← Chapters

ကောင်းကင်နတ်ဘုံ၌ သောင်းကျန်းခြင်း

Vol. 55 Ch. 738

ကောင်းကင်နတ်ဘုံ၌ သောင်းကျန်းခြင်း

Vol. 55 Ch. 738

“နျိုပန်းက အင်အားကြီးလိုက်တာ...”

ကောင်းကင်နတ်မင်းယွီ၏ဘေးတွင် ကောင်းကင်ယင်သားတော်သည် မျက်လုံးအပြူးသားဖြင့် တိမ်တိုက်များအတွင်း ခေါင်းမြုပ်နေသော နျိုစန်းသွောဆီသို့ ကြည့်နေ၏။ သူ့မျက်လုံးများက ဦးခေါင်းခွံထဲမှ ကျွတ်ထွက်မတတ် ပြူးနေချေသည်။

‘နျိုပန်း’ဆိုသည် ဤလူက အင်အားကြီးမား၍ သူ ခွန်ကြီးပေါ် ဆင်းသက်လိုက်တုန်းက ခွန်ကြီးမှာ အောက်သို့ပြုတ်ကျတော့မလို ဖြစ်ခဲ့ရကြောင်း ယန်ချောင်ကျင့် သိသည်။ သို့သော် နျိုပန်းက ဤမျှသန်မာအားကောင်းလိမ့်မည်ဟု သူ မထင်ထားပေ။

နျိုပန်းသည် သန်မာအားကောင်းလှသည့်အတွက် ကောင်းကင်ပင်လျှင် သူ၏အရှိန်အဝါအား မခံနိုင်တော့ပေ။ သူ လှုပ်ရှားလိုက်သည့် တခဏတွင် နဂါးသွဲကျွန်းတစ်ကျွန်းလုံးပင် ဖိနှိပ်ခံခဲ့ရသည်။

နဂါးသွဲ့ရေကန်ထဲတွင် တောင်တန်းများ၊ ကျွန်းများ သယ်ထားသော လိပ်ကြီးများသည် နတ်ဘုရားတစ်ပိုင်းများ ဖြစ်ကြ၏။ ရှေး‌ဟောင်းနတ်ဘုရားတို့၏ မျိုးဆက်များဖြစ်သဖြင့် သူတို့တွင် သဘာဝအလျောက် အင်အားကြီးမားသည့် သွေး ပိုင်ဆိုင်ထားကြသည်။ သို့တိုင်အောင် လိပ်ကြီးများပင် နျိုပန်း၏ အရှိန်အဝါ ရှေ့မှောက်၌ ရေပေါ် ပေါ်မလာရဲတော့ပေ။ ခေါင်းများ၊ ခြေလက်များကို ရုပ်၍ ပင်လယ်ထဲ ငုပ်သွားကြသောကြောင့် ကောင်းကင်နတ်သိုင်းပညာရှင်များမှာ ‌ရေမနစ်အောင် အဆောက်အအုံများ၏ ထိပ်ဆုံးသို့ အပြေးအလွှား တက်လိုက်ကြရသည်။

“ရှေးဟောင်းနတ်ဘုရားတွေလောက် သန်မာအားကောင်းတယ်...”

‌ကောင်းကင်နတ်အရှင်ယွီနှင့် ကျန်ကောင်းကင်နတ်အရှင်များလည်း ဒေါသထွက်နေသော နတ်ဘုရားကို ကြည့်ရင်း မျက်နှာတွင် သွေးမရှိတော့ပေ။ သူတို့ရင်ထဲ၌ ခံစားချက်မျိုးစုံ ပေါက်ဖွားလာ၏။

အထူးသဖြင့် ကောင်းကင်နတ်အရှင်ယွီ ဖြစ်သည်။

နဂါးသွဲ့ရေကန်တွေ့ဆုံပွဲအတွက် ကောင်းကင်နတ်အရှင်ယွီမှာ ကောင်းကင်ဘုံနတ်ဘုံတွင် အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် ပြေးလွှားပြီး ကောင်းကင်နတ်ဧကရီနှင့် ရင်းနှီးမှု ရယူခဲ့ရသည်။ ကောင်းကင်နတ်ဧကရာဇ်၏အနားရှိ လူများကိုလည်း တံစိုးလက်ဆောင်ပေး၍ ကောင်းကင်နတ်ဧကရာဇ်အရှေ့တွင် သူ့အကြောင်း ချီးမွှမ်းပေးရန် တောင်းဆိုခဲ့ရ၏။

