မြေပြင်ကိုထိုးခွင်းသည့်ကောင်းကင်
Vol. 82 Ch. 1155
အခန်း (၁၁၅၅) မြေပြင်ကိုထိုးခွင်းသည့်ကောင်းကင်
ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်လွှတ်လိုက်ပြီး ပိုးသားဧကရာဇ်ကို နောက်ပြန်ဆုတ်သွားစေရန် ထပ်မံတိုက်ခိုက်လိုက်သည်။
ထို့နောက် သူက သူ့အရှေ့မှ ကျယ်ပြန့်သောနယ်မြေကို အကဲခတ်လိုက်ရင်း...
“ဖန်ဆင်းခြင်းဓားသိုင်း... နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင် ကျင့်ကြံခြင်းအခြေခံ...”
တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သော်လည်း လေထုထဲတွင်ကျွင်းကျန်ရစ်သည့် သဲလွန်စများကို ရန်ကျောက်ကဲအနေဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်နိုင်စွမ်း ရှိနေသေးသည်။
ရန်ကျောက်ကဲက မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်ကို ကြည့်ရင်း...
"ကြည့်ရတာ... မင်း ငါ့အဖေကို မတားနိုင်ဘူးထင်တယ်..."
သူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဆက်ပြောသည်။
“အထက်ရပ်’ချန်’ ဘယ်ရောက်သွားလဲ ၊ ငါ့အဖေနောက် လိုက်သွားတာလား”
ဝမ်ကျန်းချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး မည်သည့်စကားမှမဆိုဘဲ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့သော် ရန်ကျောက်ကဲခန္ဓာကိုယ် ရိပ်ခနဲလှုပ်ရှားသွားပြီး သူ့ကိုတားဆီးလိုက်၏။
“မြေကမ္ဘာထိပ်တန်းအရှင်သခင်က ငါ့အဖေကို မတားနိုင်ဘူးဆိုမှတော့ ဒီ ‘ရန်’ က လည်း မင်းကို ဒီနေရာမှာပဲ ထိန်းထားရလိမ့်မယ်”
သူရောက်မလာခင်မှာပင် ဖခင်ဖြစ်သူက တိုက်ပွဲကို ထိုးဖောက်ထွက်သွားနိုင်သည်ဆိုလျှင် သူ့အနေဖြင့် စိတ်ပူစရာ မရှိတော့ပေ။
သူသာ အနက်ရောင်ပိုးသားဧကရာဇ်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်ကို ဤနေရာတွင် ထိန်းထားနိုင်မည်ဆိုလျှင် ဖခင်ဖြစ်သူ ‘ရန်တိ’ အနေဖြင့် မိခင်ဖြစ်သူ ရွှယ်ချူးချင်ကို အန္တရယ်ကင်းအောင် ကူညီပေးနိုင်မည် ဖြစ်သည်။
အနက်ရောင်ပိုးသားဧကရာဇ်က ဝမ်ကျန်းချန်ကို လှမ်းကြည့်ရင်း...
“ငါ့ဘက်ကတာဝန်ကျေတယ်နော် မြေကမ္ဘာထိပ်တန်းအရှင်သခင် ၊ သဘောတူထားတဲ့အတိုင်း အကောင်းဆုံးကြိုးစားပေးထားတယ်”
ပြောပြီးသည်နှင့် သူ့မျက်ဝန်းများက ရန်ကျောက်ကဲထံသို့ တည်ငြိမ်စွာပင် ကျရောက်သွားသည်။
ဝမ်ကျန်းချန်က အနက်ရောင်ပိုးသားဧကရာဇ်ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း...
