ကွဲပြားသည့် ကမ္ဘာအခြေအနေ အပိုင်း(၃)
Vol. 75 Ch. 1044
ဆရာမ ဖုရုန်က ကမ္ဘာရှိ တည်နေရာလေးခုကို အာရုံစိုက်လိုက်သည်။ တစ်ခုချင်းစီက ကမ္ဘာ၏ အရှင်သခင် လေးယောက်၏ ပိုင်နက်လေးခုကို လွမ်းခြုံထား၏။ သူမက ပြင်းထန်သည့် တာအိုစည်းချက်များ ထွက်ပေါ်နေသည့် တိုင်လေးလုံးကို မြင်လိုက်ရသည်။ ထိုတိုင်းလုံးများက ကမ္ဘာ၏ နာမည် ဇစ်မြစ်ဖြစ်ပြီး ကျင့်ကြံသူများအား စည်းမျဉ်းကို နားလည်ဖို့ ကူညီပေးနိုင်သည်။ သူတို့၏ တည်ရှိမှုက ဤကမ္ဘာ ဖန်တီးစဉ်ကတည်းက ယှဉ်ပြိုင်မှု၊ ပဋိပက္ခအရင်းအမြစ်များ ဖြစ်ပေသည်။
ဒါကို ကျောင်းတော်လက်အောက်မှာ ထားလိုက်ရမလား...
သူမက တွေးလိုက်မိသည်။ ထိုတိုင်လုံးများက သူမအတွက် အကျိုးကျေးဇူး မရှိသော်လည်း လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် သူတော်စင်အဆင့် ကျင့်ကြံသူများအတွက် ရှားပါးအရင်းအမြစ်တွေ ဖြစ်နေဆဲ ဖြစ်၏။
ထားလိုက်ပါတော့။ သူတို့ကို ဒီအတိုင်း ချန်ထားမှတော့ ငါလည်း အဲလိုပဲ လုပ်သင့်တယ်....
သူမက အဝေးတစ်နေရာကို လှမ်းကြည့်ကာ တွေ့လိုက်မိ၏။ သူမက အလွှာနိမ့်သို့ ဆင်းသက်လာပြီးသည့်နောက်တွင် ပထမဦးဆုံး သတိထားမိသည့်အရာက တာအိုအခွင့်အလမ်းဂိုဏ်း၏ အဖွဲ့ခွဲ တည်ရှိမှု ဖြစ်သည်။ သူတို့ဂိုဏ်းက တခြားကမ္ဘာတွင် အဖွဲ့ခွဲများစွာ ရှိနေသည့်အချက်ကို မအံ့ဩမိပေ။ ထို့ကြောင့် သူတို့အနေနှင့် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ လက်တံများကို ဆန့်ထုတ်ထားပြီး ချီကံကောင်းမှုကို သိသိသာသာ တိုးမြှင့်နိုင်ခဲ့ကြောင်း သိထားသည်။
ယခု ကျောင်းတော်က အလျင်အမြန် နောက်မှ အမှီလိုက်လာခဲ့သည်။ ကံကောင်းစွာဖြင့် ကောင်းကင်ဧကရာဇ်က ဤအသိုက်အဝန်း၏ မြေပုံကို သုံးစွဲခွင့်ပြုထားပြီး သူတို့၏ ချဲ့ထွင်မှုကို ဝင်ရောက်မစွက်ဖက်ခဲ့ပေ။
ဖုရုန်က သူမ၏ အလုပ်ကို အာရုံစိုက်ထားပြီး ကျောင်းအုပ် ပေးခဲ့သည့် တာဝန်နှင့် ပတ်သက်ပြီး လူအများ၏ တိုးတက်မှုကို စောင့်ကြည့်နေသည်။
.............................................................
