အငိုမျက်ဝန်းများဖြင့် ကောင်းကင်နတ်အရှင်ရုံ
Vol. 55 Ch. 739
“နောင်တော်ချင် နောင်တော်မူ”
ကောင်းကင်ယင်သားတော်က ဤလူငယ်၏ အနောက်၌ ပေါ်လာပြီး အပြုံးတစ်ခုဖြင့် ပြောလေသည်။ “နောင်တောင်နျိုပန်း... နောင်တော်တို့ဗျာ တကယ်ကို ပြဿနာအကြီးကြီးရှာခဲ့တာပဲ... ဒီနဂါးသွဲ့ရေကန်က ကောင်းကင်နတ်ဧကရီရဲ့ အပိုင်လေ.... အခုတော့ နောင်တော်တို့က စိစိညက်ညက်ကြေအောင် ဖျက်စီးလိုက်ပြီ... ကောင်းကင်နတ်ဧကရီတော့ နောင်တော်တို့ကို ပြဿနာရှာလောက်တယ်... ကောင်းကင်နတ်အရှင်ယွီ ဒီသုံးယောက်က စောစောက ကျွန်တော်ပြောတဲ့ နောင်တော်ချင်ခိုင်၊ နောင်တော်မူချင်းနဲ့ နောင်တော်နျိုပန်းတို့ပဲလေ”
ထိုအခါမှ ကောင်းကင်နတ်အရှင်လင်မှာ သူတို့၏နာမည်များကို သိသွား၏။
သူမသည် လေ့လာရာတွင်သာ စိတ်၀င်စားသဖြင့် အခြားကိစ္စများနှင့်ပက်သက်လျှင် အာရုံမရှိပေ။ ထို့ကြောင့် ချင်မူနှင့်ခိုင်ဧကရာဇ်က သူမနှင့်လမ်းစဉ်တူသော မိတ်ဆွေများအဖြစ်သာ မှတ်ယူကာ နာမည်မေးရန် မေ့သွားခဲ့၏။
ချင်မူက လူငယ်ကို ကြည့်ကာ တွေးလိုက်မိသည်။ “သူက ကောင်းကင်နတ်အရှင်ယွီလား... ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ပထမဦးဆုံး ဖွင့်နိုင်ခဲ့တဲ့ လူဆိုတာလား”
ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို ဖော်ဆောင်ခဲ့သော လူတစ်ယောက်ဖြစ်ပြီး ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကိုလည်း ဖွင့်လှစ်ခဲ့သော လူပင် ဖြစ်၏။ သူက ဝိညာဉ်သန္ဓေသားကို ပထမဦးဆုံး နှိုးထနိုင်ခဲ့သည့်အပြင် မူလဝိညာဉ်ကိုလည်း ကောင်းကင်နန်းဆောင်များဆီသို့ တက်လှမ်းစေနိုင်ခဲ့သည်။
အနာဂတ်၏ လူများအတွက်မူ ဤအရာက မထူးဆန်းပေ။ ခက်ခဲသော်လည်း ကောင်းကင်နန်းဆောင်များဆီ တက်လှမ်းနိုင်ခဲ့သော နတ်ဘုရားများစွာ ရှိနေသေး၏။ သို့တိုင်အောင် မည်ကဲ့သို့ ကျင့်ကြံရမည်မှန်း မသိသေးသော အတိတ်ခေတ်၏ လူများအတွက်မူ ဤသည်မှာ ကမ္ဘာတစ်ခုကို ဖန်ဆင်းသည်နှင့်ညီမျှသော လုပ်ဆောင်မှုကြီး ဖြစ်ပေသည်။
ကောင်းကင်နတ်အရှင်ယွီက စလုံးရေးစမှ ကောင်းကင်ရတနာကျင့်ကြံစနစ်ကို တီထွင်နိုင်ခဲ့သည့်အတွက် ကောင်းကင်နတ်အရှင်ဘွဲ့နှင့် မုချထိုက်တန်သည်။
ချင်မူက ကောင်းကင်နတ်အရှင်ယွီကို အကဲခတ်နေသည်။ ကောင်းကင်နတ်အရှင်ယွီသည် ကျောက်စိမ်းသားကဲ့သို့ ဖြူဖျော့သော အသားအရေဖြင့် နူးညံ့တည်ငြိမ်ပြီး အေးချမ်းသော ဟန်ပန်ရှိသည်။ သူက ကျောက်စိမ်းသစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေပြီး သူ့အကြည့်သည် မိုးရေစက်များကဲ့သို့ ကြည်လင်နေ၏။
ချင်မူ နှုတ်ဆက်ပြီး ပြုံးရယ်ကာ ပြောလိုက်သည်။ ”ကောင်းကင်နတ်အရှင်ယွီရဲ့ နာမည်ကို ကြားဖူးတာကြာပါပြီ.... အခုမှပဲ တွေ့ရတော့တယ်... နာမည်အတိုင်းပါပဲဗျာ”
