ဒီဒေါင်းက ကောင်းတဲ့ငှက်တော့ မဟုတ်ဘူး
Vol. 11-16 Ch. 215
အခန်း (၂၁၅) : ဒီဒေါင်းက ကောင်းတဲ့ငှက်တော့ မဟုတ်ဘူး
စက်ဆုပ်ဖို့ကောင်းလိုက်တဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် … ငါ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုဆက်ဆံရဲရတာလဲ
ကျင်းယုက ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အတွင်းပိုင်းမှ ရရှိထားသော ချပ်ဝတ်တန်ဆာဟောင်းကို ဝတ်ဆင်ထားပြီး သူ့မျက်နှာမှာလည်း အရှက်ဒေါသဖြင့် ပြည့်နှက်နေသည်။
သူက တောင်ပိုင်းနယ်မြေရှိ လင်းယုန်မျိုးနွယ်၏ ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူ့ကို ထိပ်သီးငှက်တစ်ကောင်အဖြစ် အမြဲတမ်း သတ်မှတ်ထားကြပြီး သူ သွားသောနေရာတိုင်းမှာ လေးစားခြင်းကို ခံယူရလေ့ ရှိသည်။ သူက တောင်ပိုင်းနယ်မြေမှ အရှေ့ပိုင်းလွင်ပြင်ထိ ပျံသန်းပြီး သွားခဲ့ခြင်းက သူ့လူများကို လက်စားချေဖို့အတွက် ကူညီပေးချင်လို့ ဖြစ်သော်လည်း ရှန်ထျန်း၏ အရှက်ခွဲခြင်းကို ခံလိုက်ရသည်။
ပိုပြီးတော့ အရေးကြီးသည့်အရာက ထိုအဖြစ်အပျက်များအားလုံးကို ခုံမုန့်က တွေ့မြင်သွားခဲ့သည်။ ကျင်းယု၏ မာနကြီးသော နှလုံးသားက ထိုအရာကို လက်မခံနိုင်ပေ။ သူ စိတ်ဖောက်ပြန်မလိုပင် ဖြစ်နေလေပြီ။
“ စက်ဆုပ်စရာပဲ။ ရှန်ထျန်း မင်း အရမ်းလွန်သွားပြီ” ကျင်းယုက အံကြိတ်ရင်း ရွှေရောင်အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်
“ တစ်နေ့တော့ မင်း ငါ့ခြေထောက်အောက်မှာ ဝပ်တွားနေစေရမယ်”
ကျင်းယု ထိုအကြောင်းကို စဉ်းစားရင်း ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားသည်။ သူ သွေးနတ်ဆိုးတောင်ကြား၏ တခြားဘက်အစွန်းသို့ လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။ တစ်ခုခု မူမမှန်ကြောင်း ခံစားလာရသလို စိတ်ထဲမှာ ကြောက်ရွံ့လာရသည်။ ညစ်ပတ်ပြီး မူမမှန်သော အရာတစ်ခုခုက သွေးနတ်ဆိုးတောင်ကြား၏ တစ်နေရာ၌ ပုန်းအောင်းနေသည်ကို သူ ခံစားမိသည်။ သူ့ရွှေရောင်အရှိန်အဝါဖြင့် သူ့ကိုယ်သူ ဖြည်းဖြည်းချင်း လွှမ်းခြုံလိုက်သည်။ သူက ယခု မည်သည့်တိုက်ခိုက်မှုကိုမဆို ရင်ဆိုင်ဖို့ ကောင်းသည့် အခြေအနေမျိုး မဟုတ်ပေ။
ကျင်းယု ရုတ်တရက် လှည့်ကာ ထွက်ပြေးခဲ့သည်။ သူ့တောင်ပံများကို ပြင်းထန်စွာ ခတ်ကာ သွေးနတ်ဆိုးတောင်ကြား၏ နယ်နမိတ်တစ်လျှောက်အတိုင်း ပျံသန်းသွားသည်။ ကျင်းယုက သူ့ရှေ့တွင် ပိတ်ရပ်နေသော မီတာများစွာ ရှည်လျားသည့် သွေးနတ်ဆိုးကို တွေ့လိုက်ရသည်။
ထို သွေးနတ်ဆိုး၏ အရှိန်အဝါက ယခင် ကျင်းယုနှင့် ငှက်မွေးမျိုးနွယ်လေးယောက်တို့ သတ်ခဲ့ဖူးသော သွေးနတ်ဆိုးကဲ့သို့ သန်မာသည်။ တခြားနည်းဖြင့် ပြောရလျှင် ဤသွေးနတ်ဆိုးသည် ကနဦးဝိညာဉ်အဆင့် တိုက်ပွဲစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် အပြင်ဘက်မှလာသော ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်သည် ရွှေအမြုတေအဆင့်အောက် နိမ့်ကျရမည်။
ကျင်းယု ထိပ်သီးအဆင့်မှာ ရောက်နေလျှင်ပင် ဒီသွေးနတ်ဆိုးကို သူတစ်ယောက်တည်း အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ပေ။ အဲဒီအစား သူ သွေးခမ်းသည်အထိ စုပ်ယူခံရမည် ဖြစ်သည်။ ထို့အပြင် ကျင်းယုက ယခု ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည်။
