← Chapters

မင်းက ငါငယ်ငယ်တုန်းကအတိုင်းပဲ

Vol. 11-16 Ch. 221

မင်းက ငါငယ်ငယ်တုန်းကအတိုင်းပဲ

Vol. 11-16 Ch. 221

အခန်း (၂၂၁) : မင်းက ငါငယ်ငယ်တုန်းကအတိုင်းပဲ

လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းတုန်းက ထာဝရအရှင်တစ်ပါးက မျှော်နန်းဆောင်ကို သိမ်းယူဖို့လုပ်ရင်း မျှော်နန်းဆောင်၏ ကြိတ်ခြေမှုကြောင့် သေသွားခဲ့ရလေသည်။

မင်းက ရှန်ထျန်းကို သိမ်းယူစေချင်တယ်တဲ့လား

အားလုံးက ချင်ယွင်တိကို ကြည့်ပြီး ဆွံ့အနေကြသည်။

သို့သော် ထပ်ပြီးစဉ်းစားကြည့်လိုက်ပါက ရှန်ထျန်းက မိုင်၅၀၀ အကွာကတည်းက မျှော်နန်းဆောင်၏ ခေါ်သံကို အာရုံခံစားလို့ရနေသည်။

ရှန်ထျန်း သွားသောနေရာတိုင်းတွင် ကံမကောင်းမှုများ ဖြစ်တတ်သော်လည်း ထိုကံမကောင်းမှု၏ အတွင်းဆုံးပိုင်းတွင် ကောင်းချီးပေးမှု ပါလာပြီး ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။

ရှန်ထျန်းက ကံကြမ္မာသားတော် ဖြစ်သည့်အတွက် ဤမျှော်နန်းဆောင်ကို တကယ် သိမ်းယူနိုင်လိမ့်မည်။

ခုံမုန့်က ရှင်းပြလိုက်သည်

“ စစ်နတ်ဘုရား မျှော်နန်းဆောင်က တကယ်ကို အံ့ဩဖို့ကောင်းတယ်။ နတ်ဘုရားလောကမှာတောင် နတ်ဘုရားအသုံးအဆောင် ပစ္စည်းဖြစ်နေတယ်။ ထာဝရအရှင်တွေတောင် အတင်းအကြပ် သိမ်းယူလို့ မရနိုင်ဘူး။ အစ်ကိုသာ ဒီမျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရရင် မျှော်နန်းဆောင်ရဲ့ သခင်ဖြစ်လာနိုင်တဲ့ အခွင့်အရေးက အစ်ကိုဆီမှာပဲ ရှိတယ်”

ကျင်းယု၏ တောက်ပသော မျက်လုံးများက ပိုမိုတောက်ပလာကာ ခေါင်းကို ကုတ်ရင်း မေးလိုက်သည်

“ အသိအမှတ်ပြုခံရအောင် ဘယ်လိုလုပ်ရမလဲ”

ယခုလက်ရှိတွင် ထိုအရာက ထာဝရအရှင်များကိုပင် သတ်ခဲ့သော ပြိုင်ဘက်ကင်း အထွတ်အထိပ်အဆင့် ရတနာဖြစ်သည့်အတွက် ကျင်းယုက အလွန်အမင်း စိတ်အားထက်သန်နေသည်။

သူသာ ဒီမျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရမယ်ဆိုရင် နယ်မြေငါးခုထဲမှာ ချက်ချင်း စွမ်းအားအကြီးဆုံး ကျင့်ကြံသူ ဖြစ်လာမယ် မဟုတ်ပါလော

ဒါဆိုရင် သူ ရှန်ထျန်းကို ကြောက်ရွံ့နေဖို့လည်း မလိုတော့ဘဲ သူ့ကို အလွယ်တကူ နင်းချေလွှမ်းမိုးလို့ရတယ်

ထိုအတွေးကြောင့် ကျင်းယု မထိန်းနိုင်ဘဲ ကို့ရို့ကားရားနိုင်စွာ ပြုံးလိုက်မိသည်။

ခုံမုန့်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်

“ စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့မှာ မဟာယနအဆင့်အောက် ကျင့်ကြံသူတွေ ဝင်လို့ရတဲ့ တံခါးမကြီးတစ်ချပ် ရှိတယ်။