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “နောင်တော်မူနဲ့ နောင်တော်ချင်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကလည်း နဂါးသွဲ့ရေကန်ကို အံ့အားသင့်သွားစေပြီး ကိုယ့်ထက် တော်တဲ့သူတွေ အမြဲရှိကြောင်း ကျွန်တော် သဘောပေါက်လိုက်ရပါတယ်... နောင်တောင်နျိုပန်းရဲ့အစွမ်းအစတွေက ပိုလို့တောင် ကြောက်စရာကောင်းသေးလို့ ကျွန်တော်ဖြင့် မနာလိုတောင် ဖြစ်မိတယ်... နောင်တော်တို့သုံးယောက်ရဲ့နာမည်ကို မကြားဖူးတဲ့အတွက် ကျွန်တော်ကို ခွင့်လွှတ်ပါ... နောင်တော်တို့ ဘယ်ကလာသလဲ မေးခွင့်ရှိမလားခင်ဗျာ”
ချင်မူနှင့်ခိုင်ဧကရာဇ် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခိုင်ဧကရာဇ်က ယဉ်ကျေးစွာ ဖြေကြား၏။ “ကျွန်တော်တို့က တောကြိုအုံကြားက လူတွေပါ... ကောင်းကင်နတ်အရှင်ယွီရဲ့ နာမည်က တစ်ကမ္ဘာလုံးမှာ ထင်ရှားကျော်ကြားပါတယ်.... ကောင်းကင်နတ်အရှင်ယွီ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ ကျင်းပမယ့် အကြောင်းကြားလို့ ကျွန်တော်တို့ လာခဲ့တာပါ.... ဒါပေမဲ့ ဒေါသမထိန်းနိုင်ခဲ့လို့ နဂါးသွဲ့ရေကန်ကို ဖျက်စီးစေခဲ့မိတယ်... ရိုင်းပြမိတဲ့အတွက် ကောင်းကင်နတ်အရှင်ယွီ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
ကောင်းကင်နတ်အရှင်ယွီက ပြုံးလျက် ပြောသည်။ “ကိစ္စမရှိပါဘူး... ဒီနေရာ ပျက်စီးသွားပေမယ့် ပြန်ဆောက်ပေးဖို့ လူတွေ ခေါ်ပြီးသွားပါပြီ... ကဲဗျာ ဒီနေရာမှာ စကားပြောဖို့ မသင့်တော်ပေဘူး... နဂ့ါးသွဲ့ရေကန်ထဲက နန်းဆောင်ငယ်ဆီ လိုက်ခဲ့ပါလား... နန်းဆောင်ငယ်က ကောင်းကင်နတ်ဧကရီရဲ့ အရန်နန်းဆောင်ပါ.... ဒီနေရာထက် ပိုခိုင်ခံ့တယ်”
ကောင်းကင်နတ်အရှင်လင်မှာ မလိုက်ချင်ကြောင်း ပြောတော့မည့်အချိန် ကောင်းကင်နတ်အရှင်ယွီက ပြုံး၍ နွေးထွေးစွာ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်လင် မင်းရဲ့နေရာကလည်း ပျက်စီးသွားပြီနော်... မင်းအတွက် နေစရာမရှိဘူး... ဧကရီရဲ့ အရန်နန်းဆောင်ဆီ လိုက်ခဲ့လိုက်ပါ”
ကောင်းကင်နတ်အရှင်လင်မှာ တွေးပြီးနောက် ခေါင်းညိတ်လိုက်ရသည်။
ကောင်းကင်နတ်အရှင်ယွီက အရှေ့မှ ဦးဆောင်သွားပြီး သူ့အကြည့်က လင်းလက်နေ၏။ “နောင်တောင်ချင်၊ နောင်တော်မူ၊ နောင်တော်တို့နှစ်ယောက်လုံးရဲ့ လမ်းစဉ်၊ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေက လှပသေသပ်ပြီး ထူးခြားနေတာ ကျွန်တော် မြင်ခဲ့ရတယ်... ကျင့်စဉ်တွေက အဆင့်မြင့်မားပြီး သက်ရှိသတ္တဝါအားလုံးထက် သာလွန်နေတယ်... နောင်တော်တို့နှစ်ယောက်ရဲ့ အသိအမြင်တွေကလည်း အင်မတန် မြင့်မားပြီး ကျွန်တော်တောင် နားမလည်နိုင်တဲ့အဆင့်အထိ ရောက်နေပြီ... နောင်တော်တို့ ဘယ်သူ့ဆီက သင်ယူခဲ့တာလဲ မေးခွင့်ရှိမလားခင်ဗျာ”
