အိပ်ရာခင်းတာ ခက်လို့လား
Vol. 9 Ch. 9
ရုတ်တရက် လူစိမ်းတွေရောက်လာတာကြောင့် လီဆာရော ဆိုင်ဝန်ထမ်းအမျိုးသမီးပါ စိတ်ရှုပ်သွားပါတယ်။ လီဆာက မြန်မြန်ဆန်ဆန်ပဲ နောက်ထဲပြေးဝင်သွားပြီး ဆိုင်ရှင်အဖွားကို တည်းခိုခန်းရှေ့ခေါ်လာလေရဲ့။
“အဒေါ်က ဒီတည်းခိုခန်းကဆိုင်ရှင် ဒိုင်ယာနာ အန်ဒီဂရေးပါ။ ကိစ္စတစ်ခုခုရှိလို့လား။” အဖွားဒိုင်ယာနာက မျက်မှန်ကိုပင့်တင်လိုက်ပြီး အိမ်တော်ထိန်းချုပ်ဆိုတဲ့ ယာမာဒါကိုမော့ကြည့်တယ်။
ယာမာဒါကလည်း ခါးကိုင်းနေတဲ့ အဖွားဒိုင်ယာနာကို လက်ပိုက်လျက်အနေအထားကနေ ငုံကြည့်ရင်း အခုလိုမျိုးပြောလိုက်ပါပြီ။
“ဆုဗာနာနယ်စားနယ်မြေက ကြီးမြတ်တဲ့မင်းသမီးလေး မက်ဒါနာက ဒီတည်းခိုခန်းစုတ်... အဲလေ၊ ဒီတည်းခိုခန်းလေးမှာ တည်းနေတယ်ကြားလို့ သူအဆင်ပြေမပြေလာကြည့်တာပါ။”
ဆုဗာနာမင်းသမီးဆိုတဲ့စကားစုကိုကြားတော့ လီဆာက ခေါင်းကိုစောင်းလိုက်ပြီး မက်ဒါနာရှိရာကိုလှည့်ကြည့်တယ်။ မက်ဒါနာကတော့ သူတို့ကိုအချိန်တစ်ခုကြာတဲ့အထိ ကြည့်နေခဲ့ပေမဲ့ မကြာခင်မှာပဲ စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားပြီး စားစရာတွေကိုပဲ ပြန်အာရုံစိုက်နေလေရဲ့။
“မင်းသမီး... မဖြစ်နိုင်တာ၊ ကျွန်မတို့လို တည်းခိုခန်းသေးသေးလေးဆီကို ဘယ်လိုလုပ်ပြီး နိုင်ငံရပ်ခြားက မင်းသမီးတစ်ပါးလာပြီးတည်းမှာလဲ။”
ဝန်ထမ်းအစ်မကြီးက ရယ်ချင်နေတဲ့မျက်နှာနဲ့ပြန်ဖြေပေမဲ့ လီဆာက ဝန်ထမ်းအစ်မကြီးရဲ့အင်္ကျီလက်ကို လှမ်းဆွဲပြီး မက်ဒါနာကို လက်ညိုးထိုးပြတယ်။
“မမအဲလင့်ရေ၊ အဲဒီဆံပင်အဖြူနဲ့အရူးမကြီးက တကယ်တော့ ဆုဗာနာမင်းသမီး။”
“ဟောတော့....” ဒီတော့မှ အဲလင့်ကလည်း အံ့ဩမှုကြောင့် ဟသွားတဲ့ ပါးစပ်ကို လက်ဝါးနဲ့ကာလိုက်ပြီး မက်ဒါနာကို ကြည့်လိုက်တယ်။ ဆိုင်ရှင်အဖွားလည်း အလားတူပဲ မျက်မှန်ကိုပင့်ကာပင့်ကာနဲ့ မက်ဒါနာကို ပြူးကြည့်တယ်။ ပြီးတော့ မင်းသမီးဆိုတဲ့စကားကို တခြားစားသုံးသူတွေလည်းကြားပြီး မက်ဒါနာကိုဝိုင်းကြည့်နေကြပါပြီ။
“ကျွန်မ အမှားတစ်ခုခုလုပ်ထားလို့လားဟင်။” မက်ဒါနာက ပါစတာတွေကို ပါးစပ်ထဲထည့်ဝါးနေရင်းကနေ သူ့ကိုလူတိုင်းဝိုင်းကြည့်နေတာ ခံစားမိတာကြောင့် စားလက်စတွေကို အကုန်လုံးမျိုချပြီး မေးလိုက်တာ။
“မင်းသမီးလေးမက်ဒါနာလိုမျိုး နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက် ကိုယ့်တည်းခိုခန်းမှာ လာတည်းနေတာကို သတိထောင်မထားမိကြဘူးပဲ။ မင်းသမီးလေးရဲ့နေရေးထိုင်ရေးအတွက် စိတ်ပူစရာကောင်းလိုက်တာ။”