သူသာ ဤသွေးနတ်ဆိုးနှင့် ထိပ်တိုက်ရင်ဆိုင်ပါက ထွက်ပြေးဖို့ အခွင့်အရေးပင် ရှိနိုင်တော့မည် မဟုတ်ပေ။
ဖြစ်လာသမျှက သူ့အတွက် မကောင်းနိုင်ကြောင်း ကျင်းယု ကောင်းကောင်းသိထားသည်။
ကံမကောင်းရင် သူတို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာနိုင်ဘူးလေ
သူ့ရဲ့ ယခင် ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုတွေတုန်းက ကနဦးဝိညာဉ်အဆင့်ရှိတဲ့ သတ္တဝါကို တစ်ကောင်ကိုတောင် မကြုံတွေ့ခဲ့ရဘူး။ ဒီတစ်ခေါက် ဘယ်လိုလုပ်ပြီးတော့ နှစ်ခါတောင် ကြုံနေရတာလဲ
သူ ယခုလုပ်နိုင်သည့်အရာက ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အတွင်းပိုင်းနယ်မြေဆီ သွားဖို့သာ ဖြစ်၏။
ကျင်းယုက တောင်ပံကို ဖြန့်ထုတ်ကာ တတ်နိုင်သော အားဖြင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ပျံသန်းသွားသည်။
သို့သော် သူ ပထမသွေးနတ်ဆိုးဆီက လွတ်မြောက်ခါနီးတွင် ဒုတိယတစ်ကောင်က သူ့ရှေ့မှာ ပေါ်လာသည်။ ဒီတစ်ကောင်ကလည်း မီတာပေါင်းများစွာ မြင့်ပြီး တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက ကျင်းယု၏ ရှေ့တွင် ပိတ်ရပ်နေပြီး လက်ဖဝါးကြီးဖြင့် သူ့ဆီ လွှဲရိုက်လိုက်သည်။
သွေးနတ်ဆိုး၏ လက်ဖဝါးက သူ့ဆီလွှဲလိုက်သည့်အချိန် ကျင်းယု သူ့ဘေးပတ်လည်ရှိ လေတွေအားလုံးကို မမြင်နိုင်သော စွမ်းအားတစ်ခုက စုပ်ယူသွားသလို ခံစားလိုက်ရသည်။ သူ့အတွက် လွတ်လပ်စွာ ရှောင်ရှားဖို့အတွက် ခက်ခဲနေသည်။ သွေးနတ်ဆိုးတစ်ကောင်က ရှေ့မှာရှိပြီး နောက်တစ်ကောင်က သူ့နောက်မှာ ရှိနေသည်။ ထို့အပြင် တောင်ကြားနှစ်ခုကလည်း သူ့ဘေးဖက်ကို ပိတ်ဆို့ထားသည်။ ထိုအရာများက သူ့ကို စိတ်ပျက်အားငယ်အောင် လုပ်ဖို့အတွက် လုံလောက်သည်။
သူ့မျက်လုံးတို့ ဖျက်ခနဲလင်းလက်သွားကာ သူ့တောင်ပံများကို ဓားသွားကဲ့သို့ အသုံးပြုကာ သွေးနတ်ဆိုး၏ လက်ဖဝါးကို ရုတ်တရက် ရိုက်ချလိုက်သည်
“ ရွှေတောင်ပံကိုးချက်- ပထမအချက် တောင်နှင့်မြစ်ကို ဖြိုခွင်းခြင်း”
တောက်ပသော နေမင်း၏ ပြင်းထန်သော ရောင်စဉ်များကဲ့သို့သော ရွှေရောင်အလင်းတန်းများက စေးကပ်သော သွေးမျက်နှာပြင်နှင့် ထိတွေ့သွားသည့်အခါ စုပ်ယူခြင်းကို ခံလိုက်ရသည်။
“ အား….”
ကျင်းယုက ထိုလက်ဖဝါး၏ ရိုက်ချက်ကြောင့် မြေပြင်ပေါ်မှာ ပြားသွားသည့်အခါ စူးရှစွာ အော်လိုက်သည်။ ထိုရိုက်ချက်ကြောင့် မူလအသွင်သို့ ပြန်ပြောင်းသွားကာ ပါးစပ်ထဲမှလည်း အမြုပ်တွေထွက်နေသည်။ ပထမသွေးနတ်ဆိုးက ကျင်းယုကို ကြက်ပေါက်လေးတစ်ကောင်လိုမျိုး သဘောထားကာ တောင်ပံမှ ဆွဲမလိုက်သည်။
“ ငါ့ကို လွှတ်ပေး။ ငါ့ကို လွှတ်ပေး။ အရူး ငါ့ကို သတ်ချင်သတ်ပစ်လိုက်။ ငါ့ရဲ့ ချိုင်းကြားကို မထိနဲ့။
အရမ်းယားတယ်…အရမ်းယားတယ်…မင်းရဲ့ ညစ်ပတ်စေးကပ်နေတဲ့ လက်ကို ဝေးဝေးထားလိုက်စမ်းပါ။ ငါ ဘာအပြစ်တွေ ကျူးလွန်ခဲ့လို့ ဒီလောက်ထိ ရွံစရာကောင်းတဲ့ သွေးနတ်ဆိုးရဲ့ လက်ထဲမှာ သေရမှာလဲ”
ကျင်းယုက သွေးနတ်ဆိုး၏ လက်ထဲတွင် ရုန်းကန်နေစဉ် အမှောင်ထဲမှ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ဦး ထွက်လာခဲ့သည်။
သူက ကျင်းယုကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်
