လိုက်လျောညီထွေဖြစ်ခြင်း၏ အရေးပါမှု
Vol. 11-16 Ch. 218
အခန်း (၂၁၈) : လိုက်လျောညီထွေဖြစ်ခြင်း၏ အရေးပါမှု
ဒုန်း…
ဒုန်း…ဒုန်း…
ဒုန်း…ဒုန်း…ဒုန်း…
ဧရာမ သွေးနတ်ဆိုးများက သွေးဖြင့်ပြုလုပ်ထားသော လူ့ဘီလူးများပင် ဖြစ်သည်။ တောင်ကြားရှိ လူများကို ခုန်အုပ်ကာ သူတို့၏ သွေးဆာလောင်မှုကို ထုတ်ဖော်ပြသနေသည်။ ကျင်းယုက ရွှေဓားရှည်ကိုကိုင်ပြီး သွေးနတ်ဆိုးရှေ့တွင် ဂုဏ်ယူစွာ မတ်တပ်ရပ်လိုက်သည်။ ရွှေတောင်ပံလင်းယုန် တစ်ကောင်ဖြစ်သော သူ့မာနက သူ့ကို ထွက်ပြေးခွင့် မပြုပေ။ အဓိကကား သူ ယခု တားမြစ်ပညာရပ်ကို အသုံးပြုပြီးနောက် အလွန်အမင်း အားနည်းနေသောကြောင့် ဖြစ်သည်။
ယခုလက်ရှိတွင် ကျင်းယုအနေဖြင့် မတ်တပ်ရပ်ဖို့ပင် ရွှေရောင်ဓားရှည်ကို အားပြုထားရသည်။ ထို့ကြောင့် သူ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ဘယ်လိုနည်းနဲ့မှ မလုပ်နိုင်ပေ။ သူ့ကို တက်နင်းတော့မည့် သွေးနတ်ဆိုးကြီး၏ ခြေထောက်ကို မော့ကြည့်ကာ ကျင်းယု ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ချလိုက်သည်။
အင်း ငါက ဒီရွံစရာကောင်းတဲ့ကောင်ရဲ့ လက်ထဲမှာ သေရတယ်ဆိုပေမဲ့ အနည်းဆုံးတော့ တိုက်ပွဲထဲမှာ သေခဲ့ရတာပဲလေ။ ဒီနတ်ဆိုးတက်နင်းတာကို ခံပြီးတော့ သေရရင် အရမ်းနံမှာပဲ။ ဒါပေမဲ့လည်း ငါ့ရဲ့ လင်းယုန်မျိုးနွယ်ကို ဂုဏ်သိက္ခာမဲ့အောင် မလုပ်ခဲ့ပါဘူး။
အနည်းဆုံးတော့ ရှန်ထျန်းရဲ့ဘေးမှာ တိုက်ခိုက်ပေးရင်း သူ့ကို အကြွေးဆပ်နိုင်ခဲ့သေးတာပေါ့
တကယ်လို့ ကျင့်ကြံရေးလောကမှာ လူပြန်ဝင်စားတယ်လို့သာရှိရင် နောက်ဘဝကျ ငါ အသန်မာဆုံးလင်းယုန် သေချာပေါက် ဖြစ်ချင်တယ်။ ဒါဆိုရင် အနှေးနဲ့အမြန် ဒီကောင်ချောလေးကို အနိုင်ရအောင် တိုက်ခိုက်နိုင်မှာပဲ
ဟီးဟီး…စဉ်းစားရုံနဲ့တင် ပျော်လိုက်တာ
ငါ ဒီလောက်ထိကြာနေတာတောင် ဘာလို့ မသေသေးတာလဲ။
ကျင်းယု မျက်လုံးလေးဖွင့်ကာ မော့ကြည့်လိုက်သည်။ ရွှေရောင်မိုးကြိုးမီးတောက်ဖြင့် လောင်ကျွမ်းနေသော ပုံရိပ်တစ်ခုက သူ့အပေါ်မှာ မားမားမတ်မတ် ရပ်နေသည်။ သူ့ညာဘက်လက်ဖြင့် သွေးနတ်ဆိုး၏ ခြေဖဝါးကြီးကို တားထားသည်။ သွေးနတ်ဆိုး ဘယ်လောက်ပဲ ရုန်းနေပါစေ နည်းနည်းလောက်ပင် လှုပ်လို့မရနိုင်ပေ။ ရှန်ထျန်း၏ ဘယ်ဖက်လက်ကောက်ဝတ်မှ ထွက်လာသော ကျောက်စိမ်းရောင်နွယ်ပင်က လူခြောက်ယောက်ကို စပျစ်ခိုင်လိုမျိုး ပူးချည်ထားသည်။ သူတို့၏ ဓမ္မစွမ်းအားများ စုပ်ယူခံလိုက်ရသည့်အတွက် အလွန်အမင်း အားနည်းသွားကြသည်။ သူတို့က ရှန်ထျန်း၏ အားသွင်းစက်များ ဖြစ်လာကြသည်။
