← Chapters

ကောင်းကင်နန်းဆောင်များကို ဖွင့်လှစ်ခြင်း

Vol. 56 Ch. 743

ကောင်းကင်နန်းဆောင်များကို ဖွင့်လှစ်ခြင်း

Vol. 56 Ch. 743

အရန်နန်းဆောင်၏ ပင်မခန်းမထဲတွင် ကောင်းကင်နတ်သိုင်းပညာရှင်များစွာ ရှိနေသည်။ နန်းဆောင်မှာ အတော်လေး ကြီးမားကျယ်ဝန်းသောကြောင့် လူအယောက်တစ်သောင်း အသာလေး ဆန့်၏။

ဤအခိုက်အတန့်တွင် ခန်းမထဲရှိ လူတိုင်း ‘သေရွာမှ ပြန်ရှင်လာသော’ လူအား ငေးကြည့်နေကြသည်။

သူကား သူတို့၏ ခေါင်းဆောင်ဖြစ်၏။ သူ၏သေဆုံးမှုကြောင့် မရေမတွက်နိုင်သော လူ‌ပေါင်းများစွာ ယူကျုံးမရ ငိုကြွေးခဲ့ကြရသည်။ ရှေးဟောင်းနတ်ဘုရားများ သို့မဟုတ် နတ်ဘုရားတစ်ပိုင်းတို့၏ လက်ချက်များလော ဟုလည်း တွေးထင်မိစေခဲ့သည်။

ယခုမူ ‘သေရွာမှ ပြန်ရှင်လာသော’ သူကား .... သူတို့အားလုံး၏ ရှေ့မှောက်၌ ပေါ်လာခဲ့ချေပြီ။

အားလုံး လမ်းဖယ်ပေးလိုက်ကြရင်း ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ တည်ငြိမ်အေးဆေးစွာ လျှောက်နေသည့် သူ့အား တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။

ရုတ်တရက် လူအုပ်ကြီးသည် ခပ်တိုးတိုး ရေရွတ်နေကြ၏။ ရေရွတ်သံက ကျယ်သည်ထက် ကျယ်လာသည်။

“ကောင်းကင်နတ်အရှင်ယွီ” တစ်ယောက်က ကျယ်လောင်စွာ ထအော်သည်။

“ကောင်းကင်နတ်အရှင်ယွီ” အော်သံများ တစတစ များပြားလာသည်။

“ကောင်းကင်နတ်အရှင်ယွီ ကောင်းကင်နတ်အရှင်ယွီ”

....

ဝမ်းသာအားရ ဟစ်ကြွေးအော်ဟစ်သံများသည် ကျယ်လောင်သည်ထက် ကျယ်လောင်လာကြ၏။ အော်သံများကြောင့် ကောင်းကင်နတ်ဧကရီ၏ အရန်နန်းဆောင်အတွင်းရှိ လေထုပင် လှိုင်းထသွားပြီး အသံလှိုင်းများက ကောင်းကင်သို့ ထိုးတက်ကာ တိမ်တိုက်များကို ဖြိုခွဲပစ်လိုက်သည်။

ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်နတ်အရှင်ယွီ၏ နာမည်ကိုသာ တိုင်တည်အော်ဟစ်နေကြ၏။

သူတို့၏မျက်လုံးထဲတွင် စင်မြင့်ထက်သို့ လျှောက်သွားသော လူက သူတို့၏ခေါင်းဆောင် ဖြစ်သည်။ သူကား မျိုးနွယ်စုအားလုံးကို ဦးဆောင်ကာ လမ်းဖောက်ပေးခဲ့သူပင်။

ချင်မူ အနည်းငယ် မှင်သက်သွားပြီး ခြေလှမ်းများကို နှေးလိုက်ရင်း အားအင်တက်ကြွနေသော လူများဆီသို့ ဝေ့ဝဲကြည့်လိုက်မိသည်။ အခြားကမ္ဘာမှ လူတစ်ယောက်အနေဖြင့် ဤလူများ၏ ပြင်းထန်နေသော ခံစားချက်များကို သူ နားမလည်နိုင်ပေ။

ခန်းမအတွင်းရှိ ဤကောင်းကင်နတ်သိုင်းပညာရှင်များမှာ ကမ္ဘာပေါင်းစုံမှ ဖြစ်ပြီး သူတို့၏ဘုံအသီးသီးတွင် ခေါင်း‌ဆောင်များဟု သတ်မှတ်နိုင်သည်။ သို့တိုင်အောင် သူတို့သည် ခေါင်းဆောင်နောက်တစ်ဦး၏ ဦးဆောင်ရာနောက်သို့ ပြင်းထန်အားကောင်းသော စိတ်ခံစားချက်များဖြင့် တက်ကြွစွာ လိုက်နေကြ၏။ ချင်မူ့အတွက် နားလည်ရန် ခက်သည်။

