စိတ်ကြီးဝင်တာကို ရင်ဆိုင်ဖို့အတွက် စိတ်ကြီးဝင်တာကို အသုံးပြုရမယ်
Vol. 11-16 Ch. 219
အခန်း (၂၁၉) : စိတ်ကြီးဝင်တာကို ရင်ဆိုင်ဖို့အတွက် စိတ်ကြီးဝင်တာကို အသုံးပြုရမယ်
ဝုန်း…
အံ့ဖွယ်ဝါးမျိုနွယ်ပင်က နောက်ဆုံးသွေးနတ်ဆိုး၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ထွင်းထွက်သွားသည်။
သွေးအဆီအနှစ် ပုလဲလုံးကို ယူပြီးနောက် သွေးနတ်ဆိုး၏ ခန္ဓာကိုယ်က သွေးမိုးများရွာသလို ပေါက်ကွဲထွက်သွားသည်။ ရှန်ထျန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော မီးတောက်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ လေထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လာသည့်အတွက် မိုးကြိုးလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
အချိန်တိုအတွင်းမှာ သွေးနတ်ဆိုးလေးကောင်က ရှန်ထျန်း၏ နွယ်ပင်များကြောင့် ရှုံးနိမ့်သွားရသည်။
သွေးနတ်ဆိုးတောင်ကြားတွင် လုံးဝ တိတ်ဆိတ်သွားကာ အားလုံး၏ အကြည့်က ရှန်ထျန်းဆီ ရောက်ရှိလာသည်။
သူ၏ နှင်းလိုမျိုးဖြူစွတ်နေသော ဝတ်စုံပေါ်သို့ သွေးတစ်စက်ပင် မစင်သည့်အတွက် အစွန်းအထင်းမရှိဘဲ လှပနေဆဲ ဖြစ်၏။ သူက အဖြူရောင်ကျောက်စိမ်းပုလင်းကို ထုတ်ကာ ပြောလိုက်သည်
“ အံ့ဖွယ်ဝါးမျိုနွယ်ပင် နိဗာနအဆင့်ရောက်သွားပြီး သန့်စင်ထားတဲ့ နိဗာနတော်ဝင်ရေစင်လေ။ သူ့မှာ ဆန်းကြယ်တဲ့ ကုစားနိုင်စွမ်းရှိသလို အသက်အဆီအနှစ်ကိုလည်း ဖြည့်တင်းပေးနိုင်တယ်” ရှန်ထျန်းက ပုလင်းကို ကျင်းယုဆီ ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်
“ ဒီထဲမှာ ငါးလီတာရှိလို့ မင်းရဲ့ ဒဏ်ရာတွေကို ကုသဖို့ လုံလောက်မှာပါ”
နိဗာနတော်ဝင်ရေစင်ပုလင်းကို ယူပြီးနောက် ကျင်းယုက အတော်လေး စိတ်ရှုပ်ထွေးနေသည်။
ဒီလူက အဲလောက်အထိ တကယ်ကြင်နာတတ်လို့လား
ကျင်းယု၏ မျက်နှာပေါ်မှာ သံသယဝင်မှုကို သတိထားမိပြီး ရှန်ထျန်းက ပြောလိုက်သည်
“ မင်းသာ သေသွားရင် ငါ့ရဲ့ အကြွေးစာချုပ်ကို ဘယ်သူ့ဆီကနေ ယူရတော့မှာလဲ။ မင်းက ငါ့ရဲ့ ရွှေရောင်ဓားရှည်ကို အက်ကြောင်းထင်အောင် လုပ်လိုက်တဲ့အပြင် ရွှေရောင်ချပ်ဝတ်တန်ဆာကိုပါ ပျက်စီးသွားစေတယ်။ အဲဒါတွေအတွက်လည်း လျော်ကြေးပေးရမယ်”
ရှန်ထျန်းက လက်စွပ်တစ်ကွင်းကို ကျင်းယုဆီ ပစ်ပေးကာ ပြောလိုက်သည်
“ ဒီမှာ မင်းရဲ့လက်စွပ်။ စောစောတုန်းက ပြောထားတဲ့ ၂ သန်း လျှော့ပေးတာကို မေ့လိုက်တော့။ ဒီအတိုင်း ဝိညာဉ်ကျောက်တုံး ၅၂ သန်း ပေးလိုက်တာပဲ ကောင်းမယ်ထင်တယ်”
ရှန်ထျန်းက ထပ်ပြောလိုက်သည်
“ အကြွေးကိုဆပ်ဖို့အတွက် အလျင်စလို လုပ်စရာမလိုဘူးနော်။ ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းလို့ရသွားမှ ပေးလို့ရတယ်။ ဒါပေမဲ့ အတိုးတော့ ရှိတယ်”
ရှန်ထျန်းက လှည့်ထွက်သွားပြီး ကျင်းယုက သူ ထွက်ခွာသွားသော ပုံရိပ်ကို ကြောင်ကြည့်ကာ တွေးတောနေသည်။
ဒါက လှည့်စားမှုတစ်ခုများလား။