ထို့အပြင် ကမ္ဘာအရပ်ရပ်မှ ပါရမီရှင်လူငယ်များကို ဆွဲဆောင်ပြီး ဤနဂါးသွဲ့ရေကန်တွေ့ဆုံပွဲသို့ တက်ရောက်စေရန်လည်း ‌ကောလဟလများ ဖန်တီးခဲ့ရသေးသည်။ ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ၏ အရှိန်အဝါကိုလည်း အားကိုးခဲ့ပြီးမှ ယခုလို နဂါးသွဲ့ရေကန်တွေ့ဆုံပွဲအား ကျင်းပနိုင်ခဲ့ခြင်း ဖြစ်၏။

ထိုမျှသာမက ဤတစ်ခေါက်တွင် သူသည် အားလုံး စိတ်ဝင်စားနေကြသော ဤအခွင့်အရေးနှင့် ဤအချိန်အခါကို အသုံးချ၍ ကိစ္စကြီးတစ်ရပ် ကြေညာချင်သေး၏။ ဤအခြေအနေမှတစ်ဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များသာမက နတ်ဘုရားတစ်ပိုင်းအားလုံး၏ ခေါင်းဆောင်ဖြစ်လာအောင် သူ လုပ်ချင်လေသည်။

ရှေးဟောင်းနတ်ဘုရားတို့၏ မျိုးဆက်များအပါအဝင် ကမ္ဘာပေါ်ရှိ မျိုးနွယ်အားလုံး သူ့လက်အောက် ရောက်အောင် ဆွဲသွင်းချင်သည်။

ဤနည်းလမ်းဖြင့် ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ၏ အကျိုးအမြတ်တစ်ဝက်က သူ့လက်ထဲ ကျရောက်လာကာ သူ၏ဂုဏ်အဆင့်အတန်း ပိုမိုမြင့်တက်သွားလိမ့်မည်။

သို့သော် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် တက်ရောက်သူတိုင်းကို အံ့အားသင့်သွားစေသည့် ပြိုင်ဘက်ကင်းပါရမီရှင် လူငယ်နှစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤနှစ်ယောက်က သူ၏အောင်မြင်မှုကို ခိုးယူသွားချေပြီ။

ယခုလို ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ညီမျှသော အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာမည်ကိုလည်း ပို၍ပင် မထင်မှတ်ထားပေ။ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ ဆက်လက်ကျင်းပ၍ ရပါဦးမည်လား သူ မသိတော့။

ဤအဆင်မြင့်သိုင်းပညာရှင်က စိတ်မထိန်းနိုင်တော့ဘဲ နဂါးသွဲ့ရေကန်တစ်ကန်လုံး ဖျက်စီးပစ်လိုက်လျှင် သူတို့၏ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန် ဖြစ်မသွားဘူးလော။

နျိုစန်းသွောက မယှဉ်သာအောင် ကြံ့ခိုင်တောင့်တင်းသော ကြွက်သားများကို ပြသနေပြီး သူ့နှာခေါင်းများ အခိုးများ ထွက်နေသည်။ သူက မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် လက်နှစ်ဖက်လုံး မြှောက်၍ ဖိချလိုက်၏။ သူ့လက်များ ထိပင် မထိသေးခင် ချင်မူနှင့် ခိုင်ဧကရာဇ်မှာ ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

ဘုန်း ဘုန်း

ခပ်အုပ်အုပ်အသံနှစ်သံ ထွက်လာသည်။ ချင်မူနှင့် ခိုင်ဧကရာဇ်၏ ကောင်ကင်နတ်သိုင်းများ ပြိုကွဲသွားပြီး နှစ်ယောက်လုံး ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ မမြင်ရသော ဖိအားကြီးက သူတို့နှစ်ယောက်စလုံးအား မြေပြင်ပေါ်၌ ဖိကပ်ထားလေသည်။

ဖိအားကြောင့် မြေကြီးမှာ ကျွံကျသွားပြီး နှစ်ယောက်သား နစ်ဝင်သထက် နစ်ဝင်သွားကြသည်။ သူတို့မှာ လှုပ်လည်း မလှုပ်နိုင်တော့၍ အကြီးအကျယ် တုန်လှုပ်နေကြ၏။

“ခင်ဗျား သူ့ကို ရိုက်ရဲတယ်ပေါ့”

ချင်မူမှာ အံ့လည်း အံ့ဩ၊ ဒေါသလည်း ထွက်နေသည်။ သူက ခေါင်းထောင်ကာ အော်ပြောလိုက်သည်။ “သူ့ကို ရိုက်တာထား... ကျုပ်လည်း အရိုက်ခံနေရတာ ဘာသဘောလဲ သောက်နွားကြီး...”

