← Chapters

ငါ မင်းရဲ့ ရောင်ဝါစက်ဝန်းကို မမြင်ရဘူးလို့ ထင်နေတာလား

Vol. 11-16 Ch. 217

ငါ မင်းရဲ့ ရောင်ဝါစက်ဝန်းကို မမြင်ရဘူးလို့ ထင်နေတာလား

Vol. 11-16 Ch. 217

အခန်း (၂၁၇) : ငါ မင်းရဲ့ ရောင်ဝါစက်ဝန်းကို မမြင်ရဘူးလို့ ထင်နေတာလား

“ အားလုံးဘေးကပ်နေပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ကြနော်”

ရှန်ထျန်းက သူ့ရှေ့တွင် မတ်တပ်ရပ်နေသော သွေးနတ်ဆိုးကို လေးလေးနက်နက် မျက်နှာထားဖြင့် လေ့လာအကဲခတ်နေသည်။ နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်ပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။ ရှန်ထျန်းက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးကို လျှော့တွက်မည် မဟုတ်ပေ။ ရှန်ထျန်းက တိုက်ခိုက်ဖို့အတွက် ကိုယ့်ကိုယ်ကို အားတင်းထားသည်။

ရှန်ထျန်းကိုယ်တိုင် တစ်ယောက်တည်း ရင်ဆိုင်ခဲ့သော  ပြိုင်ဘက်များထဲတွင် ဤသွေးနတ်ဆိုးက စွမ်းအားအကြီးဆုံး ဖြစ်သည်။ အထူးသဖြင့် သွေးနတ်ဆိုးက ခေါင်းဖြတ်ခံရပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်ဖွင့်ခံလိုက်ရတာတောင် မသေဘဲ မြန်မြန် ပြန်လည်ပေါင်းစည်းသွားသည်။

သူသေကိုယ်သေ တိုက်သော တိုက်ပွဲတွင် ထိုကဲ့သို့သော အသက်ပြင်းသည့်သူမျိုးကို ကိုင်တွယ်ဖို့အတွက် အလွန်အမင်း ခက်ခဲလှသည်။

ဝှီး…

အမလေး…

သွေးနတ်ဆိုးက ပြတ်သွားသော ခေါင်းကို ပြန်ဆက်သွားပြီးနောက် ယခင်ကထက်ပိုပြီး ဒေါသထွက်နေပုံပေါ်သည်။ သူက ရှန်ထျန်းနှင့် ကျောက်စိမ်းရေစင်ဓားကို စိုက်ကြည့်ကာ သူ၏ သွေးရောင်ချပ်ဝတ်တန်ဆာက အေးစက်သော အလင်းတန်းဖြင့် တောက်ပနေသည်။ သူ၏ ကြီးမားသော လက်သီးဖြင့် ရှန်ထျန်းဆီသို့ လွှဲယမ်းလိုက်သည်။ သူတို့ နေရာနီးနီးမှာ ရှိနေတာ မဟုတ်သော်လည်း ထိုလက်သီးချက်ကြောင့် ဖြစ်လာသည့် အားပြင်းပြင်း လေတိုက်ခတ်မှုကို ခံစားနိုင်သည်။

ထိုကဲ့သို့သော လက်သီးချက်အောက်တွင် အကြီးမားဆုံးသော တောင်တန်းများပင် ပြိုလဲပျက်စီးသွားနိုင်သည်။

ရှန်ထျန်းကတော့ လွယ်ကူသော ပစ်မှတ်တစ်ခု မဟုတ်သလို တစ်ဖက်ကလည်း ကနဦးဝိညာဉ်အဆင့် နတ်ဆိုးဖြစ်သည့်အတွက် သာမန်သတ္တဝါ မဟုတ်ပေ။

နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်တန်ဆာကို အသက်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် ရှန်ထျန်းက သွေးနတ်ဆိုး၏ လက်သီးကို အလျင်အမြန်ရှောင်လိုက်ပြီး တစ်ချိန်တည်းမှာပဲ ကျောက်စိမ်းရေစင်ဓားဖြင့် သွေးနတ်ဆိုး၏ လက်ကောက်ဝတ်ကို ခုတ်လိုက်သည်။

ထိုအခါ ယခင်တစ်ခေါက်ထက် ပိုပြီးအားကောင်းသော အကာအကွယ်ကို ရင်ဆိုင်လိုက်ရသည်။ သို့သော် ရှန်ထျန်း၏ သွေးနီရောင်ဓားအောက်တွင် သွေးနတ်ဆိုး၏ လက်ကောက်ဝတ်က နှစ်ပိုင်းပိုင်းသွားသည်။ သွေးနတ်ဆိုးက နာကျင်စွာ အော်ဟစ်ပြီး စေးကပ်ကပ် သွေးများလည်း ထွက်ကာ ဒယီးဒယိုင်ဖြင့် နောက်ဆုတ်သွားသည်။ သို့သော် သွေးနတ်ဆိုး၏ ပြတ်သွားသောလက်က သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားကာ သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ဆီသို့ သွားဆက်သည်။

ခဏလေးအတွင်းမှာပင် လက်အပြတ်က နတ်ဆိုး၏ လက်ကောက်ဝတ်ဆီသို့ ပြန်ဆက်သွားပြီး အမာရွတ်လေး တစ်ခုသာ ကျန်ခဲ့ပုံက ဘယ်တုန်းကမှ ဒဏ်ရာမရခဲ့သလို ဖြစ်နေသည်။

“ ရှန်ထျန်း မင်း တိုက်ပွဲနယ်မြေကို မလာခင်တုန်းက ဘာတိုက်ခိုက်နည်းလမ်းမှ မသိခဲ့ဘူးလား။ အဲလိုမျိုး ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးက ထာဝရခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလေ။ သူ့ရဲ့ နှလုံးသားဆီ ထိုးသွင်းလိုက်မှပဲ သတ်လို့ရမှာ” ကျင်းယုက ရှန်ထျန်းကို အော်ပြောလိုက်သည်။ သွေးနတ်ဆိုး၏ ဒဏ်ရာရနေသော ရင်ဘတ်ပေါ်တွင် ကျင်းယုက သွေးချည်မျှင်များ၏ ချုပ်နှောင်ခြင်းကို ခံထားရပြီး နတ်ဆိုး၏ ဗိုက်ထဲသို့ ဖြည်းဖြည်းချင်း ဆွဲခြင်းခံနေရသည်။

