← Chapters

ကောင်းကင်ကိုထိုးခွင်းသည့် ’ဖန်ဆင်းခြင်းဓား’

Vol. 82 Ch. 1154

ကောင်းကင်ကိုထိုးခွင်းသည့် ’ဖန်ဆင်းခြင်းဓား’

Vol. 82 Ch. 1154

အခန်း (၁၁၅၄) ကောင်းကင်ကိုထိုးခွင်းသည့် ’ဖန်ဆင်းခြင်းဓား’

ရန်တိက သူ၏ဓားရှည်ကိုလှန်လိုက်ရာ ဓားသွားထက်တွင် လျှပ်စီးတစ်ချက်လင်းလက်သွားသည်။ ထိုလျှပ်စီးစွမ်းအားက စက်ဝိုင်းပုံသဏ္ဌန် အပြင်ဘက်သို့ ဝိုင်းပတ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား တုန်ခါသွားစေသည်။

လျှပ်စီးစွမ်းအားက နေရာတိုင်းတွင် ဒီရေလှိုင်းများပမာ လွင့်ပျံသွားပြီး ဗလာနယ်တစ်ခုလုံး အေးခဲသွားသည့်အလား ထင်မှတ်ရသည်။

ချန်ချန်းဟွာကဲ့သို့ တန်ခိုးစွမ်းအားကြီးမားသူသည်ပင် တစ်ခဏအတွင်း ပိတ်ဆို့တားဆီးခံလိုက်ရပြီး အရှိန်အဟုန် နှေးကွေးသွားသည်။

“ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး...”

ချန်ချန်းဟွာ ချက်ချင်းပင် သဘောပေါက်သွား၏။

ယခင် ငရဲကိုးထပ်တွင်ရှိစဉ်အချိန်က ရန်ကျောက်ကဲ ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး အပိုင်းအစများကို လိုက်လံစုစည်းခဲ့ပြီး အထက်ဘုံကမ္ဘာသို့ သယ်ဆောင်လာခဲ့သည်။

ထိုမိုးကြိုးအပိုင်းအစများကို အသုံးပြုပြီး ရန်တိက ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးစွမ်းအားကို ကျင့်ကြံအောင်မြင်ခဲ့သည်။

ချန်ချန်းဟွာက အရေးမစိုက်ဟန်ဖြင့်...

“ရန်ကျောက်ကဲက မင်းကိုပြောမပြဘူးလား ၊ ငါ့မှာလည်း ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးနည်းနည်းပါးပါး ရထားတယ်လေ”

ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှ မိုးကြိုးအလင်းတန်းများမြင့်တက်လာပြီး ပတ်ဝန်းကျင်တွင် မိုးကြိုးစက်ကွင်းများ ဖြစ်တည်လာသည်။

ထိုမိုးကြိုးစက်ကွင်းများထွက်ပေါ်လာသည်နှင့် ချန်ချန်းဟွာ၏ လှုပ်ရှားမှုများက ပြန်လည်တည်ငြိမ်သွားသည်။

ရန်တိကတော့ ထိုအချက်ကိုအရေးမစိုက်ပေ။

သူက နှိုင်းယှဉ်မရအောင် အေးစက်သောမျက်ဝန်းများဖြင့် ချန်ချန်းဟွာကို စူးစိုက်ကြည့်နေပြီး သူ၏ဓားဝိညာဉ်ကလည်း ပိုမိုပြင်းထန်လာသည်။

“ဟမ်...”

ထိုက်ယိဟွာတိမ်တိုက်ကြောင့် ရန်တိ၏တိုက်ကွက်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသဖြင့် ချန်ချန်းဟွာမျက်ဝန်းများ အနည်းငယ် တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်၏စိတ်ထဲတွင် မကောင်းသည့်နိမိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ချန်ချန်းဟွာရောက်ရှိလာပြီး ရန်တိနှင့်စတင်တိုက်ခိုက်ချိန်တွင် သူက ဘေးသို့ရှောင်ပေးခဲ့သည်။

သူ့အတွက် ဤတိုက်ပွဲတွင် ရန်တိကို အနိုင်ယူရန် မလိုအပ်ပေ။ သူ၏ ရည်ရွယ်ချက်က ဤနေရာတွင် ရန်တိကို အချိန်ဆွဲထားရန်သာ ဖြစ်သည်။

