နှစ်ယောက်တစ်ယောက်တိုက်သည့်’ရန်ကျောက်ကဲ’
Vol. 82 Ch. 1156
အခန်း (၁၁၅၆) နှစ်ယောက်တစ်ယောက်တိုက်သည့်’ရန်ကျောက်ကဲ’
ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ဆက်တိုက်ဆိုသလိထုတ်ဖော်လိုက်ပြီး အနက်ရောင်ပိုးသားဧကရာဇ်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကို တန်ပြန်တိုက်ခိုက်လိုက်သည်။
အနက်ရောင်ပိုးသားဧကရာဇ်က ထိုက်ချင်အဆက်အနွယ် ၊ ရှန်းထျန်းဝူထိုက်မှ ထိုက်ချူးနတ်လက်ချောင်းသိုင်းကို အသုံးပြုပြီး ထိုသိုင်းပညာက အကန့်အသတ်မရှိ သိမ်မွေ့ပြီး သဏ္ဌန်ကင်းမဲ့သည်။
ဝမ်ကျန်းချန်ကတော့ ချီလင်ကမ်းပါးမှ ယွိချင်အဆက်အနွယ်သိုင်းပညာရပ်ဖြစ်သော “ယင်ယန်မိုးဖြိုတူ” သိုင်းပညာကို အသုံးပြုပြီး ထိုသိုင်းပညာက ရက်စက်ကြမ်းတမ်းသလို အလွန်ထူးခြားသည့် သိုင်းပညာလည်း ဖြစ်သည်။
သိုင်းသူတော်စင် နဝမအဆင့်ရှိသော ရန်ကျောက်ကဲကတော့ သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူ (၂)ယောက်ဖြင့် ခပ်တည်တည်ပင် ဆက်လက်တိုက်ခိုက်နေသည်။
အစပိုင်းတွင် သူ၏ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားသော်လည်း မကြာမီ သူ၏ဦးခေါင်းထက်တွင် ယင်နှင့်ယန် ချီစွမ်းအားများထွက်ပေါ်လာပြီး ထိုစွမ်းအားနှစ်ခုက လှည့်ပတ်သွားသည်။
ယင်နှင့်ယန် လှုပ်ရှားလာသည်နှင့်အမျှ အနက်ရောင်ပိုးသားဧကရာဇ်နှင့် ဝမ်ကျန်းချန်တို့ (၂)ယောက်မှာ သူတို့နှစ်ယောက်၏တိုက်ကွက်များအပေါ် တစ်စုံတစ်ခု သက်ရောက်မှုရှိလာကြောင်း ခံစားလိုက်ရသည်။
"ယင်ယန်ကောင်းကင်ကျမ်းစာ..."
မည်သည့်အရာက ပြဿနာဖြစ်နေကြောင်း အနက်ရောင်ပိုးသားဧကရာဇ်ရော ဝမ်ကျန်းချန်ပါ ချက်ချင်း သဘောပေါက်သွားသည်။
ယင်ယန်ကောင်းကင်ကျမ်းစာကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ထားသော ရန်ကျောက်ကဲအနေဖြင့် နှစ်ယောက်ပေါင်းပြီး ဝိုင်းဝန်းတိုက်ခိုက်ခံရခြင်းကို ကြောက်ရွံ့ခြင်း မရှိပေ။
ရန်သူများထဲတွင် ယင်ယန်ကောင်းကင်ကျမ်းစာ၏ နက်နဲသောတန်ခိုးစွမ်းအားကို ချေဖျက်နိုင်သူရှိမနေလျှင် သို့မဟုတ် ရန်ကျောက်ကဲထက် တန်ခိုးစွမ်းအား အဆမတန်မြင့်မားသူတစ်ယောက် ရှိမနေလျှင် သူ၏တိုက်ခိုက်မှုကို မည်သူမှ အံတုနိုင်မည် မဟုတ်ပေ။
ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် ယင်နှင့်ယန် လှည့်ပတ်နေပြီး ထိုက်ကျိကားချပ်ဖြစ်တည်လာကာ သူ၏ခန္ဓာကိုယ်အား ဝင်ရိုးသဖွယ် လှည့်ပတ်နေသည်။
သူက ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို တွဲဖက်အသုံးပြုထားပြီး စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ၏ တန်ခိုးစွမ်းအားအယူအဆနှင့် ပေါင်းစပ်ထားသည်။
သူ၏တိုက်ကွက်က မိုးမြေတစ်ခွင် ပြောင်းပြန်လှည့်ပတ်သွားပြီး ဝမ်ကျန်းချန်၏ “ယင်ယန်မိုးဖြိုတူ” တိုက်ကွက်အား အနက်ရောင်ပိုးသားဧကရာဇ်ထံသို့ ဝင်ရောက်သွားစေသည်။
တစ်ချိန်တည်းပင် အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းကလည်း ဝမ်ကျန်းချန်နှင့် ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ဆီသို့ ထိုးညွှန်လိုက်၏။