ရှန်ထျန်းက ကျင်းယုကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းမဲ့ပြီး ပြောလိုက်သည်

“ ငါ သိပါတယ်။

စိတ်မပူနဲ့ … ငါ ဘာလုပ်နေလဲဆိုတာ ကိုယ့်ကိုယ်ကို သိပါတယ်။ သင့်တော်တဲ့ အခွင့်အရေးကို စောင့်နေတာပါ။ စိတ်ငြိမ်ငြိမ်ထားစမ်းပါ ”

စိတ်ငြိမ်ငြိမ်ထားရမယ် ဟုတ်လား။ ဘယ်လိုလုပ်ပြီးတော့ စိတ်ငြိမ်ငြိမ်ထားနိုင်ပါ့မလဲ

ကျင်းယုကတော့ မျက်ရည်များပင် ဝဲနေသည်။

အရမ်းနံတာပဲ

ဒီနတ်ဆိုးက ငါ့ကို သူ့ဗိုက်ထဲ ထပ်ထည့်ဦးမယ်ထင်တယ်

အရင်ဆုံး ရှန်ထျန်းနဲ့ တိုက်ခိုက်လိုက်လို့ မရဘူးလားဟင်။ ဘာလို့ ငါ့ကို အထဲထည့်ဖို့ လုပ်နေရတာလဲ။ သူက အရမ်းကို တောက်ပခဲ့တဲ့ ရွှေတောင်ပံလင်းယုန်လေ။ အခု သူဘယ်လောက် ညစ်ပတ်စုတ်ပြတ်နေပြီလဲ

သွေးနတ်ဆိုးက သူ့ကို ဗိုက်ထဲသို့ အတင်းထိုးထည့်နေသည့်အတွက် ကျင်းယု တစ်ယောက် ကူကယ်ရာမဲ့နေသည်။ သို့သော် ရုတ်တရက် သွေးချည်မျှင်တွေ အားနည်းလာသည်ကို ကျင်းယု ခံစားလိုက်မိသည်။

ရှန်ထျန်းက အသစ်ထပ်မံ တိုက်ခိုက်လိုက်ပြီဖြစ်သည်။ သူ့ချပ်ဝတ်က ဇာမဏီဌက်မွေးများ လွှင့်ပျံနေသည့်အလား အနီရောင်တောက်ပနေသည်။

ရှန်ထျန်း၏ အမြန်နှုန်းကလည်း တိုးသွားသလို သူ၏ သွေးနီရောင် ဓားကလည်း စွမ်းအားကြီး မီးတောက်ဖြစ်သော နန်မင်လီမီးတောက်ဖြင့် လောင်ကျွမ်းနေသည်။

အမှောင်ထဲတွင် ဟေးယွမ်၏ အကြည့်များလည်း တောက်လောင်နေသည်

“ ဒါက ထူးခြားမီးတောက်စာရင်းဝင် နန်မင်လီ မီးတောက်ပဲ။

အရမ်းကောင်းတယ်။ သူက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ဖြစ်နေတာ မဆန်းပါဘူး။ သူက ကံကြမ္မာကောင်း တစ်ခုကို ပိုင်ဆိုင်ထားတဲ့သူပဲ။

ဒီနေ့ပြီးသွားရင် အဲဒီထူးခြားမီးတောက်ကို ပိုင်ဆိုင်ရမဲ့သူက ငါ ဖြစ်လာတော့မှာပါ”

ဟေးယွမ်၏ လက်ထဲမှ အမှတ်အသားပြား လင်းလက်သွားပြီးနောက် သွေးနတ်ဆိုး၏ အရှိန်အဝါမြင့်တက်လာကာ သူ့ရင်ဘတ်ပေါ်တွင် အရိုးချပ်ဝတ် တန်ဆာတစ်ခု ထွက်ပေါ်လာသည်။ ထိုအရိုးချပ်ဝတ်တန်ဆာက စွမ်းအားကြီးသော ကျင့်ကြံသူများ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်ခြင်းများကို ခံနိုင်ရည်ရှိသည်အထိ ကြံ့ခိုင်သည်။ ဓားနှင့် သွေးနတ်ဆိုးကြားတွင် အကွာအဝေး သိပ်မခြားတော့သည့်အတွက် တိုက်ခိုက်မှုက အန္တရာယ်ကျလုဆဲဆဲ ဖြစ်နေသည်။

သွေးနတ်ဆိုးက လက်ဖဝါးတစ်ဖက်ကို မြှောက်ကာ ရှန်ထျန်းဆီသို့ လွှဲယမ်းလိုက်သည်။

ခဏအကြာတွင် ရှန်ထျန်းက ဓားထိပ်ဖြင့် သွေးနတ်ဆိုး၏ ဝမ်းဗိုက်ရှိ သွေးချည်မျှင်များကို ခုတ်ထစ်လိုက်သည်။

ရွှမ်း…

သွေးချည်မျှင်များ ပြတ်တောက်သွားကာ ကျင်းယု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် ရွှေရောင်ဓားရှည်လည်း သူ့ဘေးနား ကျလာသည်။

ကျင်းယုက ချပ်ဝတ်တန်ဆာနှင့် ဓားရှည်ကို မယုံသင်္ကာဖြစ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်

“ ရှန်ထျန်း … မင်း…”

ရှန်ထျန်း၏ အသံက ကောင်းကင်မှ ပဲ့တင်ထွက်လာသည်

“ ကျင်းယု … ငါ မင်းကို ဒီချပ်ဝတ်တန်ဆာနဲ့ ဓားရှည်ကို ခဏငှားလိုက်မယ်။ အခုချက်ချင်း ငါ့ရဲ့ညီလေးတွေနဲ့ ထွက်သွားတော့”

ကျင်းယု ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

မင်းက ဒါတွေကို ခဏပဲ ငှားမယ်တဲ့လား။ မင်းကတော့ကွာ…

အခုငါက ဒီရတနာတွေကို ပြန်ရပြီဆိုမှတော့ မင်းနောက်ထပ် လုယူတာကို ဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုနိုင်ပါတော့မလဲ

ကျင်းယုက နတ်ဘုရားအသိစိတ်ကို အသက်သွင်းလိုက်သည့်အခါ ရွှေရောင်ချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားကာ တောက်ပခမ်းနားနေသည်။

