နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံး ဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်
Vol. 11-16 Ch. 225
အခန်း (၂၂၅) : နှစ်ပေါင်းတစ်သောင်းအတွင်း ပထမဆုံး ဖြစ်သည့် အံ့ဖွယ်မိုးကောင်းကင် သူတော်စင်
ပြိုင်ပွဲတွင် သက်တံရောင် ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ဖျော့တော့စွာ ပေါ်လာသည်။
သူမ၏ ခန္ဓာကိုယ်က တောက်ပသော ရွှေရောင်များဖြင့် ဖုံးလွှမ်းထားသည်။ သူမက ကျက်သရေရှိပြီး ကြော့ရှင်းသည့်အပြင် ဘယ်တိုက်ခိုက်မှုမှ သူမကို မထိနိုင်ပေ။
ထိုအမျိုးသမီးက ခုံမုန့် ဖြစ်သည်။
သူမက စစ်နတ်ဘုရား မျှော်နန်းဆောင်တွင် ကြယ်လေးပွင့်ပါရမီရှင် တစ်ယောက်မက အနိုင်ရပြီးပြီ ဖြစ်သည့်အတွက် သက်တံအံ့ဖွယ် အလင်းတန်းအပေါ် နားလည်မှုလည်း များစွာ တိုးပွားလာရသည်။
စစ်နတ်ဘုရား ကျောက်ပြားကပင် သူမ၏ အလားအလာရှိမှုကို အသိအမှတ်ပြုပြီး ကြယ်ငါးပွင့် ပါရမီရှင်များ စာရင်းတွင် ထည့်သွင်းပြီးပြီ ဖြစ်၏။
သို့သော် ခုံမုန့်က မရောင့်ရဲနိုင်သည့်အတွက် ကြယ်ငါးပွင့် ပါရမီရှင်ကို တစ်ခါ စိန်ခေါ်ခဲ့သည်။ သို့သော် သူမ ပြန်လည်ခုခံတိုက်ခိုက်ဖို့ ခက်ခဲခဲ့သည့်အတွက် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။
ခုံမုန့်က အရှုံးကို လက်မခံနိုင်သည့် စိတ်ဓာတ်ပျော့ညံ့သူ တစ်ယောက် မဟုတ်ပေ။ သူမနှင့် နတ်ဘုရားလောကမှ ကြယ်ငါးပွင့် ပါရမီရှင်တို့ကြားထဲတွင် ကွာခြားမှု ရှိနေသေးမှန်း သူမ သိသည်။
ယခုလက်ရှိတွင် သူမက စစ်နတ်ဘုရား ကျောက်ပြားပေါ်တွင် အဆင့်၁၂ သာ ချိတ်နိုင်ခဲ့သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲသို့ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ဝင်ခဲ့သောလူတွေထဲတွင် ကျင့်ကြံဆင့် တူသည့်အထဲမှ သူမထက် စွမ်းအားကြီးသောသူ အနည်းငယ်သာ ရှိသည်။
“ တောင်ပိုင်းနယ်မြေက ငါ့မျိုးဆက်ထဲမှာ ပြိုင်ဘက်ကင်းဖြစ်ရုံနဲ့ မလုံလောက်သေးတာ အမှန်ပဲ။ တစ်စုံတစ်ယောက်ကတော့ ငါ့ထက် ပိုပြီးတော့ တော်နေဦးမှာပဲ”
ခုံမုန့်က သူမ၏ သက်တံအံ့ဖွယ် အလင်းတန်းကို ဓားအဖြစ် ပြောင်းလဲကာ သူမ၏ ရှေ့တွင်ရှိနေသော ကြယ်လေးပွင့် ပါရမီရှင်ကို ခုတ်ချလိုက်သည်။
