← Chapters

မင်း အဲဒီငတုံးကို သိလား

Vol. 11-16 Ch. 222

မင်း အဲဒီငတုံးကို သိလား

Vol. 11-16 Ch. 222

အခန်း (၂၂၂) : မင်း အဲဒီငတုံးကို သိလား

ခန့်မှန်းကြည့်ရမယ်တဲ့လား

ကျွန်တော် ခန့်မှန်းမလား မခန့်မှန်းဘူးလားဆိုတာကို ခင်ဗျား ပြန်ပြီးတော့ ခန့်မှန်းကြည့်ပါလား

ရှန်ထျန်းက ခရမ်းရောင်ဝတ်စုံနှင့် အဖိုးကြီးကို ကြည့်ကာ ဆွံ့အနေသည်။

တစ်ယောက်ယောက်ကို ဒီလိုမျိုးတန်းလန်းထားရမယ်ဆိုတာကို ဒီအဖိုးကြီး ဘယ်ကနေများသင်ယူခဲ့ပါလိမ့်

စာဖတ်သူတွေကို လျှောက်စဉ်းစားအောင် ချန်ထားခဲ့တတ်တဲ့ စာရေးသူမျိုးကို စာဖတ်သူတွေက သတ်ချင်စိတ်ဖြစ်မယ်ဆိုတာ ခင်ဗျား မသိဘူးလား

ခင်ဗျားက ကျွန်တော်ကို တကယ် ခန့်မှန်းစေချင်တာလား

ကျွန်တော်ရဲ့ အဆုတ်ထဲမှာ ထည့်ထားတဲ့ ထျန်းကျူဓား ရှိတယ်။ ဒီဓားတစ်ချက် ခုတ်လိုက်တာနဲ့တင် ခင်ဗျားကို မေးခိုင်ရောဂါ ဝင်သွားအောင်လုပ်လို့ရတယ်ဆိုတာကိုတော့ ယုံချင်ယုံ မယုံချင်နေ

ရှန်ထျန်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သော်လည်း အပြင်ပန်းမှာတော့ လေးစားသမှုဖြင့် ပြောလိုက်သည်

“ စီနီယာက ထူးခြားပြီးခန့်ညားတဲ့ ပုံပန်းသွင်ပြင်ရှိတော့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတဲ့ ထာဝရအရှင်ပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်ကတော့ စီနီယာ စဉ်းစားနေတာကို တကယ် မခန့်မှန်းနိုင်ပါဘူး။ ကျွန်တော်က စီနီယာ ငယ်ငယ်တုန်းကလိုမျိုး ချောမောနေလို့တော့ မဟုတ်လောက်ဘူးမလား”

ထိုအဖိုးကြီးက ဖြစ်သင့်သည့်ပုံစံဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်တာပေါ့…အဲဒီအကြောင်းအရင်းတစ်ခုဆိုရင် လုံလောက်ပြီမဟုတ်လား”

ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

ဒီလိုမျိုးမဖြစ်နိုင်ပါဘူး စီနီယာ … ခင်ဗျားလိုမျိုး စွမ်းအားကြီးတဲ့သူတွေက ဒီလိုမျိုး တမင်သက်သက် ကြံစည်ထားကြတာလား

တခြားသူတွေကတော့ ကံအပြောင်းအလဲ အခွင့်အရေးရဖို့အတွက် အရင်ဆုံး စမ်းသပ်ချက်ကို ဖြတ်ကျော်ဖို့ လိုတယ်တဲ့

ငါကတော့ ရုပ်ချောတာလေးကြောင့် ခင်ဗျားနဲ့တွေ့ဖို့ တန်းပြီး ခွင့်ပြုလိုက်တာတဲ့လား

စီနီယာ အခုလိုမျိုး ဘက်လိုက်တာက စီနီယာအတွက်ရော တကယ်ကောင်းရဲ့လား

ရှန်ထျန်း၏ ကို့ရို့ကားရားနိုင်သော မျက်နှာထားကြောင့် အဖိုးအိုက မထိန်းနိုင်ဘဲ  ပြုံးလိုက်သည်