“ပိုးသားဧကရာဇ်က ယဉ်ကျေးလွန်းနေပါပြီ ၊ တကယ်တော့ ဒီအဘိုးကြီး တွက်ချက်တာ မှားသွားခဲ့တာပါ ၊ နှစ်အနည်းငယ်အတွင်း ‘ရန်’ သားအဖရဲ့ ကျင့်ကြံခြင်းစွမ်းအား ဒီလောက်မြင့်မားလာမယ်လို့ လုံးဝ ထင်မထားမိဘူး”
ထို့နောက် သူက ရန်ကျောက်ကဲဆီသို့ စိတ်ရှုတ်ထွေးသည့် မျက်ဝန်းအစုံဖြင့် လှမ်းကြည့်လိုက်သည်။
“’ရန်’ အိမ်တော်က သားအဖနှစ်ယောက်လုံးက တကယ့်ကို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတွေပဲ... တောင်ပိုင်း’နျဲ့’ ချီးကျူးစကားဆိုတာ လုံးဝချဲ့ကားပြောဆိုတာ မဟုတ်ဘူးပဲ”
သူက ဆက်ပြောသည်။
“မဟာကပ်ဘေးကြီးပြီးတဲ့နောက် လမ်းမှန်တာအိုကျင့်ကြံသူလောကအတွက် မင်းတို့သားအဖလိုမျိုး အရည်အချင်းရှိတဲ့သူတွေ ထွက်ပေါ်လာတာ တကယ့်ဝမ်းသာစရာကိစ္စပါပဲ”
“ဒါပေမဲ့ တကယ့်ကို စိတ်မကောင်းစရာတွေ ဖြစ်ကုန်တယ် ၊ မင်းအဖေသာ နှင်းကြိုးကြာကိုလက်မထပ်ခဲ့ဘူးဆိုရင်... မင်းလည်း ယိုးမင်ဧကရာဇ်ရဲ့ အမွေအနှစ်ကို အမွေမဆက်ခံခဲ့ဘူးဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ”
ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်ရင်း တည်ငြိမ်သည့်လေသံဖြင့်...
“မင်းပြောတဲ့စကားတွေက အဓိပ္ပါယ်သိပ်မရှိဘူး အကြီးအကဲ’ဝမ်’...”
ဝမ်ကျန်းချန်က...
“မင်းပြောတာမှန်ပါတယ် လူငယ်လေး’ရန်’ ၊ ဒီအဘိုးကြီး ကံတရားရဲ့လှည့်စားမှုတွေကြောင့် အတော်လေး စိတ်ခံစားချက် များနေမိတယ် ၊ ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ နဲ့ ထုန်းမင်ဧကရာဇ် ‘ဟူယွဲ့ရှင်း’ တို့က တကယ့်ကို အဆုံးမဲ့အဆိပ်တွေ ချန်ထားခဲ့တာပဲ”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“မင်းဘာပဲပြောပြောပါ အကြီးအကဲ’ဝမ်’... ဒီ ‘ရန်’ ကတော့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမှာပဲ”
သူက ဆက်ပြောသည်။
“လုပ်သင့်လုပ်ထိုက်တဲ့ ဥပမာတစ်ခုပြောရရင်တော့... လောလောဆယ် မင်းကို သတ်ပစ်ချင်နေတယ် အကြီးအကဲ’ဝမ်’”
ရန်ကျောက်ကဲလေသံက အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိနေသည်။
သူ့ထံမှထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ဖုံးကွယ်ထားခြင်းမရှိသဖြင့် ထိုအငွေ့အသက်များက တစ်ဖက်လူ၏ အမြုတွေနက်ရှိုင်းရာအထိ ထိုးဖောက်သွားမည့်အလား ထင်မှတ်ရသည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က နှစ်ပေါင်းထောင်ချီအသက်ရှည်လာသူဖြစ်လေရာ သူ့ဘဝတစ်လျှောက်တွင် အရေးကြီးသောအဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရပြီး မရေမတွက်နိုင်သော သေခြင်းရှင်ခြင်းတိုက်ပွဲများကိုလည်း ဖြတ်ကျော်ခဲ့ဖူးသည်။
သို့သော် ဝမ်ကျန်းချန်၏ဘဝတွင် သူ့ထက် အသက်ငယ်ရွယ်သလို ကျင့်ကြံခြင်းအဆင့်လည်း နိမ့်ပါးသော လူငယ်တစ်ယောက်က ‘သတ်ပစ်ချင်တယ်’ ဟု ပြောဆိုသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။
ထိုလူငယ်က အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်မျှသာဖြစ်သော်လည်း ဝမ်ကျန်းချန်က သူ၏ခြိမ်းခြောက်မှုကို ပေါ့သေးသေးမသတ်မှတ်ဘဲ အသိအမှတ်ပြုရမည်ပင်။
ဤခြိမ်းခြောက်မှုက အမှန်တကယ် သေစေနိုင်သည့်ခြိမ်းခြောက်မှုတစ်ခုဟုဆိုလျှင် မမှားနိုင်ပေ။
အနက်ရောင်ပိုးသားဧကရာဇ်သည်ပင် ရန်ကျောက်ကဲကို အနိုင်မယူနိုင်ခဲ့သည်ဖြစ်ရာ ၊ ဝမ်ကျန်းချန်တွင်သာ သူ့ကိုကူညီရန် ‘ယင်ယန်တောင်နှင့်မြစ်ရေကားချပ်’ မရှိပါက ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်နိုင်ကြောင်း နားလည်ထားသည်။
ရန်ကျောက်ကဲက...