သူ မသိသည်မှာ ... လက်ရှိကောင်းကင်နတ်ဘုံသည် စည်ကားတိုးတက်နေသော်လည်း အခြားကမ္ဘာများတွင် ဤကဲ့သို့ အင်အားမျိုး မရှိကြပေ။ ထိုအစား အန္တရာယ်များသာ ငုပ်လျှိုးပုန်းကွယ်နေသည့်အပြင် ရှေးဟောင်းနတ်ဘုရားတို့၏ မျိုးဆက် ကောင်းကင်သားရဲများလည်း ပြည့်နှက်နေသည်။

လူသားများနှင့် ကျန်မျိုးနွယ်အများစုမှာ မြက်ဖိနပ်၊ မြက်အဝတ်များကိုသာ ဝတ်ဆင်ကြရသည်။ သစ်သားမှ ထွင်းထားသော လှံများကို ကိုင်ကြရသည်။ အသက်ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ကြရ၏။ သာမန်သားရဲများနှင့် ရင်ဆိုင်ရလျှင် ဒုက္ခမများသော်လည်း ရှေးဟောင်းနတ်ဘုရား၏မျိုးဆက် ကောင်းကင်သားရဲများနှင့် ဆုံတွေ့သည့်အခါ သူတို့မှာ ထိုနတ်ဘုရားတစ်ပိုင်းတို့၏ ဝမ်းဗိုက်ထဲသို့သာ ရောက်ကြရသည်။

အားအနည်းဆုံး နတ်ဘုရားတစ်ပိုင်းများကပင် လူသားမျိုးနွယ်ထက် အဆပေါင်းများစွာ သန်မာအားကောင်းသည်။

အန္တရာယ်သည် ဤမျှတင်မကသေး။ မိုးလေဝသ ဖောက်ပြန်မှုများလည်း ရှိသည် — မုန်တိုင်းလေကြမ်းများ၊ မီးတောက်ပေါက်ကွဲမှုများ၊ မြေငလျင်များနှင့် အခြားသဘာဝကပ်ဘေးများလည်း အချိန်မရွေး ထွက်‌ပေါ်လာတတ်၏။

ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ယွီသည် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့ခြင်းဖြင့် အားနည်းသောမျိုးနွယ်များတွင် မိမိကိုယ်ကို ကာကွယ်နိုင်မည့်စွမ်းအား၊ သဘာဝကပ်ဘေးများကို ခုခံနိုင်မည့် အင်အား၊ နတ်ဘုရားတစ်ပိုင်းများကို ရှောင်တိမ်းနိုင်မည့် ခွန်အားတို့ ရှိလာစေခဲ့သည်။

သူက လူသားအားလုံး၏ ခေါင်းဆောင်၊ အားနည်းသော မျိုးနွယ်၏ ခေါင်းဆောင် ဖြစ်ပေသည်။

အရန်နန်းဆောင်၏ ပလ္လင်စင်မြင့်ထက်ရှိ ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်မှာ အနည်းငယ် ပျာယာခတ်နေသည်။ များစွာမကြာလိုက်ဘဲ သူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး မလှမ်းမကမ်းရှိ ကောင်းကင်ယင်သားတော်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

‌ကောင်းကင်ယင်သားတော်မှာ‌တော့ ပလ္လင်စင်မြင့်ဆီ လမ်းလျှောက်သွားနေသော ကောင်းကင်နတ်အရှင်ယွီကို ကြည့်ရင်း မျက်နှာဖြူလျော်နေသည်။ သူသည် ထိတ်လန့်ကြောက်ရွံ့ကာ ဂနာမငြိမ် ဖြစ်နေ၏။

ချင်မူက ပလ္လင်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တက်သွားသည်။

ပလ္လင်အပေါ်ရှိ ကောင်းကင်နတ်အရှင်ဟောင်မှာလည်း မည်သို့လုပ်ရမည်မှန်း မသိပေ။ သူက နတ်ပလ္လင်ထက်မှ မဆင်းသော်လည်း တဖြည်းဖြည်း ဣန္ဒြေပြန်ဆည်နိုင်သွား၏။ ထို့နောက် လမ်းလျှောက်တက်လာသော ချင်မူ့ကို ကြည့်ကာ ပြုံးပြလေသည်။

‘မင်းက အတုမှန်း သိပေမယ့် ငါ မင်းကို ဖော်ထုတ်လို့မရဘူး’