“ မင်းက ရယ်လည်းမရယ်ရဘူး။ မင်းက လူပျိုလေးဖြစ်နေတာ မဆန်းတော့ပါဘူး”

ရှန်ထျန်း ဆွံ့အနေမိသည်။

အဖိုးကြီး ခင်ဗျားရဲ့ ပုဂ္ဂိုလ်ရေးသတ်မှတ်ချက်ကြီးက လွန်သွားပြီနော်

ကျွန်တော်က လူပျို ဖြစ်တော့ဘာဖြစ်လဲ။ အခုမှ အသက်၁၆ နှစ်ပဲရှိသေးတာ အသက်တောင် မပြည့်သေးဘူးလေ။ ဒါက ပုံမှန်ဖြစ်သင့်တာ မဟုတ်လား

ပြီးတော့ ရယ်ရတာ မရယ်ရတာကရော လူပျိုဖြစ်တာနဲ့ ဘာဆိုင်လို့လဲ။ လုံးဝကွဲပြားနေတဲ့ အရာနှစ်ခုကို မဆက်စပ်ဘဲ နေလို့မရဘူးလား

ရှန်ထျန်းက ကူကယ်ရာမဲ့စွာ မေးလိုက်သည်

“ စီနီယာက ဘယ်သူလဲဟင်”

ထိုအဖိုးအိုက လက်ဖက်ရည်ကြမ်းကို ဆက်သောက်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်

“ ငါက နတ်ဘုရားလောကရဲ့ ရုပ်အချောဆုံးအမျိုးသား ယဲ့ချန်းခန် … ဘာလို့လဲဆိုတော့ ငါက အရမ်းချောပြီးတော့ အရည်အချင်းကလည်း ပြိုင်ဘက်ကင်းလေ။ ငါ့ကို နတ်ဘုရားလောကက ထောင်ပေါင်းများစွာသောလူတွေက အလိုရှိကြတယ်။

မရေတွက်နိုင်တဲ့ နတ်မိမယ်တွေက ငါနဲ့ ချစ်ကျွမ်းဝင်ကြတော့ ငါ့ကို မနာလိုဖြစ်ကြတဲ့ စွမ်းအားကြီးရန်သူတွေကို ဆွဲဆောင်သလို ဖြစ်သွားတယ်။ အဲဒါကြောင့် သူတို့ ပူးပေါင်းပြီးတော့ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့ကြတယ်။

ရွေးချယ်စရာမရှိတော့ဘဲ ငါ့ရဲ့ နတ်ဘုရားကိုယ်ထည်ကို ကိုယ်တိုင်ဖောက်ခွဲလိုက်ပြီးတော့ စွမ်းအားကြီးရန်သူတွေ တစ်ဝက်လောက်ကို သတ်နိုင်ခဲ့တာ။ ပြီးတော့မှ ငါ့ရဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ကို သေမျိုးကမ္ဘာဆီ ယူဆောင်လာနိုင်ခဲ့တာ ”

ယဲ့ချန်းခန်က ကူကယ်ရာမဲ့စွာ အသက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်

“ အတိတ်က အမှတ်တရတွေကို ပြန်စဉ်းစားရင် လုံးဝ မခံစားနိုင်ဘူး။ အချိန်နဲ့နေရာတွေလည်း ကွာဝေးခဲ့သလို လေးစားဖွယ်ကောင်းတဲ့ ငါဆိုတာလည်း ထပ်ပြီး မရှိတော့ဘူး”

ခရမ်းရောင်ဝတ်စုံနှင့် အဖိုးကြီးက လေးနက်သော မျက်နှာထားဖြင့် လက်ဖက်ရည်ကြမ်းသောက်နေကာ ပြုံးနေသည့်အတွက် အရေးကြောင်းများ ပေါ်နေသည်။ ထိုအခါ ရှန်ထျန်းလည်း စိတ်မထိန်းနိုင်ဘဲ သူ့လက်ဖဝါးဖြင့် သူ့မျက်နှာကို အုပ်ကိုင်လိုက်မိသည်။

