ဝိညာဉ်လမ်းစဉ် ပြန်လည်ပေါ်ထွက်လာခြင်း အပိုင်း(၂)
Vol. 75 Ch. 1050
လျန့်ရှစ်ရှန်းက ဆက်လက်မကျင့်ကြံတော့ဘဲ တိုက်ပွဲမျှော်စင်အတွင်း ဝင်ရောက်သွားခဲ့သည်။ သူက ပထမဦးဆုံးပြိုင်ဘက်အား ထာဝရအရှင်တစ်ယောက်ကို ရွေးချယ်ခဲ့၏။ တိုက်ပွဲစတင်သည်နှင့် နတ်မီးတောက်၏ စွမ်းအားကို အသုံးပြုကာ ထာဝရအရှင်အား မလှုပ်မယှက်ဖြစ်သွားစေသည့် ဝိညာဉ်ဖိအားကို ထုတ်လွှတ်လာခဲ့သည်။
ငါ့ရဲ့ဝိညာဉ်စွမ်းအားက သူ့ဝိညာဉ်၊ ခန္ဓာကိုယ်နဲ့ သူ့မသေမျိုးနန်းဆောင် လုပ်ဆောင်ချက်အထိ သက်ရောက်နိုင်တာပဲ ...
လျန့်ရှစ်ရှန်းက ကောက်ချက်ချလိုက်သည်။ သူအတွေးတစ်ချက်ဖြင့် တစ်ဖက်လူကို အသားစိုင်ဖြစ်အောင် ချေမွပစ်ခဲ့သည်။
သူက နောက်ပြိုင်ဘက်အတွက် သာမန်ဘိုးဘေးတစ်ယောက်ကို ရွေးချယ်ခဲ့၏။ လျန့်ရှစ်ရှန်းက သူ့စွမ်းအားအား တူညီသည့်အဆင့် ကန့်သတ် သတ်မှတ်ခဲ့သည်။ သူက ဤတိုက်ပွဲအတွက် ရည်ရွယ်ချက်တစ်ခုသာ ရှိထားပြီး သာမန်နတ်ဘုရားဘုရင် တစ်ယောက်က မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကို ငှားယူလျှင် မည်မျှကြာရှည်ခံလဲ သိချင်၍ ဖြစ်သည်။
အဖြေက ၇ရက်ကြာ တိုက်ပွဲ ဖြစ်၏။ လျန့်ရှစ်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။ ၇ရက်တာက တိုက်ပွဲအတွက် ရှည်ကြာဟန်ပေါ်သော်လည်း သူတို့နှစ်ဦးကြားက စွမ်းအားက တူညီနေသည့်အခါမျှသာ ဖြစ်၏။ တူညီနေသည့် စွမ်းအားရှိသည့် တိုက်ပွဲတစ်ခုအတွင်း တိုက်ပွဲက နှစ်များစွာ၊ ဆယ်စုနှစ်များစွာထက်ပင် ကြာမြင့်သွားနိုင်သည်။
သေမျိုးများ၏ မှတ်တမ်းအရ လျန့်ရှစ်ရှန်းက ဧကရာဇ်နှစ်ဦးသည် အနိုင်ရရှိသူ မပေါ်ထွက်ဘဲ နှစ်သန်းချီကြာတိုက်ခိုက်နေသည်ဟု ပြောလျှင်ပင် အံ့အားသင့်မိမည် မဟုတ်ပေ။
နတ်ဘုရားဘုရင်တွေက မဟာတာအိုအရင်းအမြစ်ပေါ်မှာ အများကြီး မှီခိုလိုမရဘူး။ ငါတို့ရဲ့ အဓိကတိုက်ပွဲနည်းလမ်းက ဝိညာဉ်တိုက်ကွက်၊ ဒါမှမဟုတ်ဘူးဆိုရင် ပုံရိပ်ယောင်နဲ့ တခြားစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ နည်းလမ်းတွေကို သုံးဖို့ပဲ...
လျန့်ရှစ်ရှန်းက ကောက်ချက်ချလိုက်သည်။
ငါတို့တွေ ကာမိစေအောင် တခြားနည်းလမ်းတွေများ သုံးလို့ရမလား...