“ အံ့ဖွယ်အလင်းတန်းဓားသွားရဲ့ အမြန်နှုန်းက တိုးတက်လာပေမဲ့ မလုံလောက်သေးဘူး။ ဒီထက်ပိုပြီး မြန်မြန် လုပ်သင့်တယ်။
ငါတို့ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲကို အတူတူဝင်ခဲ့ကြပေမဲ့ ဒီလောက်ရက်တွေ ကြာနေတာတောင် အစ်ကိုရှန်က ဘာလို့ စမ်းသပ်ချက်ကို မလုပ်ရသေးတာလဲ”
ရှန်ထျန်း၏ အရည်အချင်းကို ခုံမုန့်ထက် သိသောသူ မရှိနိုင်တော့ပေ။
ခုံမုန့်က အခြေတည်အဆင့်တွင် ရှိသည့်အချိန် ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးတစ်ကောင်ကို ဖိနှိပ်ထားနိုင်သည်။
ထိုအချိန်တွင် ရှန်ထျန်းက အခြေတည်အဆင့်တွင် ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးငါးကောင်၏ အားနည်းချက်ကို တိုက်ခိုက်ပြီး အချိန်တိုအတွင်း သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
သို့သော် ရှန်ထျန်းက သူမထက် အများကြီးပိုပြီး အရည်အချင်း ရှိကြောင်း ခုံမုန့် ကောင်းကောင်းသိသည်။
ခုံမုန့်၏ အမြင်အရ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်က အနည်းဆုံး စစ်နတ်ဘုရား ကျောက်ပြား၏ ထိပ်ဆုံးသုံးယောက်အတွင်း ဝင်သင့်သည်ဟု ထင်မိသည်။
သူမ တွေးနေတုန်း ကျောက်ပြားအပေါ် အာရုံစိုက်လိုက်သည့်အခါ သူမ၏ အဆင့် ပြောင်းလဲသွားသည်ကို သတိထားလိုက်မိသည်။
အဆင့်တက်လာရမည့်အစား ကျသွားသည်။
သူမ၏ အဆင့်က ၁၂ မှ ၁၃သို့ ရောက်သွားသည့်အတွက် သူမအထက်မှာ တစ်ယောက်ယောက် ရောက်လာပြီဆိုသည့်သဘော ဖြစ်၏။
“ ဒါ အစ်ကိုရှန်ပဲ။ ငါတို့အတူတူလာတဲ့အထဲမှာ သူ့အပြင် ငါ့ကို ကျော်နိုင်တဲ့သူ မရှိဘူး” ခုံမုန့်က စိတ်အားထက်သန်စွာဖြင့် စစ်နတ်ဘုရား ကျောက်ပြားကို ကြည့်လိုက်သည်
“ သူက ဘယ်အဆင့်မှာလဲ”
“ ၁၂ လည်း မဟုတ်ဘူး”
“ ၁၁ မဟုတ်ဘူး…၁၀မဟုတ်ဘူး”
“ ၉ လည်း မဟုတ်ဘူး”
“ သူက အဆင့်၃ ထိ မဟုတ်သေးဘူး”
ခုံမုန့်က စစ်နတ်ဘုရား ကျောက်ပြားပေါ်ရှိ ဒုတိယနေရာကို အံ့ဩမှင်သက်စွာဖြင့် ကြည့်နေသည်။
ထိုနေရာမှာ ထွင်းထားသော နာမည်ကို မြင်လိုက်ရသည်။
“ အဆင့်၂… ရှန်ထျန်း၊ ကြယ်ငါးပွင့် ပါရမီရှင်”
သူက ကြယ်ငါးပွင့် ပါရမီရှင်တွေထဲမှာ ပထမအဆင့် ဖြစ်ပြီးတော့ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ကြယ်ခြောက်ပွင့် ပါရမီရှင် ဟွမ်ရှစ်အောက် တစ်ဆင့်ပဲ နိမ့်တာပေါ့
သူတော်စင်ရှန်ထျန်းက တကယ်အံ့ဩဖို့ကောင်းတာပဲ။ သူက ငါ အသိအမှတ်ပြုတဲ့ ယောက်ျားပဲ