နျိုစန်းသွော၏ ဒေါကန်နေသောအသံက လေလယ်မှ ပျံ့လွင့်လာ၏။ “ရှာဦးလေ ပြဿနာ... ရှာလိုက်ပါဦး ... ငါ မင်းတို့ကို လမ်းမှာ ဘယ်လောက် သတိပေးခဲ့လဲ့... ကိုယ့်စိတ်ကိုထိန်း၊ ပြဿနာမရှာနဲ့ ငါ မပြောခဲ့ဘူးလား... မင်းတို့နှစ်ယောက်လုံး ငါ့စကားနားမထောင်ဘဲ ပြဿနာရှာတယ်... ငါ စိတ်မတိုတတ်ဘူး ထင်သလားကွ... ငါ့နွားစိတ် ပေါက်ကွဲသွားရင် မင်းတို့ ဘာကောင်ကြီး ဖြစ်နေဖြစ်နေ ဂရုမစိုက်ဘူး...”

“သူတို့ကို မဖိနဲ့တော့”

ကောင်းကင်နတ်အရှင်လင်သည် နွားကြီး၏ ခြေထောက်ဘေး၌ ရပ်ပြီး ချင်မူနှင့် ခိုင်ဧကရာဇ် အဖိခံထားရသော နေရာဆီသို့ လှမ်းကြည့်နေ၏။ ကျင်းကြီးမှာ ကိုက်သုံးရာ နက်နေပြီဖြစ်၍ သူမ ကမန်းကတန်း မော့ပြောလိုက်သည်။ “ဆက်ဖိနေရင် သူတို့ သေတော့မယ်”

သို့သော် နျိုစန်းသွော၏ ခန္ဓာကိုယ်ကြီးက မြင့်မားလွန်းသောကြောင့် သူမအသံမှာ သူ့နားထဲ မရောက်ပေ။

ဤအခိုက်အတန့်တွင် ကျယ်လောင်ပြတ်သားသော အသံတစ်သံ ထွက်လာပြီး သိမ်းငှက်တစ်ကောင်၏ အော်သံနှင့် ဆင်သည်။ “ဘယ်သူက ကောင်းကင်နတ်ဘုံမှာ ရာရာစစ သောင်းကျန်းရဲတာလဲ”

မီးလုံးကြီးက ဥက္ကာခဲကြီးသဖွယ် ကျဆင်းလာကာ နေလုံးကြီးနှင့် တူသည်အထိ တဖြည်းဖြည်း ကြီးမားလာပြီး နျိုစန်းသွောဆီ ပြေးဝင်လာသည်။

နျိုစန်းသွောက လက်ဆန့်ထုတ်၍ နေကို ခွဲပစ်လိုက်၏။

ဘူးးးးးး

မဟာနေဧကရာဇ်သည် သဘာဝမှ မွေးဖွားလာသော အထွတ်အမြတ်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း နွားအော်သံ၏ အသံလှိုင်းကို မခုခံနိုင်၍ နောက်လွင့်ထွက်သွားသည်။

သူက မဟာနေဧကရာဇ်အတု မဟုတ်သောကြောင့် ကမန်းကတန်း တောင်ပံခတ်ကာ ပုံစံအစစ်အမှန် ဖော်ပြလိုက်သည်။ ငှက်မွှေးတောင်များ အလွှာအထပ်ထပ် ထွက်လာပြီး သူ၏တောင်ပံများသည် မိုင်တစ်ရာစီ ရှည်လာ၏။ ချွန်ထက်နေသော ခြေသည်းများကလည်း တောက်ပြောင်နေသည်။ မဟာနေဧကရာဇ်က တောင်ပံတဖျတ်ဖျတ် ခတ်လျက် နဂါးသွဲ့ကန်ဆီ ပျံသန်းလာပြီး နျိုစန်းသွော၏ ဦးခေါင်းခွံနှင့် ဦးနှောက်အား ခွဲခြေပစ်ရန် ပြင်လိုက်သည်။

နျိုစန်းသွောက သူ့ဆီသို့ လှမ်းထိုးလိုက်သဖြင့် ကောင်းကင်မှ ဘုန်းခနဲ အသံခပ်အုပ်အုပ် ထွက်လာသည်။ မဟာနေဧကရာဇ်မှာ တအံ့တဩ အော်ရင်း လွင့်ထွက်သွား၏။ သူ့မှာ နေလုံးကြီးထံ ဝင်တိုက်ကာ တော်တော်နှင့် ပြန်မထနိုင်တော့ပေ။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင်များမှ ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများလည်း ကောင်းကင်သို့ ပျံတက်ပြီး နဂါးသွဲ့ရေကန်ဆီ ကပျာကယာ ကြည့်လိုက်ကြသည်။ ရှေးဟောင်းနတ်ဘုရားတို့၏ အရှိန်အဝါများက ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံကာ နေရာဟင်းလင်းပြင်ကို လိမ်ခေါက်လိုက်၏။ ထိုစဉ် နတ်ဘုရားတစ်ပါး၏ ကြိမ်းမောင်းသံ ထွက်လာသည်။ “ကောင်းကင်နတ်ဘုံမှာ သောင်းကျန်းရဲတဲ့ ဒီအရိုင်းအစိုင်းက ဘယ်ကလဲ”

