← Chapters

ရန်တိ၏တိုက်ပွဲများ

Vol. 82 Ch. 1152

ရန်တိ၏တိုက်ပွဲများ

Vol. 82 Ch. 1152

အခန်း (၁၁၅၂) ရန်တိ၏တိုက်ပွဲများ

ရန်တိ၏ဓားသွားက ရပ်တန့်ခြင်းမရှိဘဲ ဆင်းသက်လာပြီး ဝမ်ကျန်းချန်၏ ‘ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာ’ ကြောင့် ဖြစ်တည်လာသော ခမ်းနားသည့် ညိုဝါရောင်မြေသားအလွှာကို ချိုးဖျက်ထိုးဖောက်ပစ်လိုက်သည်။

ရန်တိ၏ဓားသွားဖြင့် ထိုးဖောက်ခံလိုက်ရသည့်အခါ မြေလွှာ၏ ပြန်လည်ကောင်းမွန်လာမှု မြန်နှုန်းမှာ မလိုက်နိုင်တော့ဘဲ ကွဲထွက်သွားရသည်။

ဝမ်ကျန်းချန်က တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

ရန်တိက ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ကို ထိခိုက်အောင် မလုပ်နိုင်သော်လည်း ထိုကားချပ်၏ ဝိညာဉ်စွမ်းအားကို ချိုးဖျက်ခြင်းဖြင့် ထိုကားချပ်ကို အသုံးပြုနေသည့် မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။

ဓားအလင်းတန်း ဝမ်ကျန်းချန်၏ ဦးခေါင်းထက်သို့ ကျရောက်ခါနီးတွင် သူက ရုတ်တရက် လက်ဖဝါးနှစ်ဖက်စုစည်းလိုက်ပြီး လက်ချောင်းများကိုကွေးကာ လက်သီးအသွင် ပြုလုပ်လိုက်သည်။

အနက်ရောင်နှင့်အဝါရောင် ချီစွမ်းအားစီးကြောင်းများက ဝမ်ကျန်းချန်၏ ခန္ဓာကိုယ်တစ်ဝိုက်လှည့်ပတ်နေပြီး အကာအကွယ်တစ်ခုအဖြစ် စုစည်းသွားသည်။

ဤသည်က ချီလင်ကမ်းပါးအဆက်အနွယ်မှ စွမ်းအားမြင့်မားဆုံးခံစစ်ဖြစ်သည့် ‘မိုးမြေမူလလက်သီးသိုင်း’ ဖြစ်သည်။

လက်ရှိ ဝမ်ကျန်းချန်၏ လက်သီးစွမ်းအားက ခံစစ်အင်အားမြင့်မားပြီး ‘ကောင်းကင်ကိုးထပ်အသက်ဓာတ်လက်ဝါးသိုင်း’ ဖြင့် ခုခံကာကွယ်သည်ထက်ပင် ပိုပြီး စွမ်းအားကြီးမားသည်။

ယင်ယန်တောင်နှင့်မြစ်ရေကားချပ်မှ ထင်ရှားထွက်ပေါ်လာသော ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာက အလွှာပေါင်းမြောက်မြားစွာ ဖြစ်တည်လာပြီး ဝမ်ကျန်းချန်ကို အလယ်ဗဟိုတွင်ထားရှိကာ ပိုမိုခိုင်မာစွာ ကာကွယ်ပေးထားသည်။

ကမ္ဘာဦးကာလရွှေကြာပန်း ပေါက်ဖွားလာနိုင်ခြင်းမရှိသော်လည်း အမတမှော်ဝင်ပစ္စည်းဖြစ်သော ယင်ယန်တောင်နှင့်မြစ်ရေကားချပ်၏ တန်ခိုးစွမ်းအားက ‘မိုးမြေမူလလက်သီးသိုင်း’နှင့်ပေါင်းစပ်ကာ အံ့သြဖွယ်ရာ ခံစစ်စွမ်းအားကို ထုတ်ဖော်ပေးသည်။

ထိုခဏတွင် ဝမ်ကျန်းချန်သည် ဖိအားများအားလုံးကို ခံနိုင်ရည်ရှိသော တိတ်ဆိတ်နက်နဲသည့် မြေသားပြင်တစ်ခုပမာ ပြောင်းလဲသွားဟန် ရှိသည်။

ကမ္ဘာလောကကြီးမှ မိုးနှင့်မြေ နှစ်ပိုင်းကါဲသွားပြီး ကနဦးဖွဲ့စည်းပုံကာလ မူလမဟာမြေကြီးဆီသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ထင်မှတ်ရသည်။