ကောင်းကင်ဘုံရဲ့ကောင်းချီးပေးခံထားရတဲ့ ထာဝရအရှင်အနေနဲ့ ဒီလိုမျိုး အရှက်မရှိတဲ့ စကားတွေပြောနေတာက ပြိုင်ဘက်ကင်းစွမ်းအားကြီး ကျင့်ကြံသူရဲ့ ကိုယ်နှုတ်အမူအရာပဲလား

သူ့ဆရာမှလွဲ၍ သူ ကြုံတွေ့ခဲ့ရသော စွမ်းအားကြီး ကျင့်ကြံသူအားလုံးကို မူမမှန်ဘူးဟု  ခံစားရသည်။

ရှန်ထျန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်

“ စီနီယာ ကျွန်တော်ကို မျှော်နန်းဆောင် ထိပ်ဆုံးအထိ လမ်းပြခေါ်ဆောင်ပြီးတော့ ကျွန်တော်ကို ပြောချင်တာ တစ်ခုခုများ မရှိဘူးလားဟင်”

ယဲ့ချန်းခန်က ရှန်ထျန်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်

“ လွန်ခဲ့တဲ့နှစ်တစ်သောင်းအတွင်း ချောမောတဲ့သူကို မြင်ဖူးတာ တစ်ယောက်ပဲရှိတယ်။ အဲဒါ မင်းပဲ။

မင်းက မီးစာကျမ်းကို ကျင့်ကြံနေတဲ့အပြင် ထူးခြားအံ့ဖွယ်ပစ္စည်း လေးခုလည်း ရထားပြီးပြီ။ မင်းရဲ့အရည်အချင်းနဲ့ ကံကြမ္မာက ပြိုင်ဘက်ကင်းပဲ။

ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် မင်းက လွန်ခဲ့တဲ့ နှစ်တစ်သောင်းကတည်းက ငါ စောင့်မျှော်နေတဲ့ ကျင့်ကြံရေး ပါရမီရှင်ပဲ ဖြစ်လိမ့်မယ်။ မင်းမှာ နတ်ဘုရားလောကကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်။ ဒါဆိုရင် မင်း ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ကို ကြိုက်လား။ မင်း လိုချင်ရင် ဒီမျှော်နန်းဆောင်က မင်းအပိုင်ပဲ”

ရှန်ထျန်း ပြန်ဖြေလိုက်သည်

“ မျှော်နန်းဆောင်ရဲ့ တစ်ဆင့်ချင်းစီမှာ စွမ်းအားကြီး ပါရမီရှင်တွေ ရှိတယ်။ သူတို့ကို အနိုင်ယူပြီးတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုမှုကို ရမှ ဒီမျှော်နန်းဆောင်ရဲ့ အရှင်သခင် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား”

ယဲ့ချန်းခန်က ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“ ဟုတ်တယ် ... ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်မှာ ပါရမီရှင်အဆင့်ခုနစ်ဆင့်ကို ကိုယ်စားပြုတဲ့ အလွှာခုနစ်ထပ် ရှိတယ်။ ကျင့်ကြံဆင့် တူညီတဲ့ အလွှာခုနစ်ထပ်က ပါရမီရှင်တွေကို အနိုင်ရရင် အဲဒီလူက နတ်ဘုရားလောကမှာ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်လာမှာ။

အဲလိုမျိုး ပြိုင်ဘက်ကင်း ပါရမီရှင်က ငါ့ရဲ့ အသိအမှတ်ပြုမှုကို ခံရပြီးတော့ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ကို အမွေရမှာ”

ရှန်ထျန်းက ပြောလိုက်သည်

“ ဒါပေမဲ့ ကျွန်တော်က စမ်းသပ်ချက်ကို စတောင်မစရသေးဘူးလေ”

ယဲ့ချန်းခန်က လက်ကိုယမ်းကာ ပြောလိုက်သည်

“ စိတ်ထဲထားမနေနဲ့။ အဲဒီ စမ်းသပ်ချက်က အပြင်လူတွေအတွက်ပဲ။ မင်းက ဘယ်သူလဲ။ မင်းက နှစ်ပေါင်းတစ်သောင်းနေမှ ငါ့ရဲ့ရုပ်ရည်ကို ယှဉ်နိုင်တဲ့ တစ်ယောက်တည်းသောသူပဲ။ မင်းက ငါ့ရဲ့မျိုးဆက်တောင် ဖြစ်လောက်တယ်။