ခုံမုန့်၏ မျက်နှာတွင် ကျေနပ်သော အပြုံးတို့ဖြင့် ပြည့်နှက်နေသည်
“ အဲလိုမျိုး အရည်အချင်းနဲ့ဆိုရင် အကြီးအကဲတွေ ကန့်ကွက်မှာ မဟုတ်တော့ဘူး”
သူမ သက်တံအံ့ဖွယ်အလင်းတန်း ပညာရပ်ကို နက်နဲစွာ နားလည်လာသည့်အတွက် စိတ်ရှင်းလင်းစွာဖြင့် နောက်တစ်ဆင့်သို့ တက်သွားသည်ကို ခုံမုန့် ခံစားလို့ရသည်။
သူမ တင်ပျဉ်ခွေထိုင်ကာ ခဏ တရားထိုင်ပြီးနောက် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကာ ပြောလိုက်သည်
“ မျှော်နန်းဆောင်ဝိညာဉ် ကျွန်မကို ကြယ်ငါးပွင့် ပါရမီရှင်ဖြစ်လာအောင် ဆက်ပြီး ကူညီပေးပါ”
အစ်ကိုရှန်က ဒုတိယအဆင့်ဆိုမှတော့ ငါ အများကြီး နောက်ကျကျန်ခဲ့လို့ မဖြစ်ဘူး
ခဏအကြာတွင် ဒုတိယအဆင့်မှ နာမည်က ထပ်ပြီးမှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ရှန်ထျန်း၏ နာမည်က စစ်နတ်ဘုရား ကျောက်ပြားပေါ်တွင် ပထမနေရာသို့ ရောက်ရှိသွားသည်။
“ ပထမ... ရှန်ထျန်း…ကြယ်ခုနစ်ပွင့် ပါရမီရှင်”
ခုံမုန့်က ဘယ်လောက်အထိ ရှန်ထျန်းကို အထင်ကြီးနေပါစေ အခုလိုမြင်လိုက်ရသည့်အတွက် ဘာစကားမှ မပြောနိုင်အောင် ဆွံ့အသွားသည်။
ကြယ်ခုနစ်ပွင့် ပါရမီရှင်တဲ့လား
အဲဒါ ဘာကိုဆိုလိုတာလဲ
စစ်နတ်ဘုရား မျှော်နန်းဆောင်က အရှေ့ပိုင်းလွင်ပြင်တွင် အရမ်းနာမည်ကြီးပေသည်။
အခြေခံအားဖြင့် ကမ္ဘာဦးတိုက်ပွဲ နယ်မြေစစ်ဆေးမှုက ငါးနှစ်တစ်ခါ ပြုလုပ်လေ့ရှိပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ရှာဖွေနေကြသော တပည့်အများအပြား ရှိသည်။
တောင်ပိုင်းနယ်မြေ၊ မြောက်ပင်လယ်၊ အနောက်ပိုင်း သဲကန္တာရနှင့် အလယ်ပိုင်းရှိ ပါရမီရှင်တချို့ပင် စစ်နတ်ဘုရား မျှော်နန်းဆောင်၏ စမ်းသပ်ချက်ကို လုပ်ဆောင်နိုင်ရန်အတွက် လိုက်လံရှာဖွေကြသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်တွင် ပထမအဆင့် ချိတ်သော ဟွမ်ရှစ်က ဥပမာတစ်ခု ဖြစ်သည်။ သူက လွန်ခဲ့သောနှစ်ပေါင်း ၈ ထောင်တုန်းက အလယ်ပိုင်း၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်သည်။