အရာခပ်သိမ်း၏ မိခင်ရင်းမြစ်ဖြစ်သော မူလမဟာမြေကြီးသည် အနက်ရောင်နှင့်အဝါရောင်တို့ဖြင့် ဖုံးလွှမ်းနေပြီး ပကတိသန့်စင်သလို အရိုင်းဆန်လှသည်။

ရန်တိက ဓားဖြင့်ခုတ်ပိုင်းချလိုက်သည့်အခါ အနက်ရောင်နှင့်အဝါရောင်ချီစွမ်းအားများ လှုပ်ခါသွားပြီး မူလမဟာမြေကြီးသည်လည်း ထက်ပိုင်းအက်ကွဲသွားသည်။

သို့သော် ဝမ်ကျန်းချန်ကတော့ ထိုဓားချက်ကို တောင့်ခံနိုင်ခဲ့သည်ပင်။

လက်ရှိတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင်က တိုက်စစ်ကို လုံးဝစွန့်လွှတ်ပြီး ခံစစ်ကိုသာ အာရုံစိုက်နေခဲ့သည်။

ဒါကိုမြင်တော့ ရန်တိက မျက်ခုံးတစ်ချက်ပင့်ရင်း...

“မြေကမ္ဘာထိပ်တန်းအရှင်သခင်... မင်းက တကယ်ပဲ ကမ္ဘာဦးရွှေကြာပန်းကို အသက်မသွင်းနိုင်ဘူးပဲ ၊ နတ်ဘုရားအဆင့် မရောက်သေးလို့ ဒီလိုဖြစ်တာလား”

ဝမ်ကျန်းချန်အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

“စိတ်မကောင်းစရာပါပဲ...”

ထို့နောက် အဝါရောင်နှင့် အနက်ရောင်ချီစွမ်းအားများလှည့်ပတ်သွားပြီး ဝမ်ကျန်းချန်အားဝန်းရံကာ ချီစွမ်းအားစက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

စက်ဝန်းအရွယ်အစားက ကြီးမားခြင်းမရှိပေ။ ရန်တိ၏ တိုက်ခိုက်မှုကိုရင်ဆိုင်ရန်အတွက် ထိုစက်ဝန်းက တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး စွမ်းအားရောင်ဝါက ပိုမိုပြင်းထန် အားကောင်းလာသည်။

ရန်တိက သိမ်မွေ့စွာဖြင့်...

“ဒါပေမဲ့ မင်း ငါ့လမ်းကို ဘယ်လိုတားဆီးမှာလဲ...”

သူက ဆက်ပြောသည်။

“ကမ္ဘာဦးရွှေရောင်ကြာပန်းကို မဖန်ဆင်းနိုင်ဘူးဆိုရင် မင်းမှာ ယင်ယန်တောင်နဲ့မြစ်ရေကားချပ်ရှိနေရင်တောင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် သူက ဝမ်ကျန်းချန်ကို အရေးမစိုက်တော့ဘဲ မြောက်အရပ်သို့ဦးတည်ကာ ဆက်လက်ထွက်ခွာသွားသည်။

ရန်တိထွက်ခွာသွားသည်ကိုကြည့်ရင်း ဝမ်ကျန်းချန်က မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။

ဝမ်ကျန်းချန်က ခံစစ်သာလျှင် အာရုံစိုက်နေရသည်ဖြစ်ရာ ရန်တိအနေဖြင့် စိတ်အလိုရှိတိုင်း ထွက်ခွာသွားနိုင်သည်ပင်။ အမှန်တော့ ချီစွမ်းအားစက်ဝန်းထဲတွင်ရှိနေသော ဝမ်ကျန်းချန်သည်လည်း ရန်တိသွားမည်လမ်းကို တားဆီးချင်စိတ် မရှိခဲ့ပေ။

ရန်တိထွက်ခွာသွားသည်နှင့် အထက်ဘုံကမ္ဘာ၏ ဝါစဉ်အကြီးဆုံး သိုင်းသူတော်စင် ‘ဝမ်ကျန်းချန်’ မှာ ဦးခေါင်းထက်လွင့်ပျံသွားသည့် အေးစက်သောဓားဝိညာဉ်ကို ခံစားလိုက်ရသည်။

ထိုဓားဝိညာဉ်က တကယ့်ဓားသွားအစစ်ပမာဖြစ်ပြီး အေးစက်မှုက သူ၏ဦးခေါင်းနှင့်အလွန်နီးကပ်ကြောင်း မြေကမ္ဘာထိပ်တန်းအရှင်သခင် ခံစားလိုက်ရသည်။

