← Chapters

ဒေါသ၏ ခရီးလမ်း

Vol. 75 Ch. 1048

ဒေါသ၏ ခရီးလမ်း

Vol. 75 Ch. 1048

ဝမ်ဝေ့က သူ့မိသားစုကို အာရုံစိုက်လိုက်သည်။ သူ့အဘိုးက သစ်ပင်အိုကြီးဆီမှ နှလုံးသားကို အသုံးပြုကာ အပြင်းအထန် လေ့ကျင့်နေပြီး သူ့သွေးမျိုးဆက်ကို အလျင်အမြန် တိုးတက်လာစေသည်။ ဝမ်ဝေ့က ယန်ကောဝေဆီမှ အချိန်အတော်ကြာ အဆက်အသွယ် မရသေးသော်လည်း သူ့အလိုလိုသိစိတ်က ထိုသူသည် နေမင်း၉စင်း ဧကရာဇ်ကို ရှာတွေ့ပြီ ဖြစ်ကြောင်း ပြောပြနေ၏။ ပြောရလျှင် သူ့အဘိုးက မကြာခင် လက်စားချေနိုင်တော့မည် ဖြစ်သည်။

သူ့အဖေက သီးသန့်ကျင့်ကြံရေး ဝင်ရောက်နေဆဲ ဖြစ်၏။ ဓားရေးကမ္ဘာရှိ သူ့ကိုယ်ပွား သို့မဟုတ် လူဝင်စားများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နဝမအဆုံးစွန်အုတ်မြစ် ပြီးဆုံးမည့် လမ်းအပေါ် ကျရောက်နေပြီ ဖြစ်၏။ သူ့အမေအတွက်မူ သူမက အလွှာနိမ့်တွင် ဉာဏ်အလင်းပွင့်ဗိမာန်ကို ဖြန့်ဝေနေသည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်ခန့်က သူမသည် ကျင့်ကြံရေး ရည်မှန်းချက် ရရှိလာပြီး တာအိုကို သက်သေပြဖို့ ကုသိုလ် စုဆောင်းသော ခြေလှမ်းကို စတင်ခဲ့သည်။

ငါ့ရဲ့ လှည့်ဖျားရေးနည်းလမ်းကတော့ အသုံးဝင်တဲ့ပုံပဲ...

ဝမ်ဝေ့အနေနှင့် အစစ်အမှန် ကောင်းကင်တာအိုက တာအိုအခွင့်အလမ်းဂိုဏ်း သို့မဟုတ် အနီးကပ်ရှိသူများထံ မတင်းကျပ်တော့ကြောင်း သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် သူ့အမေက ဧကရီဖြစ်လာဖို့ အခွင့်အရေး မြင့်မားလာခြင်းဖြစ်၏။

လီကျွင်းနှင့် ယန်းလီလင်းအတွက်လည်း မျှော်လင့်ချက် ပိုရှိလာပြီး...

သူက အသင်္ချေအင်ပါယာကမ္ဘာအပြင်ဘက် တခြားကမ္ဘာအသိုက်အဝန်းများဆီ ကြည့်လိုက်သည်။ သိသာထင်ရှားသည့် အပြောင်းအလဲ တချို့သာဖြစ်ပျက်ခဲ့ပြီး အဓိကအရာက ကောင်းကင်ဧကရာဇ်တချို့ ပေါ်ထွက်လာခြင်း ဖြစ်သည်။ အစစ်အမှန်ကောင်းကင်တာအိုက သူ့မူပိုင်ခွင့်ကို ကာကွယ်ထားပြီးသည့်နောက် ထိုသူများက အံကြိတ်ကာ ဝမ်ဝေ့ထံ လာရောက်၍ တန်‌ကြေးပေးဆောင်ခဲ့ရသည်။

