ဒါက အခြေတည်အဆင့်တဲ့လား
Vol. 11-16 Ch. 216
အခန်း (၂၁၆) : ဒါက အခြေတည်အဆင့်တဲ့လား
ရှန်ထျန်းက အခက်တွေ့နေသည့်အတွက် ခုံမုန့်က ပြောလိုက်သည်
“ အားလုံးပဲ စိတ်မပူကြနဲ့နော်”
ခုံမုန့်က ပြုံးပြပြီး ဆက်ပြောသည်
“ အစ်ကိုရှန်ရဲ့ အရည်အချင်းနဲ့ဆိုရင် သူ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် သူ ထိခိုက်ဒဏ်ရာမရဘဲ ကျော်လွှားနိုင်မှာပါ။ ဒါပေမဲ့ အကုန်လုံးက သူ့နောက်လိုက်သွားမယ်ဆိုရင် သူက အားလုံးကိုလည်း ဂရုစိုက်ဖို့ အာရုံထားနေရဦးမှာဆိုတော့ အကျပ်တွေ့လိမ့်မယ်။ အားလုံး အစ်ကိုရှန်ကို ကူညီချင်တယ်ဆိုရင် သူ့အမိန့်အတိုင်းနာခံကြပါ” ရှန်ထျန်းလည်း ခုံမုန့် ပြောတာကို သဘောတူနေမိသည်။
သူမက တကယ်ကို အသုံးဝင်တဲ့သူပဲ
ငါ ပြောချင်တဲ့အရာအားလုံးကို ပြောပေးသွားတာပဲ။ သူမက ငါ့ကို တကယ်နားလည်ပေးတာပဲ
ခုံမုန့်ပြောလိုက်သော စကားက အနည်းငယ် စိတ်ဓာတ်ကျစရာ ကောင်းသော်လည်း အမှန်တရား ဖြစ်သည်။ အားလုံးလည်း ခဏတာစဉ်းစားပြီးနောက် စိတ်ငြိမ်သွားသည်။
ကွေ့ကုန်းကုန်းက သက်ပြင်းချကာ ပြောလိုက်သည်
“ ကျွန်တော်က အသက်ကြီးနေပြီဆိုတော့ အရှင့်သားကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ အရှင့်သား ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါနော်။ အရှင့်သားရဲ့ လုံခြုံရေးက အဓိကကျပါတယ်။ ကျေးဇူးပြုပြီးတော့ မစွန့်စားပါနဲ့နော်။ ဒီအထွတ်အမြတ် နဂါးတောင်ကြားမှာ ကိုယ်လုပ်တော်လန်ဆီ ဆုတောင်းပေးနေမယ်။ ကိုယ်လုပ်တော်လန်အနေနဲ့ အရှင့်သားကို ကောင်းချီးပေးပါစေ”
ခုံမုန့်က ပြုံးကာ ပြောလိုက်သည်
“ ရှင်က သစ္စာရှိပြီး ရှားပါးတဲ့ အမှုထမ်းပဲ။ စိတ်မပူပါနဲ့။ ကျွန်မ သူနဲ့အတူ လိုက်သွားပါ့မယ်”
မင်းလား ငါနဲ့အတူလား။
ရှန်ထျန်းက ခုံမုန့်ကို ကြောင်ကြည့်နေသည့်အတွက် ခုံမုန့်က ပြုံးကာ ပြောလိုက်သည်
“ ဘာလို့လဲ…အစ်ကိုရှန်က ကျွန်မရဲ့ ခွန်အားနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာ ရှိလို့လား”
သက်တံအံ့ဖွယ်အလင်းတန်း ထွက်လာပြီး အံ့ဖွယ်အလင်းတန်း ယပ်တောင်က ခုံမုန့်၏ လက်ထဲ ရောက်ရှိလာသည်
“ သူတို့က ကနဦးဝိညာဉ်အဆင့် သတ္တဝါတွေပဲဆိုရင် သူတို့ ကျွန်မကို ဘာမှလုပ်လို့မရနိုင်ပါဘူး”
ရှန်ထျန်းက ခုံမုန့်၏ အရှိန်အဝါကို တိတ်တဆိတ် အာရုံခံလိုက်ပြီးနောက် ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို တွေ့ရသည့်အတွက် ခေါင်းညိတ်ပြလိုက်သည်။
ခုံမုန့်က စွမ်းအားကြီးတဲ့သူဆိုတော့ သူမက အရမ်းအကူအညီရမယ် ထင်တယ်
“ ဒါဆိုလည်း ဟုတ်ပြီလေ။ အဲဒါဆိုရင် မိန်းကလေးခုံကို ကျွန်တော်ရဲ့ ညီလေး၊ ညီမလေးတွေအစား ကျေးဇူးတင်ပါတယ်”
ရှန်ထျန်းက ခုံမုန့်ကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ချင်ယွင်တိကို ပြောလိုက်သည်
“ ညီလေးယွင်တိ အစ်ကို ပြောတာကို သေချာမှတ်ထားနော်။ ၂၄ နာရီအတွင်း ဘာအဆက်အသွယ်မှ မရဘူးဆိုရင် တိုက်ပွဲနယ်မြေထဲက ဆက်သွယ်နိုင်သလောက်လူတွေကို ချက်ချင်း အပြင်ခေါ်ထုတ်သွားနော်”