“ငါတို့သားအဖနှစ်ယောက်ကို အနိုင်ကျင့်လို့ရမယ်များ မင်းကထင်နေတာလား မြေကမ္ဘာထိပ်တန်းအရှင်သခင်...”
ဝမ်ကျန်းချန်က ခေါင်းခါယမ်းရင်း...
“မင်း ဒီလိုစကားမျိုးပြောရဲသလား”
ဝမ်ကျန်းချန် အစီအစဉ်ဆွဲခဲ့သည်မှာ ရန်ကျောက်ကဲတို့သားအဖမသိအောင်ဖုံးကွယ်ထားပြီး ရွှယ်ချူးချင်ကို တိတ်တဆိတ် ရှင်းလင်းပစ်ရန် ဖြစ်သည်။
နောက်ပိုင်းတွင် ရွှယ်ချူးချင်ဘာဖြစ်သွားသည်ကို မည်သူမှသိကြမည် မဟုတ်ပေ။
ရန်ကျောက်ကဲတို့သားအဖအနေဖြင့် ရွှယ်ချူးချင်မည်သည့်နေရာသို့ရောက်နေကြောင်း ချက်ချင်းခြေရာခံနိုင်မည်မဟုတ်ဟု ဝမ်ကျန်းချန် ထင်မြင်ခဲ့သည်။
ရွှယ်ချူးချင်ကို ရှာဖွေရန်က လွယ်ကူသည်မဟုတ်လေရာ ရန်ကျောက်ကဲတို့သားအဖသည်လည်း သူမ မည်သည့်နေရာတွင်ရှိနေကြောင်း ချက်ချင်း သိရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူက လျှို့ဝှက်စွာလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး ရန်ကျောက်ကဲတို့သားအဖကို အာရုံလွှဲရန်အတွက် ထျန်းကျိခန်းမနှင့် ကျူတောပင်လယ်ဒေသတွင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် ကြံစည်ခဲ့ခြင်း ဖြစ်၏။
ကံမကောင်းသည်မှာ ရန်ကျောက်ကဲနှင့် ရန်တိ၏ တုံ့ပြန်မှုက အလွန်လျှင်မြန်နေခဲ့သည်။
ဝမ်ကျန်းချန် ခန့်မှန်းသည်ထက် ကျော်လွန်သွားသည်မှာ အချိန်တိုအတွင်းမှာပင် ‘ရန်’ သားအဖ’၏တန်ခိုးစွမ်းအားများက အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်း ဖြစ်သည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် အလျှော့ပေးရန် မစဉ်းစားသေးသော်လည်း ယခုအတိုင်းဆိုလျှင် ကျရှုံးမည့်လက္ခဏများ ပြသနေပြီ ဖြစ်သည်။
ဝမ်ကျန်းချန် လေထုထဲတွင် လွင့်မျောနေရင်း သူ့အရှေ့မှ အထက်ဘုံကမ္ဘာတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန် သူ၏ အမြင်အာရုံထဲသို့ ရန်ကျောက်ကဲ၏ပုံရိပ်ဝင်ရောက်လာပြီး...