ကောင်းကင်ဧကရာဇ်တွေထဲမှာ အားအကောင်းဆုံးသူက ဟယ်ရှစ်ယီသာ ဖြစ်၏။ ကုန်သွယ်ရေးဗဟိုချက်ရှိ လူများစွာက ခေါင်းကြောမာကာ တန်ကြေးကို မပေးလိုကြပေ။ အထူးသဖြင့် အသင်္ချေအင်ပါယာကမ္ဘာ၏ အလွှာနိမ့်ဆီ ချဲ့ထွင်မှုအကြောင်းနှင့် ကုသိုလ် စုဆောင်းနိုင်သည့် အရာများကို ဖန်တီးထားသည့်အကြောင်း သိပြီးသည့်အခါတွင် ဖြစ်သည်။ သူတို့က ထိုအရာကို ပုံတူပွားကာ သူတို့ကိုယ်ပိုင်အိပ်မက်လောကကို တည်ဆောက်လိုသည့်။ ဉာဏ်အလင်းပွင့်ဗိမာန်ပင် အပါအဝင် ဖြစ်၏။

သို့သော်လည်း ထိုမူပိုင်ခွင့်က လူသိရှင်ကြား ဖွင့်ပြမထားပေ။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းက ဝမ်ဝေ့ကို သတ်ကာ တာအိုအခွင့်အလမ်းဂိုဏ်းအား ခွင့်ပြုချက်ပေးဖို့ ဖိအားပေးခြင်း ဖြစ်သည်။ အကယ်၍ ဂိုဏ်းက သဘောမတူပါက ထိုမူပိုင်ခွင့်ကို လက်ဆင့်ကမ်းမည့် အမွေဆက်ခံသူ မရှိတော့သည်အထိ သုတ်သင်ပစ်နိုင်သည်။

သူတို့၏ အတွေးများကို သိထားပြီးသည့်နောက် ဟယ်ရှစ်ယီက ထိုသူများထံ လာကာ ဝမ်ဝေ့ကို သတ်ဖို့ အကူအညီပေးမည်ဟု ကတိစကား ပါးခဲ့သည်။ သူကစိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်သည့် ကောင်းကင်ဘုံအဆင့် လက်နက်ပျက်ကို ထုတ်ဖော်ခဲ့၍ သူတို့က ယုံကြည်သွားကြသည်။

ဤသတင်းအချက်အလက်က ကုန်သွယ်ရေးဗဟိုချက်မှ လူများစွာထံ ယုံကြည်ချက်အမြောက်အမြား ဆောင်ကြဉ်းပေးလာသည်။ ဟယ်ရှစ်ယီက ထိုအခွင့်အရေးကို အသုံးချကာ ဝမ်ဝေ့လက်ထဲ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို အလျင်အမြန် ပြန်လည်ဖြည့်ဆည်းပြီး အာဏာ ပိုရှိလာလိမ့်မည်။ ဂိုဏ်းက ဥယျာဉ်အတွင်း ဆုံးရှုံးသွားသည့် အရာများကို အလွယ်တကူ မဖြည့်ဆည်းနိုင်သောကြောင့် စွမ်းအားအပြည့် ပြန်လည်ရောက်ရှိမည် မဟုတ်သော်လည်း သူ့အပြုအမူက သူတို့အားဖြည့်ဖို့လိုအပ်သည့်အချိန်ကို သိသိသာသာ လျော့ချပေးနိုင်လိမ့်မည်။

ဟယ်ရှစ်ယီ၏ အခြေအနေကလည်း အကောင်းကြီး မဟုတ်လှပေ။ ဝမ်ဝေ့က ကောင်းပေါ်ချင်းအား ထိုသူ့လည်ပင်းထဲ စူးဝင်နေသည့် အရိုးတစ်ချောင်းသဖွယ် စေလွှတ်ထားခဲ့သည်။ ကောင်းပေါ်ချင်းက ခုံရုံးတစ်စိတ်တစ်ပိုင်းဖြစ်လာကာ ရည်ရွယ်ချက်ကမူ သူအတွက် ကိစ္စများကို ခက်ခဲအောင် လုပ်ဖို့ ဖြစ်၏။

