စိတ်ရှည်ရှည်ဖြင့် သည်းခံခြင်း
Vol. 5 Ch. 59
အခန်း (၅၉) : စိတ်ရှည်ရှည်ဖြင့် သည်းခံခြင်း
တစ်ယောက်ယောက်က အမတ်ချုပ် ရောက်လာသည့်အကြောင်း လာအကြောင်းကြားစဉ် ဘုရင်မင်းမြတ် ကျီဝမ်က ပုလ္လင်ပေါ်တွင် မှုန်မှိုင်းမှိုင်း အမူအရာဖြင့် ထိုင်နေပြီး နောက်အကြံအစည်ကို စဉ်းစားတွေးတောနေသည်။
ကျောက်ယန်က တစ်ချက်ကြည့်ရုံဖြင့် အရှင်သည် စိတ်အခြေအနေမကောင်းကြောင်း တန်းသိလိုက်သည်။ ထို့ကြောင့် သူက အဖြစ်အပျက်ကို စုံစမ်းလိုက်သည်။ အိမ်ရှေ့စံ ကျီစုန့်အကြောင်း ကြားပြီးနောက် သူလည်း အံ့ဩတုန်လှုပ်လွန်း၍ စိတ်ရှုပ်သွားလေသည်။
ထို့ကြောင့် သူက မေးလိုက်သည် “ အဲဆို အရှင် အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ ”
“ ကျောက်ယန် … ငါ ကိုယ်တော် စိတ်ထဲမှာ အခုလက်ရှိ ဧကရာဇ်တာအိုစစ်ပွဲအကြောင်းပဲ တွေးမိနေတယ် ”
ထိုအရာကို ကြားကာ အမတ်ချုပ်က နှလုံးခုန်မြန်လာကာ လက်ဝါးမှ ချွေးများထွက်လာသည်။ သူ့လည်ချောင်းပင် ရေဆာသလိုမျိုး ခြောက်ကပ်ကပ် ဖြစ်သွားလေသည်။ အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူက ဘယ်လိုလုပ်ရေဆာမည်နည်း။
သူက စိတ်ထဲပျာယာခတ်နေသော်လည်း သူ့မျက်နှာထားက တည်ငြိမ်နေဆဲ ဖြစ်၏။ သူက သက်ပြင်းချကာ “ အရှင် အခုခံစားနေရတဲ့ ဒေါသကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ အခု အရှင် စိတ်ငြိမ်အောင်ထားပြီး သေချာပြန်တွေးကြည့်သင့်တယ် ”
“ကျောက်ယန် … ငါကိုယ်တော်လည်း ဧကရာဇ်တာအိုစစ်ပွဲက ငါတို့မဟာကျိုးတော်ဝင်တိုင်းပြည်အနေနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းကို ငါတို့ထဲက မျိုးဆက် မပျက်သုန်းမချင်း သေတဲ့အထိ ရင်ဆိုင်တိုက်ခိုက်ရမယ်မှန်း သိတယ်။ ဒါပေမဲ့ သူတို့ စုန့်အာကို လုပ်လိုက်တဲ့ ကိစ္စကို တွေးလိုက်ရင် ငါကိုယ်တော် စိတ်မထိန်းထားနိုင်ဘူး ”
