← Chapters

ကွဲပြားသည့် ကမ္ဘာအခြေအနေ အပိုင်း(၂)

Vol. 75 Ch. 1043

ကွဲပြားသည့် ကမ္ဘာအခြေအနေ အပိုင်း(၂)

Vol. 75 Ch. 1043

ရှုရှစ်က ထိုလူများ၏ ခန္ဓာကိုယ်နှင့် မျက်နှာ အမူအရာ အပြောင်းအလဲကို ခံစားမိလိုက်ပြီး အကြောင်းအရင်းကို ချက်ချင်း သိလိုက်သည်။ သူတို့က ကျန်လူများအား ၂၀ ရာခိုင်နှုန်းပေးခြင်းမှာ အလဟဿ ဖြုန်းတီးနေသည်ဟု တွေးထင်ကြပြီး သူတို့ကသာ အားလုံးကို အုပ်စိုးသင့်သည်ဟု ထင်ကြသည်။ သို့သော်လည်း ဘာမှ မငြင်းဆန်ရဲကြပေ။

"ဘာမေးစရာ ရှိသေးလဲ။ ငါတို့တွေမှာ လုပ်စရာတွေ အများကြီး ရှိတယ်။ ပြောဖို့ တုံ့ဆိုင်းမနေနဲ့"

အခန်းက တဖန် တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် ချိုက်ရန်ရှုက ရှေ့တစ်လှမ်း တိုးလာကာ ပြောလိုက်သည်။

"အရှင် ကျုပ်မှာ မေးချင်တာ တစ်ခုရှိလို့ပါ"

"မေးလေ"

"တကယ်လို့ ကျုပ် နားလည်တာသာ မှန်မယ်ဆိုရင် နတ်ဘုရား ရာထူးတွေရဲ့ ရည်ရွယ်ချက်က ကျုပ်တို့အလွှာရဲ့ ကမ္ဘာအရင်းအမြစ်ကို ထိန်းသိမ်းဖို့ဆိုတာ ဟုတ်ပါသလား"

"ဟုတ်တယ်"

"အဲဒါဆိုရင် ကောင်းကင်တာအိုက ကမ္ဘာအရင်းအမြစ် ချွေတာပြီးသွားရင် ကျုပ်တို့ကမ္ဘာက ဘာဖြစ်သွားမှာလဲ။"

ရှုရှစ်က မျက်မှောင်ကြုတ်လိုက်၏။

"ကွေ့ပတ်ပြောမနေနဲ့။ သိချင်တာကို တိုက်ရိုက်မေးလိုက်"

"ဒီလိုဆိုရင် ကျုပ် ရဲတင်းစွာနဲ့ မေးပါမယ်။ ကျုပ်တို့ရဲ့ ကမ္ဘာအရင်းအမြစ်က ဘာဖြစ်သွားမှာပါလဲ"

"တချို့က မင်းတို့ကမ္ဘာမှာ ကျန်ရှိပြီးတော့ အရင်းအမြစ်တွေ တိုးပွားပြီး ပိုမိုကောင်းမွန်အောင် လုပ်ပေးလိမ့်မယ်။ ကျန်တာတွေက ငါတို့ဆီ ရောက်လာလိမ့်မယ်" သူမက ပြန်ဖြေလိုက်သည်။

အခန်းကြီးက အပ်ကျသံ ကြားလုမတတ် တိတ်ဆိတ်မှုတို့ဖြင့် လွှမ်းခြုံသွားသည်။

"မင်းတို့က ဒါကို မမျှတဘူးလို့ ထင်နေမှာကို သိတယ်။ ဒါပေမဲ့ ဒါက ကျင့်ကြံရေးလောကရဲ့ ထုံးစံပဲ မဟုတ်ဘူးလား။ ကြီးနိုင်ငယ်ညှင်း သဘောတရားပဲလေ" ရှုရှစ်က ဆက်ပြောလိုက်သည်။

"မစိုးရိမ်နဲ့။ ကောင်းကင်ဧကရာဇ်က ရက်ရောတဲ့သူဆိုတော့ မင်းတို့အတွက် အကျိုးကျေးဇူးတွေ ပြင်ဆင်ပေးထားပြီးသား"

