ကောင်းကင်နတ်အရှင်ယွီ၏ သေဆုံးမှု
Vol. 55 Ch. 741
“ကောင်းကင်နတ်အရှင်ယွီ သေတာများ အထူးအဆန်း မှတ်လို့...”
နွားအိုကြီးက လမ်းဆက်လျှောက်ရင်း ရယ်နေသည်။ “ဒီရှေးခေတ်က လူတွေ လူသေတာ တစ်ခါမှ မမြင်ဖူးဘူးလား၊ ငါ ခေါင်းကိုက်..... ကောင်းကင်နတ်အရှင်ယွီ သေသွားတာလား... ကောင်းကင်နတ်အရှင်ယွီ သေသွားပြီတဲ့ဟ”
နွားအိုကြီးမှာ တုန်လှုပ်ချောက်ချားစွာ အော်ဟစ်ပြီး ချင်မူနှင့် ခိုင်ဧကရာဇ်ကိုပင် မခေါ်နိုင်တော့ဘဲ ကျက်သရေအဆောင်မှ ကရောသောပါး ပြေးထွက်သွားသည်။ အပြင်၌ ဆူဆူညံညံ ဖြစ်နေခြင်းကား မရပ်သေးပေ။ တချို့က ကျယ်လောင်စွာ ငိုကြွေးနေကြကာ တချို့မှာတော့ ငေးငေးငိုင်ငိုင် ရပ်နေကြ၏။ တချို့က မေးမြန်းနေကြပြီး သတင်းကို အတည်ပြုပြီးသည့်အခါ ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်ကြသူများ၏ အဓိကကျောရိုးအား ဆုံးရှုံးလိုက်ရသကဲ့သို့ နွားအိုကြီး ခံစားလိုက်ရ၏။
သူ့မှာ အပြင်တွင် ယောက်ယက်ခတ်နေကြသော လူများကို ကြည့်နေမိသည်။ ကောင်းကင်နတ်အရှင်ယွီ အသက်ရှိစဉ်တုန်းက ဤနေရာမှာ ပြုပြင်ပြောင်းလဲမှု၏ ဗဟိုချက် ဖြစ်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားသောအခါ အားလုံးသည် ခေါင်းပြတ်သွားသော ယင်ကောင်များပမာ ဖြစ်ကုန်ကြ၏။
ပုံဖော်ရေးဆွဲကာစ ရွှေရောင်ခေတ်တစ်ခေတ်ကား ရုတ်ခြည်း မှေးမှိန်သွားချေပြီ။
ခေါင်းဆောင်ကောင်းတစ်ယောက်၏ သေဆုံးမှုက ဤခေတ်၏ လူများအတွက် ရိုက်ချက်ပြင်းလွန်းသည်။
နွားအိုကြီး၏ ရင်ထဲတွင်လည်း ဟာတာတာ ဖြစ်နေသည်။ ‘သူ ဘယ်လိုလုပ် ဒီအတိုင်း သေသွားတာလဲ... ဘယ်လိုလုပ် ဒီအတိုင်း သေသွားနိုင်မှာလဲ... မဖြစ်နိုင်ဘူး မဟုတ်လား... ဒီဟာသက နည်းနည်းတော့ များသွားပြီ...’
သူ့အနောက်မှ ခြေသံများ ကြားလိုက်ရပြီး ချင်မူ၊ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင်တို့ ရောက်လာကြသည်။ သူတို့မျက်နှာများလည်း ငေးငေးကြောင်ကြောင် ဖြစ်နေကြ၏။ အဆောင်ထဲ၌ ဆွေးနွေးနေကြစဉ် သူတို့လည်း အော်ဟစ်သံများနှင့် ဆူဆူညံညံအသံများ ကြားခဲ့ရသည်။ ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားသည့် သတင်းက သူတို့ကို ဆွံ့အသွားစေခဲ့လေသည်။
သူတို့သည်လည်း ကောင်းကင်နတ်အရှင်ယွီကို အလွန်လေးစားကြသည်။ သူက ကောင်းကင်နှင့်မြေပြင်ကို အုပ်စိုးထိန်းချုပ်ကာ သက်ရှိသတ္တဝါများကို ဦးဆောင်၍ ခေတ်အသစ်တစ်ခေတ် ထူထောင်နိုင်မည့် ခေါင်းဆောင်တစ်ယောက်ဟု ခံစားခဲ့ကြရသည်။
ကောင်းကင်နတ်အရှင်ယွီကို သူတို့ များစွာ မျှော်လင့်ထားခဲ့သော်လည်း တစ်သက်လုံး လေ့လာခဲ့နေသော အရာအား ချပြရန် စောင့်နေသော ဤလူငယ်ခေါင်းဆောင်မှာ ယခုလို ကောက်ကာငင်ကာ သေဆုံးသွားခဲ့၏။ ချင်မူနှင့် ခိုင်ဧကရာဇ် လက်မခံနိုင်ပေ။
ကောင်းကင်နတ်အရှင်လင်က ပို၍ပင် လက်မခံနိုင်သေးသည်။
ချင်မူနှင့် ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်အရှင်ယွီနှင့် သိပ်မထိတွေ့ မဆက်ဆံဖူးသော်လည်း သူမမှာ ကောင်းကင်နတ်အရှင်ယွီ၏ ဒဏ္ဍာရီများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရလေသည်။ ထို့နောက်ပိုင်း သူနှင့် ဆုံတွေ့ရသည့်အခါ သူက သူမကို အမြဲဂရုစိုက်ပြီး အားပေးခဲ့သော အစ်ကိုတစ်ယောက်သဖွယ် ဖြစ်လာခဲ့သည်။