နျိုစန်းသွော၏ ဒေါသက ငယ်ထိပ်အထိ ရောက်နေပြီဖြစ်သည်။ သူက မည်သည်ကိုမှ ဂရုမစိုက်တော့ဘဲ ကောင်းကင်သို့ ခုန်ဆက်ကာ ထိုးနှက်ကန်ကျောက်တော့သည်။ သူ၏ကျင့်စဉ်စွမ်းအင်တို့သည် အဟန့်အတားမရှိ တဝုန်းဝုန်း ထွက်လာနေ၏။

ရှေးဟောင်းနတ်ဘုရားများ သူ့ဆီသို့ မည်သည့်ကောင်းကင်နတ်သိုင်းဖြင့် ပစ်လွှတ်လိုက်စေကာမူ နျိုစန်းသွောက လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွင်းနိုင်သည်။ သူ၏ခွန်အားသည် မည်သည့်အရာမဆိုထက် ကြီးမား၏။ နေ၊ လနှင့် ဓာတ်ကြီးပါး ရှေးဟောင်းနတ်ဘုရားများပင် သူ့ကို မတားနိုင်ပေ။ သူတို့၏ကောင်းကင်နတ်သိုင်းအားလုံး တမုဟုတ်ချင်း ပြိုကွဲကုန်တော့သည်။

သိုင်းလမ်းစဉ်တွင် နျိုစန်းသွော၏ အသိအမြင်သည် အလွန်မြင့်မား၏။ သူ့အလျင်ကလည်း အဆမတန် မြန်သည်။ သိုင်းသမားတစ်ယောက်၏ တရှိန်ထိုးပြေးနှုန်းမှာ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် လိုက်မှီရန် အိပ်မက်ပင် မမက်နိုင်သော အမြန်နှုန်း ဖြစ်၏။ ထို့အပြင် သူက နတ်ကောင်းကင်ခန်းမအဆင့် မဟုတ်ပါ၏လော။ ဧကရာဇ်ပလ္လင်အဆင့်အောက် တစ်ဆင့်သာ နိမ့်ကျပေရာ သူ့လို သိုင်းသမားတစ်ယောက်ကို ဖမ်းချုပ်ရန် မဖြစ်နိုင်ပေ။

ကောင်းကင်ထက်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးမှာ မျက်နှာတည့်တည့်သို့ အထိုးခံလိုက်ရသဖြင့် ညည်းတွားနေသည်။ သူက နဂါးသွဲ့ရေကန်ဆီသို့ ဦးစိုက်ကျွမ်းပြန် ပြုတ်ကျလာပြီးနောက် မြေကြီးထဲ စိုက်ဝင်သွားကာ ဆန့်ဆန့်ကြီးဖြင့် သေလား၊ ရှင်လား မသိရတော့ပေ။

ရှေး‌ဟောင်းနတ်ဘုရားနောက်တစ်ပါးက ကောင်းကင်နတ်မြစ်ဆီသို့ ရိုက်ထုတ်ခံလိုက်ရပြီး သူ ပြုတ်ကျသွားသည့်အခါ လှိုင်းလုံးကြီးများ ထကြွသွား၍ သွားလာနေသော လှေများ မြောက်တက်ကုန်ကြသည်။ လှေများမှာ ကိုက်သုံးသောင်းအမြင့် လှိုင်းလုံးကြီးနှင့်အတူ လိုက်စီးသွားရသဖြင့် အတော်လေး ဆူညံပွက်လောရိုက်သွား၏။

တခဏအတွင်း လက်သီးချက်ပေါင်းများစွာ ခံလိုက်ရသော ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း ရှိသည်။ လက်သီးချက်တိုင်းက သူ့ခန္ဓာကိုယ်ကို ကောက်ကွေးသွားစေပြီး သူ့မျက်နှာကို တွန့်လိမ်သွားစေသခြင့် ထိုနတ်ဘုရားမှာ မည်သို့မျှမစဉ်းစားနိုင်တော့ပေ။

သူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည့်အခါ ကျောက်ပုံတစ်ပုံထဲ ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူ့အောက်၌ ပြိုကျသွားသော နန်းဆောင်တစ်ခု ရှိနေ၏။