ဟယ်ရှစ်ယီက ထိုကိစ္စမျိုးကို လက်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူက ကောင်းပေါ်ချင်းနှင့် အင်အားစုကို သုတ်သင်ဖို့ ကြိုးစားခဲ့၏။ ကံကောင်းစွာဖြင့် ဖျက်ဆီးခြင်း(၁)က ကာကွယ်သူဖြစ်ကာ ထိုသူနှင့် တိုက်ခိုက်ခဲ့သည်။ ဖျက်ဆီးခြင်း(၁)က တိုက်ပွဲကို အလွယ်တကူ ရှုံးနိမ့်သွားသော်လည်း ဝမ်ဝေ့၏ အဆောင်ကို ထုတ်ဖော်ကာ ဟယ်ရှစ်ယီအား ရပ်တန့်အောင် ဖိအားပေးနိုင်ခဲ့သည်။ အထူးသဖြင့် ထိုသူက သူ့ဝှက်ဖဲကို မထုတ်ဖော်လိုသေး၍ ဖြစ်၏။

သူက ငါ့ကို သူ့ကမ္ဘာဆီ မျှားခေါ်ပြီးတော့ အဲဒီပစ္စည်းကို သုံးချင်တာလား...

ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ တွေးလိုက်မိသည်။ ထိုပစ္စည်းကြောင့် ဟယ်ရှစ်ယီ၏ သတင်းအချက်အလက်ကို ကောက်ချက်မချနိုင်သော်လည်း ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များက ကုန်သွယ်ရေးဗဟိုချက်အထက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ထားပြီးပြီ ဖြစ်သည့်အတွက် ထိုသူများ၏ အပြုအမူက သူ့မျက်စိအောက်မှ မလွတ်မြောက်ခဲ့ပေ။

ငါက ဧကရာဇ်ကျားကို စိုးရိမ်နေလို့ မင်းကို စိတ်ရှည်နေတာ အခုတော့ မင်းကို သုတ်သင်ပစ်ရမဲ့အချိန် ရောက်ပြီထင်တယ်...

ဧကရာဇ်ကျားက မည်သည့်အရာကို လျှို့ဝှက်ထားစေကာမူ ဟယ်ရှစ်ယီကို ကိုင်တွယ်ဖြေရှင်းပြီးသည့်နှင့် အမှန်တရားက ပေါ်ထွက်လာလိမ့်မည်။

ဝမ်ဝေ့က ကြယ်တာရာသားရဲကမ္ဘာကို ကြည့်လိုက်ပြီး ထုံရို့ပင်းနှင့် မူလိန်ဆီ ယခင်သဘောတူညီချက်အရ အိပ်မက်လောကကို စတင်ဖြန့်ဝေနိုင်ကြောင်း သတင်းလှမ်းပို့လိုက်သည်။

ထို့နောက် သူ့ရှေ့တွင် ပိတ်ကားချပ် တစ်ခု ပေါ်ထွက်လာ၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည်နောက်တွင် ဒေါသက ကြက်သွေးရောင်ဝတ်ရုံကို ဝတ်ဆင်လျက် မျက်နှာလှလှလေးက ထွက်ပေါ်လာသည်။

"ရှင့်ကို မြင်ဖို့ ဘာလို့အဲ့လောက်တောင် ခက်နေရတာလဲ" သူမက မေးလိုက်သည်။

"အဲဒါက ငါအမှားမှ မဟုတ်တာ။ ငါ အားရင် မင်းက ကျင့်ကြံနေတယ်။ မင်း အားရင် ငါက အလုပ်များနေတယ်" ဝမ်ဝေ့က ပုခုံးတွန့်ကာ ပြောလိုက်၏။

"ရှင် ကျွန်မကို ရှောင်နေတယ်လို့ ထင်တာ"

"ဘာလို့ အဲ့လိုအရာမျိုး လုပ်ရမှာလဲ"

"ရှင့်လိုလူမျိုးက ဘယ်လိုလုပ်မလဲဆိုတာကို ဘယ်သူ ကသိမှာလဲ"