ကောလဟာလတွေအရတော့ မျှော်နန်းဆောင်ရဲ့ တစ်ဆင့်ချင်းစီမှာ အဆင့်တူတဲ့ စွမ်းအားကြီး ကျင့်ကြံသူ စိတ်အာရုံမြင်ကွင်းနဲ့ တိုက်ခိုက်ဖို့ လိုအပ်တယ်တဲ့။

ကျင့်ကြံသူသာ အနိုင်ရမယ်ဆိုရင် အဖိုးတန်ဆုလာဘ်တွေ ရရှိလိမ့်မယ်။

အဲလိုမျိုး ဆုလာဘ်တွေက အဖိုးတန်တဲ့ ဝိညာဉ်အသုံးအဆောင်ပစ္စည်း၊ အံ့ဖွယ်အသုံးအဆောင် ပစ္စည်း ဒါမှမဟုတ် အဖိုးတန်ရတနာတွေ၊ ဓမ္မဂါထာတွေ၊ နတ်ဘုရားလောကက ထူးခြားအံ့ဖွယ် ပစ္စည်းတွေလည်း ဖြစ်နိုင်တယ်။

တကယ်လို့ ရှုံးနိမ့်သွားခဲ့ရင်တော့ အပြင်ဘက်ကို နှင်ထုတ်ခံရမယ်။ ကျင့်ကြံသူတစ်ဦးချင်းစီတိုင်းက ဒီမျှော်နန်းဆောင်ထဲကို တစ်ကြိမ်တစ်ခါပဲ ဝင်ခွင့် ရှိတယ်။ ထပ်ခါထပ်ခါ ဝင်လို့မရဘူး။

ဒါက ကျွန်မအနေနဲ့ ဒေါင်းမျိုးနွယ်ရဲ့ ရှေးဟောင်းစာအုပ်တွေကနေ လေ့လာထားတဲ့ အကြောင်းတွေပဲ။ မှန်လား မှားလားဆိုတာကို ကျွန်မ အတည်မပြုပေးနိုင်သလို အာမလည်း ခံမပေးနိုင်ဘူး”

ထိုအခိုက်အတန့်တွင် ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ မှားလား မှန်လားဆိုတာကို ကျွန်တော်တို့ ဝင်သွားကြည့်ရင် သိရမှာပေါ့ မဟုတ်ဘူးလား”

ထို့နောက် ရှန်ထျန်းက စစ်နတ်ဘုရား မျှော်နန်းဆောင်၏ တံခါးရှေ့သို့ တွေဝေခြင်း၊ ကြောက်ရွံ့ခြင်းမရှိဘဲ ခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်သည်။

ရှန်ထျန်း၏ စိတ်ဆန္ဒပြင်းပြင်မှုကြောင့် သူ့နောက်ကသူတွေက သူ့ကို မလေးစားဘဲ မနေနိုင်ကြတော့ပေ။

ဤမျှော်နန်းဆောင်က ထာဝရအရှင်များကို သတ်ထားကြောင်း ရှန်ထျန်း သိသော်လည်း စမ်းသပ်ချက် ခံယူဖို့အတွက် မျှော်နန်းဆောင်ထဲသို့ တွေဝေခြင်းမရှိ ဝင်သွားရဲသေးသည်။

ထိုကဲ့သို့သော သတ္တိမျိုးက လေးစားဖို့ ထိုက်တန်သည်။

ရှန်ထျန်းက တကယ်ကို အံ့ဩဖို့ကောင်းသည်။

“ အစ်ကိုရှန် ပြောတာ မှန်တယ်။ ကျွန်မတို့ ဝင်သွားတာနဲ့ သိရလိမ့်မယ်”

ခုံမုန့်လည်း သူ့နောက်မှ လိုက်သွားကာ စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့တွင် ရှန်ထျန်း၏ ဘေးမှာ မတ်တပ်ရပ်လိုက်သည်။

ကျွီ….

တံခါးက ရုတ်တရက် အသံကျယ်လောင်စွာဖြင့် ပွင့်သွားသည်။ တံခါးဆီမှ သက်တံရောင်စဉ်များ ထွက်လာကာ ရှန်ထျန်းနှင့် ခုံမုန့်ကို အထဲဝင်လို့ရအောင် လမ်းပြပေးနေသည်။

“ စောင့်ပါဦး။ ငါလည်း ဒီဟောင်းနွမ်းစုတ်ပြတ်နေတဲ့ မျှော်နန်းဆောင်ကို သေချာပေါက် သိမ်းပိုက်နိုင်မှာ”