“ သွေးသန့်နီးပါး မျိုးဆက်ကို ပိုင်ဆိုင်တဲ့ ရွှေတောင်ပံ လင်းယုန်မျိုးနွယ်ရဲ့ပါရမီရှင်ပဲ။ ဘယ်လောက်တောင် ရှားပါးလိုက်လဲ။ မင်းက အပြီးပြည့်စုံဆုံး စတေးမှုပဲ။ မရေတွက်နိုင်တဲ့ ပါရမီရှင်တွေပေါင်းလိုက်ရင် မင်းက ငါ့အောင်မြင်မှုအုတ်မြစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်။ မင်းအနေနဲ့ ဂုဏ်ယူသင့်တယ်။
ကြက်ပေါက်လေး … မင်းက ငါ့အပိုင်ပဲ။”
ထို့နောက် ဟေးယွမ်က လက်ဟန်တချို့ ထုတ်ဖော်လိုက်သည်။
သွေးအကွက်များက သွေးနတ်ဆိုး၏ အရေပြားပေါ်တွင် ချက်ချင်းပေါ်လာကာ ကျင်းယုကို သူ၏ ဝမ်းဗိုက်ထဲသို့ ထိုးသွင်းသလိုမျိုး ဖြစ်နေသည်။
ကျင်းယု ပြင်းထန်သော သွေးညှီနံ့နား နီးလာသောကြောင့် ပြောလိုက်သည်
“ ဟေ့ကောင် ငါ့ကို သတ်ချင်သတ်ပစ်လိုက်။ ဘာလို့ ဒီလိုလုပ်ပြီးတော့ ငါ့ကို အရှက်ရအောင် လုပ်နေရတာလဲ။
အရမ်းနံတာပဲ။ မဖြစ်ဘူး…မဖြစ်ဘူး။ ငါ့ကို အထဲ ထိုးမထည့်နဲ့။ ငါ့ကို အခုချက်ချင်း သတ်လိုက်။ ငါ့ကို သန့်သန့်ရှင်းရှင်းလေး သေခွင့်ပေးပါနော်။
ငါ အသက်မရှူနိုင်တော့ဘူး။ အရမ်းနံတာပဲ။ ငါ အန်ထွက်တော့မယ် ထင်တယ်….အွန်း…အင်း…အင်း…”
အဆုံးမှာတော့ ကျင်းယုလည်း တခြားတပည့်တွေလိုမျိုး သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ထဲမှာ ပိတ်မိသွားသည်။ ဟေးယွမ်က ကျင်းယုကို ဖမ်းပြီးနောက် သွေးနတ်ဆိုးတောင်ကြားတွင် နောက်ထပ် အခွင့်အရေးကို စောင့်ဖို့အတွက် အမှောင်ထဲသို့ ပြန်ဝင်နေလိုက်သည်။
သူက ကြီးကျယ်သော ယစ်ပူဇော်ပွဲကြီးတစ်ခု ဖြစ်လာဖို့အတွက် မျှော်လင့်နေသည်။
ဒီလူသားနဲ့ နတ်ဆိုးတွေအကုန် စတေးခံတွေ ဖြစ်လာမှာလေ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကတော့ ငါ အလိုချင်ဆုံး စတေးခံပေါ့
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်။ မြန်မြန်လာစမ်းပါ။ မင်းကို အမြန်သေစေချင်နေပြီ”
.............
တစ်ဖက်မှာတော့ ရှန်ထျန်းနှင့် ခုံမုန့်တို့က အံ့ဖွယ်ဟင်းလင်းနယ်ထဲမှ ထွက်လာကြသည်။
ချောက်ကမ်းပါးပေါ်ရှိ မူလသက်တန့်ဒေါင်းပုံစံပေါ်တွင် အက်ကွဲကြောင်း တစ်ခုဖြစ်သွားပြီးနောက် ရုတ်တရက် ပြိုလဲသွားသည်။ ပြိုလဲသွားသော ချောက်ကမ်းပါးကို ကြည့်ကာ ခုံမုန့် အရိုအသေးပေးလိုက်သည်။
ယခု သူမက သွေးသန့် ဒေါင်းသူတော်စင်၏ အံ့ဖွယ်အလင်းတန်း အရင်းအမြစ်ကို ရရှိထားသည့်အတွက် ယခင်ကထက် စွမ်းအားပိုကြီးလာသည်။ သူမအတွက် အကျိုးအမြတ်က အဆုံးမရှိပေ။
ခုံမုန့်အနေဖြင့် အံ့ဖွယ်အလင်းတန်း စွမ်းအားအရင်းအမြစ်ကို အပြည့်အဝ စုပ်ယူသန့်စင်ပြီးသွားပါက သူတော်စင်အဆင့် ရောက်ဖို့ ပြဿနာ မရှိတော့ပေ။ ထို့အပြင် သူမက အံ့ဖွယ်အသုံးအဆောင် ပစ္စည်းဖြစ်သည့် သက်တန့်အံ့ဖွယ်အလင်းတန်း ယပ်တောင်ကိုလည်း ရရှိထားသေးသည်။ ထိုအရာက အနည်းဆုံး အတိဒုက္ခ သုံးကြိမ် ကျော်ဖြတ်ဖူးသော သူတော်စင်တစ်ယောက်ကသာ သန့်စင်နိုင်သည့် အံ့ဖွယ်အသုံးအဆောင်ပစ္စည်းမျိုး ဖြစ်သည်။
ထိုကဲ့သို့သော သူတော်စင်မျိုးက အံ့ဖွယ်အသုံးအဆောင် ပစ္စည်းကို သန့်စင်ချင်လျှင်ပင် အလွယ်တကူဖြင့် မရရှိနိုင်ပေ။ သူတို့ လိုအင်မပြည့်ခင် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံဆင့်ကို ကျင့်ဖို့အတွက် နှစ်တွေအများကြီး မြှုပ်နှံထားရဦးမည်။