"မင်းက ငါဘယ်လိုလူစားမျိုးလဲဆိုတာကို မူမမှန်တဲ့ အမြင်မျိုး ရှိနေတာပဲ။"

"မဟုတ်ဘူး။ ရှင် ဘယ်လိုလူလဲဆိုတာကို ကောင်းကောင်းမြင်တာလေ"

"အဲ့ဒါဆိုတော့ ဘာကိစ္စလဲ"

"ကျွန်မတို့ရဲ့ အသိအကျွမ်း ဆက်ဆံရေး မပျက်ပြားသွားအောင် အတွေးတွေကို ထိန်းထားတာ အကောင်းဆုံးပဲလေ"

"ငါတို့က မိတ်ဆွေတွေလို့ ထင်နေတာ" ဝမ်ဝေ့က ပြုံးကာပြောလိုက်၏။

"မိတ်ဆွေတွေတဲ့လား။ မိတ်ဆွေတွေဆိုရင် ဘာလို့ ကျွန်မတို့အတူတူ ပူးပေါင်းထားတယ်ဆိုတာကို လူသိရှင်ကြားမ‌ကြေညာရတာလဲ။"

ဝမ်ဝေ့က ချောင်းအသာဟန့်လိုက်၏။ သူက သူမ၏ အဆင့်အတန်းကို မုန်းတီးကာ လေးနက်သည့် ဆက်ဆံရေးကို လိုချင်နေသည့် အ‌ပျော်မယားနှင့် စကားပြောနေရသလို ခံစားနေမိသည်။

"ကဲ အဓိကကိစ္စ ပြောမယ်။ ငါက ငါ့ဝေစုကို သိမ်းထားပြီးတော့ ကျန်ရှိနေတဲ့ မိစ္ဆာမျိုးနွယ်ကို ကယ်တင်ပေးပြီးပြီ" ဝမ်ဝေ့က ပြောပြီးသည့်နောက် ကမ္ဘာငယ် ပါဝင်နေသည့် အနီရောင်သလင်း‌ကျောက်ကို ထုတ်လိုက်သည်။ လက်တစ်ချက်အဝှေ့တွင် အဆုံးမဲ့အကွာအဝေးတွင် ရှိနေသည့် သူမထံ ပို့ဆောင်လိုက်၏။

ဒေါသက ထိုအရာကို လက်ထဲ ကိုင်ထားရင်ပြောလိုက်သည်။

"မိစ္ဆာနတ်ဘုရားတွေကရော"

"အဲဒါကငါ့ပိုင်ဆိုင်မှုလေ"

ကျန်ရှိနေသည့် မိစ္ဆာနတ်ဘုရားလေးဦးရှိကာ ဒေါသက သူနှင့် တစ်ယောက်ကို လဲလှယ်ခဲ့ဖူးသည်။ ကျန်ရှိနေသည့် သုံးယောက်က သူ့အရင်းအမြစ် ဖြစ်သည့်အတွက် ဘယ်သူ့ကိုမှ ပေးမည် မဟုတ်ပေ။

"ကျွန်မတို့က မိတ်ဆွေတွေဆို။ မိတ်ဆွေတွေက ရက်ရောရတယ် မဟုတ်ဘူးလား။"

"အမေက အမျိုးသမီးတွေက သရုပ်ဆောင်ဖြစ်ဖို့ မွေးဖွားလာတာလို့ ပြောဖူးတယ်။ သူတို့တွေက ကျားသစ်ရဲ့ အစက်အပြောက်တွေထက်တောင် မြန်အောင် မျက်နှာထား ပြောင်းလဲနိုင်ကြတယ်တဲ့။ သူမ ပြောစကားက မှန်တယ်လို့ထင်တယ်။"

"အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားလို့လား။ ရှင်တို့ယောက်ျားတွေက ကမ္ဘာမှာအသက်ရှင်ဖို့ အားကောင်းတဲ့ ရုပ်ခန္ဓာမျိုးရှိကြပြီးတော့ ကျွန်မတို့အမျိုးသမီးတွေက မျက်နှာပြောင်းလွယ်တာနဲ့ မျက်ရည်ပဲ ရှိတာလေ"