ရွှေရောင်ဓားရှည်နဲ့ ချပ်ဝတ်တန်ဆာကို ငါ့ဆီပြန်ပေးသလို လက်စွပ်ကိုတောင် ပြန်ပေးတယ်တဲ့လား။ အဲဒါအတွက် ဝိညာဉ်ကျောက်တုံး ၂ သန်းလေးပဲ ပိုတောင်းမှာတဲ့လား
ဒီရွှေရောင်ဓားရှည်တစ်ခုတည်းက နည်းနည်းအက်ကြောင်းပေါ်နေပေမဲ့ သူ ပြောတဲ့ ဈေးထက် ပိုပြီးတော့တန်တယ်။ ပြီးတော့ ဒီချပ်ဝတ်တန်ဆာက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းလေ။ ဝိညာဉ်ကျောက်တုံး ၂ သန်းက ဘာမှအရေးမပါဘူး။
ကျင်းယုက ရှန်ထျန်း၏ ကျောဘက်ပုံရိပ်ကို ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိသွားသည်။
ဒါက ငါ့ကို ထွက်လမ်း ပေးလိုက်တာလား။ ဒါက ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်လား။
လက်ထဲရှိ နိဗာနတော်ဝင်ရေစင်ကို ကြည့်ပြီး ကျင်းယု ပြုံးနေမိသည်။
မင်းက အရမ်းသိတတ်တာပဲ။ ပြီးတော့ မင်းလည်း မင်းနေရာမင်း သိတဲ့အတွက် ရှေ့လျှောက် အပြန်အလှန်ကူညီရင်း နေသွားတာပေါ့ မင်းကို မဖိနှိပ်တော့ပါဘူး။
ကျင်းယုက နိဗာနတော်ဝင်ရေစင်ကို သောက်ပြီး အားအင်ကို ပြန်လည်ဖြည့်တင်းလိုက်ပြိး သန့်စင်ကာ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားစေသည်။ မကြာခင်မှာပဲ သူ့အရှိန်အဝါလည်း အဆင့်မြင့်မားလာသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အလင်းပြန်ပေါ်လာကာ ရွှေတောင်ပံဖြင့် လေထဲမှာ ခမ်းနားစွာ ခတ်နေသည်။ သူက ရှန်ထျန်းကို စိုက်ကြည့်ပြီး အေးစက်စွာ ပြုံးကာ ပြောလိုက်သည်
“ ရှန်ထျန်း မင်းက ငါ့ကို လျှော့တွက်ထားတာပဲ။ ဝိညာဉ်ကျောက်တုံး ၅၂ သန်းလေးပဲဆိုတော့ ပေးရမှာကို အချိန်မဆွဲတော့ဘူး။ သုံးလအတွင်း ဝိညာဉ်ကျောက်တုံးပြည့်အောင် စုပြီးတော့ မင်းရဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ပို့ပေးလိုက်မယ်။
ဒီတိုက်ပွဲက အတော်လေး စိတ်ပျက်စရာပဲ။ ရှေ့လျှောက် အခွင့်အရေးရှိသေးတယ်ဆိုရင် မင်း ရွှေအမြုတေအဆင့်ကို ရောက်သွားတဲ့အခါ ငါတို့ထပ်ပြီးတော့ တိုက်ခိုက်လို့ရတယ်။”
ရှန်ထျန်းက နောက်လှည့်ကာ ပြုံးပြရင်း ပြောလိုက်သည်
“ ကောင်းပြီလေ … ငါ ရွှေအမြုတေအဆင့် ရောက်တဲ့အခါ ဒေါင်းမျိုးနွယ်ဆီ အလည်လာခဲ့မယ်။ အဲဒီကျမှ မင်းကို လာရှာမယ်”
ကျင်းယု၏ နဖူးမှ ချွေးစေးပင် ကျလာသည်
“ အဟမ်း…ဒါဆိုရင်လည်း…နောက်မှ ဖြေရှင်းကြတာပေါ့။ စိတ်မပူပါနဲ့ မင်းရှုံးသွားရင်တောင် မင်းရဲ့အသက်ကို ချမ်းသာပေးမှာပါ။”
“ ဟုတ်ပြီ ငါလည်း မင်း ရှုံးသွားရင် မင်းရဲ့အသက်ကို ချမ်းသာပေးမှာပါ” ရှန်ထျန်း နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်သည်။ သူ့မှာ အရမ်းမြင့်သော စဉ်းစားနိုင်စွမ်းရှိသည့်အတွက် ကျင်းယု ဘာတွေစဉ်းစားနေလဲဆိုတာကို သူ အလွယ်တကူ သိနိုင်သည်။
ဒီမာနကြီးတဲ့လင်းယုန်က ရဲရင့်ချင်ယောင်ဆောင်နေတဲ့ ခေါင်းမာတဲ့သူပဲ။ သူ ရွှေအမြုတေအဆင့်ရောက်သွားရင် တိုက်ခိုက်မယ်တဲ့လား။ ဒါဆိုရင်တော့ ကျင်းယု သူ့ကို “ရှုံး”သွားမှာ သေချာတယ်