အမတ်ချုပ်ကျောက်ယန်က အသက်ပြင်းပြင်းရှုကာ ဆက်ပြောလိုက်သည် “ ဧကရာဇ်တာအိုစစ်ပွဲစရင် ဆေးလုံး၊ လက်နက်၊ အဆောင်တွေ စတဲ့ အရင်းအမြစ်အများကြီးလည်း ပါဝင်လာလိမ့်မယ်။ အဲလိုဆိုရင် သက်တမ်းကုန်ခါနီး သူတို့ဘာသာ စည်းပိတ်ထားတဲ့ ကျင့်ကြံသူအားလုံးက နိုးထလာကြရလိမ့်မယ်။ အဲလိုဆိုရင် ဧကရာဇ်လက်နက်တွေအထိပါ ပါဝင်လာနိုင်တယ်။
ပိုအရေးကြီးတာက အိပ်စက်နေတဲ့ ထာဝရအသျှင်တွေပါ နိုးထလာနိုင်ခြေရှိတယ်။ ဧကရာဇ်တာအိုစစ်ပွဲက အသင်္ချေအင်ပါယာအလွှာတစ်ခုလုံးကို စစ်ပွဲထဲ ဆွဲသွင်းလိုက်သလို ဖြစ်သွားပြီး များစွာသေကြေပျက်စီးရလိမ့်မယ် ”
အမတ်ချုပ်ကျောက်ယန်က ရှေ့နောက်လျှောက်ရင်း စဉ်းစားနေသည် “ အရှင် … တာအိုအခွင့်အလမ်းဂိုဏ်းက ကမ္ဘာမှာ သက်တမ်းအရင့်ဆုံးဂိုဏ်းထဲက တစ်ခုဆိုတော့ အဲဒီမှာ စည်းပိတ်ထားတဲ့ အင်အားကြီးလူတွေကို ဘယ်လောက်များလိုက်မလဲ။ သူတို့အခြေခံအုတ်မြစ်က ဘယ်လောက်နက်ရှိုင်းနေလိုက်မလဲ … ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်တောင် သူတို့ထက် အခြေခံအုတ်မြစ် ပိုနက်နဲတယ်လို့ ပြောကြပေမဲ့ ကျွန်တော်တို့ အဲဒါက အမှန်မဟုတ်မှန်း အားလုံးသိထားကြတာပဲလေ ”
အရှင်မင်းမြတ် ကျီဝမ်က အထွတ်အထိပ်အဆင့် ပစ္စည်းဖြင့် ပြုလုပ်ထားသည့် ပုလ္လင်ကို ထုလိုက်၍ အနည်းငယ် ပုံပျက်သွားလေသည် “ငါကိုယ်တော် ဒါတွေအားလုံး သိတယ်။ ကျောက်ယန် ငါကိုယ်တော် စိတ်ထဲ နည်းနည်းဘဝင်မကျရုံပဲ ”
အမတ်ချုပ်က သက်ပြင်းချကာ ဆက်ပြောလိုက်သည် “ အရှင် လတ်တလောအဖြစ်အပျက်အရ တာအိုအခွင့်အလမ်းဂိုဏ်းအနေနဲ့ ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ဘယ်လောက်ပြင်းပြနေလဲဆိုတာ သိနိုင်တယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က သူတို့က ထာဝရအသျှင်တစ်ပါးကို နိုးထစေပြီးတော့ လျို့ဝှက်ကောင်းကင်မျှော်နန်းကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သေးတယ်။
ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ သူတို့က မျှော်နန်းကနေ သည်းကြီးမည်းကြီး လိုချင်နေတာရှိတယ်တဲ့။ အဲဒါကြောင့် သူတို့က အင်မော်တယ်လမ်းကြောင်း ကတိစာချုပ်ကိုတောင် ဖျက်ဆီးပြီး အင်မော်တယ်နယ်ပယ်အဆင့် အင်အားစုတွေပါ ဆွဲသွင်းချင်နေကြတာ ”
