← Chapters

ကမ္ဘာကိုလွှမ်းသောဓားသွား

Vol. 82 Ch. 1151

ကမ္ဘာကိုလွှမ်းသောဓားသွား

Vol. 82 Ch. 1151

အခန်း (၁၁၅၁) ကမ္ဘာကိုလွှမ်းသောဓားသွား

ဘဲဥပုံသဏ္ဌန်အလင်းရောင်က မိုးမြေတစ်ခွင်ကိုလွှမ်းခြုံသွားပြီး ရန်တိထံသို့ဆင်းသက်လာကာ သူ့ကို ဝန်းရံထားရန် ကြိုးစားလိုက်သည်။

ရန်တိမျက်နှာက ခံစားချက်ကင်းမဲ့နေပြီး မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်ခြင်း မရှိပေ။

သို့သော် မမြင်ရသော ဓားအလင်းတန်းတစ်ခုက မိုးမြေတစ်ခွင်တွင် ထွက်ပေါ်လာပြီး သူ့အရှေ့မှ အလင်းစက်ဝန်းကို ထက်ပိုင်းခုတ်ပိုင်းချလိုက်သည်။

မြေဝါရောင်အလင်းတန်းများ ဘေးနှစ်ဖက်သို့ပြန့်ကျဲသွားပြီး အဘိုးအိုတစ်ဦး၏ရုပ်သွင် ထွက်ပေါ်လာသည်။

ထိုအဘိုးအိုက မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

သူက သက်ပြင်းချရင်း...

“ဒီ ပြဿနာကို အေးအေးဆေးဆေးဖြေရှင်းနိုင်ဖို့ ဒီအဘိုးကြီး ရိုးသားစွာ မျှော်လင့်မိပါတယ် ၊ ‘ရန်’ ဂိုဏ်းချုပ်နဲ့လည်း ဒီလိုမျိုး မတွေ့ဆုံချင်ပါဘူး ၊ အဆက်အနွယ် (၂)ခု စည်းလုံးညီညွတ်မှုကို ထိခိုက်စေမယ့်ကိစ္စမျိုး ဒီအဘိုးကြီး မလိုလားတာ အမှန်ပါ”

ရန်တိက အေးစက်စွာဖြင့်...

“ပြောစရာရှိရင် နောက်မှ ပြောကြတာပေါ့ မြေကမ္ဘာထိပ်တန်းအရှင်သခင်... မင်းက ဒီ ‘ရန်’ ကို လာမရှာဘူးဆိုရင်တောင် ဒီ ‘ရန်’ က မင်းကို လာရှာမှာပါ”

သူက ဆက်ပြောသည်။

“လောလောဆယ်တော့ ဒီ ‘ရန်’ မှာ မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး”

ဝမ်ကျန်းချန်က ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း...

“တချို့လူတွေက အမှားလုပ်ပြီး တာဝန်မယူတတ်ကြဘူး ၊ သူတို့လုပ်တဲ့အမှားက လူပေါင်းများစွာကို ထိခိုက်စေတယ် ၊ သူတို့အမှားတွေ ပြန်ပေးဆပ်ဖို့အတွက် ငါတို့တွေက မလိုလားအပ်တဲ့လုပ်ရပ်တွေကို အဆုံးသတ်တဲ့အထိ လုပ်ရမှာပါပဲ ၊ ဒီနေ့တော့ ဒီအဘိုးကြီး မင်းကိုသွားခွင့်မပြုနိုင်တာ နားလည်ပေးပါ ‘ရန်’ ဂိုဏ်းချုပ်”

ရန်တိမျက်ဝန်းထဲတွင် အေးစက်သည့်အလင်းရောင်တစ်ချက် တောက်ပသွားသည်။

“သွားခွင့်မပြုဘူးဆိုရင်... မင်းကို ကန်ထုတ်ရုံရှိတာပေါ့...”