အနက်ရောင်ပိုးသားဧကရာဇ်နှင့် ဝမ်ကျန်းချန်တို့က ကျင့်ကြံခြင်းအဆင့် မြင့်မားသူများဖြစ်ကြလေရာ သူတို့၏တိုက်ကွက်များကို တတိယလူတစ်ယောက်က ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ယခုတော့ ရန်ကျောက်ကဲ၏လက်ချက်ဖြင့် သူတို့နှစ်ယောက် အချင်းချင်း ပြန်လည်တိုက်ခိုက်နေကြပေပြီ။
ဤသည်က တိုက်ကွက် ဦးတည်ချက်သွေဖယ်ခြင်းမဟုတ်ဘဲ မူဝါဒအရ သွေဖယ်သွားခြင်းသာ ဖြစ်သည်။
သူတို့နှစ်ယောက်လုံး ရန်ကျောက်ကဲအား တိုက်ခိုက်ခြင်းဖြစ်သည့်တိုင် ပစ်မှတ်က သွေဖယ်သွားခဲ့သည်ဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ်ရော ဝမ်ကျန်းချန်ပါ သူတို့၏ တိုက်ကွက်များကို လမ်းခုလတ်တွင် ရပ်တန့်လိုက်ရတော့သည်။
သို့ပေသိ အနက်ရောင်ပိုးသားဧကရာဇ်ကတော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး တုန်လှုပ်ဟန် မပြပေ။
ယင်ယန်ကောင်းကင်ကျမ်းစာ၏ နက်နဲသောတန်ခိုးစွမ်းအားကိုဖြေရှင်းရန် သူ့တွင် နည်းလမ်းရှိသည် မဟုတ်ပါလား။
သူက ထိုက်ချူးနတ်လက်ချောင်းသိုင်းကို လက်တစ်ဖက်ဖြင့်အသုံးပြုပြီး အခြားလက်ဝါးတစ်ဖက်တွင် ယင်နှင့်ယန်ကိုပေါင်းစည်းကာ ထိုက်ကျိကားချပ်အသွင်ဖန်ဆင်းလှည့်ပတ်လိုက်သည်။
ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် ထိုက်ချူးနတ်လက်ချောင်းသိုင်းကိုအသုံးပြုပြီး အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲ၏ ယင်ယန်ကောင်းကင်ကျမ်းစာတန်ခိုးစွမ်းအား လွှမ်းမိုးမှုအား ဖယ်ရှားလိုက်သည်။
ထို့နောက် သူက လက်ချောင်းများဖြင့် ရန်ကျောက်ကဲထံသို့ ထိုးညွှန်လိုက်သည်။
တစ်ဖက်မှာတော့ မြေကမ္ဘာထိပ်တန်းအရှင်သခင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။
သူက ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ဘယ်ဘက်လက်ဝါးဖြင့် ရှေ့သို့ရိုက်ချလိုက်သည်။
အံ့သြစရာကောင်းစွာပင် သူအသုံးပြုလိုက်သည့်သိုင်းကွက်မှာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ဖြစ်နေခြင်းပင်။
သူက ထိုသိုင်းပညာတွင် ရန်ကျောက်ကဲလောက် ကျွမ်းကျင်ခြင်းမရှိလေရာ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ရန်ကျောက်ကဲအား အနိုင်ယူနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဝမ်ကျန်းချန်က ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ပျက်ပြယ်သွားစေပြီး သူ၏ “ယင်ယန်မိုးဖြိုတူ” စွမ်းအား ပိုမိုမြင့်မားလာစေရန် ဤသိုင်းပညာကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
“တိုက်...”
ရန်ကျောက်ကဲက ကြောက်ရွံခြင်းအလျဉ်းမရှိဘဲ ရုတ်တရက် သိုင်းကွက်ပြောင်းလဲလိုက်သည်။
အလင်းနှင့်အမှောင်သီးခြားကွဲထွက်သွားပြီး အမှောင်ထုပျက်ပြယ်သွားသည်နှင့် အလင်းရောင်က မြင့်တက်လာသည်။ ထို့နောက်မှာတော့ အလင်းပြိုကွဲသွားပြီး မဟာတာအိုသည်ပင် တည်ရှိခြင်း မရှိတော့ပေ။
များပြားလှသော အဖျက်စွမ်းအားက အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ပြိုကျသွားစေပြီး ဝမ်ကျန်းချန်၏ ယင်ယန်မိုးဖြိုတူမှ မွေးဖွားလာသော ထူထပ်သောမြေကြီးကို ဖြိုခွဲပစ်လိုက်သည်။
သူတို့နှစ်ယောက်လုံး မျက်မှောင်ကြုံ့လိုက်ပြီး...