သူ တစ်ယောက်သာလျှင် အားလုံးထက်ကျော်လွန်ပြီး စစ်နတ်ဘုရား မျှော်နန်းဆောင်တွင် ကြယ်ခြောက်ပွင့်ကို ရရှိခဲ့ခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်း ၈ ထောင်အတွင်း စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ထုတ်ဖော်ပြသချက်ကို စိတ်မပျက်စေဘဲ နယ်မြေငါးခုတွင် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် ယခု တစ်စုံတစ်ယောက်က ဟွမ်ရှစ်ထက် သာလွန်သွားပြီ ဖြစ်သည်။ သူက စစ်နတ်ဘုရား ကျောက်ပြားတွင် ပထမနေရာမှာ မရှိတော့ဘဲ ရှန်ထျန်း၏ အောက် ရောက်ရှိသွားသည်။
ဒါက ဘာကို ဆိုလိုသလဲ
ဒါဆိုရင် ရှန်ထျန်းက ဒုတိယဟွမ်ရှစ် ဖြစ်လာတာလား ဒါမှမဟုတ် သူက ဟွမ်ရှစ်ကို ကျော်လွန်နိုင်ဖို့ရော အလားအလာ ရှိသွားတာလား
ဟွမ်ရှစ်၏ လွှမ်းမိုးမှုက အရမ်းကြီးခဲ့သည့်အတွက် ထိုသတင်းသာ ပျံ့သွားပါက နယ်မြေငါးခုလုံး ထိတ်လန့်တုန်လှုပ်သွားမည် ဖြစ်သည်။
နှစ်ပေါင်း ၈ ထောင်ကြာသွားပြီဖြစ်သည့်အတွက် သူ့တပည့်များ၏ တပည့်များပင် စွမ်းအားကြီးကျင့်ကြံသူများ ဖြစ်လာပြီး ကိုယ်ပိုင်ဂိုဏ်းတွေကို ဦးဆောင်နိုင်နေပြီ ဖြစ်သည်။ စစ်နတ်ဘုရား မျှော်နန်းဆောင်တွင် ရှန်ထျန်းက ဟွမ်ရှစ်ကို ကျော်လွန်သွားပြီဆိုသော သတင်းကို ကြားပါက ရှန်ထျန်းက နယ်မြေငါးခု၏ အာရုံစိုက်ခြင်းကိုခံရပြီး သေချာပေါက် နာမည်ကျော်ကြားလာလိမ့်မည်။
ခုံမုန့်က တောက်တောက်ပပ အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်
“ မျှော်လင့်ထားတဲ့အတိုင်းပဲ အစ်ကိုရှန်”
နောက်ထပ် နေရာတစ်ခုတွင် ဝိညာဉ်နတ်မိမယ်လေးက ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းအတွက် မြေပြင်ပေါ်တွင် ဝိညာဉ်ချီ ကြာပန်းပွင့်လာသည်။
ရန်သူက ဓားရှည်ကိုယမ်းကာ ရှောင်လင်းအနောက်သို့ ဆက်တိုက်လိုက်နေသော်လည်း သူမ၏ ဆံချည်မျှင် တစ်မျှင်ကိုပင် မထိနိုင်ပေ။
ဝိညာဉ်နတ်မိမယ်လေးက ၃၆ လှမ်းမြောက် လှမ်းလိုက်သည့်အခါ ၃၅ လှမ်းမြောက်က ကြာပန်းက တောက်ပကာ ကြီးမားသာ ကာကွယ်ရေးအစီအရင်ကို ဖန်တီးပေးသည်။
တောက်ပသော ကြာပန်းများ နေရာတစ်ခုလုံးအနှံ့ ပွင့်နေကာ ပွင့်ဖတ်များလည်း စတင်ကြွေကျလာသည်။
ဝိညာဉ်နတ်မိမယ်လေး၏ ဆံပင်ပေါ်မှ ဆံထိုးက ရုတ်တရက် တောက်ပကာ မီးတောက်ဇာမဏီငှက် ပျံသန်းထွက်လာသည်။
သူမရှေ့ရှိ ပါရမီရှင်က ဓားသွားကဲ့သို့သော ပွင့်ဖတ်နှင့် မီးတောက်ဇာမဏီတို့၏ လက်ချက်ကြောင့် ပျောက်ကွယ်သွားရသည်။
ဟူး…
ဝိညာဉ်နတ်မိမယ်လေးက သက်ပြင်းချလိုက်မိသည်။