မြောက်ပိုင်း စုတိုင်းပြည်
ချိုက်ရန်ရှုက ပလ္လင်ပေါ်တွင် ထိုင်ကာ အတွေးနက်နေမိသည်။ သူ့အစီအစဉ်က ရုတ်တရက် ဖျက်ဆီးခံလိုက်ရ၏။ အကယ်၍ ထိုသူများက ပေါ်ထွက်မလာခဲ့လျှင် သူက မဟာရွှယ်တိုင်းပြည်ကို အုပ်စိုးပြီး လသူတော်စင်မကို သူနှင့် လက်ထပ်ပွဲမဟာမိတ် ချုပ်ဆိုဖို့ ဖျောင်းဖျကာ ဆေးဝါးတောင်ကြားကိုလည်း သူ့လက်အောက်ခံ ဖြစ်ဖို့ အတင်းအကြပ် ဖိအားပေးနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
နှမြောစရာကောင်းလှသည်က ကံကြမ္မာသည် သူ့ကို စနောက်လာခဲ့ပြီး အခြေအနေများစွာ ပြောင်းလဲလာခဲ့သည်။ ယခု သူက အနာဂတ်ကိုစဉ်းစားနေသည်။
ဒါတွေမတိုင်ခင် တခြားနှစ်ယောက်က မဟာရွှယ်တိုင်းပြည်ရဲ့ နက်နဲတဲ့ အခြေခံအုတ်မြစ်နဲ့ သူတို့တွေ ကမ္ဘာကို ဘယ်လိုအုပ်စိုးလဲဆိုတာကြောင့် ငါ့ဘက်ကို အနည်းငယ် စိတ်ယိုင်စပြုနေပြီ။ သူတို့က ငါအင်အားကို အားနည်းစေချင်လို့ ပွင့်ပွင့်လင်းလင်း မထောက်ခံခဲ့ဘူး။
ချိုက်ရန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။
အခု အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားပြီ။ ငါ့ရည်ရွယ်ချက်နဲ့ စွမ်းရည်တွေက သူတို့ရဲ့အမြင်မှာ ဆူးတစ်ချောင်းလို ဖြစ်လာပြီ...
ခုံရုံးပေါ်ထွက်လာမှုက စွမ်းအားနှင့် အာဏာအတွက် အခွင့်အရေးဖြစ်ကာ ဆေးဝါးသူတော်စင်နှင့် လသူတော်စင်မတို့က သူ့လိုမျိုး ပါရမီထူးကဲသည့်သူကို သူတို့အထက် အခွင့်အရေးများကို အသုံးပြုဖို့လိုလားမည် မဟုတ်ပေ။
တခြားနည်းနဲ့ ပြောရမယ်ဆိုရင် သူတို့ရဲ့ထောက်ခံမှုတွေက မဟာရွှယ်တိုင်းပြည်ဆီ ရောက်ရှိသွားလိမ့်မယ်။ တကယ်လို့ ငါသာ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း မလုပ်ဘူးဆိုရင် သူတို့တွေက ပူးပေါင်းပြီးတော့ ငါ့ကို သုတ်သင်ပစ်နိုင်တယ်...
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး ကမ္ဘာကို လွှမ်းမိုးဖို့ ရည်ရွယ်ချက်ကို အောင်မြင်အောင် မည်သို့လှုပ်ရှားရမည်ကို တွေးတောနေမိသည်။
အဲဒီဧကရီ လာတဲ့ အင်အားစုရဲ့ အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ပဲ...
သူက သုံးသပ်လိုက်သည်။ သူတို့၏ ထောက်ခံမှုဖြင့် ဤကမ္ဘာကို အုပ်စိုးဖို့ ရိုးရှင်းသည့် ကိစ္စများသာ ဖြစ်၏။ ထိုသို့သော အင်အားစုမျိုးမှ အရမ်းမြစ်များကို ထည့်မပြောရသေးပေ။
ငါ အဲဒီအခွင့်အရေး ရလာနိုင်တယ်...
သူ့စိတ်ထဲ နတ်မိမယ်လေးအလား လှပသည့် ပုံရိပ်ကို ပြန်လည်တွေးတောမိသွားသည်။ ထို့နောက် ထိုအကြည့်ကို အမှတ်ရသွားကာ ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ သူက သူမ မရှိလျှင်ပင် သူမကို စိတ်ကူးကြည့်၍ မရကြောင်း သဘောပေါက်သွားကာ မလုံမလဲ ပြုံးလိုက်မိသည်။
ကောင်းကင်အလိုဆန္ဒကမ္ဘာက ထိပ်သီးပါရမီရှင်တွေဆီမှာ ရှုံးနိမ့်မယ်လို့တော့ မထင်ဘူး။ သူတို့ရဲ့ သတိထားမှုကို ရဖို့ရာက လွယ်တယ်မလား။ တစ်ခုတည်းသောပြဿနာက ငါ့ရဲ့ ဇစ်မြစ်နဲ့ နောက်ခံပဲ...