သူမ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဖွင့်ပြီးနောက် ‘အချိန် မတည်ရှိ’သည့်အကြောင်းကို ကောင်းကင်နတ်သိုင်းတစ်ခုဖြင့် သက်သေပြရန် ကြိုးစားသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ယွီသည် သူမ လမ်းမှားနေပြီ၊ မအောင်မြင်နိုင်ဟု ခံစားခဲ့ရ၏။ သို့သော် ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးခဲ့သေးသည်။
ကောင်းကင်နတ်အရှင်ယွီ၏ သေဆုံးမှုက သူမအတွက် အလွန်ရိုက်ချက်ပြင်း၏။
ကောင်းကင်နတ်အရှင်လင်မှာ မျက်နှာဖြူဖျော့စွာဖြင့် ရှေ့သို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။ ချင်မူ ခပ်တိုးတိုး ပြောလိုက်သည်။ “သူ့နောက်လိုက်ပြီး ဘာဖြစ်သွားလဲ ကြည့်ရအောင်”
သူတို့သုံးယောက် ကောင်းကင်နတ်အရှင်လင်နောက်မှ လိုက်ပြီး လူအုပ်ကြီးအား တိုးသွားကြသည်။ အရန်နန်းဆောင်အတွင်း၌ လူများ ပြည့်နှက်နေကြကာ အားလုံး ဝမ်းနည်းပူဆွေးနေကြ၏။ နတ်ဘုရားတစ်ပိုင်းတချို့လည်း ကောင်းကင်၌ ပျံဝဲနေကြသည်။
“ကောင်းကင်နတ်အရှင်ယွီက ဘာလို့ ရုတ်တရက်ကြီး သေသွားတာလဲ”
ခိုင်ဧကရာဇ်က တီးတိုးမေးသည်။ “ကောင်းကင်နတ်သိုင်းပညာရှင်တွေအနေနဲ့ သူ့ကို မသတ်နိုင်ဘူးလေ... နတ်ဘုရားတစ်ပိုင်း ဒါမှမဟုတ် ရှေးဟောင်းနတ်ဘုရားတစ်ပါး လှုပ်ရှားမှ သူ့ကို သတ်နိုင်မှာ မဟုတ်လား”
ချင်မူမှာ တခြားအကြောင်း တွေးနေမိသည်။ ‘နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း မကြေညာခင် ကောင်းကင်နတ်အရှင်ယွီ ဘာကြောင့် အသတ်ခံလိုက်ရတာလဲ... သူ့ကို ဖယ်ရှားလိုက်တာက နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ဖယ်ရှားလိုက်တာနဲ့ အတူတူပဲ’
နွားအိုကြီးဆီမှ အသံတိုးတိုး ထွက်လာ၏။ “ကောင်းကင်နတ်အရှင်ယွီ သေချင်ယောင်ဆောင်နေတာများလား... သူ သေချင်ယောင်ဆောင်လိုက်ရင် နတ်ဘုရားတစ်ပိုင်းတွေ၊ လူသားတွေနဲ့ ကောင်းကင်နတ်ဘုံကြားမှာ ကတောက်ကဆ ဖြစ်သွားနိုင်မယ်...”
ချင်မူနှင့် ခိုင်ဧကရာဇ် ခေါင်းယမ်းလိုက်သည်။
နွားအိုကြီး ဇဝေဇဝါ ဖြစ်သွား၏။
ချင်မူက ရှင်းပြသည်။ “ကောင်းကင်နတ်ဘုံမှာ သူ သေချင်ယောင်ဆောင်လည်း ဘာမှမထူးဘူး... မြေအောက်ဘုံအရှင်နဲ့ ကောင်းကင်နယ်စားမင်း ရှိနေမှတော့ သေချင်ယောင် ဘယ်ဆောင်လို့ရမလဲ... သူ့ဝိညာဉ်က ယိုတုလက်ကနေ လွတ်မှာမှ မဟုတ်တာ... သူ ကောင်းကင်နယ်စားမင်းဆီကလည်း ပုန်းနေလို့ မရဘူး... ဒါကြောင့်.. တကယ် သေသွားတာ”
ခိုင်ဧကရာဇ်က ပြောသည်။ “ဒီအပြင် ကတောက်ကဆ ဖြစ်စေချင်ရင် သေချင်ယောင်ဆောင်စရာ မလိုဘူး... သူ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ဖြန့်ဝေလိုက်တာနဲ့ နတ်ဘုရားအသစ်တွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေအကြား သေချာပေါက် ကတောက်ကဆ ဖြစ်လာမှာပဲ... အချိန်ကြာလာရင်နဲ့ အဲဒီကိစ္စက ကြီးလာလိမ့်မယ်... ကိစ္စဆိုတာ အကျိုးအမြတ် ခွဲဝေရမယ့် ပြဿနာ... နတ်ဘုရားအသစ်တွေအနေနဲ့ အကျိုးအမြတ်တွေ ပိုလိုချင်လာမယ်... ရှေးဟောင်းနတ်ဘုရားတွေကလည်း ခွဲမပေးချင်ဘူး... ဒီတော့ ကတောက်ကဆ မဖြစ်ဘဲ ဘယ်နေမလဲ... ကောင်းကင်နတ်အရှင်ယွီက ဉာဏ်ကောင်းတဲ့လူပါ... သေချင်ယောင်ဆောင်စရာ မလိုမှန်း သိတယ်... ဒါ့အပြင် သေချင်ယောင်ဆောင်လိုက်ရင်...’