သူ့လက်ထဲတွင် ရွှေရောင်ဓားရှည်ကို ကိုင်ပြီး သွေးနတ်ဆိုးဆီသို့ ဦးတည်သွားလိုက်သည်

“ ငါက မင်းရဲ့လက်အောက်ငယ်သား မဟုတ်ဘူး။ မင်း ငါ့ကို အမိန့်ပေးလို့ မရဘူး။

ရွံစရာကောင်းတဲ့ သတ္တဝါ။ အခုငါ့ဆီမှာ ငါ့ရဲ့ ဓားရှည် ပြန်ရလာပြီဆိုတော့ ငါ့ရဲ့တိုက်ခိုက်စွမ်းရည်လည်း အပြည့်အဝ ပြန်ရသွားပြီ။ ဒီရွံစရာကောင်းတဲ့ သတ္တဝါကို နုပ်နုပ်စဉ်းပစ်ရမယ်” ကျင်းယုက ကံဆိုးသွားခဲ့သော်လည်း သူ၏ တိုက်ခိုက်လိုစိတ်က အတော်လေး ပြင်းထန်နေသည်။ ရှန်ထျန်းက ဒေါသထွက်စွာဖြင့် ချွေးသုတ်ကာ ပြောလိုက်သည်

“ ဒါဆိုလည်း ငါ ညီလေးတွေကို ခေါ်ထုတ်သွားတုန်း မင်း ဒီနတ်ဆိုးကို ထိန်းထားလိုက်ပါလား”

ထို့နောက် ရှန်ထျန်းက ဓားကိုသိမ်းကာ ခြေလှမ်းဆုတ်လိုက်သည်။

သွေးနတ်ဆိုးကို ဖိနှိပ်ထားသော စွမ်းအားပြင်းသည့် ဓားအရှိန်အဝါများ မရှိတော့သည့်အတွက် သွေးနတ်ဆိုး၏ တိုက်ခိုက်မှုက ရုတ်တရက် အားကောင်းလာသည်။

ပြင်းထန်သော တိုက်ခိုက်မှုများက သူ့ကို ချောင်ပိတ်အောင် လုပ်လိုက်သည့်အတွက် ကျင်းယု၏ မျက်နှာထားလည်း ချက်ချင်းပြောင်းလဲသွားကာ စိတ်ထဲမှာ ဝမ်းနည်းနေမိသည်။

မင်း ကိုယ့်အပိုင်းကို တာဝန်ယူပေးလို့ မရဘူးလား။ ငါက အခုမှ တိုက်ခိုက်စွမ်းရည်ကို ပြန်ပြီးတော့ ရရှိလာတာဆိုတော့ ငါတို့ ဒီနတ်ဆိုးကို ဖျက်စီးဖို့အတွက် ပူးပေါင်းသင့်တာ မဟုတ်ဘူးလားကွာ …

ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်နှင့် ကျင်းယု၏ ကူညီပံ့ပိုးမှုတို့ ပေါင်းစပ်လိုက်လျှင် သွေးနတ်ဆိုးကို အနိုင်ရနိုင်ချေများသည်။

မင်းရဲ့ ညီလေးတွေကို ဒီလိုမျိုးအရေးကြီးတဲ့ အချိန်အခါမှာ ခေါ်ထုတ်သွားမယ်ဆိုတော့ ဒါ ဘယ်လိုလုပ်ရပ်လဲ

“ မလုပ်ပါနဲ့…ညီအစ်ကို… ညီအစ်ကိုရှန် … ငါ့ကို ကူညီပေးပါ”

တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်လာသည့်အတွက် ကျင်းယု တောင့်မခံနိုင်တော့ပေ။ ကျင်းယုဆီ သွေးချည်မျှင်များ သနားညှာတာမှုကင်းမဲ့စွာ လာနေသည်ကို မြင်လိုက်ရသည့်အတွက် ကျင်းယု၏ တိုက်ခိုက်လိုစိတ် လျော့ကျသွားရသည်။ သူ အခု ချည်နှောင်ခံရတာကို ကြောက်စိတ်ဝင်နေလေပြီ။

“ အား…အရမ်းဒုက္ခများတာပဲ”

ရှန်ထျန်းက သက်ပြင်းချကာ သူ့ညီလေးတွေဘက် လှည့်ကာ ပြောလိုက်သည်

“ ဒါဆိုရင် မင်းတို့ အရင်ထွက်သွားကြတော့နော်”

ရှန်ထျန်းက ကျောက်စိမ်းရေစင်ဓားကို ကိုင်ဆွဲကာ တိုက်ပွဲထဲ ပြန်ဝင်သွားသည်။ သူက ဓားဖြင့် သွေးနတ်ဆိုး၏ ရင်ဘတ်ပေါ်ရှိ အရိုးချပ်ဝတ်တန်ဆာဆီသို့ တည့်တည့် ထိုးသွင်းလိုက်သည်။ သွေးနတ်ဆိုးက တစ်ခါထပ်ပြီး ဖိနှိပ်ခံလိုက်ရသည့်အတွက် တခြားတပည့်များနားသို့ မကပ်နိုင် ဖြစ်သွားသည်။

ကျန့်စန်းနှင့် တခြားသူများကလည်း ထိုနေရာမှာ အရူးတွေလိုမျိုး ရပ်မနေဘဲ လွတ်မြောက်အောင် ထွက်ပြေးကြသည်။ သူတို့ အားနည်းသောသူများ ဖြစ်သည့်အတွက် သူတို့ရှိနေလျှင်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မည်။

အမှောင်ထဲမှာ ပုန်းနေသော ဟေးယွမ်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်

“ လွတ်မြောက်ဖို့ ကြိုးစားတယ်ပေါ့လေ။ အိပ်မက် မက်နေလိုက်ဦး”

ဟေးယွမ်က လက်ဟန်ကို အလျင်အမြန် ပြုလုပ်လိုက်သည်။ အမှတ်အသားပြားပေါ်တွင် များပြားသော သွေးစက်များ အဆက်မပြတ် လင်းလက်လာသည်။ ထို့နောက် လေးလံသော ခြေသံများက သွေးနတ်ဆိုးတောင်ကြား၏ ဘေးနှစ်ဖက်မှ ပဲ့တင်ထွက်လာကာ သွေးနတ်ဆိုးများ ထွက်ပေါ်လာသည်။ ထိုနတ်ဆိုးများက ယခု ရှန်ထျန်းနှင့် ကျင်းယုတို့ တိုက်ခိုက်နေသော နတ်ဆိုးနှင့် စွမ်းအားတူညီကြပြီး ယခု နတ်ဆိုးလေးကောင် ထပ်ရောက်လာသည်။