သူ့မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်ထားပြီး သူ၏ပုံစံမှာ စိတ်လှုပ်ရှားနေသယောင် ထင်ရသည်။ သူက သူ့ဘာသာသူ တွေးနေသည်။ ‘မင်းက သေသွားပြီ... မင်းရဲ့ ဝိညာဉ်လည်း ပြိုကွဲနေပြီ... မင်း အသက်ပြန်ရှင်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...မင်း အယောင်ဆောင်နေတဲ့ ဒီလူက ဘယ်သူလဲ... အခုလို ရုပ်ခန္ဓာတည်ဆောက်ပုံနဲ့ ပုံပန်းသွင်ပြင်၊ အဟန့်အထည်တွေကို ပြောင်းပေးနိုင်တဲ့ ဒီကျင့်စဉ်က အမှန်တကယ် ဆန်းကြယ်တာပဲ... ငါ မင်းကို ဖော်လိုက်လို့မရဘူး... ဖော်လိုက်ရင် ငါ့လက်ထဲမှာ မင်းသေခဲ့ရမှန်း ကျန်တဲ့လူတွေ သိသွားကြလိမ့်မယ်... ဒါပေမဲ့ မင်းဘာသာမင်းတော့ ဖော်ထုတ်နိုင်တယ်’

နတ်ပလ္လင်သည် အလွန်မြင့်မားသဖြင့် အောက်ရှိလူတိုင်းမှာ မော့သာ ကြည့်ကြရသည်။

ချင်မူ ပလ္လင်အပေါ် ရောက်လာသည့်အခါ ကောင်းကင်နတ်အရှင်ဟောင်သည် လက်နှစ်ဖက်ကို ဖြန့်ကားပြီးနောက် သူ့ကို တင်းကြပ်စွာ ဖက်လိုက်၏။ သူက မျက်ရည်များဝဲလျက် ပျော်ရွှင်နေပုံပေါက်သော်လည်း စိတ်ထဲ ကြိတ်တွေးနေသည်။ ‘ကောင်းကင်နတ်အရှင်ယွီအစစ်က နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ငါ့ဆီ ပေးခဲ့ပေမယ့် တခြားသူတွေကိုတော့ မပြောပြခဲ့ဖူးဘူး... မင်းအနေနဲ့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း မသိမှတော့ မင်းပေါင်မင်း လှန်ထောင်းမိမှာပဲ ငါ စောင့်တော့မယ်... အဲဒီအချိန်ကျလာရင် မင်းက ကောင်းကင်နတ်အရှင်ယွီကို သတ်လိုက်တဲ့ လူသတ်သမား ဖြစ်သွားပြီး အားလုံးရဲ့ အမဲဖျက်တာ ခံရလိမ့်မယ်”

သူက ချင်မူ့ကို လွှတ်ပေးပြီး မျက်ရည်များ သုတ်လိုက်သည်။

ချင်မူ ဟက်ခနဲ ရယ်ကာ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင်၊ ငါ သေရွာက ပြန်လာတဲ့အချိန်မှာ ဘာလို့ ဒီလိုဖြစ်နေတာတုန်း... ထိုင်ပါဦး”

ကောင်းကင်နတ်အရှင်ဟောင်က ထိုင်လိုက်ပြီး မျက်လုံးများ နီရဲနေသည်။ “အစ်ကိုကြီးယွီ အသက်ရှင်နေသေးတာပဲဗျာ... ကျွန်တော်က အစ်ကိုကြီး သေပြီထင်နေတာ... ကျွန်တော်ကိုယ်တိုင် အစ်ကိုကြီးကို ဆယ်ရက်တိုင်တိုင် စောင့်ကြည့်ပြီး မြေမြှုပ်‌ပေးခဲ့ရတာ မဟုတ်လား... ဒါပေမဲ့ အစ်ကိုကြီးယွီက အခုလို ဗြုန်းခနဲ ပေါ်လာတော့ ဒီညီလေး အံ့ဩဝမ်းသာလွန်းလို့ ငိုမိတာပါ... အစ်ကိုကြီးယွီကို ဘယ်သူ လုပ်ကြံခဲ့တာလဲ”

“ငါနဲ့ ရင်းနှီးတဲ့ လူနှစ်ယောက်”

ချင်မူ ပြုံးလိုက်သည်။ “တစ်ယောက်က ငါ့ရုပ်ခန္ဓာကို သတ်တယ်... တစ်ယောက်က ငါ့ဝိညာဉ်ကို ဖျက်စီးခဲ့တယ်”

ကောင်းကင်ယင်သားတော်၏ လက်နှစ်ဖက်စလုံး တုန်ရီနေပြီး ကောင်းကင်နတ်အရှင်ဟောင်၏ သူငယ်အိမ်များ ကျုံ့သွားသည်။

ချင်မူက ရုတ်တရက် လှုပ်ရှားလိုက်သည်။ အားလုံး၏ ရှေ့မှောက်တွင် သူသည် ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားအနောက်တည့်တည့်သို့ ထိုးချလိုက်၏။