“မင်း ဘယ်ကိုကြည့်နေတာလဲ အထက်ရပ်ထိပ်တန်းအရှင်သခင်”
ထို့နောက်မှာတော့ ကောင်းကင်ထက်မှ လက်ဝါးရိုက်ချက်တစ်ချက် ကျရောက်လာလေတော့၏။
ဝမ်ကျန်းချန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ၏ အိုမင်းသောခန္ဓာကိုယ်ထဲမှ ပြင်းထန်သောတန်ခိုးစွမ်းအားများ ထွက်ပေါ်လာသည်။
သူက ဘယ်ဘက်လက်ကိုအသုံးပြုလိုက်ပြီး လေထုထဲသို့ ထိုးစိုက်ချလိုက်သည်။
လက်သီးချက်ထိုးနှက်လိုက်သည်နှင့် သိမ်းမွေ့သောချီစွမ်းအားများက သူ၏ခန္ဓာကိုယ်သွေးကြောဆုံချက်များမှ ထွက်ပေါ်လာပြီး ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်ယောင်က အလံတစ်ခုပမာ သို့မဟုတ် ပုဆိန်တစ်ခုပမာ ခပ်ဆင်ဆင်တူသော်လည်း အလံလည်းမဟုတ်သလို ပုဆိန်လည်း မဟုတ်ပေ။
လက်သီးဖြတ်သန်းသွားသည်နှင့် မှောင်မိုက်နေသော ဗလာနယ်ထဲတွင် တောက်ပသည့်အလင်းတန်းများထွက်ပေါ်လာပြီး ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင်ကြားတွင် အဆုံးမရှိသိပ်သည်းသော မြေပြင်ကြီးတစ်ခု ဖြစ်တည်လာသည်။
ထိုခဏတွင်...
မိုးကောင်းကင်ပြိုကျလာခြင်းမရှိသော်လည်း ကမ္ဘာမြေကြီးက မြင့်တက်လာသည်။
ထူထပ်သောမြေကြီးက မရပ်မနားမြင့်တက်လာပြီး ကောင်းကင်နှင့်တူညီသည့် အမြင့်တစ်နေရာသို့ရောက်ရှိလာကာ ကောင်းကင်ပြင်အား အပိုင်းပိုင်းအက်ကွဲသွားစေသည်။
ဤသည်က ချီလင်ကမ်းပါးအဆက်အနွယ်များ၏ ထိပ်တန်းသိုင်းပညာဖြစ်သော “ယင်ယန်မိုးဖြိုတူ” သိုင်းပညာပင် ဖြစ်၏။
ဝမ်ကျန်းချန်က ရှေးရိုးဆန်ပြီး စည်းကမ်းရှိသော စရိုက်ရှိသူ ဖြစ်သည်။ ထို့ကြောင့် သူက ရန်တိကို ကြားဖြတ်တိုက်ခိုက်ပြီး နှောင့်နှေးစေရုံသာ အာရုံစိုက်ခဲ့သည်။
ယခု ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရသည့်အခါမှာတော့ ရန်တိကို ကြားဖြတ်မည့်သူက ရန်ကျောက်ကဲ၏ ကြားဖြတ်ခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် အထက်ဘုံကမ္ဘာတွင် အသက်အကြီးဆုံးသိုင်းသူတော်စင် ဝမ်ကျန်းချန်သည် သူ၏အစွမ်းထက်ဆုံး သိုင်းပညာကိုအသုံးပြုပြီး ရန်ကျောက်ကဲလက်မှရုန်းထွက်ရန် ကြိုးစားခဲ့သည်။
ယင်ယန်တောင်နှင့်မြစ်ရေကားချပ်က ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာကို ဝန်းရံထားပြီး ဝမ်ကျန်းချန်၏ လက်သီးသိုင်းဝိညာဉ်ဖြင့်ပေါင်းစပ်ကာ တန်ခိုးစွမ်းအား (၂)ဆတိုးလာပြီး မြေပြင်ထုထည်က ထိုးခွင်းမရနိုင်အောင် ထူထပ်လာသည်။
အမတမှော်ဝင်ပစ္စည်းတစ်ခုကအားဖြည့်ပေးထားသည်ဖြစ်ရာ ဝမ်ကျန်းချန်၏လက်သီးချက်ကို ဧကရာဇ်တစ်ပါးသည်ပင် ပေါ့သေးသေးမသတ်မှတ်ဝံ့ဘဲ အလေးအနက်ထားရမည်ပင်။
ရန်ကျောက်ကဲကတော့ အရေးမစိုက်ဘဲ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
ကောင်းကင်နှင့်မြေကြီး ရိုက်ခတ်မိသွားပြီး အတွင်းပိုင်းသို့ ပြိုကျသွားသည်။
ဝမ်ကျန်းချန် မျက်နှာပျက်သွားပြီး...