ရှန်ထျန်းတို့ တိုက်ခိုက်နေသော တစ်ကောင်နှင့်ပေါင်းလိုက်လျှင် အားလုံးပေါင်း သွေးနတ်ဆိုး ငါးကောင် ဖြစ်သွားလေပြီ။ သူတို့က တိုက်ပွဲနယ်မြေသို့ အင်အားအပြည့်ဖြင့် ထွက်လာကြသည်။

သွေးနတ်ဆိုးလေးကောင်က အစွန်းနှစ်ဖက်မှ ချဉ်းကပ်လာသည့်အတွက် တပည့်များ၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

ကောင်းကင်ဘုံမှာ နတ်ဘုရားရော ရှိသေးရဲ့လား

ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ ကနဦးဝိညာဉ်အဆင့် သက်ရှိတွေ မရှိသင့်ဘူး မဟုတ်လား

ယခု တောင်ကြားထဲတွင် သွေးနတ်ဆိုး ငါးကောင် ရောက်နေလေပြီ။

သူတို့ တိုက်ပွဲနယ်မြေထဲ မဝင်ခင် နည်းလမ်းရွေးတာ မှားခဲ့တာလား

ကျင်းယု အံ့ဩလွန်းပြီး စကားပင် မပြောနိုင်ဖြစ်နေသည်။ မူလက သူ ရှန်ထျန်းနှင့် ကပ်ပြီး သွေးနတ်ဆိုးကို နှိမ်နင်းကာ အောင်မြင်မှုကို ရယူဖို့အတွက် တွေးထားသည်။ သို့သော်ငြား အခြေအနေများက ပြောင်းလဲသွားခဲ့လေပြီ။

ဒီသွေးနတ်ဆိုး သွေးချင်းတွေကပါ တိုက်ခိုက်ဖို့ လာလို့ အခုဆိုရင် နတ်ဆိုးငါးကောင် ဖြစ်သွားပြီ။ ငါးယောက်နှစ်ယောက် တိုက်ခိုက်ရမဲ့အပြင် နတ်ဆိုးတစ်ကောင်ချင်းစီတိုင်းက သူတို့ထက် အဆင့်မြင့်တယ်။ ရှန်ထျန်းက ဘယ်လောက်ထိ တော်နေပါစေ သူက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုး ငါးကောင်လုံးကိုတော့ မနိုင်လောက်ဘူးလေ ဟုတ်တယ်မလား။

ဒါလုံးဝ မဖြစ်နိုင်ဘူး

“ ငါ နှစ်ကောင်ပဲ ရှိတယ်လို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ ငါးကောင် ရှိနေတာတဲ့လား။ မယုံနိုင်စရာပဲ”

“ ဟာသပဲ။ ငါက တကယ်ကြီး မင်းဘေးမှာ တိုက်ခိုက်ရမယ်တဲ့” ကျင်းယု မဲ့ပြုံးပြုံးလိုက်သည်

“ အဲဒီရွံစရာကောင်းတဲ့ကောင်ရဲ့ ဝမ်းဗိုက်ထဲ ထိုးသွင်ခံရတာထက်စာရင် တိုက်ပွဲထဲမှာပဲ အသေခံလိုက်မယ်” သူ့ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်။ သူ အားနည်းသော အခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ရုတ်တရက် အားလုံး ပြန်လည်ကောင်းမွန်သွားကာ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိသွားသည်။ သူက ယခု ယခင်ကထက်ပင် သန်မာလာပြီ။

ကျင်းယုက ရှန်ထျန်းကို ကြည့်ကာ ဂုဏ်မောက်သောလေသံဖြင့် ပြောလိုက်သည်

“ ရှန်ထျန်း မင်းကို ကြည့်ရတာ အခု အကြွေးစာချုပ်ကို ယူနိုင်တော့မယ် မထင်ဘူး။ သွားရအောင်…ဟား…ဟား…ဟား…”

အော်ဟစ်မှုနှင့်အတူ ကျင်းယု၏ ရွှေရောင်ဓားရှည်က လင်းလက်လာကာ ထိတ်လန့်စရာကောင်းသော ဓားအရှိန်အဝါများထွက်လာသည်

“ ရွှေတောင်ပံ ကိုးချက် ဒုတိယအချက် လေထုကို ဖြိုခွင်းခြင်း”

ဓားရှည်မှ ဓားသွားအရှိန်အဝါများ ထွက်လာကာ လေထဲသို့  ထိုးဖောက်သွားသည်။ အင်မတန်ထက်သော ဓားသွားများက ကောင်းကင်ကို ဖြတ်သန်းသွားကာ ရွှေရောင်အလင်းတန်းများလည်း အလင်းပြန်နေသည်။ ကျင်းယုက အံ့ဖွယ်မီးတောက်၏ လွှမ်းမိုးခြင်းကို ခံထားရပြီး ဓားသွားများက သွေးနတ်ဆိုး၏ အရိုးချပ်ဝတ်တန်ဆာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ရွှေရောင်ဓားရှည်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။ ကျင်းယုက ဓားသွားကို ပျက်စီးစေသော ဓားရှည်မှ စွမ်းအားကို အတင်းညှစ်ထုတ်နေသည်။ သို့သော် ကျင်းယုက ဒီတစ်ခေါက်တွင် သွေးနတ်ဆိုး၏ အရိုးချပ်ဝတ်တန်ဆာကို ခွဲနိုင်ပြီး သူ့နှလုံးသားကို ပေါ်လာအောင် လုပ်နိုင်မည့် တိုက်ခိုက်စွမ်းရည်အားလုံးကို ထည့်သွင်းလိုက်သည်။

အခု အချိန်ကျပြီ

ရှန်ထျန်းက ဓားကို ဆွဲထုတ်လိုက်ပြီး အကြည့်တို့ကလည်း ခက်ထန်နေသည်။

မုန်တိုင်းတိမ်များ ရုတ်တရက် ကွဲသွားကာ ညအမှောင်တွင် ပထမဆုံး နေရောင်ခြည် အလင်းတန်းကျလာသလိုမျိုး ဓားသွားက လျင်မြန်သော အရှိန်ဖြင့် ရွေ့လျားသွားသည်။