ဘုရင်မင်းမြတ် ကျီဝမ်က အမတ်ချုပ်၏ ဆိုလိုရင်းကို နားလည်၍ သက်ပြင်းချလိုက်လေသည်။ တာအိုအခွင့်အလမ်းဂိုဏ်းက အင်မော်တယ်လမ်းကြောင်း ကတိစာချုပ်ကို အလွယ်လေး ဖျက်ဆီးလိုက်၍ ဧကရာဇ်တာအိုစစ်ပွဲ စတင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ထို့အပြင် နက်နဲလှသည့် အခြေခံအုတ်မြစ်ဖြင့် သူတို့က နောက်ဆုံးအနိုင်ရသူ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ဘုရင်မင်းမြတ်ကျီဝမ်က မလိုလားသော်လည်း ဒီဒေါသကို မျိုသိပ်ထားရတော့မည်။
ဘုရင်မင်းမြတ် ကျီဝမ်က အုပ်ချုပ်သူတစ်ယောက်အနေနှင့် ကူကယ်ရာမဲ့မှုကို ငြီးတွားနေစဉ် ပထမမင်းသား ကျီစုနှင့် တော်ဝင်အစောင့်ခေါင်းဆောင် ကျိုးဖန်တို့က ခန်းမထဲ ဝင်လာကြသည်။
ခန်းမထဲဝင်လာပြီးနောက် ကျိုးဖန်က ဒူးထောက်ကာ “ အရှင်သာ အမိန့်ပေးလိုက်မယ်ဆိုရင် ကျွန်တော် တပ်မဟာကို ဦးဆောင်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ရင်ဆိုင်ပါ့မယ် ”
ထိုသို့ပြောပြီးနောက် သူက ကျီစုကို အသာစောင်းကြည့်လိုက်သည်။
ကျိုးဖန်၏ ထူးထူးဆန်းဆန်း အပြုအမူကို သတိထားမိပြီး ကျီဝမ်က အဖြစ်အပျက်ကို နားလည်သွားလေသည်။ သူက အကြီးဆုံးသားကို ကြည့်လိုက်ကာ “စုအာ … ကျိုးဖန်ကို သစ်ရွက်ကြွေမြို့ထဲမှာ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ တိုက်ခွင့်မပေးလိုက်တာ မှန်တယ်။ အခု စစ်ပွဲအတွက် အချိန်မဟုတ်သေးဘူး ”
ကျီဝမ်က မလိုလားသည့် တော်ဝင်အစောင့်ခေါင်းဆောင်ကို ကြည့်လိုက်ရင်း ပြောလိုက်သည် “ဒေါသထွက်ဖို့ မလိုဘူး။ အိမ်ရှေ့စံကျီစုန့် အဆင်ပြေမှာပါ ”
ထိုသို့ပြောပြီးနောက် ဘုရင်မင်းမြတ် ကျီဝမ်က ဘာမှထပ်မရှင်းပြတော့ဘဲ အားလုံးကို ပြန်ခိုင်းလိုက်သည်။ သူက သူ့သားဖြစ်သူ နိဗာနတွေ့ကြုံပြီး ပြန်ရောက်လာဖို့ စောင့်ဆိုင်းရန် တော်ဝင်သင်္ချိုင်းထဲ ဦးတည်လိုက်သည်။
..............