အိမ်တော်ထိန်းယာမာဒါက မက်ဒါနာဆီကို လျှောက်လာတယ်။ အနားကိုချဥ်းကပ်လာတယ်ဆိုပေမဲ့ သူကမက်ဒါနာရဲ့သီးသန့်ဖြစ်တည်မှုကို မထိခိုက်စေဖို့အတွက် သုံးပေထက်ပိုပြီး ကပ်မလာပါဘူး။
“ခွင့်ပြုပါ၊ မင်းသမီးလေးစားနေတဲ့ ဟင်းလျာကို သိခွင့်ရမလား။”
မက်ဒါနာက ရုတ်တရက်ကြီး လူစိမ်းတစ်ယောက်ကစကားလာပြောတဲ့အတွက် အံ့ဩသွားပေမဲ့ ဟင်းပွဲနာမည်ပြောပြရုံနဲ့ ဘာမှမဖြစ်လောက်တဲ့အတွက် အမှန်အတိုင်းပဲပြန်ဖြေတယ်။
“ပါစတာမရောနိခေါက်ဆွဲသုပ်လေ။”
“အရောင်နဲ့အနံအရတော့ မဆိုးပါဘူး။ သူတို့က မင်းသမီးလေးအတွက် အထူးပြင်ဆင်ပေးထားတာလား။”
“မဟုတ်ပါဘူး၊ ဒီနေ့အတွက် အထူးဟင်းလျာဆိုလို့ မှာစားလိုက်တာလေ။ တစ်ပွဲကို ဘရာဇီးရာလ်ငွေ နှစ်ဆယ်ကျတယ်။”
မက်ဒါနာရဲ့အဖြေကိုလည်းကြားရော ယာမာဒါရဲ့နဖူးသွေးကြောတွေ ထောင်ထလာပြီး ဆိုင်ရှင်အဖွားဘက်ကို ကြည့်ပြီးအော်ဟစ်လိုက်လေရဲ့။
“ဒီတော့ မင်းတို့က တော်ဝင်မျိုးတစ်ယောက်ဖြစ်တဲ့ မင်းသမီးလေးမက်ဒါနာကို သီးသန့်အထူးဟင်းလျာပြင်ဆင်မပေးဘူးပေါ့လေ။ ပြီးတော့ ပိုက်ဆံတောင် တောင်းလိုက်သေးတယ်။”
မက်ဒါနာက အဲဒီလူကြီးလုပ်နေတာကိုကြည့်ရင်း နားမလည်နိုင်တော့ဘူး။ နောက်တော့ သနားစရာကောင်းလောက်အောင် မျက်နှာငယ်လေးတွေနဲ့ဖြစ်နေတဲ့ အဖွားဒိုင်ယာနာနဲ့စားပွဲထိုးအဲလင့်တို့ကိုကြည့်ပြီး သက်ပြင်းချလိုက်မိတယ်။ ‘အခုကိစ္စက ငါ့ကြောင့်နဲ့စတာဆိုတော့ ဒီတိုင်းထိုင်ကြည့်နေရင် မကောင်းတော့ဘူးမဟုတ်လား။’
“ရပါတယ်၊ ယာမာဒါ-ဆန်။ ကျွန်မက တော်ဝင်မျိုးဆိုပေမဲ့ ဆိုင်တစ်ဆိုင်မှာဝင်စားပြီး ပိုက်ဆံမရှင်းတဲ့ ကပ်ပါးကောင်မဟုတ်ရပါဘူး။ ဆုဗာနာမှာလည်း ပိုက်ဆံပေးပြီးစားနေကြပါ။”
မက်ဒါနာက ယာမာဒါကို ကိစ္စမရှိကြောင်းရှင်းပြဖို့ ကြိုးစားပေမဲ့ ယာမာဒါကတော့ လက်မခံဘဲပြဿနာလာရှာနေတုန်းပဲ။ “မင်းသမီးလေး ပြောချင်တာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟိုတယ်တွေအတွက်က မင်းသမီးလေးလိုပုဂ္ဂိုလ်မျိုးကို ဧည့်သည်အဖြစ်လက်ခံခွင့်ရတာကိုက လာဘ်တစ်ပါးပါ။ ကျွန်တော်တို့ဘလိးဘီးယားဟိုတယ်မှာဆိုရင် မင်းသမီးလေးတည်းခဲ့တယ်ဆိုတဲ့ သက်သေတစ်ခုနဲ့တင် လိုအပ်သမျှကို အဖိုးအခမယူဘဲ ဖြည့်ဆည်းပေးမှာပါ။”