"ကောင်းပြီလေ။ အဲဒီအကြောင်း မပြောနဲ့တော့။ မင်းက ဘာဖြစ်သွားတာလဲ" ဝမ်ဝေ့က ပြောလိုက်သည်။

"ကျွန်မထွက်သွားပြီးတဲ့နောက်မှာ အတွေ့အကြုံနဲ့ လေ့ကျင့်ရေးအတွက် အဆုံးမဲ့ လေဟာနယ်ထဲတစ်လျှောက် သွားလာခဲ့တယ်။ ခရီးလမ်းမှာ ကျွန်မတို့မျိုးနွယ်ကို မုန်းတီးတဲ့ ကမ္ဘာတချို့ကိုလည်း ကြုံတွေ့ခဲ့ရတယ်။ အဲဒီလူတွေက ကျွန်မတို့နဲ့ မိစ္ဆာမျိုးနွယ် မျိုးဆက်များစွာတိုင် မွေးမြူထားပြီးတော့ တိရစ္ဆာန်ထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံကြတာ"

ဒေါသက အမုန်းတရားနှင့် ဒေါသကိုဖုံးကွယ်ထားခြင်း မရှိပေ။

"ကယ်လို့ရတဲ့သူတွေကို ကယ်တင်ခဲ့ပြီးတော့ ကယ်လို့မရတဲ့သူတွေကိုတော့ မျှော်လင့်ချက် ပေးခဲ့တယ်"

သူမက ပြောလိုက်၏။

"အဲဒါနဲ့ပတ်သက်ပြီး သတင်းကောင်းက ကျွန်မရဲ့ မိစ္ဆာဓားက ကျွန်မတို့မျိုးနွယ်ရဲ့ အညှိုးတရား၊ နာကျင်မှုနဲ့ ကံကို စုပ်ယူပြီး အားကောင်းလာတာပဲ။ အဲဒီနောက် ရှင် ပြောသလို ကျွန်မရဲ့ ကျရှုံးသွားတဲ့ နဝမအဆုံးစွန်အုတ်မြစ်ကို ပြန်လည်ရယူဖို့ ဆေးလုံးလိုမျိုး အသုံးပြုခဲ့တယ်။ ရှင် ထင်ထားတဲ့အတိုင်း အဆင့်(၂)အစား အဆင့်(၄)အထိ ရရှိခဲ့တယ်"

"ဗဟိုချက်မှာ ဟွင်သွမ်းရတနာ ပေါင်းစပ်ထားတဲ့ ဟွင်သွမ်းခေါင်းလောင်းကမ္ဘာလို့ ခေါ်တဲ့ အလွှာတစ်ခုကို တွေ့ထားတယ်။ အဲဒီကမ္ဘာက အရေးပေါ်အနေနဲ့ အားကောင်းတဲ့ ကာကွယ်ရေးကို ထုတ်ပေးပြီးတော့ နယ်ခြားကျူးကျော်မှုကနေ ကာကွယ်ပေးနိုင်တယ်။ အဲဒီဟာက ကျွန်မတို့ အိမ်အသစ်အတွက် အသုံးပြုဖို့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုလို့ ထင်တယ်"

သူမက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ရှင် ပြောတာ မှန်တယ်။ ခရမ်းရောင်ကုသိုလ်နဲ့ဆိုရင် အစစ်အမှန်ကောင်းကင်တာအိုက ကျွန်မတို့ရဲ့ အဆင့်အတန်းအသစ်ကို လက်ခံခဲ့တယ်။ အခု ကျွန်မတို့က မိစ္ဆာလက်သစ်မျိုးနွယ် ဖြစ်နေပြီ။"

"မျိုးနွယ်အသစ်လား"

"ဟုတ်တယ်။ လူသားသွေးမျိုးဆက်က ကျွန်မတို့လက်ထဲ ရှိနေတာဆိုတော့ ကောင်းတာ၊ သနားကြင်နာမှုနဲ့ ဖန်တီးဉာဏ်တွေ ရှိလာပြီ။ "