“သူက ဒီလက်သီးချက်နဲ့ ငါ့နှလုံးသားကို ခြေမွသွားတယ်”

ကောင်းကင်ယင်သားတော် ထိတ်လန့်ကြောက်ရွံ့သွားသော်လည်း ကောင်းကင်နတ်အရှင်ဟောင်က တုတ်တုတ်မလှုပ်ဘဲ ရပ်နေသည်။ အဘယ်ကြောင့်ဆိုသော် ချင်မူ၏လက်သီးချက်တွင် အားတစ်စက်မှ မပါ၍ပင်။

ချင်မူ့ခန္ဓာကိုယ်က လျှပ်စီးလို လျင်မြန်စွာ ရွေ့လျားနေပြီး သိုင်းကွက်များသည်လည်း သွက်လက်သည်။ လက်သီးချက်တိုင်း၊ ကန်ချက်တိုင်းကို အားလုံး ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။

“သူက ဒီသိုင်းကွက်နဲ့ ငါ့နံရံကို ချိုးပစ်ခဲ့တယ်”

“ဒီသိုင်းကွက်နဲ့ ငါ့လက်ချောင်းတွေကို ချိုးခဲ့တယ်”

“ငါ့လက်မောင်းကိုတော့ ဒီလိုချိုးသွားတာ”

***

ချင်မူက လျှပ်စီးလိုမြန်ပြီး ကောင်းကင်နတ်အရှင်ယွီ အသတ်ခံခဲ့ရသော မြင်ကွင်းအား လျင်မြန်စွာ သရုပ်ဖော်ပြနေသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာကာ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အစ်ကိုကြီးယွီက ကျွန်တော့်ကို လန့်အောင် လုပ်နေတယ်... ဆိုတော့ အဲ့ဒီလူက အစ်ကိုကြီးယွီရဲ့ ဝိညာဉ်ကို ဘယ်လိုဖျက်စီးသွားခဲ့တာလဲ”

ချင်မူ၏ ချီစွမ်းအင် တရှိန်ထိုး ထွက်ပေါ်လာပြီး‌ လေအေးတစ်ချက် တိုက်ခတ်လာသည်။ တိမ်တိုက်များသည်လည်း မှိုင်းညို့မှောင်မည်းလာ၏။ သူကား ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ပေတော့မည်။

ကောင်းကင်သားတော်မှာ အခြေအနေကို မြင်လျှင် ရုတ်တရက် ကြမ်းပြင်ပေါ် ဘုန်းခနဲ လဲကျသွားတော့၏။ သူကား လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားချေပြီ။

ချင်မူက ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးကို ‌လက်ချောင်းတစ်ချောင်းဖြင့် အသာအယာ တောက်ကာ ပြောလိုက်၏။ “အဲ့ဒီလူက ငါ့ရုပ်ခန္ဓာ သေသွားတဲ့အချိန်မှာ ဒီသိုင်းကွက်နဲ့ ငါ့ဝိညာဉ်ကို ဖျက်ဆီးခဲ့တာပဲ”

ကောင်းကင်နတ်အရှင်ဟောင်က ရိုးသားဖြူစင်သည့် အပြုံးကို ဆင်မြန်းလျက် အထိုက်အလျောက် ပြော၏။ “အစ်ကိုကြီးယွီ အခုလို အသက်ပြန်ရှင်လာတာ အင်မတန် ကံကောင်းတာပဲဗျာ... မိုးကောင်းကင်က အစ်ကိုကြီးကို တကယ် မျက်နှာသာပေးလိုက်တာပဲ... ကြည့် ချောင်ကျင့်ဆို ၀မ်းသာလွန်းလို့ သတိတောင်လစ်သွားပြီ... အစ်ကိုကြီးယွီ ဒီရောက်နေပြီဆိုမှတော့ ကျွန်တော် အစ်ကိုကြီးယွီရဲ့ ကောင်းမှုကုသိုလ်ကို မယူတော့ပါဘူး... အစ်ကိုကြီးယွီပဲ သက်ရှိသတ္တဝါအားလုံး နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ပြောပြလိုက်လေ... ညီလေး အောက်ဆင်းပေးမယ်”

ချင်မူက သူ့လက်ကောက်၀တ်ကို ဆွဲကာ ရယ်လိုက်သည်။ “နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို မင်းဆီ ပြောပြထားပြီးသားဆိုတော့ အတူတူ ဖြန့်ဝေရင် မကောင်းဘူးလား... မင်းက တစ်ပိုင်းပြော ငါက တစ်ပိုင်းပြောမယ်လေ”