“ရှင်ပြောလို့ပြီးရင် ကျွန်မဆက်စားလိုက်ဦးမယ်။” မက်ဒါနာကတော့ ဘဏ္ဍာစိုးဝတ်စုံနဲ့သူ ဝူးဝါးဝူးဝါးနဲ့ပြောနေတာ နားမထောင်ချင်တော့တဲ့အတွက် စကားစဖြတ်ပြီး ခေါက်ဆွဲဆက်စားတယ်။ ယာမာဒါလည်း သက်ပြင်းရှည်ကြီးချလိုက်ပြီး တည်းခိုခန်းအတွင်းထဲကို တစ်ချက်ကြည့်ကာ မက်ဒါနာကို ဦးညွှတ်ရင်း ကျန်တဲ့သူ့လက်အောက်ငယ်သားတွေကို အမိန့်ပေးတယ်။
“မင်းသမီးလေးရဲ့အိပ်ခန်းကို သူတို့သေချာပြင်ဆင်ထားမထား သေချာသွားကြည့်ခဲ့။”
“ဟုတ်ကဲ့။” ဟိုတယ်အမှုထမ်းနှစ်ယောက်က ယာမာဒါကို ဦးညွှတ်လိုက်ပြီး ပိုင်ရှင်ခွင့်ပြုမပြုကို မစောင့်တော့ဘဲ တစ်ခါတည်း ဟိုတယ်အပေါ်ထပ်ကို တက်သွားပါလေရော။
“အိမ်တော်ထိန်းချုပ်၊ အပြင်အဆင်တွေက သာမန်ထက်ကို ဆိုးဝါးပါတယ်။ ခေါင်းအုံးစွပ်တွေနဲ့စောင်တွေက ဟောင်းနွမ်းနေပြီး အထူးဧည့်သည်တစ်ယောက်တည်းဖို့ မသင့်တော်ပါဘူး။”
ဆယ်မိနစ်လောက်ကြာတော့ ဝန်ထမ်းတွေပြန်လာပြီး သတင်းလာပို့ကြတယ်။ အိမ်တော်ထိန်းချုပ်ကတော့ ခေါင်းခါလိုက်ပါပြီ။
“ဘုရားရေ၊ ဒီတည်းခိုခန်းအသေးလေးက Google Mapမှာ ကြယ်ငါးပွင့်ရထားလို့သာပဲ။” နောက်တော့ သူက မက်ဒါနာဆီကို ပြန်လျှောက်လာပြီး ဦးညွှတ်ပါတယ်။
“မင်းသမီးလေးခင်ဗျ၊ ဒီတည်းခိုခန်းက မင်းသမီးလေးလို တော်ဝင်မျိုးတစ်ယောက်နဲ့အဆင့်အတန်းနဲ့ ကိုက်ညီမှုမရှိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ဟိုတယ်ကို လိုက်ခဲ့ပေးပါ။”
အိမ်တော်ထိန်းချုပ်က ပြောပြောဆိုဆိုနဲ့အချက်ပြတော့ ဝန်ထမ်းတွေအားလုံးက မက်ဒါနာအလယ်မှာလျှောက်ဖို့ နေရာဖယ်ပေးပြီး ပလက်ဖောင်းပေါ်မှာ မျက်နှာချင်းဆိုင်တန်းစီရပ်လိုက်ကြတယ်။ သူတို့က မက်ဒါနာကိုခြံရံပြီး ဟိုတယ်ကိုလမ်းပြခေါ်သွားဖို့ လုပ်နေတာပါ။
“....” ကြောင်အနေပြီး ဘာပြောလို့ပြောရမှန်းမသိဖြစ်နေတဲ့ မက်ဒါနာ။ ‘နင်တို့တွေ အနည်းဆုံးတော့ ငါ့ကိုမနက်စာကောင်းကောင်းစားခွင့်ပေးပါလားဟ။’ လို့ သူထအော်မိလုမတတ်ပဲ။
“နင်တို့တွေ....” လီဆာက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှေ့ကိုထွက်လာတယ်။ သူ့မျက်လုံးတွေက ဒေါင်လိုက်ဖြစ်နေပြီး အချိန်မရွေးနဂါးပုံစံ ပြောင်းလဲသွားနိုင်ပါတယ်။ သူက သည်းမခံနိုင်တော့တဲ့ပုံစံနဲ့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်နေပြီး ယာမာဒါကို ကြည့်လိုက်ပါပြီ။
“ဒီမယ်... ကျွန်မတို့တည်းခိုခန်းမှာ တည်းနေတဲ့လူတစ်ယောက်ကို ရှင်တို့ဒီလိုပဲ ခေါ်သွားလို့ရသလား။ အဲဒီအရူးမကြီးက ရှင်တို့နောက်လိုက်မယ်လို့ရော ပြောသေးလို့လား။”