“ ငှက်ဝါကြီး … ငါ့ကို သန်း ၅၀ အကြွေးတင်နေတယ်လေ။ မင်း သေလို့မရသေးဘူး”
ရှန်ထျန်း၏ စနောက်နေသောအသံက ဟိန်းထွက်သွားကာ သိပ်မကြာခင်မှာပဲ မြစိမ်းရောင်နွယ်ပင်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားသည်။ ရှန်ထျန်းက မိစ္ဆာဝိညာဉ်ဂိုဏ်းသားများ၏ ဝိညာဉ်ချီကို ကုန်ခမ်းအောင် စုပ်ယူလိုက်သည့်အတွက် သူတို့ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူက သူတို့၏ စွမ်းအင်ဗဟိုချက်ထဲထိ ထိုးဖောက်ဝင်ရောက်ထားသည့်အတွက် သူတို့က ယခုလောလောဆယ်အတွက် ဒုက္ခမပေးနိုင်တော့ပေ။
ရှန်ထျန်း၏ ဘယ်ဖက်လက်ထဲတွင် ခရမ်းရွှေတူ ပေါ်လာပြီး သူ၏ ရွှေရောင်အရှိန်အဝါကလည်း တူကို ဖြတ်ပြီး ထိုးဖောက်ထွက်နေသည်။ ထိုအချိန် ကောင်းကင်တွင် မိုးကြိုးများက သွေးဆူစေသော စစ်သီချင်းတစ်ပုဒ်လိုမျိုး စိတ်ဓာတ်တက်ကြွစေအောင် ခြိမ်းနေသည်
“ မင်းက ငါတို့ကို မင်းနဲ့အတူ သေစေချင်တယ်ပေါ့ ဟုတ်လား။ ဟား…ဟား…ဟာသပဲ။ မင်း ငါ့ရဲ့အကောင်းဆုံးစံချိန်ကို မြင်ဖူးပြီးပြီလား”
ရှန်ထျန်းက ဖြည်းဖြည်းချင်း ခေါင်းကိုမော့ကာ သူ ထုတ်လွှတ်လိုက်သောအလင်းရောင်က ဘယ်တုန်းကမှ မတွေ့ကြုံဖူးသော အလင်းရောင်မျိုးဖြစ်သည်။ ခရမ်းရွှေတူက မီတာရာပေါင်းများစွာ အရွယ်အစားရှိသွားပြီး ရွှေရောင်မိုးကြိုးများဖြင့် လွှမ်းခြုံခံထားရသည်။
ရှေးဦးအဆီအနှစ် လေးလံရေစင်ကလည်း ဖုံးလွှမ်းထားသည့်အတွက် တူ၏ ဘေးပတ်လည်ရှိ နေရာက ဒီလိုမျိုးဖိအားနှင့် အလေးချိန်ကို မခံနိုင်သည့်အတွက် တွန့်လိမ်ပုံပျက်သွားသည်။
“ ထွက်သွား”
ရွှေရောင်နှင့်ငွေရောင်များ လင်းလက်တောက်ပနေသော အံ့ဖွယ်တူက သွေးနတ်ဆိုး၏ ခြေထောက်ကို ထုချလိုက်သည့်အတွက် ကြံ့ခိုင်သောခြေထောက်လည်း အစိတ်စိတ်အမြွာမြွာ ဖြစ်သွားရသည်။ သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ကြီးလည်း မီတာတစ်ရာနီးပါး နောက်ပြန်ဆုတ်သွားသည်။ သူ့ ညာဘက်ခြေထောက်က ဒူးထောက်ကျသွားကာ သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဟေးယွမ်တို့က သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩနေသည်။ ရှန်ထျန်းဆီမှာ လျှို့ဝှက်လက်နက်တွေ ရှိသည်ဟု သူတို့ မစဉ်းစားမိခဲ့ပေ။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်၏ စွမ်းအားအစစ်အမှန်က သူတို့စဉ်းစားထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းနေသည်