ကောင်းကင်နတ်အရှင်ဟောင်က ၀မ်းသာအားရ ပြောသည်။ “အစ်ကိုကြီးယွီရဲ့စကားကို ကျွန်တော် ဘယ်ပယ်ရှားဝံ့ပါ့မလဲ‌ဗျာ... အဲ့ဒါဆိုရင် အစ်ကိုကြီးယွီက မိတ်ဆက်အပိုင်းပြော... ကျွန်တော်က ဒုတိယအပိုင်း ပြောမယ်”

ချင်မူက အင်္ကျီလက်အိုးကို သိမ်း၍ ထိုင်ချလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း ထိုင်ရန် အမူအရာပြလိုက်၏။

ကောင်းကင်နတ်အရှင်ဟောင်က ထိုင်ချပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ “အစ်ကိုကြီးယွီ ကျေးဇူးပြုပြီး”

ခိုင်ဧကရာဇ်မှာ ပင်မခန်းမတံခါး၀သို့ ဆုတ်ခွာသွားပြီ ဖြစ်ပြီး နွားအိုကြီးအနားကပ်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “အခြေအနေတစ်ခုခု ပြောင်းလဲသွားတာနဲ့ သူ့ကို ကယ်ရမယ်”

နျိုစန်းသောက ပြောသည်။ “အခြေအနေက ဘယ်လိုပြောင်းတော့မှာလဲ... ကောင်းကင်တံတားက ကောင်းကင်နတ်ဘုံတွေနဲ့ ဆက်နေပြီလေ... ညီလေးအနေနဲ့ မူလဝိညာဉ်ကို ကောင်းကင်နန်းဆောင်တွေဆီ ဘယ်လိုပို့ရမလဲပြောပြရုံပဲ လိုတာ... ကောင်းကင်နတ်အရှင်ဟောင် သူ့ကို မဖော်ထုတ်နိုင်ပါဘူး”

ခိုင်ဧကရာဇ်က ခေါင်းရမ်းကာ အလေးအနက်ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင် အကောက်ကြံနေတယ်... သူ ပထမပိုင်းကို ပြောစေချင်တဲ့ အကြောင်းအရင်းက ချင်မူ သူ့ကိုယ်သူ ဖော်ထုတ်မိအောင်ပဲ... ခင်ဗျားလည်း သိပါတယ်... မူလဝိညာဉ် ကောင်းကင်နန်းဆောင်တွေဆီ တက်လှမ်းနိုင်ရင် ရှေးဟောင်းနတ်ဘုရားတွေနဲ့ တန်းတူဖြစ်လာမယ်၊ နတ်ဘုရားတွေလို မသေမျိုးလည်း ဖြစ်လာကြမယ်... ဒါပေမဲ့ ဒီခေတ်က လူတွေမှာ ကောင်းကင်နန်းဆောင် မရှိဘူးလေ”

နွားအိုကြီး မှင်သက်သွားသည်။ သူ့နဖူးမှ ချွေးသီးချွေးပေါက်များ ကျလာ၏။

ခိုင်ဧကရာဇ်က အလေးအနက်ပြောသည်။ “ဒီခေတ်က လူတွေက ကောင်းကင်နန်းဆောင်တွေကို မဖွင့်ရသေးဘူး... သူတို့ရဲ့ကောင်းကင်တံတားက ဒီတိုင်း လွင့်မျောနေတဲ့ တံတားတစ်စင်းသက်သက်ပဲ... ကောင်းကင်နတ်အရှင်ယွီက ဘာမှမရှိတဲ့အရာကနေ ကောင်းကင်နန်းဆောင်ကို ဖန်တီးမှာ... အခု သူ သေသွားတဲ့အပြင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နန်းဆောင် ဖွင့်နိုင်မယ့် နည်းလမ်းကို တတ်မြောက်ထားပြီးပြီ... မူချင်းက ကောင်းကင်နန်းဆောင် ဘယ်လိုဖွင့်ရလဲ မသိဘူးလေ... သူ သိရင် ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက် ဖြစ်လာမှာပေါ့... မသိမှတော့ ဖော်ထုတ်ခံရလိမ့်မယ်”

နွားအိုကြီး ရင်ထဲတွင် လေးလံသွားကာ ခပ်တိုးတိုး ပြောလိုက်၏။ “ဒါဆို ကောင်းကင်နတ်အရှင်ဟောင်က လူသတ်သမားပါလို့ ပြောလိုက်လို့မရဘူးလား... ဘာလို့ ကျင့်စဉ်ကို ဟောပြောနေဦးမှာလဲ”