နျိုစန်းသွောသည် ပြီးခဲ့သည့် နှစ်ရက်အတွင်း မြိုသိပ်ထားရသမျှ ခံစားချက်များအားလုံး ဖွင့်ထုတ်ရင်း အသားကုန် ရိုက်ပုတ်ထိုးနှက်နေတော့သည်။

သူ့မှာ ပြီးခဲ့သည့်နှစ်ရက်တုန်းက ကျီးလန့်စာစားခဲ့ရ၏။ ချင်မူ ပြဿနာအကြီးကြီး ရှာမည်ကို ကြောက်ခဲ့ရသည်။ ချင်မူနှင့် ခိုင်ဧကရာဇ် ဗြုန်းခနဲ ထတိုက်ခိုက်မှာ ကြောက်ခဲ့ရသည်။ ခိုင်ဧကရာဇ် သူ့ကို မှတ်မိသွားမည်ကို ကြောက်ခဲ့ရသည်။ ခိုင်ဧကရာဇ် ချင်မူ့ကို သတ်လိုက်မှာလည်း ကြောက်ခဲ့ရသလို၊ ချင်မူ ခိုင်ဧကရာဇ်အား သတ်လိုက်မှာလည်း ကြောက်ခဲ့ရသည်။

ထိုမျှကြီးမားလှသော စိတ်ဖိစီးမှုများကို မည်ကဲ့သို့သော သိုင်းသမားက သည်းခံနိုင်ပါမည်နည်း။

သို့သော် သူ့အတွက် သည်းခံရုံမှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် ယနေ့ သူ၏မကျေနပ်မှုအားလုံး ပေါက်ကွဲကုန်သည့်အခါ ရပ်တန့်၍ရတော့မည်မဟုတ်။

သိုင်းသမားတစ်ယောက်သည် ထိုအတိုင်းသာ ဖြစ်၏။

မ‌ပေါက်ကွဲလျှင် တော်သေးသည်။ ပေါက်ကွဲလျှင် တစ်ကမ္ဘာလုံး စိစိညက်ညက် ကြေရလိမ့်မည်။ နွားပင် သူ့ကို ပြန်ဆွဲနိုင်မည်မဟုတ်ပေ။ သူက အစကကည်းက နွားတစ်ကောင်မဟုတ်ပါလော။

နျိုစန်းသွောမှာ တိုက်ခိုက်ရင်း ပို၍ ပို၍ စိတ်လှုပ်ရှားလာတော့သည်။ ပတ်ပတ်လည်မှ ဝိုင်းထားသော  ရှေး‌ဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများကို ကြည့်ရင်း သူသည် အားလုံးကို ထိုးနှက်ပစ်ချင်သော စိတ်ဖြင့် ကျယ်လောင်စွာ တဘူးဘူး‌ အော်နေ၏။

ထိုစဉ် နေတစ်စင်းက တောက်ပလင်းလက်စွာ ထွက်ပေါ်လာပြီး အလင်းတန်းတစ်တန်းသည် သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသည်။ နွားအိုကြီး ဝုန်းခနဲ လွင့်ထွက်သွားသည်။

နေပေါ်တွင် မဟာနေဧကရာဇ်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ၏မှော်စွမ်းအင်က ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လာ၏။ သူက နေ၏ မီးစွမ်းအင်အား ထိန်းချုပ်ရင်း အလင်းတန်းတစ်တန်းအဖြစ် စုစည်းလိုက်ကာ ပြန်မထနိုင်သေးသော နျိုစန်းသွောဆီ ပစ်ချလိုက်သည်။

ကောင်းကင်ထက်ရှိ ဓာတ်ကြီးငါးကြယ်တာရာများလည်း တဖျတ်ဖျတ် တောက်ပလာသည်။ ဓာတ်ကြီးငါးပါ ကြယ်တာရာအရှင်သခင်များကလည်း နည်းလမ်းပေါင်းစုံ သုံး၍ ဓာတ်ကြီးငါးပါး ကြယ်တာရာများကို ထိန်းချုပ်ကာ အတူတူ တိုက်ခိုက်ရန် ပြင်နေကြချေသည်။

“ငါ ကြောက်မယ်ထင်နေလား”

နျိုစန်းသွော ကြိမ်းဝါးရင်း ကောင်းကင်နတ်မြစ်အား လှမ်းဆွဲလိုက်သည်။ ကောင်းကင်နတ်မြစ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး သူက ကောင်းကင်နတ်မြစ်ကို လက်နက်သဖွယ် အသုံးချရင်း ဓာတ်ကြီးငါးပါး ကြယ်တာရာများအား ရိုက်ထုတ်ပစ်ရန် ပြင်နေ၏။