ပုံမှန်စည်းမျဉ်းများက ဤအဆင့် တိုက်ပွဲမျိုးတွင် အသုံးမဝင်ပေ။ သူတို့က ကောင်းကင်စည်းမျဉ်းနှင့် မတူညီသရွေ့ဖြစ်၏။
ငါတို့က ကိုယ်ပိုင် နတ်စည်းမျဉ်းကို ဖန်တီးနိုင်တာပဲ...
လျန့်ရှစ်ရှန်းက တွေးလိုက်မိသည်။ နတ်ဘုရားဘုရင်များက ဤလမ်းစဉ်ကို လျှောက်လှမ်းဖို့ရာအတွက် ယုံကြည်မှုစွမ်းအားရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က သူတို့ကိုကိုးကွယ်မှု အလုံအလောက် ပေးနိုင်သည့် နောက်လိုက်များရှိသည့် နတ်တိုင်းပြည်တစ်ခုကို ဖန်တီးရမည်။ ထိုအခါ မဟာဧကရာဇ် သို့မဟုတ် တခြားသော အင်မော်တယ် သက်ရှိများ၏အကူအညီဖြင့် သူတို့သည် ဝိညာဉ်စက်ကွင်းနှင့် နတ်မီးတောက်ကို ဖွဲ့စည်းနိုင်ကြလိမ့်မည်။
ငါ့ရဲ့ ယုံကြည်သက်ဝင်သူတွေဆီကနေ ဆုတောင်းကို စုစည်းပြီး စွမ်းအား ဒါမှမဟုတ် နတ်ဆန္ဒအဖြစ် ဖွဲ့စည်းလို့ရတယ်။ ပြီးတော့မှ နတ်စည်းမျဉ်းလို့ ခေါ်တဲ့ အရာကို ဖန်တီးဖို့ ငါ့စည်းမျဉ်းနဲ့ ပေါင်းစည်းလိုက်လို့ ရတယ်။ တကယ်လို့ ငါ့ရဲ့နတ်တိုင်းပြည်က ကျယ်ပြောဖို့ လုံလောက်တယ်ဆိုရင် နတ်စည်းမျဉ်းကလည်း ကောင်းကင်အလိုဆန္ဒနဲ့ တူလောက်အောင် အလုပ်ဖြစ်သွားနိုင်တယ်...
လျန့်ရှစ်ရှန်းက ဤလမ်းစဉ်အကြောင်း နှစ်များစွာ လေ့လာခဲ့သည့်အတွက် အစီအစဉ်များစွာ ရှိထားသည်။ အသင်္ချေအင်ပါယာကမ္ဘာကို ရောက်လာပြီး ပိုမိုကျယ်ပြောသည့်ကမ္ဘာကို မြင်တွေ့ပြီးသည်နောက်တွင် လှုံ့ဆော်မှုများစွာ ပိုမိုထွက်ပေါ်လာခဲ့၏။
နောက်စစ်ဆေးမှုက သူ့မီးတောက်ကို လောင်မြိုက်စေသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။ ဆိုးရွားသည့်အခြေအနေမျိုးတွင် တာကိုဘိုးဘေးနှင့် ထာဝရအရှင်များက သူတို့၏ အတွင်းကမ္ဘာနှင့် မသေမျိုးနန်းဆောင်ကို ဖျက်ဆီးပစ်နိုင်ကြသည်။ လေ့လာစမ်းသပ်ချက်အရ သူ့ဝိညာဉ်လမ်းစဉ်သည် အင်မော်တယ် လမ်းစဉ်ထက် ပိုမိုကောင်းမွန်နေသော်လည်း တာအိုကိုလမ်းစဉ်ထက် ပိုမိုဆိုးရွားနေကြောင်း သိလိုက်ရသည်။
နတ်မီးတောက်သည် ငြိမ်းသက်သွားသည်နှင့် အလွယ်တကူ ပြန်တောက်လာမည် မဟုတ်ကြောင်း သိထားခဲ့ပြီး တခြားလမ်းစဉ်များကဲ့သို့ အားနည်းသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားလိမ့်မည်။