ဒါပေမဲ့ ပြဿနာမရှိပါဘူး
မာနကြီးပြီး စိတ်လက်မာန်ပါ လုပ်တတ်သော ကျင်းယုလို လူမျိုးက အောက်တန်းကျသော နည်းလမ်းများကို လုံးဝ သုံးမည် မဟုတ်ပေ။ ထိုကဲ့သို့သော စိတ်ကြီးဝင်နေသောသူကို ရင်ဆိုင်ဖို့အကောင်းဆုံးနည်းလမ်းက သူ့ထက် စိတ်ကြီးဝင်ပြခြင်း ဖြစ်သည်။ သူ့ကိုသာ သာမန်လူအဖြစ်သို့ ပြောင်းလဲနိုင်သည့် အခွင့်အရေးရရှိလာသည့်အတွက် ရှန်ထျန်းအနေဖြင့် ငြင်းစရာ အကြောင်းမရှိပေ။
ရှန်ထျန်းက ရွှေဥ ဥသော ငန်းကို သတ်မည့်သူမျိုးလည်း မဟုတ်ပေ။ သူ ဤလင်းယုန်ကို မွေးထားပြီး အကျိုးအမြတ်ကို ရိတ်သိမ်းမည် ဖြစ်သည်။ သူ့ ခန်းမင်လက်စွပ် လင်းလက်လာကာ မြေပြင်ပေါ်တွင် ခေါင်းတလားတစ်ခု ထွက်ပေါ်လာသည်
“ ဒါက ရွှေတောင်ပံလင်းယုန်မျိုးနွယ်ရဲ့ ဘိုးဘေးဘီဘင်လေ။ သူက မိစ္ဆာဝိညာဉ်နဲ့ တိုက်ခိုက်တဲ့ ရှေးဟောင်းတိုက်ပွဲမှာ သေသွားတယ်လို့ မိန်းကလေးခုံက ပြောတယ်။ သူက သူရဲကောင်းအစစ်ဖြစ်တာမလို့ သူ့အလောင်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ ကျန်မနေခဲ့သင့်ဘူးလေ။ ကျင်းယု သူ့ကို မင်းတို့မျိုးနွယ်ဆီ ပြန်ခေါ်သွားပြီးတော့ သေချာမြှုပ်နှံပေးလိုက်ပါ၊”
အခေါင်းထဲတွင်ရှိနေသော အလောင်းကို ကြည့်ပြီး သူ့မျိုးနွယ်၏ ရင်းနှီးသော အရှိန်အဝါထွက်နေသည်ကို ကျင်းယု ခံစားကြည့်လို့ရသည်။ သူ အကြာကြီးငြိမ်နေရာမှ ရှန်ထျန်း၏ နောက်ကျောပုံရိပ်ကို စိုက်ကြည့်ပြီး အကျယ်ကြီးအော်ပြောလိုက်သည်
“ ငါတို့ မင်းကို တစ်ခုထပ်ပြီး အကြွေးတင်သွားပြန်ပြီ”
ရှန်ထျန်း မရပ်တန့်သွားသော်လည်း နှုတ်ခမ်းက ပြုံးမိသွားသည်။
အခု သူက အခု သူ့လက်ခုပ်ထဲက လူ…အဲ… ငှက်ပဲ
ဘယ်လောက်တောင် ချိုမြိန်တဲ့ ခံစားချက်လေးလဲ
ကျင်းယုနှင့် ကိစ္စပြီးပြတ်သွားလျှင် မိစ္ဆာဝိညာဉ်ဂိုဏ်းသား ခြောက်ယောက်ကို ဖြေရှင်းရဦးမည် ဖြစ်သည်။ သူတို့၏ ဘဝနှင့် ပတ်သက်ပြီး အတွေးပြောင်းနေကြသော ဟေးယွမ်၊ ဟေးကျင်း၊ ဟေးမူ၊ ဟေးရွှေ၊ ဟေးဟော်နှင့် ဟေးထူတို့ကို လေ့လာအကဲခတ်နေသည်။
စိတ်အားထက်သန်မှုအပြည့်ဖြင့် ရှန်ထျန်းက သူတို့၏ အထူးဝတ်ရုံများနှင့် မျက်နှာဖုံးများကို ဆွဲချွတ်လိုက်သည်။ ထိုအရာများက အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သော ပစ္စည်းများဖြစ်ပြီး အဆင့်တူ ရတနာများကြားထဲတွင် အရမ်းရှာပါးသည့်အတွက် အရမ်းတန်ဖိုး ရှိသည်။ ထို့အပြင် ထိုအမျိုးသားခြောက်ယောက်က သူတို့ပိုင်ဆိုင်သော ဆုလာဘ်တွေပါသည့် သိုလှောင်လက်စွပ်များကို ဝတ်ဆင်ထားကြသည်။
ဒီအဖွဲ့ကို အနိုင်ရတာက တစ်မြို့လုံးကို သိမ်းပိုက်နိုင်တာထက်တောင် ပိုကောင်းတယ်
သူက ပစ္စည်းအားလုံးကို ခန်းမင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီးနောက် လက်စွပ်ခြောက်ကွင်းကို သူ့လက်ချောင်းများမှာ ဝတ်ဆင်ထားလိုက်သည်။ သူနောက်မှ ပြန်လည် ရောင်းချရမည်။
ရှန်ထျန်းက ဟေးယွမ်ကို တည်ငြိမ်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်