ထို့နောက် သူက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး လက်တစ်ဖက်ကို ဓားသွားပမာ ပင့်မြှောက်ကာ ဝမ်ကျန်းချန်အား ခုတ်ပိုင်းချလိုက်သည်။

“’ရန်’ ဂိုဏ်းချုပ်က နားလည်မှု မရှိဘူးပဲ ၊ ဒါပေမဲ့ ဒီကိုရောက်လာပြီဆိုမှတော့ ဒီအဘိုးကြီး ‘ရန်’ ဂိုဏ်းချုပ်ကို အပြစ်ပြုရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး”

ပြောပြီးသည်နှင့် ဝမ်ကျန်းချန်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်တဝိုက်တွင် အလင်းတန်းများ လင်းလက်တောက်ပလာသည်။ ထိုအလင်းတန်းများအလယ်တွင် တောင်များ ၊ မြစ်များ ၊ သဲကန္တာရများနှင့် သမုဒ္ဒရာများပါဝင်ပြီး အခြားသောကမ္ဘာငယ်တစ်ခုအလား ထင်မှတ်ရသည်။

သို့ပေသိ ထိုကမ္ဘာငယ်က သာမန်ကမ္ဘာငယ်တစ်ခု သို့မဟုတ် အောက်ဘုံကမ္ဘာတစ်ခုကဲ့သို့ အားနည်းလှသည် မဟုတ်ပေ။

အချိန်နှင့်နေရာ ထိပ်တိုက်တွေ့ဆုံသောအတိုင်းအတာနှင့်စွမ်းအားအရ ထိုကမ္ဘာငယ်သည် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကဲ့သို့ပင် ကျယ်ပြောခိုင်ခံ့ဟန်ရှိပြီး အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် နယ်ခြားဒေသ မိုးမြေတစ်ခွင်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

ရန်တိက သူ၏ဓားကိုခုတ်ပိုင်းချလိုက်ပြီး သူ့အရှေ့မှ ကမ္ဘာငယ်ကို ထက်ပိုင်းခွဲပစ်လိုက်သည်။

ကမ္ဘာငယ် ကျိုးပျက်သွားသည့်တိုင် အဆုံးမရှိသော တောင်နှင့်မြစ်ရည်များက တစ်ဖန်ပြန်လည် ဖြစ်တည်လာပြန်သည်။

မြင့်မားကျယ်ပြန့်သော တောင်နှင့်မြစ်ရေများက အသက်ဝင်လာသည့်အလား အဆက်မပြတ် ကျယ်ပြန့်လာပြီး ရန်တိအား ဝန်းရံထားလိုက်သည်။

ရန်တိက အေးစက်စွာဖြင့်...

“ဒါက ယင်ယန်တောင်နဲ့မြစ်ရေကားချပ် မဟုတ်လား”

ထိုရတနာပစ္စည်းကို သူ တစ်ခါမှမတွေ့မြင်ဖူးသော်လည်း ရှေးယခင်အချိန်က တိဟွမ်မြေကမ္ဘာဧကရာဇ်အသုံးပြုခဲ့သော ပြီးပြည့်စုံသည့် အမတမှော်ဝင်ပစ္စည်းဖြစ်ကြောင်း ကြားဖူးထားသည်။

“ဒီ အဘိုးကြီးက ‘ရန်’ ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး ၊ ‘ရန်’ ဂိုဏ်းချုပ်ကို ဒီမှာ ခဏလောက်ထိန်းထားနိုင်ဖို့ပဲ မျှော်လင့်တာပါ”

မြင့်မားသည့်တောင်တန်းများနှင့် ကွေ့ကောက်စွာစီးဆင်းနေသည့်မြစ်ရေများအလယ်မှ ဝမ်ကျန်းချန်၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

တောင်နှင့်မြစ်ရေများက ပြောင်းပြန်လှည့်ပတ်ကာ ရန်တိကို ကားချပ်အတွင်း ဖမ်းချုပ်သိမ်းယူရန် ကြိုးပမ်းနေသည်။

ဒါကိုမြင်တော့ ရန်တိက ရှောင်တိမ်းခြင်းမရှိဘဲ ရှေ့ဆက်လျှောက်လှမ်းသွားသည်။

“မြေကမ္ဘာထိပ်တန်းအရှင်သခင်... မင်း ငါ့ကို တားလို့ရမယ်မထင်နဲ့”

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လွှမ်းမိုးနိုင်စွမ်းနှင့် ပြင်းထန်သောရောင်ဝါက ပိုမိုအားကောင်းလာသည်။

အဆုံးသတ်မှာတော့ ရန်တိ၏ စွမ်းအားရောင်ဝါက အလွန်တရာ တောက်ပလာပြီး ယင်ယန်တောင်နှင့်မြစ်ရေကားချပ်သည်ပင် သူ့ကိုမတားဆီးနိုင်တော့ဘဲ ကြီးမားသည့်အရှိန်အဟုန် ပွင့်ထွက်သွားသည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါး အိပ်ပျော်ရာမှ နိုးထာပြီး မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သည့်အလား ရန်တိ၏ အရှိန်အဝါက မြင့်မားခမ်းနားလွန်းသည်။