လျန့်ရှစ်ရှန်းက စွမ်းအားအသစ်ကို စမ်းသပ်ကြည့်ဖို့ တတိယတန်းစားနှင့် ဒုတိယတန်းစား ဆန့်ကျင်ကျင့်ကြံသူများဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် တကယ်မဟာဧကရာဇ်များဖြင့် တိုက်ခိုက်ခဲ့၏။ ဧကရာဇ်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အခါ သူက မဟာတာအိုအရင်းအမြစ်မှ စွမ်းအားကို မငှားယူနိုင်တော့ပေ။ သို့သော် သူက ဧကရာဇ်၏ နိုးထအသက်ဝင်ခြင်း သို့မဟုတ် ဝိညာဉ်စွမ်းအားကြောင့် ဖိနှိပ်ခံရခြင်းမျိုး မရှိပေ။ အကျဉ်းချုပ်အားဖြင့် သူက တစ်ဖက်လူ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီး ဗလာခန္ဓာကိုယ်ကို ချန်ထားနိုင်သည်။
လျန့်ရှစ်ရှန်းက ထိုလမ်းစဥ်နှင့် ပတ်သက်ပြီး အစီအစဉ်များစွာ စုဆောင်းထားခဲ့ကာ ဤလမ်းစဉ်၏ အနာဂတ်အတွက် အစီအစဉ်များကို ချမှတ်ထားခဲ့သည်။ ထို့နောက် သူက အိပ်မက်လောက၏ ယုံကြည်မှုစွမ်းအားရှိသည့်နေရာဆီ ပြန်သွားကာ ဆက်လက် ကျင့်ကြံလိုက်၏။ သူက ယုံကြည်မှုစွမ်းအားကို ပိုမိုစုပ်ယူလေလေ သူ့နတ်မီးတောက်၏ ပြင်းအားက တဖြည်းဖြည်း တိုးမြင့်လာသည်ကို မြင်လိုက်ရသည်။
တကယ်လို့ ငါ နတ်ဘုရားသခင်နဲ့ နတ်ဘုရားဧကရာဇ် ဖြစ်လာချင်တယ်ဆိုရင် ငါ ဒုတိယမြောက်ရေး စက်ကွင်းနဲ့ မီးတောက်ကို မဖွဲ့စည်းခင် နတ်မီးတောက်က ကန့်သတ်ချက်ကို ရောက်ရှိနေရမယ်...
သူ့အကြည့်များက မျှော်လင့်ချက်ဖြင့် တောက်ပလာသည်။ သို့သော်လည်း သူက ရှေ့ဆက်လျှောက်လှမ်းရမည့် ခရီးအရှည်ကြီး ရှိနေသေးကြောင်း သိလိုက်၏။
လျန့်ရှစ်ရှန်းက ဆက်လက် မကျင့်ကြံတော့ဘဲ မိုးမြေဆီမှ ဤလမ်းစဉ်ကို ဖန်တီးခြင်းအတွက် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို သုံးလိုက်သည်။ သူက ယုံကြည်မှုစွမ်းအားပမာဏ အမြောက်အများကို ထုတ်ယူပြီး သူ့အသိစိတ်ပင်လယ်အတွင်း နတ်တိုင်းပြည်ကို ဖန်တီးခဲ့သည်။ သူက သုံ့လီဖန်း၏ ကံကြမ္မာကောင်းလမ်းစဥ်မှ လှုံ့ဆော်မှုရရှိပြီး နတ်တိုင်းပြည်ကို ယုံကြည်မှုစွမ်းအား ပေးနိုင်သည့် ကိုးကွယ်ယုံကြည်သူများဖြင့် ပြည့်နှက်နေအောင် ဖန်တီးထားခဲ့သည်။ သူက သူတို့ကို ဝိညာဉ်စွမ်းအားဖြင့် အသုံးပြု၍ အသက်ဓာတ်ကို ပေးအပ်ထားခဲ့သည်။
လျန့်ရှစ်ရှန်းက ဤအပြုအမူသည် သူ့ကုသိုလ်အများစုကို ဝမ်ဝေ့ထံ ပေးလိုက်ရမည်မှန်း သိထားသော်လည်း ဂရုမစိုက်ပေ။ သူ ပြီးဆုံးသွားသည့်အခါ သူက ထာဝရတန်းစား ဆန့်ကျင်ကျင့်ကြံသူ ဖြစ်လာမည်ဖြစ်ပြီး အားနည်းနေမည် မဟုတ်တော့ပေ။
တကယ်လို့ နတ်ဘုရားဘုရင်တွေကိုပဲ သူတို့ရဲ့ အသိစိတ်ပင်လယ်ထဲ နတ်တိုင်းပြည်ကို ဖန်တီးဖို့ ခွင့်ပြုထားခဲ့ရင်...
