ရန်တိ ပြန်ရောက်လာပြီ
Vol. 82 Ch. 1150
အခန်း (၁၁၅၀) ရန်တိ ပြန်ရောက်လာပြီ
နျဲ့ကျင်းရှန်၏စကားကို နားထောင်ပြီးနောက် ချင်းယွမ်ဧကရာဇ် ပို၍ပင် မျက်မှောင်ကြုံ့သွားသည်။
သူက ခဏမျှ စဉ်းစားပြီးနောက်...
“မင်းပြောသလိုဆိုရင်... ‘ရန်’ သားအဖက အခုတလောအတွင်းမှာပဲ ကျင့်ကြံခြင်းအဆင့်တက်သွားပြန်တာလား”
သူက ဆက်ပြီးမေးမြန်းလိုက်သည်။
“ဒီ တာအိုဆရာ အမှတ်မမှားဘူးဆိုရင်... လွန်ခဲ့တဲ့ (၂)နှစ်လောက်ကမှ သူတို့တွေ ကျင့်ကြံခြင်းအဆင့် တက်ထားကြတာ မဟုတ်ဘူးလား...”
ချန်းဧကရာဇ်၏မျက်ဝန်းများမှာ အံ့သြမှုကြောင့် တလက်လက်တောက်ပလျှက် ရှိသည်။
နျဲ့ကျင်းရှန်က ပြုံးလိုက်ရင်း...
“အရင်တုန်းက ဝါဒတောင်ဖွင့်ပွဲအခမ်းအနားမှာ ဂိုဏ်းတူညီလေ’ရန်’ ပြောခဲ့ဖူးတယ်လေ ၊ နောက်ပိုင်းမှာ သူ နတ်ဘုရားတံခါးကို မဖွင့်နိုင်သေးရင်တောင် ကျူတောပင်လယ်ဒေသအပြင်ဘက်မှာ ချင်းယွမ်ဧကရာဇ်နဲ့ ရင်ဆိုင်ရတဲ့အခါ ချင်းယွမ်ဧကရာဇ်အနေနဲ့ သူ့ကို အနိုင်ရမှာ မဟုတ်ဘူးတဲ့... ၊ ပြီးတော့ အဲဒီလိုနေ့မျိုးရောက်လာဖို့လည်း သိပ်မဝေးတော့ဘူးတဲ့...”
သူက ဆက်ပြောသည်။
“အဲဒီတုန်းက ညီလေး’ရန်’ အဲဒီလိုပြောလိုက်တဲ့စကားက အရမ်း မောက်မာလွန်းရာကျတယ်လို့ ထင်စရာရှိပေမယ့် သူက အခြေအမြစ်မရှိဘဲ ကြွားဝါတာမျိုး မဟုတ်ဘူးဆိုတာ ကိုယ်တိုင်သက်သေပြခဲ့တယ်”
“အခု သူ့စကားတွေအမှန်ဖြစ်လာခဲ့ပြီ ၊ ပြီးတော့ အချိန်တွက်ကြည့်လိုက်ရင် တကယ်ပဲ နှစ်ပေါင်းနည်းနည်းပဲ ကြာခဲ့တယ်”
ထိုစကားကြားတော့ ချင်းယွမ်ဧကရာဇ် ရင်ထဲနင့်သွားသည်။
သူက အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တည်ရှိရာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းမျှော်ကြည့်ရင်း အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့လေသည်။
***
ထိုအချိန်...