မက်ဒါနာက လီဆာအခုလိုမျိုး ရဲရဲဝင့်ဝင့်ထွက်လာပြီး ယာမာဒါကိုရန်တွေ့တဲ့အတွက် မျက်ခုံးပင့်လိုက်မိတယ်။ လီဆာရဲ့မျက်လုံးတွေထဲက တိုက်ခိုက်ချင်စိတ်ကို သူမြင်နေရတဲ့အတွက်ကြောင့် သူ့ကိုယ်ထဲက သွေးတွေပါ ဆူပွက်လာသလိုခံစားရတယ်။ ‘ဒါက တိုက်ပွဲဝင်ချင်စိတ်အပြည့်ရှိနေတဲ့ လီဆာရဲ့စိတ်ဝိညာဥ်လား။’လို့ သူတွေးမိလိုက်တယ်။ သူ့အနေနဲ့ ယာမာဒါတို့အုပ်စုကို ငြင်းလိုက်လို့ရပေမဲ့ လီဆာရဲ့မျက်လုံးထဲက မီးတောက်တွေကိုမြင်ပြီးတဲ့နောက်မှာတော့ တိတ်တိတ်လေး ရေလိုက်ငါးလိုက်နေဖို့ ဆုံးဖြတ်လိုက်ပါပြီ။
“ကောင်မလေး၊ မင်းကြည့်ရတာ ယုံကြည်မှုပြည့်နေသလိုပဲ။ ဘယ်လိုလဲ၊ မင်းက ငါတို့ကိုစိန်ခေါ်ချင်တာလား။” ယာမာဒါကလည်း လီဆာကို မကြောက်မရွံပြန်ကြည့်ပြီးမေးတယ်။
“အင်း...” လီဆာကလည်း ခေါင်းညိတ်ပြလိုက်တယ်။
ယာမာဒါကလည်း ပြုံးလိုက်ပြီး လက်ကိုပိုက်လိုက်တယ်။ “ဒါဆိုရင် ငါတို့ဟိုတယ်ချင်းပြိုင်ကြမလား။ အိပ်ရာပြင်ဆင်မှုအတတ်၊ ဟိုတယ်သန့်ရှင်းရေးနဲ့ ညစာတည်ခင်းခြင်း သုံးခုပေါ့။”
“ကောင်းပြီလေ၊ ဆိပ်ကမ်းပြာက အလျှော့ပေးမှာမဟုတ်ဘူး။” လီဆာက ဆိုင်ရှင်အဖွား ဘာမှမပြောသေးခင်မှာပဲ ခေါင်းညိတ်သဘောတူလိုက်တယ်။
“ဟုတ်ပြီလေ၊ ဒီညနေမှာ ပြိုင်ပွဲအတွက်အသေးစိတ်အချက်အလက်တွေကို လူတစ်ယောက်နဲ့ပို့ခိုင်းလိုက်ပါမယ်။” ယာမာဒါတို့အုပ်စုက မက်ဒါနာကို ဦးညွှတ်ပြီးပြန်ထွက်သွားတယ်။ မက်ဒါနာကတော့ မနက်စာကို လက်စသတ်ရင်းနဲ့ စဥ်းစားလိုက်ပြန်တယ်။
“နောက်ထပ်ပြိုင်ပွဲလား၊ ဒါပေမဲ့ ဟိုတယ်ဧည့်ဝတ်ကျေပွန်မှုအပိုင်းက ပြိုင်ပွဲလုပ်လို့ရလို့လား။” မက်ဒါနာက သူ့ခေါင်းသူကုတ်လိုက်တယ်။ ဟိုတယ်ပြိုင်ပွဲကြားဖူးပေမဲ့ ဧည့်ဝတ်ကျေပွန်မှုပြိုင်ပွဲကျ သူကြားဖူးတဲ့ကိစ္စမျိုးမဟုတ်ဘူး။
...
“အားဟားဟား... အားဟားဟား... ဒီတော့ သူတကယ်ကြီးလက်ခံလိုက်တယ်ပေါ့လေ။” အိုလီက စီးပွားရေးသမားတစ်ယောက်ပုံစံရှိနေတဲ့ သူ့တပည့်မနောက်တစ်ယောက်နဲ့အတူရှိနေတယ်။ သူတို့က ရင်းနှီးနေတဲ့ အထပ်မြင့်ကဖေးပေါ်မှာဖြစ်ပြီး လီဆာက ပြိုင်ပွဲကိုလက်ခံတဲ့မြင်ကွင်းကို မြင်နေရပါတယ်။အိုလီအနေနဲ့ လီဆာပြောတာတွေကို ကြားစရာမလိုဘဲ အမူအရာကိုကြည့်ရုံနဲ့တင် ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဗိုက်နှိပ်ပြီးရယ်နေတာ။
“အိုလီ၊ အဓိကကျတာကိုလုပ်။” ဂျက်စပါက နောက်ကနေပြောလိုက်တော့ အိုလီက သဘောမကျတဲ့ပုံစံနဲ့ စုံလည်ကုလားထိုင်ကို ဂျက်စပါဘက်လှည့်ကာ ပေါင်ချိတ်ထိုင်ထားတဲ့ခြေကိုဖြုတ်ပြီး ဂျက်စပါ့ခြေကိုနင်းပစ်တယ်။
အိ...