"အရှင် အသေးစိတ် ပြောပြလို့ရမလား" ဆေးဝါးသူတော်စင်က‌မေးလိုက်သည်။

"မင်းတို့ရဲ့ ရာထူးတွေအတွက် ရရှိမဲ့ ကုသိုလ်အပြင် ခုံရုံးမှာလည်း ကျင့်ကြံခွင့် ရလိမ့်မယ်"

ရှုရှစ်က သူတို့မျက်နှာအထက် စိတ်ရှုပ်ထွေးမှုကို မြင်ကာ ရှင်းပြလိုက်၏။

"ဒီနေရာက ကွဲပြားနေတယ်ဆိုတာ မခံစားမိဘူးလား"

လေးယောက်သားက ပတ်ဝန်းကျင်ကို ချက်ချင်း ခံစားလိုက်ကြသည်။ ယခင် သူတို့က အလျင်လိုနေသည့်အတွက် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ဖို့ ဆန္ဒ သို့မဟုတ် အချိန် မရှိခဲ့ကြပေ။

"စည်းမျဉ်းတွေက ပြီးပြည့်စုံသွားပြီ" လသူတော်စင်မက အေးစက်စက်ဖြင့် ရေရွတ်လိုက်သည်။ သူမ၏ ရုပ်ခန္ဓာကြောင့် အာရုံခံစားမှုကောင်းပြီး အပြောင်းအလဲကို ပထမဦးဆုံး ခံစားမိသူ ဖြစ်သည်။

"ဟုတ်တယ်။ ခုံရုံးနဲ့ စည်းမျဉ်းတွေက ငါ့မွေးရပ်မြေကမ္ဘာကပဲ။ အဲဒါဆိုတော့ မင်းတို့တွေက ဒီနေရာမှာ ဧကရာဇ်တစ်ပိုင်းအဆင့်ထိ ရောက်နိုင်ပြီ"

ဤကမ္ဘာ၏ ထိပ်သီးအင်အားကြီး ပုဂ္ဂိုလ်အနေဖြင့် ထိုလေးယောက်က တိုးတက်မှု မရှိသည်ကို မလိုလားကြပေ။ နှမြောစရာကောင်းလှသည်က သူတို့ရှေ့တွင် ရွေးချယ်စရာနှစ်ခုသာ ရှိနေလေ၏။ တစ်ခုက အသင်္ချေအင်ပါယာကမ္ဘာကို ရှာဖွေခြင်း ဖြစ်၏။ သို့သော်လည်း ထိုအရာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသည့်အလား ဖြစ်၏။ နောက်တစ်ခုက ကောင်းကင်တာအို၏ အသိစိတ်ကို ရင်ဆိုင်ဖို့ရာ ကံကောင်းမှု၊ ကြမ္မာနှင့် အရင်းအမြစ် အလုံအလောက်ကို စုစည်းပြီး တာအိုဘိုးဘေး ဆန္ဒစမ်းသပ်ချက်ကို ကျော်ဖြတ်ကာ မဟာတာအိုမျိုးစေ့ကို ရယူဖို့ ဖြစ်သည်။

ပထမလမ်းကြောင်းက ကံကောင်းမှုအပေါ် များစွာမှီခိုနေပြီး ဒုတိယတစ်ခုကမူ ယုတ္တိမတန်ပေ။ အနည်းဆုံးတော့ သမိုင်းကြောင်းတွင် အောင်မြင်ဖူးသည့်သူ တချို့ကို လက်တစ်ဖက်ဖြင့် ရေတွက်၍ ရ၏။

ထိုသူများက စိတ်လှုပ်ရှားမှုဖြင့် အကြည့်များ တောက်ပလာကြသည်။ လသူတော်စင်မကပင် သူမ၏ အေးစက်စက် အမူအရာကို ထိန်းသိမ်းဖို့ အခက်တွေ့နေလေသည်။