သူက ဆက်မပြောတော့ပေ။
သို့သော် ချင်မူက ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “ဒါ့အပြင် သေချင်ယောင်ဆောင်လိုက်ရင် သူ့ရဲ့ ခေါင်းဆောင်နေရာကို ပြန်အပ်ရလိမ့်မယ်... သူ ကြိုးကြိုးစားစား အားထုတ်ထားရတဲ့ အလုပ်ကို အခြားသူဆီ ပေးလိုက်ရပြီး အဲဒီလူတွေ အမြတ်ထွက်သွားစေမယ့် ရွေးချယ်မှုမျိုး ကောင်းကင်နတ်အရှင်ယွီ လုပ်မှာမဟုတ်ဘူး”
ခိုင်ဧကရာဇ်သည် သူ့ကို ကြည့်ရင်း ကြောင့်ကြစိတ်များ ပြည့်နှက်လာ၏။ သူက ခပ်တိုးတိုး ပြောသည်။ “ငါတို့က အပြင်လူတွေမဟုတ်လား... ဒီခေတ်မှာ ဝင်မပါသင့်ဘူး... ငါတို့ ဒီခေတ်ဆီ ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးပေမယ့် အမှောင်ထုတွေ ထွက်လာပြီး အန္တရာယ်တွေ ငုပ်လျိုးနေတာ ခံစားနေရပြီ”
ချင်မူ ခေါင်းယမ်း၍ ပြောလိုက်သည်။ “အတိတ်ကို ရောက်လာမှတော့ အတိတ်က လူတွေ ဖြစ်နေပြီလေ... ကျုပ်တို့ ဘာလုပ်လုပ် အနာဂတ်ကို ပြန်ရောက်သွားရင် အတိတ်တုန်းက လုပ်ခဲ့တဲ့အရာက ဖြစ်ပြီးသွားတဲ့ သမိုင်းမှန်း သဘောပေါက်လိမ့်မယ်”
ခိုင်ဧကရာဇ်၏ နဖူမှ သွေးကြောများ ထောင်လာကာ သူ့အသံသည် အနည်းငယ် အက်ကွဲနေ၏။ “မင်း ပြဿနာ ရှာချင်ပြန်ပြီလား... ငါ မင်းကို မဖြစ်မနေ တိုက်ခိုက်ရအောင် ဖိအားပေးချင်နေတာလား”
နွားအိုကြီးမှာ သူတို့ ဘာပြောနေမှန်း မသိသဖြင့် အူကြောင်ကြောင် ဖြစ်နေတော့သည်။
သို့ရာတွင် ချင်မူနှင့် ခိုင်ဧကရာဇ်သည် တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းနားလည်၏။ သူတို့ ပြောခဲ့သည့် ‘အခြားတစ်ယောက် အမြတ်ထွက်သွားမည်၊ အမှောင်ထု ထွက်လာပြီ’ ဆိုသည့်စကားများက တစ်စုံတစ်ယောက်ကို ရည်ညွှန်းနေခြင်းဖြစ်၏။
ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားလျှင် မည်သူက အကြီးမားဆုံး အမြတ်ထွက်မည်နည်း။
ခေါင်းဆောင်သေသွားလျှင် ခေါင်းဆောင်နေရာကို ယူရမည့် လူက အကြီးမားဆုံး အမြတ်ထွက်မည့်သူပင် ဖြစ်သည်။
ပြုပြင်ပြောင်းလဲသူ သေသွား၍ နတ်ဘုရားဖြစ်လာမည့် လမ်းကြောင်း မရှိတော့လျှင် ရှေးဟောင်းနတ်ဘုရားများ အကြီးမားဆုံး အမြတ်ထွက်လိမ့်မည်။
ကောင်းကင်နတ်အရှင်ယွီသည် တွေ့ဆုံပွဲအား လူပေါင်းများစွာ တက်ရောက်စေချင်သည့်အတွက် နတ်ဘုရားတစ်ပိုင်းများနှင့် လူသားများအကြား ပြေလည်အောင် ညှိနှိုင်းပေးပြီး ကောင်းကင်နတ်ဘုံရှိ အာဏာပိုင်းများကိုလည်း တံစိုးလက်ဆောင်ပေးခဲ့ရ၏။ သူ့မှာ အနားယူရန် အချိန်မရှိသည်အထိ ဟိုဟိုသည်သည် ပြေးလွှားရင်း အလုပ်များခဲ့ရသည်။
သူက နဂါးသွဲ့ရေကန်နန်းဆောင်ငယ်အတွင်းရှိ မန့်လန်အဆောင်၌ စံမြန်းသဖြင့် ဤအခိုက်အတန့်တွင် မန့်လန်အဆောင်တွင် လူများပြည့်နေချေပြီ။ လောလောဆယ်တွင် ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်ယင်သားတော်က တံခါးစောင့်နေပြီး ကောင်းကင်နတ်အရှင်ဟွေ့တွင် ဝမ်းနည်းဒေါသထွက်နေသော အမူအရာ ရှိသည်။ သူက အားလုံးကို စိုက်ကြည့်၍ ရှေ့တိုးမလာအောင် တားထား၏။