ဝိညာဉ်အသွင်ပြောင်းအဆင့် ကောင်းကင်အသျှင်များထဲတွင်ပင် အံ့ဖွယ်အသုံးအဆောင် ပစ္စည်းတစ်ခုပိုင်ဆိုင်ဖို့ ခက်ခဲလှသည်။ ထိုကဲ့သို့သော အသုံးအဆောင် ပစ္စည်းကို ပိုင်ဆိုင်ထားပါက သူတို့နှင့် အဆင့်တူသူများအားလုံးကို လွှမ်းမိုးနိုင်လိမ့်မည်။
ခုံမုန့်က တောင်ပိုင်းနယ်မြေရှိ ရွှေအမြုတေစာရင်းတွင် နံပါတ်တစ် ချိတ်နေပြီ ဖြစ်သည်။ ထို သက်တန့်အံ့ဖွယ် အလင်းတန်း ယပ်တောင်နဲ့ဆိုလျှင် ကျားကို တောင်ပံတပ်ပေးသလို ဖြစ်သွားမှာ သေချာသည်။
ယခုစဉ်းစားကြည့်လိုက်လျှင် ခုံမုန့်က နယ်မြေငါးခုရှိ ရွှေအမြုတေ ကျင့်ကြံသူအားလုံးကို အုပ်ချုပ်နိုင်သွားပေလိမ့်မည်။
ရှန်ထျန်း ရရှိလိုက်သောအရာကလည်း ခုံမုန့် ရရှိလိုက်သော ရတနာနှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။ ထိုအရာက ထာဝရသတ္တုစာရင်းတွင် အဆင့် ၈ ချိတ်ပြီး ယခု ရှန်ထျန်း ပိုင်ဆိုင်ထားသော ထူးခြားအံ့ဖွယ်ပစ္စည်းများထဲတွင် တန်ဖိုးအရှိဆုံးပစ္စည်း ဖြစ်နေသည်။
ရှန်ထျန်းတွင် ထျန်းကျူဓား ရှိထားသော်လည်း မူလဖန်တီးသူက ဓားကို မပျက်စီးနိုင်တော့သည့်အထိ သန့်စင်ထားသောကြောင့် စွမ်းအားက အရင်းခံ ဖြစ်နေသည်။
ဓားကို သာမန်ထာဝရသတ္တုမှ လုပ်ထားသည့်အတွက် ငှက်မွေးထာဝရသတ္တုလောက် စွမ်းအားမကြီးသလို လှလည်း မလှပပေ။
ရှန်ထျန်းက သွေးတစ်စက်ကို အသုံးပြုပြီးနောက် ငှက်မွေးထာဝရသတ္တု၏ ပိုင်ရှင်အဖြစ် သတ်မှတ်ခံလိုက်ရလေပြီ။ ထာဝရသတ္တုက ယခု ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားပြီး သူ့အဆုတ်၏ နောက်တစ်ဘက်ခြမ်းတွင် နေရာယူထားသည်။
ငှက်မွေးထာဝရသတ္တုကို ဘယ်ဖက်အခြမ်းတွင် ထားပြီး ထျန်းကျူဓားကို ညာဖက်တွင် ထားထားသည်။ နှစ်ခုလုံးက စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်ပေးနေသည့်အတွက် ရှန်ထျန်း၏ အဆုတ်ကို အားအင်မြှင့်တင်ပေးနေသည်။
ထို့ကြောင့် မတော်တဆ ဓားစွမ်းအင် ထွက်သွားပြီး သူ့အဖော်များ၏ ခေါင်းများကို ဖြတ်ပစ်မိမှာ စိုးရိမ်သောကြောင့် ရှန်ထျန်း အသက်ပင် ကောင်းကောင်းမရှူရဲပေ။
ရှန်ထျန်း၏ သူတော်စင်အမှတ်သားပြားက ရုတ်တရက် တုန်ခါသွားသည်။
သူက သူတော်စင်အမှတ်အသားပြားကို ထုတ်ကာ ပြောလိုက်သည်
“ ဂိုဏ်းတူညီလေး ယွင်တိက ငါ့ကိုခေါ်ထားတာပဲ။ ကြည့်ရတာ အလျင်လိုနေပုံပေါ်တယ်”
သူတော်စင်အမှတ်အသားပြားတွင် အနီရောင်အလင်းတန်း ရှစ်ခု ပေါ်နေသည့်အတွက် ချင်ယွင်တိက ရှန်ထျန်းဆီသို့ ရှစ်ကြိမ် ရောက်ဖို့ ကြိုးစားခဲ့ကြောင်း သိနိုင်သည်။
သူ ဒီလောက်ထိ ထိတ်လန့်နေတာ ဘာတွေများဖြစ်လို့ပါလိမ့်
ရှန်ထျန်းက သူတော်စင် အမှတ်အသားပြားထဲသို့ ဂါထာတစ်ခု ထည့်သွင်းလိုက်ပြီးနောက် ချင်ယွင်တိ၏ ပုံရိပ်ပေါ်လာသည်။ ချင်ယွင်တိလည်း သူ့ဆီ ဆက်သွယ်လို့ရသွားမှ သက်ပြင်းချလိုက်မိသည်
“ အစ်ကို ဘာလို့ ကျွန်တော် ခေါ်နေတာကို ပြန်မဖြေရတာလဲ။ ကျွန်တော်တို့ အရမ်းကို စိတ်ပူနေကြတာ”
ဝိညာဉ်နတ်မိမယ်လေးနှင့် နဂါးနက်ဥတို့ကလည်း ချင်ယွင်တိ၏ ဘေးမှာရှိကြသည်။ သူတို့က ရှန်ထျန်းဘေးတွင် ရပ်နေသော ခုံမုန့်ကို စူပုတ်စွာဖြင့် ကြည့်နေကြသည်။
ခုံမုန့်က ရှန်ထျန်းနဲ့ ဘာလုပ်နေတာလဲ
ဒီနှစ်ယောက်ကို ကြည့်ရတာက အရမ်းလျှို့ဝှက်ကြတယ်။ ခေါ်နေတာကိုလည်း အကြောင်းမပြန်ဘဲ အရမ်းပျော်နေကြတဲ့ပုံပဲ