သူ၏ ခြေလှမ်းတိုင်းက မရပ်တန့်နိုင် ၊ မပြောင်းလဲနိုင်ဘဲ တုနှိုင်းမရသည့် တန်ခိုးစွမ်းအားကိုပုံဖော်ကာ သူ့အရှေ့မှ တောင်နှင့်မြစ်ရေများကို ဖြိုခွင်းပစ်လိုက်သည်။

သူ့အရှေ့မှ ကမ္ဘာငယ် တဖြည်းဖြည်း အက်ကွဲသွားပြီး ပတ်ဝန်းကျင်သို့ ပြန့်နှံ့ကျယ်ပြန့်သွားသည်။

ပြီးပြည့်စုံပြီး အမှီအခိုကင်းသော စစ်မှန်သည့် စကြာဝဠာတစ်ခုက ရန်တိ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေပြီး ပြင်ပလောကနှင့် ကွဲကွာသွားကာ သီးသန့်တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မြင်ကွင်းကိုကြည့်ရင်း ဝမ်ကျန်းချန် ရင်ထဲနင့်သွားရသည်။

“ဒါက... သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောဆုံချက်တွေအားလုံး နတ်ဘုရားသိမြင်ခြင်းကို ရရှိသွားတာ မဟုတ်လား”

ရန်တိ၏ ခန္ဓာကိုယ်မှ အဓိကနှင့်သာမည သွေးကြောဆုံချက်များအားလုံး နတ်ဘုရားသိမြင်ခြင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခု...

ရန်တိက “လူသားအထွတ်ထိပ်အဆင့်” သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဘုရားအဆင့်သို့တက်လှမ်းရန်ပင် ခြေတစ်လှမ်းသာ လိုတော့သည်။

သိုင်းသူတော်စင်အဆင့်တွင် အထွတ်ထိပ်ဖြစ်သော “လူသားအထွတ်ထိပ်အဆင့်”။

အချိန် (၃)နှစ်အတွင်း ထျန်းကျိခန်းမက အထက်ဘုံကမ္ဘာတစ်ခုလုံး၏ အခြေအနေကို လှုံ့ဆောက်ခဲ့ပြီး မရေမတွက်နိုင်သောလူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ထိုအချိန် (၃)နှစ် အတွင်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် သိုသိုသိပ်သိပ်နေထိုင်ခဲ့သူ ရန်တိသည် လူသားအထွတ်ထိပ်အဆင့်သို့ အောင်မြင်စွာ တက်ရောက်သွားခဲ့သည်။

ယခင် ဝါဒတောင်တိုက်ပွဲတွင် ရန်တိက သိုင်းသူတော်စင် အဋ္ဌမအဆင့်သာ ရှိသေးသည်။ ထိုစဉ်အချိန်ကပင် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ကို သတ်ဖြတ်နိုင်ခဲ့သည်ပင်။

ထိုနေ့မှစပြီး အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံးက ရန်တိ၏ စွမ်းပကားကို ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

ရန်တိ လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်ပြီးလျှင် မည်မျှ တန်ခိုးစွမ်းအားကြီးမားမည်ကို စောင့်ကြည့်နေခဲ့ကြသည်။

သို့သော် ထိုသို့သောနေ့မျိုးက ဤမျှ စောစီးစွာရောက်ရှိလာမည်ဟု မည်သူမှ မျှော်လင့်မထားသဖြင့် ရန်တိအဆင့်တက်သွားသည်ကို မည်သူမှ သတိမပြုမိခဲ့ကြပေ။

ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်တက်သွားသည့် အခြေအနေကို သိရှိပြီးနောက် မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က ရန်တိအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သည်။

သို့တိုင် တကယ်တမ်းရင်ဆိုင်ရသည့်အခါ တုန်လှုပ်မိသည်ပင်။

ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ဖြင့် ဖန်ဆင်းထားသော ကမ္ဘာငယ်သည် ရန်တိရှေ့တွင်တော့ အလွန်ပင် အားနည်းနေပုံရသည်။

ယခုအချိန်တွင် ရန်တိကလည်း သူ၏ စစ်မှန်သောတန်ခိုးစွမ်းအားကို အဆုံးစွန်အထိ ပြသနေသည် မဟုတ်ပါလား။