“ နောက်ထပ်နှစ်ကောင် ရှိသေးတာလား။ ဟား…ဟား…ဟား…သူတို့နှစ်ယောက်ရဲ့ အရှိန်က အရမ်းနှေးလွန်းတယ်”
တခြားသွေးနတ်ဆိုး နှစ်ကောင်က ရှန်ထျန်းနှင့် အနည်းငယ်သာ ဝေးပြီး တပည့်အုပ်စုထဲသို့ ဝင်ဖို့ကြံစည်နေသည်။ ရှန်ထျန်းက လှောင်ရယ်ကာ သူ့ခန္ဓာကိုယ်ကို နန်မင်လီမီးတောက်ဖြင့် လောင်ကျွမ်းစေပြီးနောက် ကြက်သွေးရောင် ဇာမဏီမိုးကြိုး ချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်သည်။ နတ်မိုးကြိုးငါးပါးကျင့်စဉ်မှ ဖန်တီးထားသော နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်တန်ဆာတွင် ဒိုင်းကာအနေဖြင့် လိပ်နက်၊ ပြန်လည်ကုစားနိုင်စွမ်းအတွက် နဂါးပြာ၊ တိုက်ခိုက်ရေးအတွက် ကျားဖြူနှင့် သန့်စင်ခြင်းအတွက် ချီလင်တို့ဖြင့် ပြုလုပ်ထားသည်။ ကြက်သွေးရောင် ဇာမဏီမိုးကြိုးချပ်ဝတ်တန်ဆာ ကျင့်ကြံသူ၏ အမြန်နှုန်းကို ကြက်သွေးရောင် ဇာမဏီငှက်တစ်ကောင်ကဲ့သို့ အဆများစွာ တိုးပွားသွားစေသည်။
တစ်ချိန်တည်းမှာပဲ ငှက်မွေးထာဝရသတ္တုမှ ပြုလုပ်ထားသော ရွှေတောင်ပံတစ်စုံကလည်း ရှန်ထျန်းနောက်တွင် ထွက်ပေါ်လာသည်။ ကြက်သွေးရောင် ဇာမဏီချပ်ဝတ်တန်ဆာကို ငှက်မွေး ထာဝရသတ္တုတောင်ပံတစ်စုံနှင့်အတူ အသက်သွင်းလိုက်သည်။
ရှန်ထျန်း၏ ခန္ဓာကိုယ်က မီးတောက်ဖြင့် လောင်ကျွမ်းနေပြီး သူ၏ ရွှေရောင် ဆံရှည်က သူ့အရှိန်အဝါနှင့်အတူ ယိမ်းနွဲ့နေသည်။
ယခုလက်ရှိတွင် ရှန်ထျန်းက ရွှေနီရောင် အလင်းတန်းဖြင့် လင်းလက်တောက်ပနေပြီး ချောမောသည့်အပြင် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ အားလုံးကို သူ့အား ကိုးကွယ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ဒါကမှ တကယ်မြန်တဲ့ အရှိန်ပဲ
ရှန်ထျန်းက သူ့တောင်ပံကို နူးညံ့စွာခတ်ပြီး သွေးနတ်ဆိုးနှစ်ကောင်နှင့် တပည့်များကြားသို့ ချက်ချင်းရောက်ရှိသွားသည်။
“ထွက်သွားစမ်း ”
အံ့ဩမှင်သက်နေသော တပည့်များက ရှန်ထျန်းက သူ့ထက်အရွယ်အစား အများကြီးကြီးသော ခရမ်းရွှေတူကို လွှဲယမ်းကာ သွေးနတ်ဆိုးနှစ်ကောင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထုရိုက်နေသည်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဝုန်း…
ဝုန်း…
သွေးနတ်ဆိုးနှစ်ကောင်လုံး တစ်ချိန်တည်းမှာပဲ မီတာ ၁၀၀ လောက် နောက်ဆုတ်သွားကာ ခဏအတွင်းမှာပဲ အတူတူ လဲကျသွားသည်။