"ဒါက အဆုံးသတ် မဟုတ်သေးဘူး" ရှုရှစ်က ဆက်ပြောလိုက်သည်။

"မင်းတို့ကိုယ် မင်းတို့ သက်သေပြပြီးတဲ့နောက်မှာ အသင်္ချေအင်ပါယာကမ္ဘာကို သွားဖို့ အခွင့်အရေး ရလာနိုင်တယ်။ ကောင်းကင်ဧကရာဇ်က ပတ်ဝန်းကျင်ကို ပင်ကိုအနေအထား ပြန်လည်ပြောင်းပြီးတော့ မူလစနစ်ကို အဆင့်မြှင့်တင်ထားပြီးပြီ။ အဲဒီစနစ်သစ်က မင်းတို့တွေကို အနည်းဆုံး နှစ်သန်းရာချီ အသက်ရှင်နေထိုင်ခွင့်ပြုလိမ့်မယ်"

ထိုလေးယောက်က ထိုစကားများ ကြားသည့်အခါ တံတွေးမျိုချလိုက်ကြသည်။ အထူးသဖြင့် ဆေးဝါးသူတော်စင် ဖြစ်၏။ သူက အဖွဲ့ထဲ အသက်အကြီးဆုံးဖြစ်ကာ သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသည်။ ထိုကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်လာဖို့ ကတိစကားက သူ့ဝိညာဉ်ကိုရောင်းချဖို့ ဆွဲဆောင်နိုင်သည်ဆိုလျှင် အသင်္ချေအင်ပါယာကမ္ဘာကို သွားလာရခြင်းနှင့် စနစ်အသစ် မြှင့်တင်ထားခြင်းက သူ့စိတ်ကို ပေါက်ကွဲထွက်သွားစေသည်။ သူက ဤအခြေအနေကို အခွင့်ကောင်းယူဖို့ ဆုံးဖြတ်ထား၏။

ချိုက်ရန်ရှုက အသက်ပြင်းပြင်းရှုကာ စဉ်းစားလိုက်သည်။

ဒီကိစ္စတွေက ငါတို့ကို မျှားခေါ်ဖို့ လုပ်နေမှန်း သိပေမယ့်လည်း မတပ်မက်ဘဲ မနေနိုင်ဘူး...

"နောက်ဆုံးအနေနဲ့ အိပ်မက်လောကထဲ ဝင်ခွင့် ရှိတယ်" ရှုရှစ်က ပြောလိုက်သည်။

"မင်းတို့တွေ ဝင်ရောက်သွားပြီးတဲ့နောက်မှာ နားလည်သွားမှာဆိုတော့ ဘာမှရှင်းပြမနေတော့ဘူး။ မင်းတို့ရဲ့ မျက်လုံးတွေကို မှိတ်ပြီးတော့ အိပ်မက်လူဝင်စားဆိုတဲ့ စကားကို ပြောလိုက်"

အဖွဲ့က သူတို့သည် ထူးဆန်းသည့် နေရာလွတ်တစ်ခုအတွင်း ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ သူတို့ရှေ့တွင် စိတ်ဝိတ်ညာဉ်တစ်ခု ပေါ်ထွက်လာကာ အိပ်မက်လောက၏ စွမ်းဆောင်ရည် အားလုံးကို ရှင်းပြခဲ့သည်။ ရှုရှစ်က ထိုအရာကို နားထောင်နေရင်း အလွှာနိမ့်မှ လူများသည် မွေးရပ်မြေမှ လူများကဲ့သို့သော တူညီသည့် လုပ်ဆောင်ချက်မျိုး ရရှိသည့်အတွက် အနည်းငယ် အံ့အားသင့်မိသွားသည်။

အနည်းဆုံးတော့ မူလစနစ်အသစ် အဆင့်မြှင့်တင်ထားတယ်ဆိုတာမျိုး သတင်းချက်လက်အသစ် တချို့ကို ချန်ထားလိမ့်မယ်လို့ ထင်နေတာ...