“မူချင်း ပလ္လင်ပေါ် တက်သွားတဲ့ ရည်ရွယ်ချက်က သပ်သပ်ရှိတယ်... သူက ကောင်းကင်နတ်အရှင်ဟောင် မလှုပ်ရှားနိုင်အောင် ချုပ်ထားပြီး အမှားမပါတဲ့ နတ်ဘုရားဖြစ်လာနိုင်မယ့် နည်းလမ်းကို ကောင်းကင်နတ်အရှင်ဟောင် ဖြန့်ဝေရအောင် ဖိအားပေးချင်လို့ပဲ... အဲဒါကြောင့် ကောင်းကင်နတ်အရှင်ဟောင်ကို ချက်ချင်း သတ်လိုက်လို့ မဖြစ်ဘူး”

ခိုင်ဧကရာဇ်က အသံကို အတတ်နိုင်ဆုံး တိုးထားသည်။ “ဒါပေမဲ့ ကောင်းကင်နတ်အရှင်ဟောင်ကလည်း သူ့ရည်ရွယ်ချက်ကို တန်းမြင်တယ်.... ဒီလူက ရက်စက်ကြမ်းကြုတ်လွန်းတယ်... သူ့လိုလူမျိုးက ကျွန်တော့်ရဲ့ မဟာရန်သူတော်ပဲ.... ဒီနေရာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံမဟုတ်လား... နတ်ဘုရားတစ်ပိုင်းတွေနဲ့ ကောင်းကင်နတ်သိုင်းပညာရှင်အားလုံးလည်း ရောက်နေကြတာ ဆိုတော့ မူချင်း မဖြေနိုင်ရင် ကောင်းကင်နတ်အရှင်ဟောင် တိုက်ခိုက်စရာတောင် မလိုဘူး... နတ်ဘုရားတစ်ပိုင်းတွေနဲ့ ‌ကောင်းကင်နတ်သိုင်းပညာရှင်တွေက မူချင်းကို သေအောင် ရိုက်ကြလိမ့်မယ်... အဲဒါအပြင်...”

သူ့အမူအရာက စိုးရိမ်နေသောအမူအရာ ဖြစ်သွား၏။ ‘နဂါးသွဲ့ရေကန်က ကောင်းကင်နတ်ဧကရီရဲ့ ပန်းခြံပဲ... ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရီရဲ့ နေရာမှာ ကောင်းကင်နတ်အရှင်ယွီကို သတ်ရဲတယ်ဆိုတော့ ... ဒီကိစ္စက ရှုပ်ထွေးလွန်းတယ်.... ကောင်းကင်နတ်အရှင်ဟောင်ဆိုတာ နတ်ဘုရားတစ်ပိုင်း... ရှေးဟောင်းနတ်ဘုရားတစ်ပါးနဲ့ လူသားကနေ မွေးလာတဲ့ ကလေး... အဲဒီရှေးဟောင်းနတ်ဘုရားက ဘယ်သူဖြစ်နိုင်မလဲ... မူချင်းက အဆင်အခြင်မဲ့လွန်းတယ်... ငါတို့ ဒီကို လာတာက သမိုင်းကို ကြုံတွေ့ခံစားဖို့ပဲ လာတာ... သူက တကယ် နစ်မျောပြီး သူ့ကိုယ်သူ အန္တရာယ်ထဲ ဆွဲသွင်းနေပြီ...’

ပလ္လင်အပေါ်တွင် ချင်မူ၏ချီစွမ်းအင်က လှပတင့်တယ်စွာ စီးမျောထွက်လာသည်။ သူ၏ချီစွမ်းအင်သည် ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနှင့် ကောင်းကင်တံတား ဟူသည် ကောင်းကင်ရတနာခုနစ်ပါးအား ဖွဲ့တည်လိုက်၏။

သူက ချီစွမ်းအင်ကို သုံး၍ သဏ္ဍာန်ဖွဲ့တည်လိုက်ခြင်းဖြင့် အားလုံး ကောင်းကင်ရတနာခုနစ်ပါးကို ရှင်းလင်းပြတ်သားစွာ မြင်ရစေသည်။

“လှလိုက်တဲ့ သင်္ချာ... ကောင်းကင်နတ်အရှင်ယွီရဲ့ သင်္ချာစွမ်းရည်က အင်မတန် မြင့်မားလွန်းတာပဲ”

တာအိုရသေ့တစ်ပါးက သံလိုက်အိမ်မြှောင်ကို ကိုင်၍ မော့ကြည့်နေသည်။ သူသည် အတောမသပ်နိုင်အောင် ချီးကျူးနေပြီး သူ့ဘေးရှိ ဘုန်းကြီးဆီသို့ ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီဆိုတဲ့အတိုင်းပဲ... အက္ခရာသင်္ချာမှာ လမ်းစဉ်အဆင့်တောင် ရောက်တော့မယ်... စကားလုံးနဲ့ ဖော်ပြမတတ်လောက်အောင် နက်ရှိုင်းလှပါပေတယ်... သူ သင်္ချာသဘောတရားနဲ့ ကောင်းကင်ရတနာတွေ ဖွဲ့တည်ထားတာ မြင်ရလား”