သူတို့၏ အရိုးချပ်ဝတ်တန်ဆာက ပျက်စီးမှုကို လျှော့ချပေးသော်လည်း သူတို့၏ ရင်ဘတ်တော့ ဖောက်ထွင်းခံလိုက်ရပြီး ရှေးဦးအဆီအနှစ် လေးလံရေစင်က သူတို့ကို တိုက်ရိုက်ကြိတ်ချေပစ်လိုက်သည်။
ရှန်ထျန်းနောက်မှာ ရပ်နေသော တပည့်များက လေးစားအားကျသော အကြည့်ဖြင့် ကြည့်နေကြသည်။
ကျင့်ကြံရေးလောက၏ ဆောင်ပုဒ်ဖြစ်သော “အသန်မာဆုံးသူများသာ ရှင်သန်နိုင်ခြင်း”ဆိုသော ခေါင်းစဉ်အောက်တွင် သန်မာသူများသာ လူထု၏ လေးစားခြင်းကို ခံယူနိုင်သည်။ အထူးသဖြင့် ပြိုင်ဘက်ကင်း ရုပ်ရည်ရှိသောသူများ ဖြစ်သည်။ ထိုကဲ့သို့သော ရုပ်ချောပြီး စွမ်းအားကြီးသောသူအတွက် အထူးအသက်သွင်းနိုင်သော အကျိုးသက်ရောက်မှုများလည်း ရှိသည်။
ယခုလက်ရှိ ရှန်ထျန်း၏ နောက်တွင် နတ်သားရဲငါးကောင်၏ ပုံရိပ်သဏ္ဌာန်များထွက်ပေါ်ပြီး သူက ခရမ်းရွှေတူကို ပိုင်ဆိုင်ထားသည့်အတွက် သူ့ဘေးပတ်လည်တွင် မိုးကြိုးများဖြင့် လင်းလက်နေသည်။ ငှက်မွေးထာဝရသတ္တုတောင်ပံ၏ ငှက်မွေးများကျနေသော ပုံရိပ်ယောင်က မြင်ကွင်းကို ပိုမိုခမ်းနားသွားစေသည်။ သူက ရိုးရှင်းစွာ ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်သည်။
တပည့်များအားလုံး အံ့ဩမှင်သက်နေသည့်အပြင် အမျိုးသားတပည့်များ၏ မျက်လုံးထဲတွင်ပင် စိတ်အားထက်သန်နေသော အရိပ်အယောင်တွေကို မြင်တွေ့နေရသည်။
သူတို့၏ စိတ်ရင်းမှလာသော လေးစားမှုနှင့် ယုံကြည်မှုတို့က သူတို့မျက်လုံးထဲတွင် ထင်ဟပ်နေသည်။
ကမ္ဘာကြီးကနေ မွေးထုတ်လိုက်တဲ့ ယောက်ျားတိုင်း အစ်ကိုရှန်လိုမျိုး သူရဲကောင်းတွေဖြစ်သင့်တယ်
“ အစ်ကိုရှန်က ငှက်မွေးထာဝရသတ္တုရပြီးတော့ ပိုပြီးတော့ သန်မာလာပြီ။ သူက ငါ အသိအမှတ်ပြုထားတဲ့သူပဲ။ ကြည့်ရတာ ငါလည်း ဒီထက်ပိုပြီးတော့ ကြိုးစားမှ ဖြစ်တော့မယ် ”
ခုံမုန့် လွှတ်ထုတ်ထားသော သက်တံအံ့ဖွယ်အလင်းတန်းက သွေးနတ်ဆိုးတစ်ကောင်ကို သေချာဖိနှိပ်ထားပြီး မျက်နှာပြင်ပေါ်ရှိ သွေးအရှိန်အဝါတွေကို တစ်ဆင့်ချင်း ဖယ်ရှားလိုက်သည်။
သူမက သွေးနတ်ဆိုးကို အချိန်တိုအတွင်းမှာ အနိုင်ရအောင် မတိုက်ခိုက်နိုင်သော်လည်း တိုက်ပွဲရလဒ်က ဆုံးဖြတ်ပြီးနေပြီဖြစ်သည်။ ထို့ကြောင့် သွေးနတ်ဆိုး အသတ်ခံရမှာက အနှေးနဲ့အမြန် ဖြစ်သည်။ ခုံမုန့်က မွေးရာပါ သက်တံအံ့ဖွယ်အလင်းတန်း အဆီအနှစ်နှင့် သက်တံအံ့ဖွယ်အလင်းတန်း ယပ်တောင်ကို ပိုင်ဆိုင်ထားသည့်အတွက် ယခင်ကထက် စွမ်းအားကြီးလာပြီ ဖြစ်သည်။ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ သခင်လေးက သူတို့နှစ်ယောက်၏ သွေးနတ်ဆိုးကို နှိမ်နင်းပုံကိုကြည့်ပြီး မယုံနိုင်ဖြစ်နေသည်။
