ချင်မူနှင့် ခိုင်ဧကရာဇ်၏ သိုင်းပြိုင်ပွဲ
Vol. 55 Ch. 737
နဂါးသွဲ့ရေကန်တွေ့ဆုံပွဲသည် နာမည်ကြီးသည့်အလျောက် ကန်တစ်ကန်စလုံးတွင် ကမ္ဘာအရပ်ရပ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များ ပြည့်နေ၏။ ချင်မူ ကောင်းကင်နတ်အရှင်ဟွေ့ကို ရိုက်ထုတ်လိုက်သည့်အခါ အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြီး အပြေးအလွှား လာကြည့်သူကြသူများ တစတစ ပြုံတိုးလာကြသည်။
နတ်ဘုရားတစ်ပိုင်းများအနေဖြင့် ကောင်းကင်နတ်အရှင်ဟွေ့ကို အလွယ်တကူ ရိုက်ထုတ်နိုင်သော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် မဖြစ်နိုင်ပေ။
ကောင်းကင်နတ်အရှင်ဟွေ့က ကောင်းကင်ရတနာကျင့်စဉ်စနစ်၏ တည်ထောင်သူတစ်ယောက် ဖြစ်ပြီး ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခဲ့သူ ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားတို့က သူ့ကို ကောင်းချီးပေးကာ မြှောက်စားထားသည့်အတွက် သူ၏ကျင့်စဉ်စွမ်းအင်မှာလည်း အလွန်သိပ်သည်းသည်။ သူနှင့် ယှဉ်နိုင်မည့်သူဆို၍ ကျန်ကောင်းကင်နတ်အရှင် ခြောက်ပါးသာ ရှိလိမ့်မည်။
ထို့အပြင် ကောင်းကင်နတ်အရှင်ဟွေ့၏ အစွမ်းအစက ကောင်းကင်နတ်အရှင်ခုနစ်ပါးအနက် အားအနည်းဆုံး မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ဟွေ့သည် မီးစွမ်းအားကို ထိန်းချုပ်နိုင်သောကြောင့် မီးသိုင်းကောင်းကင်နတ်သိုင်းအရာတွင် သူ၏အသိအမြင်က အခြားသူများထက် သာလွန်၏။ ယခုတွင် ချင်မူက သူ့ကို ခြင်ကလေး၊ ယင်ကလေးလို ရိုက်ထုတ်လိုက်ရာ အဘယ်သို့ပြု၍ အုတ်အော်သောင်းနင်း မဖြစ်ဘဲ နေမည်နည်း။
“နတ်ဘုရားတွေနဲ့ တန်းတူတဲ့လား”
ချင်မူက ပြုံတိုးရောက်ရှိလာသူများအား ဂရုမစိုက်ဘဲ စဉ်းစားနေသည်။
နတ်ဘုရားဆိုသည်ကား အဘယ်အဓိပ္ပါယ်နည်း။
မသေနိုင်သောသူကို နတ်ဘုရားဟု ခေါ်လျှင် ဖန်ဆင်းကောင်းကင်နတ်သိုင်း ကျင့်ကြံလိုက်ရုံဖြင့် အမှန်တကယ်ပင် နတ်ဘုရားဟု ခေါ်နိုင်ပေသည်။ ဖန်ဆင်းကောင်းကင်နတ်သိုင်းများသည် သူ၏ရုပ်ခန္ဓာကို မသေနိုင်အောင် ထိန်းသိမ်းပြုပြင်နိုင်၏။ မအိုမင်း၊ မပျက်စီးအောင်လည်း မွမ်းမံပေးနိုင်သည်။ ထို့ကြောင့် သူ၏သက်တမ်းအရ ရှေးဟောင်းနတ်ဘုရားများဖြင့် ယှဉ်နိုင်သည်။
ကောင်းကင်နတ်အရှင်ယွီ ဖန်တီးခဲ့သော နည်းလမ်းက အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ဖြစ်လိမ့်မည်။
ကျင့်စဉ်စနစ်နှစ်ခုတွင် မတူညီသော အချက်များ ရှိ၏။ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်သည် အဆင့်ပိုင်းခြားရာ၌ ပိုမိုရှင်းလင်း၏။ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားခြင်းဖြင့် ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရှိလိမ့်မည်။