ချင်ယွင်တိက တွေဝေစွာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော် နားလည်ပါပြီ အစ်ကို။ အစ်ကိုလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်နော်”
ယခုလက်ရှိတွင် သူတို့က ရှန်ထျန်းကို ကြည့်ပြီး သူတို့စွမ်းအားမလုံလောက်သည့်အတွက် တိတ်တဆိတ် ဝမ်းနည်းနေကြသည်။
သူတို့သာ စွမ်းအားပြည့်ဝခဲ့ပါက ရှန်ထျန်းနှင့် တောင်ပိုင်းနယ်မြေ၏ ဒေါင်းနတ်ဆိုးတို့ သွားရောက်တိုက်ခိုက်မှာကို ရပ်ကြည့်နေစရာမလိုဘဲ သူတို့လည်း ဝင်ရောက်တိုက်ခိုက်နိုင်လိမ့်မည်။ အထူးသဖြင့် ရှောင်လင်းက ယခုလောက်ထိ စွမ်းအားကြီးချင်သည့်အချိန် တစ်ခါမှ မရှိခဲ့ဖူးပေ။ သူမ၏ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်က လုံးဝ တောက်လောင်နေလေပြီ။
စွမ်းအားကြီးသူဖြစ်လာမှသာ ရှန်ထျန်း၏ ဘေးမှာ အတူတူ တိုက်ခိုက်နိုင်မည်။
လီလျန်းအာကတော့ ဘာမှ ထူးထူးခြားခြား မခံစားရပေ။ သူက ပန်းအိုးကို ဖက်ကာ ဘေးမှာ စူပုတ်ပုတ် ရပ်နေရင်း ရှန်ထျန်းအတွက် ဆုတောင်းပေးနေသည်။
သူက သွေးနတ်ဆိုးတောင်ကြားရှိ နတ်ဆိုးများကို နှိမ်နင်းနိုင်မည်ဟု သူမ ယုံကြည်ထားသည်။ လီလျန်းအာ၏ စိတ်ထဲတွင် ရှန်ထျန်းက ပြီးပြည့်စုံသော အကြွင်းမဲ့ အာဏာရှိသူ ဖြစ်၏။
သူတို့ အချင်းချင်း စိတ်စွမ်းအားအသုံးပြုကာ ဆက်သွယ်ခြင်းကို ရပ်တန့်လိုက်ပြီးနောက် အထွတ်အမြတ် နဂါးတောင်ကြားရှိသူအားလုံးက ကျင့်ကြံခြင်းကို ပိုမိုစိတ်အားထက်သန်စွာ ပြုလုပ်လာကြသည်။ ရှန်ထျန်းနှင့် ခုံမုန့်တို့က အချင်းချင်းကြည့်ပြီး အချက်ပြကာ အရှိန်အပြည့်ဖြင့် သွေးနတ်ဆိုးတောင်ကြားသို့ ဦးတည်သွားသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲသို့ မဆင်မခြင် ဝင်သွားခြင်းက သူ၏ ရှုပ်ထွေးသော စည်းမျဉ်းများနှင့် ချောင်းမြောင်းနေသော စွမ်းအားကြီး ရန်သူများကြောင့် အရမ်းအန္တရာယ်များလှသည်။ ဤအချိန်က ကနဦးဝိညာဉ်အဆင့်ထက်မြင့်သော မသေနိုင်သည့် သတ္တဝါများက တိုက်ပွဲနယ်မြေ၏ အလယ်သို့သွားပြီး ရွှေအမြုတေအဆင့် ထာဝရသတ္တဝါများက ခြေဦးတည့်ရာ သွားလာနေသော ထူးခြားသော အချိန်ကာလ ဖြစ်သည်။
ရှန်ထျန်းနှင့် ခုံမုန့်တို့ ဝင်ရောက်လာပြီးနောက် သူတို့လမ်းကို ပိတ်ဆို့နေသော သတ္တဝါဆန်း အကောင် ၁၀၀ ကျော်ကို သတ်ဖြတ်ပြီးပြီဖြစ်သည်။ သူတို့က များသောအားဖြင့် ရွေအမြုတေအဆင့်များ ဖြစ်သည့်အတွက် သူတို့နှစ်ယောက်ကို တားလို့မရနိုင်ပေ။ ရွှေအမြုတေအဆင့် မိစ္ဆာပင် သူတို့နှစ်ယောက်ရှေ့မှာ အားနည်းပုံပေါ်သည်။ ခုံမုန့်၏ သက်တန့်အံ့ဖွယ်အလင်းတန်းမှ အလင်းတန်းတစ်ခုသာ လွှတ်ထုတ်လိုက်ရုံဖြင့် ရွှေအမြုတေအဆင့် သတ္တဝါဆန်း အနည်းငယ်ကို သုတ်သင်နိုင်သည်။ ထို့နောက် ရှန်ထျန်းက သူတို့ကို အပိုင်းပိုင်းဖြစ်အောင် သူ၏ ခရမ်းရွှေတူကို အသုံးပြုမည် ဖြစ်သည်။ နှစ်ယောက်သား လမ်းတစ်လျှောက်လုံး သတ္တဝါဆန်းများကို သတ်ဖြတ်လာကြသည်။
ခုံမုန့်၏ ဦးဆောင်မှုကြောင့် ရှန်ထျန်း သွေးနတ်ဆိုးတောင်ကြားကို အောင်မြင်စွာ ရှာတွေ့သွားသည်။