စစ်နတ်ဘုရားမျှော်နန်းဆောင်က ငါ ပိုင်တာဆိုမှတော့ မင်း အမွေဆက်ခံလို့ရတယ်လို့ ငါပြောလိုက်ရင် မင်း အမွေဆက်ခံလို့ ရတယ်လေ။

မင်းကို ပထမဆုံးအထပ်ကနေ စပြီးတော့ ဝင်ခွင့်ပြုလိုက်မယ်ဆိုရင်လည်း အဲဒီပါရမီရှင်တွေက မင်းကို အပြည့်အဝ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ အဲဒါက လမ်းစဉ်အတိုင်း လုပ်တာ မလို့ပါ…အချိန်ကုန်ခံမနေတော့ဘဲ မင်းလို့ပဲ ဆုံးဖြတ်လိုက်တာက ပိုပြီးတော့ ကောင်းပါတယ်။

မဟုတ်ရင် လူသားကမ္ဘာက သေမျိုးတွေက ခုနစ်ဆင့် ပါရမီရှင်တွေကို ဘယ်လိုလုပ်ပြီးတော့ နိုင်အောင် တိုက်နိုင်ပါ့မလဲ”

ယဲ့ချန်းခန်က အာမခံပြီး ပြောလိုက်သည့်အတွက် ရှန်ထျန်း ဒေါသထွက်လာမိသည်။

ဒီစမ်းသပ်ချက်က “ ကြိုတင်စီစဉ်ပြီးသား”ဆိုပြီးတော့ ဘာလို့ ယုံကြည်မှုရှိရှိ ပြောနိုင်ရတာလဲ

ကျွန်တော်ကို မြှောက်ပြောချင်ရင်လည်း ပြောပါ ... “ကျွန်တော်က ခင်ဗျားရဲ့ မျိုးဆက်ဖြစ်တယ်ဆိုတာက ဘာသဘောလဲ” ခင်ဗျားက ကျွန်တော်ဆီကနေ အခွင့်ကောင်းယူနေတာပဲ

သူသာ ရှန်ထျန်းကို အကျိုးအမြတ်တွေပေးဖို့အတွက် အသင့်ဖြစ်မနေပါက ရှန်ထျန်း စိတ်ထဲကနေ ကျိန်ဆဲခြင်းကို ခံရမည် ဖြစ်သည်။

ရှန်ထျန်း သက်ပြင်းချကာ ပြောလိုက်သည်

“ အလွှာခုနစ်ထပ်မှာရှိတဲ့ အဆင့် ၇ ပါရမီရှင်တွေကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူးဆိုရင် စီနီယာက ဘာလို့ သူတို့ကို စမ်းသပ်ခံဖို့ ကြိုးစားခိုင်းနေရသေးတာလဲ”

ယဲ့ချန်းခန်က နားလည်ရခက်စွာ ပြုံးလိုက်သည်။

“ မင်းရဲ့ ချောမောတဲ့ မျက်နှာလေးက မင်းဆီမှာ အလကား ဖြစ်နေတာလေ။

ပုံမှန်ဆိုရင် ကျော်ကြားနေရမှာလေ။ ဘယ်သူမှ စမ်းသပ်ချက်ကနေ အကျိုးအမြတ် မရဘူးဆိုရင် မင်းကို ဘယ်သူက ကူပြီးတော့ ကြေညာပေးမှာလဲ။ အဲလိုမှ မလုပ်ဘူးဆိုရင် ငါ့ရဲ့ မျှော်နန်းဆောင်သတင်းက မပြန့်သွားဘူးလေ။ အဲဒါဆိုရင် မင်းလိုမျိုး စစ်မှန်တဲ့ အမွေဆက်ခံသူကို ဘယ်လိုလုပ်ပြီးတော့ ရှာနိုင်ပါ့မလဲ”