“ကျွန်တော်တို့က ထင်ရာမြင်ရာ လျှောက်လုပ်နေတဲ့သူတွေပါဗျာ” ချင်မူက ညည်းညူလိုက်သည်။
ခိုင်ဧကရာဇ်က အပြုံးတစ်ခုဖြင့် ပြောသည်။ “ကျွန်တော်တို့က ဒေါသထိန်းနိုင်တဲ့လူတွေ မဟုတ်ဘူး... တွေ့တာနဲ့ အမြဲ တိုက်ခိုက်နေကြတာ.... အဲဒီလိုနဲ့ တိုက်ခိုက်ရင်း ကျွန်တော်တို့ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တိုးတက်လာတာပါ... ကောင်းကင်နတ်အရှင်ယွီကမှ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းကင်နတ်သိုင်းတွေ ဖန်တီးပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဖြစ်ပါတယ်... ကျွန်တော် ကောင်းကင်နတ်အရှင်ယွီကို အင်မတန် လေးစားမိပါတယ်”
ကောင်းကင်ယင်သားတော် မသင်္ကာဖြစ်သွားကာ သူ့ဘာသာ တွေးနေသည်။ ‘ခွန်ကြီးရဲ့ ကျောပေါ်မှာတုန်းက သူတို့ကြည့်ရတာ ပထမဆုံး ဆုံတဲ့ပုံပါ... တစ်ယောက်နဲ့ တစ်ယောက် သိတဲ့ပုံလည်း မပေါ်ပါဘူး.. ဘာလို့ ချင်ခိုင်က တိုက်ခိုက်ရင်း သူတို့ရဲ့ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ တိုးတက်လာတယ်လို့ ပြောနေတာလဲ... ဒီစကားက အမှန်မဟုတ်ဘူး’
သူ့မှာ ဤအချက်ကို တွေးမိသော်လည်း မရှင်းလင်းတတ်ပေ။
ကောင်းကင်နတ်အရှင်ယွီသည် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ပြုံးလျက် ပြော၏။ “မပြောချင်ရင်လည်း ကျွန်တော် ဖိအားမပေးတော့ပါဘူး.... ဒီတွေ့ဆုံပွဲကို တက်ရောက်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ မရေမတွက်နိုင်အောင် ရှိပေမယ့် တကယ် ကြည့်ထိုက်တာဆိုလို့ နောင်တော်တို့ သုံးယောက်ပဲ ရှိပါတယ်... ဒီတံတားကို ဖြတ်လိုက်ရင် နန်းဆောင်ငယ်ဆီ ရောက်လိမ့်မယ်... နန်းဆောင်ငယ်က မပျက်စီးသေးဘူး”
အရှေ့တွင် တံတားတစ်စင်းက ကောင်းကင်ကို ဖြတ်၍ သွယ်တန်းနေသည်။ တံတားသည် ထောက်ကန်ပေးထားသော ဒေါက်တိုင်တစ်ခုမှ မရှိဘဲ ပျံဝဲနေခြင်းဖြစ်၏။ တခြားကျွန်းသို့ ကူးရန် တံတားပေါ်တွင် လျှောက်နေကြသည့် ကောင်းကင်နတ်သိုင်းပညာရှင်များကိုလည်း မြင်ရသည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ နဂါးသွဲ့ရေကန်၏ နဂါးသွဲ့ကျွန်းမှာ သူတို့ကြောင့် ရစရာမရှိအောင် ပျက်စီးနေကြောင်း မြင်လိုက်ရသည်။ နတ်ဘုရားတစ်ပိုင်းများက ပျံသန်းရောက်ရှိလာကြကာ ပြိုကျသွားသည့် နန်းဆောင်များအား ပြန်ဆောက်နေကြသည်။