သို့သော် ဖန်ဆင်းကျင့်စဉ်၌မူ ထိုကဲ့သို့ အဆင့်ပိုင်းခြားထားခြင်း မရှိပေ။ အမြဲငယ်ရွယ်နုပျိုနေအောင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးသော ကောင်းကင်နတ်သိုင်းမျိုးနှင့် ပိုတူသည်။
သို့ရာတွင် ဖန်ဆင်းကောင်းကင်နတ်သိုင်းသည် အလွန်ကျင့်ကြံရခက်၏။ ထို့ကြောင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်လို မတွင်ကျယ်သည့်အပြင် အားလုံး၏ လက်ခံမှုလည်း မရရှိခြင်း ဖြစ်သည်။
“ဖန်ဆင်းကောင်းကင်နတ်သိုင်းရဲ့ ကန့်သတ်ချက်တွေက ကြီးမားလွန်းတယ်”
ချင်မူ တွက်ချက်ပြီး ကောင်းကင်နတ်အရှင်လင်ဆီသို့ ပြောလိုက်သည်။ “မမကြီးလင်၊ ဖန်ဆင်းကောင်းကင်နတ်သိုင်းတွေက လူတစ်ယောက်ကို နတ်ဘုရားတစ်ပါးနဲ့ တန်းတူဖြစ်အောင် လုပ်ပေးနိုင်ပေမယ့် ကောင်းကင်နတ်အရှင်ယွီ ဖန်တီးခဲ့တဲ့ နည်းလမ်းနဲ့တော့ မယှဉ်နိုင်ဘူး... စွမ်းအားက နိမ့်ကျနေတာမဟုတ်ဘဲ... သင်ယူတတ်မြောက်ဖို့ ခက်နေတာ”
ကေင်းကင်နတ်အရှင်လင်က အပြုံးတစ်ခုဖြင့် ပြော၏။ “ဒီလူတွေက သာမန်လူတွေလေ... ကျွန်မတို့ ရှာနေတာက လမ်းစဉ်ပဲ... ဒီတော့ သာမန်လူတွေအတွက ဘာကြောင့် ဦးနှောက်ခြောက်ခံနေတော့မလဲ... ရှင့်ရဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်းက ကျွန်မရဲ့ကောင်းကင်နတ်သိုင်း ပြည့်စုံသွားအောင် ကူညီပေးနိုင်တယ်... လာ မြန်မြန် အသေးစိတ် လေ့လာရအောင်”
သူမသည် ချင်မူ့လက်ကို ဆွဲလျက် လူအုပ်ကြားထဲ တိုးသွား၏။ ထိုစဉ် ကောင်းကင်နတ်အရှင်ဟွေ့က ဝုန်းခနဲ ပြန်ရောက်လာပြီး ဥက္ကာမီးခဲကြီးသဖွယ် မီးဟုန်းဟုန်းတောက်လောင်နေသည်။ သူက အော်ဟစ်လိုက်သည်။ “ငါ အမှတ်တမဲ့ ဖြစ်သွားလို့သာ ရိုက်ထုတ်ခံလိုက်ရတာပါ... ခွေးကောင်လေး၊ လာခဲ့စမ်း”
ကောင်းကင်နတ်အရှင်လင်က သူ့လက်တစ်ဖက်ကို ဆွဲထားသဖြင့် ချင်မူမှာ ကျန်လက်တစ်ဖက်တည်းဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ သိုင်းကွက်ကို ရင်ဆိုင်လိုက်ရသည်။ ဘုန်းခနဲ ကောင်းကင်နတ်အရှင်ဟွေ့ လွင့်ထွက်သွားပြန်သည်။
ခိုင်ဧကရာဇ် ဒေါသထွက်သွားပြီး အသံကို အတတ်နိုင်ဆုံး နှိမ့်ကာ ဆူလိုက်သည်။ “မတိုက်ခိုက်နဲ့တော့လို့ ငါ ပြောထားတယ်လေ... မင်း ဘယ်လောက်တောင် သောင်းကျန်းချင်သေးတာလဲ”
ချင်မူလည်း ဒေါပွသွားတော့သည်။ “သူက ကျုပ်ကို တိုက်ခိုက်တာလေ... ပြန်မှ မတိုက်ခိုက်ရင် ကျုပ်က ဘာလုပ်နေရမှာလဲ... ငြိမ်ခံနေရမှာလား... ခင်ဗျားသာဆို မတိုက်ခိုက်ဘဲ အရိုက်ခံနေမှာလား”
ခိုင်ဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်နတ်အရှင်ဟွေ့က အမျက်တချောင်းချောင်းထွက်လျက် ကမူးရှူးထိုး ပြန်ရောက်လာပြန်သည်။ “အားလုံး ပြန်ကြ... လူတွေ အုံနေတော့ ငါ့သိုင်းကွက်တွေ ထုတ်လို့မရဘူး”
အားလုံး အလျှိုလျှို ထွက်သွားကြသဖြင့် မြေကွက်လပ်သာ ကျန်ခဲ့တော့သည်။
ခိုင်ဧကရာဇ် အလျင်အမြန် ပြောလိုက်မိသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ဒါ နားမလည်မှုလွဲတာလေးပါ...”