ကောင်းကင်နတ်အရှင်လင်မှာ အရှေ့ရောက်အောင် တိုးဝှေ့သွားပြီး တုန်ရီအက်ကွဲနေသော အသံဖြင့် မေးသည်။ “အဲဒါ အမှန်လား”
ကောင်းကင်နတ်အရှင်ဟွေ့က ရင်ကွဲဆို့နင့်စွာဖြင့် ခေါင်းညိတ်သည်။ “အားလုံး အထဲမှာ ရောက်နေကြပြီ... ကောင်းကင်နတ်အရှင်ရုံက ကယ်တင်လို့ ရလိုရငြား ဝိညာဉ်ဆင့်ခေါ်နေတယ်... ကောင်းကင်နတ်အရှင်ဟောင်က အရှင်မင်းကြီးဆီ သတင်းပို့ပြီး မြေအောက်ဘုံအရှင်သခင်ကိုလည်း သူ့ဝိညာဉ် ပြန်ခေါ်ပေးဖို့ ဖိတ်ထားတယ်...”
ချင်မူ ယင်ချောင်ကျင့်ဆီသို့ ကြည့်လိုက်သည့်အခါ ယင်ချောင်ကျင့်သည် ငိုင်ငိုင်ကြီး ရပ်နေ၏။ သူ့မှာ မည်သည်ကိုမှ မတွေးနိုင်သည့်အလား ငေးကြောင်နေသည်။
ရုတ်တရက် သူ၏သူငယ်အိမ်များက ကျုံ့သွားပြီး သူ့လက်သူ စိုက်ကြည့်လိုက်ကာ မျက်ရည်နှစ်ပေါက်သည် သူ့လက်ဝါးအပေါ် ကျသွား၏။
ကောင်းကင်နတ်အရှင်လင်က မန့်လန်အဆောင်ထဲ အပြေးအလွှား ဝင်သွား၍ ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးလည်း လိုက်ဝင်ရန် ပြင်လိုက်စဉ် ကောင်းကင်နတ်အရှင်ဟွေ့က သူတို့ကို တားသည်။ ကောင်းကင်ယင်သားတော်မှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး လက်မြှောက်ကာ အလျင်အမြန် တားလိုက်၏။ သူက အားတုံ့အားနာ ပြောသည်။ “နောင်တော်ချင်၊ နောင်တော်မူ ... ကောင်းကင်နတ်အရှင်ယွီက အထဲမှာ သေသွားတာပါ... နောင်တော်တို့ ဝင်လို့မရဘူး”
“ကောင်းကင်နတ်အရှင်ဟောင် သူတို့ကို ဝင်ခွင့်ပေးလိုက်”
ကောင်းကင်နတ်အရှင်လင်၏အသံ ထွက်လာသည်။ “ကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေအပေါ် သူတို့ရဲ့ နားလည်မှုက သိပ်မြင့်မားတယ်... သူတို့ သဲလွန်စ ရှာတွေ့လောက်တယ်”
ကောင်းကင်နတ်အရှင်ဟွေ့ တွန့်ဆုတ်သွားသော်လည်း လက်ပြန်ချလိုက်၏။ သူက နီရဲနေသောမျက်လုံးများဖြင့် ချင်မူ့ဆီသို့ ကြည့်ကာ ပြောသည်။ “မင်း သဲလွန်စရှာတွေ့ရင် ငါ မင်းကို မမုန်းတော့ဘူး”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
သူတို့ မန့်လန်အဆောင်ထဲ ဝင်လိုက်ကြ၏။ အဆောင်မှာ ကျွန်းပေါ်ရှိ ရေကန်တစ်ကန်ထဲတွင် ဆောက်ထားခြင်းဖြစ်သည်။ အဆောင်မှကြည့်လျှင် နဂါးသွဲ့ကန်ကို ရှုစားနိုင်ပြီး လှိုင်းလုံးကြီးများကိုလည်း မြင်ရနိုင်၏။ ဤနန်းဆောင်မှာ အလွန်တင့်တယ်လှပလေသည်။
ကောင်းကင်နတ်ဧကရီ စံမြန်းသော နေရာ ဖြစ်သည့်အတွက် မန့်လန်အဆောင်သည်လည်း သာမန်အဆောက်အအုံများထက် ကြီးမားသည်။ အတွင်း၌ လွန်စွာကျယ်၏။
ချင်မူတို့သုံးယောက် အဆောက်အအုံထဲ ရောက်သည့်အခါ ကြမ်းပြင်တွင် သွေးများ မြင်ရသည်။ ပြတင်းပေါက်က တွန်းဖွင့်ခံထားရပြီး နံရံအပေါ်တွင် ကောင်းကင်နတ်သိုင်းအရာများ ရှိနေသည်။ ကောင်းကင်နတ်အရှင်ယွီ၏ အလောင်းမှာ ပြတင်းပေါက်၏ အောက်၌ လဲနေကာ ပြတင်းပေါက်ကို မှီထားသည်။ အလောင်းသည် ခေါင်းငိုက်စိုက်ကျနေပြီး ခြေလက်များလည်း ပျော့ခွေနေ၏။
ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်ရုံတို့အားလုံး ရောက်နေကြသည်။ ကောင်းကင်နတ်အရှင်ဟောင်က နတ်ခွေးကြီးတစ်ကောင်ကို အနံ့ခံခိုင်းနေ၏။ ကောင်းကင်နတ်အရှင်ရုံက လက်နှစ်ဖက်စလုံး မြှောက်ကာ ချီစွမ်းအင်များ ဖြန့်ကျက်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်အရှင်ယွီ၏အလောင်းကို ကြမ်းပြင်မှ သုံးပေအမြင့်သို့ မြှောက်လိုက်သည်။
လူငယ်လေး၏ ခေါင်းအနောက်ရှိ မိစ္ဆာမျက်နှာဖုံးမှာ ငိုနေသော်လည်း ကောင်းကင်နတ်အရှင်ရုံ၏အမူအရာက ထုံးစံအတိုင်း အေးစက်တင်းမာနေသည်။
ချင်မူ လွင့်မျောနေသော ကောင်းကင်နတ်အရှင်ယွီဆီသို့ ကြည့်လိုက်ပြီး သူ့အရိုးအားလုံး ကြေမွနေကြောင်း မြင်လိုက်ရသည်။ မကျိုးသည့် အရိုးမရှိပေ။ တစ်စုံတစ်ယောက်က ပြင်းထန်လှသော သိုင်းကွက်များဖြင့် သူ့အရိုးများအား ရိုက်ချိုးခဲ့ခြင်း ဖြစ်လိမ့်မည်။ သူ ပျံဝဲနေသည့်အခါ ခြေလက်များနှင့် ဦးခေါင်းက လျော့ရဲကျနေသဖြင့် စိတ်မချမ်းမြေ့စရာ ကောင်းပေသည်။
“အပြင်ဒဏ်ရာတွေ ကြည့်ရတာတော့ သူ့ကို တိုက်ခိုက်ခဲ့တာ လူတစ်ယောက်တည်း မဟုတ်ဘူး”
ချင်မူက ကောင်းကင်နတ်အရှင်ယွီကို လှည့်ပတ်ကာ ဒဏ်ရာများကို လေ့လာနေ၏။ အနားသိပ်မကပ်သွားသော်လည်း သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများအား ရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။
“ဒါပေမဲ့ အပြင်းထန်ဆုံး ဒဏ်ရာက အရိုးကျိုးသွားလို့ မဟုတ်ဘူး... နှလုံးသားရဲ့အနောက်ကနေ တစ်ယောက်ယောက်က တိုက်ခိုက်လိုက်တာကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတာ”
ချင်မူ ဖြည်းဖြည်းချင်း ပတ်လျှောက်နေပြီး သူ့စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။ ထိုလူသတ်သမားက ကျောနောက်မှ အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပြီး ခြေရာလက်ရာ ကျန်ခဲ့မည် စိုးသောကြောင့် သူ၏အကောင်းဆုံး ကောင်းကင်နတ်သိုင်းကို မသုံးခဲ့ပေ။ ရုပ်ခန္ဓာ၏ ခွန်အားကိုသာ သုံးသွားခဲ့၏။
ပထမလက်သီးချက်ဖြင့် ထိုလူသတ်သမားသည် ကြောက်မက်ဖွယ်ရာ ခွန်အားသုံး၍ ကောင်းကင်နတ်အရှင်ယွီ၏ နှလုံးသားအား ခြေမွနိုင်ခဲ့သည်။ ထို့နောက် ကောင်းကင်နတ်အရှင်ယွီ၏ သိုင်းကွက်ကို ရှောင်ကာ ကောင်းကင်နတ်အရှင်ယွီကို လှည့်ဝိုက်လိုက်သည်။
ရုပ်ခန္ဓာအပေါ်သို့ လက်သီးချက်များ တရစပ် ကျရောက်လာသည့်အခါ ကောင်းကင်နတ်အရှင်ယွီမှာ တူနှင့် ထုရိုက်ခံလိုက်ရသကဲ့သို့ အရိုးများ စိစိညက်ညက် ကြေကုန်၏။
“မန့်လန်အဆောင်ရဲ့ နံရံအပေါ်က ကောင်းကင်နတ်သိုင်းအရာတွေက ကောင်းကင်နတ်အရှင်ယွီရဲ့ ကောင်းကင်နတ်သိုင်းတွေပဲ”