ဒါက ကြော်ငြာဖို့အတွက်ပဲတဲ့လား

ရှန်ထျန်းက မေးလိုက်သည်

“ စမ်းသပ်ချက် အဆင့်တစ်ဆင့်ချင်းစီတိုင်းမှာ ကံအပြောင်းအလဲ အခွင့်အရေးတွေ ဆုလာဘ်တွေရှိမယ်လို့ ကျွန်တော် ဘာလို့ ကြားထားရတာလဲ။ အဲဒီထဲမှာ ပြိုင်ဘက်ကင်း ထာဝရကျမ်းတွေနဲ့ ပြိုင်ဘက်ကင်း အံ့ဖွယ်အသုံးအဆောင်ပစ္စည်းတွေလည်း ပါတယ်လို့ ကြားထားတယ်”

ယဲ့ချန်းခန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်တယ် အဲဒါတွေက ပြန်ပြီးတော့ ဆုချတာလေ။ ဒါပေမဲ့ ဆုထဲမှာ အံ့ဖွယ်အသုံးအဆောင်ပစ္စည်းနဲ့ ထာဝရအသုံးအဆောင်ပစ္စည်းလို အရာတွေ မပါဘူး။

စစ်နတ်ဘုရား မျှော်နန်းဆောင်က ဆုချတဲ့အရာတွေက အကန့်အသတ်မဲ့ ပြန်လည်ထုတ်လုပ်လို့ရတဲ့ အဖိုးတန်တဲ့ ကျင့်ကြံရေး ပညာရပ်တွေ၊ ခုခံပညာရပ်တွေ၊ တိုက်ခိုက်စွမ်းရည်တွေနဲ့ ဆန်းကြယ်ပညာရပ်တွေပဲ။

စမ်းသပ်ချက်တွေကို ဖြတ်ကျော်တာကိုလည်း အလကား ဖြတ်ကျော်လို့မရဘူးလေ။ တစ်ဆင့်ချင်းစီက ပါရမီရှင်တွေနဲ့ တိုက်ခိုက်ဖို့အတွက် ရတနာတွေကို ထုတ်သုံးရမယ်။ ဒါက မျှတတဲ့ လောင်းကြေးတစ်ခုလိုပါပဲ။

မင်းတို့ကမ္ဘာမှာ ပါရမီရှင်လို့ခေါ်တဲ့သူအများစုက ပထမအဆင့်ကိုတောင် မဖြတ်ကျော်နိုင်ကြဘူး။ လူအနည်းငယ်ပဲ ဒုတိယအဆင့်ကို ရောက်လာကြတာ။

သူတို့က ကမ္ဘာဦးတိုက်ပွဲနယ်မြေမှာ ကြိုးကြိုးစားစား ရှာထားတဲ့ ရတနာတွေကို မျှော်နန်းဆောင်ထဲ ယူလာပြီးတော့ လောင်းကြေးထပ်လိုက်တာလေ။

သူတို့ကံကောင်းရင်တောင့် ပြိုင်ဘက်ကင်းပညာရပ် တစ်ခု၊ နှစ်ခုလောက် ရပြီးတော့ ဂုဏ်ယူစွာနဲ့ ပြန်သွားလိမ့်မယ်။

ဒါပေမဲ့ များသောအားဖြင့် ပထမအဆင့်မှာတင် ကျရှုံးတာများတဲ့အတွက် မျှော်နန်းဆောင်ကနေ နှစ်သိမ့်ဆုလောက်နဲ့တင် စိတ်ပျက်အားလျော့စွာ ထွက်သွားကြရတာ”

“စစ်နတ်ဘုရား မျှော်နန်းဆောင်က ထာဝရအသုံးအဆောင်ပစ္စည်းနဲ့ အံ့ဖွယ်အသုံးအဆောင်ပစ္စည်းတွေ ဆုချတယ်” ဆိုတဲ့ စကားကတော့ ကျရှုံးသွားတဲ့သူတွေက မျက်နှာမပျက်ချင်လို့ လိမ်လည်ပြီး ပြောတာတွေပေါ့ကွာ …

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းတစ်သောင်းအတွင်း ရထားတဲ့ ပစ္စည်းကောင်းတွေအများကြီးပဲ ဟား…ဟား…ဟား…။