သူနဲ့ရှန်ထျန်းနှစ်ယောက်လုံးက အထွတ်အမြတ်မြေအဆင့် အင်အားစုတွေရဲ့ ပင်မတပည့်တွေပဲလေ။ ဘာလို့ သူတို့နှစ်ယောက်ကြားက ခြားနားချက်က ဒီလောက်ထိ ကြီးမားရတာလဲ
မိစ္ဆာဝိညာဉ်ဂိုဏ်းက ဒီလိုပုံရိပ်မျိုးနဲ့ ထပ်ပြီးနလန်ထူဖို့ဆိုတာ တကယ်ဖြစ်နိုင်လို့လား။ မိစ္ဆာဝိညာဉ်ဂိုဏ်းတွင် အနာဂတ် မရှိဘူးဟု သူ ရုတ်တရက် ခံစားလာရသည်။
ရှန်ထျန်းက သွေးနတ်ဆိုးသုံးကောင်အပေါ် အာရုံစိုက်နေသည့်အတွက် ကျန်သောသူတွေ ဘာတွေးနေလဲဆိုတာကို သူ မသိပေ။
အရှင်းဆုံးပြောရလျှင် နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်တန်ဆာကို အသက်သွင်းလိုက်ခြင်းက ထျန်းကျူဓားမပါဘဲ ရှန်ထျန်း၏ အမြင့်ဆုံး တိုက်ခိုက်ရေးအခြေအနေ ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရှန်ထျန်း၏ သုံးစွဲမှုက ထိတ်လန့်စရာ ကောင်းလှသည်။ သူက အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုပြီး မိစ္ဆာဝိညာဉ်ဂိုဏ်းဆီမှ ဝိညာဉ်ချီနှင့် ဓမ္မစွမ်းအား ပမာဏအများကြီးကို စုပ်ယူထားသော်လည်း ရိုးရှင်းသော တူထုချက် သုံးချက်လောက်ကပင် သူ့ဓမ္မစွမ်းအား ၄၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုပြီးနေပြီဖြစ်သည်။ ထို့နေက် ရှန်ထျန်းက ဝိညာဉ်ချီကို ဖြန့်ကျက်ကာ တစ်စက္ကန့်တိုင်းတွင် နတ်မိုးကြိုးငါးပါး သားရဲချပ်ဝတ်တန်ဆာနှင့် တတ်နိုင်သလောက် စွမ်းအားအမြင့်ဆုံးဖြစ်သည့် ဓာတ်နှောမိုးကြိုးတို့ကို ထိန်းထားသည်။
သူက အကြာကြီး အချိန်မဆွဲနိုင်တော့သည့်အတွက် နတ်ဆိုးသုံးကောင်၏ နှလုံးသားကို တိုက်ခိုက်မှ ဖြစ်တော့မည်။
သွေးနတ်ဆိုးများ ဖြည်းဖြည်းချင်း ပြန်လည်ကုစားသွားသည်ကို မြင်နေရသည့်အတွက် ရှန်ထျန်းတွင် ရှားပါးသော လူသတ်ချင်စိတ်တို့ နိုးကြွလာရသည်။ ထိုသွေးနတ်ဆိုးများက ကမ္ဘာဦးတိုက်ပွဲနယ်မြေရှိ မိစ္ဆာဝိညာဉ်များက အချိန်အတော်ကြာ ပျိုးထောင်ပေးခဲ့သည့်အတွက် သူတို့ဆီမှာ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိဘဲ ဘယ်လိုသတ်ရမလဲဆိုတာကိုသာ သိသည်။
ဤနတ်ဆိုးများကို အမြစ်ပြတ်သုတ်သင်ပစ်မှ ဖြစ်မည်။
ခရမ်းရွှေတူကို သူ့ခန်းမင်လက်စွပ်ထဲသို့ ပြန်ထည့်ကာ လက်နှစ်ဖက်မှ ရှည်လျားသော ကျောက်စိမ်းရောင်နွယ်ပင်များကို လွှတ်ထုတ်လိုက်သည်။