ချင်မူ နံရံဆီသို့ လှမ်းကြည့်သည်။ ကောင်းကင်နတ်အရှင်ယွီသည် ထိုလူသတ်သမားကို အလွန်ယုံကြည်ခဲ့လိမ့်မည်။ ထို့ကြောင့် လူသတ်သမားအနေဖြင့် အငိုက်ဖမ်း တိုက်ခိုက်ရန် အခွင့်အရေးရသွားခဲ့၏။
ထိုမျှသာမက သူတို့၏သိုင်းအဆင့်က သိပ်ကွာလောက်မည်မဟုတ်။ ကောင်းကင်နတ်အရှင်ယွီ၏ ကျင့်စဉ်စွမ်းအင်သည် ပိုမိုအားကောင်းသော်လည်း တစ်ဖက်လူ၏ ရုပ်ခန္ဓာက သူ့ထက် များစွာ သန်မာသည်။ ထိုလူ နောက်မှ အလစ်တိုက်ခိုက်ခဲ့သည့်အတွက် ကောင်းကင်နတ်အရှင်ယွီ လက်ဦးမှု မရယူနိုင်တော့ဘဲ နှလုံးသားကြေမွသွားခဲ့ခြင်း ဖြစ်၏။ ထို့အပြင် လူသတ်သမားက သူနှင့် လွန်စွာ နီးကပ်နေခဲ့လိမ့်မည်။
သိုင်းကွက်အသားပေးလမ်းစဉ် အဆင့်မြင့်သိုင်းသမားတစ်ယောက်၏ အနားတွင် ရှိနေရခြင်းက မည်မျှကြောက်စရာကောင်းလိုက်သနည်း။
ချင်မူကိုယ်တိုင်လည်း သိုင်းကွက်အသားပေးလမ်းစဉ် ကျင့်ကြံဖူး၍ ကောင်းကောင်းသိသည်။
“ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွီရဲ့ အသက်ကို တကယ် နုတ်ယူလိုက်တာက ရုပ်ခန္ဓာအပေါ်က ဒဏ်ရာတွေ မဟုတ်ဘူး”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားမိသည်။ သွေးစက်တစ်စက် လွင့်မျောလာပြီး သူ၏သူငယ်အိမ်ထဲ၌ ဝင်္ကပါအအမှတ်အသားများ ဖွဲ့တည်လာ၏။ သူက ကောင်းကင်ဘုံရှစ်ဆင့် ဖွင့်လှစ်၍ ကြည့်လိုက်သည့်အခါ သွေးအတွင်းရှိ ကောင်းကင်နတ်သိုင်းသင်္ကေတများ ပေါ်လွင်လာသည်။ ဤသင်္ကေတများက လူသတ်သမား၏ ကောင်းကင်နတ်သိုင်းမှ ကျန်ခဲ့သော သဲလွန်စများ ဖြစ်ပေသည်။
‘ကောင်းကင်နတ်အရှင်ယွီရဲ့ ရုပ်ခန္ဓာပေါ်မှာ မှော်အစီအရင်ကောင်းကင်နတ်သိုင်းရာတွေ မရှိပေမယ့် သွေးထဲမှာ ကောင်းကင်နတ်သိုင်းသင်္ကေတတွေ ရှိနေတယ်... ဆိုလိုတာက ဒီလူသတ်သမား ကောင်းကင်နတ်သိုင်း သုံးသွားပေမယ့် ကောင်းကင်နတ်သိုင်းက ရုပ်ခန္ဓာကို ပစ်မှတ်ထားတာ မဟုတ်ခဲ့ဘူး.. ဒါဆို ဘယ်ကို ပစ်မှတ်ထားတာလဲ”
ထိုစဉ် ယိုတုစကားသံ ထွက်လာသဖြင့် ချင်မူ အံ့အားသင့်သွားပြီး ကောင်းကင်နတ်အရှင်ရုံဆီသို့ လှမ်းကြည့်လိုက်သည်။
လောလောဆယ်တွင် ထိုလူငယ်သည် ယိုတုကောင်းကင်နတ်သိုင်း ထုတ်လွှတ်၍ ရှေးဟောင်းယိုတုစကားကို ရွတ်ဖတ်ကာ ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်အား ပြန်လည်ဆင့်ခေါ်နေ၏။
သူ၏ယိုတုဘာသာစကားက မဆိုးသော်လည်း ချင်မူ့နားထဲတွင်မူ လိုအပ်ချက်အနည်းငယ် ရှိနေသေးသည်။ ကောင်းကင်နတ်အရှင်ရုံမှာ ယိုတု၏ တျန်းချိကျွင်း ဖြစ်မလာသေးသည် မဟုတ်ပါ၏လော။
ကောင်းကင်နတ်အရှင်ရုံ၏မျက်လုံးများမှာ နီရဲနေပြီး ယိုတုဘာသာစကားမှာ လုံးထွေးသည်ထက် လုံးထွေးလာသည်။ သူ့အမူအရာသည် တည်ငြိမ်အေးစက်နေသော်လည်း သူ့ရင်ထဲ၌ ဗလောင်ဆူနေ၏။
ရင်ထဲ ဖရိုဖရဲ ပြိုလဲနေသည့်အပြင် သူ၏အသိအမြင်ကလည်း နည်းပါးလွန်းရာ ပုံမှန်အခြေအနေဖြင့်ပင် ယိုတုဆီမှ ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်ကို ပြန်မခေါ်နိုင်ပေ။
“မကယ်နိုင်ပြန်ဘူး...”