“ မင်းက မိစ္ဆာဝိညာဉ်ဂိုဏ်းကမလား။ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲသို့ တိတ်တိတ်လေး ဝင်လာပြီးတော့…ဘယ်လိုအောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်ဖို့ကြံစည်နေတာလဲ”
ဟေးယွမ်က အေးစက်စွာရယ်ရင်း ပြောလိုက်သည်
“ ငါက ကြောက်တတ်တဲ့ သစ္စာဖောက်လို့ ထင်နေတာလား။ ဟား…ဟား…ဟား…ငါ့ကို သတ်လိုက်လေ ပြီးရင် မင်းတို့လည်း ငါတို့ ငရဲမှာ လာတွေ့ပေါ့”
ရှန်ထျန်းက သူတို့၏ ခေါင်းကို ကြည့်ကာ ပြောလိုက်သည်
“ မင်းတို့က ငါ့ရဲ့ အကျဉ်းသားဖြစ်နေတာတောင် မဟုတ်တာတွေ လျှောက်ပြောရဲသေးတယ်ပေါ့ ဟုတ်လား။ ရည်ရွယ်ချက်က ဘာလဲ။ ညီအစ်ကိုတို့ ဒီစစ်ဆေးမှုကနေ စောစောစီးစီးထွက်ပြီးတော့ ဒီလူခြောက်ယောက်ကို ဂိုဏ်းချုပ်ဆီ ဘယ်သူပြန်ပို့ချင်ကြလဲ ”
ဒီလူတွေက သေတာထက် အသက်ရှင်နေတာက ပိုပြီးတော့ တန်ဖိုးရှိတယ်
သူတို့အကြောင်းနှင့် သူတို့ သေချင်နေကြသော အယူသည်းသည့် မိစ္ဆာဝိညာဉ်ဂိုဏ်းသားများလည်း ရှိသည်။
မိစ္ဆာဝိညာဉ်ဂိုဏ်သားတစ်ယောက်ကို အရှင်လတ်လတ် ဖမ်းမိခြင်းက အထွတ်အမြတ်မြေကို ဂိုဏ်သား ထပ်တိုးဖို့အတွက် အလင်းပြသလို ဖြစ်သွားနိုင်သည်။
ရှန်ထျန်းက ထိုအမျိုးသား ခြောက်ယောက်ကို ဖမ်းပြီးပြီးချင်း သူတို့၏ စွမ်းအင်ဗဟိုချက်တွေကို ချက်ချင်း ဖျက်စီးလိုက်သည်။ ထိုသို့ ပြုလုပ်ရခြင်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး သတ်သေသွားမှာကို ကာကွယ်နိုင်ဖို့အတွက် ဖြစ်သည်။ သူတို့ အဖမ်းခံရသော သတင်းက မပြန်သွားသေးသည့်အတွက် အထွတ်အမြတ်မြေများမှ စုံစမ်းစစ်ဆေးတာကို ခံယူဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်သည်။ ဒါမှ သူတို့စုံစမ်းစစ်ဆေးပြီး ဂိုဏ်းကို ဖယ်ထုတ်နိုင်လိမ့်မည်။
သူတို့ ဒီလူခြောက်ယောက်ကို စုံစမ်းစစ်ဆေးဖို့အတွက် စစ်ဆေးမှု ပြီးသည့်အထိ စောင့်ပြီးမှ ဂိုဏ်းအတွက် ရာဇဝတ်ကောင် ရှာဖွေဖို့အတွက် ကြေညာပါက ဒီခြောက်ယောက် သိနေသော ပုန်းခိုနေရာများရှိသူများက တခြားနေရာများသို့ ရွှေ့ပြောင်းသွားနိုင်ချေ ရှိသည်။ သာမန်တပည့်တစ်ယောက်အတွက် ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုက ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။
သူတို့ ဒီနေရာတွင် အဖိုးတန်းရှေးဟောင်းဆေးပင်များ ရှာတွေ့ပါက သူတို့၏ ကျင့်ကြံရေးခရီးစဉ်တွင် နှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်တစ်စုစာ အေးအေးဆေးဆေး နေလို့ရနိုင်သည်။ သူတို့အားလုံးက အထွတ်အမြတ်မြေမှ တပည့်များဖြစ်ကြသော်လည်း ချင်ယွင်တိနှင့် ရှန်ထျန်းလောက်ထိ မချမ်းသာကြပေ။