ထိုစဉ် စိတ်ဝိညာဉ်ခရီးလမ်းထဲ သုံးရက်တာ ချောချောမွေ့မွေ့ ကုန်ဆုံးသွားလေသည်။
စောင့်နေသည့် ဝမ်ဝေ့က တိရစ္ဆာန်များ တဟုန်ထိုးပြေးနေသံကို ကြားနေရသည်။ ဝမ်ဝေ့က သူ့အိမ်လေးထဲမှ ထွက်လာသည့်အခါ ခြေလေးချောင်း တိရစ္ဆာန်အုပ်စုကို စီးနင်းလာသည့် လီကျွင်းနှင့် လူအုပ်စုကို မြင်လိုက်ရသည်။ ထိုတိရစ္ဆာန်များက မြင်းနှင့် ကျွဲရိုင်းပေါင်းစပ်ထားသလိုမျိုး ဖြစ်၏။ သူတို့တွင် မြင်းခြေထောက်ပါရှိပြီး ဦးချိုနှစ်ခုနှင့် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
ဝမ်ဝေ့က ထိုလူများကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက ဆက်သွယ်ရေးအဆောင်ကို သုံးကာ လီကျွင်းအား သူ့ထောင်ချောက်များကြောင့် မထိခိုက်စေရန် အဝေးမှ ရပ်ခိုင်းထားလိုက်သည်။ ထို့နောက် ထောင်ချောက်များကို မည်သို့ရှောင်ရှားလာရမည်ကို ညွှန်ပြလိုက်သည်။
အကွာအဝေးတစ်ခုအထိ အောင်အောင်မြင်မြင် ချည်းကပ်လာနိုင်ပြီးနောက် ဝမ်ဝေ့နှင့် တွေ့ဆုံခွင့်ရသွားလေပြီ။ လီကျွင်းက အပြေးအလွှား ရောက်လာကာ မေးလိုက်သည် “အစ်ကိုကြီး အခုဘယ်လိုနေသေးလဲ ”
“ငါ အဆင်ပြေသွားပါပြီ။ မင်းက ဒီလောက်လူတွေအများကြီး ဘာလို့ခေါ်လာတာလဲ”
လီကျွင်းလည်း တစ်စုံတစ်ခုကို သိသွားဟန်ဖြင့် ဖြေလိုက်သည် “အစ်ကိုကြီး စိတ်ပူစရာ မလိုပါဘူး။ ကျွန်တော် ဒီလူတွေနဲ့ သေခြင်းရှင်ခြင်း ဖြတ်ကျော်ထားပြီးပြီ။ ပြီးတော့ အစ်ကိုကြီး သင်ပေးတဲ့အတိုင်း အကျိုးမြတ်နဲ့ အုပ်စုဖွဲ့ထားတာ။ သူတို့ကို ဒီစစ်ဆေးမှုပြီးတာနဲ့ ဂိုဏ်းဝင်ခွင့်ပေးမယ်လို့ ကတိပေးထားတယ်”
“ကောင်းတယ် ” ဝမ်ဝေ့က သူ့ပခုံးကို အသာပုတ်ပြီး ဆက်ပြောလိုက်သည် “ မင်း လျို့ဝှက်နယ်မြေတစ်ခုခုကနေ ကုသရေးဆေးလုံး ရခဲ့သေးလား”
လီကျွင်းက သိုလှောင်လက်စွပ်ကို မွေနှောက်ရှာပြီး ဆေးလုံးတချို့ ထုတ်ယူလိုက်သည် “ အဆင့်နိမ့် မြေကမ္ဘာအဆင့် အရိုးဆက်ဆေးလုံးနည်းနည်းပဲ ရှိတယ်။ ကျန်တာတွေက သောက်ဖို့ အားပြင်းလွန်းတယ် ”
“ ကောင်းပြီလေ။ ဒီဆေးလုံးနဲ့ဆိုရင် ငါ့ဒဏ်ရာတွေ လဝက်လောက်နဲ့ သက်သာလာနိုင်တယ်”
ထို့နောက် ဝမ်ဝေ့က လီကျွင်းနှင့် သူ့လက်အောက်ငယ်သားများ ကာကွယ်မှုအောက်တွင် စတင်ပြန်ကောင်းလာသည်။ ဒီကြားထဲ သူတို့ကြုံတွေ့ခဲ့ရသည့် ရှစ်လတာ အတွေ့အကြုံများကို ပြန်ပြောကြသည်။