မဟုတ်ရင် စစ်နတ်ဘုရား မျှော်နန်းဆောင်ပေါ်က အက်ကြောင်းတွေကို ဒီလောက်အကြာကြီး တည်ငြိမ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”

အဟင်း…ဒါဆိုရင် သူက သက်တမ်းရင့် လူလိမ်ပေါ့

ရှန်ထျန်းက တွေဝေစွာဖြင့် ပြောလိုက်သည်

“ ဒါဆိုရင် ဘယ်သူပဲဖြစ်ဖြစ် စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ ရောက်လာတာနဲ့ ဝင်ခွင့်ပေးတယ်ဆိုတဲ့ သဘောလား”

ယဲ့ချန်းခန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်

“ သူတို့က အမွေအနှစ်ပညာရပ်တွေနဲ့ လဲလှယ်ဖို့ ရတနာတွေအစုံ ထုတ်သုံးကြမှာဆိုတော့ သေချာပေါက် ကြိုဆိုတာပေါ့။ အဲဒါတွေက ရိုးရှင်းတဲ့ ပညာရပ်တွေဆိုပေမဲ့ အတွေ့အကြုံ မရှိတဲ့သူတွေကတော့ ရတနာတွေအဖြစ် သတ်မှတ်ကြမှာပဲလေ။

လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကလာတဲ့ ကလေးနှစ်ယောက်က ရှားပါးတဲ့ ပါရမီရှင်တွေပဲ။

ငါ ကိုယ်တိုင် ထွက်သွားပြီးတော့ သူတို့နှစ်ယောက်လုံးကို ကောင်းမွန်တဲ့ အမွေအနှစ်ပေးလိုက်တာ”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ကလေးနှစ်ယောက်တဲ့လား

ရှန်ထျန်းက ကြောင်အစွာဖြင့် မေးလိုက်သည်

“ ကျွန်တော်တို့ဂိုဏ်းရဲ့ စီနီယာတွေလား”

ယဲ့ချန်းခန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ တစ်ယောက်ရဲ့နာမည်က ကျန်းလုံယွမ်လို့ ခေါ်တယ်။ သူက အပြင်ပန်းမှာ အရမ်းလေးနက်တဲ့ပုံ ပေါ်ပေမဲ့ တကယ်တော့ အတွင်းမှာ အရမ်းတည်ငြိမ်တဲ့သူ။

သူက အဆင့်ငါးဆင့်တောင် ကျော်လွှားနိုင်ခဲ့ပြီးတော့ ဒီမျှော်နန်းဆောင်ကို ရောက်လာတဲ့အထဲမှာ ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ပဲ။

ဒါပေမဲ့ သူက အံ့ဖွယ်မိုးကောင်းကင်ရဲ့ တော်ဝင်ကျမ်းဂန်က တားမြစ်အခန်းကိုပဲ ရှာချင်တယ်တဲ့။ အဲဒါကြောင့် သူ့ကို ပျောက်ဆုံးနေတဲ့အပိုင်းတွေ ဖြည်းဖြည်းချင်း ဖြည့်နိုင်အောင်  ကောင်းကင်တာအိုကျမ်းကို ပေးလိုက်တာ။

နောက်ထပ်တစ်ယောက်ရဲ့ နာမည်က ချူးလုံဟယ်တဲ့။ ငါ သူ့ကို တော်တော်လေး သဘောကျတယ်။ သူက ငါနဲ့အတူ မျှော်နန်းဆောင်ထဲမှာ အချိန်အတော်ကြာ နေသွားသေးတယ်။

သူက နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်မှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ။ အဲဒါကြောင့် သူ့ကို နက်နဲသိမ်မွေ့တဲ့ ကိုယ်ထည်မာ ကျင့်စဉ်အချို့ကို ပေးလိုက်တာ။

အဲဒီကလေးနှစ်ယောက်သာ မသေသေးရင် သူတို့နှစ်ယောက်ကို မင်းတို့ရဲ့ကမ္ဘာမှာ ထိပ်သီးစွမ်းအားကြီး ကျင့်ကြံသူတွေအဖြစ် သတ်မှတ်ခံရမှာပဲ ဟုတ်တယ်မလား”