သူတို့အများစုက ကျင့်ကြံရေးမှာ သုံးဖို့အတွက် ငွေကြေးအကြပ်အတည်း ရှိကြသည်။ သူတို့ အရည်အချင်းရှိလေလေ ပိုပြီးတော့ ဆင်းရဲလာလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ကိုယ့်ကိုယ်ကို မျှော်လင့်ချက်မြင့်မြင့် ထားသည့်အတွက် အရည်အသွေး ကောင်းမွန်သော အရင်းအမြစ်များကို သုံးလာသောကြောင့် ဖြစ်သည်။ သူတို့သာ ကမ္ဘာဦးတိုက်ပွဲနယ်မြေမှ စောစောထွက်သွားပါက အနာဂတ်တွင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိရန်ခက်ခဲလှသည်။
သူတို့စဉ်းစားချင့်ချိန်နေတာ အချိန်အတော်ကုန်သွားပြီဖြစ်သည့်အတွက် လူအုပ်ထဲမှ စကားသံတစ်သံ ထွက်လာသည်
“ သူတော်စင် … ကျွန်တော် သူတို့ကို ပြန်ပို့လိုက်ပါ့မယ်”
ရှန်ထျန်းက အသံလာရာသို့ ကြည့်လိုက်သည့်အခါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့် ကျန့်စန်း ဖြစ်နေသည်။
ကျန့်စန်းက စိတ်ဆုံးဖြတ်ပြီး ပြောလိုက်သည်
“ ဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲကို ဝင်ရောက်လာပြီးတော့ အထွတ်အမြတ်မြေတွေရဲ့ ပူးပေါင်းလေ့ကျင့်ရေးကို အနှောင့်အယှက်ပေးတယ်။ သူတို့က အရမ်း ရဲတင်းတယ်။ သူတော်စင်ရဲ့ အားထုတ်မှုကြောင့်သာ မဟုတ်ရင် ဒီတိုက်ပွဲနယ်မြေက လုံးဝ ကံဆိုးမိုးမှောင်ကျသွားပြီးတော့ ဖြစ်ပျက်လာမဲ့အရာတွေကို တွေးတောင်မတွေးရဲဘူး။
ကျွန်တော်တို့က ဒီလူတွေကို ဖမ်းပြီးပြီဆိုပေမဲ့ တခြားမိစ္ဆာဝိညာဉ် ဂိုဏ်းသားတွေက ချုံခိုတိုက်ခိုက်ဦးမလားဆိုတာ မသိနိုင်ဘူးလေ။ ကျွန်တော်ရဲ့ ကျင့်ကြံဆင့်က နိမ့်ပေမဲ့လည်း ကျွန်တော်က နေ့ညပေါင်းများစွာ သူတော်စင်ရဲ့ မန္တန်ကို ရွတ်ဖတ်ပြီးတော့ အချိန်ကုန်ဆုံးပါတယ်။
အထွတ်အမြတ်မြေက ကျွန်တော်ရဲ့အိမ်ပါပဲ။ အကောင်းဆုံးလုပ်နိုင်ဖို့အတွက် တစ်ယောက်ချင်းစီတိုင်းအပေါ် မှီခိုဖို့လိုအပ်တယ်။ တခြားညီအစ်ကိုတွေ လုံခြုံတာ သေချာအောင် ကျွန်တော်ရဲ့ ကမ္ဘာဦးတိုက်ပွဲနယ်မြေရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို စွန့်လွှတ်ပြီးတော့ စစ်ဆေးမှုကို စောစော အဆုံးသတ်လိုက်ပါ့မယ်။ အစ်ကို ခွင့်ပြုဖို့ မျှော်လင့်ပါတယ်”
ရိုးသားဖြောင့်မတ်သော ကျန့်စန်းကို ကြည့်ပြီး ရှန်ထျန်း တစ်စုံတစ်ယောက်ကို သွားပြီးသတိရမိသည်။
အင်း…ခံစားချက်က အတူတူပဲ…ဒါပေမဲ့ တစ်ခုခုတော့ မှားနေတယ်
ဒါပေမဲ့လည်း ထားပါ
တစ်ယောက်ယောက်က ဒီလူခြောက်ယောက်ကို ခေါ်သွားချင်လို့ တော်သေးတာပေါ့။ မဟုတ်ရင် အရမ်းဒုက္ခရောက်သွားလိမ့်မယ်။
ရှန်ထျန်း တွေးတောပြီးနောက် ခန်းမင်လက်စွပ်ထဲမှ နဂါးသွေးမြက် ရိုးတံများကို ထုတ်ကာပြောလိုက်သည်
“ ညီလေးကျန့်က အရမ်းစိတ်ထားမြင့်မြတ်မှတော့ ကပ်စေးနည်းမနေတော့ပါဘူး။ ဒီနဂါးသွေးမြက်တွေက သွေးသန့်နဂါးမျိုးနွယ်ဝင် ကျဆုံးသွားတဲ့ မြေကနေပဲ ဖြစ်တည်လာတာ။ အဲဒါကို လူတစ်ယောက်ရဲ့ အခြေခံရုပ်ပိုင်းဆိုင်ရာ အရည်အသွေးကို သန့်စင်တိုးမြှင့်တဲ့ နေရာမှာ အသုံးပြုလို့ရတယ်။ အခု ဒါကို ညီလေးအတွက် လျော်ကြေးအဖြစ် ပေးမယ်ဆိုရင် အဆင်ပြေလား”
တခြားတပည့်များက ရှန်ထျန်း၏ လက်ထဲမှ နဂါးသွေးမြက်ကို ကြည့်ကာ အားကျနေကြသည်။
ပြင်းထန်တဲ့ အရှိန်အဝါကို ထုတ်လွှတ်နေတာပဲ။
ဒါက နဂါးသွေးမြက်လေ
