သေရွာမှ နိုးထခြင်း
Vol. 55 Ch. 742
ခိုင်ဧကရာဇ် အလေးအနက် ပြောလိုက်သည်။ “အတိတ်မှာ တရားမျှတမှု မရှိပေမယ့် အနာဂတ်မှာတော့ ရှိလာလိမ့်မယ်... ငါတို့က အခု သမိုင်းထဲကို ရောက်နေတာက... သမိုင်းဆိုတာ ဖြစ်ပျက်ပြီးသား.... မင်း ဘာပဲလုပ်လုပ် တရားမျှတအောင် လုပ်မပေးနိုင်ဘူး... အနာဂတ်ကမှ မင်း တရားမျှတအောင် လုပ်ပေးနိုင်မယ့် နေရာ... ငါ ဘာပြောချင်တာလဲ မင်း နားလည်သင့်တယ်”
ချင်မူ ခေါင်းညိတ်၍ ငေးကြောင်နေသော အသံဖြင့် ပြန်ဖြေသည်။ “နားလည်ပါတယ်”
ခိုင်ဧကရာဇ်မှာ စိတ်ကို လျှော့ချကာ ဖျောင်းဖျ၏။ “သမိုင်းထဲမှာတောင် လုပ်လိုက်တဲ့ ရွေးချယ်မှုတိုင်းက အသက်အန္တရာယ်ကို ထိပါးနိုင်တယ် မူချင်း... ကောင်းကင်နတ်အရှင်ယွီလို ထူးချွန်ထက်မြက်တဲ့ လူတစ်ယောက်တောင် အသတ်ခံရရင် မင်းလည်း ဝင်ပါတာနဲ့ သေရလိမ့်မယ်”
ချင်မူက ခေါင်းညိတ်သည်။ “နားလည်ပါတယ်”
ခိုင်ဧကရာဇ် သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ပြောသည်။ “မင်း ငါ့အပေါ် ဘာတွေ မကျေမနပ်ဖြစ်နေလဲ မသိပေမယ့် မင်းက လူဆိုးမဟုတ်မှန်းတော့ ငါ ခံစားရတယ်... ဒီနေရာမှာ မင်း မသေသင့်ဘူး”
ချင်မူ၏ အမူအရာသည် တဖြည်းဖြည်း ပျော့ပျောင်းလာပြီး သူက ပြုံးလိုက်သည်။ “ကျေးဇူးတင်ပါတယ်.. တကယ်တော့ ခင်ဗျားနဲ့ တွေ့ရတာနဲ့တင် ကျေနပ်နေပါပြီ... ကျုပ်ရဲ့ ခရီး အလကားမဖြစ်တော့ဘူး”
ခိုင်ဧကရာဇ်က ပြောသည်။ “ကောင်းကင်နတ်အရှင်ခုနစ်ပါးနဲ့ မင်းလိုလူတစ်ယောက်နဲ့ ဆုံတွေ့ရလို့ ငါ့ရဲ့ခရီးလည်း အလကားမဖြစ်တော့ဘူး... မင်းပြောတဲ့အတိုင်းဆို တစ်လ၊ နှစ်လလောက် ထပ်ကြာဦးမှာမလား... ဒီနှစ်လအတွင်း ငါတို့ ဒီသမိုင်းကို တိတ်တိတ်လေး ကြည့်နေကြရအောင်... ကောင်းကင်နတ်အရှင်ယွီ သေသွားပေမယ့် သူ့ရဲ့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကတော့ ပျံ့နှံ့ဦးမှာပဲလေ... အဲ့ဒါက ငါတို့ ဒီကိုလာရတဲ့ အကြောင်းအရင်းပဲ မဟုတ်ပေလား”
ချင်မူ ခေါင်းညိတ်လိုက်ပြီး ငေးကြောင်ကြောင် ဖြစ်နေသည်။ “ဟုတ်ပါတယ်”
ခိုင်ဧကရာဇ်မှာ စိတ်မချသေးဘဲ နွားအိုကြီးဆီသို့ ပြောလိုက်၏။ “ခင်ဗျားက သူ့ရဲအစ်ကိုကြီးမလား... အကြီးဆိုမှတော့ ဘာလုပ်ရမလဲ သိသင့်ပါတယ်... ဒီနေရာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းကင်နတ်ဘုံပဲ ... ခင်ဗျားလည်း မဆင်မခြင် လုပ်လို့မရဘူး... ခင်ဗျား မဆင်မခြင်လုပ်ရင် အန္တရာယ်ပိုကြီးလိမ့်မယ်”
နွားအိုကြီးက ချိတုံချတုံဖြင့် ခေါင်းညိတ်လိုက်သည်။ “စိတ်မပူပါနဲ့... သူ့ကို ကြည့်ထားပေးပါ့မယ်”