ဘေးရှိ ဘုန်းကြီးက လောလောဆယ်တွင် အလှူခံနေသည်။ “နောင်တော်တို့... ကိုယ်တော်တို့ညီအစ်ကို အစာမစားရတာ နှစ်ရက်ရှိပါပြီ... စွမ်းအင်ဆေးလုံးနှစ်လုံးလောက်များ ရှိရင် စွန့်ကြဲပေးကမ်းကြပါ.... သင်္ချာက ငါ့အတွက် အသုံးမဝင်ဘူး... ငါက စိတ်နှလုံးကို ကျင့်တာ”

ချင်မူသည်  ချီစွမ်းအင်ဖြင့် ကောင်းကင်ရတနာများကို တည်ဆောက်ပြနေသည်။ ဤကောင်းကင်ရတနာများမှာ သူ ရှုရှန်းဟွာနှင့် ကျန်ရှိသူများနှင့်အတူ အလွန်တရာ အသက်ဝင်နေအောင် တည်ဆောက်ထားခဲ့သော ပုံစံတူ ဖြစ်၏။

သူ၏ချီစွမ်းအင်က ကောင်းကင်နတ်အရှင်ယွီ၏ ပုံရိပ်အသွင် ပြောင်းပြီး ကောင်းကင်တံတားအပေါ် တက်လိုက်သည်။ သူကား တံတားအဆုံးသို့ ရောက်‌ပေတော့မည်။

ခိုင်ဧကရာဇ် ရင်တဒိန်းဒိန်း ခုန်လာသည်။ ဤအချိန်သည် အတိမ်းအစောင်းမခံသော အချိန်ဖြစ်၏။ ချင်မူ နတ်ဘုရားဖြစ်နိုင်မည့် နည်းလမ်းကို မပြောပြနိုင်လျှင် ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို သူယောင်ဆောင်အဖြစ် စွပ်စွဲကာ ကောင်းကင်နတ်အရှင်ယွီလုပ်ကြံခံခဲ့ရသည့် ကိစ္စအား ပုံချလိမ့်မည်။

ချင်မူ၏ ချီစွမ်းအင်မှ အသွင်ပြောင်းထားသည့် ကောင်းကင်နတ်အရှင်ယွီသည် တံတားအဆုံးသို့ ရောက်သည့်အခါ ရပ်လိုက်၏။

ခိုင်ဧကရာဇ်၏ လက်ဝါးနှစ်ဖက်လုံး ချွေးပြန်နေသည်။

အနာဂတ်၏ လူများသည် ကောင်းကင်တံတားအဆင့်သို့ ကျင့်ကြံပြီးသည်နှင့် မူလဝိညာဉ်ဖြင့် ကောင်းကင်နန်းဆောင်များဆီသို့ တက်နိုင်သည့်အကြောင်းသာ သိကြ၏။ ကောင်းကင်နန်းဆောင်များ မည်သည့်နေရာမှ ရောက်လာမှန်း မသိကြပေ။

ကောင်းကင်နန်းဆောင် ဖွင့်လှစ်သည့် နည်းလမ်းမှာလည်း အချိန်၏တိုက်စားမှုနှင့်အတူ တိမ်ကောပျောက်ကွယ်သွားခဲ့သည်။

အနာဂတ်မျိုးဆက်သစ်များမှာ ကောင်းကင်နန်းဆောင်များ တည်ရှိသည်ကို သိသော်လည်း တည်ရှိနေသည့် အကြောင်းရင်းအား မသိကြပေ။

သူတို့က ကောင်းကင်နန်းဆောင် ဖွင့်လှစ်ထားသော ကောင်းကင်နတ်သိုင်းပညာရှင်များ၏ မျိုးဆက်များ ဖြစ်သည့်အတွက် သူတို့၏ကောင်းကင်ရတနာများဖြစ်စေ၊ ကောင်းကင်နန်းဆောင်များဖြစ်စေ အမြဲ ရှိနေခဲ့သည်။ အဆင့်တစ်ဆင့်အထိ ကျင့်ကြံလိုက်ရုံနှင့် ကောင်းကင်ရတနာများကို ဖွင့်နိုင်သည်၊ ကောင်းကင်နန်းဆောင်များဆီသို့ တက်နိုင်သည်။ အကြောင်းရင်းအား တွေးနေစရာ မလိုပေ။

ချင်မူလည်း ကောင်းကင်နန်းဆောင်များ မည်သို့ဖွင့်လှစ်ရမှန်း သိမည်မဟုတ်။ မသိလျှင် ပထမတစ်ချက်တည်းနှင့် အမှား‌ပေါ်သွားပြီး လူသတ်သမားဟု စွပ်စွဲခံရလိမ့်မည်။

