာသည်။ ထိုအမျိုးသမီးက အေးစက်စက် အလှတရား၏ ပြယုဂ်ဟု ဆိုရပေမည်။ အကယ်၍ ရှုရှစ်သာ မရှိပါက အကြည့်အားလုံးက သူမအပေါ်မှာကျရောက်နေပေလိမ့်မည်။
နောက်ဆုံးတွင် တောက်ပကာ ဆံပင်အနက်ရောင်အရှည်ရှိပြီး အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် ခပ်ချောချောလူငယ်တစ်ဦး ဖြစ်၏။ သူ့ခန္ဓာကိုယ်မှ အားကောင်းကာ ယုံကြည်ချက်ပြည့်ပြီး လွှမ်းမိုးတတ်သည့် အရှိန်အဝါတို့ ထွက်ပေါ်နေသည်။ ထိုလူငယ်လေးက ဒဏ္ဍာရီလာ စုတိုင်းပြည် အုပ်ချုပ်သူ ချိုက်ရန်ရှု ဖြစ်၏။
"ဒီနိမ့်ကျတဲ့သူတွေက ဧကရီကို ဂါရဝပြုပါတယ်" သုံးယောက်က ပြောလိုက်ကြသည်။
ဟင်
ရှုရှစ်က ချိုက်ရန်ရှုကို ကြည့်လိုက်သည်။ ထိုသူက အာရုံထွေပြားနေကြောင်း မြင်လိုက်ရ၏။ ပြောရလျှင် သူ့မျက်ဝန်းများက တပ်မက်မှုနှင့် တဏှာတို့ဖြင့် ပြည့်နှက်နေပြီး ထိန်းချုပ်မှု ကင်းလွတ်နေဟန်ပေါ်သည်။
သူမက သေမျိုးဘဝတွင် ရှိစဉ်အခါက သူ့အကြည့်မျိုးကို မကြာခဏ မြင်ရလေ့ရှိ၏။ သူမက မျက်မှောင်ကြုတ်လိုက်သည့်အခါ စုတိုင်းပြည် အုပ်ချုပ်သူက ချက်ချင်းဆိုသလို ချွေးပျံလာကာ ဒူးထောက်ချလိုက်၏။
"အရှင့်ကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
ဆေးဝါးသူတော်စင်က မုတ်ဆိတ်အသာသပ်နေစဉ် လသူတော်စင်မကမူ မည်သည့်စိတ်ခံစားချက်မှ မပြသခဲ့ပေ။ ထိုစဉ် ဟို့ချန်းဖူက လှောင်ပြောင်လိုက်၏။
စုအုပ်ချုပ်သူ မြင့်တက်လာသည်က မြန်ဆန်လွန်းလှပြီး ကမ္ဘာတွင် အငယ်ဆုံး အထွတ်အထိပ်ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် သူ၏ ဆွဲဆောင်မှုနှင့် စစ်မက်ဆိုင်ရာ အရည်အချင်းများကြောင့် ကုန်းမြင့်၏ မြောက်ဘက်ပိုင်းကို အလျင်အမြန် အုပ်စိုးနိုင်ခဲ့သည်။ ထိုကြောင့် သူက မာနကြီးသည်မှာ နားလည်လို့ ရ၏။ သို့သော် ဤသည်က ထိုသူ့အပေါ် မုန်းတီးရသည့် အချက်လည်း ဖြစ်ပေသည်။
ထိုအရာက သူ့ကို အနေအထိုင်မတတ်ဖြစ်သွားစေသည်ကို မည်သူကများ သိမည်နည်း။
အကယ်၍ သူသာဖြစ်ပါက လှောင်ပြောင်သည့် စကားတချို့ ပြောချင်သော်လည်း ယခုအခါ မလုပ်ရဲပေ။ သူက ထိုအရှိန်အဝါကို အမှတ်ရနေဆဲ ဖြစ်၏။ ထိုအပြင် သူက မတုံးအသည့်အတွက် ဧကရီဟူသောဂုဏ်ပုဒ်က မည်သည်ကို ဆိုလိုမှန်း သိထားသည်။
"ဒါက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ပဲ။ နားလည်လား"
"နောက်ထပ် ထပ်မဖြစ်စေရဘူးလို့ အသက်နဲ့လဲပြီး ကျိန်ဆိုပါတယ်။"
"ကောင်းပြီ ထတော့"
ချိုက်ရန်ရှုက ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ သူအမူအရာက အင်မတန် တည်ငြိမ်နေသည့်အတွက် ယခုလေးတင် အရှက်ခွဲခံရကြောင်း မည်သူကမှ ပြောနိုင်မည် မဟုတ်ပေ။
ကြမ္မာအမြောက်အများနဲ့မွေးဖွားလာတဲ့သူလား။ သူက တန်ဖိုးတချို့တော့ ရှိသင့်တယ်...
ရှုရှစ်က တွေးလိုက်မိသည်။
"အခု ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို စိတ်ရှုပ်ထွေးနေမယ်ဆိုတာ သိတယ်" သူမက ပြောလိုက်သည်။
"ကောင်းကင်ဧကရာဇ်က မင်းတို့တွေ မသိလောက်တဲ့ ဒီကမ္ဘာအသိုက်အဝန်းရဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာဖြစ်တဲ့ အသင်္ချေအင်ပါယာကမ္ဘာမှာ ပေါ်ထွက်လာခဲ့ပြီ။ သူက ကောင်းကင်ခုံရုံးကို တည်ထောင်ခဲ့ပြီးတော့ အခု ဒီကမ္ဘာ့အသိုက်အဝန်းရဲ့ ထောင့်တိုင်းနေရာတိုင်းကို ချဲ့ထွင်ဖို့ အချိန်ကျရောက်လာပြီ။ မင်းတို့တွေကို အသေးစိတ် ပြောပြမနေတော့ဘူး။ အဲဒါဆိုတော့ မင်းတို့အပေါ် သက်ရောက်မှုရှိမယ့် နတ်ဘုရားရာထူးအကြောင်းပဲ ဆွေးနွေးလိုက်ရအောင်။"
သူမက လက်ဖျောက်တီးလိုက်သည့်အခါ ရွေးချယ်ခံနတ်ဘုရားစာရင်းနှင့် နတ်ဘုရားရာထူးများအကြောင်းက သူတို့၏ စိတ်ထဲ ဝင်ရောက်လာသည်။ ရှူရှစ်က သူတို့ကို နားလည်ဖို့ အချိန်မပေးဘဲ ဆက်ပြောလိုက်သည်။
"ခုံရုံးရဲ့ စည်းမျဉ်းတွေအရ ငါက မင်းတို့ကို ရာထူးတွေရဲ့ ၅ရာခိုင်နှုန်းပဲ ပေးနိုင်တယ်။ ဒါပေမဲ့ ငါက ရက်ရောပြီးတော့ ၁၅ ရာခိုင်နှုန်း ပေးနိုင်တယ်။ အဲဒီရာခိုင်နှုန်းမှာ ၈၀ရာခိုင်နှုန်းကို မင်းတို့လေးယောက်ကို ခွဲဝေပြီးတော့ ကျန်တာက ဒီကမ္ဘာရဲ့ ကျန်လူတွေကြား ရောက်သွားလိမ့်မယ်။”