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် လေထုထဲတွင် ကောင်းကင်အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ အလင်းတန်းများ လွှမ်းခြုံသွားသည်။
ထို ကောင်းကင်အက်ကွဲကြောင်းအတွင်းမှ လူငယ် (၂)ယောက်ထွက်ပေါ်လာသည်။
တစ်ယောက်က ခရမ်းရောင်ဝတ်ဆင်ထားပြီး တစ်ယောက်က အဖြူရောင်ဝတ်ဆင်ထားသည်။
ခရမ်းရောင်ဝတ်ဆင်ထားသူက မည်သည့်အရာကိုမှ စိတ်မဝင်စားဟန် ပျင်းရိပျင်းတွဲအမူအရာ ရှိနေသည်။ အဖြူရောင်ဝတ်လူငယ်ကတော့ မည်သို့မှမတတ်နိုင်စွာ စိတ်ပျက်လက်ပျက်အမူအရာ ရှိနေသည်။
ထိုလူငယ် (၂)ယောက်မှာ အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ နှင့် မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ ညီအစ်ကိုနှစ်ယောက်ပင် ဖြစ်ပေ၏။
“ဒီကို ဘာလို့ပြန်လာရတာလဲ အစ်ကိုကြီး... အခုမှ ဒဏ်ရာသက်သာခါစပဲရှိသေးတယ် ၊ အရင်တုန်းက တံခါးပိတ်ကျင့်ကြံပြီး ဒဏ်ရာကုသထားတာတွေ အကုန်အလကား ဖြစ်ကုန်တော့မှာပဲ”
အဖြူရောင်တတ်ဆင်ထားသည့် ချန်ခွန်းဟွာက ကူရာကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး ဒီကိုလာချင်တယ်ဆိုရင်တောင် ချီလင်ကမ်းပါးက အကြိမ်ကြိမ်တောင်းဆိုတဲ့အထိ စောင့်သင့်တယ်လေ ၊ ဒါမှ အစ်ကိုကြီးအနေနဲ့ ကောင်းကင်ဖွင့်ကျမ်းစာကိုရရှိဖို့ အခွင့်အရေး ရနိုင်မှာပေါ့”
ချန်ချန်းဟွာက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...
“ဒါတွေက အရေးမကြီးပါဘူး”
သူက ဆက်ပြောသည်။
“အရင်တုန်းက ငါ အတော်လေး အပျင်းထူနေခဲ့တာပဲ... ၊ ငါ့ရှေ့မှာ စိတ်ဝင်စားစရာတွေ အများကြီးရှိနေတာကို မမြင်နိုင်ဘူး ဖြစ်သွားတယ်”
“ဥပမာပြောရရင်ကွာ... နှင်းကြိုးကြာက သူ အန္တရယ်ကျရောက်တော့မယ်ဆိုရင် ကြိုတင်သိမြင်နိုင်စွမ်းရှိတယ် ၊ ဒါကြောင့် အမြဲတမ်း အန္တရယ်ကနေ လွတ်အောင် ရှောင်နိုင်တယ် ၊ သူ့မှာ မြစ်ဝါပန်းချီကားတစ်ဝက် ရှိရုံသာမက ကနဦးကောင်းကင်ရဲ့ နက္ခတ်ပညာမှာလည်း အောင်မြင်မှု အရမ်းမြင့်မားတယ် ၊ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ”
ချန်ချန်းဟွာက ပြုံးလိုက်ရင်း...
“ပြီးတော့ တကယ်ပဲ... သူနဲ့ ‘ရန်’ သားအဖက မိသားစုတွေ ဖြစ်နေကြတယ်လေ... စိတ်ဝင်စားစရာ မကောင်းဘူးလား”
ချန်ခွန်းဟွာက ကူရာကယ်ရာမဲ့စွာဖြင့်...
“နှင်းကြိုးကြာ ကျင့်ကြံခြင်းအဆင့်မမြင့်မားခင်တုန်းက အစ်ကိုကြီးသာ စောစောစီးစီးလှုပ်ရှားခဲ့ရင် သူ့ကို လွယ်လွယ်နဲ့ ဖမ်းမိနေလောက်ပြီ”
“အမှန်ပဲ...”
ချန်ချန်းဟွာက ဆိုသည်။
“အရင်က ငါ ဘာတွေများလုပ်နေမိပါလိမ့်... ဟုတ်တယ် ဟုတ်တယ် ၊ အဲဒီလိုသာလုပ်လိုက်ရင် ဘဝက အရမ်းပျင်းစရာကောင်းမှာ မဟုတ်တော့ဘူး ၊ အခုတော့ ငါက ဘေးကနေထိုင်ကြည့်ပြီး အနာဂတ်အတွက် ဘာမှ ပြင်ဆင်မထားမိဘူး”
“ဒါပေမဲ့ ဒီနေ့တော့ နှင်းကြိုးကြာ အဆုံးသတ်ရတော့မယ်လေ...”