ဂျက်စပါဆီကနေ မသည်းမကွဲညည်းသံထွက်လာတယ်။
“ငါဘာလုပ်နေလဲဆိုတာ ငါသိပါတယ်နော်၊ ဂျက်စပါ။ နင်ငါ့ကို သတိပေးစရာမလိုဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ပုစွန်ကောင်ကို စမ်းသပ်လို့မပြီးမချင်း ငါတို့မှာလုပ်စရာအလုပ်မှမရှိတာ။ ဒီတော့ သူတို့ကိုနည်းနည်းစိတ်အနှောင့်အယှက်ပေးရင်း ပွဲကြည့်ကြတာပေါ့။”
အိုလီက စကားဆုံးလို့ပြီးတော့ ဂျက်စပါကိုပြုံးပြလိုက်ပြီး ခြေထောက်ကို ဂျက်စပါ့ခြေထောက်ပေါ်ကနေ တဖြည်းဖြည်းချင်းဖယ်လိုက်တယ်။ ဂျက်စပါရဲ့ခြေခုံမှာတော့ ဒေါက်ဖိနပ်ရာကြီးထင်ကျန်ရစ်တာပေါ့။
“ဒါနဲ့စမိုင်း၊ အဲဒီဟိုတယ်ကို နေ့ချင်းညချင်းဝယ်ပြီး ငါ့ဆန္ဒကိုဖြည့်ပေးလို့ကျေးဇူးပဲ။ နင်ပြန်သွားလို့ရပြီ။”
အိုလီက စမိုင်းဆိုတဲ့ စီးပွားရေးသမားအမျိုးသမီးကိုပြောတော့ အဲဒီအမျိုးသမီးက အိုလီကိုဦးညွှတ်ပြီး အခန်းထဲကနေပြီး တဖြည်းဖြည်းထွက်သွားတယ်။
...
ညနေပိုင်းရောက်တော့ အေမီကင်းလှည့်ရာကနေပြီး ပြန်လာပြီ။ မက်ဒါနာကတော့ အခန်းထဲမှာရှိနေပြီးတော့ မဟာမိတ်ကသတင်းအစီအရင်ခံစာတွေကို ဖတ်ကြည့်နေပါတယ်။ သူတို့ရှိမနေတုန်း မဟာမိတ်မှာ ကိစ္စတွေအများကြီးဖြစ်ပျက်နေတာပါ။
“ဒီတော့ ဆိုဖီယာတို့တွေက လွန်ခဲ့တဲ့ရက်တွေမှာ ရန်သူ့နယ်မြေထဲ အကြိမ်ပေါင်းတစ်ဒါဇင်ထက်မနည်း ဝင်တိုက်ခဲ့တာပဲ။ လူထောင်ချီကိုကယ်ထုတ်နိုင်ခဲ့ပြီး ပိုးကောင်သောင်းဂဏန်းလောက်ကို သတ်ပြီးသွားပြီ။”
မက်ဒါနာက ဖတ်ရင်းနဲ့ခေါင်းညိတ်ကာ သူ့အဖွဲ့ဝင်တွေကို အသိအမှတ်ပြုလိုက်တယ်။ တစ်ဖက်မှာတော့ လီဆာက မက်ဒါနာရဲ့ရှုပ်ပွနေတဲ့ အိပ်ရာပေါ်မှာရှိနေပြီး လက်ချောင်းလေးသုံးချောင်းကို ထောင်ကြည့်ပြီး စဥ်းစားခန်းဖွင့်နေလေရဲ့။
“အိပ်ရာခင်းတာရယ်၊ သန့်ရှင်းရေးလုပ်တာရယ်၊ ညစာပြင်တာရယ်ပေါ့။ မခက်တော့မခက်လောက်ပါဘူး။”
ဒါပေါ့၊ လီဆာက မက်ဒါနာကို တခြားဟိုတယ်ကလူတွေ လုယူမသွားအောင်လို့ ပြိုင်ရမယ့်ပြိုင်ပွဲအတွက်စိတ်ပူနေတာ။ သူ့ရဲ့အားနေတဲ့ လက်တစ်ဖက်တည်းမှာတော့ ပြိုင်ပွဲအကြောင်းအသေးစိတ်ရေးထားတဲ့ စာရွက်ကိုကိုင်ထားတယ်။ ဒါပေမဲ့ သူဘယ်လိုဖတ်ဖတ် နားမလည်ဘူး။
ကျွီ....