နဂါးသွဲ့ရေကန်ထဲရှိ ‌ကောင်းကင်နတ်သိုင်းပညာရှင်အားလုံး ကြက်သီးတဖြန်းဖြန်း ထကုန်ကြသည်။ ချင်မူက နျိုစန်းသွော၏ လက်ဝါးရာထဲမှ လေးဖက်ထောက်လျက် ထွက်လာပြီးနောက် ဖုန်ခါလိုက်သည်။ သူသည် မည်းမှောင်နေသော မျက်နှာဖြင့် ခိုင်ဧကရာဇ်ဆီ ပြောလိုက်၏။ “သူ ခင်ဗျားကိုတောင် ရိုက်ရဲတယ်... မပူနဲ့ ခင်ဗျား သူ့ကို ပြန်ရိုက်နိုင်အောင် ကျုပ် ကူညီပေးမယ်... ဒီနွားကြီးတော့ ရူးနေပြီ... တကယ် ရူးနေတာ”

သူ့ဘေးရှိ ခိုင်ဧကရာဇ်မှာ ခါးဆန့်နေရာမှ သူ့စကားကြားလျှင် မှင်သက်သွားသည်။ ‘သူက ငါ့ရန်သူမဟုတ်ဘူးလား... ဘာလို့ ငါ သူ့ကို ပြန်ရိုက်နိုင်အောင် ကူညီပေးမှာလဲ... ဒီလူက တော်တော် ထူးဆန်းတာပဲ... ငါ့ကို ရန်သူလို့ မြင်နေတာတောင် နျိုပန်း ရိုက်လိုက်တုန်းက ငါ့ကို ကာကွယ်ပေးခဲ့တယ်’

ကောင်းကင်နတ်အရှင်လင်က အလျင်အမြန် ပျံသန်းလာ၏။ “အဲဒီအဘိုးကြီး ရှာလိုက်တဲ့ ပြဿနာက ကြီးလွန်းတယ်... သူ့ကြောင့် နန်းဆောင် ၃၆ ဆောင်လုံး ထိတ်လန့်သွားပြီ... ဒီပြဿနာကို ရှင်းဖို့ မလွယ်တော့ဘူး”

ချင်မူ နှာခေါင်းရှုံ့၍ မှင်သေသေ ပြောလိုက်သည်။ “သူ့အရှုပ်ထုပ် သူ့ဘာသာ ရှင်းပလေ့စေ... အဲဒီအဝါရောင်စက္ကူကို ခွာလိုက်တာနဲ့ ဘယ်သူ့မှ သူ့ကို မှတ်မိမှာမဟုတ်တော့ဘူး... ဒါပေမဲ့ ဒီသောက်နွားကြီး ကြည့်ရတာ တိုက်ခိုက်ရင်း စျာန်ဝင်သွားပြီး ဒါကို ဘယ်လိုဖြေရှင်းရမလဲ မေ့သွားတာ ဖြစ်မယ်... သူ မောသွားရင် သတိရပါလိမ့်မယ်”

ကောင်းကင်နတ်အရှင်လင်မှာ သူတို့ကို စပ်စုသလို ကြည့်ပြီး သူမဘာသာ တွေးလိုက်၏။ ‘ဒီလူသုံးယောက်ရဲ့ ဆက်ဆံရေးက တော်တော်ထူးဆန်းတာပဲ...’

ကောင်းကင်နတ်မြစ်သည် တဝုန်းဝုန်း လှုပ်ခါနေပြီး နျိုစန်းသွောကား ၎င်းကို လက်နက်အဖြစ် ပင့်မြှောက်နိုင်ပေတော့မည်။ ထိုအချိန်တွင် ကောင်းကင်နတ်ဘုံ၏ အတွင်းထဲမှ ခပ်ဩဩ အသံတစ်သံ ထွက်လာသည်။ “ငါက ကောင်းကင်နတ်မြစ်ကနေ မွေးဖွားလာတာ... မင်း ဒါကို လက်နက်အဖြစ် သုံးလိုက်ရင် ငါ့အိမ် ပျက်စီးမသွားဘူးလား... မင်း ကောင်းကင်နတ်မြစ်ကို ရွှေ့လို့ မရဘူး”

နျိုစန်းသွောမှာ ကောင်းကင်နတ်မြစ် ပြိုင်ဘက်ကင်းလောက်အောင် လေးလံလာသည်ကို ရုတ်ခြည်း ခံစားလိုက်ရသည်။ ထို့အပြင် လေးသထက် လေးလာ၍ သူ့ဒူးပင် ကွေးညွတ်လာ၏။