ကောင်းကင်နတ်အရှင်ဟွေ့၏ မီးတောက်မီးလျှံများသည် ပို၍ပင် ပြင်းပြင်းထန်ထန် တောက်လောင်လာ၏။ သူက မီးနဂါးများ ရစ်ပတ်လျက် ရှိသည့် သုံးဆယ့်ခြောက်ကိုက် မြင့်မားသော လူ့ဘီလူးကြီးအသွင် ပြောင်းလဲလိုက်သည်။
ခိုင်ဧကရာဇ်မှာ မျက်မှောင်ကြုတ်သွားပြန်သည်။ ကောင်းကင်နတ်အရှင်ဟွေ့သည် မီးကောင်းကင်နတ်သိုင်းနှင့် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းတို့တွင် အတော်လေး ပေါက်မြောက်ထူးချွန်သော်လည်း သူ့အောက် နိမ့်ကျနေသေး၏။
ချင်မူက ကောင်းကင်နတ်အရှင်လင်၏ လက်ကို လွှတ်ကာ တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။ “မမကြီး၊ အရင်ဆုံး နောက်ဆုတ်ထားဦး... ခင်ဗျား ကျုပ်ကို ဘာလုပ်စေချင်သေးလဲ”
သူ၏ဒုတိယစကားက ခိုင်ဧကရာဇ်ကို ရည်ရွယ်ခြင်း ဖြစ်သည်။
ခိုင်ဧကရာဇ်က မလှုပ်ဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။ “မင်း ပြဿနာရှာလိုက်ရင် အနာဂတ်မှာ ဘာတွေ ပြောင်းလဲသွားနိုင်မှန်း မင်းနဲ့ ငါ မသိနိုင်ဘူး”
“ဒီလောက် အကြောက်အလန့် ကြီးနေမှတော့ ခင်ဗျားဆိုတာ သေချာပါတယ်”
ချင်မူလည်း မလှုပ်ဘဲ ရပ်နေကာ ပြုံးယောင်ယောင်၊ မပြုံးယောင်ယောင် ရှိ၏။ “ကျုပ်ကတော့ ခင်ဗျားမဟုတ်ဘူး... ကျုပ် ပခုံးပေါ်မှာ ဝန်ထုပ်တွေ ထမ်းမထားဘူး... ကျုပ်ကို တစ်ယောက်ယောက် လာရိုက်ရင် ပြန်ရိုက်မှာပဲ”
ကောင်းကင်နတ်အရှင်ဟွေ့ တိုက်ခိုက်ရန် ပြေးသွားလိုက်စဉ် ရုတ်တရက် ချင်မူ၏အနောက်၌ သုံးဆယ့်ခြောက်ကိုက် မြင့်မားသော မူလဝိညာဉ် ဖွဲ့တည်လာသည်။ မူလဝိညာဉ်သည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် ကောင်းကင်နတ်အရှင်ဟွေ့ကို တွန်းထုတ်လိုက်၏။
ခိုင်ဧကရာဇ်၏အနောက်တွင်လည်း သုံးဆယ့်ခြောက်ကိုက်အမြင့် မူလဝိညာဉ် ဖွဲ့တည်လာပြီး ချင်မူ၏တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။ သူက ဒေါသကို မမြိုသိပ်နိုင်တော့ဘဲ တဟားဟား ရယ်လိုက်လေသည်။ “မင်း ငါ့ကို အထင်သေးပြီး အမြဲ အပြစ်ပြောနေမှန်း ငါ သတိထားမိတာ ကြာပြီ... ဒီလိုဆိုမှတော့ တိုက်ခိုက်ကြည့်တာပေါ့”
ချင်မူလည်း ခိုင်ဧကရာဇ်ကို အမြင်ကပ်လွန်း၍ ဒေါသမထိန်းနိုင်တော့ပေ။ သူ၏အရှိန်အဝါက တရှိန်ထိုး ပေါက်ကွဲထွက်လာပြီး ချီနှင့်သွေးအခိုးအငွေ့များက ကောင်းကင်ယံသို့ တမုဟုတ်ချင်း ထိုးတက်ရိုက်ခတ်ကာ လေ၊ တိမ်တိုက်များကို လွှမ်းခြုံသွားတော့သည်။
သူ၏ သုံးဆယ့်ခြောက်ကိုက်အမြင့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် မူလဝိညာဉ်သည် ချီနှင့်သွေးလေပွေအတွင်း၌ ရပ်နေပြီး မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့် ဟိန်းဟောက်လိုက်၏။ “တိုက်ခိုက်ကြတာပေါ့... ကျုပ်က ခင်ဗျားကို ကြောက်မယ် ထင်နေလား... လာခဲ့စမ်း...”
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ မူလဝိညာဉ် အသွင်သဏ္ဍာန်ကြီးများကို ကြည့်ရင်း ငေးကြောင်နေကြတော့သည်။ သူတို့အားလုံး စိတ်နှင့်ကိုယ် ပြန်မကပ်ကြသေးပေ။
သန်မာအားကောင်းသည်၊ သန်မာအားကောင်းလွန်းသည်။
ဤခေတ်တွင် ထိုမျှ သန်မာအားကောင်းသော ကောင်းကင်နတ်သိုင်းပညာရှင်များကို သူတို့ မတွေ့ခဲ့ဖူးပေ။
ကောင်းကင်နတ်အရှင်ဟွေ့က ထပ်မံတိုက်ခိုက်ရန် ပြေးလာသော်လည်း ချီနှင့်သွေးလေပွေထဲ၌ ရပ်နေသော ချင်မူ၏မူလဝိညာဉ်ကို မြင်သည့်အခါ မျက်နှာဖြူလျော်သွားတော့သည်။ “မဖြစ်နိုင်ဘူး... ဒီလောက် သန်မာအားကောင်းတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရှိနိုင်ဘူး...”