တံခါးပွင့်လာပြီး လျှော်ပြီးသားစောင်တွေခေါင်းအုံးတွေနဲ့အတူ အေမီက အခန်းထဲဝင်လာတယ်။ ဒီတည်းခိုခန်းမှာက ဝန်ထမ်းနည်းနည်းပဲရှိတဲ့အတွက် အေမီက လီဆာတို့အလုပ်မရှုပ်အောင်ဆိုပြီး မက်ဒါနာရဲ့အခန်းကို ကိုယ်တိုင်ပြင်ဆင်ဖို့တာဝန်ယူခဲ့တာပါ။
“အဲဒီလိုတွေးရင် မှားပါလိမ့်မယ်ရှင့်။” အေမီက လီဆာရဲ့လက်ထဲက ပြိုင်ပွဲစာရွက်ကို လှမ်းကြည့်လိုက်ရင်း ပြောပါတယ်။
ဒီတော့မှ လီဆာလည်း လင်းလတ်နေတဲ့မျက်လုံးတွေနဲ့ အိပ်ရာပေါ်မှာလှဲနေရာကနေ ထလိုက်ပြီး အေမီကိုကြည့်လိုက်ပါပြီ။
“ဟုတ်သားပဲ၊ အေမီက အိမ်စေမဟုတ်လား။ အိမ်တော်ထိန်းပညာနဲ့ပတ်သက်တာတွေသိမှာပေါ့။” လီဆာက အေမီကို အားကိုးတကြီးနဲ့ကြည့်လိုက်တယ်။ အေမီကတော့ လီဆာကို ခပ်ဖျော့ဖျော့ပြုံးပြရင်းကနေ မေးလိုက်ပါတယ်။
“အင်း၊ ဆိုပါတော့။ လီဆာကရော အိမ်တော်ထိန်းပညာကို ဘယ်လိုနားလည်ထားလဲ။”
“ဒီအတိုင်းပဲ သန့်ရှင်းရေးလုပ်တာတို့ အိပ်ရာခင်းအသစ်လဲပေးတာတို့ မဟုတ်ဘူးလား။” လီဆာက သူ့မေးကို လက်ညိုးလေးနဲ့ထောက်ပြီး ပြောလိုက်တော့ အေမီကခေါင်းခါပြတယ်။
“အဲဒါက တစ်စိတ်တစ်ပိုင်းဆိုပေမဲ့ ကျွန်မတို့လုပ်ရတဲ့ အားလုံးတော့မဟုတ်ပါဘူး။ တကယ်က အိမ်ရာကိုသန့်ရှင်းစေဖို့၊ အိမ်ရာကိုထိန်းသိမ်းဖို့နဲ့ အိမ်ရာရဲ့လုံခြုံရေးစတဲ့ ကဏ္ဍသုံးခုကို ကျွန်မတို့တာဝန်ယူရပါတယ်။”
“ဒါကြောင့် တချို့သူကောင်းမျိုးအိမ်စေတွေနဲ့ဘဏ္ဍာစိုးတွေက ကိုယ်ခံပညာပါတတ်ကြတာကိုး။” လီဆာက အေမီကိုကြည့်ပြီး ပြောလိုက်တယ်။ အယ်လိုဟင်ပဲဖြစ်ဖြစ် အေမီပဲဖြစ်ဖြစ် သူတို့ဝတ်စုံတွေမပါရင်တောင် တိုက်ခိုက်ရေးသမားကောင်းတွေ ဖြစ်နေဆဲပါ။
“အဲဒီလိုဆိုပေမဲ့ ဟိုတယ်က အိမ်ရာထိန်းသိမ်းရေးဝန်ထမ်းတွေကို ကိုယ်ခံပညာတတ်မယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ သာမန်အိမ်ရာထိန်းဝန်ထမ်းအနေနဲ့က ဧည့်သည်တွေရဲ့ပစ္စည်းမပျောက်အောင်တာဝန်ယူပေးရုံနဲ့တင် အဆင်ပြေပါတယ်။”
တကယ်လည်း တိုက်ခိုက်တတ်တဲ့ အိမ်စေတွေဆိုတာက သူကောင်းမျိုးတွေအတွက်တောင်မှ ရှားပါးတဲ့ကိစ္စတစ်ခုပါ။ အထူးလေ့ကျင့်မပေးထားမချင်း သူတို့လုပ်နိုင်မှာမဟုတ်ဘူး။
“ဒါနဲ့ပြိုင်ပွဲအစီအစဥ်အရ အိပ်ခန်းပြင်ဆင်တဲ့အတတ်ပညာကို သခင်မလေးလီဆာတို့ အရင်ပြိုင်ရမှာမဟုတ်လား။” အေမီက သူ့ခေါင်းထဲစကင်ဖတ်မှတ်ထားတဲ့ လီဆာ့လက်ထဲကစာပြီး ပြန်တွေးပြီးပြောတော့ လီဆာက ခေါင်းညိတ်ပြတယ်။
“မမလေးလီဆာက ဒီတည်းခိုခန်းမှာလုပ်နေတာကြာပြီဆိုတော့ အိပ်ရာခင်းတတ်ပြီမဟုတ်လား။”