ကိုးရက်နှင့်ကိုးည တိုက်ခိုက်ပြီးနောက် ကြယ်သုံးပွင့် ပါရမီရှင်ကို အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ ဝိညာည်နတ်မိမယ်လေးက ပြိုင်ဘက်၏ တိုက်ခိုက်ပုံကို အောင်နိုင်သည့်အတွက် ကံကောင်းသွားခြင်းလည်း ဖြစ်သည်။
သူမ၏ ဝိညာဉ်ချီကို ခဏတာ မြှင့်တင်နိုင်ရန်အတွက် နတ်ဘုရားအမြင်စွမ်းရည် ပညာရပ်၏ ခွန်အားကို ခဏငှားခဲ့ရသည်။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်ခွန်အားပေါ်တွင် လုံးလုံးမှီခိုခဲ့ခြင်း မဟုတ်ပေ။
ဤသို့ဆိုလျှင်ပင် ရွှေလင်းယုန်တစ်ကောင်အတွက်ပင် လုပ်ရန် ခက်ခဲလှသည့် ကြယ်သုံးပွင့် ပါရမီရှင်ကို အနိုင်ရဖို့က သူမအတွက် အင်တန် ရှားပါးလှသည်။
တိုက်ခိုက်သည့်ပုံစံကလည်း အရေးကြီးသလို ကံကောင်းမှုကလည်း ခွန်အား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
သူမ ပိုပြီးသန်မာလာသည်ဟု ရှင်းလင်းစွာ ခံစားလိုက်ရသည့် တိုက်ပွဲမျိုးက စွဲလမ်းစရာ ကောင်းသည့်အတွက် ရှောင်လင်း တောက်ပစွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် သူမက တိုက်ခိုက်သည့်နေရာ၏ ဘေးဖက်ရှိ စစ်နတ်ဘုရား ကျောက်ပြားကို ကြည့်လိုက်သည်။
စစ်နတ်ဘုရား ကျောက်ပြားပေါ်ရှိ စာရင်းတွင် ရှန်ထျန်း၏ နာမည်ကို ပထမနေရာမှာ မြင်လိုက်ရသည့်အတွက် မူလက သက်တောင့်သက်သာ ဖြစ်နေသော ရှောင်လင်း၏ ခန္ဓာကိုယ်က ပြန်လည် တောင့်တင်းသွားရသည်။
“ ငါက လုံလုံလောက်လောက် မသန်မာသေးဘူး။ လုံလောက်တဲ့ စွမ်းအားရှိမှ အစ်ကိုရှန်ရဲ့ဘေးမှာ ရပ်တည်လို့ ရမယ်”
တတိယမြောက် တိုက်ပွဲနေရာတွင် ကွေ့ကုန်းကုန်း၏ ပုံရိပ်ကို မြင်နေရသည်။
သူ့လက်ထဲတွင် ဓားပျော့ကို ကိုင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးက စကြဝဠာ ဒုတိယ နတ်မိုးကြိုး (သစ်သား)ဖြစ်သည့် မိုးကြိုးပြာတို့ဖြင့် လွှမ်းခြုံထားသည်။
ယခုလက်ရှိတွင် သူ့အရှိန်ကို ပိုမိုမြှင့်တင်နိုင်ဖို့အတွက် စကြဝဠာ ဒုတိယ နတ်မိုးကြိုး (သစ်သား)နှင့် ဟရူးဂါနတ်ဆိုးကျမ်းတို့ကို ပေါင်းစပ်ထားပြီးပြီ ဖြစ်သည်။
သူ့ ဓားကို ရှေ့သို့ ထုတ်လိုက်သည့်အခါ တစ်နေရာလုံး ဓားပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားကာ တောက်ပသော ဓားအရေအတွက်များကြောင့် ပြိုင်ဘက်ကို စိတ်ရှုပ်ထွေးသွားစေသည်။
ချွင်...