ဂိုဏ်းက သစ္စာရှိမှုကို လေ့ကျင့်ပေးဖို့အတွက် ကလေးငယ်များကိုသာ လက်ခံကြသည်။ ဤသည်က အသက်အရွယ်ကြောင့် ပြဿနာ ဖြစ်လာနိုင်၏။
ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရတာပေါ့။ ဒါပေမဲ့ အလျင်လိုနေစရာ မလိုဘူး။ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ ဇစ်မြစ်ကို ရှာတွေ့နိုင်ဦးမလားဆိုတာကို ကြည့်ရဦးမယ်...
ဤမတိုင်ခင် သူ့စိတ်ထဲ စိုးရိမ်နေသည့် ကိစ္စတစ်ခုက ထိုထူးထူးဆန်းဆန်း ဂိုဏ်းတစ်ခု ပေါ်ထွက်လာမှု ဖြစ်၏။
ချိုက်ရန်ရှုက သူ့အမတ်များအား ဆင့်ခေါ်ကာ သူ့ကို ပေးထားသည့်တာဝန်အား မည်သို့ထမ်းဆောင်ရမည်ကို ဆွေးနွေးလိုက်သည်။ သူ့စိတ်ထဲ ဤကိစ္စကို ကောင်းကောင်းမွန်မွန် လုပ်ခြင်းက ထိုသူများနှင့် ပူးပေါင်းဖို့ နည်းလမ်းဖြစ်လာနိုင်ကြောင်း တွေးနေမိသည်။
.…...................................................................................................
မဟာပင်လယ်ကမ္ဘာ
ဤကမ္ဘာဆီ ဆင်းသက်လာပြီးသည့်နောက်တွင် ဖုန်းဟွမ်က ရှုရှစ်လိုမျိုး ထိပ်သီးခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ဤကမ္ဘာ၏ အာဏာပိုင်းဆိုင်ရာက တိုင်လေးလုံးကမ္ဘာထက် ပိုမိုရှုပ်ထွေးလေသည်။
ဤကမ္ဘာကို ကျွန်းမြောက်မြားစွာအဖြစ် ခွဲခြားထားပြီး အရွယ်အစားက ကျွန်းဟုပင် ပြော၍မရပေ။ သို့သော်လည်း ဆက်တိုက်ဆက်နွယ်နေသော ကုန်းမြေဟူ၍ မရှိသည့်အတွက် အရာအားလုံးက ကျွန်းအဖြစ်သာ သတ်မှတ်နိုင်သည်။ ကျွန်းသခင်က ကျွန်းတစ်ခုချင်းစီကို အုပ်ချုပ်သည်။ ထိုဂုဏ်ပုဒ်က နယ်ခံများကို ညွှန်ပြနေခြင်း မကပေ။ ဤကမ္ဘာရှိ နယ်ခံများက ကျွန်းကိုအသုံးပြုမှုမှတဆင့် မူလစနစ်ကို ထူးကဲသော လမ်းစဉ်တစ်ခု ဖန်တီးနိုင်ခဲ့ကြသည်။ ကျွန်းသခင်က သူတို့၏ ဝိညာဉ်၊ စည်းမျဉ်းနှင့် ပိုင်နက်တို့ကို သူတို့ထိန်းချုပ်ထားသည့် နယ်မြေဖြင့် ဆက်သွယ်ကာ စွမ်းအားကို ထုတ်ယူပြီး သူတို့၏ စွမ်းအားကို တိုးမြှင့်နိုင်သည်။ သူတို့၏ ကျွန်းပေါ်တွင် ကျွန်းသခင်က ထိုအားဖြည့်မှုကြောင့် အကြွင်းမဲ့အာဏာ ရှိ၏။
ထိုစွမ်းရည်ကြောင့် ဤအလွှာ၏ နယ်မြေအားလုံးက အင်မတန်မှ အဖိုးတန်ကြသည်။ နယ်မြေက ပိုမိုကြီးမားလေလေ အားဖြည့်ပေးမှုက ပိုမိုအားကောင်းလေလေဖြစ်သည့်အတွက် ကျွန်းများက ပိုမိုအဖိုးတန်လေလေ ဖြစ်သည်။
ဤနေရာကို ရောက်လာပြီးသည့်နောက်တွင် ဖုန်းဟွမ်က ကမ္ဘာတစ်ခုလုံးထံ မြင်တွေ့စေနိုင်သည့် ရွှေရောင်ဗုဒ္ဓအသွင် ပြောင်းလဲလိုက်သည်။ ထိုနောက် နယ်မြေကြီး ၁၀ခုရှိ အားကောင်းဆုံး ကျွန်းသခင်ဆယ်ယောက်ကို ဆင့်ခေါ်လိုက်သည်။