ခိုင်ဧကရာဇ်လည်း ဒေါသမထိန်းနိုင်တော့သဖြင့် သူ၏အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာသည်။ သူက အလေးအနက် အော်ဟစ်လိုက်၏။ “မင်း လုပ်ခဲ့တာတွေထက် ဆိုးရွားတာ မရှိတော့ဘူး... မင်း စိတ်တိုင်းကျ လုပ်နိုင်အောင် ငါ လွှတ်မထားပေးတော့ဘူး”
ဝုန်း
သူ၏ချီနှင့်သွေးသည် ကောင်းကင်ယံသို့ တရှိန်ထိုး တက်သွားပြီး မူလဝိညာဉ်က ချီနှင့်သွေးအခိုးအငွေ့များအပေါ် နင်းလိုက်သည်။ ဤမြင်ကွင်းက ခေတ်တစ်ခေတ်၏ ဘုန်းတန်ခိုး၊ ဩဇာအာဏာကြီးမားသော ဘုရင်မင်းမြတ်တစ်ပါး၏ အရှိန်အဝါကို ထင်ဟပ်ပြသနေ၏။
သူတို့နှစ်ယောက်လုံး၏ မူလဝိညာဉ်များက ကောင်းကင်နတ်ဘုံအတွင်း၌ တိုက်ခိုက်နေသဖြင့် သူတို့၏အရှိန်အဝါများသည် နဂါးသွဲ့ရေကန်အပေါ် ဖိနှိပ်နေ၏။ ထို့ကြောင့် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲသို့ တက်ရောက်နေကြသော ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး ထိတ်လန့်ကြောက်ရွံ့လာကြသည်။ သူတို့မှာ ငေးငိုင်နေသော အမူအရာများဖြင့်သာ လေလယ်ရှိ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကို ကြည့်နေမိကြတော့သည်။
နဂါးသွဲ့ရွှေခန်းမထဲ၌ ဆွေးနွေးနေကြသော ကောင်းကင်နတ်အရှင်ယွီနှင့် ကျန်ကောင်းကင်နတ်အရှင်များလည်း ထိတ်လန့်သွားကြကာ တအံ့တဩ မော့ကြည့်မိလိုက်ကြ၏။
ထိုမျှသန်မာအားကောင်းသော မူလဝိညာဉ်များ၊ ထိုမျှပြင်းထန်သော ချီနှင့်သွေး.... ခမ်းနားကြီးကျယ်လှပေသည်။
ကောင်းကင်နတ်အရှင်လင်လည်း တအံ့တဩ မော့ကြည့်နေမိသည်။ သူမက သူမတစ်ယောက်တည်းသာ ကြားနိုင်သောအသံဖြင့် ရေရွတ်လိုက်၏။ “သန်မာအားကောင်းလိုက်တာ... သူတို့ ဘယ်လိုကျင့်ကြံကြတာပါလိမ့်...”
နွားအိုကြီး၏ စိတ်ညစ်နေသောအသံက သူမအနောက်မှ ထွက်လာသည်။ “ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ... ဒီလူနှစ်ယောက်လုံး ခေါင်းမာတဲ့ နွားတွေပဲ.... မဟုတ်ဘူး မဟုတ်ဘူး ခေါင်းမာတဲ့ မြည်းတွေ... နွားတွေက ခေါင်းမမာဘူး.... သူတို့ တိုက်ခိုက်ရင် ဒုက္ခပဲ”
ကောင်းကင်နတ်အရှင်လင် ဇဝေဇဝါ ဖြစ်သွား၏။ “ရှင်တို့အားလုံး အတူတူ လာခဲ့တာ မဟုတ်လား... မိတ်ဆွေတွေ မဟုတ်ဘူးလား”
နျိုစန်းသွောမှာ သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ “နှစ်ယောက်လုံး မိတ်ဆွေဖွဲ့ချင်နေကြပေမယ့် မာနကြီးကြတယ်လေ.... မာနကို ခဝါမချနိုင်ကြဘူး...”