“ဘယ်လောက်တောင်ပြင်းထန်လိုက်တဲ့ ထိုးနှက်ချက်လဲ...”
အနက်ရောင်ပိုးသားဧကရာဇ်က သိုင်းကွက်ပြောင်းလဲလိုက်ပြီး ရန်ကျောက်ကဲ၏လက်သီးချက်ကို ထိုက်ချူးနတ်လက်ချောင်းသိုင်းအသုံးပြုပြီး ခံစစ်ရော တိုက်စစ်ပါ ထိုးနှက်လိုက်သည်။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်က အောက်ဘက်သို့ နစ်မြုပ်သွားပြီး ရန်ကျောက်ကဲ၏တိုက်ကွက်ကို ခုခံရန် ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာကို သိပ်သည်းစေလျှက် မိုးမြေမူလလက်သီးသိုင်းနှင့်ပေါင်းစပ်အသုံးပြုလိုက်၏။
ရန်ကျောက်ကဲကတော့ တစ်ချက်တည်းဖြင့် အသာစီးရသွားသည့်အပေါ် အခွင့်ကောင်းယူပြီး ကြုံးဝါးသံပြုရင်း နောက်ထပ်တိုက်ကွက်တစ်ခု ပြောင်းလဲလိုက်သည်။
သူက လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ရာ လက်တစ်ဖက်စီတွင် ဓားတစ်လက်စီ ထွက်ပေါ်လာသည်။
ဓားတစ်လက်က တိမ်လွှာအလင်းဓားဖြစ်ပြီး ကျန်ဓားတစ်လက်ကတော့ မိစ္ဆာဓားတောင်းတျဲ ဖြစ်သည်။
ထို့နောက်မှာတော့ ဓားနှစ်လက်က တပြိုင်နက်တည်းဆင်းသက်လာပြီး အနက်ရောင်ပိုးသားဧကရာဇ်နှင့် ဝမ်ကျန်းချန်ဆီသို့ အသီးသီး ထိုးဖောက်ဝင်ရောက်သွားကြသည်။
တန်ခိုးစွမ်းအားအနှစ်သာရစီးကြောင်းများက ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင်လှည့်ပတ်နေသော ယင်နှင့်ယန် စွမ်းအားများဖြင့်ရောယှက်ကာ လိမ်နှင့်မြွေကဲ့သို့ ပြင်းထန်သိမ်မွေ့သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ရွှမ်ဝူနတ်ဝိညာဉ်ထွက်ပေါ်လာခြင်းဖြစ်ပြီး အသင်္ချေသောကောင်းကင်ဘုံများစွာကို ဖိနှိပ်ထားသည်။
ရန်ကျောက်ကဲ၏ဓားနှစ်လက်ထိပ်ဖျားတွင် ရွှမ်ဝူဝိညာဉ်က သိပ်သည်းသွားပြီး ရုပ်လုံးပေါ်လာပြီးနောက် ထိုရွှမ်ဝူပုံရိပ်များ သွေးများ လွင့်ပျံထွက်လာသည်။
ရွှမ်ဝူရုပ်ခန္ဓာနှစ်ခုကိုဖြတ်ကျော်ပြီး ပြင်းထန်သော ဓားအလင်းတန်းများထွက်ပေါ်လာကာ ရန်သူနှစ်ဦးဆီသို့ ဝင်ရောက်သွားသည်။
“ဒီဓားသိုင်းပညာက...”