"အရှင်ဗုဒ္ဓကို ဂါရဝပြုပါတယ်"
ပလ္လင်အစား အခင်းပေါ်တွင် ထိုင်နေသည့် ဖုန်းဟွမ်က လူများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ဒီကိုယ်တော်က ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်အောက်မှာ ကမ္ဘာကို တိုးတက်အောင်လုပ်ပြီး သေမျိုးတွေရဲ့ ဘဝကို ကောင်းချီးပေးပြီး သင်ကြားမှုတွေကို ဖြန့်ဝေဖို့ ရောက်လာတာပါ။ အခုကစပြီးတော့ ကိစ္စတွေကို ဘယ်လိုစီမံမလဲ"
သူက ရွေးချယ်ခံနတ်ဘုရားစာရင်း၊ အံ့ဖွယ်ရာထူးနှင့် သူတို့၏ဝေစု ၂၀ ရာခိုင်နှုန်းအကြောင်း သူတို့စိတ်ထဲ ပို့ဆောင်လိုက်သည်။ သူက သေမျိုးလူမှုအဖွဲ့အစည်းနှင့် ပတ်သက်ပြီး သူတို့၏ တာဝန်ကိုပင် ကြေညာခဲ့၏။ ထိုသူများ၏ တုံ့ပြန်မှုက ဟက်ဟက်ပက်ပက် မရှိလှပေ။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်သော်လည်း ဘာမှမပြောကြပေ။
ဖုန်းဟွမ်က အကြောင်းအရင်းကို နားလည်၏။ ဤကမ္ဘာက နယ်မြေနဲ့ အုပ်ချုပ်ရေးကို အလေးထားကြပြီး သူ့တည်ရှိမှုက သူသည် ဤကမ္ဘာ၏ ကျွန်းသခင်ဘုရင်ဖြစ်ကြောင်း ကြေညာသလို ဖြစ်နေသည်။ သူတို့က ထိုအချက်ကို လိုလိုလားလား လက်ခံကြမည် မဟုတ်ပေ။ သမိုင်းကြောင်းတစ်လျှောက်တွင် လူတစ်ဦးတည်းကသာ ကျွန်အားလုံးကို ထိန်းချုပ်နိုင်ခဲ့ဖူးပြီး တချို့လူများက အောင်မြင်မှုမရှိဘဲမျိုး ဆက်များစွာတိုင် တိုက်ခိုက်ခဲ့ကြရသည်။ သို့သော် ယခုတွင် ဖုန်းဟွမ်က တစ်နေရာမှပေါ်ထွက်လာပြီး ထိန်းချုပ်သွား၏။
"မင်းတို့တွေမှာ မေးစရာရှိတယ်ဆိုရင် မေးလို့ ရတယ်။ ဒီကိုယ်တော်က မင်းတို့ကို ဖြေပေးမယ်"
"အရှင်ဗုဒ္ဓက ကျွန်မတို့ နယ်မြေတွေကရော … " သခင်မဟူက မေးလိုက်သည်။ သူမ၏ မိသားစုက မျိုးဆက်ထောင်ချီကြာသည့်တိုင် မုန်တိုင်းလေဟုန်ကျွန်းကို အုပ်ချုပ်လာပြီး သူမက ဤမျိုးဆက်၏ ကျွန်းသခင်ဖြစ်လာဖို့ရာ အင်မတန် အားစိုက်ထုတ်ထားခဲ့ရသည့်အတွက် သူမ၏ အာဏာကို မစွန့်ပစ်လိုပေ။
"မင်းတို့ရဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်သရွေ့ ဒီကိုယ်တော်က မင်းတို့ရဲ့ အာဏာကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။" ဖုန်းဟွမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူက ထိုစကားများကို ကြားပြီးသည့်နောက်တွင် သက်ပြင်းချသံကို ကြားလိုက်ရ၏။
"ကျုပ်တို့တွေက ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းဖို့ လိုတာလား။"
"ဘယ်ဟုတ်ပါ့မလဲ။ ယုံကြည်သက်ဝင်မှုဆိုတာက ကိုယ်ပိုင်အယူအဆပါပဲ။ ဒီကိုယ်တော်က ယုံကြည်သက်ဝင်လာအောင် ဘယ်သူ့ကိုမှ ဖိအားပေးမှာ မဟုတ်ဘူး"