ကြယ်နှစ်ပွင့် ပါရမီရှင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက် ဝိညာဉ်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ကွေ့ကုန်းကုန်း၏ အင်အားက ရှန်ထျန်း ပေးသော ကံအပြောင်းအလဲ အခွင့်အရေးကြောင့် တိုးတက်လာခြင်းဖြစ်ပြီး လွန်ခဲ့သော ကိုးရက်အတွင်း ကိုယ်တိုင် ကြိုးစားခဲ့ရသည်။
သို့မဟုတ် ရှန်ထျန်းဘေးရှိ လူများက အလျင်အမြန် တိုးတက်လာသည်ဟု ပြောနိုင်သည်။
ထိုအခိုက်အတန့်တွင် ကွေ့ကုန်းကုန်းကလည်း စစ်နတ်ဘုရား ကျောက်ပြားကို ကြည့်လိုက်သည်။ ပထမနေရာတွင် တောက်ပနေသော နာမည်ကို မြင်လိုက်ရသည့်အတွက် ပြုံးလိုက်မိသည်။
“ အရှင့်သားက မျှော်လင့်ထားတဲ့အတိုင်း လုပ်နိုင်သွားပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကတည်းက ပါရမီရှင်တွေအားလုံးထဲမှာ သူက ပထမ ရသွားတာ။ အရှင့်သားက ဒီလောက်ထိတောင် တော်တယ်။ ကိုယ်လုပ်တော်လန်သာ သိရင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်သွားမှာပဲ”
ယခုလက်ရှိ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲတွင် အားလုံးက စစ်နတ်ဘုရား ကျောက်ပြားပေါ်ရှိ ပြောင်းလဲမှုများကြောင့် အံ့ဩမှင်သက်နေသည်။
သူတို့အမြင်တွင် ရှန်ထျန်းက ကျင့်ကြံဆင့်တူ ပါရမီရှင်ဟောင်းများကို ကျော်လွန်ပြီး သူတို့မျိုးဆက်တွင် အသန်မာဆုံးတစ်ယောက် ဖြစ်သည့်အတွက် သူတို့ ဂုဏ်ယူနေမိသည်။ သို့သော် စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ခုနစ်ထပ်မြောက်တွင် ရှန်ထျန်း ဒေါသထွက်နေသည်။
စီနီယာ ဘာကိုဆိုလိုတာလဲ
စစ်နတ်ဘုရားကျောက်ပြားပေါ်က ပထမနေရာက ဘာကိုဆိုလိုတာလဲ။ အဆင့်တွေကို ဘယ်လိုသတ်မှတ်နေတာလဲ။ အဲဒါက အကွက်ဆင်ထားပြီးတော့ မမျှတဘူး မဟုတ်ဘူးလား …
ကျွန်တော်က ကြယ်ငါးပွင့် ပါရမီရှင် ရှင်းချင်ယီကိုပဲ အနိုင်ရခဲ့တာလေ။ ကျွန်တော် သူ့ကို တစ်ခါတည်း သတ်လိုက်တာမလို့ ကျွန်တော်ကို ကြယ်ငါးပွင့် ပါရမီရှင်အဖြစ် အသိအမှတ်ပြုရင် ရပြီလေ … ဒါဆိုရင် အဆင့်တက်တာကို လက်ခံနိုင်တယ်
ဒါပေမဲ့ အားလုံးထဲမှာ ဒုတိယနေရာပေးပြီးတော့ ကြယ်ငါးပွင့်ပါရမီရှင်ထဲမှာ ပထမနေရာ ရတယ်ဆိုတော့ ကျွန်တော်ရဲ့ဆရာနဲ့ ဆရာဦးလေးထက်တောင် ကျော်သွားပြီလေ…စီနီယာ ဘာတွေတွေးနေတာလဲ