အနက်ရောင်ပိုးသားဧကရာဇ် ထူခြားချက်ကို ချက်ချင်းသတိပြုလိုက်မိသည်။
ရန်ကျောက်ကဲ၏ စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းကို ယခင်က သူ တွေ့မြင်ဖူးသည်။
စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းထဲတွင် နတ်ဘုရားသတ်ဖြတ်ဓားသိုင်း၏နက်နဲမှုနှင့် နက်ဘုရားသုတ်သင်ဓားသိုင်း၏ နက်ရှိုင်းမှုကို ပေါင်းစပ်ထည့်သွင်းထားသည်။
ယခုအသုံးပြုလိုက်သော ဓားသိုင်းနောက်ကွယ်တွင်တော့ နတ်ဘုရားသုတ်သင်ဓားသိုင်းသာလျှင် အပြည့်အဝ တည်ရှိနေသည်။
ဤသည်က ယွိချင်အဆက်အနွယ်မှ ရွှမ်ဝူလက်သီးသိုင်းကို ယင်ယန်ကောင်းကင်ကျမ်းစာနှင့်ပေါင်းစပ်ပြီး နတ်ဘုရားသုတ်သင်ဓားသိုင်းဖြင့် ရွှမ်ဝူကိုသုတ်သင်ကာ ယင်နှင့်ယန်ကို ပြိုကျသွားစေသောနည်းလမ်းအား အသုံးပြုထားခြင်း ဖြစ်၏။
စန့်ချင်အဆက်အနွယ်ဓားသိုင်းကို ကိုးကားထားသော်လည်း ထုတ်ဖော်ပြသခြင်းမရှိဘဲ ယွိချင်နှင့် ထိုက်ချင်၏ ထူးခြားသော တန်ခိုးစွမ်းအားက ဓားသွားပမာ ပြောင်းလဲသွားခြင်း ဖြစ်သည်။
စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းနှင့်မတူညီသည်မှာ ဤဓားသိုင်းက ပိုမိုပြင်းထန်ရက်စက်ပြီး သက်ရှိပုံစံများအားလုံးကို သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
သို့ပေသိ ဤ ရွှမ်ဝူသုတ်သင်ဓားသိုင်းက အထူးအစွမ်းထက်သော ခံစစ်စွမ်းအားကိုပိုင်ဆိုင်သည့် ရန်သူများကို တန်ပြန်တိုက်ခိုက်ရာတွင် အဖျက်စွမ်းအား အင်အားပိုမိုကောင်းမွန်သည်။
အနက်ရောင်ပိုးသားဧကရာဇ်၏ လက်ချောင်းဖြင့် တိမ်လွှာအလင်းဓားထိမိသွားပြီး အနက်ရောင်ပိုးသားဧကရာဇ် တစ်ချက်အော်ဟစ်ကာ နောက်သို့ဆုတ်သွားသည်။
ဒဏ်ရာရသွားခြင်းမျိုးမရှိသော်လည်း ရန်ကျောက်ကဲ၏ဓားဖြင့်ထိမိသော သူ၏လက်ညှိုးထိပ်တွင် ဓားဝိညာဉ်အလင်းတန်းတစ်ခု အဆုံးမရှိလှည့်ပတ်နေသည်။
အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ထိုက်ချူးနတ်လက်ချောင်းသိုင်းအား အချိန်အတန်ကြာသည်အထိ ထပ်မံအသုံးပြုနိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရသည်။
တစ်ဖက်မှာတော့ မိစ္ဆာဓားတောင်းတျဲက ယင်ယန်မြေကမ္ဘာဝိညာဉ်မြေလွှာကို ထိုးဖောက်သွားပြီး မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်၏ရှေ့သို့ တည့်တည့်မတ်မတ် ရောက်ရှိသွားသည်။
ယင်ယန်တောင်နှင့်မြစ်ရေကားချပ်သာ သူ့အား အချိန်မီမကာကွယ်နိုင်ခဲ့လျှင် ရန်ကျောက်ကဲ၏ဓားက ဝမ်ကျန်းချန်၏ မျက်ခုံးနှစ်ခုကြားသို့ စိုက်ဝင်သွားမည် ဖြစ်သည်။
ရန်ကျောက်ကဲအား ဝိုင်းဝန်းတိုက်ခိုက်ကြသော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်နှစ်ယောက်မှာ တညီတညွတ်တည်းအော်ဟစ်ပြီး ဘေးသို့ ဆုတ်ခွာသွားကြသည်။
သူတို့ အခြေအနေတည်ငြိမ်အောင်ကြိုးစားလိုက်ပြီးနောက် လေးလံသောစိတ်များဖြင့် ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်ကြသည်။