တောင်တန်းများရှိပြီး တောင်ထိပ်က သွေးနီရောင်တိမ်တိုက်ကို လုံးဝ ထိုးဖောက်ထွက်နေသည်။
သွေးနီရောင်တိမ်တိုက်များတွင် ထူးဆန်းသော အရာဝတ္ထု ရှိသည်။ တစ်စုံတစ်ယောက်သာ သွားရောက်ထိတွေ့လိုက်ပါက ချီဖောက်ပြန်ခြင်းကို ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲသို့ ဝင်လာသော ကျင့်ကြံသူအားလုံးက တောင်အလယ်ရှိ လျိုချောက်ကြီးကို ဖြတ်ပြီးခရီးနှင်ဖို့ ရွေးချယ်ကြခြင်း ဖြစ်သည်။
“ ဒါက သွေးနတ်ဆိုးတောင်ကြားပဲ”
သွေးနတ်ဆိုးတောင်ကြားကို အဝေးမှကြည့်ပြီး ခုံမုန့်က ပြောလိုက်သည်
“ ကျွန်မတို့ အရင်တစ်ခေါက် ဒီချောက်နားက ဖြတ်သွားတော့ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာလေ။ ဒါပေမဲ့ ကျွန်မတို့ ငါးယောက်လုံး ပူးပေါင်းပြီးတော့ သွေးနတ်ဆိုးကို သတ်ခဲ့တယ်။ ဒီမှာ နောက်ထပ် ထပ်ပြီးတော့ ရှိဦးမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ”
ရှန်ထျန်းက အတွေးထဲ နစ်မြောရင်း ပြောလိုက်သည်
“ တစ်ခုခုကတော့ သေချာပေါက် မှားနေပြီ။ မူမမှန်တဲ့အရာတွေ ဖြစ်လာတိုင်း ကျွန်တော်မှာ ရှင်သန်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒါကြောင့် အရင်ဆုံး နေရာကို သွားပြီးတော့ လေ့လာရမယ်။
မိန်းကလေးခုံ ကျွန်တော်ရဲ့နောက်မှာ နေပေးဖို့အတွက် တောင်းဆိုပါရစေ။ ဒါပေမဲ့ မင်းရဲ့ လုံခြုံမှုကလည်း အရေးကြီးတယ်နော်။ မကိုင်တွယ်နိုင်တော့ဘူးဆိုရင် ချက်ချင်းထွက်သွားနော်။ ကျွန်တော်ကို လာကယ်မနေနဲ့” ရှန်ထျန်းက ခရမ်းရောင် ရောင်ဝါစက်ဝန်းရှိသောသူနှင့် ပထမဆုံး တွေ့ဆုံဖူးခြင်းဖြစ်သည့်အတွက် သူ့စကားတွေက ဟန်ဆောင်မှု ကင်းသည်။
ဒီလိုမျိုး အထွတ်အထိပ်အဆင့် ရောင်ဝါစက်ဝန်းက အဖိုးဖြတ်လို့ မရနိုင်ဘူးလေ။ ဒါကြောင့်ရှန်ထျန်းအနေနဲ့ သူမကို ဘာမှမဖြစ်အောင် ကာကွယ်ရမယ်။
အစ်ကိုရှန်က… ငါ့ကို စိတ်ပူပေးနေတာလား။
ခုံမုန့် ပျော်သွားကာ သူမကိုယ်တိုင်တောင် မသိဘဲ ပြုံးလိုက်မိသည်။
သွေးနတ်ဆိုးတောင်ကြားမှာ အန္တရာယ်တွေ စောင့်ကြိုနေမယ်ဆိုတာကို သိတာတောင် သူ တစ်ယောက်တည်း သွားချင်သေးတာ။ အဲလိုသတ္တိရှိပြီးနူးညံ့တဲ့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်က ငါတို့ဒေါင်းမျိုးနွယ်ရဲ့ လူသားတွဲဖက်ဖြစ်လာဖို့အတွက် ထိုက်တန်တယ်
စိတ်မပူပါနဲ့ အစ်ကိုရှန်…အစ်ကိုသာ အန္တရာယ်နဲ့ ကြုံတွေ့မယ်ဆိုရင် ကျွန်မ သေချာပေါက် ကယ်မှာပါ
သူမ ဆုံးဖြတ်ပြီးနောက် ခုံမုန့်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ အစ်ကိုရှန် စိတ်မပူပါနဲ့နော်။ ကျွန်မကိုယ်ကျွန်မ ကာကွယ်ပါ့မယ်”
ရှန်ထျန်း ခေါင်းညိတ်ပြကာ သူ့တည်ရှိမှုကို ဖုံးကွယ်သည့်အနေဖြင့် ဇာမဏီငှက်မွေးမျက်နှာဖုံးကို တပ်လိုက်သည်။ ထို့နောက် သွေးနတ်ဆိုးတောင်ကြားသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားသည်။
သွေးနတ်ဆိုးတောင်ကြားက အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ ဘေးနှစ်ဖက်ကလည်း ကျောက်နံရံများ ရှိနေသည့်အတွက် ငှက်များအတွက်ပင် ပျံသန်းဖို့ ခက်ခဲလှသည်။