သူ့လေသံက စိတ်မကောင်းဟန်ရှိနေသော်လည်း မျက်နှာအမူအရာကတော့ အရေးမစိုက်ဟန်ဖြင့် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
ချန်ချန်းဟွာ၏မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် တောက်ပသွားချိန် လေထုထဲတွင် ပျံသန်းနေသည့် ကျောက်စိမ်းရောင်အလင်းတန်းများထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ရွှယ်ချူးချင်ကို ခြေရာခံရာတွင် ချန်ချန်းဟွာပေးထားသော ကျောက်စိမ်းအင်းချပ်ကိုအသုံးပြုခြင်းနှင့် ချန်ချန်းဟွာကိုယ်တိုင် ခြေရာခံခြင်းက အလွန်ကွာခြားသည် အမှန်ပင်။
အထက်ဘုံကမ္ဘာပြန်ရောက်သည်နှင့် ချန်ခန်းဟွာက ကောင်းကင်ထက်မှ အစိမ်းရောင်အလင်းတန်းများကို တွေ့မြင်ရပြီး ရွှယ်ချူးချင်ရှိရာနေရာကို ခြေရာခံနိုင်ခဲ့သည်။
အချိန်အတန်ကြာပြီးနောက် သူ၏မျက်ဝန်းထဲမှ တောက်ပမှုပျောက်ကွယ်သွားသလို ကျောက်စိမ်းရောင်အလင်းတန်းများသည်လည်း ပျောက်ကွယ်သွားသည်။
သူက ပြုံးလိုက်ရင်း...
“အင်း... မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့အုပ်စုအနေနဲ့ သူ့ကိုရှာဖွေဖို့ အများကြီး အားစိုက်စရာမလိုတော့ပါဘူး ၊ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့လောက်ပဲ လိုတော့မှာ”
ညီဖြစ်သူ ချန်ခွန်းဟွာက တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက အင်းစက္ကူတစ်ခုထုတ်ယူပြီး မီးရှို့လိုက်ပြီးနောက် ရုတ်တရက် မျက်ဝန်းများ တုန်ခါသွားသည်။
အင်းစက္ကူမီးလောင်သွားပြီး အစိမ်းရောင်အခိုးအငွေ့များ လေထုအလယ် စကားလုံးအချို့ ထွက်ပေါ်လာသည်။
ချန်ချန်းဟွာကတော့ ပျင်းရိပျင်းတွဲအမူအရာဖြင့် ထိုစကားလုံးများကို တစ်ချက်ပင်လှမ်းကြည့်ခြင်း မရှိပေ။
ချန်ခွန်းဟွာကတော့ ထိုစာလုံးများကို ဖတ်ရှုပြီး အံ့အားသင့်သွားရသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
“ဟမ်...”
ထိုစကားကြားမှ ခရမ်းရောင်ဝတ်လူငယ် စိတ်ဝင်စားသွားပြီး လေထုထဲမှ စာလုံးများကို လှမ်းကြည့်လိုက်သည်။
ထိုစာလုံးများက မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန် ပေးပို့လိုက်သည့် သတင်းစကားဖြစ်ပြီး ဤကိစ္စတွင် ချန်ချန်းဟွာကိုယ်တိုင် ပါဝင်လှုပ်ရှားပေးပါရန် တောင်းဆိုထားခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော ရန်ကျောက်ကဲတို့သားအဖ၏ ကျင့်ကြံခြင်းစွမ်းအားမှာ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသောကြောင့်ပင်။
ယွမ်ကျိုးမြို့ ၊ ထျန်းကျိခန်းမမှ ရရှိသောသတင်းအရ ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်မှာ နှစ်အနည်းငယ်အတွင်း ပိုမိုမြင့်တက်လာပြီး သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထို့ထက်ပိုပြီးအရေးကြီးသည်မှာ သိုင်းသူတော်စင် နဝမအဆင့်ရှိသော ရန်ကျောက်ကဲသည် အနက်ရောင်ပိုးသားဧကရာဇ်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိနေခဲ့သည်။
ရန်တိ၏ လက်ရှိတန်ခိုးစွမ်းအား မည်သို့ရှိမည်မသေချာသော်လည်း ရန်ကျောက်ကဲကဲ့သို့ပင် ရန်တိသည်လည်း ပုံမှန်မဟုတ်စွာ ကျင့်ကြံခြင်းအဆင့်တက်ခြင်း လျှင်မြန်သည်ဖြစ်လေရာ ဝမ်ကျန်းချန်အနေဖြင့် သူ၏အစီအစဉ်အား ပြန်လည်ချိန်ညှိရန် လိုအပ်နေသည်။
အကြောင်းမှာ နှစ်ဘက်အင်အားနှိုင်းယှဉ်မှုတွင် ကြီးမားသောအပြောင်းအလဲများ ဖြစ်ပေါ်သွားသောကြောင့် ဖြစ်၏။
ထို့ကြောင့် ယခုကိစ္စတွင် ချန်ချန်းဟွာကိုယ်တိုင် မပါဝင်၍မဖြစ်တော့ပေ။
ချန်ချန်းဟွာမျက်ဝန်းများ ရုတ်တရက်တောက်ပသွားပြီး...