ကောင်းကင်နတ်အရှင်ယွီသည် ရေတံလျှပ်များ တဝင်းဝင်းလက်နေသော ပင်လယ်ပြင်ကို ကြည့်ရင်း လျှောက်နေ၏။ အဝေးတွင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပင်လယ်ထဲ၌ ဆန့်ဆန့်ကြီး ထိုးစိုက်နေသော ရှေးဟောင်းနတ်ဘုရားအား ဆွဲထုတ်နေကြသည်။ ထိုနတ်ဘုရားမှာ နျိုစန်းသွော၏ လက်သီးချက်ကြောင့် ဦးစိုက်ကျွမ်းပြန် ပြုတ်ကျသွားသော နတ်ဘုရား ဖြစ်ချေသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ် တက်လာကြသော လိပ်အိုကြီးများကိုလည်း မြင်ရသည်။ လိပ်ကြီးများ၏ ကျောပေါ်ရှိ တောင်တန်း၊ အဆောက်အအုံများမှ ပင်လယ်ရေများသည် ရေတံခွန်များသဖွယ် တဝေါဝေါ စီးကျနေ၏။
နွားအိုကြီး၏ အမျက်ဒေါသက ထိုမျှပျက်စီးစေခဲ့သည့်အထိ ပြင်းထန်အားကောင်းခဲ့ပေသည်။
“ကောင်းကင်နတ်ဧကရာဇ်က သဘောထားကြီးပါတယ်... စိတ်ထဲ သိပ်ထည့်နေမှာမဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ယွီက အပြုံးမဟုတ်သော အပြုံးဖြင့် ပြောသည်။ “ဒါပေမဲ့ ကောင်းကင်နတ်ဧကရီကတော့ ပြဿနာနည်းနည်း ရှာလိမ့်မယ်... နောင်တော်တို့သုံးယောက် သတိထားပါ... ကောင်းကင်နတ်အရှင်ရုံ”
သူက လူငယ်တစ်ယောက်ကို တားလိုက်ပြီး ထိုလူငယ်ကလည်း နဂါးသွဲ့ရေကန်၏ နန်းဆောင်ငယ်ဆီ သွားနေခြင်း ဖြစ်သည်။ ကောင်းကင်နတ်အရှင်ရုံက လမ်းလျှောက်ရင်း ပျင်းနေသဖြင့် သင်္ကေတအမှတ်အသားများကို ပင်လယ်ရေပြင်ဆီ ပစ်ချနေသည်။
ချင်မူ ရင်ထဲ လှုပ်ခတ်သွားသည်။ ကောင်းကင်နတ်အရှင်ရုံ ပစ်ချနေသော သင်္ကေတအမှတ်အသားများသည် ယိုတုစာလုံးများနှင့် ဆင်သယောင်ယောင် ရှိ၏။ သင်္ကေတများ ပင်လယ်ထဲ ကျသွားသည့်အခါ ငါးကြီးများ မြောက်တက်လာကြသည်။
‘ကောင်းကင်နတ်အရှင်ရုံက သေခြင်းရှင်ခြင်း ကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့တဲ့ တစ်ယောက်မလား... ဘာလို့ ကလေးတစ်ယောက်လို ဖြစ်နေတာလဲ’ ချင်မူမှာ ဇဝေဇဝါ ဖြစ်သွားမိ၏။
ကောင်းကင်နတ်အရှင်ရုံသည် ဆံပင်ကို ကျစ်ဆံမြီးတစ်ချောင်းတည်း ကျစ်ထားပြီး နှာခေါင်းမှ နှပ်ချေးတွဲလွဲ ကျနေသည်။ သူ၏နောက်စေ့တွင် မိစ္ဆာမျက်နှာဖုံးတစ်ခု တပ်ထားပြီး မျက်နှာဖုံးက ပြုံးနေသော မျက်နှာဖြစ်သည်။ သို့သော် မျက်နှာဖုံး၏ မျက်လုံးများအောက်၌ မျက်ရည်စီးကြောင်းများ ရှိနေသည်။
ဤကောင်းကင်နတ်အရှင်သည် ကျန်ကောင်းကင်နတ်အရှင်များနှင့် မတူပေ။ သူက တစ်ယောက်တည်း နေတတ်ဟန်တူပြီး ကောင်းကင်နတ်အရှင်ယွီ သူ့ကို စကားပြောနေသည့်အချိန်တွင်ပင် နားမထောင်ချင်ပုံရသည်။ သူသည် ကောင်းကင်နတ်အရှင်ယွီကို ကြည့်၍ ချင်မူနှင့် ခိုင်ဧကရာဇ်ဆီသို့ လှည့်ကြည့်၏။ ထို့နောက် သူ၏ယိုတုသင်္ကေတများကို ပျင်းရိပျင်းတွဲ ဆက်လက်ပစ်ချနေသည်။
ချင်မူ ကောင်းကင်နတ်အရှင်ရုံကို စပ်စပ်စုစု ကြည့်နေမိသည်။ ဤလူသည် သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယိုတုသင်္ကေတအမှတ်အသားများကို နားလည်သည်မှာ မထူးဆန်းပေ။ ယိုတုကောင်းကင်နတ်သိုင်းများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လိမ့်မည်။