တိုက်ပွဲနယ်မြေ၏ အတွင်းဘက်နှင့် အပြင်ဘက်ကို ဆက်ထားသော စင်္ကြန်လမ်းနှစ်ဖက်သာ ရှိသည်။ ထိုချောက်ထဲမှာသာ ဝန်းရံတိုက်ခိုက်ခံရပါက အသက်ရှင်ဖို့အတွက် အခွင့်အရေး မရှိနိုင်ပေ။
ရှန်ထျန်းက ချောက်ထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားသည်။ ဤနေရာက တိုက်ပွဲနယ်မြေထဲရှိ တခြားနေရာများလို မခေါင်ဘဲ အနက်ရောင်ပေါင်းပင်များဖြင့် ပြည့်နှက်နေသည်။
သူ ချောက်ထဲသို့ဝင်သွားပြီးနောက် သူ့ပစ်မှတ်ကို သေချာရှာနေသည်။ သိပ်မကြာခင်တွင် ရှန်ထျန်းက ချောက်အလယ်ရှိ ဂူထဲတွင် အိပ်ပျော်နေသော သွေးနတ်ဆိုးတစ်ကောင်ကို တွေ့လိုက်ရသည်။ ထို သွေးနတ်ဆိုးက အရမ်းကြီးမားသည့်အတွက် ဟောက်သံက မိုးခြိမ်းသံလိုမျိုးကျယ်လောင်ပြီး ဘေးနားရှိ ကျောက်တုံးများပင် လှုပ်နေသည်။ သူ့ခန္ဓာကိုယ်က အလင်းဖောက်ဝင်နိုင်သော အနီရောင် ခန္ဓာကိုယ်ဖြစ်ပြီး သူ့အစာအိမ်ထဲတွင် လူနှင့်ငှက်တို့၏ ပုံရိပ်များကို မြင်နေရသည်။ ပုံရိပ်တိုင်းကို အနီရောင်ကြိုးများဖြင့် ရစ်ပတ်ထားပြီး အားလုံးက မေ့မြောနေကြသည်။ သူတို့ဆီမှာ ခုခံနိုင်စွမ်းလုံးဝ မရှိတော့ကြောင်း သိသာလှသည်။
“ ဒါဆိုရင် ဒါက သွေးနတ်ဆိုးပေါ့။ ကနဦးဝိညာဉ်အဆင့် မိစ္ဆာတွေက သတ်ပစ်ဖို့ ခက်ခဲတယ်”
ရှန်ထျန်း သူ့ကိုယ်ပိုင်စွမ်းအားနှင့် သတ်နိုင်ခဲ့သော အသန်မာဆုံးနတ်ဆိုးမှာ ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် ဖြစ်သည်။ သူက ကနဦးဝိညာဉ်အဆင့် စွမ်းအားကြီးသူများနှင့် တိုက်ခိုက်ပါက အခြေခံအားဖြင့် ဓားသခင်အမှတ်အသားပြား၏ ဓားဝိညာဉ်တိုက်ကွက်ကို ထုတ်သုံးနေကျ ဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုတိုက်ကွက်ကို ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် အသုံးပြုလို့ မရနိုင်ပေ။ လုံလောက်သော တိုက်ပွဲအတွေ့အကြုံမရှိဘဲ သွေးနတ်ဆိုးနှင့် ရင်ဆိုင်ရပါက သူ့ကို အနိုင်ယူနိုင်ပါ့မလားဆိုတာ ရှန်ထျန်း ယုံကြည်ချက် မရှိပေ။
အရေးအကြီးဆုံးက သွေးနတ်ဆိုး တစ်ကောင်ထက် ပိုပြီးရှိနိုင်သည့်အတွက် ဒီသွေးနတ်ဆိုးတောင်ကြားက ဒီလောက်ထိ မရိုးရှင်းနိုင်ကြောင်း ရှန်ထျန်း ခံစားမိသည်။ ထို့ကြောင့် အကောင်းဆုံးဖြေရှင်းနည်းက သူတို့ဒီမှာနေတာ ကြာလေလေ အန္တရာယ်များလေလေ ဖြစ်သည့်အတွက် သွေးနတ်ဆိုးကို တတ်နိုင်သလောက်မြန်မြန်သတ်ပြီး လူအားလုံးကို ခေါ်ပြီး ထွက်သွားမှ ဖြစ်မည်။
ရှန်ထျန်းက သူ့တည်ရှိမှုကို မသိသာအောင် လုပ်ကာ သွေးနတ်ဆိုးဆီသို့ နောက်မှ ချဉ်းကပ်သွားသည်။
ဇာမဏီငှက်မွေးမျက်နှာဖုံး၏ တစ်စုံတစ်ယောက် တည်ရှိမှုကို ဖုံးကွယ်နိုင်စွမ်းက တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်သည်။ ရှန်ထျန်းက အိပ်ပျော်နေသေးသော သွေးနတ်ဆိုးနှင့် မျက်နှာချင်းဆိုင်ကာ ဝိညာဉ်အသုံးအဆောင် ပစ္စည်းဖြစ်သည့် ကျောက်စိမ်းရေစင် ဓားကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။