လူအများနှင့် အချိန်အတော်ကြာ အဆက်အသွယ်ပြတ်နေပုံပေါ်ပြီး စကားတတွတ်တွတ် ပြောနေသည့် ယဲ့ချန်းခန်ကို ကြည့်ပြီး ရှန်ထျန်း အံ့ဩမှင်သက်နေမိသည်။

ဒီအဖိုးကြီးက အံ့ဩစရာပဲ

ယဲ့ချန်းခန်က တစ်စုံတစ်ခုကို သတိရသွားသည့်ပုံစံဖြင့် ပြောလိုက်သည်

“ ဟုတ်သားပဲ … မျှော်နန်းဆောင်အပြင်ဘက်က ငတုံးကရော မင်းရဲ့ နောက်လိုက်ပဲလား”

မျှော်နန်းဆောင်အပြင်ဘက်က ငတုံးတဲ့လား

ရှန်ထျန်းက မေးလိုက်သည်

“ စီနီယာ ဘယ်သူ့ကို ရည်ညွှန်းနေလဲဆိုတာ သိလို့ရမလား”

ယဲ့ချန်းခန်က အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည့်အခါ သူတို့နှစ်ယောက်ရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခုပေါ်လာသည်။ ထိုအလင်းတန်းက ထိုးဖောက်မြင်နိုင်သော မှန်ကဲ့သို့ဖြစ်သွားကာ မှန်၏ တစ်ဖက်တွင် ညှိုးနွမ်းနေသော လူတစ်ယောက်ပေါ်လာသည်။

ထိုလူက ကျင်းယု ဖြစ်နေသည်။

ယခုလက်ရှိတွင် သူ့နောက်ရှိ တောင်ပံကလည်း အရောင်မှေးမှိန်နေပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့တွင် စိတ်ဓာတ်ကျနေသည်။

သူက ပြောလိုက်သေးသည်

“ ကျွန်တော်က ရှန်ထျန်းရဲ့ နောက်လိုက်ဖြစ်တယ်ဆိုတဲ့အကြောင်းကို အကြိမ်တစ်သောင်းလောက် ပြောပြီးသွားပြီလေ ခင်ဗျား အခုထိ နားမလည်နိုင်သေးဘူးလား။

ရှန်ထျန်းအပေါ် ကျွန်တော်ရဲ့လေးစားမှုက စမ်းချောင်းလိုမျိုး အဆုံးမဲ့ပြီးတော့ မြစ်ဝါမှာရှိတဲ့ လှိုင်းလုံးတွေလိုမျိုး ထိန်းချုပ်လို့ မရနိုင်ဘူး။ ဘာလို့ ကျွန်တော်ရဲ့ လေးစားမှုကို မေးခွန်းထုတ်ရတာလဲ။

ကျွန်တော်ကို မြန်မြန် ဝင်ခွင့်ပေးပါ …ဝင် … အသက်ရှူပါရစေဦး။ ကျွန်တော်က ရှန်ထျန်းနဲ့အတူ တိုက်ခိုက်လာခဲ့တာလို့ နားလည်ရဲ့လား”

ရှန်ထျန်း အံ့ဩမှင်သက်သွားမိသည်။

ကျင်းယု…ကျင်းယု…ငါ မင်းကို ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးဘူး။ မင်းက ငါ့ရှေ့ဆိုရင် အရမ်းဟန်ဆောင်ကောင်းနေတာ

ငါလည်း အဲဒီမှာ မရှိရော အဲလိုမျိုး အရှက်မဲ့တဲ့စကားတွေတောင် ပြောထွက်တယ်ပေါ့လေ။ ရွှေတောင်ပံလင်းယုန် မျိုးဆက်အနေနဲ့ မင်းရဲ့ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားလဲ

ရှန်ထျန်းက မေးလိုက်သည်

“ စီနီယာ ကျန်တဲ့သူတွေအားလုံးက စမ်းသပ်ချက်အတွက် ဝင်လာလို့ရပေမဲ့ ဘာလို့ သူက ကျန်နေခဲ့ရတာလဲဟင်”