စက်ဆုပ်ဖို့ ကောင်းလိုက်တာ ... ဒီသက်တံရောင်ဒေါင်းက ကောင်းတဲ့ ငှက်တော့ မဟုတ်ဘူး
ရှန်ထျန်းက စိတ်ထဲမထားဘဲ ပြောလိုက်သည်
“ ခုံမုန့်နဲ့ငါက အခုလေးတင် ထူးခြားတဲ့ လျှို့ဝှက်နေရာကို သွားခဲ့ကြတာ။ အဲဒီနေရာက သဘာဝ ဟင်းလင်းပြင်ဖြစ်လို့ ခေါ်နေတာကို မသိလိုက်တာ ဖြစ်မယ်”
ထူးခြားတဲ့ လျှို့ဝှက်နေရာတဲ့လား။ သဘာဝဟင်းလင်းပြင်တဲ့လား
ရှန်ထျန်း၏ စကားလုံးများကြောင့် အကုန်လုံး သက်ပြင်းချလိုက်မိကြသည်။
အစ်ကိုနဲ့ ခုံမုန့်က ခဏလောက်လေး ထွက်သွားတာကို နောက်ထပ် ကံအပြောင်းအလဲ အခွင့်အရေးကို တွေ့ပြန်ပြီတဲ့လား …
အထွတ်အမြတ်မြေရဲ့ ကောလဟာလတွေက ဒီအတိုင်း အတင်းပြောတဲ့ အကြောင်းအရာတွေ မဟုတ်ဘူး။ အစ်ကိုက တကယ်ကို ကံကြမ္မာသားတော်ပဲ။ အရမ်းဆန်းကြယ်တယ်
ဒါပေမဲ့ ဒီတစ်ခေါက် သူတော်စင်နဲ့ မိန်းကလေးခုံမုန့်တို့ ဘယ်လို ကံအပြောင်းအလဲ အခွင့်အရေးမျိုး ကြုံတွေ့ခဲ့ရတယ်ဆိုတာကို ဘယ်သူမှ မသိဘူးလေ။ ဘယ်သူမှလည်း မမေးရဲကြဘူး။
ရှန်ထျန်းက အားလုံး၏ ထူးဆန်းသော မျက်နှာထားများကြောင့် သိချင်လာကာ မေးလိုက်သည်
“ ညီလေး ယွင်တိ ဘာဖြစ်လို့လဲဟင်။ ဘာလို့ အဲလောက်ထိ အလျင်လိုနေရတာလဲ”
ချင်ယွင်တိလည်း အတွေးထဲမှ ရုန်းထွက်ကာ အမြန် ရှင်းပြလိုက်သည်
“ အစ်ကို ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေက သွေးနတ်ဆိုးတောင်ကြားမှာ အန္တရာယ်နဲ့ ကြုံတွေ့နေလို့ အကူအညီ လှမ်းတောင်းထားတယ်”
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တပည့်တစ်ယောက်ချင်းစီတွင် သူတို့၏ ရာထူးသက်သေ ဖြစ်သော အမှတ်အသားပြားတစ်ခုစီ ရှိကြသည်။ အမှတ်အသားပြားတစ်ခုချင်းစီမှာလည်း တခြားတပည့်များမှ ခေါ်ဆိုနိုင်အောင် ပြုလုပ်ထားသော ထူးခြားသော နံပါတ်များ ရှိသည်။
အမှတ်အသားပြားထဲသို့ ဂါထာရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် တခြားတပည့်များကို အကွာအဝေးတို တစ်ခုအတွင်း ဆက်သွယ်လို့ ရနိုင်သည်။ တပည့်က အဆင့်မြင့်လေလေ သူ့အမှတ်အသားပြားကလည်း အဆင့်မြင့်လေလေ ဖြစ်ပြီး ဆက်သွယ်နိုင်သော အကွာအဝေးကလည်း ပိုပြီးတိုးလာသည်။
ကျန့်စန်းတို့က ရှန်ထျန်း၏ အမှတ်အသားပြား နံပါတ် မရှိသည့်အတွက် သူတို့ ပိုပြီးရင်းနှီးသော ချင်ယွင်တိကို ဆက်သွယ်လိုက်ရသည်။ ချင်ယွင်တိက သတင်းကို ကြားပြီးပြီးချင်း ရှန်ထျန်းကို ချက်ချင်း ဆက်သွယ်ဖို့ ကြိုးစားခဲ့သည်။ သို့သော် ဟင်းလင်းပြင်က အရမ်းဝေးနေသည့်အတွက် ရှန်ထျန်း အပြင်သို့ ပြန်ထွက်လာမှသာ ဆက်သွယ်လို့ ရသွားသည်။
ချင်ယွင်တိက သွေးနတ်ဆိုးတောင်ကြားတွင် ဘာတွေဖြစ်ခဲ့လဲဆိုတာကို ချက်ချင်း အကျဉ်းချုံး ရှင်းပြလိုက်သည်
“ သူတော်စင် ကျွန်တော် သိထားတာကတော့ သွေးနတ်ဆိုးတွေ စားသောက်တဲ့အခါမှာ တင်းကြပ်တဲ့ စည်းကမ်းတစ်ခု ရှိတယ်တဲ့။ သူတို့ရဲ့ စားစရာတွေကို တစ်ခါတည်း မသတ်ဘဲနဲ့ သိုလှောင်ထားတယ်တဲ့။ ကျွန်တော်တို့ အခု မြန်မြန်လှုပ်ရှားလိုက်ရင် ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ကယ်လို့ရနိုင်တယ်” ချင်ယွင်တိက ရှန်ထျန်းကို အစီရင်ခံပြီးနောက် ယင်ယန်နတ်ဆိုးဖောက်ထွင်း သေနတ်များအတွက် ယမ်းမှုန့်များ ပြင်ဆင်နေသည်။