ချန်ချန်းဟွာသာ ရန်တိကို ဖိနှိပ်ထားနိုင်မည်ဆိုလျှင် ဝမ်ကျန်းချန်အနေဖြင့် အနည်းငယ် စိတ်သက်သာရာရမိမည်ဖြစ်ပြီး သူ့အနေဖြင့် အနက်ရောင်ပိုးသားဧကရာဇ်နှင့် တိုက်ခိုက်နေသည့် ရန်ကျောက်ကဲကို သွားရောက်နှောက်ယှက်နိုင်သလို ရွှယ်ချူးချင်ကိုလည်း ကိုယ်တိုင်သွားရောက် ရှာဖွေနိုင်မည် ဖြစ်၏။

ယခုတော့ ရန်တိ၏တိုက်ခိုက်မှုကိုကြည့်ရင်း သူ့စိတ်များပင် တုန်လှုပ်နေပြီး ဆံပင်များပင် ထောင်နေသည့်အလား ခံစားရသည်။

ရန်တိ၏ဓားသွားထက်မှ မိုးကြိုးအလင်းတန်းစက်ဝန်းက ဗလာနယ်ကိုပင်တွန့်ခေါက်သွားစေပြီး ပိုမိုကြီးမားထက်မြက်သော ဓားသွားတစ်ခု ဖြစ်တည်လာသည်။

ထို့နောက် ရန်တိက မိုးကြိုးစက်ဝန်းများအလယ်မှ သူ၏ကောင်းကင်နဂါးဓားကို ဆွဲထုတ်လိုက်သည်။

ရန်တိက သူ၏တစ်ဖက်သွားဓားရှည်ကို ဓားအိမ်အတွင်းမှ ဆွဲထုတ်တော့မည့်အလား ထင်မှတ်လိုက်ရပြီး ဤမြင်ကွင်းက မြေကမ္ဘာထိပ်တန်းအရှင်သခင်နှင့် အထက်ရပ်ထိပ်တန်းအရှင်သခင်တို့၏မျက်လုံးထဲတွင် ထူးဆန်းသည့်ခံစားချက်များ ဖြစ်ပေါ်လာစေသည်။

ကောင်းကင်နဂါးဓားက ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည့်အလားဖြစ်သော်လည်း ဗလာနယ်ထဲရှိ မိုးကြိုးစက်တန်းများအလယ်မှ သဏ္ဌန်မဲ့ဓားသွားက တကယ့်ကောင်းကင်နဂါးဓားအစစ် ဖြစ်နေသည်။

ရန်တိလက်ထဲမှ ကောင်းကင်နဂါးဓားသွားမျက်နှာပြင်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ အက်ကြောင်းများဖြင့် ပြည့်နက်နေသည်။

မြင်ကွင်းကိုကြည့်ရင်း ဝမ်ကျန်းချန်စိတ်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။

“စောစောက အထက်ရပ်’ချန်’ ရဲ့ တိုက်ကွက်က သူ့ဓားပေါ်ကို ကျမသွားပါဘူး... ဒါဆို ဒီ အက်ကွဲကြောင်းသင်္ကေတတွေက သူ့ရဲ့ဓားဝိညာဉ်စွမ်းအားကြောင့် ထွက်ပေါ်လာတာနေမယ်”

“နေဦး... ကြည့်ရတာ...”

ဝမ်ကျန်းချန် တုန်လှုပ်သွားသည်။

ချန်ချန်းဟွာကတော့ ရန်တိကို စူးစိုက်ကြည့်ရင်း မျက်ဝန်းများတွင် အလင်းရောင်များ တောက်ပလာသည်။

“ဒါကမှ မင်းရဲ့ဓားရှည်အစစ်အမှန်လား...”

ရန်တိက အဖြေမပေးဘဲ လက်ကိုဆန့်တန်းလိုက်ပြီး မိုးကြိုးစက်ဝန်းများအလယ်မှ တစ်ဖက်သွားဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ၎င်းသဏ္ဌန်မဲ့ဓားမှ အဆုံးမဲ့အလင်းတန်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အမှောင်ထုအား တောက်ပသွားစေသည်။

ထို့နောက် ရန်တိက ဓားသွားကိုပင့်မြှောက်လိုက်ပြီး ခုတ်ပိုင်းချလိုက်သည်။

ဓားသွားက ကပ်ဘေးတစ်ခုပမာ ချန်ချန်းဟွာထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

မည်သို့ပင်ခုခံကာကွယ်ပါစေ ထိုဓားချက်ကို ရှောင်တိမ်းနိုင်မည်မဟုတ်ဟု ချန်ချန်းဟွာ ခံစားလိုက်ရသည်။