ကောင်းကင်နဂါးဓားက ဓားအိမ်အတွင်းမှ ထွက်ပေါ်လာပြီး ရန်တိလက်ထဲသို့ ကျရောက်လာသည်။ ရန်တိက ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိဘဲ သူ့လက်ထဲမှဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။

ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မိုးနှင့်မြေ တပြိုင်နက်တည်းတုန်ခါသွားပြီး ကမ္ဘာငယ်မှာ အလယ်ဗဟိုမှ တိရိသေသပ်စွာ ထက်ပိုင်းခွဲချခံလိုက်ရသည်။

တောင်ထိပ်များက မြေမှုံများအဖြစ်ပြောင်းလဲသွားပြီး ရှည်လျားသည့်မြစ်များသည်လည်း စီးဆင်းခြင်း ရပ်တန့်သွားသည်။

“လူငယ်တွေက လူအိုတွေကို စိန်ခေါ်ဖို့ မြင့်တက်လာကြတယ် ၊ လူအိုတွေက လူငယ်တွေကို နေရာပေးဖို့လိုတယ် ၊ ရွှေစင်ထက်ယံအရှင်သခင်မှာ ဒီလိုသားတစ်ယောက်ရှိတာ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်သလဲ”

ဝမ်ကျန်းချန် ရေရွတ်လိုက်သည်။

တောင်နှင့်မြစ်ရေများ အက်ကွဲသွားပြီးနောက် ဝမ်ကျန်းချန်၏ ရုပ်သွင် ပြန်လည် ထွက်ပေါ်လာသည်။

သူက တိုးလျသည့်လေသံဖြင့်...

“စိတ်မကောင်းစရာက ကံတရားက လူတွေကို အရူးလုပ်နိုင်တာပဲ”

ထို့နောက် ကျိုးပဲ့သွားသော တောင်နှင့်မြစ်ရေများနေရာတွင် ကြီးမားခိုင်ခံ့သော မြေဆီလွှာများ ရုတ်တရက် ထွက်ပေါ်လာသည်။

“ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာ...”

ရန်တိက မျက်နှာတစ်ချက်ပျက်ယွင်းသွားခြင်းမရှိဘဲ ရေရွတ်လိုက်သည်။

“ငါ ကြားဖူးတာတော့ ယင်ယန်တောင်နဲ့မြစ်ရေကားချပ်ရဲ့အနှစ်သာရက ကမ္ဘာလောကမဖြစ်တည်မီ ယင်ယန်ရွှေကြာပန်းထဲမှာ အစပြုတယ်လို့ ဆိုတယ် ၊ မင်း ဒီလိုလုပ်နိုင်ပါ့မလား မြေကမ္ဘာထိပ်တန်းအရှင်သခင်”

ပြောပြီးသည်နှင့် ရန်တိက ဓားကိုပင့်မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ခုတ်ပိုင်းချလိုက်သည်။

မိုးနှင့်မြေကို ဖွင့်လှစ်ခြင်းနှင့် ရှင်းလင်းသုတ်သင်ခြင်း ၊ ကမ္ဘာမြေမွေးဖွားလာခြင်းနှင့် ပျက်သုဉ်းခြင်း။

ရန်တိ၏ဓားအလင်းတန်းထဲတွင် သဘာဝတရား၏ပြောင်းလဲမှုများနှင့် ကြီးကျယ်ခမ်းနားသော လွှမ်းမိုးနိုင်စွမ်းများ ပါဝင်နေပြီး ရပ်တန့်ခြင်းအလျဉ်းမရှိဘဲ သူ့အရှေ့မှ လေးလံသောမြေဆီလွှာကို ထိုးခွင်းပစ်လိုက်သည်။

ဝမ်ကျန်းချန်က ညိုဝါရောင်မြေလွှာအလယ်တွင် ရှိနေပြီး သူ၏လက်ဖဝါးများကို ဖြည်းညင်းစွာ အဆက်မပြတ် ဝှေ့ယမ်းနေသည်။

ဤလက်ဝါးသိုင်းက တိဟွမ်မြေကမ္ဘာဧကရာဇ်မှဆင်းသက်လာသော ထူးခြားသည့်သိုင်းပညာဖြစ်ပြီး ‘ကောင်းကင်ကိုးထပ်အသက်ဓာတ်လက်ဝါးသိုင်း’ ဖြစ်သည်။