ဤရှေးခေတ်တွင် ယိုတုကောင်းကင်နတ်သိုင်းများ တတ်မြောက်သည် ဆိုသည်မှာ သေခြင်းတရားနှင့် ရှင်ခြင်းတရားအား နားလည်သည်ဟု ဆိုလို၏။ ထိုသို့နားလည်နိုင်ခြင်းမှာ အလွန်တရာ အံ့အားသင့်ဖွယ်ကောင်းသော အောင်မြင်မှုဖြစ်ပေသည်။
“ကောင်းကင်နတ်အရှင်ရုံ”
ချင်မူက စာအုပ်အသေးလေးတစ်အုပ် ထုတ်ကာ အပြုံးလေးဖြင့် မေးလိုက်သည်။ “လက်မှတ်လေး လိုချင်လို့ ရလား”
ကောင်းကင်နတ်အရှင်ရုံသည် သူ့ကို တစ်ချက်ကြည့်ပြီးနောက် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးကို မြင်လျှင် စိတ်လှုပ်ရှားလာတော့၏။ “မင့်မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးက ထူးဆန်းတယ်”
ချင်မူ အံ့အားသင့်သွားပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နောင်တော်က ကျွန်တော့်ကို ထိုးဖောက်မြင်သွားတာပဲ... ကျွန်တော့်အစွမ်းအစတွေက သန်မာအားကောင်းလွန်းတော့ ပြဿနာမရှာမိအောင် မျက်လုံးကို ဖုံးထားရတာပါ”
ကောင်းကင်နတ်အရှင်ရုံက မိုးမခသစ်ရွက်ကို ခွာရန် လက်မြှောက်လိုက်သော်လည်း ချင်မူ အလျင်အမြန် တားလိုက်၏။
ကောင်းကင်နတ်အရှင်ရုံ စိတ်ကောက်သွားပြီး တံတားပျံပေါ်မှ ခုန်ချသွားသည်။ “မကြည့်စေချင်လည်း မကြည့်ဘူး... ဂရုကို မစိုက်တာ”
ချင်မူ တံတားအောက် ငုံ့ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ရုံ ပင်လယ်ပြင်ပေါ် မဆင်းသက်လိုက်ကြောင်း မြင်လိုက်ရသည်။ သူက စက္ကူလှေလေး ထုတ်လိုက်ပြီး အရွယ်အစားချဲ့လိုက်၏။ ထို့နောက် စက္ကူလှေပေါ် တက်ကာ နန်းဆောင်ငယ် ရှိသော ကျွန်းဆီသို့ ရွက်လွှင့်သွားလေသည်။
“ဒီစက္ကူလှေက...”
ချင်မူမှာ မှင်သက်နေသည်။ ကောင်းကင်နတ်အရှင်ရုံ၏ နောက်စေ့ရှိ မျက်နှာဖုံးက ရုတ်တရက် ပါးစပ်ဖွင့်ကာ သူ့ကို လျှာထုတ်ပြ၏။
ချင်မူ အထိတ်တလန့် ထခုန်မိပြီး မျက်နှာဖုံးက ပုံမှန်ပြန်ဖြစ်သွားလေသည်။
“စိတ်ထဲမထားပါနဲ့... ကောင်းကင်နတ်အရှင်ရုံက အမြဲ ကလေးလိုပဲ”
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “သူ ငယ်ငယ်လေးနဲ့ သူ့အဖေ ဆုံးသွားတယ်လေ.. သူ့အမေတစ်ယောက်တည်း သူ့ကို ပျိုးထောင်းပေးခဲ့တာ... ဒါပေမဲ့ သူ့အမေက ပိန်လှီပြီး ကျန်းမာရေးမကောင်းတော့ အမြဲ ရောဂါကူးစက်ခံရတယ်... ကျွန်တော် ကောင်းကင်နတ်အရှင်ရုံနဲ့ ပထမဆုံး တွေ့ကတည်းက သူက စကားပြောရတာ မကြိုက်တော့ဘူး... အသက်ဆယ်နှစ်အရွယ်လေးနဲ့ အိပ်ရာထဲ လဲနေတဲ့ အမေကို ပြုစုနေတဲ့ ကလေးပေါ့... သူက သူ့အမေ မသေနိုင်မယ့် နည်းလမ်းကို ဖန်တီးချင်တယ်လို့ ကျုပ်ကို ပြောတယ်... အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာတော့ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို သူ ဖွင့်နိုင်ခဲ့တာပဲ”