သို့သော်လည်း ထိုအတွေးကို တွေးမိသည်နှင့် ရှုရှစ်က သူမသည် မည်မျှတုံးအကြောင်း သဘောပေါက်သွားသည်။ ပင်ကိုပတ်ဝန်းကျင် မရှိဘဲ စနစ်အသစ်က အသုံးမဝင်ပေ။ သူမက ထိုစိတ်လှုပ်ရှားနေသည့် ခေါင်းဆောင်များကို ကြည့်လိုက်၏။

"နောက်ဆုံးတော့ မျှော်လင့်ချက် တွေ့ခဲ့ရပြီ" ဆေးဝါးသူတော်စင်က ရေရွတ်လိုက်သည်။ ကျင့်ကြံရေး လှုံ့ဆော်မှုဖြင့် သူသည် တာအိုဘိုးဘေးစမ်းသပ်ချက်ကို အောင်မြင်ဖို့ရာ ယုံကြည်ချက် မရခင်အထိ လေ့ကျင့်နိုင်သည်။ သူ လက်ခံရရှိမည့် ကုသိုလ်များဖြင့် မသေမျိုးဘဝကို တက်လှမ်းဖို့ ယုံကြည်မှု မြင်လိုက်ရပြီ ဖြစ်၏။

"သွားကြစို့။ လုပ်စရာတွေ ရှိသေးတယ်" ရှုရှစ်က အမိန့်ပေးလိုက်သည်။ အားလုံးက ပလ္လင်အခန်းအတွင်း ပြန်ရောက်လာကြ၏။ သူမက ယပ်တောင် ကိုင်ဆောင်ထားသည့် လူလတ်အရွယ်ဆရာမကို ဆင့်ခေါ်လိုက်သည်။

"ဒါက ဆရာမ ဖုရုန်။ သူမက ဒီကမ္ဘာရဲ့ ပင်မနတ်ဘုရား ဖြစ်လာလိမ့်မယ်။ သူမက ခုံရုံးအတွင်း ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်"

ထိုခေါင်းဆောင်များက သူမဆီမှ ထွက်ပေါ်နေသည့် အင်မော်တယ်အငွေ့အသက်ကြောင့် ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

"ထကြပါ။ ငါတို့အားလုံးမှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ အဲဒါ ခုံရုံးကို ကောင်းကောင်း ခစားဖို့ပဲ" ဖုရုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ခုံရုံး၏ အဖွဲ့သားများအနေဖြင့် အားလုံးက အကျိုးကျေးဇူးတင် မကဘဲနဲ့ အားလုံးရဲ့ တာဝန်တွေလည်း ရှိတယ်။" ရှုရှစ်က ဆက်ပြောလိုက်သည်။

"မင်းတို့ရဲ့ အဓိကရည်ရွယ်ချက်က သေမျိုးတွေရဲ့ လူမှု့အဖွဲ့အစည်းကို မြှင့်တင်ဖို့ပဲ။"

သူက သေမျိုးများအား မည်သို့ ပြုစုပျိုးထောင်ပေးရမည်ကို သူတို့၏ စိတ်ထဲ သတင်းအချက်အလက် ပို့ဆောင်လိုက်သည်။ သူက ထိုလူများအား အစီအစဉ်တကျ ပြီးမြောက်ရန်အတွက် အချိန်ကန့်သတ်ချက်ပင် ထားရှိခဲ့၏။ သို့သော်လည်း သူမ ပြီးဆုံးသွားသည့်အခါ အခန်းက ကြက်သီးထဖွယ် တိတ်ဆိတ်သွားလေသည်။

"ပြဿနာ ရှိလို့လား"

"အရှင် အဲဒါက လိုလို့လား" မဟာရွှယ်တိုင်းပြည် အုပ်ချုပ်သူက မေးလာသည်။

"ဟုတ်တယ်။ ဒီတာဝန်က မင်းတို့ထင်ထားတာထက် ပိုပြီးတော့ အရေးကြီးတယ်"

သူမ၏ စကားများက တဲ့တိုးဆန်ကာ ပြင်းထန်လှသည်။ သေမျိုးအဖွဲ့အစည်း မြင်တတ်လာမှုက သူတို့ကျောင်းတော်အတွက် ကုသိုလ်စု‌ဆောင်းဖို့ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်၏။

ဉာဏ်အလင်းပွင့်ဗိမာန်က ကန့်သတ်ချက် မရှိပေ။ သူမအနေဖြင့် နတ်ဆိုးစာသင်‌ကျောင်းများကိုလည်း ဖန်တီးနိုင်မည် မဟုတ်ပေ။ ထိုအရာက ကျေးဇူးတရား မသိသည့် အလုပ်တစ်ခု ဖြစ်နေသည်။ သူမအနေနှင့် ပြဿနာများ ဖြတ်ကျော်ရမည့် ထိုအရာကို အောင်းရှန်ဆီသာ ချန်ထားခဲ့ရမည်။