လီဆာက ပြုံးလိုက်ပြီးတော့ “ဟင်းဟင်း၊ ဒီမှာရှိနေတုန်း ဖွားဖွားက အိပ်ရာတွေလိုက်ပြင်ပေးပြီး သမီးက စားပွဲထိုးပဲလိုက်လုပ်တာဆိုပေမဲ့ သိပ်မခက်ပါဘူး။ ဘာပဲပြောပြော ကျောင်းမှာတုန်းကလည်း ကိုယ့်အိပ်ရာကိုယ်ခင်းနေကျလေ။”
လီဆာက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့ကုတင်ပေါ်က စောင်တွေခေါင်းအုံးတွေကိုဖယ်၊ အိပ်ရာခင်းကို ဆွဲခွာတယ်။ အဲဒီနောက် ခပ်တည်တည်နဲ့ အိပ်ရာခင်းကို ကွန်ပစ်သလိုပစ်တင်ဖို့လုပ်ပေမဲ့ ကျရှုံးသွားပြီး အိပ်ရာခင်းက ကြမ်းပြင်ပေါ်ကျ၊ အကုန်လုံးတွန့်ကြေ
ကုန်တယ်။
“မဟုတ်တာ၊ ဖွားဖွားလုပ်တော့ကျ ကွန်ပစ်တာက လွယ်ပြီးတော့။” လီဆာက သူ့ခေါင်းသူခေါက်ရင်းနဲ့ အိပ်ရာခင်းကိုကွန်ပစ်သလိုပစ်ဖို့ မကြိုးစားတော့ဘဲ ပုံမှန်အတိုင်းခင်းဖို့လုပ်တယ်။ ခင်းလို့ရသွားတော့လည်း မညီမညာနဲ့အိပ်ရာခင်းတံဆိပ်က ခေါင်းရင်းမှာ။
အေမီက အနီးကပ်လာကြည့်ပြီး အလယ်မှာရှိနေသင့်တဲ့ ခေါက်ရိုးရာက ဘေးမှာရောက်နေတာကို ထောက်ပြတယ်။ “အိပ်ရာခင်းက အလယ်မကျပါဘူးရှင့်၊ ပြီးတော့ ခြေရင်းပိုင်းက ခေါင်းရင်းကိုရောက်နေပါတယ်။ အိပ်ရာခင်းနေရင်း ကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့အတွက် ဖုန်တွေအမှုန်တွေကပ်ပြီး သန့်ရှင်းမှုမရှိတော့ပါဘူး။”
“.....”
“ပြီးတော့ သခင်မလေးလီဆာ ပြင်ဆင်ဖို့ကြိုးစားနေတာက မမလေးမက်ဒါနာအတွက် တစ်ယောက်အိပ်ကုတင်ပါ။ ပြိုင်ပွဲမှာတော့ ကင်းဆိုက်မွေ့ရာကိုခင်းပြရမှာမလို့ ပိုခက်ပါတယ်။ ကျွန်မဘယ်လိုခင်းလည်း တစ်ချက်လောက်ကြည့်ချင်လား။”
လီဆာလည်း မငြင်းရဲတော့တဲ့အတွက် ခေါင်းကိုညိတ်လိုက်တော့ အေမီက သူယူလာတဲ့အိပ်ရာခင်းတွေကို ထိုင်ခုံတစ်လုံးပေါ်တင်ပြီး လီဆာခင်းထားတဲ့ အိပ်ရာခင်းအဟောင်းတွေကို တစ်လွှာချင်းစီဖယ်ရှားလိုက်တယ်။ နောက်တော့ အခုလိုပြောလိုက်လေရဲ့။
“အိိမ်ရာထိန်းဝန်ထမ်းတွေတတ်သင့်တဲ့ အခြေခံအကျဆုံး အိပ်ရာခင်းနည်းတွေထဲက တစ်ခုဖြစ်တဲ့ အိပ်ရာခင်းသုံးထည်အသုံးပြုနည်းကို သရုပ်ပြပေးပါမယ်။”
နောက်တော့ အေမီက ပထမဆုံးအိပ်ရာခင်းအဖြူကိုယူလိုက်ပြီး အိပ်ရာခြေရင်းမှာ တစ်ဝက်တစ်ပြတ်ဖြန့်ခင်းလိုက်တယ်။ “အိပ်ရာခင်းကို ကွန်ပစ်သလိုပစ်တင်ချင်ရင် အောက်ခြေကိုသေချာကိုင်ပြီး အလယ်ကိုအသာလေးဆွဲယူရပါမယ်၊ ပြီးရင်အဲဒါကိုခေါက်တင်ပြီး ခေါင်းရင်းဘက်ခြမ်းကို လက်နဲ့တွဲကိုင်ပြီး ဆွဲမြှောက်ပါ။ ပြီးရင် ခေါင်းရင်းခြမ်းကိုလွှတ်လိုက်။”
ဝှစ်....