ဝမ်ဝေ့က လီကျွင်းသည် အလယ်ပိုင်းပိုင်နက်ဆီ ပို့ခံလိုက်ရပြီး သူ့လက်အောက်ငယ်သားများကို စုစည်းခဲ့ကြောင်း သိလိုက်သည်။ သူ့လိုမျိုး တစ်ကိုယ်တည်းသမား မဟုတ်ဘဲ လီကျွင်းက စိတ်ချယုံကြည်ရသည့် အဖွဲ့ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူက သူ့ညီလေး ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံအတိအကျကို မသိရပေ။
တကယ်တော့ လီကျွင်း၏ အတွေ့အကြုံများက ရိုးရှင်းလှသည်။ စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲ ဝင်ရောက်ပြီးနောက် ပါဝင်ယှဉ်ပြိုင်သူ အများအပြားနှင့် တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း သူက သူတို့ကို သတ်မည့်အစား အညံ့ခံဖို့ မေးခဲ့သည်။ သူက အညံ့ခံသူများကို လက်ခံခဲ့ပြီး ငြင်းဆန်သူများကို သတ်ပစ်ခဲ့သည်။
သူ့လက်အောက်ငယ်သားများကို အဖွဲ့လိုက်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ သင်ပြပေးပြီးနောက် သူက အလယ်ပိုင်း ပိုင်နက်တစ်လျှောက် အာဏာဖြန့်ကာ အုပ်စိုးလာသည်။ ထို့နောက် စစ်ဆေးမှု ဒုတိယတပိုင်း၌ အသစ်ဖွင့်ထားသည့် မြို့တစ်ခုကို ဝင်စီးနိုင်ခဲ့သည်။ မြို့အရှင်တစ်ယောက်အနေနှင့် လီကျွင်းက လဲလှယ်ရေးပစ္စည်းများဖြစ်သည့် အစားအစာ၊ လက်နက်၊ ဆေးလုံးနှင့် ကျင့်စဉ်များကိုပါ စုစည်းလာသည်။ အဖွဲ့ဝင်များက စစ်ဆေးမှုအတွင်း မကျင့်ကြံနိုင်သော်လည်း နောက်ခံနိမ့်ကျသည့် အများစုက ဒီအခွင့်အရေးကို အသုံးချကာ နောင်အနာဂတ်အတွက် ကျင့်စဉ်ကောင်းကို ရှာဖွေကြသည်။
ယေဘုယျအားဖြင့် လီကျွင်းသည် ဒီစစ်ဆေးမှုကို အလကား အကြောင်းအရင်းမရှိ လျှောက်လုပ်နေခြင်း မဟုတ်ပေ။ လီကျွင်းအနေနှင့် ဂိုဏ်းက သူ့ကို ဝမ်ဝေ့၏ ဧကရာဇ်လမ်းစဉ်အတွက် လမ်းထွင်းပေးနိုင်မည့် အားကောင်းကောင်း စစ်သူကြီးတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပေးနေမှန်း သိထားသည်။ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ သူက အဖွဲ့များကို စတင်ဦးစီးကာ ခေါင်းဆောင်ကောင်း မည်သို့ဖြစ်ရမည်ကို သင်ယူခဲ့ခြင်း ဖြစ်သည်။
လီကျွင်းက သူ့အစ်ကိုကြီးသည် အင်မတန် ထူးခြားကာ ဉာဏ်ကြီးကြောင်း သိထားသည်။ ထို့ကြောင့် သူ အားပိုကောင်းလာသည်နှင့်အမျှ လူအများစုက သူ့နောက်လိုက်ကာ တပ်မဟာကို စောင့်ကြပ်ပေးလိုကြသည်မှာ မလွဲဧကန်ပင် ဖြစ်၏။ အကယ်၍ သူသာ အစ်ကိုကြီးခြေလှမ်းအတိုင်း မလိုက်နိုင်လျှင် သူတို့ ညီအစ်ကိုဆက်ဆံရေးကြောင့် သူ့နေရာ အစားထိုးခံရမည် မဟုတ်မှန်း သိထားသော်လည်း သူ့အနေအထားက နေရခက်လာလိမ့်မည်။