“အိုး... တကယ့်ကို အံ့သြစရာပဲ...”
ချန်ခွန်းဟွာက အံ့အားသင့်စွာဖြင့်...
“ဒါပေမဲ့ ကျင့်ကြံခြင်းအဆင့်တက်တာ ဘယ်လိုဖြစ်လို့ ဒီလောက်မြန်ရတာလဲ”
သူက ဆက်ပြောသည်။
“ကျွန်တော်မှတ်မိတာ မမှားဘူးဆိုရင် ရန်ကျောက်ကဲက လွန်ခဲ့တဲ့ (၄)နှစ်ကျော်ကမှ ငရဲကိုးထပ်မှာ သိုင်းသူတော်စင် အဋ္ဌမအဆင့်တက်ရောက်ထားတာ မဟုတ်လား... နေပါဦး...”
“သူ့အဖေ ရန်တိက ရန်တိက သိုင်းသူတော်စင် အဋ္ဌမအဆင့်ကနေ သိုင်းသူတော်စင် နဝမအဆင့်ကိုတက်တာ ပိုပြီးတော့တောင် မြန်နေသေးတယ် ၊ ဒါဆိုရင်... အခုလောက်ဆို သူလည်း...”
ချန်ခွန်းဟွာ အစ်ကိုဖြစ်သူကို အံ့သြတုန်လှုပ်စွာဖြင့် လှမ်းကြည့်လိုက်သည်။
“ကျောက်စိမ်းကျောက်ဆောင် ၊ ချီလင်ကမ်းပါးနဲ့ နတ်ဘုရားအနားယူတောင်ကြားတို့လို ဝိညာဉ်စွမ်းအား အရမ်းပေါကြွယ်ဝတဲ့ နေရာတွေမှာတောင် ဒီလောက်မြန်မြန်ဆန်ဆန် အဆင့်တက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဘယ်လောက် အရည်အချင်းရှိပါစေ ၊ ပတ်ဝန်းကျင်မြေပြင်အနေအထား ဘယ်လောက်ကောင်းပါစေ ကျင့်ကြံခြင်းတက်ဖို့အတွက် ကျင့်ကြံခြင်းစွမ်းအားကို တဖြည်းဖြည်းစုစည်းနိုင်ဖို့ အချိန်တစ်ခုတော့ လိုအပ်တာပဲ မဟုတ်လား”
ရုတ်တရက် တစ်စုံတစ်ခုကိုတွေးလိုက်မိပြီး ချန်ခွန်းဟွာ၏မျက်နှာအမူအရာ တည်ကြည်လေးနက်သါားသည်။
“ဝါဒတောင်ကလည်း ကျွန်တော်တို့လိုမျိုး ‘ဝိညာဉ်သိပ်သည်းအနှစ်သာရနည်းလမ်း’ ကို တတ်ကျွမ်းနေတာလား ၊ ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ အထက်ဘုံကမ္ဘာမှာ ဝိညာဉ်သိပ်သည်းအနှစ်သာရနည်းလမ်းကိုအသုံးပြုနိုင်ဖို့အတွက် နောက်ထပ်ပစ္စည်းတစ်ခုပြုလုပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ မရှိနိုင်တော့ဘူး...”
ချန်ချန်းဟွာက...
“ဘယ်သူသိနိုင်မှာလဲ....”
သူက ဆက်ပြောသည်။
“ဝိညာဉ်သိပ်သည်းအနှစ်သာရနည်းလမ်း ၊ နတ်ဘုရားမြင့်တက်လှေကား ၊ လမ်းကြောင်းခုနစ်သွယ်ယန္တရားပညာ ၊ နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်... အဲဒီလိုနည်းလမ်းတွေ အများကြီး ရှိတာပဲလေ ၊ သူတို့ ဘယ်လိုနည်းလမ်းမျိုးအသုံးပြုနေလဲ ဘယ်သူသိနိုင်မှာလဲ ၊ ငါကတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းလာတယ်ဆိုတာပဲသိတယ်... ဟားဟား...”