ဟို့ချန်းဖူက မလုံမလဲ ပြုံးလိုက်သည်။ သူက သေမျိုးများကို ဂရုမစိုက်ပေ။ သူတိုင်းပြည်တွင် သူတို့အများစုဖြင့် ဖွဲ့စည်းထားသော်လည်း သူ့တာဝန်က သူတို့သည် စားသောက်နိုင်ဖို့၊ အိမ်ရှိဖို့နှင့် ဆောင်းတွင်းအတွင်း အေးခဲမသွားအောင်သာ တာဝန်ရှိ၏။ ယခုအခါ သူက တော်လှန်ရေးကို အလွယ်တကူ ဖြစ်လာစေနိုင်သည့် သူတို့၏ စိတ်ကို ဖွင့်လှစ်ပေးရမည်ဖြစ်၏။ ထို့အပြင် သူ့အကောင်းဆုံး တပ်မဟာတချို့နှင့် ယှဉ်နိုင်အောင် ကူညီပေးရပေဦးမည်။

သူက ထိုလူများ၏ အပြုအမူကို မျက်လုံးထောင့်မှ ခိုးကြည့်လိုက်သည်။ တခြားလူများက တည်ငြိမ်နေဟန်ပေါ်သော်လည်း မည်သူကမှ ထိုအရာနှင့်ပတ်သက်ပြီး မပျော်ရွှင်ကြောင်း သိထားသည်။

"မင်းတို့လူတွေက သေမျိုးတွေ မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်ထားဖို့ လိုတယ်"ဖုရုန်က ပြောလိုက်သည်။

"ခုံရုံးတွေရဲ့ တာဝန်ကို ပြီးမြောက်သွားတာနဲ့ သူတို့တွေက သေမျိုးကျင့်ကြံသူတွေကို မျှခြေညီသွားဖို့ စွမ်းအား ရှိလာလိမ့်မယ်"

"ဆရာမဖုရုန် ပြောတာမှန်တယ်" ရှုရှစ်က ထပ်ပြောလိုက်သည်။

"မင်တို့တွေ ဒီကမ္ဘာကြီးက အရင်ကလို မဟုတ်တော့ဘူးဆိုတဲ့ အချက်ကို လက်ခံဖို့လိုတယ်။ မင်းတို့တွေ ဒီအချက်ကို မြန်မြန်ဆန်ဆန်လက်ခံပြီး နေသားကျလေလေ မင်းတို့တွေရဲ့ အတိတ်က စွမ်းအား၊ အာဏာနဲ့ အခွင့်အရေးတွေအားလုံးကို ထိန်းသိမ်းထားဖို့ အခွင့်အရေးက များလေလေပဲ"

သူမ၏အသံက သူတို့၏ စိတ်ထဲ ပဲ့တင်ထွက်သွားသည်။

"ပြီးတော့ မင်တို့ကို သတိပေးရဦးမယ်။ သေမျိုး လူမှု့အဖွဲ့အစည်း မြင့်တက်လာတာက ငါ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားလည်း ပါနေတယ်။ အဲဒါကို သက်ရောက်အောင် တုံးအအ အရာမျိုး မလုပ်နဲ့။"

"နားလည်ပါတယ်" သူတို့က အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။

"ကောင်းပြီ။ ဖြစ်လာမဲ့ အပြောင်းအလဲကြီးတွေကို လွယ်ကူသွားအောင် ငါတို့ကမ္ဘာက သေမျိုးတချို့ကို ခေါ်ပေးထားမယ်။ သူတို့တွေကို လေးစားသမှုနဲ့ ဆက်ဆံကြ။ ခုံရုံးရဲ့ ပြည်သူတွေအနေနဲ့ သူတို့ကို ကာကွယ်ပေးထားတယ်။ တစ်စုံတစ်ယောက်က သူတို့ကို နာကျင်အောင် လုပ်ရင် ဘာဖြစ်မလဲဆိုတာကို မင်းတို့တွေ မှန်းကြည့်လို့ ရမှာပါ"