ကျောက်စိမ်းရေစင်ဓားက သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ကြီးထဲသို့ ထိုးဖောက်ဝင်သွားသည်။ ထိုအရာက ငွေအပ်တစ်ချောင်း ပူဖောင်းကြီးတစ်ခုထဲမှာ အပေါက်ဖောက်သလိုမျိုး သေးငယ်သည့်အရာ ဖြစ်သော်လည်း ရလဒ်ကတော့ သေစေနိုင်သည်။ ဓားက သူ့နှလုံးသားတည့်တည့်သို့ ထိုးဖောက်ဝင်ရောက်သွားကာ သွေးအဆီအနှစ်ပုလဲများ ထွက်ကျလာသည်။ ထိုအရာက သူ၏ တိုက်ခိုက်စွမ်းရည်နှင့် ကုစားနိုင်စွမ်းကို ချက်ချင်း လျော့ကျသွားစေသည်။ ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ လဲကျသွားကာ မရေတွက်နိုင်သော သွေးအဆီအနှစ် ပုလဲများ ထွက်လာသည်။ ထိုအခိုက်အတန့်တွင် သွေးနတ်ဆိုးတောင်ကြား၏ မြေပြင်က အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားသည်။

“ မဆိုးပါဘူး။ မင်းက ငါ့နဲ့ထိုက်တန်တဲ့ ပြိုင်ဘက် တစ်ယောက်ပဲ” ကျင်းယု မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ရွှေရောင်ဓားရှည်ကို အားပြုကာ မတ်တပ်ပြန်ရပ်လိုက်သည်။ ရှန်ထျန်းက ကျင်းယုကို ကြည့်ကာ နာကျင်သော အရိပ်အယောင်တစ်ခု မျက်နှာတွင် ဖြတ်ပြေးသွားသည်

“ အဲဒီ ဓားရှည်က ငါ့ဟာနော်။ မင်းကို ခဏပဲငှားတာ။ အဲဒါကို ဂရုစိုက်ကိုင်။ အဲဒါ နှစ်ပိုင်းကျိုးသွားတော့မလို့”

ကျင်းယု စိတ်ထဲတွင် ရှန်ထျန်းကို ကျိန်ဆဲနေမိသည်။

ကောင်းပြီလေ

ရှန်ထျန်း မင်းနိုင်ပါတယ်

ငါတို့က အတူတူတိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ မင်းက ဒီဓားရှည်နဲ့ ပတ်သက်ပြီးတော့ နားပူနားဆာ လုပ်ချင်နေတယ်ပေါ့လေ။ မင်းက အဲလောက်ထိ ရက်စက်တတ်တာလား။

သို့သော် ကျင်းယု ဘာမှမလုပ်သေးခင် သွေးနတ်ဆိုးအသစ် လေးကောင်က သူတို့ရှေ့သို့ ရောက်ရှိလာပြီဖြစ်သည်။ သွေးနီပုံကွက်များက သူတို့၏ အရေပြားပေါ်တွင် ရှိနေသည်။ အနီရင့်ရောင်များက တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းထားသည့်အတွက် အားလုံးကို ချောင်ပိတ်မိသွားသလို ခံစားရစေသည်။

သွေးနတ်ဆိုးလေးကောင်က ရှန်ထျန်းဆီသို့ ဦးတည်လာနေကြသည်။

ရှန်ထျန်း အံကြိတ်လိုက်ပြီးနောက် သူ၏ ကျောက်စိမ်းရေစင်ဓားမှ များပြားသော ဓားအရှိန်အဝါများက နတ်ဆိုးများထဲမှ တစ်ကောင်ဆီသို့ ဦးတည်သွားနေသည်။ သူ့လက်ထဲတွင် ရုတ်တရက် ခရမ်းရွှေတူပေါ်လာပြီး ဓာတ်နှောနတ်မိုးကြိုးများ ရစ်ပတ်နေကာ ခုနစ်ရာကိုက်လောက်ရှည်သော တူကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

“ ငရဲသွားပေတော့” ရှန်ထျန်း အော်လိုက်ပြီးနောက် ခရမ်းရွှေတူမှ တောက်ပသော မိုးကြိုးများက ဒုတိယသွေးနတ်ဆိုး၏ လက်သီးများသို့ သွားရောက်ထိမှန်သည်။

ဝုန်း…

မိုးကြိုးပစ်သံက အရမ်းကျယ်လောင်လွန်းသည်။

ရွှေရောင်မိုးကြိုးက တောင်ကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ဧရာမကြီးမားသော ထိုသွေးနတ်ဆိုး၏ လက်သီးချက်က တောင်တစ်ခုလုံးကို ရိုက်ခွဲဖို့အတွက် လုံလောက်သည်။ သို့သော် ခရမ်းရွှေတူဖြင့် တိုက်ခိုက်မှုကြောင့် နတ်ဆိုး နောက်သို့ ဆုတ်သွားရသည်။ ထိုအချိန်တွင် ရှန်ထျန်းက မိုးကြိုးနတ်ဘုရား ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသလိုမျိုး ကြီးကျယ်ပြီး ပြိုင်ဘက်ကင်းသည်။

သူက သွေးနတ်ဆိုးတွေထဲက တစ်ကောင်ကို နောက်ဆုတ်သွားအောင် လုပ်ပြီးနောက် ကျန်နှစ်ကောင်က တစ်ချိန်တည်းမှာ တိုက်ခိုက်ကြတော့သည်။ ဧရာမ သွေးလက်ဝါးကြီး ပေါ်ထွက်လာပြီး အားပြင်းပြင်း သယ်ဆောင်လာသည်။ ရှန်ထျန်းက လုံးဝကြားညှပ်နေလေပြီ။

ဝုန်း …

ကြီးမားသော တောင်တစ်လုံးကဲ့သို့ လေးလံသော ဆိုးရွားသည့် ဖိအားတစ်ခုက သူ့အပေါ် ရုတ်တရက် ကျရောက်လာခဲ့သည်။

မဟုတ်သေးဘူး ဒါက တောင်ကြီးနှစ်တောင်ကြားမှာ ညပ်နေတာနဲ့ ပိုတူတယ်

“ သေပေတော့”

ရှန်ထျန်း၏ ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။ ခရမ်းရွှေတူက ထိုလက်ဖဝါးများကို ဖယ်ရှားဖို့အတွက် အရွယ်အစားကြီးအောင် လုပ်လိုက်သည့်အခါ သူ့ဆံပင်လည်း ရွှေရောင် ပြောင်းသွားခဲ့သည်