ကောင်းကင်နတ်အရှင်ရုံမှာ ရုတ်တရက် သွေးအန်၍ မြေပြင်ပေါ် ဒူးထောက်ကျသွားသည်။ သူ့မှာ တစ်ကိုယ်လုံး တုန်ရီလာပြီး သူ့လည်ချောင်းဝမှ ရှိုက်သံများ ထွက်လာသည်။ သူက အံတင်းတင်းကြိတ်ထား၏။
“မကယ်နိုင်ပြန်ဘူး....”
သူက ရင်ကွဲဆို့နင့်စွာ အော်ငိုတော့သည်။ “မကယ်နိုင်ပြန်ဘူး... အမေ့ကိုလည်း မကယ်နိုင်ခဲ့ဘူး... အစ်ကိုကြီးကိုလည်း မကယ်နိုင်ပြန်ဘူး... ငါ ဘာမှမလုပ်နိုင်သေးဘူး...”
သူသည် မည်သူ့ကိုမဆို ဟက်ဟက်ပက်ပက် မဆက်ဆံခဲ့ပေ။ ကောင်းကင်နတ်အရှင်ယွီကိုပင် ခင်မင်ရင်းနှီးကြောင်း မပြတတ်သော်လည်း ကောင်းကင်နတ်အရှင်ယွီက သူ့ကို အမြဲဂရုစိုက်ပေးခဲ့သည်။
သူ့အတွက် ကောင်းကင်နတ်အရှင်ယွီသည် ကမ္ဘာပေါ်တွင် တစ်ယောက်တည်းသာ ရှိသော အမျိုးတစ်ယောက်နှင့် တူ၏။
ဤအချိန်တွင် နွေးထွေးသောအသံတစ်သံ သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။ “ကျွန်တော် ချပေးမယ် ၊ ခင်ဗျား လိုက်ရွတ်”
ကောင်းကင်နတ်အရှင်ရုံ တုန်လှုပ်သွားပြီး သူ့ခေါင်းထဲ အသံထွက်လာသည်ကို ကြားလိုက်ရ၏။ အသံက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ရှေးကျပြီး သန့်စင်သော ယိုတုမိစ္ဆာဘာသာစကား ဖြစ်ချေသည်။ နက်နဲဆန်းကြယ်လှသောကြောင့် မြေအောက်ဘုံအရှင်သခင် ကိုယ်တိုင် ဆင်းသက်လာခဲ့သလို သူ ခံစားလိုက်ရသည်။
ကောင်းကင်နတ်အရှင်ရုံ မတ်တပ်ပြန်ရပ်ကာ ထိုအသံနှင့်အတူ လိုက်ရွတ်သည်။ ယိုတုမိစ္ဆာနတ်ဆိုးချီများ ပတ်ဝန်းကျင်မှ စီးမျောထွက်လာပြီး မန့်လန်အဆောင်၏ ကြမ်းပြင်မှာ အမှောင်ထုဖြစ်လာ၏။
ယင်းကား ယိုတုပင်။
သူ့အသံက ယိုတုထဲသို့ ဝင်ရောက်သွားပြီး ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်အား လိုက်ရှာနေသည်။
မန့်လန်အဆောင်ထဲရှိ လူတိုင်းအတွက် ကောင်းကင်နတ်အရှင်ရုံမှာ လူငယ်လေးနှင့် မတူတော့ပေ။ ယိုတု၏ စည်းမျဉ်းကို ထိန်းချုပ်ကာ သေလူကို အသက်ပြန်သွင်းနေသော နတ်ဘုရားတစ်ပါးသဖွယ် ထင်ရ၏။
ခိုင်ဧကရာဇ် ရင်ထဲတွင် လှုပ်ခတ်သွားပြီး သူ့ဘေးရှိ ချင်မူ့ဆီသို့ကြည့်လိုက်မိသည်။ ချင်မူ၏ အသိစိတ်အလျဉ်မှ လှိုင်းဂယက်များ ဖြန့်ကျက်နေကြောင်း သူ ခံစားနေရသည်။
ချင်မူ၏အသိစိတ်အလျဉ်သည် ကောင်းကင်နတ်အရှင်ရုံနှင့် ဆက်သွယ်နေဟန်၏။
စောစောက ကောင်းကင်နတ်အရှင်ရုံ၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ အကြမ်းထည်သာ ရှိသေးသဖြင့် ယိုတုနှင့် မဆက်သွယ်နိုင်ခဲ့သော်လည်း ယခုတွင် ယိုတုထဲသို့ပင် အသံစေလွှတ်နိုင်၏။ ဤသည်မှာ ကောင်းကင်နတ်အရှင်ရုံကြောင့် မဟုတ်မှန်း ထင်ရှားပေသည်။ ချင်မူက နက်နဲသော ယိုတုကောင်းကင်နတ်သိုင်းတစ်ခုအား သူ့ကို တိတ်တိတ်လေး သင်ပေးနေခြင်း ဖြစ်မည်။