ဝမ်ကျန်းချန်က ထိုလက်ဝါးသိုင်းကို ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ဖြင့်ပေါင်းစပ်ပြီး ရန်တိ၏ဓားသွားကိုရင်ဆိုင်ရန် တန်ခိုးစွမ်းအား ဖြန့်ကျက်ထားသည်။

‘ကောင်းကင်ကိုးထပ်အသက်ဓာတ်လက်ဝါးသိုင်း’ ဆိုသည်က သူ၏အမည်နာမအတိုင်းပင် ‘ကောင်းကင်ကိုးထပ်အသက်ဓာတ်မြေလွှာ’ ၏ နက်နဲမှုများကိုတုပတီထွင်ထားပြီး ထူးခြားသောစွမ်းရည်ပိုင်ဆိုင်သော သိုင်းပညာ ဖြစ်သည်။

ထိုသိုင်းပညာအား ခံစစ်အဖြစ်အသုံးပြုသည့်အခါ အလွန်ခိုင်ခန့်ပြီး စွမ်းအားကြီးမားသဖြင့် ဝင်ရောက်လာသည့်တိုက်ခိုက်မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်သည်။

တိုက်ခိုက်သည့်အခါတွင်တော့ ဤလက်ဝါးသိုင်းက ပြင်းထန်သောစွမ်းအားကို ထုတ်လွှတ်ပေးပြီး ဘက်ပေါင်းစုံမှ လွှမ်းခြုံတိုက်ခိုက်သည်ဖြစ်ရာ ရန်သူအနေဖြင့် လုံးဝပျက်ဆီးကွဲကြေသွားနိုင်သည်အထိ အစွမ်းထက်ပေသည်။

သို့သော် ယခုအချိန်တွင် ဝမ်ကျန်းချန်က ဤသိုင်းပညာ၏ တိုက်စစ်စွမ်းအားကို အသုံးမပြုဘဲ ယင်ယန်တောင်နှင့်မြစ်ရေကားချပ်နှင့်ပေါင်းစပ်လျှက် ရန်တိ၏ဓားချက်ကို ခုခံကာကွယ်ရန်သာ လုပ်ဆောင်ခဲ့သည်။

ယင်ယန်တောင်နှင့်မြစ်ရေကားချပ်က အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ခံစစ်စွမ်းအား အလွန်ကောင်းမွန်သည်။ ယခု ဝမ်ကျန်းချန်၏ သိုင်းစွမ်းနှင့်ပေါင်းစပ်လိုက်သည့်အခါ ပြီးပြည့်စုံသည့် ခံစစ်စွမ်းအားကို ပေးစွမ်းသည်။

သို့သော် ရန်တိကတော့ ထိုအရာများအားလုံးကို အရေးမစိုက်ခဲ့ပေ။

ရှေ့ဆက်ရမည့်လမ်း မည်သို့အတားအဆီးရှိပါစေ သူသွားမည့်လမ်း‌ဖြောင့်တန်းစေရန်အတွက် ဓားသွားကိုသာမျဉ်းဖြောင့်တစ်ကောင်းအဖြစ် အသုံးပြုသွားမည် ဖြစ်၏။

ခမ်းနားထည်ဝါသော ဓားသိုင်းစွမ်းအားက နေရာတိုင်းတွင်ရှိနေပြီး သူ့အရှေ့မှ ထူထပ်သောမြေလွှာကို ကွဲထွက်သွားစေသည်။

မြေလွှာက ပြန်လည်ဖြစ်တည်လာသည့်တိုင် ပိုမိုပြင်းထန်သောဓားအလင်းတန်းထွက်ပေါ်လာပြီး အပိုင်းပိုင်းပြတ်ထွက်သွားပြန်သည်။

ထူထပ်သောမြေလွှာက အဆုံးမရှိ ပြန်လည်ဖြစ်တည်လာသည့်တိုင် ကြောက်မက်ဖွယ်ရာဓားအလင်းတန်းထွက်ပေါ်လာသည်နှင့် ပင်လယ်ပြင်ကို ပိုးစာခင်းအဖြစ်ပြောင်းလဲပစ်လိုက်သလို မြေလွှာကို တိမ်ဆိုင်များအဖြစ် အက်ကွဲသွားစေသည်။

မင်းက စွမ်းအားကြီးမားတယ်ဆိုရင် ငါက မင်းထက်ပိုပြီး စွမ်းအားကြီးမားတယ်...။

မြေလွှာက တစ်ပေမြင့်တယ်ဆိုရင် ငါ့ဓားက ဆယ်ပေပိုပြီးမြင့်တယ်...။

All Chapters