သို့တိုင် သူက ဓားချက်ကို ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။ ရန်တိ၏ဓားချက် သူ့ထံသို့ဝင်ရောက်လာသည်နှင့် သူ၏လက်ဖဝါးများထက်တွင် ရွှေရောင်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသည်။

ချန်ချန်းဟွာ၏ ‘ကနဦးကောင်းကင် ခွဲဖြာမီးလျှံလက်ဝါးသိုင်း’ က ထိုက်ယိဟွာတိမ်တိုက်ထက်သို့ကျရောက်လာပြီး တိမ်တိုက်က အနည်းငယ် တုန်ခါသွားသည့်တိုင် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။

အဆုံးသတ်မှာတော့ ချန်ချန်းဟွာအနေဖြင့် ထိုက်ယိဟွာတိမ်တိုက်ကို ထိုးဖောက်ရန် မဖြစ်နိုင်ခဲ့ပေ။

ထိုအချိန် ရန်တိ၏ဓားသွားက ချန်ချန်းဟွာ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဓားအရှိန်အဟုန်က မရပ်မနားရှေ့သို့ဆက်လက်ရွေ့လျားလာလေရာ မိုးမြေလမ်းကြောင်းတစ်ခုပမာပင် ထင်မှတ်ရပြီး ရန်တိ ယခင်ကထုတ်လွှတ်သည့် ဓားဝိညာဉ်များနှင့် မတူကွဲပြားသည်။

ဖန်ဆင်းခြင်းမှသည် ဖျက်ဆီးခြင်းသို့အသွင်ပြောင်းသွားပြီး စီးဆင်းခြင်းတရားက ရပ်တန့်မရနိုင်ဘဲ နောက်ပြန်လှည့်မရသော ဓားသိုင်းစွမ်းအား ဖြစ်သည် အမှန်ပင်။

ရန်တိ၏လက်ရှိဓားသွားက ယခင်နှင့်မတူဘဲ ပြောင်းလဲသွားပြီး အဆက်မပြတ်တွန်းအားပေးကာ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။

အရင်ကထက် ပိုမိုမြန်ဆန်အားကြေင်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသလို ရန်တန့်ရန်လည်း ခက်ခဲလှသည်။

“ဖန်ဆင်းခြင်းဓား” က မိုးမြေတစ်ခုလုံးကို တစ်ခဏအတွင် ဖျက်ဆီးပစ်လိုက်သည်။

ချန်ချန်းဟွာ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အတိုင်းအဆမဲ့ထိုက်စုခန္ဓာနှင့် ထိုက်ရှီခုန်မင်မရှိမှုခန္ဓာကို တစ်ပြိုင်တည်းအသုံးပြုကာ အချိန်ဆွဲရန် ကြိုးစားလိုက်သည်။

ထို့နောက် ဘယ်ဘက်လက်က ဗလာနယ်ကောင်းကင်ကျမ်းစာတန်ခိုးစွမ်းအားကို ထုတ်ဖော်ပြီး ညာဘက်လက်တွင် ထာဝရအလင်းကောင်းကင်ကျမ်းစာ၏ နက်နဲသောတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးက သူ့ကို ဝန်းရံထားပြီး ရန်တိ၏ဓားချက်က အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများအား ထိမှန်ခြင်းမရှိစေရန် အစွမ်းကုန် ကာကွယ်လိုက်၏။

သို့တိုင် ရန်တိ၏ဓားအလင်းတန်းက သူ၏ခန္ဓာကိုယ်ထက်သို့ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချလိုက်ပြီး လေထဲတွင် သွေးစများ လွင့်ပျံစွန်းထင်းသွားသည်။

ရန်တိ၏ဓားချက်ထိမှန်ခံရသည်နှင့် ချန်ချန်းဟွာ၏ ညာဘက်ပခုံးမှ ဘယ်ဘက်ခါးအထိ ကန့်လန့်ဖြတ်ဓားဒဏ်ရာကြီး အတိုင်းသားထွက်ပေါ်လာကာ သွေးများရွှဲနစ်လျှက်ရှိပြီး ၊ သူ၏ခန္ဓာကိုယ်က နောက်သို့လွင့်စင်ထွက်သွားသည်။

ဝမ်ကျန်းချန် မြင်ကွင်းကို တုန်လှုပ်စွာဖြင့် ကြည့်နေမိသည်။

“ဒီဓားဝိညာဉ်... ဒီလို ဓားသိုင်းပညာ...”