“ ထွက်သွားစမ်း”

ခရမ်းရွှေတူကို ငွေရောင်အရည်ဖြင့် ဖုံးအုပ်ထားသည်။ ရှန်ထျန်း၏ လက်မောင်းများ ရွှေရောင် လင်းလက်လာကာ တတိယမြောက် နတ်ဆိုး၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

ဒုန်း…

မိုးကြိုးကြောင့် တူးနံ့များရလာသလို ရှန်ထျန်း၏ ရိုက်ချက်ကြောင်း ဧရာမသွေးနတ်ဆိုးကြီးလည်း မီတာရာကျော်အထိ လွင့်ထွက်သွားကာ ကျောက်နံရံပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။

သို့သော် ထိုအချိန်တွင် လေးကောင်မြောက် သွေးနတ်ဆိုး၏ လက်သီးချက်များက ကျရောက်လာပြီဖြစ်သည်။

ရှန်ထျန်းက မတားဆီးနိုင်လိုက်သည့်အတွက် မြေပြင်ပေါ်သို့ ထိုးနှက်ခံလိုက်ရသည်။

ဝုန်း…

မြေပြင်တွင် ချိုင့်ခွက်ကြီးတစ်ခုဖြစ်သွားကာ ဖုန်မှုန့်များလည်း အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

သွေးနတ်ဆိုးက ညှာတာမှုကင်းမဲ့သည်။ ရှန်ထျန်းကို အဲလ်ထျာမန်းလောက် ကြီးသော လက်သီးဖြင့် သနားညှာတာမှုကင်းမဲ့စွာ ထိုးနှက်တိုက်ခိုက်နေသည်။

ဝုန်း…

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…

တောင်ကြားတစ်ခုလုံးလည်း ငလျင်လှုပ်သလိုမျိုး တုန်ခါနေသည်။ အားလုံးက ရှန်ထျန်းရှိရာသို့ စိတ်ပူစွာ စိုက်ကြည့်နေကြသည်။ သူတို့အားလုံး စိတ်ပူပန်နေကြသည်။ ကျင့်ကြံသူက အခြေတည်အဆင့် ကျင့်ကြံသူပဲဖြစ်ရမယ်လို့ သတ်မှတ်ထားခံရချိန် ဒီလိုမျိုး ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရတာ အရမ်းဒုက္ခရောက်သည်။

သွေးနတ်ဆိုး၏ အရိုးချပ်ဝတ်တန်ဆာ ပျက်စီးသွားပြီး နှလုံးသား ပေါ်သွားကို ဟေးယွမ် အမှောင်ထဲမှ ကြည့်ရင်း တံတွေးပင် မနည်းမျိုချနေရသည်။

တူရဲ့ စွမ်းအားက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ပြီးတော့ ဒါက အခြေတည်အဆင့်တဲ့။ မယုံနိုင်စရာပဲ။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ပါရမီရှင်တစ်ယောက် ရှိနေနိုင်ရတာလဲ။ ဟင်း…ကြောက်ဖို့ကောင်းတဲ့သူပဲ။ သူက လူရော ဟုတ်ရဲ့လား

အဲလောက်ထိကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးက ဒီနေ့ သူ့လက်ထဲမှာ သေတော့မယ်တဲ့။ တကယ်ကို သာယာတဲ့ အတွေးပဲ

ဟေးယွမ်က စိတ်ပျက်အားလျော့နေသော လူအုပ်၏ မျက်နှာတွေကို ကြည့်ပြီး ပြုံးလိုက်မိသည်။

ဒီတိုက်ပွဲရဲ့နောက်ဆုံးဇာတ်သိမ်းလာပြီလေ…နောက်ဆုံးအနိုင်ရသူ ထွက်လာပြီ

ရုတ်တရက် သွေးနတ်ဆိုးတောင်ကြား ပြင်းထန်စွာ တုန်ခါလာသည်။

ထို့နောက် တစ်ဆက်တည်းမှာပဲ သက်တန့်အံ့ဖွယ်အလင်းတန်းက တိုက်ပွဲနယ်မြေထဲတွင် ပေါ်ထွက်လာသည်။ ရောင်စုံဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး အံ့ဖွယ်အလင်းတန်းယပ်တောင်ကို ကိုင်ဆောင်ထားကာ စွမ်းအားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူမလက်ထဲရှိ ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည့်အခါ သက်တံအံ့ဖွယ်အလင်းတန်းက သွေးနတ်ဆိုးကို သွားရောက်ထိမှန်ပြီး နတ်ဆိုးကို လွင့်စင်သွားစေသည်။

အံ့ဖွယ်အလင်းတန်း ထပ်မံ လင်းလက်သွားကာ ရုပ်ပျက်ဆင်းပျက်ဖြစ်သော ခန္ဓာကိုယ်တစ်ခုကို ကျင်းထဲမှ ရရှိသည်။ ထိုအရာက အသက်မဲ့နေပြီ ဖြစ်သည်။

ခုံမုန့်၏ မျက်နှာထားက အေးစက်နေကာ လူသတ်ချင်စိတ်အပြည့် ဖြစ်နေသည်

“ ရွံစရာကောင်းတဲ့ သားရဲ … အတင့်ရဲလိုက်တာ”

သက်တံအံ့ဖွယ်အလင်းတန်းလွှမ်းခြုံထားသည့် ခုံမုန့်က အရမ်းကြောက်ဖို့ကောင်းနေသည်။

အမှောင်ထဲကနေ ခုံမုန့်ကို ကြည့်ကာ ဟေးယွမ် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

ကောင်းတယ်။ အရမ်းကောင်းတယ်။ ငါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကိုပဲ ဖမ်းမလို့ဟာကို အခု ဒေါင်းမျိုးနွယ်က သွေးသန့်ပါရမီရှင်က သူမဘာသာ သူမ ရောက်လာတယ်တဲ့။

 သူသာ ဒီလူအားလုံးကို ဖမ်းနိုင်မယ်ဆိုရင် သူတို့ရဲ့ ကံကြမ္မာကောင်းတွေကို သူ စုယူနိုင်ပြီးတော့ စွမ်းပကား ပါရမီရှင်ဆီ ရောက်ရှိသွားမှာပဲ။ ပြီးတော့ သက်တံအံ့ဖွယ်အလင်းတန်းဖြစ်ဖြစ် ရှန်ထျန်းရဲ့ နန်မင်လီမီးတောက် ဖြစ်ဖြစ် သူတို့က အကုန်လုံး ရှားပါးအဖိုးတန်ပစ္စည်းတွေပဲ။