‘သူက ယိုတုကောင်းကင်နတ်သိုင်းတွေကိုတောင် သိတယ်မလား... တခြားဘာတွေ သိထားသေးလဲ’
ခိုင်ဧကရာဇ်၏ အတွေး ဤနေရာအရောက်တွင် အမှောင်ထုထဲမှ မုခ်ဝတစ်ခု တဖြည်းဖြည်း မြောက်တက်လာသည်။ ကောင်းကင်အလိုတော်မုခ်ဝတစ်ခုက အဆောင်ထဲ၌ မတ်မတ်ရပ်နေကာ မိစ္ဆာနတ်ဆိုးချီများကို ဖြန့်ကျက်နေ၏။
တခဏကြာသော် ချင်မူ သက်ပြင်းချကာ ကောင်းကင်နတ်အရှင်ရုံနှင့် ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည်။
‘ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်က ယိုတုမှာ မဟုတ်ဘူး... သူ့ဝိညာဉ်က ပြိုကွဲသွားပြီ... လူသတ်သမား ကောင်းကင်နတ်သိုင်း သုံးသွားတဲ့ အကြောင်းရင်းက...’
ချင်မူ ရင်ထဲ လေးလံသွား၏။ ‘သူ့ဝိညာဉ်ကို ဖျက်စီးဖို့ပဲ’
“ကျေးဇူးတင်ပါတယ်...” ကောင်းကင်နတ်အရှင်ရုံက ချင်မူ့လက်နှစ်ဖက်ကို လှမ်းဆွဲ၍ တံခါးအပြင်ရှိ ကန်ဆီသို့ ကြည့်ရင်း တိုးညင်းဖျော့တော့စွာ ပြောသည်။
ချင်မူ မှင်သက်သွားသည်။
ကောင်းကင်နတ်အရှင်ရုံသည် ခေါင်းမော့ပြီး ငေးငိုင်နေသော မျက်ဝန်းများဖြင့် သူ့မျက်နှာကို ကြည့်၏။ “ကျေးဇူးတင်ပါတယ်”
မန့်လန်အဆောင်တွင် ကောင်းကင်နတ်အရှင်ဟောင်၏ အသံ ထွက်လာသည်။ “အခု ကောင်းကင်နတ်အရှင်ယွီ သေသွားပြီဆိုတော့ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲကို ဘယ်လိုလုပ်မလဲ”
ခိုင်ဧကရာဇ်က ချင်မူ့အနောက်သို့ ရောက်လာကာ တီးတိုးပြော၏။ “ဒီတွေ့ဆုံပွဲမှာ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ဖြန့်ဝေပေးမယ့် လူက လူသတ်သမားပဲ”
ချင်မူ ဖြည်းဖြည်းချင်း ခါးမတ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟောင်၏အသံက ဆက်လက်ပြောသည်။ “ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကောင်းကင်နတ်အရှင်ယွီ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ငါ့ဆီ ပေးခဲ့တယ်... သူ ကံခေပြီး ဆုံးပါးသွားပေမယ့်... သူ့အမွေကတော့ ဆက်လက်ရှင်သန်ပြီး အောင်မြင်နိုင်ပါသေးတယ်”
ချင်မူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ သူက ခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်လေသည်။
လက်တစ်ဖက်က သူ့ပခုံးကို ဖိထားသည်။ ထိုလက်သည် သန်မာလွန်း၏။
ခိုင်ဧကရာဇ်က အသံကို အတတ်နိုင်ဆုံး တိုးကာ ပြောသည်။ “ဒီကိစ္စက ငါတို့နဲ့ မဆိုင်ဘူး”
“ဒီကမ္ဘာပေါ်မှာ တရားမျှတမှု ရှိသေးရဲ့လား” ချင်မူ့အပြုံးသည် ပြုံးနေသော်လည်း ပြုံးနေဟန်မတူ၊ ငိုနေသော်လည်း ငိုနေသယောင် မထင်ရပေ။
၎
င
၎
၎