ထိုကျွန်းသခင်များက ထပ်မံ စိတ်အေးသွားကြပြန်သည်။ ထိုသို့သော အင်အားကြီးပုဂ္ဂိုလ်က သူတို့ကို လိမ်ညာနေစရာအကြောင်း မရှိပေ။
"ခုံရုံးအဖွဲ့သား ဖြစ်လာဖို့ နောက်ထပ် အကျိုးကျေးဇူးတွေလည်း ရှိသေးတယ်။ မင်းတို့တွေက အားကောင်းတဲ့ ကျင့်စဉ်တွေ၊ ရှားပါးတဲ့ အရမ်းအမြစ်တွေကို လဲလှယ်နိုင်ဖို့ အမှတ်စာရင်း ရှိတယ်။ အဲဒီနည်းစနစ်တွေ၊ ကျင့်စဉ်တွေနဲ့ဆိုရင် မင်းတို့တွေက ဧကရာဇ်တစ်ပိုင်းအဆင့်ကိုရောက်လာနိုင်တယ်"
ထိုကျွန်းသခင်များက နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုကို ပြသလာကြသည်။ သူတို့အလိုချင်ဆုံးက စွမ်းအားနှင့် နယ်မြေသာ ဖြစ်၏။ သို့သော်လည်း အချို့သော ဉာဏ်ရှိသူများက အရှင်ဗုဒ္ဓအား ထူးထူးဆန်းဆန်း ကြည့်လာကြသည်။ သူတို့က ထိုနည်းစနစ်များသည် ဗုဒ္ဓကျမ်းများ ဖြစ်ကြောင်း နားလည်ထားကြ၏။ ဆိုလိုသည်မှာ သူတို့သာ ဗုဒ္ဓဘာသာကို မဝင်ရောက်ပါက ကံဆက်နွှယ်မှုရှိနေမည်သာ ဖြစ်သည်။
"နောက်ထပ် မေးစရာရှိသေးလား" မည်သူကမှ ဘာမှမပြောကြပေ။ ဖုန်းဟွမ်က သူ့ဘေးရှိ ဘုန်းကြီးတစ်ပါးကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"ဒါက ဘုန်းကြီးဖာဟန် ဖြစ်ပြီးတော့ ဒီကမ္ဘာနဲ့ မင်းတို့တွေကိုစောင့်ကြည့်ပေးလိမ့်မယ်။ တကယ်လို့ မင်းတို့ဆီမှာ ပြဿနာရှိတယ်ဆိုရင် သူ့ကို သွားပြီး ပြောလို့ရတယ်"
ဖာဟန်က ထိုသူများထံ အနည်းငယ် ဦးညွှတ်ကာ လေးစားသမှုကို ပြသလိုက်သည်။ ထို့နောက် သူက ငွေရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာခဲ့၏။ အားလုံးက နောက်ဆုတ်ကာ အရိုအသေ ပေးလိုက်ကြ၏။
"ဒီကိုယ်တော် ပေးနိုင်တဲ့ အကျိုးကျေးဇူးက နည်းနည်းလေးပါပဲ။ မင်းတို့တွေက ကောင်းကောင်းမွန်မွန် လုပ်မယ်ဆိုရင် အသင်္ချေအင်ပါယာကမ္ဘာဆီ သွားပြီးတော့ အသက်ရှည်မှုလမ်းစဉ်ကို ရယူနိုင်မဲ့ အခွင့်အရေး ရလာနိုင်တယ်"
ထိုသူများကို ပြန်လွှတ်ပြီးသည့်နောက်တွင် ဖုန်းဟွမ်က ဖာဟန်အား အားနည်းသည့် ကျွန်းသခင်များကို ကိုင်တွယ်ဖို့ ချန်ထားခဲ့ပြီး သူက ပင်လယ်ကို အာရုံစိုက်ထားခဲ့သည်။ သူက ဤနေရာရှိ ပင်လယ်မျိုးနွယ်သည် မွေးရပ်မြေတွင် ရှိသည့် အရာနှင့် တူညီ၏။
ကောင်းကင်ဧကရာဇ်၏ အပြုအမူက အကျိုးကျေးဇူးများ ပြသထားသည့်အတွက် ဖုန်းဟွမ်က ဤနေရာအား မထိဘဲ ချန်ထားမည် မဟုတ်ပေ။ သူက ခုခံမှုတချို့ကို မျှော်လင့်ထားကာ ပုံရိပ်ယောင်တစ်ခုသာ စေလွှတ်ခဲ့သော်လည်း သူ့စွမ်းအားကြီးမားမှုအောက်တွင် အသုံးမဝင်ခဲ့ပေ။
.......................................................................................