ကျင်းယုက စိတ်အားထက်သန်စွာဖြင့် တံခါးမကြီးရှေ့ ရပ်ကာ ပြောလိုက်သည်

“ ငါ့ကိုလည်း မြန်မြန်လမ်းပြပေးပါဦး”

တံခါးက သက်တံရောင်စဉ် ထပ်မံ ထွန်းလင်းလာသော်လည်း ဒီတစ်ခေါက်တော့ သူ့ကို အထဲဝင်ဖို့အတွက် လမ်းပြရမဲ့အစား ကျင်းယုကို မောင်းထုတ်လိုက်သည်။

ကျန်းယု ပေထောင်ကျော်အကွာအဝေးထိ လွင့်စင်သွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင်ထဲသို့ မြုပ်ဝင်သွားပြီး လူတစ်ယောက်၏ ပုံစံဖြစ်ကြောင်းကိုတော့ သေချာမြင်နေရသေးသည်။

ချင်ယွင်တိက ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ဒီငတုံးက စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့မှာ ရိုင်းစိုင်းရဲတယ်ပေါ့လေ။ အဲဒါက ပြိုင်ဘက်ကင်းပစ္စည်းကွ ”

သူ့ဘေးတွင် ရပ်နေသော စုန့်ဖူကွေ့က အကြံတစ်ခုရသွားပုံဖြင့် တံခါးမကြီးရှေ့သို့ လမ်းလျှောက်သွားကာ အရိုအသေပေးလိုက်ပြီးနောက် ပြောသည်

“ မြင့်မြတ်သော မျှော်နန်းဆောင်ခင်ဗျ…ကျွန်တော်က အဲဒီချောမောတဲ့သူရဲ့ နောက်လိုက်တစ်ယောက်ပါ။ ကျွန်တော်ရော ဒီစမ်းသပ်ချက်မှာ ပါဝင်လို့ ဖြစ်မလားခင်ဗျာ”

စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့တွင် စုန့်ဖူကွေ့က သူ ရှန်ထျန်းအပေါ် သစ္စာရှိကြောင်း ပြသတာကို ကြည့်ပြီး နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်သော ဟယ်ဝူရွှမ်းက ချွေးစေးပင် ပျံလာသည်။

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကတည်းက တည်ရှိတဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားအသုံးအဆောင် ပစ္စည်းလေ။ အဲလိုမျိုးအရာက သေမျိုးဖြစ်တဲ့ ရှန်ထျန်းကို မျက်နှာသာပေးမယ်များ ထင်နေလား။

ရှန်ထျန်းဘေးက ဒီအဖိုးကြီးက တကယ်ကို မဟုတ်တာတွေ လျှောက်စိတ်ကူးယဉ်နေတာပဲ…

ကျွီ…

ထိုအခိုက်အတန့်တွင် စစ်နတ်ဘုရား မျှော်နန်းဆောင်တံခါးမကြီး ဖြည်းဖြည်းချင်း ပွင့်လာသည်။

သက်တံအလင်းတန်းပေါ်လာပြီး စုန့်ဖူကွေ့ကို အထဲဝင်ဖို့ လမ်းပြသွားသည်။

ဟယ်ဝူရွှမ်း၊ ပိုင်လင်းနှင့် လင်းတတို့ အံ့ဩမှင်သက်သွားကြသည်။

ဘာ…ဒီမျှော်နန်းဆောင်ကိုလည်း အဲလိုမျိုး မျက်နှာချိုသွေးလို့ရတာလား

“ ဝိုး…ဒါ တကယ်ကို ဆန်းကြယ်တာပဲ။ မှတ်ထားရမယ်”

ဂုဏ်သရေရှိသော လျှိုထိုက်ယီက သူ၏ သိုလှောင်လက်စွပ်ထဲမှ စုတ်တံနှင့် ကျောက်စိမ်းဝါးပေလွှာကို ထုတ်ယူပြီး သေချာမှတ်သားထားလိုက်သည်

“ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှု …စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့မှာ တစ်စုံတစ်ယောက်က ဆရာကောင်းကင်ရဲ့ နာမည်ကို ရွတ်ဆိုလိုက်ရင် သက်တံအံ့ဖွယ်အလင်းတန်းရဲ့ လမ်းပြခေါ်ဆောင်သွားခြင်းခံရမည် ဖြစ်ပြီး ကံအပြောင်းအလဲ အခွင့်အရေးတွေကိုလည်း ရရှိမယ်”