“ ငါ့ရဲ့ ကောင်းကင်ထိုးခွင်း ဓားချက်ကို ကြည့်လိုက်” ရှန်ထျန်း သူ့စိတ်ထဲတွင် အော်လိုက်ပြီးနောက် သွေးနတ်ဆိုးဆီသို့ ပြင်းထန်သော ဓားအရှိန်အဝါများ ထုတ်လွှတ်လိုက်သည်။
ဓားအရှိန်အဝါကြောင့် သူ့ဆံပင်များပင် လေထဲမှာ လွင့်နေသည်။
ကျောက်စိမ်းရေစင် ဓားက မီတာ ၅၀ ရှည်လျားသော သွေးနီဓားအရှိန်အဝါကို ထုတ်လွှတ်ပြီး သွေးနတ်ဆိုး၏ ခေါင်းဆီ ဦးတည်သွားသည်။
ရုတ်တရက် သွေးနတ်ဆိုးက သူ့နောက်မှ ထိတ်လန့်စရာကောင်းသော အရာကို အာရုံခံစားမိ၍ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ငါ့ကို နောက်ကနေ ချုံခိုတိုက်ခိုက်ရဲတယ်ပေါ့လေ။ တော်တော် အတင့်ရဲတာပဲ။
သွေးနတ်ဆိုးက သူ့ရန်သူကို အစာအိမ်ထဲ ထည့်သွင်းရန် ဒေါသတကြီးဖြင့် နောက်လှည့်လိုက်သည်။ သို့သော် ရှန်ထျန်း၏ ဓားက ပိုမြန်သွားသည့်အခါ သွေးနတ်ဆိုး ခေါင်းလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် တောက်ပသော သွေးနီရောင် ဓားအရှိန်အဝါက သူ့လည်ပင်းကို ပြင်းထန်သောအဟုန်ဖြင့် ဖြတ်သွားသည်။
ရွှပ် …
သွေးနတ်ဆိုး၏ ခေါင်းက သွေးနီရောင်အရည်လိုမျိုး ဖြစ်ကာ သူ့ကာကွယ်နိုင်စွမ်းမှာ ကြောက်ခမန်းလိလိ ဖြစ်၏။
ကျောက်စိမ်းရေစင်ဓားက သွေးနတ်ဆိုး၏ လည်ပင်းကို ဖြတ်သွားချိန် သွေးများက ဓားတစ်ခုလုံးကို စုပ်ယူထားသည်
“ နောက်ဆုံးတော့ ရောက်လာပြီပေါ့”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူ၏ မျက်ဝန်းများက အမှောင်ထဲတွင် တောက်ပနေသည်။ သူက ရှန်ထျန်းကို ကြည့်ကာ ရေရွတ်လိုက်သည်
“ ချုံခိုတိုက်ခိုက်တယ်တဲ့လား။ သွေးနတ်ဆိုးတွေက သွေးနဲ့လုပ်ထားသလို ဖြစ်နေပေမဲ့ သူ့ ခုခံအားက လွယ်လွယ်နဲ့ ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ဘူးကွ ….”
ဟေးယွမ်၏ စကားမဆုံးခင် ရှန်ထျန်း၏ လက်ထဲက သွေးနီရောင်ဓားက သွေးနတ်ဆိုး၏ လည်ပင်းကို နှစ်ပိုင်း ပိုင်းလိုက်သည့်အတွက် သွေးနတ်ဆိုး၏ ခေါင်းကြီး မြေပြင်ပေါ်သို့ ကျသွားသည်။
ရှန်ထျန်းက သွေးနတ်ဆိုး၏ ခေါင်းကို ဖြတ်ပြီးရုံနဲ့တင် မရပ်တန့်သေးဘဲ သွေးနတ်ဆိုး၏ ဗိုက်ကိုပါ တိုက်ရိုက်ဖွင့်ချလိုက်သည်။
သွေးနတ်ဆိုး၏ ခေါင်းပြတ်သွားပြီးနောက် သွေးနတ်ဆိုး၏ ခုခံစွမ်းအားများက အတော်လေး လျော့ကျသွားပုံပေါ်သည်။ ရှန်ထျန်း၏ ဓားက ဗိုက်ကို ၁၀ မီတာလောက်အထိ ဖြတ်လိုက်နိုင်သည်။
“ နတ်မိုးကြိုးဓား” ရှန်ထျန်း ကျားဖြူပုံရိပ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ပြီးနောက် ထောင်ချီသော ကျားဖြူကန်ကျင်းနတ်မိုးကြိုးကို ဓားအရှိန်အဝါထဲသို့ ပေါင်းထည့်ကာ သွေးနတ်ဆိုး၏ ဝမ်းဗိုက်ကို ထိုးခွဲလိုက်သည်။
ရွှပ် …ရွှပ်…
သွေးချည်မျှင်များကို ဖြတ်တောက်လိုက်ပြီးနောက် သွေးနတ်ဆိုး၏ ဗိုက်ထဲတွင် ရှိနေသော သူ အားလုံးကို ကယ်တင်နိုင်လိုက်ပြီ ဖြစ်သည်။
အဟင်း…ဟင်း…ကယ်ပြီးသွားပြီ…အော်…လူ မဟုတ်တဲ့သူလည်း ပါတာပဲ။
ဖြည်းဖြည်းချင်း နိုးထလာသော ငှက်တစ်ကောင်လည်း ရှိနေသည်။