လျန့်ရှစ်ရှန်းက တွေးလိုက်မိသည်။ ဤသို့သာဖြစ်နေပါက သူ့ဝိညာဉ်လမ်းစဉ်သည် ဧကရာဇ်လမ်းစဉ်နှင့် မယှဉ်နိုင်သည့်တိုင် နီးကပ်သွားမည် ဖြစ်၏။
ဒီနတ်ဆန္ဒနဲ့ နတ်စည်းမျဉ်း အစီအစဉ်ကို စမ်းသပ်ကြည့်ရမယ် ...
လျန့်ရှစ်ရှန်းက သူတိုင်းပြည်ရှိ ပြည်သူအားလုံးကို ကြည့်ကာ သူတို့၏ ဆန္ဒနှင့် ဆုတောင်းကို စွမ်းအားအဖြစ် ဖွဲ့စည်းခဲ့သည်။ ကံဆိုးစွာဖြင့် ဤအရာက သူ့ကျွမ်းကျင်မှု မဟုတ်သည့်အတွက် အလျင်အမြန် ကျရှုံးသွားခဲ့သည်။ သူအနေဖြင့် ရွေးချယ်စရာမရှိဘဲ ဝမ်ဝေ့ကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့ရ၏။ ထို့နောက် တန်ကြေးကို ကြားပြီးသည့်နောက် ဝိညာဉ်လမ်းစဉ်၏ တည်ထောင်သူက ရှုံ့မဲ့သွားမိသည်။
"ကောင်းပြီ။ ကျုပ် တန်ကြေးပေးမယ်" သူက ပြောလိုက်သည်။
သိပ်မကြာခင် သူ့စိတ်ထဲ သတင်းအချက်အလက် အမြောက်အများ ဝင်ရောက်လာ၍ တိတ်တဆိတ်သာ သက်ပြင်းချလိုက်၏။ သူ့လက်ရှိစွမ်းအားဖြင့် ထိုလူ၏ စွမ်းအားကန့်သတ်ချက်ကို မမြင်နိုင်ပေ။
အောင်မြင်ပြီ...
လျန့်ရှစ်ရှန်းက သူ့ဖွဲ့စည်းထားသည့် စွမ်းအားအသစ်ကို ခံစားမိကာ အောင်ပွဲခံလိုက်၏။ သူ့စည်းမျဉ်းသုံးခု ဖြစ်သည့် မြစ်၊ မိုးကြိုးနှင့် ဝိညာဉ်တို့ကို နတ်ဆန္ဒဖြင့် ပေါင်းစည်းခြင်းက အင်မတန် လွယ်ကူနေသည်။ သို့သော်လည်း သူက မကြာခင် မျက်မှောင်ကြုတ်လိုက်၏။
နတ်စည်းမျဉ်းက ထာဝရအဆင့် တိုက်ပွဲတွေကို သက်ရောက်မှုရှိစေဖို့ အရမ်းကို အားနည်းလွန်းတယ်...
လျန့်ရှစ်ရှန်းက သုံးသပ်လိုက်၏။ ခေတ္တကြာ ကိစ္စများကို သုံးသပ်နေပြီးသည့်နောက်တွင် အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားခဲ့သည်။ ကောင်းကင်တာအိုက ကောင်းကင်စည်းမျဉ်းကို အားဖြည့်ပေးနေသည်။ သို့သော် ဘယ်တစ်ခုကိုလဲ။
ကောင်းကင်တာအို၏ ကန့်သတ်ချက်က ဒုတိယတန်းစားဖြစ်သည့်အတွက် ကြယ်ငါးလုံးနဲ့ ကြယ်ခြောက်လုံး ယွမ်ထီများကို မည်သို့ ကူညီပေးနိုင်မည်နည်း။
ဤသို့သောကိစ္စမျိုးက အစစ်အမှန်ကောင်းကင်တာအိုဆီ ကျရောက်သွားလိမ့်မည်။ သူ့နတ်ဆန္ဒက ထိုတည်ရှိမှုဖြင့် မယှဉ်နိုင်သေးပေ။
သတင်းကောင်းကမူ နတ်ဆန္ဒက တာအိုဆန္ဒ သို့မဟုတ် စိတ်ဆန္ဒသဏ္ဌာန်ပြခြင်းမျိုး ပုံစံတစ်ခုအနေဖြင့် ဆောင်ရွက်နိုင်သည်။ သို့သော် အနည်းငယ် အားနည်းနေ၏။
နောက်ထပ် သတင်းဆိုး တစ်ခုက ဒီဟာကို ဖွဲ့စည်းဖို့ နည်းလမ်းပဲ။ နတ်စည်းမျဉ်းက ဆန့်ကျင်ကျင့်စဉ်တစ်ခုဆိုတော့ နတ်ဘုရားဘုရင်အားလုံးအတွက် အကျုံးဝင်မှာ မဟုတ်ဘူး...