လျှိုကျစ်ကျားက ဝင်ပြောလိုက်သည်

“ ဆရာကောင်းကင်က တကယ့်ကို အံ့ဩစရာပဲ။ ဒီနတ်ဘုရားလောကက မျှော်နန်းဆောင်ကတောင် သူ့ကို မျက်နှာသာပေးတယ်”

သူတို့နှစ်ယောက်လည်း ဘေးချင်းယှဉ်သွားကာ စစ်နတ်ဘုရားမျှော်နန်းဆောင်ရှေ့တွင် ရပ်ပြီး ပြောလိုက်သည်

“ နတ်ဘုရားမျှော်နန်းဆောင်ခင်ဗျ … ကျွန်တော်တို့ကလည်း ဆရာကောင်းကင်ရဲ့ နောက်လိုက်တွေပါ။ ကျွန်တော်တို့ရော စမ်းသပ်ချက်မှာ ပါဝင်လို့ရမလားခင်ဗျာ”

ကျွီ…

သက်တံအလင်းတန်းက လျှိုထိုက်ယီနှင့် လျှိုကျစ်ကျားတို့အပေါ် ဖြာကျလာကာ သူတို့နှစ်ယောက်လုံးကို မျှော်နန်းဆောင်ထဲသို့ ခေါ်သွားသည်။

သေစမ်း…ဒါ တကယ်ဖြစ်နိုင်တယ်ပေါ့

ကျန်လူများ၏ အကြည့်တို့လည်း လင်းလက်တောက်ပလာကြသည်။

ချင်ယွင်တိက မျှော်နန်းဆောင်ရှေ့တွင် ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး ပြောလိုက်သည်

“ ကျွန်တော်က အစ်ကိုရှန်ရဲ့ ဂိုဏ်းတူညီလေးပါ။ စစ်နတ်ဘုရား မျှော်နန်းဆောင်အနေနဲ့ ကျွန်တော်ကို စမ်းသပ်ချက်မှာ ပါဝင်ဖို့အတွက် လမ်းပြပေးနိုင်မလားခင်ဗျာ”

ကျွီ…

ရှန်အောင်းက မျှော်နန်းဆောင်ရှေ့တွင် ရပ်ပြီး စိတ်ရှုပ်ထွေးနေသည်

“ ကျွန်တော်က ညီလေး(၁၃)ရဲ့ အစ်ကိုပါ။ ကျွန်တော်ကိုလည်း စမ်းသပ်ချက်မှာ ပါဝင်ဖို့အတွက် လမ်းပြပေးနိုင်မလားခင်ဗျာ”

ကျွီ…

ရှောင်လင်းနှင့် လီလျန်းအာတို့က မျှော်နန်းဆောင်ရှေ့တွင် ဘေးချင်းယှဉ်ရပ်ပြီး ပြောလိုက်သည်

“ ကျွန်မက အစ်ကိုရှန်ထျန်းရဲ့ တာအိုလက်တွဲဖော်ပါ …ကျေးဇူးပြုပြီးတော့…”

သူတို့ ပြောလို့ မပြီးသေးခင် ရှောင်လင်းနှင့် လီလျန်းအာတို့ အချင်းချင်း စိုက်ကြည့်လိုက်သည်။

တာအိုလက်တွဲဖော်တဲ့လား

လေထဲမှာ မိုးကြိုးလှိုင်းတွေတောင် ထွက်နေလောက်ပြီ

ကျွီ…

အချင်းချင်း မကျေမနပ်ဖြစ်နေကြသော လူသားနတ်မိမယ်လေး နှစ်ဦးကိုလည်း မျှော်နန်းဆောင်ထဲသို့ဝင်ရန် သက်တံအံ့ဖွယ်အလင်းတန်းက ခေါ်ဆောင်သွားသည်။

“ အစ်ကိုရှန်က တကယ်ကို ကံကြမ္မာသားတော် အစစ်ပဲ။ လေးစားလိုက်တာ … လေးစားဖို့ ကောင်းတယ်” ကျောက်ဟောင် တိတ်တိတ်လေး ချီးမွမ်းခန်းဖွင့်လိုက်သည်။

သူက မျှော်နန်းဆောင်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ပြောသည်

“ ကျွန်တော်က သူတော်စင်ရဲ့ ဂိုဏ်းတူညီလေးပါ။ နတ်ဘုရားမျှော်နန်းဆောင်အနေနဲ့ ကျွန်တော်ကို အထဲဝင်ခွင့်ပြုနိုင်မလားခင်ဗျာ”