သူ သတိပြန်ရလာပြီးနောက် ဓားများဝန်းရံနေသော ရှန်ထျန်းကို မြင်လိုက်ရသည့်အတွက် ကျင်းယု ထိတ်လန့်သွားခဲ့သည်။
ငါ့ကို ဖမ်းသွားတာက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးမဟုတ်ဘူးလား။ ငါ ဘယ်လိုလုပ်ပြီးတော့ ကယ်တင်ခံလိုက်ရတာလဲ။ သေစမ်း…ဘယ်လိုလုပ်ပြိးတော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က ငါ့ကို လာကယ်တာလဲ
မဟုတ်ဘူး
ဘာလို့ ငါ့ကို ကယ်တဲ့သူက သူဖြစ်နေရတာလဲ။ အခု သူက ငါ့ရဲ့ ကယ်တင်ရှင်ဆိုတော့ ငါ သူ့ကို ရှေ့လျှောက် ဘယ်လိုမျက်နှာချင်းဆိုင်ရပါ့မလဲ
ကျင်းယု စိတ်ရှုပ်ထွေးနေမိသည်။ သူက ပုန်ကန်ပြီး ရက်စက်တတ်သော်လည်း ကျေးဇူးကြွေးကို ပြန်ဆပ်ဖို့ လိုအပ်ကြောင်း သူ သိသည်။
သူက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲတွင် အလှောင်ခံရပြီးနောက် ရှန်ထျန်းကို သူ၏ ရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်။
သူ တစ်နေ့တော့ ရှန်ထျန်းထက် သာလွန်နိုင်ရမယ်။ ဒါဆိုရင် ရှန်ထျန်းကို သူ့ခြေထောက်အောက်မှာ ထားပြီးဖိနှိပ်လို့ရသလို လှောင်ရယ်လို့လည်းရတယ် ပြီးတော့ သူ့ကို တစ်စစီဆွဲဖြဲပစ်လို့လည်း ရတယ်
ဒါက အစက ကျင်းယု တွေးထားသောအရာဖြစ်ပြီး ယခု ရှန်ထျန်းက သူ့ကို ကယ်လိုက်သည့်အတွက် အရာအားလုံးက ကို့ရို့ကားရားနိုင်သော အခြေအနေသို့ ရောက်ရှိသွားသည်။
ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များကို အဓိကထား ကယ်တင်ဖို့လာမှန်း ကျင်းယု သိသော်လည်း သူလည်း ရောပြီး ကယ်တင်ခံလိုက်ရသည်။
အဲလိုဆိုရင်တောင် ကျင်းယု ကျေးဇူးကန်းဖို့အတွက် အကြောင်းအရင်းဖြစ်မလာနိုင်ဘူး
လင်းယုန်မျိုးနွယ်တွင် မာနရှိသောကြောင့် ဒီလိုအရာမျိုးကို လုပ်ရမှာ ရှက်ရွံာမိသည်။ ကျင်းယုက ရှန်ထျန်း တခြားဂိုဏ်းမှ တပည့်များကိုပါ ကယ်တင်ပေးသည့်ကို ကြည့်ပြီး မျက်နှာထားက ဖြည်းဖြည်းချင်း မကောင်းတော့သလို ခံစားချက်များလည်း ရှုပ်ထွေးလာရသည်။
သို့သော် စိတ်အရှုပ်ထွေးဆုံးသူက ကျင်းယု မဟုတ်ဘဲ အမှောင်ထဲတွင် ပုန်းနေသော ဟေးယွမ် ဖြစ်နေသည်။
ဟေးယွမ်က ရှန်ထျန်းအနေဖြင့် သွေးနတ်ဆိုးကို ဓားချက်နှစ်ချက်ဖြင့် သုတ်သင်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အတွက် မေးပြုတ်ကျမတတ် အံ့ဩမှင်သက်နေသည်။
ဒါက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးလေ
မိစ္ဆာဝိညာဉ်ဂိုဏ်းက ဟေးယွမ်ကို ကြေးမြင့်ပေးပြီး ရွှေအမြုတေအဆင့် သွေးနတ်ဆိုးများကို ယဉ်ပါးအောင်လုပ်ပြီး ကနဦးဝိညာဉ်အဆင့်သို့ မြှင့်တင်ခိုင်းခဲ့သည်။ ထို့ကြောင့် ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ခေါင်းဖြတ်ခံရဖို့ မဆိုထားနှင့် သွေးနတ်ဆိုး၏ အကာအကွယ်ကို ထိုးဖောက်ရန်ပင် ခက်ခဲလှသည်။
သို့သော် အံ့ဖွယ်မိုးကောင်းကင် သူတော်စင် ရှန်ထျန်းနှင့် တွေ့သည့်အခါ သွေးနတ်ဆိုး၏ အကာအကွယ်က အလွယ်တကူ ထိုးဖောက်လို့ရသွားသည်။