ကောင်းကင်မှာ ရုတ်တရက် လှုပ်ခတ်သွားပြီး ချင်မူနှင့် ခိုင်ဧကရာဇ်၏ မူလဝိညာဉ်က ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်လိုက်ကြသည်။ ခမ်းနားလှပသော ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားသည် ကောင်းကင်ထဲတွင် လေဆင်နှာမောင်းတစ်လုံး ဖွဲ့တည်လိုက်ကာ အရပ်မျက်နှာတစ်ခွင်သို့ တိုက်ခတ်ဖြာထွက်သွား၏။ ပြင်းထန်သော လေလှိုင်းများကြောင့် တိမ်တိုက်များမှ နှင်ထုတ်ခံလိုက်ရသဖြင့် ပျောက်ကွယ်သွားကြသည်။
ကောင်းကင်ကြီးသည် မိုးသားတိမ်စိုင် မြူမှုန်ကင်းစင်လျက် ပြာလဲ့ကြည်လင်သွားချေပြီ။
နောက်တခဏ၌ မိုးကြိုးလျှပ်စီးများ တစ်တန်းနှင့်တစ်တန်း ကြက်ခြေခတ်လျက် ဖြစ်ပေါ်လာပြီး မိုးရွာကျသကဲ့သို့ တဂျိန်းဂျိန်း ပစ်ချတော့သည်။
“မင်းရဲ့ ကောင်းကင်နတ်သိုင်းက မဆိုးဘူး”
ခိုင်ဧကရာဇ်က ချင်မူ့ဆီ ပြေးဝင်လာရင်း သရော်တော်တော် ပြောလိုက်၏။ “ဒါပေမဲ့ မင်းရဲ့ အတွေးအခေါ်က ငါ့အောက် နိမ့်ကျနေသေးတယ်”
သူ လက်ဝါးကို လှန်လိုက်သည့်အခါ ကောင်းကင်နတ်သိုင်းသည် သူ၏လက်ဝါးထဲ၌ ဖွဲ့တည်စုစည်းနေ၏။ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းအသေးလေးများက သူ့ကို ဝန်းရံထားသဖြင့် သူ၏အင်္ကျီလက်အိုးများ တဖတ်ဖတ် လှုပ်ခတ်နေသည်။
ခိုင်ဧကရာဇ်သည် ခေတ်တစ်ခေတ်၏ တည်ထောင်သူ ဖြစ်ပြီး ငယ်ရွယ်သေးသော်လည်း မဟာဗျူဟာကျပြီး အစွမ်းထက်၏။ ခိုင်ဧကရာဇ်ခေတ်၏ အခမ်းနား၊ အလှပဆုံး ကောင်းကင်နတ်သိုင်းအများစုမှာ သူ တီထွင်ထားသော သိုင်းကွက်များဖြစ်ကာ ခေတ်တစ်ခေတ်လုံးကို ထောက်ကန်ပေးနိုင်ပေသည်။
သူသည် ချင်မူ ကျင့်ကြံနေသော ‘လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်’ (တောက်ယင်ကျင့်စဉ်) ၏ ပထမဆုံးစာအုပ်ကို ပြုစုခဲ့သည့် မူရင်းဖန်တီးသူ ဖြစ်၏။ ခိုင်ဧကရာဇ်ခေတ်တွင် ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် သိုင်းအဆင့်အလိုက် ကောင်းကင်နတ်သိုင်းအစီအစဉ်များစွာ ရှိသည်။ ယင်းတို့မှာ တန်ခိုးရှင်သစ်ခုတ်သမား ခိုင်ဧကရာဇ်၏ ကောင်းကင်နတ်သိုင်းများဆီမှ အမျိုးအစားခွဲ၍ ဖြန့်ဝေပေးထားသော သိုင်းကွက်များ ဖြစ်ကြ၏။
ချင်မူ သူ့အဖေ ချင်ဟန်ကျန်း၏ သင်္ဘောပေါ် ရောက်နေခဲ့စဉ်အခါက ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားကို အသေးငယ်ပမာဏအထိ စုထားပြီးနောက် ထိလိုက်လျှင် ပေါက်ကွဲသွားစေတတ်သော နည်းလမ်းကို တွေ့ရှိခဲ့ရသည်။ ထိုနည်းလမ်းက ခိုင်ဧကရာဇ်ဆီမှ လာခြင်းဖြစ်သည်။
ထိုကောင်းကင်နတ်သိုင်း၏ စွမ်းအားသည် ဆယ်မိုင်ပတ်ပတ်လည်ကို ဖျက်စီးပစ်နိုင်သည်အထိ အားကောင်းပြင်းထန်၏။ ဤစွမ်းအား ပေါက်ကွဲထွက်လာလျှင် ပျက်စီးမှုအား ရှောင်လွှဲမရပေ။
ချင်မူ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ကျန်ရှိသူများတွင် ကောင်းကင်ရတနာခုနစ်ခုသာ ရှိသော်လည်း သူ့တွင် နတ်ဘုရားလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်အဖြစ် ကွဲနေသော ကောင်းကင်ရတနာနှစ်စုံ ရှိသည်။ သေခြင်းရှင်ခြင်းကောင်းကင်ရတနာနှင့် ကောင်းကင်တံတား ကောင်းကင်ရတနာမှလွဲ၍ ကျန်ကောင်းကင်ရတနာများသည် ပွင့်နေပြီဖြစ်သည့်အတွက် ကောင်းကင်ရတနာ စုစုပေါင်း ဆယ်ခု ပိုင်ဆိုင်ထား၏။