သူ၏ ရွှေရောင်ဆံပင်က နေရောင်အောက်တွင် တောက်ပနေကာ မျက်လုံးထဲတွင်လည်း ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်တို့ဖြင့် ပြည့်နှက်နေသည်။ တပည့်များက ချင်ယွင်တိနှင့် အရမ်းရင်းနှီးသော မိတ်ဆွေများဖြစ်သောကြောင့် သူ စိတ်ပူနေပြီဖြစ်သည်။
ခုံမုန့်က ဝင်ပြောလိုက်သည်
“ သွေးနတ်ဆိုးတောင်ကြားတဲ့လား။ နောက်ထပ် သွေးနတ်ဆိုးတစ်ကောင် ထပ်ပေါ်လာတာလား”
ရှန်ထျန်းက သူမ ပြောသောစကားကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ဘာလို့ နောက်ထပ် ဆိုတဲ့စကားလုံးကို ဖိပြီးပြောရတာလဲ။ ဘာကို ပြောချင်တာလဲ ”
ခုံမုန့်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ပိုင်လင်း၊ ဟယ်ဝူရွှမ်းနဲ့ ကျွန်မတို့ သွေးနတ်ဆိုးတောင်ကြားကို ဖြတ်ပြီး ခရီးနှင်တုန်းက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးနဲ့ ထိပ်တိုက်တွေ့ခဲ့သေးတယ်။
ကျွန်မတို့ လူငါးယောက်ရှိလို့သာ သူ့ကို အသေသတ်နိုင်ခဲ့တာ။ ဘယ်လိုလုပ်ပြီးတော့ နောက်ထပ် တစ်ယောက်ထပ်ပြီးတော့ ရှိနေရတာလဲ။”
အမှတ်အသားပြား၏ တခြားတစ်ဖက်မှာလည်း ပိုင်လင်း၊ ဟယ်ဝူရွှမ်းနှင့် လင်းတမျိုးနွယ်တို့က အကုန်လုံး ခေါင်းညိတ်ပြနေသည့်အတွက် ခုံမုန့် ပြောတာ အမှန်ဖြစ်ကြောင်း ယူဆလို့ရသည်။
ရှန်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ အစဉ်အလာအရဆိုရင် ကနဦးဝိညာဉ်အဆင့်နှင့်အထက် ဝိညာဉ်မဲ့ မိစ္ဆာတွေက သွေးနတ်ဆိုးတောင်ကြားမှာ ရှိမနေသင့်ဘူး။ အခု မင်းပြောတဲ့အတိုင်းဆိုရင် အဲဒီမှာ နှစ်ကောင်တောင် ရှိနေတာပေါ့။ မင်းတို့က တစ်ကောင်ကို သတ်လိုက်ပေမဲ့ နောက်ထပ်တစ်ကောင်က ပေါ်လာတယ်ပေါ့။
ဒီလိုမျိုး မူမမှန်တဲ့ကိစ္စတွေဖြစ်လာပြီဆိုရင် နောက်ကွယ်မှာ တစ်ခုခုတော့ ရှိနေပြီ။ သွေးနတ်ဆိုးတောင်ကြားမှာ တစ်ခုခု ထူးဆန်းတာတော့ ဖြစ်နေပြီ။”
ထိုအခိုက်အတန့်တွင် ရှန်ထျန်း အတော်လေး သတိကပ်သွားပြီး မျက်မှောင်ကြုတ်ထားမိသည်။
ဒါဆိုရင် ကံကြမ္မာကောင်းတဲ့ ဇာတ်ကောင် တစ်ယောက်ပါပြီဆိုရင် အရမ်းကို အခြေခံကျတဲ့ စစ်ဆေးမှုတွေမှာတောင် အဲလိုမျိုးထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်တတ်တာလား။ အခု ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ ခုံမုန့်၊ ကျောက်ဟောင်၊ ချင်ယွင်တိ၊ ရှောင်လင်း၊ ချင်ကောင်းနဲ့ ကျန်တဲ့သူတွေအားလုံးက ကံကြမ္မာကောင်းတဲ့သူတွေချည်းပဲ။
နဂျီအုံကို မြေပြင်ပေါ်ရိုက်ချလိုက်သလိုမျိုးပဲပေါ့။ အဲလိုအခြေအနေမှာ အခုလိုမျိုး ထူးဆန်းတဲ့ အရာတွေဖြစ်လာတာ မဆန်းပါဘူး
ရှန်ထျန်းက လေးနက်စွာဖြင့် မေးလိုက်သည်
“ ချင်ယွင်တိ … အစ်ကို မင်းကို ယုံလို့ရလား”
ရှန်ထျန်း၏ မျှော်လင့်ချက်ပါသော အကြည့်ကြောင့် ချင်ယွင်တိလည်း ချက်ချင်းအသိဝင်သွားကာ မျက်လုံးကျယ်ကျယ် ဖွင့်ထားကာ ပြောလိုက်သည်
“ အစ်ကိုရဲ့ ညွှန်ကြားမှုတွေကို ကျွန်တော် စောင့်နေပါ့မယ်”
ရှန်ထျန်းက သေချာပြောလိုက်သည်
“ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးက သွေးနတ်ဆိုးတောင်ကြားမှာ ပေါ်လာပြီ။ တပည့်တွေအားလုံးကို တောင်ကြားနဲ့ ဝေးနိုင်သမျှ ဝေးနိုင်တဲ့နေရာမှာနေဖို့ ချက်ချင်း အကြောင်းကြားပေးပါ”