ခရမ်းရောင်ကောင်းကင်ကမ္ဘာ
အောင်းရှန်က အသက်ပြင်းပြင်းရှူလိုက်သည်။ ထင်ထားသည့်အတိုင်း သူတို့သည် နတ်ဆိုး မျိုးနွယ်မှဖြစ်ကြောင်း သိပြီးသည့်နောက်တွင် သူ့စည်းမျဉ်းကို ခုခံလာကြသည်။ ကံကောင်းစွာဖြင့် သူက ဉာဏ်ကောင်းစွာဖြင့် ရှုရှစ်ဆီမှ လူတချို့ကို ငှားယူထားခဲ့သည်။ ထိုဆရာများ၏ ရည်ရွယ်ချက်က ဤကမ္ဘာရှိ နယ်ခံများကို လူသားများက ကောင်းကင်ခုံရုံးကို အုပ်စိုးပြီး နတ်ဆိုးမျိုးနွယ်က သူတို့၏ အပြုအမူအား ခွင့်ပြုချက်ရထားကြောင်း ဖျောင်းဖျပေးဖို့သာ ဖြစ်သည်။
ကျောင်းတော်မှ ဆရာများ၏ အားစိုက်ထုတ်မှုအောက်တွင် ကိစ္စများက တည်ငြိမ်သွားလေသည်။ သို့သော်လည်း နယ်ခံရာထူးအများစုကို နတ်ဆိုးမျိုးနွယ်ဆီ ပေးလိုသည့်ဆန္ဒကို ဖုံးကွယ်မထားသည့်အခါ သို့မဟုတ် နတ်ဆိုးစာသင်ကျောင်း တည်ဆောက်မည်ဟု ကြေညာသည့်အခါ ကိစ္စများစွာက ဖရိုဖရဲဖြစ်လာခဲ့သည်။
သိပ်မကြာခင် သူ့အနေဖြင့် သူတို့အားလုံးကို မသတ်မိဖို့ရာ အတော်လေးကို ချုပ်ထိန်းခဲ့ရ၏။ နောက်ဆုံးတွင် ခြိမ်းခြောက်မှုနှင့် သံတမန်နည်းလမ်းကို အသုံးပြုပြီးသည့်နောက်တွင် ဤနေရာတွင် အခြေချနိုင်ခဲ့သည်။ သို့သော်လည်း သူ့တစ်စိတ်တစ်ပိုင်းကမူ သူ့မျိုးနွယ်ဇစ်မြစ်ကြောင့် ဤပြဿနာအားလုံးကို ဖြတ်ကျော်ရသည့်အတွက် အနည်းငယ် မုန်းတီးနေသည်။
အောင်းရှန်က နောက်ထပ်ကမ္ဘာကို မသွားခင် အသက်ပြင်းပြင်းရှူလိုက်၏။ သူက နတ်ဆိုးစာသင်ကျောင်း ချဲ့ထွင်နေစဉ်အတွင်း အလုပ်ရှုပ်နေလိမ့်မည်။