ချန်ချန်းဟွာ ချေင်းတဟွတ်ဟွတ်ဆိုးရင်း....

“အဟွတ်... အဟွတ်... အဟွတ်... တကယ်ပဲ... ဒီ တစ်မိသားစုထဲကလူတွေကတော့...”

သို့သော် သူ့မျက်နှာကြည့်ရသည်မှာ အတော်လေးပျော်ရွှင်နေဟန်ဖြင့် ရယ်မောရွှင်မြူးလျှက် ရှိ၏။

“ဟိုတလောက ရန်ကျောက်ကဲနဲ့တိုက်ခိုက်တုန်းက ရခဲ့တဲ့ဒဏ်ရာက ဒီနေ့ဒဏ်ရာထက်တောင်ပိုပြင်းသေးတယ်... အဟွတ် အဟွတ်...”

နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်၏ တန်ခိုးစွမ်းအားအကူအညီဖြင့် ချန်ချန်းဟွာ၏ဒဏ်ရာက လျှင်မြန်စွာပင် သက်သာပျောက်ကင်းလာသည်။ သို့သော် မျှော်လင့်ထားသည်ထက် နှေးကွေးနေသည်။

ရန်တိ၏ ‘ဖန်ဆင်ခြင်းဓားသိုင်းဝိညာဉ်’ က သူ၏ဓားဒဏ်ရာတွင် ထင်ကျန်နေပြီး နှောင်းပိုင်းကောင်းကင်ကျမ်းစာ တန်ခိုးစွမ်းအားကို အတိုင်းအတာတစ်ခုအထိ တားဆီးထားသည်။

နှောင်းပိုင်းကောင်းကင်တန်ခိုးစွမ်းအားကို ကနဦးကောင်းကင်တန်ခိုးစွမ်းအားနှင့် ပေါင်းစပ်နိုင်မှသာ ချန်ချန်းဟွာ၏ဒဏ်ရာက သိသိသာသာ ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

ချန်ချန်းဟွာက...

“စိတ်မကောင်းစရာပဲ... မင်းရဲ့ ထိုက်ယိဟွာတိမ်တိုက်ကို ငါ မထိုးဖောက်နိုင်ခဲ့ဘူး”

အထက်ရပ်ထိပ်တန်းအရှင်သခင်က သူ့ဒဏ်ရာအတွက် စိတ်မကောင်းဖြစ်ရမည့်အစား အခြားအရာများအတွက် စိတ်မကောင်းဖြစ်နေဟန် ရှိ၏။

“ဒီလိုအချိန်မျိုးမှာ ငါ... ကောင်းကင်ဖွင့်ကျမ်းစာ ကျင့်ကြံမထားနိုင်တာ အတော်လေး စိတ်မကောင်းစရာပဲ...”

ချန်ချန်းဟွာ ဒဏ်ရာရသွားသည်ကိုမြင်တော့ ဝမ်ကျန်းချန်က တစ်ချက်မတုံ့ဆိုင်းဘဲ ရှေ့သို့အလျှင်အမြန်တက်လာပြီး သူတို့နှစ်ယောက်ကြားသို့ ရောက်ရှိလာသည်။

ချန်ချန်းဟွာက နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ပေါင်းစည်းခြင်းတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် ရန်တိ၏ဓားချက်ဖြင့် အသက်မဆုံးပါက ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ချက်ရှိသည်။

သို့သော် ဤဒဏ်ရာမှ နေ့ချင်းညချင်း ပြန်လည်ကောင်းလာနိုင်မည်တော့ မဟုတ်ပေ။

ထို့ပြင် စောစောက ရန်တိအသုံးပြုသည့်ဓားချက်ကို ပြန်စဉ်းစားမိသည့်အခါ ဝမ်ကျန်းချန်သည်လည်း ရင်ဆိုင်နိုင်ပါမည်လား ယုံကြည်မှုအပြည့်အဝ မရှိတော့ပေ။

ရန်တိလက်ထဲမှဓားအလင်းတန်း ပျောက်ကွယ်သွားပြီး သဏ္ဌန်မဲ့မှုအဖြစ် တစ်ဖန်ပြန်လည်ပြောင်းလဲသွားသည်။

ရန်တိက ချန်ချန်းဟွာနှင့် ဝမ်ကျန်းချန်တို့ကို အေးစက်စွာတစ်ချက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ မြောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာသွားသည်။