ချင်ယွင်တိက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အစ်ကို စိတ်မပူပါနဲ့နော်။ ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံးကို သတိပေးထားပြီးပါပြီ”
အဲလောက်တောင် မြန်လား
ညီလေးယွင်တိက ဒီလောက်ထိမြန်တဲ့သူလား
အဟမ်း…ဘာပဲဖြစ်ဖြစ် နောက်နေဖို့ အချိန်မရှိဘူး။ အသက်အတွက် အရေးကြီးတဲ့အချိန် ရောက်နေပြီ
သူတို့ ကယ်ဆယ်ရေး အစီအစဉ်ကို သေချာစီစဉ်ပြီးတော့ တတ်နိုင်သလောက် မြန်မြန်သွားကယ်မှ ဖြစ်မယ်။
ရှန်ထျန်းက ဦးနှောက်ကို အလုပ်ပေးနေရာမှာ အမြဲတမ်း ကောင်းမွန်သော အစီအစဉ်တွေ ဆွဲပေးနိုင်သည့် ပညာရှိခေါင်းဆောင်ဆိုသော ဂုဏ်ပုဒ်နှင့် မကိုက်ညီမှန်း သဘောပေါက်သွားသည်။
ခေါင်းကိုက်လိုက်တာ…အမှုမဲ့အမှတ်မဲ့ အလစ် ဝင်ရောက်တိုက်ခိုက်လိုက်တော့မယ်
ထိုအတွေးကြောင့် ရှန်ထျန်းက ပြောလိုက်သည်
“ ငါက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးကို ကိုင်တွယ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ။ အဲဒါကြောင့် သွေးနတ်ဆိုးတောင်ကြားထဲကို တစ်ယောက်တည်း သွားလိုက်မယ်။ ငါတို့ရဲ့ ညီအစ်ကိုတွေကို ကယ်လို့ရပြီဆိုတာနဲ့ မင်းတို့ဆီကို လာခဲ့လိုက်မယ်။
တစ်ရက်အတွင်း ငါ့ဆီကနေ ဘာမှမကြားရင်…ညီလေးယွင်တိ …ငါ့ဆီကနေ ဘာအကြောင်းကြားချက်မှ မရတော့ရင် တပည့်တွေအားလုံးကို တိုက်ပွဲနယ်မြေကနေ အခုချက်ချင်း ထွက်သွားဖို့အတွက် အကြောင်းကြားလိုက်။
ငါတို့ရဲ့ တပည့်တွေတင် မဟုတ်ဘူးနော်။ တခြားဂိုဏ်းက တပည့်တွေလည်း ပါတယ်။ သူတို့ အကြောင်းကြားဖို့လည်း မမေ့နဲ့ဦးနော်။
တိုက်ပွဲနယ်မြေကနေ ထွက်သွားပြီးရင် ဆရာဒေါ်လေးကြာဖြူနဲ့ ကျန်တဲ့သူတွေဆီ ပြန်ပြောပြပြီး သူတို့ကို လာပြီး ဖြေရှင်းခိုင်းလိုက်”
ရှန်ထျန်း ညွှန်ကြားချက် ပြီးသွားသည့်အခါ စုန့်ဖူကွေ့နှင့် လျှိုထိုက်ယီတို့က မျက်ရည်ဝဲကာ ပြောကြသည်
“ ဆရာကောင်းကင်…ဒီလိုမျိုး အသက်ကို စတေးလို့ မဖြစ်ဘူးလေ။
ဆရာကောင်းကင်…သွေးနတ်ဆိုးတောင်ကြားမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ရှိတယ်လေ။ ဆရာကောင်းကင်ရဲ့ အသက်ကို အခုလိုမျိုး မစတေးလိုက်စေချင်ဘူး။ ကျွန်တော် လျှိုထိုက်ယီက သေရမှာ ကြောက်ရွံ့တဲ့သူ မဟုတ်ပါဘူး။ ဆရာကောင်းကင်နဲ့အတူ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ချင်ပါတယ်။”
စုန့်ဖူကွေ့က ခေါင်းကို ဒေါသတကြီးပွတ်ကာ ပြောလိုက်သည်
“ ကျွန်တော်ရောပဲ”
စုန့်ဖူကွေ့နှင့် လျှိုထိုက်ယီတို့၏ သတ္တိရှိပုံကို ကြည့်ပြီး ကျန်လူတွေလည်း ကြောက်ရွံ့ပြီးနောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ပေ။
သူတို့သာ အခု ကြောက်ရွံ့တဲ့ပုံစံကို ပြသလိုက်ရင် သူတို့က ရှေ့လျှောက် ရှန်ထျန်းရဲ့ဘေးမှာ ရပ်ဖို့အတွက် ဘယ်လိုလုပ်ပြီးတော့ မျှော်လင့်လို့ ရတော့မှာလဲ
“ ညီအစ်ကိုရှန် … ကျောက်ဟောင်လည်း ညီအစ်ကိုနဲ့အတူ လိုက်ပြီးတိုက်ခိုက်ချင်ပါတယ်။ ကျွန်တော် သေသွားမယ်ဆိုရင်တောင် နောင်တမရှိတော့ပါဘူး”
ကျောက်ဟောင်က နန်မင်လီ မီးတောက်၏ လွှမ်းခြုံခြင်းကို ခံထားရပြီး ပြင်းထန်သော ဓားအရှိန်အဝါကို ထုတ်လွှတ်ထားသည်။
ထိုအရာက ဓားနှလုံးသားသစ်သီး၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ နတ်ဓားဖွဲ့စည်းပုံကို ရရှိပြီးနောက် ဓားနှလုံးသားသစ်သီးက သူ့အတွက် အသုံးမဝင်တော့ကြောင်း ရှန်ထျန်း သိလိုက်သည်။