သူ၏လှုပ်ရှားမှု တစ်ကွက်မှားယွင်းခဲ့လျှင် ၊ သို့မဟုတ် ခံစစ်အင်အားတွင် အားနည်းချက်တစ်ခု ရှိခဲ့လျှင် ရန်တိ၏ဓားချက်က သူ့ကိုခုတ်ပိုင်းချလိုက်မည်ဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။

“ဆွေမျိုးအချင်းချင်းရန်ဖြစ်ရန် ရန်သူက ဝမ်းသာတယ်တဲ့... ၊ အထက်ဘုံကမ္ဘာမှာ ဒီလို အတွင်းရေးပဋိပက္ခဖြစ်ရတာ ကံတရားက ငါတို့အပေါ် မတရားလိုက်တာ ၊ ဒီ အဘိုးကြီးတောင် ဒီနေ့ အသက်အန္တရယ်ထဲ ကျရောက်ခါနီးနီးပါပဲ”

ဝမ်ကျန်းချန် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ခံစစ်ကို စွန့်လွှတ်လိုက်သည်။

သူက မိုးမြေမူလလက်သီးသိုင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ကောင်းကင်ကိုးထပ်အသက်ဓာတ်လက်ဝါးသိုင်းကို ထပ်မံအသုံးပြုလိုက်သည်။

ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာက ယင်ယန်တောင်နှင့်မြစ်ရေကားချပ်အဖြစ် တစ်ဖန်ပြောင်းလဲသွားပြီး ရန်တိအားလွှမ်းခြုံသွားကာ ထွက်ခွာသွားခြင်းအား တားဆီးလိုက်သည်။

ရန်တိကို မတားဆီးချင်သည့်တိုင် သူ၏ဝတ္တရားအရ တားဆီးရပေဦးမည် မဟုတ်ပါလား။

ရန်တိက တစ်ချက်တုံ့ဆိုင်းမနေဘဲ သူ၏တစ်ဖက်သွားဓားဖြင့် ဝမ်ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။

“ဒီ ‘ရန်’ က မင်းကို မသတ်ရဲဘူးလို့ထင်သလား မြေကမ္ဘာထိပ်တန်းအရှင်သခင်”

ဝမ်ကျန်းချန်က လက်ဖဝါးနှစ်ဖက်အား လက်အုပ်ချီသည့်အသွင်ပြုလုပ်ပြီး ရန်တိ၏ဓားသွားကို လက်နှစ်ဖက်ကြားတွင်ညှပ်ကာ ဖမ်းချုပ်ရန် ကြိုးစားလိုက်သည်။

“တစ်ခါတစ်ရံမှာ စတေးခံဖို့လိုအပ်တာတွေရှိတယ်”

ဝမ်ကျန်းချန်က ဖြည်းညင်းစွာဆိုသည်။

“တခြားသူတွေက သူတို့ကိုယ်သူတို့ စတေးမခံရဲရင် ဒီအဘိုးကြီးက စတေးခံရအောင် လုပ်ပေးရလိမ့်မယ် ၊ ဒါက ကံတရားအတိုင်းပဲဖြစ်လို့ ဘာမှမတတ်နိုင်ဘူး”

ရန်တိ၏ဓားသွား ဖြတ်သန်းသွားရာနေရာတွင် သူ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားပြီး ပြင်းထန်သောဓားဝိညာဉ်က မြင့်မားစွာ ထွက်ပေါ်လာသည်။

ဝမ်ကျန်းချန်၏ ပတ်ပတ်လည်တွင်ဝန်းရံထားသော ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာက အဆက်မပြတ် ပြိုကျအက်ကွဲသွားသည်။

အေးစက်သောဓားအလင်းတန်းက အဆက်မပြတ်ကျဆင်းလာပြီး ဝမ်ကျန်းချန်၏ ဦးခေါင်းနှင့် ပိုမိုနီးကပ်လာသည်။

ရန်တိက အေးစက်စွာဖြင့်...

“ဒီ ‘ရန်’ က မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို လေးစားပါတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ စိတ်မကောင်းစရာက... ဘယ်သူက စတေးခံရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ မင်းမှာ အခွင့်အာဏာမရှိဘူးဆိုတာပဲ...”

ဝမ်ကျန်းချန်က ခေါင်းခါယမ်းရင်း...