တခြားတစ်နည်းဖြင့် ပြောရလျှင် ရှန်ထျန်း၏ တိုက်ခိုက်မှုစွမ်းအားက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် နှိုင်းယှဉ်လို့ရသည့်အတွက် ဟေးယွမ် မနာလိုဖြစ်သွားမိသည်။
ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ ကျင့်ကြံသူတွေအားလုံးကို အခြေတည်အဆင့် ဖြစ်ဖို့အတွက် ကန့်သတ်ထားတယ် မဟုတ်လား
မင်းက အခြေတည်အဆင့် ကျင့်ကြံသူတဲ့လား။ တခြားအခြေတည်အဆင့် ကျင့်ကြံသူတွေက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးတွေကို ဓားတစ်ချောင်းထဲနဲ့ ထက်ဝက်ပိုင်းနိုင်လို့လား။ လာရှုပ်နေတာ ရပ်လိုက်တော့
သူ့နောက်မှ အစောင့်ငါးယောက်၏ ကို့ရို့ကားရားနိုင်သော မျက်နှာထားများဖြင့် ဟေးယွမ်၏ မျက်နှာ ပိုမိုဒေါကန်လာရသည်။ သူတို့ ဘာတွေတွေးနေလဲဆိုတာကို သူ ကောင်းကောင်းသိသည်။
ဟေးယွမ်က လှောင်ရယ်ကာ ပြောလိုက်သည်
“ အလျင်မလိုကြပါနဲ့။ သွေးနတ်ဆိုးတွေက အဲလောက်ထိ ဖြေရှင်းရ မလွယ်ကူပါဘူး။ မိစ္ဆာဝိညာဉ်ရဲ့ အကြံအစည်တွေက အံ့ဖွယ်မိုးကောင်းကင် သူတော်စင် တားဆီးနိုင်တဲ့အရာတွေ မဟုတ်ဘူး”
ဟေးယွမ်က အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အမှတ်အသားပြားကို ထုတ်ကာ ဂါထာကို တီးတိုးရွတ်ဆိုလိုက်သည်။ တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက လူတိုင်းပေါ်ရှိ သွေးကြိုးများကို ဖြတ်တောက်ပြီးနောက် တပည့်အားလုံးကို ကယ်လိုက်နိုင်ပြီ ဖြစ်သည်။
ခက်ခဲသည့်စမ်းသပ်ချက်မှ အသက်ရှင်လာသည့် တပည့်များက ရှန်ထျန်းကို ကြည့်ပြီး မျက်ရည်များကျကုန်သည်။
“ ဒါမှ ငါတို့ရဲ့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ပဲ။ အစ်ကိုရှန်က နတ်ဆိုးကို သတ်ပြီးတော့ ငါတို့ကို ကယ်တင်ပေးလိုက်တယ်။”
“ အစ်ကိုရှန်က အရမ်းချောမောတယ်။ သူ ငါ့ကို ကယ်လိုက်တယ်ဆိုကတည်း အခုလိုမျိုး ကပ်ဆိုက်တာလည်း ထိုက်တန်တယ်လို့ ထင်တယ်”
“ ကျွန်တော် အရမ်းစိတ်လှုပ်ရှားသွားပြီ။ အစ်ကို ကျွန်တော်တို့အတွက် စွန့်စားပေးလိမ့်မယ်လို့ ဘယ်သူက တွေးထားမှာလဲ”
“ ဒါက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးဆိုတော့ အစ်ကိုအနေနဲ့ စိတ်ကူးယဉ်လို့တောင် မရတဲ့ ခက်ခဲကြမ်းတမ်းပြီး သွေးထွက်သံယိုများတဲ့ တိုက်ပွဲကို အတွေ့အကြုံရှိထားလို့ သူ့ကို သတ်နိုင်တာ ဖြစ်လိမ့်မယ်။ ကျွန်တော်အရမ်းကို ရင်ထဲ နွေးထွေးသွားရပြီ”
“ စီနီယာအစ်ကိုရှန် ကျွန်မက မိုးသောက်ရောင်နီသွေး အထွတ်အမြတ်မြေရဲ့ တပည့်အသစ် လန်ရှားပါ။ ကျွန်မက ဒီလိုကြင်နာမှုမျိုးအတွက် ပြန်ပေးဆပ်ဖို့အတွက် မတတ်နိုင်ပါဘူး။ ကျွန်မကိုယ်ကျွန်မ အနစ်နာခံပြီးတော့ပဲ ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ထပ်ဖို့ပဲ ရှိပါတော့တယ်”
“ သူ့ကို လက်ထပ်မယ် ဟုတ်လား။ နင်က ထိုက်တန်လို့လား။ စီနီယာအစ်ကို ကျွန်မလည်း အဲလိုမျိုး ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ စီနီယာအစ်ကိုရဲ့ အမှုထမ်း ဒါမှမဟုတ် အစေခံ လုပ်ပေးပါ့မယ်”