ခိုင်ဧကရာဇ်က ပြောသည်။ “သူက မိဘကျေးဇူးသိတတ်တဲ့ ကလေးဆိုပေမယ့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွင့်လိုက်လို့ သူ့အမေကို မကယ်နိုင်ဘူး”
ဘေးရှိ ကောင်းကင်ယင်သားတော်သည် ဝင်ပြော၏။ “သူ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာမဖွင့်ခင်ကတည်းက သူ့အမေ ဆုံးသွားတယ် ကြားတယ်... အဲဒီနောက်ပိုင်း ပိုလို့တောင် တိတ်ဆိတ်လာတော့တာပဲ... မြေအောက်ဘုံအရှင်သခင်ဆီ သွားပြီး သူ့အမေရဲ့ ဝိညာဉ်ကို ပြန်ယူမယ်လို့တောင် ကြိမ်းဝါးခဲ့ဖူးသေးတယ်”
သူက ခေါင်းယမ်းလိုက်သည်။
ကောင်းကင်နတ်အရှင်ယွီဆီမှ အသံထွက်လာသည်။ “တကယ်တော့ သူ မြေအောက်ဘုံအရှင်သခင်နဲ့ တွေ့ပြီးသွားပြီ”
ကောင်းကင်ယင်သားတော် အနည်းငယ် မှင်သက်သွားသည်။ ကောင်းကင်နတ်အရှင်ယွီက ဆက်ပြောသည်။ “သူ သေခြင်းရှင်ခြင်း ကောင်းကင်ရတနာ ဖွင့်လိုက်တုန်းက မြေအောက်ဘုံအရှင်သခင် သူ့ကို တွေ့ဖို့ ရောက်လာခဲ့တယ်.... သူက ကောင်းကင်နတ်အရှင်ဘွဲ့ကို ပြန်ယူပါ၊ မသေမျိုးလည်း မဖြစ်ချင်ဘူး ၊ သူ့အမေရဲ့ အသက်ကိုပဲ ကယ်ချင်ပါတယ်လို့ မြေအောက်ဘုံအရှင်သခင်ဆီမှာ တောင်းပန်ခဲ့တယ်... ဒါပေမဲ့ အဲဒီအချိန်မှာ သူ့အမေက ဆုံးနေပြီဆိုတော့ သူ့ဝိညာဉ်က ယိုတုထဲ ဝင်သွားပြီ... မြေအောက်ဘုံအရှင်သခင်ဆိုတာ သူ့အတွက်နဲ့ ယိုတုစည်းမျဉ်းတွေကို ပြောင်းလဲပေးမယ့်သူ မဟုတ်ဘူးလေ... ဒါကြောင့် သူက ယိုတုထဲ ဝင်ပြီး သူ့အမေရဲ့ ဝိညာဉ်ကို ပြန်ယူမယ် ပြောခဲ့တာပဲ”
ချင်မူမှာ လွင့်မျောနေသော စက္ကူလှေဆီသို့ ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် လူတစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။ ထိုလူသည်လည်း စက္ကူလှေကို စီးတတ်ပြီး လှေဦးရှီ မီးအိမ်အောက်၌ ထိုင်နေတတ်၏။
ကောင်းကင်နတ်အရှင်ရုံကား တျန်းချိကျွင်းများလော...
တျန်းချိကျွင်း ဟုတ်လျှင် အဘယ်သို့ပြု၍ ယိုတု၏ တျန်းချိကျွင်း ဖြစ်လာခဲ့သနည်း။
မြေအောက်ဘုံအရှင်သခင်၏ လက်ထဲမှ သူ့အမေကို ကယ်တင်နိုင်ခဲ့သည်လား။
စက္ကူလှေလေးက တိတ်ဆိတ်စွာ ရွေ့လျားနေသည်။ လှေပေါ်ရှိ လူငယ်လေးသည် ပြုံးနေသော်လည်း သူ၏မျက်ဝန်းများကမူ ငိုနေ၏။
ချင်မူ သူ့အမေသူ သတိရလိုက်မိသည်။
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “နောင်တော်မူမှာ တွေးစရာတွေ အများကြီး ရှိတဲ့ ပုံပဲနော်”
ချင်မူ ဖြစ်ညစ်ပြုံးပြလိုက်သည်။ “ကောင်းကင်နတ်အရှင်ရုံကို မြင်တော့ ကျွန်တော့်ကိုကျွန်တော် မြင်ယောင်မိလို့ပါ... အဖြစ်ချင်းတူတဲ့ လူတွေဟာ ကိုယ်ချင်းစာနိုင်တယ် မဟုတ်ပေလား”