သူ ကောင်းကင်နတ်မြစ်ကို လွှတ်လိုက်သည့်အခါ မြစ်ပြင်ကို နင်း၍ သူ့ဆီ လျှောက်လာနေသော ရှေးဟောင်းနတ်ဘုရားတစ်ပါးကို မြင်လိုက်ရသည်။ ရှေးဟောင်းနတ်ဘုရား၏ အနောက်၌ လိပ်နက်နတ်ဘုရားတစ်ပါး၏ ပုံရိပ်အသွင် ဖွဲ့တည်နေ၏။ မြွေပျံတစ်ကောင်က လိပ်ကြီးကို ရစ်ပတ်လျက် ပါးစပ်ဟထားသည်။ မြွေ၏မျက်လုံးများက ဒေါင်လိုက် ရှိပြီး အလွန်သွေးအေးရက်စက်‌သော အကြည့်ဖြင့် သူ့ကို စိုက်ကြည့်နေသည်။

နျိုစန်းသွော အံ့အားသင့်သွားပြီး နောက်ဆုံးတော့ သတိပြန်ဝင်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် အစိမ်းရောင်အလင်းက အရှေ့ကောင်းကင်၌ ပျံ့နှံ့သွားကာ အဘိုးအိုတစ်ယောက် လျှောက်လာသည်။ သူ့အနောက်၌ ရစ်ခွေနေသော ဧရာမအစိမ်းရောင်နဂါးကြီးတစ်ကောင် ရှိ၏။

“အရပ်မျက်နှာနတ်မင်းလေးပါးထဲက မြောက်နတ်မင်းနဲ့ အရှေ့နတ်မင်းလား”

နျိုစန်းသွော မျက်တောင်ပုတ်ခတ်၍ လက်သီးတင်းတင်း ဆုပ်လိုက်မိသည်။ သူ စိတ်လှုပ်ရှားလာ၏။ ‘ဒီခေတ်ရဲ့ မြောက်နတ်မင်းနဲ့ အရှေ့နတ်မင်းက ပိုပြီးသန်မာအားကောင်းလား... တိုက်ခိုက်လိုက်ရင် မသိနိုင်ဘူးလား... ငါ သူတို့ကို လုံးဝမကြောက်ဘူး”

ဤအချိန်တွင် ကောင်းကင်ဘုံကိုးဆင့်ထက် မြင့်မားသောနေရာမှ အသံတစ်သံ ကျရောက်လာသည်။ “ရွှမ်းဝူ၊ ချင်းလုံ သူ့ကို အနိုင်ကျင့်စရာ မလိုပါဘူး... ဒီတာအိုမိတ်ဆွေလေးက အတော်လေး ကြိုးကြိုးစားစား ကျင့်ကြံထားတာပဲ... ငါ သူ့အကြောင်း မကြားဖူးတာကြောင့် ဒီကောင်းကင်နတ်ဘုံတွေ့ဆုံပွဲဆီ မဖိတ်ခဲ့မိတာ ဖြစ်မယ်... ဒီတော့ သူ လက်မခံနိုင်တာနဲ့ အခုလို ပြဿနာရှာတာ နေမှာပါ”

မြောက်နတ်မင်းက ဦးညွှတ်အရိုအသေပေးကာ လျှောက်တင်၏။ “အရှင်မင်းကြီး၊ သူက ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲမှာ ပြဿနာရှာဖို့ ရောက်လာတာပါ... ကျွန်တော်မျိုးတို့ သူ့ကို မသတ်ရင် ကောင်းကင်နတ်ဘုံရဲ့ ကြီးကျယ်ခမ်းနားမှုဟာ ဘယ်ရောက်သွားမလဲ... နမူနာအဖြစ် သတိပေးတဲ့အနေနဲ့ သတ်သင့်တယ်လို့ ကျွန်တော်မျိုး ခံစားရပါတယ်”

နျိုစန်းသွော၏ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားသည်။ ‘ကောင်းကင်နတ်ဧကရာဇ်တဲ့လား... စောစောက စကားပြောလိုက်တာ ကောင်းကင်နတ်ဧကရာဇ်လား... သူတို့ ငါ့ကို သတ်ချင်ရင် ငါ ဘယ်လိုလုပ် ပြေးနိုင်တော့မလဲ’

အသံက ဟက်ခနဲ တစ်ချက်ရယ်သည်။ “ကောင်းကင်နတ်ဘုံရဲ့ ကြီးကျယ်ခမ်းနားမှုကို ဘာကြောင့် ဂရုစိုက်စရာ လိုနေသေးတာလဲ... ဒီတစ်မ္ဘာလုံးမှာ ငါတို့ရန်သူတွေ ရှိသေးလို့လား... မောင်မင်းနွား၊ မောင်မင်းရဲ့ အစွမ်းအစတွေနဲ့ဆို ကောင်းကင်နန်းဆောင်သခင်တစ်ပါး ဖြစ်ထိုက်တယ်... ဒါပေမဲ့ မောင်မင်း သောင်းကျန်းခဲ့တာက ပြစ်မှုမြောက်လို့ ပြစ်ဒဏ်ပေးရမယ်... ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲပြီးရင် နန်းတွင်းကို လာခဲ့ပါ... ငါ့ပလ္လင်ရှေ့မှာ ရွှေအဆင့်တပ်မှူးအဖြစ် ထမ်းဆောင်နိုင်တယ်”