ထို့အပြင် ထိုကောင်းကင်ရတနာဆယ်ခုက တစ်ခုတည်း ပေါင်းစည်းထားပြီး ဖြစ်သည်။
သူ၏ချီစွမ်းအင်က တောင်စောင်းထိပ်မှ ရေတံခွန်လို အရှိန်ပြင်းပြင်း ကျဆင်းလာပြီး ချီတန်းများလို၊ ချီလှိုင်းများကို ဤကောင်းကင်ရတနာကို ဖြတ်စီးနေသည်။ ချီတန်း၊ ချီလှိုင်းတို့သည် ကောင်းကင်ရတနာ၏ ကောင်းကင်နှင့်မြေပြင်ထဲသို့ ဝင်ရောက်ပြီး လှည့်ပတ်စီးဆင်းနေကြ၏။
ကောင်းကင်ရတနာများက တစ်ခုတည်း ဖြစ်နေသောကြောင့် သူ၏ချီစွမ်းအင်လည်ပတ်နှုန်းက ခိုင်ဧကရာဇ်ထက်ပင် မြန်သည်။ သူ၏ခွန်အားကား ပို၍ပင် သန်မာအားကောင်းသေးသည်။
ကောင်းကင်နတ်သိုင်းတွင် ခိုင်ဧကရာဇ်ကို မယှဉ်နိုင်သော်လည်း ချင်မူ နည်းနည်းလေးမှ မကြောက်ပေ။
နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် ဝင်တိုက်သွားပြီး နောက်တခဏတွင် ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားများ ဖြာထွက်လာတော့သည်။ သူတို့နှစ်ယောက်၏ ခြေထောက်အောက်ရှိ အဖြူရောင်ကျောက်ိစမ်းကြွေပြားများ တခွမ်းခွမ်း ကြေမွကုန်ကာ မြောက်တက်လာကြ၏။ ကြွေကွဲစများက သူတို့နှစ်ယောက်ကို ဝိုင်းနေသဖြင့် နှစ်ယောက်လုံး စက်ဝိုင်းတစ်ဝိုင်း၏ အလယ်၌ ရှိနေသကဲ့သို့ ဖြစ်နေသည်။ အဝေးရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ခြေထောက်အောက်ရှိ ကြွေပြားများလည်း မြောက်ကြွလာကြသဖြင့် သူတို့အားလုံး အလျင်အမြန် နောက်ဆုတ်ကြလိုက်ရသည်။
ဘုန်း ဘုန်း ဘုန်း
ပြင်းထန်သော လက်သီးချက်များက မိုးခြိမ်းသံ တရစပ် ပစ်ချလိုက်သကဲ့သို့ မြည်ဟည်းသွားသည်။ စွမ်းအား ဖြာထွက်သွားသော အခိုက်အတန့်၌ သူတို့နှစ်ယောက်လုံး တွန်းထုတ်ခံလိုက်ရပြီး မြေကြီးပေါ် ပြုတ်ကျသွားကြသည်။ နှစ်ယောက်သား မြေကြီးတစ်လျှောက် တရွတ်တိုက် လွင့်သွားကာ မိုင်တစ်ရာအကွာရှိ ခန်းမကြီးနှစ်ခု၏ နံရံများထဲ ထိုးဖောက်သွားကြ၏။
ထို့အပြင် ကောင်းကင်ထက်တွင် မူလဝိညာဉ်ကြီးများသည် လျှပ်စီးလို ရွေ့လျားလျက် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြ၏။ သူတို့၏သိုင်းကွက်များမှတစ်ဆင့် တွန်ကျူးနေသော နဂါးသဏ္ဍာန်များ၊ လေတွင် ပျံဝဲနေသော ဖုန့်ဟွမ်ငှက်အသွင်များ၊ ဓားပျံတစ်သောင်း၊ ကောင်းကင်ကို ပိုင်းခြမ်းလိုက်သည့် ဓားမ၊ တောင်တန်းများလို မုဒြာသိုင်းကွက်များ၊ ကြီးမြတ်ခံ့ညားသော မြစ်ကြီးတစ်စင်း၊ လည်နေသော ဧရာမခေါင်းလောင်းကြီး.... အစရှိသဖြင့် အမျိုးမျိုးသော ပုံရိပ်သဏ္ဍာန်များ ဖွဲ့တည်နေသည်။
ပုံရိပ်သဏ္ဍာန်များနှင့်အတူ ဆန်းကြယ်နက်နဲသော အသံများ ထွက်ပေါ်နေပြီး အသံတို့သည် ကောင်းကင်နတ်သိုင်းပေါက်ကွဲမှုများမှ မြည်လာသော တာအိုအသံများ ဖြစ်ချေ၏။
ချင်မူနှင့် ခိုင်ဧကရာဇ် ဝင်တိုက်သွားသော ခန်းမနှစ်ခု၏ ခေါင်းမိုးများကို ဖောက်ထွက်လာသည်။ သူတို့က ခေါင်းမိုးအပေါ် ဆင်းသက်ကာ မိုင်တစ်ရာအကွာမှ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
“ယား....”