ဒါက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲမှာ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ဆေးပင်ပဲ
ထိုဆေးပင်ကို သန့်စင်လိုက်ပါက နဂါးစွမ်းအင် အနည်းငယ်ကိုပင် ကျင့်ကြံနိုင်လိမ့်မည်ဟူသော ကောလဟာလမျိုးလည်း ရှိသည်။ ရှန်ထျန်း ထုတ်ပေးလိုက်သော နဂါးသွေးမြက်များသည်လည်း အရည်အသွေးနိမ့်သောအရာများ မဟုတ်ဘဲ အထွတ်အထိပ်အဆင့် နဂါးသွေးမြက်များ ဖြစ်နေသည်။
“ နဂါးသွေးမြက်တဲ့လား…တကယ်ကို နဂါးသွေးမြက်အစစ်ပဲ။ ဒါက တခြားအထွတ်အမြတ်မြေက သူတော်စင်တွေရဲ့ ပြုမူနေထိုင်တဲ့ပုံစံလား။ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုကတော့ ဘယ်တုန်းကမှ ငါတို့အပေါ် အဲလိုမျိုး ရက်ရောဖူးတာ မရှိဘူး။ အဲဒီအစား ငါတို့ကို စွန့်စားခရီးတွေပဲ ထွက်ခိုင်းလိမ့်မယ်။”
“ အဲလိုဖြစ်တာ မင်းတို့တင် မဟုတ်ဘူး။ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုလည်း အတူတူပဲ။ သူတို့ရဲ့ ဂိုဏ်းတူညီလေးတွေကို ချစ်ခင်ရမဲ့အစား အနိုင်ကျင့်ရတာကိုပဲ ကြိုက်နေကြတယ်”
“ သူက မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို စောင့်ကြပ်ပြန်ခေါ်သွားတာနဲ့တင် အဲလိုဆုချတယ်တဲ့။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အရမ်းရက်ရောတာပဲ”
“ ငါတို့တော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တပည့်တွေကို အရမ်းအားကျတာပဲ။ ဒီတစ်ခေါက်စစ်ဆေးမှုအတွင်း အားလုံးဘေးကင်းအောင်လို့ သူတို့ရဲ့ သူတော်စင်က သူတို့က နိဗာနတော်ဝင်ရေစင်တွေ ပေးခဲ့တယ်လို့လည်းကြားတယ်”
“ အဲဒါတင် အကုန်မဟုတ်သေးဘူး။ သွေးနတ်ဆိုးတွေက အံ့ဖွယ်မိုးကောင်းကင်တပည့်တွေကို ဖမ်းထားတာမြင်တော့ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူ့အသက်ကို စတေးပြီးတော့တောင် ကယ်တင်ခဲ့တာကိုလည်း မြင်လိုက်တယ်မလား”
“ အခြေတည်အဆင့်ပဲ ရှိသေးပေမဲ့ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးငါးကောင်လုံးကို အနိုင်ယူပြီးတော့ သူ့ညီလေးတွေကိုလည်း အရမ်းဂရုစိုက်တယ်။ ဘယ်လောက်တောင် ထူးခြားလိုက်တဲ့ အစ်ကိုမျိုးလဲ”
“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်သာ အဲလောက်ထိပြီးပြည့်စုံမှန်းသိရင် ငါ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဂိုဏ်းထဲကို ဝင်ခဲ့ပါတယ်။ ဟင်း…အရမ်းနောင်တရတာပဲ”
“ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ချစ်လိုက်တာ။ ငါ ပြန်ရောက်ရင် ငါ့ညီမလေးကို အပြင်းအထန် လေ့ကျင့်ခိုင်းပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ဝင်နိုင်အောင် အကောင်းဆုံး ကြိုးစားခိုင်းရမယ်”
ကျန့်စန်းက ပို့ဆောင်ရေး ကျောက်စိမ်းဆွဲပြားကို အသက်သွင်းလိုက်ပြီးနောက် တောက်ပသောအလင်းတန်းက သူ့ကို ဖမ်းဆီးထားသော မိစ္ဆာဝိညာဉ်ဂိုဏ်းသားများနှင့်အတူ ခေါ်ဆောင်သွားသည်။ သူတို့ သွေးနတ်ဆိုးတောင်ကြားမှ ပျောက်ကွယ်သွားသည်။