လျန့်ရှစ်ရှန်းက ညည်းတွားလိုက်သည်။ ကုန်ဆုံးသွားသည့် အခိုက်အတန့်တိုင်းက ထိုလမ်းစဉ်သည် သူ ဖြစ်ချင်သလို မထူးကဲကြောင်း သက်သေပြလာခဲ့၏။
အဆင်ပြေတယ်။ ငါ့ရဲ့တစ်စိတ်တစ်ပိုင်းက ဒါကို ထင်ထားပြီးသားပဲ မဟုတ်ဘူးလား...
သူက သူဘာသာသူ ပြောလိုက်မိသည်။ ဤရလဒ် ဖြစ်လာခဲ့သော်လည်း သူက ဒီဆုံးဖြတ်ချက်ကို နောင်တမရပေ။ အကြောင်းအရင်းက ဧကရာဇ်လမ်းစဉ်ကို မုန်းတီးမှုက တခြားအရာများထက် သာလွန်နေ၍ ဖြစ်သည်။
ကျင့်ကြံရေးက အဆုံးသတ်သွားပြီးသည့်နောက် လျန့်ရှစ်ရှန်းက ဝမ်ဝေ့နှင့် တွေ့ဆုံဖို့ထွက်လာခဲ့သည်။
"ဘယ်လောက်အချိန်ကြာသွားပြီလဲ"
"အပြင်မှာ ငါးနှစ်ထဲပဲ ရှိသေးတာပါ။" ဝမ်ဝေ့က ပြောလိုက်သည်။
"ခင်ဗျားအပေါ် ထပ်ပြီးကျေးဇူးကြွေးတင်ခဲ့တဲ့ပုံပဲ" လျန့်ရှစ်ရှန်းက မသေမျိုးများကိုပင် သက်ရောက်နိုင်စွမ်းရှိသည့် အချိန်အစီအရင်သည် မရိုးရှင်းကြောင်း သိထားလေသည်။
"ဒါက ကျုပ်ဘက်က ဧည့်ခံတာပါ။" သူက ရက်ရောစွာပြောလိုက်၏။ သူက ထိုသူအား နှစ်သိန်းဂဏန်းမျှသာ ချွေတာပေးခဲ့သည့်အတွက် သူအတွက် ဘာမှမဟုတ်လှပေ။
"အဆင်ပြေသွားပြီလား"
"အင်း" လျန့်ရှစ်ရှန်းက ခိုင်ခိုင်မာမာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ခုံရုံး၏ တစ်နေရာအထက် ပေါ်ထွက်လာ၏။ သူက အသင်္ချေအင်ပါယာကမ္ဘာရှိ ကောင်းကင်ထဲ မရပ်ခဲ့ပေ။ ပြောရလျှင် သူက အပြင်လူတစ်ယောက် ဖြစ်နေ၍ ရိုင်းပြရာကျ၏။ ထို့ကြောင့် အခမ်းအနားက ခုံရုံးအတွင်းသာ ရှိသင့်သည်။
"အထက်မှကောင်းကင်ဘုံကို သက်သေထားပြီး ကျုပ် လျန့်ရှစ်ရှန်းက မသေမျိုးဘဝအတွက် ဝိညာဉ်လမ်းစဉ်ကို ဖန်တီးခဲ့ပြီးတော့ နတ်ဘုရားဘုရင် လမ်းစဉ်လို့ ခေါ်ဆိုပါမယ်။"
သူ့အသံက ကမ္ဘာအနှံ့ ပျံ့နှံ့ထွက်သွားကာ စက္ကန့်ပိုင်းကြာမြင့်ပြီးသည်နောက်တွင် ဧရာမမျက်လုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ အစစ်အမှန်ကောင်းကင်တာအို၏ မျက်လုံးက လျန့်ရှစ်ရှန်းကို စိုက်ကြည့်လာ၏။ ပုံမှန်အားဖြင့် ထိုဖြစ်စဉ်သည် စက္ကန့်ပိုင်းမျှသာ ကြာမြင့်သော်လည်း ထူးဆန်းစွာဖြင့် ထိုမျက်လုံးသည် တစ်မိနစ်ခန့်မျှ ကြာမြင့်လာသည့်အတွက် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။
ဒါက ဝိညာဉ်လမ်းစဉ် အရင်တုန်းက ပျောက်ကွယ်သွားမှုနဲ့ သက်ဆိုင်နေတာလား...