ထို့ကြောင့် ဤအချိန်သည် အရေးကြီးပြီး အန္တရာယ်အများဆုံးလည်း ဖြစ်၏။

‘ဘာမှမရှိတာကနေ ကောင်းကင်နန်းဆောင် ဘယ်လိုဖွင့်နိုင်မလဲ’

ခိုင်ဧကရာဇ် ဦးနှောက်ကို အလုပ်ပေးလိုက်သည်နှင့် အတွေးပေါင်းစုံ၊ အကြံပေါင်းစုံ တရိပ်ရိပ် ဖြတ်ပြေးသွားသည်။ ‘ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နန်းဆောင် ဘယ်လိုဖွင့်နိုင်ခဲ့တာလဲ... သူ ဖွင့်နိုင်ရင် ကျန်တဲ့လူတွေလည်း ဖွင့်နိုင်တယ်... သူ ဒီနည်းလမ်းကို ဖန်တီးနိုင်ရင် ကျန်တဲ့လူတွေလည်း ဖန်တီးနိုင်မှာပဲ... သူ ဘယ်လို လုပ်ခဲ့တာပါလိမ့်...’

ရုတ်တရက် သူ့စိတ်ထဲတွင် အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။ ‘ဘာကြောင့် ကောင်းကင်နတ်အရှင်ယွီက နဂါးသွဲ့ရေကန်မှာ တွေ့ဆုံပွဲ ကျင်းပပြီး နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ကြေညာချင်ခဲ့တာလဲ... ဒီကိစ္စက အင်အားကြီးထွားဖို့တင် မဟုတ်ဘူး... တခြားအကြောင်းရင်းတွေလည်း ရှိသေးတယ်... ကောင်းကင်နန်းဆောင် ကောင်းကင်နန်းဆောင်... ဟုတ်သား ကောင်းကင်နန်းဆောင်တွေပဲ’

သူ ရုတ်ခြည်း သဘောပေါက်သွား၏။ ‘ကောင်းကင်နတ်အရှင်ယွီ ဖွင့်လှစ်ခဲ့တဲ့ ကောင်းကင်နန်းဆောင်အစီအစဉ်က ကောင်းကင်နတ်ဘုံထဲက ကောင်းကင်နန်းဆောင်အစီအစဉ်တွေနဲ့ အတူတူပဲ... ကောင်းကင်နတ်အရှင်ယွီ ကောင်းကင်နန်းဆောင်တွေ ဖွင့်လှစ်နိုင်ခဲ့တဲ့ အကြောင်းရင်းက ကောင်းကင်နန်းဆောင်တွေ တည်ဆောက်နေတာ ကြည့်ရင်း ဖန်တီးဖို့ စိတ်ကူးရလိုက်လို့ ဖြစ်မယ်’

‘ကောင်းကင်ရတနာတွေက ရုပ်ခန္ဓာထဲက ခွန်အားတွေကို နိုးထစေတယ်... ကောင်းကင်နန်းဆောင်တွေကတော့...’

သူ့အတွေး ဤနေရာ ရောက်သည့်အချိန်မှာပဲ ပလ္လင်ထက်မှ ချင်မူ့အသံကို ကြားလိုက်ရသည်။ “ကောင်းကင်ရတနာတွေက ရုပ်ခန္ဓာထဲက ခွန်အားတွေကို နိုးထစေတယ်... ကောင်းကင်နန်းဆောင်တွေကတော့ ရုပ်ခန္ဓာထဲမှာ နတ်ဘုရားစွမ်းအား နိုးထလာစေဖို့ ဖြစ်တယ်... ဒါကြောင့် ဒီအဆင့်ကို ကောင်းကင်နန်းဆောင်အဆင့်လို့ ငါ နာမည်ပေးတယ်”

ခိုင်ဧကရာဇ် တစ်ကိုယ်လုံး တုန်ရီသွားပြီး ပလ္လင်ထက်၌ ခရမ်းရောင်ဝတ်ရုံဖြင့် ထိုင်နေသော လူငယ်အား မော့ကြည့်နေမိသည်။ ကောင်းကင်နတ်အရှင်ယွီ နောက်တစ်ယောက်ကို မြင်နေရသကဲ့သို့ သူ ခံစားရ၏။

ကောင်းကင်နတ်အရှင်ဟောင်လည်း ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ မယုံနိုင်ဖြစ်နေသည်။

ဤအချိန်တွင် ကောင်းကင်ယင်သားတော် သတိပြန်လည်လာပြီး ချင်မူ့စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ကြောက်လန့်မှုက ငယ်ထိပ်သို့ ဆောင့်တက်သွားသဖြင့် သူ့မှာ ခေါက်ခနဲ သတိမေ့သွားပြန်တော့သည်။

၎

င

၎

၎

All Chapters