ကျွီ…

သက်တံအံ့ဖွယ်အလင်းတန်းက သူ့ကို စုပ်ယူသွားပြီးနောက် သူလည်း ပျောက်ကွယ်သွားသည်။

ဟယ်ဝူရွှမ်းနှင့် ပိုင်လင်းတို့က အချင်းချင်းကြည့်လိုက်ကြသည်။

ပိုင်လင်းက တွေဝေစွာဖြင့် ပြောလိုက်သည်

“ အခုတော့ လုံးဝကို သေချာတယ်။ ဒီလူသားသူတော်စင်က ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့ ကံကြမ္မာသားတော်အစစ်ပဲ။ ငါတို့ ကံအပြောင်းအလဲ အခွင့်အရေးရရှိဖို့အတွက် မျှော်နန်းဆောင်ထဲ ဝင်ချင်ရင် သူ့အပေါ် အကြွေးတင်ဖို့တော့ လိုအပ်တယ်”

ပိုင်လင်းက အရှက်သည်းစွာဖြင့် မျှော်နန်းဆောင်ရှေ့သို့ မတ်တပ်ရပ်ကာ ပြောလိုက်သည်

“ နတ်ဘုရားမျှော်နန်းဆောင်ရှင့်…ကျွန်မက ဘီလုံးငှက်မျိုးနွယ်က ပိုင်လင်းပါ။ ကျွန်မက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လေးစားတဲ့သူတစ်ယောက်ပါ ကျွန်မရော ဝင်လို့ရမလားဟင်”

ကျွီ…

ပိုင်လင်းကိုလည်း အံ့ဖွယ်အလင်းတန်းက မျှော်နန်းဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။

ဟယ်ဝူရွှမ်း ထိတ်လန့်သွားရသည်။

သူမ အဲလိုမျိုး တကယ်ဝင်သွားလို့ ရတာလား။ အံ့ဖွယ်မိုးကောင်းကင်သူတော်စင်ရဲ့ လေးစားသူအဖြစ် ဟန်ဆောင်ပြီးတော့တဲ့လား

ဒါပေမဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာရှိတဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေးတစ်ခုအတွက် ကြိုးကြာဖြူမျိုးနွယ်ရဲ့ မာနနဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်မယ်များထင်နေလား

ဟုတ်တယ် လုပ်နိုင်တာပေါ့

ဟယ်ဝူရွှမ်းက စိတ်အားထက်သန်သောအကြည့်များဖြင့် မျှော်နန်းဆောင်ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်

“ မြင့်မြတ်သော စစ်နတ်ဘုရား မျှော်နန်းဆောင်ခင်ဗျ …ကျွန်တော်ကလည်း အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လေးစားတဲ့သူတစ်ယောက်ပါ။ ကျွန်တော်ကိုလည်း ဝင်ခွင့်ပြုပါနော်”

ကျွီ…

ကျင်းထဲမှ ထွက်လာသော ကျင်းယုက အားလုံး စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲသို့ ဝင်သွားသည့်အတွက် ကြောင်အသွားသည်။

ဘာတွေဖြစ်ကုန်တာလဲ

စစ်နတ်ဘုရားမျှော်နန်းဆောင်ထဲမှာ စမ်းသပ်ချက်က ရှိနေတာမဟုတ်လား။ အဲဒီထဲကိုဝင်သွားမှ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိနိုင်မှာမဟုတ်လား

ငါတို့က ဘာလို့ ရှန်ထျန်းရဲ့နာမည်ကိုပြောမှ ဝင်နိုင်ရတာလဲ။ ဒီမျှော်နန်းဆောင်က ဘက်လိုက်တာတော့ မဟုတ်လောက်ဘူးမလား

ကျင်းယုက အံကြိတ်ကာ နှာခေါင်းရှုံးပြီးပြောလိုက်သည်

“ စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ မျှော်နန်းဆောင်ကြီး ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရဲ့ ရန်သူပါ။ သူနဲ့ မျှမျှတတ တိုက်ခိုက်လို့ရအောင် ကျွန်တော်ကိုလည်း အထဲပေးဝင်ပါ”