ချင်မူ ဟစ်ကြွေးလိုက်သည့်အခါ သူ၏ချီစွမ်းအင်သည် ကောင်းကင်သို့ တရှိန်ထိုး တက်သွား၏။ သူက ရုတ်တရက် လေကို နင်း၍ ပြေးသည်။ လေကို နင်းနေသော်လည်း ဧရာမခြေရာကြီးများ မြေပြင်ပေါ်တွင် ပေါ်လာတတ်သည်။
ချင်မူသည် တဖျတ်ဖျတ် လှုပ်နေသော မီးရောင်လို တရိပ်ရိပ် ပြေးနေရင်း မရေမတွက်နိုင်သော လက်သီးချက်များ၊ မုဒြာလက်ကွက်များ ထုတ်လွှတ်လိုက်သည်။ လက်သီးချက်များ၊ မုဒြာလက်ကွက်များက ပကတိမျက်စိဖြင့် မြင်ရသည်အထိ အသွင်သဏ္ဍာန် ဖွဲ့တည်လာပြီး ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ခိုင်ဧကရာဇ်ဆီ ပျံသန်းသွားကြသည်။
နွားအိုကြီး ထိပ်လန့်သွားပြီး ကပျာကယာ လှမ်းအော်လိုက်၏။ “ချင်ယဲ့.... ချင်ခိုင်၊ သူ့ကို ခွန်အားသုံးပြီး မတိုက်နဲ့... သူ့သိုင်းလမ်းစဉ်က အမြင့်ဆုံးအထိ ရောက်နေပြီ”
တစ်ဖက်ခန်းမအပေါ်တွင် ခိုင်ဧကရာဇ်သည် နွားအိုကြီး၏စကားကို ဂရုမစိုက်။ သူက ချင်မူ့ဆီ ပြေးသွားပြီး သူ့လက်များကား တောင်ပံခတ်နေသော လိပ်ပြာများလို နိမ့်ချည်၊ မြင့်ချည် ရွေ့လျားနေ၏။ ကောင်းကင်နတ်သိုင်းအသေးလေးများက သူ၏လက်ချောင်းထိပ်များ၊ လက်ဝါးများနှင့် အင်္ကျီလက်အိုးများအောက်မှပင် ပျံထွက်လာသည်။
မျှော်စင်၊ ဒယ်အိုး၊ ခေါင်းလောင်း၊ စေတီ၊ ဓားမ၊ လှံ၊ ဓား၊ မှိန်း၊ နဂါး၊ ကျား၊ လိပ်နက်၊ မီးငှက် အစရှိသဖြင့် ကောင်းကင်နတ်သိုင်းအားလုံး ချောက်ချားဖွယ်ရာ စွမ်းအားဖြင့် သူ့အရှေ့မှ ပျံထွက်သွားသည်။ သိုင်းကွက်အကုန်လုံး မီးရောင်တဖျတ်ဖျတ် လက်နေ၏။
နွားအိုကြီး သွေးများအေးစက်သွားကာ အော်လိုက်သည်။ “မူချင်း၊ သူ့ကို ခွန်အားနဲ့ မတိုက်ခိုက်နဲ့... ချင်ခိုင်ရဲ့ ကောင်းကင်နတ်သိုင်းစွမ်းရည်က အမြင့်ဆုံးအထိ ရောက်နေပြီ”
လေအလယ်၌ လက်သီးများနှင့် ကောင်းကင်နတ်သိုင်းများ ဝင်တိုက်သွားသည့်အခါ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အားကောင်းပြင်းထန်သည့် လှိုင်းလုံးကြီးများ ဖြာထွက်လာသည်။ ပေါက်ကွဲမှု၏ အလယ်မှ နှင်းဖြူရောင်အလင်းရောင်တစ်ရောင် လင်းလက်ပျံ့နှံ့လာ၏။ အလင်းရောင်သည် ထက်မြလှသော ဓားမတစ်လက်ပမာ နဂါးသွဲ့ကျွန်း၏ အလယ်တည့်တည့်သို့ ပိုင်းချလိုက်တော့သည်။
မြေပြင်မှာ ငလျင်လှုပ်ခတ်သကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါလာကာ ဧရာမချောက်နက်ကြီးက နဂါးသွဲ့ကျွန်းကို ခွဲနေသည်။ ချောက်နက်ကြီးက ကြီးမားသထက် ကြီးမားလာပြီး ရှည်သထက် ရှည်၊ ကျယ်သထက် ကျယ်လာ၏။
ဝှစ်
လေကြမ်းများ သည်းသည်းထန်ထန် သိမ်းကျုံးတိုက်ခတ်သွားသဖြင့် ခန်းမတစ်ခုချင်းစီ၏ ကြွေပြားများ တမုဟုတ်ချင်း မြောက်တက်လာကာ နဂါးအရိုးများ ပေါ်ထွက်လာ၏။ မရေမတွက်နိုင်သော မြစိမ်းကြွေပြားတို့သည် အရပ်လေးမျက်နှာသို့ လွင့်ထွက်နေချေသည်။
“မူလဝိညာဉ် ပူးကပ်ခြင်း”
အသံနှစ်သံ ပြိုင်တူထွက်လာသည်။ ချင်မူနှင့် ခိုင်ဧကရာဇ်၏ မူလဝိညာဉ်များ ကိုယ်ထဲ တစ်ပြိုင်တည်း ပြိုင်ဝင်သွားကြသဖြင့် ချီနှင့်သွေးသောင်းကျန်းမှုများ ရုတ်ခြည်း ငြိမ်သက်သွား၏။