နျိုစန်းသွော ကမန်းကတန်း ဦးညွှတ်အရိုအသေပေးလိုက်စဉ် အလင်းတန်းတစ်တန်းက ကောင်းကင်ထက်မှ ကျဆင်းလာသည်။ ၎င်းသည် နွားအိုကြီး၏ လက်ထဲသို့ ဆင်းသက်လာပြီး တပ်မှူးတစ်ယောက်၏ အမိန့်ပြားဖြစ်၏။

နျိုစန်းသွောမှာ ခေါင်းကုတ်ရင်း ရွှေအဆင့်တပ်မှူးအမိန့်ပြားကို ကိုယ်ပေါ်တွင် ချိတ်ဆွဲလိုက်သည်။

“မင်း ကံကောင်းသွားတယ်မှတ်” မြောက်နတ်မင်း ထွက်သွား၍ ကောင်းကင်နတ်မြစ်မှာ ပြန်လည်ငြိမ်သက်သွား၏။

အရှေ့အရပ်မှ လမ်းလျှောက်ထွက်လာသော အဘိုးအိုလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။

နျိုစန်းသွောမှာ ကပျာကယာ ပုံမှန်အရွယ်အစားပြောင်းပြီး နဂါးသွဲ့ရေကန်ဆီ ပြန်လာသည်။ သူက ချင်မူ့ကို ပြောလိုက်၏။ “ဒီကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်ဧကရာဇ်က ငါ့အစွမ်းအစတွေကို မြင်သွားပြီး ငါ့ကို မသတ်ဘဲ ရွှေအဆင့်တပ်မှူးအဖြစ် ခန့်အပ်ခဲ့တယ်”

ချင်မူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “အစ်ကိုကြီး ဒီလောက်သောင်းကျန်းခဲ့တာကို နတ်ဘုရားစီရင်ရာစင်မြင့်မှာ ခေါင်းဖြတ်ရင်ပဲ အသက်သာဆုံး ပြစ်ဒဏ်ဖြစ်နေပြီ... အစ်ကိုကြီးကို ရင့်ကျက်တယ် ထင်ထားတာ... ချင်ခိုင်ထက် ပိုဆိုးမယ် မထင်ထားဘူး”

ခိုင်ဧကရာဇ် အောင့်သက်သက် ဖြစ်သွားသော်လည်း မကြားသည့်အလား ကောင်းကင်သို့သာ မော့ကြည့်လိုက်သည်။

နွားအိုကြီးက ချေပ၏။ “မင်းတို့နှစ်ယောက် ပြဿနာမရှာရင် ငါ့ ဒေါသထွက်ပါ့မလား... ကိုယ့်ကိုယ်ကို ထိန်းပြီး ပြဿနာမရှာမိအောင် ကြိုးစား... ဒီလပိုင်းလေးကို ဘေးဘေးကင်းကင်းနဲ့ ဖြတ်ကျော်ရအောင်ကွာ”

ချင်မူ သူ့ခါးရှိ အမိန့်ပြားကို မြင်သွားပြီး ရင်ထဲ လှုပ်ရှားသွား၏။ “ကျွန်တော့်ကို အမိန့်ပြား တစ်ချက်လောက် ပြစမ်းပါ”

နွားအိုကြီးက အမိန့်ပြားကို ဖြတ်ကာ ချင်မူ့ဆီ ပေးသည်။ ချင်မူမှာ စိတ်နှလုံး လှုပ်ခတ်သွားပြီး ထောင်ကျယ်အိတ်ထဲ နှိုက်တော့မည့်အချိန် အပြုံးပန်းများ ဝေဆာနေသော လူငယ်တစ်ယောက်က လမ်းလျှောက်လာသည်။ သူက ကောင်းကင်နတ်အရှင်လင်အား မေးမြန်း၏။ “ကောင်းကင်နတ်အရှင်လင်၊ ဒီနောင်တော်သုံးယောက်က”

ကောင်းကင်နတ်အရှင်လင်မှာ ထိုအခါမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွား၍ ချင်မူ့အား မေးလေသည်။ “ရှင်တို့နာမည်တွေက ဘာလဲ”

All Chapters