နွယ်ပင်က ဖြည်းဖြည်းချင်း မာသွားကာ ငွေရောင်အရည်က နွယ်ပင်ကို အုပ်လိုက်ပြီးနောက် ချွန်ထက်သော ငွေဓားအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှေနီရောင်ပုံရိပ်က ကောင်းကင်သို့ ပျံသန်းသွားကာ ရုတ်တရက် သွေးနတ်ဆိုးရှေ့သို့ ပေါ်လာသည်။ သွေးနတ်ဆိုးက သွေးဆာလောင်မှုကြောင့် ဘာမှမမြင်နိုင်တော့ပေ။ သွေးချပ်ဝတ်တန်ဆာက သူ့ရင်ဘတ်ပေါ်မှာ ထပ်ပေါ်လာကာ ရှန်ထျန်းကို သူ့လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
အရမ်းနှေးတာပဲ
ရှန်ထျန်းက အေးစက်စွာကြည့်ရင်း သွေးနတ်ဆိုး၏ လက်ဖဝါးကြီးကို အမြန်ရှောင်တိမ်းလိုက်သည်။ ရှေးဦးအဆီအနှစ် လေးလံရေစင်ဖြင့် လွှမ်းခြုံထားသော အံ့ဖွယ်ဝါးမျိုနွယ်ပင်က ညာဘက်လက်မှ ထွက်သွားကာ သွေးနတ်ဆိုး၏ ပုခုံးကို ထိုးဖောက်သွားသည်။
“ ဟား…ဟား…ဟား…မင်း သူ့ရဲ့ အရိုးချပ်ဝတ်တန်ဆာနဲ့ နှလုံးသားကို တစ်ခါထဲ မထိုးဖောက်နိုင်ဘူးဆိုရင် သွေးနတ်ဆိုးကို သတ်လို့မရဘူး”
ဟေးယွမ်က အလွန်အမင်းအားနည်းနေပြီဖြစ်သော်လည်း ရှန်ထျန်း၏ တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေဆဲ ဖြစ်သည်။ သူက ရှန်ထျန်း တစ်ခုခုဖြစ်ပြီး သွေးနတ်ဆိုး သူ့ကို သတ်တာမြင်ရဖို့အတွက် အလွန်အမင်း စိတ်အားထက်သန်နေသည်။
သွေးနတ်ဆိုးက ရှန်ထျန်းကို ရိုက်ချဖို့ လက်ကိုလွှဲလိုက်သည့်အတွက် ဟေးယွမ်က စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်သည်။
သို့သော် သွေးနတ်ဆိုး လဲကျသွားသည့်အတွက် ဟေးယွမ်၏ အကြည့်ထဲမှ စိတ်အားထက်သန်မှုတို့က မယုံကြည်မှုတို့ဖြင့် လျင်မြန်စွာ အစားထိုးဝင်ရောက်သွားရသည်။
သွေးနတ်ဆိုး၏ လက်ဖဝါးက ရှန်ထျန်းဆီသို့ မရောက်ခင် မြေပြင်ပေါ်သို့ အားအင်ချိနဲ့စွာဖြင့် လဲကျသွားသည်။ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အနီရောင်အလင်းက ချက်ချင်းမှိန်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားပြီး သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရှန်ထျန်းက သူ၏ ညာဘက်လက်မှ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်သည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ အဆုံးသတ်တွင် အနီရောင်ပုလဲလုံး တစ်လုံး ရစ်ပတ်နေသည်။ ထိုအရာက သွေးနတ်ဆိုး၏ အသက်အဆီအနှစ်ဖြစ်သည့် သွေးအဆီအနှစ် ပုလဲ ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်အတွက် သွေးအဆီအနှစ် ပုလဲက အကောင်းဆုံးဆေးလုံး ဖြစ်သည်။