ရယ်သံနှင့်အတူ ချန်ချန်းဟွာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
***
တစ်ချိန်တည်းမှာပင်...
ကောင်းကင်အက်ကွဲကြောင်းတစ်ခုကိုကျော်ဖြတ်ကာ ပြင်ပဗလာနယ်ထဲမှ အထက်ဘုံကမ္ဘာသို့ပြန်ရောက်လာသူတစ်ယောက် ရှိနေသေးသည်။
ထိုသူက အသက် (၃၀)ကျော် (၄၀) ဝန်းကျင် လူရွယ်တစ်ယောက်ဖြစ်ပြီး ဓားသွားပမာ ထက်ရှသော ရေခဲဖြူရောင်မျက်ခုံးမွှေးများကိုပိုင်ဆိုင်ထားကာ မျက်ဝန်းများက စူးရှတောက်ပလျှက် ရှိသည်။
“ရန်တိ” မှလွဲပြီး အခြားသူ မဟုတ်ပေ။
မကြာခင်ကပင် သူက ဝါဒတောင်မှ ထွက်ခွာသွားပြီး အထက်ဘုံကမ္ဘာအပြင်ဘက် ၊ ပြင်ပဗလာနယ်ထဲတွင် အသစ်သော သီးခြားနယ်မြေများကို ရှာဖွေစုံစမ်းနေခဲ့သည်။
ယခု ရန်ကျောက်ကဲထံမှ သတင်းရရှိသည့်အတွက် အထက်ဘုံကမ္ဘာသို့ အမြန်ဆုံးပြန်လာခြင်း ဖြစ်သည်။
ရန်တိ၏မျက်ဝန်းများက ယခင်ကထက်ပိုမိုတောက်ပနေသည့်တိုင် အေးစက်နေဆဲ ဖြစ်သည်။
သူက လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်သည်။ သံလိုက်အိမ်မြှောင်လမ်းညွှန်အပ်ကနှင်းကြိုးကြာသဏ္ဌန်ဆံထိုးလေး ဖြစ်နေလေသည်။
ဆံထိုးလေး၏ညွှန်ပြချက်က အနည်းငယ်လှုပ်ရှားသွားချိန် ရန်တိက ထိုနေရာဦးတည်ချက်လမ်းကြောင်းအတိုင်း လျှင်မြန်စွာ ထွက်ခွာသွားလေသည်။
ထိုအချိန် ကောင်းကင်ယံတွင် ကျောက်စိမ်းရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။
မူလက မတည်မငြိမ်ဖြစ်နေသော သံလိုက်အိမ်မြှောင်မှ နှင်းကြိုးကြာဆံထိုးလေးမှာ ရုတ်တရက် တည်ငြိမ်သွားပြီး ဦးတည်ရာတစ်ခုသို့ ညွှန်ပြနေသလို ရန်တိ၏မျက်ဝန်းများသည်လည်း ပိုမိုခိုင်မာတည်ကြည်လာသည်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း အရှိန်မြှင့်လိုက်ပြီး ရှေ့သို့ဆက်လက်ထွက်ခွာသွားသည်။
မကြာမီပင် ရန်တိသည် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် နယ်ခြားဒေသရှိ မြူခိုးသစ်ရွက်တောင်သို့ ရောက်ရှိလာသည်။
မြောက်ဘက်သို့ အနည်းငယ် ဆက်သွားရန် လိုအပ်ကြောင်း သံလိုက်အိမ်မြှောင်အပ်မှ ညွှန်ပြသည်။
သို့သော်...
ရန်တိ၏ရှေ့တွင် မှေးမှိန်သည့်မြေဝါရောင်အလင်းတန်းတစ်ခု မြင့်တက်လာပြီး မိုးမြေတစ်ခွင်အား ဘဲဥပုံသဏ္ဌန်စက်ဝန်းပမာ လွှမ်းခြုံသွားကာ အလင်းစက်ဝန်းတစ်ခု ဖြစ်တည်လာလေသည်။