ရွှယ်ချူးချင်၏အသက်က စက္ကန့်နှင့်အမျှ အရေးကြီးနေသည်ဖြစ်ရာ ရန်တိ အချိန်ဆွဲရန် မစဉ်းစားတော့ပေ။

ဝမ်ကျန်းချန် ၊ ချန်ချန်းဟွာ ၊ အနက်ရောင်ပိုးသားဧကရာဇ်နှင့် ချန်းဧကရာဇ်တို့အုပ်စုတွင် ရွှယ်ချူးချင်းကို ရင်ဆိုင်ရန် နောက်ထပ်လူအင်အားများ ရှိနေမည် အမှန်ပင်။

ဝမ်ကျန်းချန် ပင့်သက်တစ်ချက်ရှိုက်ရင်း ရန်တိနောက်မှ လိုက်ပါသွားရန် ဟန်ပြင်လိုက်သည်။

ရန်တိ၏ဓားသိုင်းက အလွန်အမင်းထိတ်လန့်ဖွယ်ရာဖြစ်သည့်တိုင် သူ၏ အစီအစဉ်အောင်မြင်မှုနှင့် နှိုင်းယှဉ်ပါ အရေးမပါလှပေ။ သူ့အသက်အန္တရယ်ရှိလျှင်တောင်မှ ဝမ်ကျန်းချန်အနေဖြင့် ရန်တိကို တားဆီးရပေလိမ့်မည်။

ဝမ်ကျန်းချန်ကိုကြည့်ပြီး ချန်ချန်းဟွာက တစ်ချက်ရယ်မောလိုက်သည်

“မင်း သူ့နောက် လိုက်ချင်လိုက်သွားလေ... သူ့အနေနဲ့ ဒီလိုဓားကွက်မျိုးကို ဆက်တိုက်အသုံးပြုနိုင်မယ်လို့တော့ မထင်ပါူဘး”

ရယ်မောရင်းပင် သူက ဆက်ပြောသည်။

“ဆက်တိုက်မသုံးနိုင်ဘူးဆိုပေမယ့် ဘယ်လောက်ကြာရင်ပြန်သုံးနိုင်မလဲဆိုတာတော့ ငါလည်း မပြောနိုင်ဘူး”

ဝမ်ကျန်းချန်က ချန်ချန်းဟွာကိုကြည့်ရင်း...

“အထက်ရပ်ထိပ်တန်းအရှင်သခင်... မင်း...”

ချန်ချန်းဟွာက ပခုံးတစ်ချက်တွန့်ရင်း...

“ငါတော့ ဒီနေ့ဒီလောက်ပဲ... ၊ ထပ်ပြီး အပျော်မရှာချင်တော့ဘူး ၊ အဲဒီ ‘ရန်’ အသားအဖက တကယ်ထူးခြားတဲ့သူတွေပဲ”

ထို့နောက် ဝမ်ကျန်းချန် စကားပြန်မပြောနိုင်ခင်မှာပင် ချန်ချန်းဟွာက ရယ်မောရင်း ကောင်းကင်ထက်သို့အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ဝမ်းကျန်းချန် ကောင်းကင်ထက်သို့ခေါင်းမော့ကြည့်ရင်း သက်ပြင်းချလိုက်မိစဉ်...

ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံလိုက်မိသည်။

သူ ခေါင်းလှည့်ပြီး အခြားဘက်သို့ကြည့်လိုက်တော့ ထိုနေရာမှ အလင်းရောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းရောင်များထဲတွင် လူရိပ်နှစ်ခု အပြင်းအထန် ရောထွေးယှက်တင် တိုက်ခိုက်နေကြသည်ကို တွေ့ရသည်။

အခြားသူများ မဟုတ်ပေ ၊ အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရန်ကျောက်ကဲတို့ပင် ဖြစ်၏။

ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကို လုံးဝ ခါချမပစ်နိုင်သေးသည့်တိုင် အတော်လေး နှောင့်နှေးအောင် ဟန့်တားထားနိုင်ခဲ့သည်။

သူတို့နှစ်ယောက် တစ်လျှောက်လုံးတိုက်ပွဲဝင်လာရင်း အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်နှင့် မဝေးလှသော မြူခိုးသစ်ရွက်တောင်သို့ ရောက်ရှိလာကြခြင်းသာပင်။

မြင်ကွင်းကိုကြည့်ရင်း ဝမ်ကျန်းချန်မှာ ရင်ထဲနင့်သွားအောင် ခံစားလိုက်ရလေတော့၏။

All Chapters