အေမီက အောင်အောင်မြင်မြင်ပဲ အိပ်ရာခင်းကို ကွန်ပစ်သလို ပစ်တင်လိုက်တယ်။ အိပ်ရာခင်းက အတည့်မဖြစ်သေးပေမဲ့ အိပ်ရာပေါ်မှာ တင့်တယ်စွာရှိနေပါပြီ။ “မညီသေးတဲ့အတွက် လိုက်ညှိရပါမယ်။ အလယ်မှာရှိနေတဲ့ အထင်ရှားဆုံးခေါက်ရိုးရာကိုကြည့်ပြီး တည့်မတည့်ချိန်ပါ။”
အေမီက ပြောပြောဆိုဆိုနဲ့လိုက်ညှိတယ်။ ညီသွားမှ နောက်တစ်ဆင့်ထပ်တက်ပါတယ်။ “ဒါတွေပြီးရင်တော့ ထောင့်တွေချိုးပြီးအိပ်ရာသိမ်းပါမယ်။”
မကြာခင်မှာပဲ အေမီက ထောင့်တွေကိုလိုက်သိမ်းပြီးအိပ်ရာခင်းထောင့်တိုင်းမှာ လေးဆယ့်ငါးဒီဂရီချိုးထားတဲ့ ဧည့်ဝတ်ကျေပွန်မှုသင်္ကေတ ထောင့်ချိုးတွေကိုမြင်ရပြီ။
“ပြီးရင်တော့ ဒုတိယအိပ်ရာခင်းအလွှာကို စခင်းပါမယ်။ ဒီအလွှာက ကုတင်ခေါင်းရင်းနဲ့ကွက်တိဖြစ်ရမယ်။” အေမီက ခေါင်းရင်းနဲ့အတိ ဖြန့်ခင်းလိုက်ပြန်တယ်။
“တတိယအလွှာမခင်းခင် စောင်ကိုအရင်ခင်းရပါမယ်၊ စောင်က ခေါင်းရင်းနဲ့ရှစ်လက်မကွာရမယ်။” အေမီက မက်ဒါနာရဲ့စောင်အနီလေးကို ကွန်ပစ်သလိုပစ်တင်ပြီး သေချာလိုက်ဖြန့်တယ်။ ရှစ်လက်မလည်းခွာထားသေးတယ်။
“နောက်ဆုံးတစ်ထပ်ကတော့ စောင်နဲ့ကွက်တိထားရမှာပါ။ ပြီးရင် ပထမဆုံးအလွှာရဲ့ခေါင်းရင်းနဲ့အတိထားထားတဲ့အပိုင်းကို တတိယအလွှာပေါ်ခေါက်တင်ရပါမယ်။ ပြီးရင်နောက်တစ်ချပ်လိပ်တင်ပြီး အနားတွေလိုက်သိမ်းရပါမယ်။”
ဒီလိုနဲ့သရုပ်ပြတာပြီးသွားတယ်။ မက်ဒါနာတို့ရှေ့မှာပဲ ချစ်စရာအိပ်ရာလေးပုံစံပေါ်လာပြီ။ မက်ဒါနာကတော့ အိပ်ရာထဲချက်ချင်းဒိုင်ပင်ပစ်ဝင်ချင်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေလေရဲ့။ လီဆာကတော့ နဖူးပေါ်မှာချွေးတွေပြန်နေပြီ။
"သောက်ကျိုးနည်း၊ အိပ်ရာခင်းရတာ အဲဒီလောက်ရှုပ်မယ်လို့ ထင်မထားခဲ့ဘူး။"
အေမီကတော့ လီဆာကို ပြုံးပြလိုက်ပြီး "အိပ်ခန်းတစ်ခန်းကိုရှင်းရင် အိပ်ရာခင်းတာက ရှစ်မိနစ်အတွင်းပြီးရပါတယ်။ မဟုတ်ရင် တခြားသန့်ရှင်းရေးကိစ္စတွေကို လုပ်နိုင်မှာမဟုတ်ပါဘူး။" လို့ပြောရင်း သရုပ်ပြမှုကိုအဆုံးသတ်လိုက်တယ်။
[စာရေးသူ၏မှတ်စု: ဟိုတယ်လုပ်ငန်းမှာတော့ Triple Sheets လို့ခေါ်ပြီး ကိုယ်တိုင်ခေါက်ကြည့်ပြီးပါပြီ။ ပုံလည်းထည့်ပေးလိုက်ပါမယ်။]
https://mmxianxia.com/wp-content/uploads/2024/03/top-sheets-23.webp