ယဲ့ချန်းခန်က သူ့မုတ်ဆိတ်မွေးကို ကိုင်ကာ ပြောလိုက်သည်

“ ငါ့ရဲ့ မျှော်နန်းဆောင်ကို ရှာတွေ့တဲ့သူတွေအကုန်လုံးက ငါ့ရဲ့စစ်နတ်ဘုရား မျှော်နန်းဆောင်နဲ့ ကံစပ်တဲ့သူတွေချည်းပါပဲ။

ဒါပေမဲ့ အဲဒီငတုံးက ငါ့ရဲ့ မျှော်နန်းဆောင်ကို ကျိုးပဲ့နေတဲ့ မျှော်နန်းဆောင်၊ စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ မျှော်နန်းဆောင်ဆိုပြီး ခဏခဏပြောနေလို့။ သူက အရမ်းရိုင်းတာပဲ။ ကိုယ်ကျင့်သိက္ခာလည်း မရှိဘူး။ သူ့ရဲ့ ယဉ်ကျေးတဲ့ အပြုအမူတွေက ဘယ်မှာလဲ။

ငါသာ ငယ်နေသေးရင် သူ့ကို တုတ်ထိုးပြီးတော့ ကင်ပစ်မယ်။ ထျန်းအာ ငါ့ကို ပြောစမ်းပါ။ သူက တကယ်ပဲ မင်းရဲ့နောက်လိုက်လား။

သူကသာ မင်းရဲ့နောက်လိုက် မဟုတ်ဘူးဆိုရင် တိတ်ဆိတ်သွားအောင် သူ့ကို တစ်ခါတည်း သတ်ပစ်တော့မလို့”

ရှန်ထျန်း သက်ပြင်းချကာ ပြောလိုက်သည်

“ စီနီယာ … ကျင်းယုက ကျွန်တော်ရဲ့ မိတ်ဆွေပါ။ သူ ကျွန်တော်အပေါ် အကြွေးအများကြီးတင်နေတာ”

ယဲ့ချန်းခန်က အတွေးထဲနစ်မြောရင်း ပြောလိုက်သည်

“ မိတ်ဆွေတွေဖြစ်တာက ငါ့အတွက် အရေးမကြီးပါဘူး။ ဒါပေမဲ့ ပိုပြီးတော့ အရေးကြီးတာက သူက မင်းအပေါ် အကြွေးအများကြီး တင်နေတယ်ပေါ့ ဟုတ်လား။ ဒါဆိုရင်တော့ သူ့ကို သတ်ပစ်လို့ မဖြစ်ဘူးပဲ”

ခဏလောက်စဉ်းစားပြီးနောက် ယဲ့ချန်းခန်က ချက်ချင်း လက်ယမ်းလိုက်ကာ ပြောလိုက်သည်

“ သူ့လက်ထဲမှာရှိတဲ့ ဓားရှည်နဲ့ ချပ်ဝတ်တန်ဆာက အတော်လေးကောင်းတယ်ဆိုတော့ သူ့ကို စမ်းသပ်ချက်ထဲ ဝင်ဖို့အတွက် အခွင့်အရေးပေးလိုက်ပါ့မယ်”

ခရမ်းရောင်အလင်းတန်း မှန်ထဲသို့ ဝင်သွားသည့်အခါ စစ်နတ်ဘုရား မျှော်နန်းဆောင်က ဖြည်းဖြည်းချင်း ပွင့်လာသည်။

ကျွီ…

အံ့ဖွယ်အလင်းတန်းကြောင့် ကျင်းယု မျက်ရည်များပင် ဝဲသွားသည်။

“ ငါ…ငါ နောက်ဆုံးတော့ စမ်းသပ်ချက်ထဲ ဝင်နိုင်သွားပြီ။ ကိုးရက်…ကိုးရက်နဲ့ ကိုးည ကြာသွားပြီ။

ဦးနှောက်ကျင်းပြီးသားတောင် ဖြစ်သွားတော့မလို့”

All Chapters