ကျွီ…

ဝှီး…

ဒုန်း…

“ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ မျှော်နန်းဆောင် ငါ အရင်တစ်ခါတုန်းက ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့ မရှင်းလင်းတဲ့ပုံပဲ။ ရန်လိုတာလည်း မဟုတ်ဘူး။ သင့်မြတ်တာလည်းမဟုတ်ဘူး။ ငါက ရှန်ထျန်းနဲ့ တိုက်ခိုက်ခဲ့တယ် အချင်းချင်းလည်း ပြိုင်ဘက်တွေအဖြစ် အသိအမှတ်ပြုထားတယ်။ နားလည်မှုမလွဲပါနဲ့”

ကျွီ…

ဝှီး…

ဒုန်း…

“ အခုထိ မရှင်းလင်းသေးဘူးလား။ ငါက ရှန်ထျန်းနဲ့ မိတ်ဆွေတွေ။ မိတ်ဆွေတွေ…ရဲဘော်ရဲဘက်တွေ…ကျိုးပဲနေတဲ့ မျှော်နန်းဆောင် နားလည်ပြီလား”

ကျွီ…

ဝှီး…

ဒုန်း…

“ အမလေး... ဘာလိုချင်လို့လဲ။ ခင်ဗျားက ကျိုးပဲ့နေတဲ့ မျှော်နန်းဆောင်လေ။ ဒါဆိုလည်း ဟုတ်ပြီ ကျွန်တော်က ရှန်ထျန်းရဲ့လေးစားသူပါ၊ သူ့နောက်လိုက်ပါ…သူ့ရဲ့ ရူးသွပ်…”

ကျွီ…

ဝှီး…

ဒုန်း…

ဖုန်မှုန့်တွေ ခဏခဏထွက်လာကာ တောင်နံရံမှာလည်း အပေါက်တွေ ထပ်ခါထပ်ခါ ဖြစ်နေသည်။

ဤရွှေရောင်ဆံသားပိုင်ရှင် လူငယ်လေးက စစ်နတ်ဘုရားမျှော်နန်းဆောင်ရှေ့သို့ ခဏခဏလာနေသည်။

သူက ရန်လိုပြီးပြောနေသလို ရှန်ထျန်း၏ ရဲဘော်ရဲဘက်ဖြစ်ပြီး မျက်နှာချိုသွေးသည့် သူ့ဆန္ဒကို ဆန့်ကျင်သည့် အလုပ်မျိုး မလုပ်ချင်ပေ။

ရွှေတောင်ပံလင်းယုန်မျိုးနွယ်ကို မျက်နှာပျက်အောင် လုပ်မိတော့မည်ဟု ကျင်းယု ခံစားလာရသော်လည်း ဤဟောင်းနွမ်းနေသော မျှော်နန်းဆောင်က သူ့ကို အထဲဝင်ခွင့်မပေးပေ။

ကမ္ဘာကြီးက သူ့အပေါ်ပဲ အငြိုးတေးထားပြီး ရက်စက်နေသလိုမျိုး ခံစားရသည်။

တခြားနတ်ဆိုးမျိုးနွယ်သုံးခုက ဝင်သွားနိုင်သည့်အတွက် ဘယ်အရာက ပြဿနာဖြစ်နေမှန်း သူ တကယ် မသိတော့ပေ။

ဒီဟောင်းနွမ်းနေတဲ့ မျှော်နန်းဆောင်က တော်တော် မတရားတာပဲ

ကျင်းယု စိတ်ပျက်အားငယ်နေစဉ် ရှန်ထျန်းက နောက်ထပ် နေရာတစ်ခုသို့ ရောက်ရှိသွားလေပြီ။

ထိုနေရာက တစ်နေရာလုံး ခရမ်းရောင် လွှမ်းခြုံထားသော နေရာ ဖြစ်သည်။ သူ့ခြေထောက်အောက်မှ ထိုးဖောက်ထွက်လာသော ခရမ်းရောင်အရှိန်အဝါများက တန်ဖိုးကြီးပြီး ထူးခြားပုံပေါ်သည်။

ထိုနေရာ၏ အလယ်တွင် ခရမ်းလက်ဖက်ပင် ရှိပြီး ထိုအပင်အောက်တွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားကြီးတစ်ယောက်က လက်ဖက်ရည်ကြမ်း နှပ်ကာ သောက်နေသည်။

အမ်…

ဒါပေမဲ့… မဖြစ်သင့်ဘူး

ဘာလို့ ကွဲပြားနေရတာလဲ

ငါ သူ့ကို ကျောက်ဟောင်နဲ့ ခုံမုန့်ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးထဲမှာ မမြင်မိပါဘူး။  ငါ ဝင်ပါလိုက်လို့ သက်ရောက်မှု ထပ်ပြီး မဖြစ်လောက်ပါဘူးနော်။