သွေးအဆီအနှစ် ပုလဲကို သန့်စင်ပြီးပါက နတ်ဆိုးများက ထိုအရာက သူတို့၏ ကိုယ်ပိုင်သွေးကို သန့်စင်ဖို့အတွက် အသုံးပြုပြီးနောက် သူတို့၏ စွမ်းအားကို မြှင့်တင်နိုင်သည်။ ထို့ကြောင့် ကံကောင်းသူသာဆိုလျှင် ရှေးဟောင်းနတ်သားရဲ မျိုးဆက်ကိုပါ လှုပ်နှိုးနိုင်ကြလိမ့်မည်။ တခြားနည်းဖြင့်ပြောရလျှင် ထိုအရာက တန်ဖိုးမဖြတ်နိုင်သော အထွတ်အထိပ်အဆင့် ရတနာဖြစ်သည်။
မူလအစက သွေးနတ်ဆိုးများက စွမ်းအားကြီးရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ အရိုးချပ်ဝတ်တန်ဆာကို အသုံးပြုပြီး သူတို့၏နှလုံးသားကို ကာကွယ်ကြသည်။ ချပ်ဝတ်တန်ဆာ ဖျက်စီးခံရသည်နှင့်တစ်ပြိုင်နက် နောက်ထပ် အသစ်တစ်ခုကို ချက်ချင်း ဖန်တီးနိုင်ကြသည်။
ထို့ကြောင့် ရှန်ထျန်းအနေဖြင့် ထျန်းကျူဓား၏ ဓားအရှိန်အဝါကို ကျောက်စိမ်းရေစင်ဓားအသုံးပြုပြီး အသက်သွင်းလျှင်ပင် အရိုးချပ်ဝတ်တန်ဆာနှင့် နှလုံးသားကို တစ်ချိန်တည်းမှာ ထိုးဖောက်ဖို့အတွက် ခက်ခဲလှသည်။
သို့သော် ရှန်ထျန်း အကြံကောင်းတစ်ခုရသွားသည့်အတွက် သူက သွေးနတ်ဆိုး၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ဖို့အတွက် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုလိုက်ပြီး အထဲရောက်မှ ကွေးကာ နှလုံးသားကို ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။
ထိုနည်းလမ်းက အရမ်းအသုံးဝင်သည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ရှေးဦးအဆီအနှစ် လေးလံရေစင်ဖြင့် အတူသုံးပါက ရိုးရှင်းစွာဖြင့် အရာအားလုံးကို အောင်နိုင်သည်။ ရှန်ထျန်းက သွေးနတ်ဆိုး၏ ပုခုံးပေါ်ရှိအကာအကွယ်ကို လွယ်ကူစွာ ထိုးဖောက်နိုင်ပြီး တစ်ချိန်တည်းမှာပဲ သွေးနတ်ဆိုး၏နှလုံးသားကိုပါ ထိုးဖောက်သွားနိုင်သည်။ သွေးနတ်ဆိုး၏ အားပြင်းသောတိုက်ခိုက်မှု၊ ခုခံမှုနှင့် မြန်နှုန်းတို့က အသီးသီး စွမ်းအားပြင်းကြသော်လည်း ကုစားနိုင်စွမ်းအတွက် စဉ်းစားနိုင်စွမ်းက သုံးနှစ်အရွယ်ကလေးထက်ပင် နိမ့်ကျနေသည်။
သူတို့၏ ဗီဇဖြစ်သော သတ်ဖြတ်ချင်စိတ်ဖြင့် လွှမ်းမိုးခံထားရသည်။ သူတို့သာ အရိုးချပ်ဝတ်တန်ဆာကို သူတို့နှလုံးသား ပတ်ပတ်လည်တွင် အသက်သွင်းထားပါက သူတို့ဆီမှာ အားနည်းချက် ရှိမည် မဟုတ်တော့ပေ။
ထိုကဲ့သို့သော နည်းလမ်းမျိုး ရှိကြောင်းကိုတော့ ရှန်ထျန်းဘယ်တော့မှ သွေးနတ်ဆိုးတွေကို ပြောပြမည် မဟုတ်ပေ။
ပြောပြလျှင်လည်း သွေးနတ်ဆိုးများ၏ ဉာဏ်ရည်နှင့် လိုက်မှီမည် မဟုတ်ပေ။
“ တကယ်ကို ဖြစ်နိုင်တာပဲ”