ကျွန်တော်ရဲ့ စီနီယာတွေဆီကနေ အမြင်ကပ်ခံရအောင်လုပ်ချင်နေတာလား …
အဲလိုဆိုရင် ထားလိုက်ပါတော့။ ဒါပေမဲ့ ကျွန်တော်ဆရာ ငယ်ငယ်တုန်းက ပုံရိပ်ယောင်နဲ့ တိုက်ခိုက်တဲ့ ဒုတိယတိုက်ပွဲမှာ ကျွန်တော် ရှုံးနိမ့်ခဲ့တယ် မဟုတ်လား။ ကျွန်တော် လုံးဝ ပြန်ပြီး မခုခံနိုင်တော့ပဲနဲ့ အရိုက်ခံလိုက်ရတာကို မမြင်ဘူးလား
ကျွန်တော်က ဂိုဏ်းချုပ် ဖြစ်တဲ့ ကျွန်တော်ဆရာကိုတောင် အနိုင်မယူနိုင်ဘူးလေ။ ဒီကြယ်ငါးပွင့် ပါရမီရှင်ကို ဘယ်လိုလုပ်ပြီးတော့ ကြယ်ခုနစ်ပွင့် ပါရမီရှင်အဖြစ် သတ်မှတ်လိုက်ရတာလဲ။
အဆင့်သတ်မှတ်တာကို အနုပညာအသိုင်းအဝိုင်းကနေ သင်ယူလာခဲ့တာလား …
ကျွန်တော်ရဲ့ အဆင့်က ဟွမ်ရှစ် ထက်တောင် မြင့်နေသေးတယ်။ အခု သူက ဘယ်လောက်ထိ မိုက်နေပြီလဲဆိုတာ သိရဲ့လား။ သူ့တပည့်တွေရယ်၊ သူ့ တပည့်ရဲ့တပည့်တွေ ဒီအကြောင်းကို သိသွားပြီးတော့ ကျွန်တော်ကို ပြဿနာလာရှာရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ လူမသိသူမသိလေး သိုသိုသိပ်သိပ် နေနိုင်တော့မှာလဲ
ရှန်ထျန်း၏ အကြည့်ထဲမှ အငြိုးအတေးကို အာရုံခံမိသည့်အတွက် ခရမ်းရောင်ဝတ်စုံနှင့် ယဲ့ချန်းခန်က သူ့မုတ်ဆိတ်မွေးကို အသာထိကာ ပြုံးပြီး လက်ကို ယမ်းလိုက်သည်။
ရုတ်တရက် ရှေးဟောင်းကျောက်ပြားကြီးတစ်ခု ရှန်ထျန်း၏ ရှေ့သို့ ရောက်လာသည်။
ယဲ့ချန်းခန်က စာလုံးငယ်လေးများ ထွင်းထားသော ကျောက်ပြား၏ ညာဖက်အောက်ခြေကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီအဆင့်က ရှုပ်ထွေးလွန်းတဲ့ နားလည်မှုကနေ ရခဲ့တာပဲ … နောက်ဆုံးအဆင့် သတ်မှတ်ချက်တွေက စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ သဘောထားအတိုင်းပဲ”
နေပါဦး… နောက်ဆုံးအဆင့်သတ်မှတ်ချက်အတွက် ဆုံးဖြတ်ချက်က စစ်နတ်ဘုရား မျှော်နန်းဆောင် သဘောထားဆိုတာ ဘာအဓိပ္ပာယ်လဲ။ စီနီယာ အခု ဘာလုပ်လိုက်တာလဲ။ အဲဒါကို လုံးဝမျှတပါတယ်ဆိုပြီးတော့ ပြောထွက်သေးတယ်ပေါ့လေ
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ မေးလိုက်သည်
“ စီနီယာ ကျွန်တော်ရဲ့ အရည်အချင်းက ကြယ်ခုနစ်ပွင့် ပါရမီရှင် ရာထူးနဲ့ ထိုက်တန်တယ်လို့ ဘယ်လိုလုပ်ပြီးတော့ မြင်တာလဲ”
ယဲ့ချန်းခန်က ပြောလိုက်သည်