နှစ်ယောက်လုံး၏ အရှိန်အဝါများက အထိန်းအကွပ်မဲ့သွားသည်။ ချင်မူ၏ရုပ်ခန္ဓာသည် အရပ်မြင့်သထက် မြင့်လာသည်။ သူကား သုံးဆယ့်ခြောက်ကိုက် မြင့်မားသော အရပ်ဖြင့် နတ်ဘုရားတစ်ပါးပမာ မတ်မတ် ရပ်နေ၏။ သူ၏လက်ခြောက်ဖက် လှုပ်ခါလိုက်သည့်အခါ ကြွက်သား ဖောင်းကြွလာသည်။ သူက လက်ခြောက်ဖက်ကို မြေပြင်ပေါ်တင်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
“ရတနာတွေ လက်နက်ဖွဲ့တည်လိုက်စမ်း”
မြေပြင်မှာ တုန်ခါနေ၍ ခန်းမများ ပြိုကျကုန်သည်။ ခန်းမမများအတွင်းရှိ ကြေးတိုင်လုံးများက လေပေါ် ပျံတက်လာကြပြီး မီးတောက်များအောက်တွင် အရည်ပျော်ကုန်ကာ တခဏလေးအတွင်း ဓားပျံများအဖြစ် သွန်းလုပ်ခံလိုက်ရ၏။
အခြားတစ်ဖက်တွင် ခိုင်ဧကရာဇ်သည် ရင်ဘတ်အရှေ့၌ လက်နှစ်ဖက်လုံးကို ဆုပ်လိုက်ပြီး သူ၏အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာသည်။ ခန်းမတစ်ခု မြောက်တက်လာပြီး လေအလယ်၌ ကြေမွသွား၏။ ကောင်းကင်သတ္ထုများမှာ သားရဲများ၊ ရတနာများ၊ ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲခံလိုက်ရပြီး ချင်မူ့ဆီ ပြေးဝင်သွားကြသည်။
ဤသည်မှာ ကောင်းကင်နတ်သိုင်းဖြင့် ဝိညာဉ်လက်နက်ဖွဲ့တည်ခြင်း ဖြစ်၏။
နှစ်ယောက်လုံး မြိုသိပ်ထားရသည့် ဒေါသများကို မီးကုန်ယမ်းကုန် ထုတ်ဖော်နေကြသဖြင့် သုံးနေသော သိုင်းကွက်များက သာမန်သိုင်းပြိုင်ပွဲနှင့် မတူတော့ပေ။
နွားကြီး ခေါင်းနပန်းကြီးလာသည်။ သူက ကောင်းကင်နတ်အရှင်လင်ကို ကာပေးပြီး အော်လိုက်၏။ “ချင်ခိုင် သူနဲ့ မတိုက်နဲ့တော့.... သူက လောကသခင်ခန္ဓာ... မင်း သူ့ကို မနိုင်ဘူး”
ခိုင်ဧကရာဇ်က အာရုံမစိုက်၍ နွားအိုကြီးမှာ ချင်မူ့ဆီသို့ လှမ်းခေါ်လိုက်သည်။ “မူချင်း၊ ဘာလို့ပြန်တိုက်ခိုက်နေတာလဲ... သူ့ကောင်းကင်နတ်သိုင်းတွေက အဆုံးမဲ့တယ်... မင်း သူ သတ်တာ ခံရဖို့ များတယ်ကွ... သူ့ရဲ့ အစွမ်းထက်ဆုံး သိုင်းကွက်က ဓားသိုင်းကွက်... ကောင်းကင်နတ်သိုင်းတွေက ဟန်ပြသက်သက်ပဲ”
သူတို့နှစ်ယောက်၏ ပြိုင်ဘက်ကင်းသိုင်းကွက်များကြောင့် ကျွန်းပေါ်ရှိ လူများ အံ့ဩမှင်သက်နေကြပြီး ဝင်တိုက်တော့မည့် ကောင်းကင်နတ်သိုင်းနှစ်ခုကို ငေးကြည့်နေကြ၏။
“မင်းတို့နှစ်ယောက်ကတော့”
နောက်ဆုံးတော့ နျိုစန်းသွော သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူ့ဆီမှ ကမ္ဘာမြေပြင်ကို တသိမ့်သိမ့် တုန်ခါသွားစေသော အသံကြီး ထွက်လာတော့သည်။ “မတော်နိုင်သေးဘူးလား... ငါ ဒေါသထွက်လာပြီကွ”
ကောင်းကင်နတ်အရှင်လင်မှာ စိတ်လှုပ်ရှားလာသည်။ သူမဘေးရှိ အဘိုးအိုက အံ့ဩတုန်လှုပ်ဖွယ်စွမ်းအားကို ထုတ်ဖော်လိုက်သဖြင့် ပတ်ဝန်းကျင် နေရာဟင်းလင်ပြင်မှာ အက်ကွဲကြေမွလာသည်။
ကောင်းကင်နတ်အရှင်လင်က အရပ်အမောင်း မြင့်သထက် မြင့်မားလာသော အဘိုးအိုဆီသို့ ကြည့်ရင်း ငေးကြောင်နေသည်။ သူ၏ရုပ်ခန္ဓာသည် ရှေးဟောင်းနတ်ဘုရား၏ ရုပ်ခန္ဓာကဲ့သို့ သန်မာအားကောင်းကြောင်း သူမ မြင်နေရ၏။ နွားအိုကြီး၏ အမျက်တချောင်းချောင်း ထွက်နေသည့်အသံက ကောင်းကင်နတ်ဘုံတစ်လျှောက် ပဲ့တင်ရိုက်ခတ်သွားကာ ကောင်းကင်နတ်မြစ်၌ပင် လှိုင်းထန်သွားစေသည်။
ကောင်းကင်တွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
နဂါးသွဲ့ကျွန်းမှာလည်း ဤအဘိုးအို၏ ရုပ်ခန္ဓာအား မသယ်ထားနိုင်တော့ပုံရ၏၊