ရှန်ထျန်းက ပြုံးကာ ရုတ်တရက် ဒုတိယသွေးနတ်ဆိုး၏ ရှေ့သို့ ရောက်သွားသည်။ သူက သွေးနတ်ဆိုး၏ မသေမသပ် တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီးနောက် အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြင့် သွေးနတ်ဆိုး၏ လက်မောင်းထဲသို့ ရုတ်တရက် ထိုးသွင်းလိုက်သည်။ ရှန်ထျန်းက သွေးအဆီအနှစ်ပုလဲကို ထုတ်ယူလိုက်သည့်အခါ သွေးများလည်း ပန်းထွက်လာသည်။ တစ်ချိန်တည်းမှာပဲ သွေးနတ်ဆိုးလည်း အစိတ်စိတ်အမြွာမြွာ ဖြစ်ကာ ပေါက်ကွဲသွားသည်။
တစ်ချက်ထဲနဲ့ သတ်လိုက်တာ
နောက်ထပ်တစ်ချက်တည်းနဲ့ သတ်လိုက်တာ
ရှန်ထျန်းက အချိန်ခဏလေးအတွင်းမှာ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးနှစ်ကောင်ကို အလွယ်တကူလေး သတ်လိုက်နိုင်တာကို ကြည့်ပြီး အားလုံးက အံ့ဩမှင်သက်နေကြသည်။
အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က လူသားရော ဟုတ်ရဲ့လား
အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့သူက ကနဦးဝိညာဉ်အဆင့် နတ်ဆိုးတွေကို ချက်ချင်းသတ်လိုက်နိုင်တယ်တဲ့လား
နှစ်ပေါင်းရာချီ ကျင့်ကြံပြီးတော့ ကနဦးဝိညာဉ်အဆင့်ထိ ရောက်အောင်လုပ်ခဲ့တဲ့သူတွေ အားလုံးရဲ့ ခံစားချက်တွေကို မင်း စဉ်းစားကြည့်ဖူးရဲ့လား။
ကျင်းယုက ရွှေရောင်ဓားရှည်ကို အမှီပြုပြီး မတ်တပ်ရပ်ထားရင်း သူ့စိတ်ပိုင်းဆိုင်ရာကတော့ အတော်လေး ပင်ပန်းနေလေပြီ။
သေစမ်း
အခက်အခဲတွေ အများကြီးကြုံပြီးတော့ ငါ သူနဲ့အတူ ယှဉ်တွဲတိုက်ခိုက်ပြီးတော့ ငါ့ကို ကယ်ခဲ့တဲ့အတွက် အကြွေးဆပ်ခဲ့တာလေ။ အခုကျတော့လည်း သူက ငါ့ကို ထပ်ပြီးတော့ ကယ်လိုက်ပြန်ပြီ။ သူ့ကို ကျေးဇူးကြွေးဘယ်လိုဆပ်ရမလဲ။ ငါ မဆပ်နိုင်တော့ဘူး
မူလအစက ရှန်ထျန်းကို အကြွေးပြန်ဆပ်ပြီးပါက ကျင်းယုအနေဖြင့် ရှန်ထျန်းကို အနိုင်ပိုင်းနိုင်ပြီဟု တွေးခဲ့သည်။ သူတို့သာ ကမ္ဘာဦးတိုက်ပွဲနယ်မြေမှ ထွက်သွားပါက သူတို့၏ မူလကျင့်ကြံဆင့်များကို ပြန်ရသည့်အခါ သူ့ကျင့်ကြံဆင့်ကြောင့် အခွင့်ကောင်းယူပြီး ရှန်ထျန်းကို လွှမ်းမိုးနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ရှန်ထျန်းက သွေးနတ်ဆိုးနှစ်ကောင်ကို အမြန်သုတ်သင်နိုင်သည့်အတွက် ကျင်းယု တွေဝေသွားရသည်။
ငါတို့ ကမ္ဘာဦးတိုက်ပွဲနယ်မြေကနေ ထွက်သွားရင်တောင် သူ့ကို တကယ်ပဲ အနိုင်ယူနိုင်ပါ့မလား။ ဘာလို့ အနိုင်ရနိုင်ချေက အရမ်းနည်းတယ်လို့ ခံစားနေရတာလဲ။ ငါထင်တာတော့ လိုက်လျောညီထွေ ဖြစ်မှုက ပိုပြီးတော့ အရေးပါတယ် ထင်တယ်