“ဒါက ဒီအဘိုးကြီး ဆုံးဖြတ်တာ မဟုတ်သလို ဒီအဘိုးကြီးရဲ့ ဆရာလည်း ဆုံးဖြတ်တာလည်း မဟုတ်ပါဘူး ၊ အချိန်ကာလက အဆုံးအဖြတ်ပေးသွားတာပါ ၊ ငါတို့အားလုံး အချိန်ရေစီးကြောင်းအတိုင်း ချွင်းချက်မရှိ စီးမျောကြရမှာပဲ မဟုတ်လား”

သူက ဆက်ပြောသည်။

“အဆုံးသတ်မှာတော့ အချိန်ကာလ သဘောတရားကို ‘ရန်’ ဂိုဏ်းချုပ် ရှင်းရှင်းလင်းလင်းသိမြင်လာမယ်လို့ မျှော်လင့်မိပါတယ်”

ရန်တိ၏မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ သူ၏ဓားရှည်က အောက်ဘက်သို့ အဆက်မပြတ် ကျဆင်းလာသည်။

“ကောင်းပြီလေ... မင်း မှန်ချင်လည်း မှန်မှာပေါ့”

ရန်တိ၏ဓားသွား တုန်ခါသွားပြီး လက်အုပ်ချီသည့်အသွင်ပြုလုပ်ထားသော ဝမ်ကျန်းချန်၏ လက်ဖဝါးများ ကွဲကွာသွားသည်။

ရန်တိက...

“တချို့ကိစ္စတွေအတွက်... အချိန်ကာလရေစီးကြောင်းကို ဆန့်ကျင်ရမယ်ဆိုရင်တောင် ဒီ ‘ရန်’ က တွန့်ဆုတ်နေမှာ မဟုတ်ဘူး”

ထို့နောက် ရန်တိ၏ဓားချက်ကြောင့် ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာ လုံးဝ အက်ကွဲသွားသည်။

ကွဲအက်သွားသောမြေလွှာအလယ်တွင် ဝမ်ကျန်းချန်၏ပုံရိပ် ထင်ရှားထွက်ပေါ်လာသည်။

ရန်တိက သူနှင့် မလှမ်းမကမ်းတွင်ရှိနေပြီး မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေသည်။

သူက တုံ့ဆိုင်းမနေဘဲ နောက်ထပ်ဓားချက်တစ်ချက် ခုတ်ပိုင်းချလိုက်ပြန်၏။

ဝမ်ကျန်းချန်က မိုးမြေမူလလက်သီးသိုင်းကိုထုတ်လွှတ်ပြီး အလျှင်အမြန်ကာကွယ်လိုက်သော်လည်း ပြီးပြည့်စုံသည့်ခံစစ်စွမ်းအား မရရှိခဲ့ပေ။

ရန်တိဓား ကျဆင်းလာသည်နှင့် သွေးများလွင့်ပျံထွက်သွားသည်။

ဝမ်ကျန်းချန် နောက်သို့လွင့်ထွက်သွားသော်လည်း ယင်ယန်တောင်နှင့်မြစ်ရေကားချပ်၏ ကာကွယ်ပေးမှုအောက်တွင် သူ၏ခြေထောက်များကို တည်ငြိမ်စွာ ကြိုးစားရပ်တည်လိုက်သည်။

ထိုအချိန်...

အဝေးတစ်နေရာမှ ပင်လယ်ဒီရေလှိုင်းလုံးများပမာ ဝိညာဉ်စွမ်းအားလှိုင်းလုံးများ မြင့်တက်လာသည်။

အကွာအဝေးကို အရေးမစိုက်သည့်အလား ခရမ်းရောင်ဝတ် လူငယ်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ရန်တိက အရေးမစိုက်ဟန်ဖြင့် ဓားကိုဝှေ့ယမ်းထိုးစိုက်လိုက်ရာ....

ခရမ်းရောင်ဝတ်လူငယ်၏ရုပ်သွင်က စိတ်ကူးယဉ်ဆန်သော ၊ ထိတွေ့မရသော အသွင်သဏ္ဌန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ရန်တိ၏ဓားအလင်းတန်းက နေရာတိုင်းတွင်ရှိနေပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားက ချန်ချန်းဟွာအား ပုံရိပ်ယောင်နယ်ပယ်မှ တွန်းထုတ်လိုက်ပြီး ထိုက်ရှီခုန်မင် မရှိမှုခန္ဓာကို ချိုးဖျက်ကာ အစစ်အမှန်အဖြစ်သို့ ပြန်လည်ရောက်ရှိလာစေသည်။

ချန်ချန်းဟွာက...