ငါ့ရဲ့ အနီနဲ့အစိမ်းရောယှက်နေတဲ့ ရောင်ဝါစက်ဝန်းက ဒီကံအပြောင်းအလဲ အခွင့်အရေးကို ခံနိုင်ရည်ရှိပါ့မလား

ထိုအတွေးကြောင့် ရှန်ထျန်း စိတ်ပူပန်ပြီး ကြောက်ရွံ့လာမိသည်။ သို့သော် သူ အထဲရောက်လာပြီး ပြန်ထွက်လို့ မရနိုင်တော့သည့်အတွက် ထိုအဖိုးကြီး ဘာလုပ်ချင်လဲဆိုတာကို စောင့်ကြည့်ဖို့အတွက် ဆုံးဖြတ်လိုက်သည်။

ရှန်ထျန်းက ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးကြီးဆီ လမ်းလျှောက်သွားကာ ပြောလိုက်သည်

“ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ရှန်ထျန်းပါ။ စီနီယာကို အရိုအသေပြုပါတယ်။ စီနီယာကို ဘယ်လိုမျိုး ခေါ်ရမလဲဆိုတာ သိခွင့်ရှိမလားခင်ဗျ”

ရှန်ထျန်းက နှိမ့်ချမှုလည်း မရှိသလို မောက်မာမှုလည်း မရှိသည်ကို ကြည့်ပြီး ခရမ်းရောင်ဝတ်စုံနှင့် အဖိုးကြီးက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ လူငယ်လေး မင်းဆီမှာ ချောမောတဲ့ ရုပ်ရည်ရှိပြီး အတော်လေး ထူးခြားတဲ့ အကျင့်စရိုက်ရှိတာပဲ။ မင်းရဲ့အမူအရာနဲ့ ဆွဲဆောင်မှုက ငါ ငယ်ငယ်တုန်းကအတိုင်းပဲ”

သူ့လက်ကို သိမ်မွေ့စွာ ဝှေ့ယမ်းလိုက်သည့်အခါ နောက်ထပ် လက်ဖက်ရည်ကြမ်း တစ်ခွက် စားပွဲပေါ်သို့ ရောက်ရှိလာသည်။

ထိုအဖိုးကြီးက လက်ဖက်ရည်ကြမ်းကို ခွက်ထဲသို့ လောင်းထည့်ရင်း ပြောလိုက်သည်

“နတ်ဘုရားလောကရဲ့ ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းကို မြည်းကြည့်”

ရှန်ထျန်းက လက်ဖက်ရည်ကြမ်းခွက်ကို သံသယဖြစ်စွာ ကြည့်လိုက်သည်။

ဒီအဖိုးကြီးက လက်ဖက်ရည်ကြမ်းထဲကို အဆိပ်တော့ ထည့်မထားလောက်ဘူးမလား

ဒီမျှော်နန်းဆောင်ကြီးက ထာဝရအရှင်ကိုတောင် သတ်နိုင်တယ်ဆိုတော့ သူသာ ငါ့ကိုသတ်ချင်ရင် အဆိပ်ခတ်ဖို့တောင် မလိုဘူး

ရှန်ထျန်းက လက်ဖက်ရည်ကြမ်းခွက်ကို ယူကာ ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းကို အကုန်ကုန်အောင် သောက်လိုက်သည်။

ဟမ်…

အင်း…

ဒီ နတ်ဘုရားလောကက လက်ဖက်ရည်ကြမ်းက အရမ်းအရသာရှိတာပဲ

ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းကို သောက်ပြီးနောက် ရှန်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး မြောလွင့်နေသလိုမျိုး အရမ်းပေါ့ပါးနေသည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအားက ကောင်းကင်နှင့်မြေကြီးကို ရောနှောလိုက်သလိုမျိုး အမြင့်အသစ်တစ်ခုသို့ ရောက်ရှိသွားသည်။ သူ ယခု သူ့ကျင့်ကြံဆင့်တွင် မူလက နားလည်ဖို့ အရမ်းခက်ခဲခဲ့သော အပိုင်းများကိုလည်း ယခု နားလည်နိုင်သွားပြီ ဖြစ်သည်။