ဝမ်ဝေ့က သူမကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ မိစ္ဆာလက်သစ်ဆိုသည့်စကားက မိစ္ဆာမျိုးနွယ် သွေးမျိုးဆက် ရှိထားသည့် လူသားများကို ဆိုလိုခြင်း ဖြစ်၏။ သို့သော်လည်း အစစ်အမှန်ကောင်းကင်တာအိုက သူတို့အား မျိုးနွယ်အသစ်အဖြစ် အသိအမှတ်ပြုထားသည့်အတွက် ထိုသွေးမျိုးဆက်က ရိုးရှင်းမည် မဟုတ်ပေ။

"နောက်ထပ်ကရော"

"ကျွန်မ တာအိုကို သက်သေပြပြီးတော့ မိစ္ဆာဧကရီဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူခဲ့တယ်လေ။"

"ရဲတင်းတဲ့ နာမည်တစ်ခုပဲ"

"ဟုတ်တယ်။ အဲဒီနာမည်ရဲ့ အကျိုးဆက်အတွက်လည်း ပြင်ဆင်ထားပါတယ်" ဒေါသက ပြောလိုက်သည်။

"အဲဒီကတည်းက ကျွန်မက ကျွန်မတို့ရဲ့ မျိုးနွယ်တွေကို ဟွင်သွမ်းခေါင်းလောင်းကမ္ဘာထဲကို ဖြည်းဖြည်းချင်း ထည့်ထားခဲ့တာ။ အဲဒါက ကျွန်မတို့အတွက် ခိုလှုံရာနေရာတစ်ခု ဖြစ်လာလိမ့်မယ်။"

"ဟွင်သွမ်းခေါင်းလောင်း ကမ္ဘာက မင်းတို့မျိုးနွယ်ကို ကာကွယ်ဖို့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုပဲ။ မင်းအနေနဲ့ အထဲကသူတွေ မဖျက်ဆီးအောင် စောင့်ကြည့်ဖို့ပဲ လိုတယ်။"

"အဲဒီဖြစ်နိုင်ခြေကိုလည်း ပြင်ဆင်ပြီးသွားပြီ"

"အဲဒါဆိုတော့ နောက်ထပ် ဘာလဲ" ဝမ်ဝေ့က မေးလိုက်သည်။

"မိစ္ဆာလက်သစ်မျိုးနွယ်က သူတို့ရဲ့ မွေးရပ်ကမ္ဘာထဲမှာပဲ ထာဝရနေနေမှာလား"

"ကျွန်မတို့အတွက် သီးသန့်ပိုင်းခြားနေခြင်းက ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ" ဒေါသက ပြောလိုက်သည်။

"ကျွန်မ ထွက်မသွားခင် ကမ္ဘာရဲ့အမြင်တွေကို ပြောင်းလဲဖို့ ကြိုးစားမယ်။ ဒါပေမဲ့ ကျွန်မသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဒီနည်းလမ်းက ကျွန်မတို့ရဲ့ တည်ရှိမှုကို ခေတ်ကာလတချို့ ထိန်းထားပေးနိုင်လိမ့်မယ်။"

"အဲဒီအတွက် ကူညီပေးနိုင်မဲ့ နည်းလမ်းတချို့ရှိတယ်။" ဝမ်ဝေ့က အိပ်မက်လောကအကြောင်း ရှင်းပြလိုက်သည်။

"ဆက်သွယ်ရေးနဲ့ နားလည်မှုက မျိုးဆက်များစွာတိုင် သမိုင်းကြောင်းမှာ ရှိနေတဲ့ အမုန်းတရားတွေကို သုတ်သင်ဖယ်ရှားပစ်ဖို့ နည်းလမ်းကောင်းပဲ။ ကျွန်မရဲ့ လူတွေက ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ ပုံစံအသစ်ကိုပြသနိုင်သရွေ့ အစစ်အမှန် လက်ခံမှုရဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်။"

All Chapters