“ဒါက ပြောင်းပြန်ဖန်ဆင်းခြင်းစွမ်းအား မဟုတ်လား...”
“သိုင်းသူတော်စင်တစ်ယောက်က စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ရဲ့ ပြောင်းပြန်ဖန်ဆင်းခြင်းစွမ်းအားကို အသုံးပြုနိုင်သတဲ့လား...”
ကောင်းကင်နှင့်မြေကြီးတိုက်မိပြီးနောက် ကောင်းကင်က မြေပြင်အား ကြေမွသွားစေသည်။
ယွိချင်အဆက်အနွယ် ၊ မူလကောင်းကင်ကျမ်းစာများမှ ကနဦးကောင်းကင် ကျမ်းစာ (၃) စောင်ထဲတွင်ပါဝင်သော ကောင်းကင်ဖွင့်ကျမ်းစာက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမျိုးတွင် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို ဖိနှိပ်နိုင်စွမ်း ရှိသည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်၏အဆက်အနွယ်ဖြစ်သော ချီလင်ကမ်းပါးမှ အမွေဆက်ခံခဲ့သော “ယင်ယန်မိုးဖြိုတူ” သိုင်းပညာမှာ ကောင်းကင်ဖွင့်ကျမ်းစာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုကျမ်းစာ၏ မြေ ၊ ရေ ၊ လေ ၊ မီး ဓာတ်ကြီးလေးပါး ပြုပြင်ပြောင်းလဲမှုများကို အခြေခံပြီး တီထွင်ထားသော သိုင်းပညာတစ်ရပ် ဖြစ်သည်။
သို့သော် သိုင်းပညာ၏ သာလွန်မှုနှင့် ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားသာလွန်မှုက တူညီသည့်အချက် မဟုတ်ပေ။
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်တွင် ရန်ကျောက်ကဲ၏အောင်မြင်မှုက အလွန်နက်ရှိုင်းပြီး နတ်ဘုရားအင့်တန်ခိုးစွမ်းအားရှင်များသည်ပင် သူ့ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ သို့ဖြစ်ရာ လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူများအတွက်တော့ ပြောနေစရာ မလိုတော့ပေ။
‘ယင်ယန်မိုးဖြိုတူ’ သိုင်းပညာကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ သည်ပင် ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် တန်ခိုးစွမ်းအားကို တွန်းလှန်ရန် ခက်ခဲနေခဲ့သည်။
မြေပြင်က အဆက်မပြတ်ပြိုကျနေပြီး ကောင်းကင်သည်လည်း အောက်ဘက်သို့ ဆက်တိုက်ဆိုသလို ပြိုကျလာသည်။
မြင်ကွင်းကိုကြည့်ရင်း အနက်ရောင်ပိုးသားဧကရာဇ်၏မျက်ဝန်းများ လက်ခနဲတောက်ပသွားပြီး ချက်ချင်းပင် ရန်ကျောက်ကဲရှေ့သို့ရောက်ရှိလာသည်။ ထို့နောက် သူက ရန်ကျောက်ကဲက လက်ညှိုးဖြင့် ညွှန်ပြလိုက်၏။
“အဟက်...”
ရန်ကျောက်ကဲ တစ်ချက်ရယ်မောလိုက်ပြီး ညာလက်ကိုလှုပ်ရှားခြင်းမရှိဘဲ ဘယ်လက်ကို ပင့်မြှောက်လိုက်ပြီး အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းကို စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့်ပင် ရင်ဆိုင်လိုက်လေ၏။