“ ကျွန်တော်လည်း အတူတူပါပဲ စီနီယာအစ်ကိုရှန်။ ကျွန်တော်က ယောက်ျားတစ်ယောက်ဆိုပေမဲ့ ကျေးဇူးပြန်ဆပ်ဖို့အတွက် ဓားတောင်ကိုပဲ ဖြတ်ကျော်ချင် ဖြတ်ကျော်ရပါစေ ဒါမှမဟုတ် မီးပင်လယ်ထဲပဲ လက်ပစ်ကူးရပါစေ စီနီယာအစ်ကို ခိုင်းချင်တာကို ခိုင်းလိုက်ပါ”
“ ကျွန်တော်လည်း အတူတူပါပဲ”
ဂိုဏ်းအသီးသီးမှ တပည့်များက ရှန်ထျန်း၏ ဘေးတွင် ဝိုင်းကာ သူတို့၏ ကျေးဇူးသိတတ်စိတ်ကို ပြသနေသည့်အတွက် ကျင်းယု စိတ်ရှုပ်ထွေးနေသည်။
ကလိမ်ကကျစ်ကျတဲ့ လူသားတွေတောင် ဘယ်လိုမျိုး ကျေးဇူးတင်ပြီးတော့ ကျေးဇူးပြန်ဆပ်ရမဲ့ နည်းလမ်းတွေကို ရှာနေကြတာ။ ရွှေတောင်ပံလင်းယုန်မျိုးနွယ်ရဲ့ ပါရမီရှင် တစ်ယောက်ဖြစ်တဲ့ငါက ဘယ်လိုလုပ်ပြီးတော့ ကျေးဇူးကန်းရမှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးခုံမုန့် မှန်တယ်။
ငါ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ အလုပ်ကို လုပ်ရမယ်။ ကြာပြာကောင်းကင်အသျှင်က လုပ်ခဲ့တာအပေါ် ရှန်ထျန်းကို အပြစ်ပုံမချသင့်ဘူး။ ငါ ရှန်ထျန်းကို အသက်ကြွေးတင်နေတာဆိုတော့ ရှေ့လျှောက် ငါ သူ့ကို တိုက်ခိုက်လို့ အနိုင်ရခဲ့ရင် သူ့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးလိုက်မယ်
ထိုအချိန်တွင် သူ့စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသလိုမျိုး ခံစားလိုက်ရသည့်အတွက် သက်ပြင်းချလိုက်သည်။
သူက ရှန်ထျန်းကို ကြည့်ကာ လှောင်ရယ်ပြီး ပြောလိုက်သည်
“ ရှန်ထျန်း ငါ့ကို ကယ်လို့ မင်းကို ကျေးဇူးတင်မယ်လို့ ထင်မနေနဲ့။ အနာဂတ်မှာ မင်းထက်သာသွားရင် မင်းကို သေချာပေါက် အနိုင်ယူပြ …” ကျင်းယု စကားမဆုံးသေးခင် သူ့မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်
“ သတိထား” သူက ရုတ်တရက် ရှန်ထျန်းအပေါ် ခုန်အုပ်ကာ သူ့ညာဘက်လက်က နတ်ဓားကဲ့သို့သော ရွှေရောင်အလင်းတန်း ထွက်လာပြီးနောက် ရှန်ထျန်းနောက်မှ သွေးနီရောင်စက်ကွင်းကို ပိုင်းဖြတ်လိုက်သည်။
လက်နက်မပါသည့်အတွက် ကျင်းယု၏ တိုက်ပွဲစွမ်းရည်က ကျဆင်းသွားသည်။ သွေးနီရောင်စက်ကွင်းကို မပိုင်းဖြတ်နိုင်ရုံတင်မကပဲ သူ့ညာဘက်လက်ပါ ရစ်နှောင်ခံထားလိုက်ရသည်။ ထို့နောက် များပြားသော စက်ကွင်းများက ကျင်းယုကို တင်းကြပ်စွာ ရစ်ပတ်ထားကာ ဖက်ထုပ်လိုမျိုး ထုပ်ထားသည်။ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ ခေါင်းပြန်ထွက်လာသည့် သွေးနတ်ဆိုးကို တွေ့လိုက်ရသည့်အခါ ရှန်ထျန်း၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားမိသည်။
သေစမ်း…ဒါက ဘယ်လိုမိစ္ဆာမျိုးလဲ။ ဘာလို့ မသေသေးတာလဲ။ ဘာလဲ မင်းဆီမှာ သွေးဖြည့်လို့ရတဲ့ လှည့်ကွက်ကြီး ရှိနေတာလား
ရှန်ထျန်း သက်ပြင်းချကာ မံမီလိုမျိုး ရစ်ပတ်ခံထားရသော ကျင်းယုကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။
လင်းယုန်မျိုးနွယ်က ဒီပါရမီရှင်က တကယ်ကို ကံဆိုးတာပဲ။ သူက အကယ်ခံရပြီးတော့ ထပ်ပြီး အဖမ်းခံရပြန်ပြီ။ လူသားကျင့်ကြံသူတွေအားလုံး အကယ်ခံပြီးပြီဆိုတော့ အခု သူ့ကိုပဲ ထပ်ကယ်ဖို့ လိုတော့တယ်။
ဟင်း…ဒုက္ခများလိုက်တာ