ရှန်ထျန်းက လူအုပ်၏ တီးတိုးပြောနေသော စကားသံများကြောင့် ပြုံးရင်း ခေါင်းယမ်းလိုက်မိသည်။
“ အားလုံးပဲ တိတ်တိတ်လေး နေပေးကြပါနော်”
ရှန်ထျန်း၏ အမိန့်ကြောင့် သွေးနတ်ဆိုးတောင်ကြားတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အကုန်လုံးက သူ့ အမာခံပရိသတ်များ ဖြစ်လာကြသည်။
ရှန်ထျန်းက ပြောလိုက်သည်
“ အားလုံးပဲ ညီလေးကျန့် ပြောတဲ့စကားက မကောင်းတာတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့က မိစ္ဆာဝိညာဉ်ဂိုဏ်းသားခြောက်ယောက်ကို ဖမ်းပြီးပြီဆိုပေမဲ့ တိုက်ပွဲနယ်မြေထဲမှာ နောက်ထပ်ပုန်းအောင်းနေတဲ့သူတွေ ရှိသေးလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
ဘေးကင်းဖို့အတွက် အားလုံးက အမှတ်အသားပြားတွေကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ညီအစ်ကိုတွေကို ဒီစစ်ဆေးမှု ကာလအတွင်းမှာ သေချာသတိထားဖို့ မှာစေချင်တယ်။ ကိုယ့်လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် ယုံကြည်ချက်မရှိရင်တော့ စစ်ဆေးမှုကို အခုပဲရပ်လိုက်တာ ကောင်းမယ်”
တပည့်အများစု၏ ခေါင်းပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေးကို တွေ့နေရသော်လည်း သူတို့ တစ်ယောက်ချင်းစီ၏ ကံကောင်းမှုကို မျှယူဖို့အတွက် မဖြစ်နိုင်မှန်း ရှန်ထျန်းသိသည်။ ထို့အပြင် ရှန်ထျန်းက တခြားသူများ၏ အသက်ကို စတေးမည့် သူမျိုးလည်း မဟုတ်ပေ။ တိုက်ပွဲနယ်မြေထဲတွင် နောက်ထပ်မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေ ရှိသေးလားဆိုတာကို ရှန်ထျန်းလည်း သေချာမသိပေ။
ထို့ကြောင့် အားလုံးက ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့အတွက် ယုံကြည်မှုမရှိပါက စောစောထွက်ခွာသွားသင့်ကြောင်း ရှန်ထျန်းက အကြံပေးလိုက်ခြင်း ဖြစ်၏။
ရှန်ထျန်းက စွမ်းအားကြီးသော်လည်း လက်ရှိတွင် အားလုံးကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။
သူ့အကြံကို သူတို့ လက်ခံမလား၊ လက်မခံမလား ဆိုတာကတော့ ရှန်ထျန်း၏ ကိစ္စမဟုတ်ပေ။
သေဖို့ဆုံးဖြတ်ထားသည့်သူကိုတော့ မည်သူမှ ကယ်တင်နိုင်မည် မဟုတ်ပေ။
ရှန်ထျန်း၏ စကားကြောင့် တောင်ကြားရှိသူများက အတွေးထဲ နစ်မြောနေကြသည်။ သူတို့ ကယ်တင်ခံရသည့်အတွက်ဖြစ်ပေါ်လာသော ပျော်ရွှင်မှုက သိသာစွာ ပျောက်ကွယ်သွားသည်။
ဟုတ်တယ် … မိစ္ဆာဝိညာဉ်ဂိုဏ်းသား ခြောက်ယောက်က အဖမ်းခံလိုက်ရပြီဆိုပေမဲ့ တခြားသူတွေ ပုန်းနေသေးလားဆိုတာ ဘယ်လိုလုပ်ပြီးတော့ သိနိုင်မှာလဲ။ ဒီတစ်ခေါက်က မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေက ရှန်ထျန်းရဲ့စွမ်းအားတွေကို လျှော့တွက်ခဲ့ကြလို့လေ။ သူတို့ရဲ့ နတ်ဘုရားအသိစိတ်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြီးတော့ ရှန်ထျန်းကို ထောင်ချောက်ထဲ ဆွဲခေါ်ခဲ့တာ။
နောက်တစ်ခါကျရင်ရော ဘယ်လိုဖြစ်မှာလဲ ...
မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေက အံ့ဖွယ်မိုးကောင်းကင်တပည့်တွေကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘဲ အကုန်လုံးကို သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲလိုမျိုးမသတ်ခင် နတ်ဘုရားအသိစိတ် ဆက်သွယ်ခြင်းကို လုံးဝ ပိတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် သူတို့ အလဟာသ သေသွားမှာမဟုတ်လား။ ဒီတပည့်တွေက စိတ်ကြီးဝင်ကြပေမဲ့ အခြေတည်အဆင့်မှာ ရှိနေတုန်းတော့ ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးတွေကို ဘယ်သူမှ နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။ တပည့်တော်တော်များများက သူတို့ စောနက ချလိုက်သော ဆုံးဖြတ်ချက်ကို နောင်တရနေကြပြီ။
ရှန်ထျန်းက မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို ဘယ်သူပြန်ခေါ်သွားမလဲမေးတုန်းက သူတို့ လုပ်မယ်လို့ ပြောလိုက်သင့်တာ။ သူတို့သာ အဲလိုလုပ်လိုက်ရင် ဒီနေရာကြီးကနေလည်း ထွက်သွားနိုင်မဲ့အပြင် ရှန်ထျန်းရဲ့ လက်ဆောင်ကိုလည်း ရဦးမှာ။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အပေးအယူလဲ
ကျစ်…အဲဒီကျန့်စန်းဆိုတဲ့ကောင်က တကယ်ကို ဉာဏ်နီဉာဏ်နက်များတဲ့ကောင်ပဲ
ထိုအချိန်တွင် သွေးနတ်ဆိုးတောင်ကြားရှိ တပည့်များက နောင်တတရားများဖြင့် ပြည့်နှက်နေကြသည်။ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က သူတို့ကို တန်ဖိုးရှိသောအခွင့်အရေးကို ပေးခဲ့သော်လည်း သူတို့ လွဲချော်သွားခဲ့ရသည်။
ရှန်ထျန်းကတော့ တခြားသူတွေ ဘာစဉ်းစားနေလဲဆိုတာကို ဂရုမစိုက်တော့ပေ။ သူ ပြောစရာရှိတာကို ပြောပြီးပြီ ဖြစ်သည်။ တပည့်များအတွက် လုပ်ပေးနိုင်တာကိုလည်း အကုန်လုပ်ပေးပြီးလေပြီ။
သူက ကျောက်စိမ်းရေစင်ဓားပေါ်တွင် စီးနင်းကာ သွေးနတ်ဆိုးတောင်ကြားမှ ထွက်ခွာပြီး အထွတ်အမြတ် နဂါးတောင်ကြားဆီ ဦးတည်လိုက်သည်။ ခုံမုန့်နှင့် ကျင်းယုတို့ကလည်း သူ့ဘေးမှ အတူလိုက်လာကြသည်။ သူတို့နှစ်ယောက် အထူးသဖြင့် ကျင်းယုက ရှန်ထျန်းကို စိတ်ရှုပ်ထွေးသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ ဤအချိန်အထိ ရှန်ထျန်းနှင့် သူက မိတ်ဆွေလား၊ ရန်သူလား၊ ပြိုင်ဘက်လားဆိုတာကို သူ မသိတော့ပေ။
ဒါပေမဲ့ သူ ဒီလူသားကို မုန်းတော့ မမုန်းပါဘူး
ခုံမုန့်က ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်
“ အစ်ကိုရှန် … ဒီတိုက်ပွဲနယ်မြေကနေ ထွက်မသွားဘူးလား”
ရှန်ထျန်းက ခေါင်းယမ်းပြကာ ကမ္ဘာဦးတိုက်ပွဲနယ်မြေ၏ အတွင်းနယ်မြေများဆီသို့ ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ အခု ထွက်သွားရမဲ့အချိန်မရောက်သေးဘူး။ ဒီတိုက်ပွဲနယ်မြေရဲ့ အတွင်းပိုင်းတွေမှာ ကျွန်တော်ကို ခေါ်နေတဲ့ အသံကို ကြားနေရတယ်။ မင်း ယုံမှာ မဟုတ်ပေမဲ့ ကျွန်တော်က အဲလိုနေရာမျိုးမှာ အာရုံခံနိုင်စွမ်းမြင့်တယ်လေ။ ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး” ရှန်ထျန်းက ခုံမုန့်နှင့် ကျင်းယုတို့၏ သံသယဝင်နေသော မျက်နှာထားများကို ကြည့်ပြီး ရှန်ထျန်း ခပ်ဖွဖွရယ်လိုက်သည်
“ ဒီလိုဆိုရင် ဘယ်လိုလဲ။ မင်းတို့နှစ်ယောက် ကျွန်တော်နဲ့ စွန့်စားခရီးသွားချင်လား”
ရှန်ထျန်းက ခုံမုန့်နှင့် ကျင်းယုကို သူနှင့်အတူတူ ခရီးသွားရန် ဖိတ်ခေါ်နေသည်။ သူက ဒီလိုမျိုး “ အဓိက လျှို့ဝှက်ချက်” ကိုပင် သူတို့နှစ်ယောက်ကို ပြောပြခဲ့သည်။
ခုံမုန့်နှင့် ကျင်းယုတို့က ရှန်ထျန်း၏ စကားလုံးများကြောင့် တွေဝေသွားသည်။ လူသားနှင့်နတ်ဆိုးများ ဆက်ဆံရေး မကောင်းခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းလောက်တုန်းက ကံဆိုးမိုးမှောင်ကျခြင်းကြောင့်သာ သူတို့ ခဏတာ စည်းလုံးသွားခဲ့ခြင်း ဖြစ်သည်။
လူသားနဲ့နတ်ဆိုးကြားမှာ ဘာခြားနားချက်မှ မရှိဘူးဆိုတာကို ဒီအံ့ဖွယ်မိုးကောင်းကင် သူတော်စင်က တကယ်ယုံရဲ့လား။ သူတို့က တကယ်ပဲ ယုံကြည်ရတဲ့ တွဲဖက်တွေ ဖြစ်လာနိုင်ရဲ့လား