သူက တော်ဝင်ကျမ်းများဖြစ်သော အံ့ဖွယ်မိုးကောင်းကင်၏ မိုးကြိုးတော်ဝင်ကျမ်း၊ နဂါးစစ် တော်ဝင်ကျမ်းနှင့် ဒေါင်းတော်ဝင်ကျမ်းစာတို့တွင် ပါရှိသည့် ကျင့်ကြံရေး ပညာရပ်များ၊ ဓမ္မဂါထာများနှင့် ခုခံရေးပညာရပ်များကို အမြန်ဆုံးနှုန်းဖြင့် နားလည်သွားသည်။

ရှန်ထျန်းအနေဖြင့် ကောင်းကင်တာအို၏ စစ်မှန်သော အဓိပ္ပာယ်ကို ဖမ်းဆုပ်လိုက်နိုင်သလို ခံစားရပြီး ထိုအခိုက်အတန့်တွင် တိုးတက်သွားသော သိမြင်နားလည်မှုက ယခင်ကနှင့် နှိုင်းယှဉ်လို့ မရနိုင်ပေ။

သူ့ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ မိုးကြိုး၊ နဂါးကြေးခွံနှင့် သက်တံအလင်းတန်းတို့က တောက်ပပြီး ပိုမို သန့်စင်သိပ်သည်းလာသည်။

သူ့ကျင့်ကြံရေးအပေါ် ပိုမိုနက်နဲစွာ နားလည်လာသည့်အတွက် ရှန်ထျန်း စွမ်းအင်ဗဟိုချက်ရှိ ဓမ္မအုတ်မြတစ်လည်း ဖြည်းဖြည်းချင်း ကြီးထွားလာရသည်။

ရှန်ထျန်း၏ ကျင့်ကြံဆင့်က မရပ်မနားမြင့်တက်လာသည်ဟု ဆိုနိုင်သည်။ ဘယ်အဆင့်ထိ ရောက်သွားလဲဆိုတာကို မသိနိုင်ပေ။ ရှန်ထျန်းက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ခရမ်းရောင်ဝတ်စုံနှင့် အဖိုးအိုက ပြုံးကာ ပြောလိုက်သည်

“ ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကြမ်းတစ်ခွက်က မင်းကို ကိုးရက်ကိုးည ဉာဏ်အလင်းပွင့်နေစေတယ်ဆိုတော့ မဆိုးပါဘူး…မဆိုးပါဘူး…”

ကိုးရက်နဲ့ ကိုးညတဲ့လား…

ရှန်ထျန်း အံ့ဩမှင်သက်သွားသည်။

သူ ခဏလေးလိုပဲ ခံစားလိုက်ရတာ ဘယ်လိုလုပ်ပြီးတော့ ကိုးရက်ကိုးညတောင် ကြာသွားရတာလဲ

သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေပြီး ကျင့်ကြံရေးနှင့် ပတ်သက်လို့ နားလည်မှုသည်လည်း နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်ဟု ရှန်ထျန်း ခံစားလိုက်ရသည်။

ရှန်ထျန်းက မမေးခင် မတ်တပ်ရပ်ပြီး အရိုအသေ ပေးလိုက်သည်

“ စီနီယာကို လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ စီနီယာက ဘာလို့ ကျွန်တော်အပေါ် အခုလိုမျိုး ကြင်နာပေးတယ်ဆိုတာကို သိလို့ရမလားခင်ဗျာ။ ပြီးတော့ ကျွန်တော်နဲ့ အတူလာတဲ့သူတွေလည်း ဘယ်နေရာမှာရောက်သွားလဲဆိုတာ သိချင်ပါတယ်”

ခရမ်းရောင်ဝတ်စုံနှင့် အဖိုးကြီးက ရှန်ထျန်းကို စိုက်ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ မင်းနဲ့အတူပါလာတဲ့သူတွေက အခု စမ်းသပ်ချက် ခံယူနေကြပြီ။

မင်းက ဘာလို့ စမ်းသပ်ချက် ခံယူစရာမလိုဘဲနဲ့ ငါ့ကို တွေ့ဖို့အတွက် အမြင့်ဆုံးအဆင့်ကို ဘာလို့တန်းရောက်လာတာလဲဆိုတော့…” ခရမ်းရောင်ဝတ်စုံနှင့် အဖိုးကြီးက ရှန်ထျန်းကို ကျီစားသလို ကြည့်ကာ ပြောလိုက်သည်

“ ဟီး…ဟီး… ခန့်မှန်းကြည့်လိုက်လေ”

All Chapters