သူက တွေးလိုက်မိသည်။ ယနေ့တိုင် သူက ထိုလမ်းစဥ် မည်သို့ဖြစ်ပျက်သွားမှန်း မသိရသေးပေ။ သူ ဝူဟုန်ဆီမှ သိထားသည့် တစ်ခုတည်းသော အဖိုးတန်သတင်းအချက်အလက်က တချို့သော မူလကမ္ဘာများတွင် ဝိညာဉ်လမ်းစဉ် ရှိနေဆဲသာ ဖြစ်၏။ သို့သော် တချို့သောကမ္ဘာများကမူ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် အတူတူသာ ဖြစ်နေသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ဝိညာဉ်လမ်းစဉ်သည် ဟွင်သွမ်းစကြဝဠာထဲ သိသိသာသာ လျော့ကျသွားခဲ့သည်။
ထာဝရကြာရှည်သည်ဟု ခံစားရပြီးသည့်နောက်တွင် မိုးမြေအထက် အမြင်ရုပ်လွှာများ ပေါ်ထွက်လာပြီး မျက်လုံးက ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် လျန့်ရှစ်ရှန်း၏ အသံက ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် ပဲ့တင်ထွက်သွားပြီး ကမ္ဘာကြီး၏ အပြောင်းအလဲကို အသိပေးနေသည်။
ကောင်းကင်အထက်မှ ခရမ်းရောင်ကုသိုလ် ပေါ်ထွက်လာပြီး ၆၅ ရာခိုင်နှုန်းက လျန့်ရှစ်ရှန်းဆီ ရောက်ရှိသွားကာ ကျန်အရာက ဝမ်ဝေ့ဆီ ရောက်ရှိသွားသည်။ သို့သော် သိပ်မကြာခင် လျန့်ရှစ်ရှန်းက အများစုကို ဝမ်ဝေ့ဆီ ပေးလိုက်ပြီး သူ့ဆီ ဆယ်ရာခိုင်နှုန်းသာ ချန်ထားလေ၏။
လျန့်ရှစ်ရှန်းက သူ့လက်ထဲတွင် ရှိနေသည့် ကုသိုလ်ကို ကြည့်ရင်း ခေါင်းကိုက်လာမိသည်။ သို့သော် သူက အံကြိတ်လျက် နောက်ထပ် ငါးရာခိုင်နှုန်းကို ဝမ်ဝေ့ထံ ပေးလိုက်၏။
"ဒါက ဘာအတွက်လဲ"
"နောက်ထပ် နောက်လိုက်တချို့ကို လေ့ကျင့်ပေးဖို့ ခင်ဗျားရဲ့ ယုံကြည်မှုစွမ်းအားကို သုံးချင်တယ်"
"စုဆောင်းထားတာ ကျန်တယ် မဟုတ်ဘူးလား"
"အတွင်းရေးပဋိပက္ခထဲမှာ သူတို့ကို ပေးလိုက်ရတယ်" လျန့်ရှစ်ရှန်းက သက်ပြင်းချကာ ပြောလိုက်၏။
"ကောင်းပြီလေ။ ငါက အပေးအယူကောင်းကို ငြင်းဆန်မဲ့သူမှ မဟုတ်တာ။"ဝမ်ဝေ့က အလျင်အမြန် သဘောတူလိုက်သည်။