ခဏနေပါဦး…နန်မင်လီ မီးတောက်…မဟုတ်သေးပါဘူး။ နန်မင်လီမီးတောက်ကို လုံးဝ မငြိမ်းသတ်ရသေးဘူးလေ။

တစ်ခုခုလွဲမှားနေသည်ကို ခံစားမိသည့်အတွက် ဟေးယွမ် ကြက်သီးမွေးညင်းပင် ထမိသည်။

ရှန်ထျန်းက သေသွားပြီဆိုတော့ သူ့ရဲ့နန်မင်လီမီးတောက်လည်း ငြိမ်းသွားသင့်ပြီ ဖြစ်ရာ … ဒါပေမဲ့ သူ့ရဲ့ ကျောက်စိမ်းရေစင်ဓားက သွေးနတ်ဆိုးနဲ့ တိုက်ခိုက်နေတုန်းပဲ

ဓားက အနီရောင်ဓားသွား အရှိန်အဝါနှင့် လွှမ်းခြုံနေပြီး နန်မင်လီ မီးတောက်ကလည်း လောင်ကျွမ်းနေဆဲ ဖြစ်သည်။

သူက နှစ်ခုလုံးကို ထိန်းချုပ်နေနိုင်တုန်းပဲ။ အဲဒီအလောင်းရဲ့ အရှိန်အဝါကလည်း ရှန်ထျန်း၏ အရှိန်အဝါနှင့် လုံးဝ ကွဲပြားနေတယ်

ဒါကတိုက်ပွဲနယ်မြေဖြစ်လို့ သွေးထွက်သံယို ဖြစ်နေတဲ့ အလောင်းတွေလည်း အများကြီးပဲ။ ဒါကတော့ ရှန်ထျန်း လုံးဝ မဟုတ်ဘူး

“ တစ်ခုခုမှားနေပြီ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင် လုံးဝ မသေသေးဘူး”

ဟေးယွမ် ကြက်သီးထနေပြီး ထိတ်လန့်နေမိသည်။ သို့သော် သူဘာမှ မဆုံးဖြတ်နိုင်သေးခင် ရှန်ထျန်း၏ ပြီတီတီအသံက သူ့နောက်မှ ထွက်ပေါ်လာသည်။

“ မဆိုးပါဘူး။ မင်းက ဉာဏ်ကောင်းသားပဲ”

သူ စကားပြောနေတုန်း မြေအောက်မှ မြစိမ်းရောင် နွယ်ပင်များထွက်လာကာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသောသူအားလုံးကို တင်းကြပ်စွာ ချည်နှောင်ထားလိုက်သည်။

သူတို့ ဘာမှပြန်မလုပ်နိုင်ခင် နွယ်ပင်များ၏ ထိပ်က သူတို့၏ ပါးစပ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာသည်

“ လှုပ်ရင် မင်းတို့ကို စွမ်းအားတွေ ခမ်းခြောက်သွားတဲ့အထိ စုပ်ယူပစ်လိမ့်မယ်”

ရှန်ထျန်းက ဟေးယွမ်ရှေ့ ပြုံးရင်း ထွက်လာကာ ဇဝေဇဝါဖြစ်နေသော ဟေးယွမ်ကို ကြည့်လိုက်သည်နှင့် သူ့လို လူယုတ်မာက ဘဝအတွက် အတွေးပြောင်းနေမှန်း  ရှန်ထျန်းသိလိုက်သည်။

သူက အမှောင်ထဲမှာနေပြီးတော့ သူ့အရှိန်အဝါကို ဖုံးအုပ်ဖို့အတွက် ထူးခြားအသုံးအဆောင်ပစ္စည်းကို သုံးခဲ့တာလေ အဲဒါကို ရှန်ထျန်းက သူ့ကို ဘယ်လိုလုပ်ပြီးတော့ ရှာတွေ့သွားရတာလဲ

ဘယ်လောက်ပဲ ထူးခြားတဲ့ပညာရပ်ပဲ ဖြစ်နေပါစေ ရှန်ထျန်းအတွက်တော့ ဘာမှမထူးခြားဘူး

သူ့ခန္ဓာကိုယ်နဲ့အရှိန်အဝါကို ဖုံးအုပ်ထားနိုင်ရုံနဲ့ အဆင်ပြေပြီ ထင်နေတာလား။ သူ အဲလောက်အထိ တော်နေရင် ဘာလို့ သူ့ရဲ့ ရောင်ဝါစက်ဝန်းကိုပါ ဖုံးကွယ်ဖို့ မကြိုးစားတာလဲ။ အမှောင်ရိပ်ကိုကွယ်ပြီးတော့ သွေးနတ်ဆိုးတွေကို ထိန်းချုပ်ပြီး ငါ့ကို တိုက်ခိုက်ခိုင်းနေတယ်ပေါလေ

ဟာသပဲ…ငါက မင်းရဲ့ ရောင်ဝါစက်ဝန်းကို မမြင်နိုင်ဘူးများ ထင်နေလား

ဒီလူယုတ်မာရဲ့ ခေါင်းပေါ်မှာ ရွှေရောင်က အဆက်မပြတ်လင်းနေတာက မျက်စိကို ဖမ်းစားလိုက်တာပဲ ...