“ မင်းက ငါ ငယ်ငယ်တုန်းကလောက် ချောမောနေမှတော့ မင်းရဲ့ အရည်အချင်းကလည်း ဘယ်လိုလုပ်ပြီးတော့ မမြင့်ဘဲ နေပါ့မလဲ”
ရှန်ထျန်းက ပြန်မေးလိုက်သည်
“ စစ်နတ်ဘုရား ကျောက်ပြားပေါ်က အဆင့်သတ်မှတ်ချက်တွေက ယှဉ်နှိုင်းမှု မရှိဘဲနဲ့ အကုန်လုံးကို စီနီယာပဲ ဆုံးဖြတ်ထားတာမလား”
ယဲ့ချန်းခန်က ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ငါက နတ်ဘုရားလောကကလေ။ အဲဒါနဲ့တင် ဆွဲဆောင်ဖို့ မလုံလောက်သေးဘူးလား”
ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်
“ ဒီလက်ရှိအဆင့်ကို ယုံတဲ့သူတွေရော တကယ် ရှိလို့လား”
ယဲ့ချန်းခန်က ဖျော့တော့စွာပြုံးပြီး ပြောလိုက်သည်
“ သူတို့ယုံတာ မယုံတာကို မင်းတကယ် မသိဘူးလေ ဟုတ်တယ်မလား”
ရှန်ထျန်း ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။
ရှန်ထျန်း၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို အာရုံခံမိသောကြောင့် ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်
“ မင်းထိတ်လန့်နေဖို့ မလိုပါဘူး။
အဲဒါကို စစ်နတ်ဘုရားကျောက်ပြားရဲ့ အောက်ခြေမှာ ရေးထားပြီးသားမဟုတ်လား။ နောက်ဆုံးအဆင့် သတ်မှတ်ချက်တွေကို ဆုံးဖြတ်ပိုင်ခွင့်က စစ်နတ်ဘုရား မျှော်နန်းဆောင်နဲ့ပဲ သက်ဆိုင်တယ်။
ပြောရမယ်ဆိုရင် မင်းသာ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အရှင်သခင် ဖြစ်လာဖို့အတွက် လက်ခံမယ်ဆိုရင် အဆင့်တွေကို မင်းပဲ ဆုံးဖြတ်ရမှာလေ မဟုတ်ဘူးလား။
ဒါဆိုရင် မင်း ကြိုက်တဲ့အဆင့်မှာ မင်းနေလို့ရပြီ။ ဒါမှမဟုတ် အဆင့်တွေထဲမှာ မပါချင်ရင်လည်း ရတယ်။ ဒါဆိုရင် စိတ်ပူစရာလည်း မရှိတော့ဘူးလေ”
ယဲ့ချန်းခန် ကောက်ကျစ်စွာ ပြုံးနေသည်ကိုကြည့်ပြီး ရှန်ထျန်း အံကြိတ်လိုက်မိသည်။
ဒီအဖိုးကြီးက ငါ ခုန်ချဖို့အတွက် ထောင်ချောက် လုပ်ပေးနေတာပဲ
ဒါက အနည်းဆုံးတော့ စွမ်းအားကြီး ထာဝရအဆင့် အသုံးအဆောင်ပစ္စည်းတစ်ခုလေ ... မျှော်နန်းဆောင်က ကျွန်တော်ကို သူ့ရဲ့သခင်ဖြစ်လာဖို့အတွက် ဒီလောက်ကြီး အလိုရှိလို့လား
ကျွန်တော်ဆီမှာ အနီနဲ့အစိမ်းရောယှက်ထားတဲ့ ရောင်ဝါစက်ဝန်းပဲ ရှိတာလေ
ဒီကံအပြောင်းအလဲ အခွင့်အရေးက ကျွန်တော်ရဲ့ ရောင်ဝါစက်ဝန်းအနေနဲ့ ကိုင်တွယ်ဖို့ အရမ်းများနေတယ်