“ဟား... ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်တဲ့ ဓားသိုင်းလဲ ၊ တကယ်ပဲ... ဒီလိုဓားသိုင်းမျိုက အကြိမ်တစ်ရာကြားရတာထက် တစ်ကြိမ်ကိုယ်တိုင်မြင်တွေ့ရတာ ပိုကောင်းတာပဲ”

ထို့နောက် ခရမ်းရောင်ဝတ်လူငယ်က ထူးဆန်းသောဓားအလင်းတန်းကို စူးစိုက်ကြည့်ရင်း လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

လက်ချောင်းများကို ဖြန့်ကားလိုက်သည်နှင့် လက်မထက်တွင် ယင်နှင့်ယန်လှည့်ပတ်နေပြီး လက်ညှိုးထက်တွင် ဗလာနယ်က ပြောင်းလဲနေသည်။ လက်ခလယ်တွင် အချိန်ရေစီးကြောင်း စီးဆင်းနေပြီး လက်သူကြွယ်တွင် များပြားလှစွာသော ပုံရိပ်ယောင်ဖြစ်စဉ်များ ဖြစ်ပေါ်နေကာ လက်သန်းတွင်တော့ သက်ရှိများအားလုံး၏ ဘဝပုံစံများ မြင့်တက်လာသည်။

သူ၏လက်ဖဝါးအလယ်ဗဟိုက အနည်းငယ်ဖောင်းကြွနေပြီး လူတစ်ယောက်၏နှလုံးသားပမာ စည်းချက်ညီညီ ခုန်လှုပ်နေသည်။

ထို စည်းချက်ညီညီ ခုန်လှုပ်သံကိုကြားရသူတိုင်း စိတ်ဝိညာဉ်တုန်လှုပ်သွားမတတ် ဖြစ်ရသည်။

ဤသည်က မူလကောင်းကင်ကျမ်းစာမှ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်၏ တန်ခိုးစွမ်းအားများအားလုံးကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်၏။

ဟုတ်ပေ၏။

ထို ခရမ်းရောင်ဝတ်လူငယ်က အခြားသူမဟုတ်ပေ ၊ အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာပင် ဖြစ်၏။

သူက ပြုံးလိုက်ရင်း...

“ငါ ရန်ကျောက်ကဲနဲ့ရော နျဲ့ကျင်းရှန်နဲ့ပါ တိုက်ဖူးတယ် ၊ အခု မင်းနဲ့တိုက်ကြတာပေါ့”

ချန်ချန်းဟွာက မည်သည့်လက်နက်ကိုမှ အသုံးမပြုဘဲ သူ၏ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကိုသာ အသုံးပြုပြီး ရန်တိ၏ “ဖန်ဆင်းခြင်းဓားသိုင်း” ကို ရင်ဆိုင်လိုက်သည်။

ရန်တိက အေးစက်စွာဖြင့်...

“သွားစမ်း အမှိုက်ကောင်...”

ယွိချင်အဆက်အနွယ် ၊ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ပေါင်းစပ်ထားသည့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ခံစစ်စွမ်းအားရော တိုက်စစ်စွမ်းအားတွင်ပါ အကောင်းဆုံး ဖြစ်သည်။

သို့သော် ရန်တိ၏ “ဖန်ဆင်းခြင်းဓားသိုင်း” က နှောင်းပိုင်းကောင်းကင်ကာလမှသည် ကနဦးကောင်းကင်သို့ပြောင်းလဲကာ ကြီးမားသောအပျက်တရားဆီသို့ ဦးတည်သွားသည်။

ဓားသိုင်းလမ်းစဉ်၏ ယေဘူယျလမ်းကြောင်း တွန်းအားအောက်တွင် ထိုဓားသိုင်းက ကမ္ဘာလောကတစ်ခုလုံးကိုပင် ပျက်ဆီးခြင်းသို့ ပို့ဆောင်နိုင်သည်ဖြစ်ရာ ချန်ချန်းဟွာ၏ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်သည်ပင် ခုခံနိုင်ခြင်း မရှိခဲ့ပေ။

ယင်နှင့်ယန် ပျက်ပြယ်သွားသလို ဗလာနယ် ၊ အချိန်ရေစီးကြောင်း ၊ ပုံရိပ်ယောင်ဖြစ်စဉ်များနှင့် သက်ရှိအားလုံး၏ ဘဝပုံစံများအားလုံး “ဖန်ဆင်းခြင်းဓားသိုင်း” ၏ အဖျက်စွမ်းအားအောက်တွင် အပိုင်းပိုင်းကွဲကြေသွားလေသည်။

All Chapters