ထို့ကြောင့် ဓားနှလုံးသားသစ်သီးကို ခွဲကာ ကျောက်ဟောင်၊ ကွေ့ကုန်းကုန်း၊ ဝိညာဉ်နတ်မိမယ်လေး၊ ရှန်အောင်းနှင့် ကျန်သူများကို ကျင့်ကြံဖို့အတွက် ပေးလိုက်သည်။ ယခု အများစုက သန့်စင်ပြီး ဓားနှလုံးသားသစ်သီးနှင့် နဂါးသွေးမြက်တို့ကို စုပ်ယူပြီးပြီဖြစ်သည့်အတွက် အားလုံး၏ စွမ်းအားက နောက်တစ်ဆင့်သို့ မြင့်တက်သွားသည်။
အနည်းဆုံးတော့ သူတို့တစ်ယောက်ချင်းစီကို အခြေတည်အဆင့် ကျင့်ကြံသူများကြားတွင် စံပြအဖြစ် သတ်မှတ်လို့ရပြီး ထိုထဲတွင် ရှန်အောင်းလည်း အပါအဝင် ဖြစ်သည်။
သူ၏ ညီလေး (၁၃)နောက်ကို လိုက်နေရုံဖြင့် ဘာအခက်အခဲမှလည်း ရင်ဆိုင်စရာမလိုသလို အချိန်တိုအတွင်းလည်း ပိုမိုသန်မာလာခဲ့သည်။ ထိုက်ပိုင်ချိုင့်ဝှမ်းတုန်းက ချန်းဟယ်ဓားအသျှင်နှင့် လေ့ကျင့်နေတုန်းကလိုမျိုး နာကျင်သည့် နေ့ရက်များနှင့် မတူပေ။
ထိုအရာက ရလဒ်အများကြီး ပြစရာမရှိသော ခက်ခဲသည့် ကျင့်ကြံမှု တစ်ခု ဖြစ်ခဲ့သည်။ ရှန်အောင်းက ရှန်ထျန်းကို နားလည်ရခက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ညီလေး (၁၃) မင်း သေတွင်းထဲ ခုန်ချမှာကို ငါ ဒီအတိုင်းလက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး”
သူတို့ရဲ့စကားတွေက စိတ်ထဲ နွေးထွေးသွားစေပေမဲ့ ဘာလို့ သူ့ကို ကျိန်စာတိုက်နေသလိုခံစားနေရတာပါလိမ့်
ကွေ့ကုန်းကုန်းက ပြုံးကာ ပြောလိုက်သည်
“ ကျွန်တော် မသေမချင်း အရှင့်သားကို ဘယ်သူမှ ထိခိုက်အောင် လုပ်ခွင့်မပြုဘူးလို့ ကျွန်တော် ကျိန်ဆိုထားပြီးပြီ။”
ချင်ကောင်းက ရှန်ထျန်းကို ပြင်းထန်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်
“ အရှင့်သားက ကျွန်တော်ရဲ့အသက်ကို ကယ်ထားတာလေ။ ကျွန်တော် သေရမှာ မကြောက်ပါဘူး။ အရှင့်သားကို ကာကွယ်ရင်းပဲ သေသွားချင်တယ်”
အားလုံး၏ ဆုံးဖြတ်ချက်ခိုင်မာသော မျက်နှာထားများကြောင့် ရှန်ထျန်း စိတ်လှုပ်ရှားပြီး ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
အားလုံး အတည်ကြီး ပြောနေကြတာလား
ကျွန်တော်က ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးကို တိုက်ခိုက်ဖို့ သွားမလို့လေ
အားလုံးက ဘာလို့ ကျွန်တော် သေတော့မှာလိုမျိုး ပြုမူနေကြတာလဲ
အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ကနဦးဝိညာဉ်အဆင့် မိစ္ဆာတို့ တိုက်ခိုက်တာက ဘာများအဲလောက်ထိ အရေးပါမှာမလို့လဲ။ အားလုံးပဲ ဒရမ်မာချိုးနေတာကို ရပ်တန့်ပေးလို့ ရမလား။ ဒါက အရမ်းပိုလွန်းသွားပြီ။ အဓိပ္ပာယ်မရှိဘူး။
ပိုပြီးတော့အရေးကြီးတာက ငါ မကိုင်တွယ်နိုင်တဲ့ရန်သူနဲ့ ကြုံတွေ့ရမယ်ဆိုရင်လည်း ငါက ချပ်ဝတ်တန်ဆာအပြည့် ဝတ်ပြီးတော့ ထွက်သွားရုံပဲလေ။ အကုန်လုံးလိုက်လာလို့မှ တကယ့်အန္တရာယ်နဲ့ ကြုံတွေ့ရင် ခင်ဗျားတို့အားလုံး ဘယ်လိုကယ်ရမလဲ။ ဒါက မဖြစ်နိုင်ဘူးလေ။
ရှန်ထျန်း သက်ပြင်းချလိုက်မိသည်။ သူတို့၏ ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ ဘယ်လိုပြောရမလဲဆိုတာကို စဉ်းစားနေသည်။
ငါက အရမ်းယဉ်ကျေးဖို့ မကြိုးစားချင်တော့ဘူး။ ဒါပေမဲ့ ခင်ဗျားတို့တွေက…အကူအညီ မဖြစ်ရုံတင်ကမဘူး။ ကျွန်တော်အတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်နေတာဗျ