ကောင်းကင်နတ်အရှင်ယွီသည် အတွေးနက်သွားပြီး အပြုံးတစ်ခုဖြင့် ပြော၏။ “နောင်တော်မူရဲ့ လက်ရှိအစွမ်းအစတွေနဲ့ဆို ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်တယ်.. ကျွန်တော် ကောင်းကင်နတ်ဧကရာဇ်ဆီ တင်ပြပြီး နောင်တော်ချင်နဲ့ နောင်တော်မူကို ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူ အဖြစ် ချီးမြှောက်ပေးဖို့ လျှောက်တင်ကြည့်မယ်... အဲဒါဆို ကောင်းကင်နတ်အရှင်ကိုးပါး ဖြစ်သွားပြီ”
သူက တဟားဟား ရယ်လိုက်သည်။
ကောင်းကင်ယင်သားတော်၏ မျက်နှာက ကွက်ခနဲ ပျက်သွား၏။ သူ့ရင်ထဲ၌ စိတ်ပျက်မှု၊ မနာလိုမှုတို့ မဖြစ်တည်လာဘဲ မနေပေ။
ခိုင်ဧကရာဇ်က ခေါင်းယမ်းလိုက်သည်။ “ကောင်းကင်နတ်အရှင်ဘွဲ့က ခမ်းနားကြီးကျယ်တဲ့ အရာတွေ ဖန်တီးတီထွင်နိုင်ခဲ့တဲ့ လူတွေကို ပေးအပ်တဲ့ ဘွဲ့ပါ... ကျွန်တော်က အဲဒီဘွဲ့နဲ့ မတန်ပါဘူး... နောင်တော်မူနဲ့ ကျွန်တော်....”
ချင်မူ သရော်တော်တော် ပြောလိုက်၏။ “ကျုပ်ကို နောင်တော်မူလို့ မခေါ်နဲ့”
ခိုင်ဧကရာဇ်က မျက်ခုံးပင့်ကာ နှာခေါင်းရှုံ့သည်။ သူတို့နှစ်ယောက် အနောက်၌ တိတ်ဆိတ်နေသော နွားအိုကြီးက ချောင်းတစ်ချက် ဟန့်ပြီး သတိပေးလိုက်သည်။
ကောင်းကင်နတ်အရှင်ယွီမှာ သူတို့သုံးယောက်၏ အမူအရာများကို မြင်လျှင် ပြုံးလိုက်မိ၏။ ‘ဒီသုံးယောက်က တော်တော်ထူးဆန်းတာပဲ’
ခိုင်ဧကရာဇ်က ဆက်ပြောသည်။ “မူချင်းနဲ့ ကျွန်တော့်မှာ လှပသေသပ်တဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိပေမယ့် ကမ္ဘာကို ပြောင်းလဲစေနိုင်တဲ့အထိ လုပ်ဆောင်နိုင်ခဲ့တာမျိုး မရှိပါဘူး... ဒီဘွဲ့နဲ့ ကျွန်တော်တို့ မထိုက်တန်ပါဘူးခင်ဗျာ”
ကောင်းကင်နတ်အရှင်ယွီက တဟားဟား ရယ်မောပြီး ပြောလိုက်၏။ “နောင်တော်တို့နှစ်ယောက်မှ မထိုက်တန်ရင် ဘယ်သူက ထိုက်တန်တော့မတုံး... နဂါးသွဲ့ရေကန်မှာ မြင်ခဲ့ရတဲ့ နောင်တော်တို့ သိုင်းပြိုင်ပွဲက အင်မတန် ရင်သပ်ရှုမောစရာ ကောင်းပါတယ်... တကယ့်ကို မှင်သက်အံ့ဩစရာဗျ... အမှန်တိုင်း ပြောရရင် ကျွန်တော့်ရဲ့ ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက မဆိုးဘူး၊ ကမ္ဘာပေါ်မှာ ကျွန်တော့်ထက် သာတာ ရှေးဟောင်းနတ်ဘုရားတွေပဲ ရှိတော့တယ်၊ ကျန်တဲ့လူတွေက သာမန်ပဲလို့ ကျွန်တော် ထင်ခဲ့မိတယ်.. ဒါပေမဲ့ နောင်တော်တို့နှစ်ယောက်နဲ့ ဆုံတွေ့တော့မှ ကောင်းကင်နဲ့မြေပြင်ရဲ့ ကျယ်ပြောနက်ရှိုင်းမှုကို နားလည်တော့တယ်.... ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းအစစ်ဆိုတာ ဘာမှန်း သိခဲ့ရတယ်... နောင်တော်တို့နှစ်ယောက်က ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေရဲ့ တည်ထောင်သူပဲ... နောင်တော်တို့ပဲ ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်တယ်”
သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မထိုက်တန်ဘူးထင်ရင် ကျွန်တော်တို့ ကောင်းကင်နတ်အရှင်ခုနစ်ပါးလည်း ဘွဲ့ဂုဏ်ထူးတွေ ပြန်အပ်ပြီး တံခါးပိတ်ကျင့်ကြံရလိမ့်မယ်”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ကောင်းကင်နတ်အရှင်ယွီသည် အမှန်ပင် သူရဲကောင်းတစ်ယောက် ဖြစ်၏။ သူ၏စကားများဖြစ်စေ၊ လုပ်ဆောင်ချက်များဖြစ်စေ တစ်ဖက်လူကို စိတ်လက်ပေါ့ပါးသွားစေသည်။ အမှန်တကယ် သွက်လက်ထက်မြက်သော လူပင် ဖြစ်ချေသည်။
ဤကဲ့သို့ ပုဂ္ဂိုလ်သည် ပင်ကိုယ်သဘာဝကိုက ခေါင်းဆောင်ဖြစ်နေသည့်အတွက် လူအများ သူ့ကို အလိုလို အထင်ကြီးလေးစားလာမိအောင် လုပ်ဆောင်နိုင်စွမ်း ရှိ၏။
အရှေ့တွင် နဂါးသွဲ့ရေကန်၏ နန်းဆောင်ငယ် ပေါ်လာသည်။
ရောက်သည့်အချိန်မှ နန်းဆောင်ငယ်ဆိုသည်မှာ မည်သည့်အရာဖြစ်မှန်း ချင်မူ သိသွားသည်။
ဤနန်းဆောင်ငယ်သည် ကောင်းကင်နတ်ဧကရီ၏ အရန်နန်းဆောင်ဖြစ်သည့်အတွက် ခမ်းနားတင့်တယ်သည်မှာ မထူးဆန်းပေ။ သို့သော် အအံ့ဩဖွယ်အကောင်းဆုံးမှာ ဤနန်းဆောင်သည် ကြီးမားလွန်း၏။ မယုံနိုင်လောက်အောင် ကြီးမားလွန်းပေသည်။
တံခါးအရှေ့ တိုင်လုံးကြီးကပင် ကိုက်ခြောက်ရာကျော်သည်။
ဤနေရာရှိ အရာအားလုံးသည် သာမန်အရွယ်အစားထက် ရာဂဏန်း၊ ထောင်ဂဏန်းများ ပိုမိုကြီးမား၏။
ဤနန်းဆောင်တွင် စံမြန်းသော ကောင်းကင်နတ်ဧကရီမှာ သာမန်လူတစ်ယောက်ထက် အဆတစ်ရာ အရပ်မြင့်မားလောက်ပေသည်။
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲ ပြီးလို့ နန်းဆောင်နာမည်တွေ ဆုံးဖြတ်ပြီးသွားရင် ကျွန်တော် ကောင်းကင်နတ်ဧကရာဇ်ဆီ အကြံပြုစာ တင်သွင်းပြီး ဘွဲ့တောင်းခံပေးပါ့မယ်”
ခိုင်ဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ “ဒီလူ မူချင်းက ဘယ်လိုဖားရမလဲ သိတယ်”
သူ့ဘေးရှိ နွားအိုကြီးဆီမှ ချောင်းဟန့်သံ ထွက်လာသဖြင့် ခိုင်ဧကရာဇ်မှာ ဤနွားနတ်ဘုရား နောက်တစ်ကြိမ် ရူးသွပ်မသွားစေရန် သူ့စိတ်သူသာ ထိန်းလိုက်ရသည်။
ကောင်းကင်နတ်အရှင်ယွီက ရယ်ပြီး ပြော၏။ “ဒါက အသေးအဖွဲလေးပါ... နောင်တော်တို့နဲ့လည်း ထိုက်တန်တယ်လေ... ကျွန်တော်က ကူညီပေးလိုက်ရုံ သက်သက်ပဲ... အမှန်တိုင်း ပြောရရင် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ ကျွန်တော် လုပ်ချင်တာ နှစ်ခုရှိတယ်... ပထမတစ်ခုက မသေမျိုးဖြစ်လာနိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားတဲ့အကြောင်း ပြောဖို့... အဲဒီနည်းလမ်းက ကမ္ဘာပေါ်မှာရှိတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးကို နောက်အဆင့်တစ်ဆင့်ဆီ တွန်းပို့ပြီး နတ်ဘုရားတွေနဲ့ တန်းတူဖြစ်လာစေလိမ့်မယ်... ဒါ့အပြင် သူတို့သိုင်းအဆင့်တွေလည်း မြင့်သထက် မြင့်မားလာကြမယ်... ဒုတိယတစ်ခုကတော့...”