ရန်တိ ၊ နျဲ့ကျင်းရှန်နှင့် ချန်ချန်းဟွာတို့က အံ့သြစရာကောင်းလောက်အောင် အရည်အချင်းရှိသူများဖြစ်ကြသည်။ သူတို့က လူသားအထွတ်ထိပ်အဆင့်ဖြင့်ပင် နတ်ဘုရားအဆင့် ဧကရာဇ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
သို့သော် ဤ ရန်ကျောက်ကဲကတော့ သိုင်းသူတော်စင် နဝမအဆင့်မှာပင် နတ်ဘုရားများကို ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီဖြစ်ရာ သူ၏တန်ခိုးစွမ်းအားကို ဖော်ပြရန်ပင် မလုံလောက်တော့ပေ။
ယခုတစ်ကြိမ်ထိပ်တိုက်တွေ့မှုတွင် ရန်ကျောက်ကဲက ဝမ်ကျန်းချန်နှင့် အနက်ရောင်ပိုးသားဧကရာဇ် အချင်းချင်းတိုက်ခိုက်စေရန် ယင်ယန်ကောင်းကင်ကျမ်းစာကို အားကိုးခြင်းမရှိတော့ဘဲ ထိုနှစ်ယောက်လုံးကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။
အနှီလူငယ်က ဓားသိုင်းကျွမ်းကျင်သည်ဆိုသော်လည်း ထိပ်တန်းတန်ခိုးစွမ်းအားရှင် (၂)ယောက်အား တပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်ရန်အတွက် မည်သို့သော ကျင့်ကြံခြင်းစွမ်းအားများကို စုဆောင်းထားပါသနည်း။
အသိဉာဏ်ပညာကြွယ်ဝပြီးအတွေ့အကြုံများသည့် အနက်ရောင်ပိုးသားဧကရာဇ်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့ (၂)ယောက်လုံးမှာ ရန်ကျောက်ကဲကိုတော့ အတော်လေး နားလည်ရန် ခက်ခဲနေကြပြီ ဖြစ်သည်။
“စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာ ၊ ထိုက်ကျိယင်ယန်ကလ်ဝါးသိုင်း... အတိုင်းအဆမဲ့ထိုက်စုခန္ဓာနဲ့ ထိုက်ရှီခုန်မင်မရှိမှုခန္ဓာတောင်မှ သူ့ကို ခုခံနိုင်မှာ မဟုတ်ဘူး”
အနက်ရောင်ပိုးသားဧကရာဇ်ရော ဝမ်ကျန်းချန်ပါ ရန်ကျောက်ကဲကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်မိကြသည်။
“သူ ဘယ်လိုလုပ်လိုက်တာလဲ...”
ရန်ကျောက်ကဲကတော့ ဓားရှည်နှစ်လက်အား လက်နှစ်ဖက်ဖြင့်ကိုင်ထားရင်း ထိပ်တန်းတန်ခိုးစွမ်းအားရှင်နှစ်ယောက်ကို တစ်ချက်အကဲခတ်လိုက်သည်။
ထို့နောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ရာ အဖြူရောင်နှင့်အနက်ရောင် ချီစွမ်းအားစီးကြောင်းနှစ်ခု ထွက်ပေါ်လာပြီး သူ၏ကုန်ခမ်းသွားသောတန်ခိုးစွမ်းအားများ ချက်ချင်းပြန်ပြည့်လာသည်။
သူက ဓားနှစ်လက်ကို ထပ်မံပင့်မြှောက်လိုက်ပြီး သူ့အရှေ့မှ ရန်သူနှစ်ယောက်ဆီသို့ ဦးတည်ထိုးနှက်လိုက်ပြန်သည်။
စကားတစ်ခွန်းမှမဆိုသော်လည်း အလုပ်နှင့်သက်သေပြနေသည်မှာ ထင်ရှားသည်။
အနက်ရောင်ပိုးသားဧကရာဇ်နှင့် ဝမ်ကျန်းချန်တို့ ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေကြသည်။
ထိုအချိန်...
အဝေးတစ်နေရာရှိ နယ်နိမိတ်မျဉ်းကြောင်းများတစ်နေရာတွင် ဗလာနယ် ပုံပျက်သွားသည်ကို အာရုံခံလိုက်မိကြသည်။
ကြီးကျယ်ခမ်းနားသော ဓားအလင်းတန်းတစ်ခုက လေထုကိုထိုးခွင်းကာ ဗလာနယ်အာကာသထဲထိတိုင် ရောက်ရှိလာပြီး ၊ ထိုအရာနှင့်အတူ သွေးနှင့် သေခြင်းတရား ရနံ့များပါ သင်းပျံ့လို့နေသည်။
ရန်ကျောက်ကဲက တစ်ချက်ပင်လှည့်မကြည့် တစ်လုံးချင်း ပြောလိုက်၏။
“ငါ့အဖေရဲ့ဓားချက်နဲ့ ဒုတိယမြောက် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် အသက်ပျောက်သွားပြန်ပြီ...”