ထို့အပြင် သူ့အစ်ကိုကြီးက သူ မလိုက်နိုင်လျှင်ပင် ဘာမှပြောမည် မဟုတ်သော်လည်း ဂိုဏ်းကတော့ ငြိမ်နေမည် မဟုတ်ပေ။ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဆောင်ပုဒ်သည် “အမှိုက်ကို မပျိုးထောင်ပေးနိုင်” ဟူ၍ ဖြစ်သည်။
သိပ်မကြာခင် ခုနှစ်ရက်တာ ကုန်ဆုံးသွားလေသည်။ ဝမ်ဝေ့က သူ့လက်ဖြင့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတချို့ လုပ်လိုက်သည်။
ရက်ပိုင်းလေးအတွင်း ကျိုးနေသည့် သူ့လက်မောင်းက ပြန်ကောင်းလာပြီး သူ့နံရိုးများကလည်း ပြန်ပေါက်လာကာ ဆက်သွားလေပြီ။ ပြဿနာတစ်ခုမှာ ဒဏ်ရာရနေသည့် သူ့ကျောရိုး ဖြစ်ပြီး ပြန်ကောင်းလာဖို့ အချိန်ယူရလိမ့်မည်။
ဝမ်ဝေ့က လက်ဝှေ့ထိုးနေစဉ် လီကျွင်းက သတင်းတချို့နှင့်အတူ ရောက်လာသည်။
“အစ်ကိုကြီး ကျွန်တော့်ကို ရှာကြည့်ဆိုပြီး ပြောဖူးတဲ့ ကောင်လေးကို မှတ်မိသေးလား”
ဝမ်ဝေ့က ခဏတာ စဉ်းစားလိုက်ပြီးနောက် လီကျွင်းသည် သစ်ရွက်ကြွေမြို့ထဲမှာ တွေ့ခဲ့သော သူ့ချီနဂါးထူးထူးဆန်းဆန်း ပြုမူစေသည့် ကောင်လေးကို ပြောမှန်း သိလိုက်သည်။ ဝမ်ဝေ့က ဆက်ပြောဖို့ အချက်ပြလိုက်သည်။
“အစ်ကိုကြီး သူ့အပေါ် ထားခဲ့တဲ့ ခြေရာခံအဆောင်ကနေ သူ့ကို အရှေ့ပိုင်း ပိုင်နက်ထဲမှာ တွေ့တယ်။ အစ်ကိုကြီး ပြောခဲ့တဲ့အတိုင်း အခု သူ့ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတယ်။ အခု ဒီကောင်လေးက လျို့ဝှက်နယ်မြေတစ်ခုထဲ ဝင်ဖို့ ကံကောင်းသွားတယ်လို့ သတင်းရလိုက်တယ် ”
ဝမ်ဝေ့၏ အကြည့်တို့ ရုတ်ချည်းဆိုသလို လင်းလက်သွားသည်။ ဒီကောင်လေး ကြုံတွေ့ရမည့် ကံကောင်းမှုသည် သူ့ချီကံကောင်းမှု နဂါး ထူးထူးဆန်းဆန်း ပြုမူသည့် အကြောင်းအရင်း ဖြစ်နိုင်လောက်သည်။ ထိုကောင်လေးက အလွန်အသုံးဝင်သည့် အရာတစ်ခုခု ရသွားနိုင်သည်။
“အခု သူ ဘယ်မှာလဲ ”
“ကျွန်တော်ရဲ့ လက်အောက်ငယ်သားတွေက သူ့ကို ဒီခေါ်လာနေပါပြီ။ သူတို့တွေ ရက်ပိုင်းအတွင်း ရောက်လာပါလိမ့်မယ် ”
“ကောင်းတယ် ကောင်းတယ် ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ဒီကောင်လေး သူ့ဆီ ဘယ်လိုအခွင့်အရေးမျိုး ယူဆောင်လာမလဲ စောင့်မျှော်နေမိသည်။ နောက်ခံတောင့်သူတစ်ဦးအနေနှင့် သူ့အား စိတ်လှုပ်ရှားစေသည့်အရာ အနည်းငယ်သာ ရှိလေသည်။