ရှုရှစ်က သူတို့သည် ဂရုတစိုက် နားထောင်နေကြောင်း မြင်၍ ဆက်ပြောလိုက်သည်။

"အိပ်မက်လောကက တရားဝင် မဖွင့်လှစ်ရသေးဘူး။ မင်းတို့တွေ အလိုရှိတယ်ဆိုရင်တော့ မင်းတို့ကြားမှာ ဖြန့်ဝေဖို့ ခွင့်ပြုပေးမယ်"

ဤကမ္ဘာ၏ သေမျိုးများက အိပ်မက်လောကအတွင်း အဆင်သင့် မဖြစ်ကြသေးပေ။

"မေးစရာ ရှိသေးလား"

"ကျုပ်မှာ မေးစရာ တစ်ခု ရှိပါတယ်" ချိုက်ရန်ရှုက ပြောလိုက်သည်။

"ပြော"

"ခုံရုံးရဲ့ စည်းမျဉ်းတွေက အဖွဲ့သားတွေ တစ်ယောက်နဲ့တစ်ယောက် မတိုက်ခိုက်အောင် တားဆီးထားတာလား"

"မင်းတို့တွေရဲ့ တာဝန်ကို မလစ်ဟင်းသရွေ့၊ သေမျိုးတွေအပေါ်မှာ တက်ရောက်မှု မရှိသရွေ့ ငါတို့တွေက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး" ရှုရှစ်က ရှင်းပြလိုက်သည်။

"တကယ်လို့ မင်းတို့အလိုရှိတယ်ဆိုရင် အရင်းအမြစ်နဲ့ လူ့စွမ်းအား ဆုံးရှုံးမှုကို ကာကွယ်ဖို့ တိုက်ပွဲမျှော်စင်ထဲမှာ တိုက်ခိုက်နိုင်တယ်"

"ကျုပ် သိပါပြီ" ချိုက်ရန်ရှုက အကြည်များ တောက်ပလျက် ပြန်ဖြေလိုက်သည်။ သူက လက်နှစ်ဖက်ယှက်ပြီးသည့်နောက်တွင် နောက်သို့တစ်လှမ်း ဆုတ်လိုက်၏။

"အရှင် … အရှင် ပြောနေတဲ့ ကောင်းကင်ဧကရာဇ်က ဘယ်သူလဲဆိုတာကို သိချင်လို့ပါ" ဆေးဝါးသူတော်စင်ကပြောလိုက်သည်။

" မင်းတို့တွေ သိဖို့လိုတာက ငါကတောင် သူ့ကို လေးစားရတယ်ဆိုတာပဲ"

ရှုရှစ်က အဖွဲ့ကို ပြန်လွှတ်ပြီးသည်နောက်တွင် ဖုရုန်ကို ကြည့်ကာပြောလိုက်သည်။

"တခြားသူတွေကို ဆက်သွယ်ဖို့နဲ့ ကျောင်းတော်ရဲ့ အဖွဲ့ခွဲ တည်ဆောက်ဖို့ကို မင်းလက်ထဲမှာ အပ်ခဲ့မယ်။ ပြဿနာ မရှိဘူးမလား"

"မရှိပါဘူး ကျောင်းအုပ်"

"ကောင်းပြီ" သူမက ခေါင်းညိတ်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။

"ဒီကမ္ဘာမှာ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်တွေကို ဖမ်းဆုပ်မိတယ်။ မင်းအနေနဲ့ စုတိုင်းပြည်အုပ်ချုပ်သူကို စောင့်ကြည့်ထားဖို့ လိုတယ်။ အဲဒါဆို အားလုံးက အတော်လေး အဆင်ပြေချောမွေ့နေလိမ့်မယ်"

"သေချာမှတ်သားထားပါမယ်" ဆရာမဖုရုန်က အလေးအနက် ပြန်ဖြေလိုက်သည်။ ယခုမှစ၍ ထိုအုပ်ချုပ်သူငယ်လေးက သူမမြင်ကွင်းမှ ထွက်ခွာသွားရမည် မဟုတ်ပေ။

ရှုရှစ်က တခြားကမ္ဘာ၏ စူးစမ်းရှာဖွေရေးကို စီမံခန့်ခွဲဖို့ ထွက်မသွားခင် ခေါင်းညိတ်လိုက်သည်။

All Chapters