ရှန်ထျန်းသာ ဒီလူက လျှို့ဝှက်အသက်ကယ် ရတနာရှိမယ်လို့ စိတ်မပူခဲ့ဘဲ သူ့ကို စောစောစီးစီးမခြောက်လှန့်ချင်ခဲ့ရင် သူ့ဆီပဲ ချက်ချင်းသွားလိုက်မယ်။ အမြဲတမ်း ပြဿနာရဲ့ အရင်းအမြစ်ကို ရှာရမယ်။ ပြီးတော့ အဖွဲ့တစ်ဖွဲ့ကိုဖမ်းဖို့အတွက် အရင်ဆုံးခေါင်းဆောင်ကို ဖမ်းရမယ်။

အခု ကြိုးကိုင်သူကို ဖမ်းမိပြီဆိုတော့ သွေးနတ်ဆိုးတွေ ဘာလုပ်နိုင်ဦးမှာလဲ

ရှန်ထျန်း ထိုအနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော လူခြောက်ယောက်ကို ဖမ်းချုပ်ပြီးနောက် သက်ပြင်းချလိုက်သည်

“ ပွဲပြီးသွားပြီ”

ဟေးယွမ်ကို စိုက်ကြည့်ကာ ရှန်ထျန်းက တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်

“ မင်း တကယ်ပဲ ဉာဏ်ကောင်းတယ်ဆိုရင် မင်းရဲ့ အမှတ်အသားပြားကို အသက်သွင်းပြီးတော့ ဒီသွေးနတ်ဆိုးတွေ နောက်ဆုတ်သွားအောင် လုပ်လိုက်တော့”

ဟေးယွမ်က ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်

“ ငါ ဒါကို မယုံနိုင်ဘူး။ မင်း ဘယ်လိုလုပ်ပြီးတော့ ငါ့ကို ရှာတွေ့နိုင်တာလဲ”

မိစ္ဆာဝိညာဉ်က နယ်မြေငါးခုထဲတွင် နှစ်ပေါင်းသောင်းချီကြာ ပုန်းကွယ်နေခဲ့ကြသည်။ သူတို့ကို အထွတ်အမြတ်မြေများက ဝန်းရံထားသော်လည်း ဘယ်တော့မှ အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်းကို မခံရပေ။ သူတို့၏ ဖုံးကွယ်ရေး ပညာရပ်များက အရမ်းအသုံးဝင်သည့်အတွက် အံ့ဖွယ်အဆင့် ပညာရပ်များအဖြစ် ရောင်းချနိုင်သည်။

ဟေးယွမ်တို့အဖွဲ့က အရေးကြီးသော တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် စွမ်းအားကြီးသော ရတနာအသုံးအဆောင်ပစ္စည်းများကို ယူဆောင်လာခဲ့ကြသည်။

သူတို့၏ အနက်ရောင်ဝတ်စုံများနှင့် မျက်နှာဖုံးများကလည်း ပုန်းကွယ်ဖို့အတွက် ပစ္စည်းများ ဖြစ်သည်။

ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ သူတို့ဘေးကဖြတ်သွားလျှင်ပင် သူတို့ကို ရှာတွေ့ဖို့အတွက် ခက်ခဲလှသည်။

သို့သော် ရှန်ထျန်းကတော့ သူတို့၏ တည်နေရာကို ချက်ချင်းဆိုသလို ရှာတွေ့သွားပုံ ပေါ်သည်။ သူက ရုတ်တရက် တိုက်ခိုက်ဖို့အတွက် ဟန်ဆောင်တာမျိုးပင် လုပ်ခဲ့သေးသည်။

ယခု ဟေးယွမ်၏ အသက်က ရှန်ထျန်း၏ လက်ထဲမှာ ဖြစ်သည်။ သူ့ကို သတ်ချင်သည့်ာအချိန် သတ်ပစ်လို့ရသည်။ သူ့မှာ သွေးနတ်ဆိုး ၄၀ ဒါမှမဟုတ် ၄၀၀ ရှိလျှင်ပင် ယခု သူ့ကို ကယ်တင်ဖို့အတွက် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပေ။

ဟေးယွမ် မကျေမနပ် ဖြစ်နေမိသည်။

သူ့မှာ တိုက်ပွဲနယ်မြေထဲမှာ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုး ခြောက်ကောင်တောင် ရှိပေမဲ့လည်း ရှန်ထျန်း၏ လက်ထဲမှာ ရှုံးနိမ့်သွားရပြန်သည်။

သူ့ဂုဏ်သိက္ခာလည်း အစိတ်စိတ်အမြွာမြွာ ဖြစ်သွားပြီဖြစ်သည်။

ရှန်ထျန်းက ဟေးယွမ် မေးတာကို ပြုံးပြီးဖြေလိုက်သည်

“ ဘာမှပြောစရာမရှိပါဘူး”

ဟေးယွမ်၏ စိတ်ရှုပ်ထွေးခြင်းက ဒေါသအဖြစ် ပြောင်းလဲသွားသည်

“ မင်း ငါ့ကို ဖမ်းနိုင်တာနဲ့တင် မင်းရဲ့ ညီလေးတွေကို ကယ်နိုင်မယ်လို့ ထင်နေတာလား။ ငါက မင်းလက်ထဲမှာဆိုတော့ သေဖို့အတွက် ပြင်ဆင်ပြီးသား။ ပြီးတော့ မင်းတို့အားလုံးကိုလည်း ငါနဲ့အတူ သေတွင်းထဲ ခေါ်သွားမယ်”

ထို့နောက် ဟေးယွမ်၏ အမှတ်အသားပြားကလည်း အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။

သွေးနီရောင်အလင်းတန်းများက ကျန်ရှိနေသော သွေးနတ်ဆိုးလေးကောင်ဆီသို့ သွားရောက်ပြီး ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည့်အခါ သူတို့၏ အရှိန်အဝါက ပိုမိုစွမ်းအားကောင်းလာသည်။

သူတို့၏ အာရုံခံစားမှုတို့ ပျောက်ဆုံးသွားကာ သွေးနတ်ဆိုးတွေက သူတို့ဆန္ဒအတိုင်းသူတို့ ပြုမူတော့သည်။ သူတို့က တပည့်များဆီသို့ ဦးတည်သွားနေကြသည်။ ခုံမုန့်က သူမ၏ စွမ်းအင်အားလုံးကို သက်တံအံ့ဖွယ် အလင်းတန်းထဲသို့ ထည့်ထားသော်လည်း သွေးနတ်ဆိုးတစ်ကောင်ကိုသာ ရပ်တန့်ဖို့ လုံလောက်သည်။ နောက်ထပ် ကျန်ရှိနေသော သွေးနတ်ဆိုးသုံးကောင်က တပည့်များရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအခါ စွမ်းအားကုန် အသုံးပြုပြီးသွားသော ကျင်းယုက ကူကယ်ရာမဲ့နေသည်။

ဟေးယွမ်၏ မျက်နှာပေါ်တွင် ယုတ်မာသောအပြုံး ပေါ်လာတော့သည်။

ရှန်ထျန်း မင်း ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ နာကျင်မှုကို ခံစားကြည့်လိုက်ပါဦး

All Chapters