ကောင်းကင်နတ်အရှင်ဟောင်၏အသံက ဟိန်းထွက်လာပြီး နဂါးသွဲ့ရေကန် နန်းဆောင်ငယ်တလျှောက် ပျံ့နှံ့သွားသည်။ “ကောင်းကင်နတ်အရှင်ယွီ သေဆုံးသွားပြီ... အခုထိ လူသတ်သမားကို ရှာမတွေ့သေးပေမယ့် သူက ငါတို့အထဲမှာ ပုန်းနေတယ်... အားလုံးပဲ ငါ လူသတ်သမားကို ခြေရာခံပြီး ကောင်းကင်နတ်အရှင်ယွီအတွက် တရားမျှတမှု ပြန်ရယူပေးဖို့၊ ဒီကမ္ဘာပေါ်မှာရှိတဲ့ ကောင်းကင်နတ်ပညာရှင်တွေအတွက် တရားမျှတမှု ပြန်ရယူပေးဖို့ အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်ဆီ အစီရင်ခံထားပြီးပြီ”
နဂါးသွဲ့ရေကန် နန်းဆောင်ငယ်မှာ တိတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုး ငိုရှိုက်သံများ ထွက်လာ၏။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော ငိုသံများမှာ အလွန်တရာ မွန်းကြပ်ဖွယ်ကောင်းလေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ဒေါသများဖြင့် ကျယ်လောင်စွာ ကြိမ်းဝါးသည်။ “အားလုံး... ငါ သေချာပေါက် ဒီလူသတ်သမားကို အလွတ်မပေးဘူး... သူ့ကို အပိုင်းပိုင်းဖြတ်ပစ်မယ်... ကောင်းကင်နတ်အရှင်ယွီရဲ့သွေး မြေပေါ် ခ,ရတာ အလကား မဖြစ်စေရဘူး... စိတ်မပူနဲ့... ကောင်းကင်နတ်ဘုံကို ယုံကြည်ထားပါ... အရှင်မင်းကြီးကို ယုံကြည်ထားပါ”
သူ့အသံက တဖြည်းဖြည်း တိုး၀င်သွားသော်လည်း လူအများ၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ၀င်ရောက်လာ၏။ “ကောင်းကင်နတ်အရှင်ယွီ သေသွားပေမယ့် သူ့လမ်းစဉ်ကတော့ မသေဘူး... ကောင်းကင်နတ်အရှင်ယွီနဲ့ ငါက မိတ်ဆွေကောင်းတွေမလို့ သူ ငါ့ကို နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ပေးခဲ့ပြီးပြီ... မတော်တဆ တစ်ခုခုဖြစ်နိုင်မှန်း ထည့်တွက်ထားတာကြောင့် ထင်တယ်၊ သူ ငါ့ဆီ နတ်ဘုရားဖြစ်နိုင်မယ့်နည်းလမ်း သင်ပေးထားတယ်... အဲ့ဒါကြောင့် သူ နောင်တမရဘဲ ထွက်သွားနိုင်မှာပါ... အခု ကောင်းကင်နတ်အရှင်ယွီအတွက် စျာပနပွဲ လုပ်ပြီး သူ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ဖို့ ဆုတောင်းကြစို့”
သူ့အသံက တိုး၍ တိုး၍ သွားသည်။ “သူက အစ်ကိုကြီးတစ်ယောက်လို၊ အဖေတစ်ယောက်လိုပဲ... ဒီလို ထူးချွန်တဲ့လူတစ်ယောက်က ကောင်းကင်ဘုံရဲ့ မျက်နှာသာအပေးမခံရတာတော့ နှမြောစရာကောင်းတယ်... အသုဘအခမ်းအနားက ဆယ်ရက်ကြာမယ်... ငါကိုယ်တိုင် အစ်ကိုကြီးယွီဘေးမှာ စောင့်ရှောက်ပေးမယ်... ဆယ်ရက်ပြီးရင်တော့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ငါ ဖြန့်ဝေပေးမယ်”
သူ့အသံက တဖြည်းဖြည်း တိုး၀င်သွားပြီး ငိုသံများ ထွက်လာ၏။ “အစ်ကိုကြီးယွီရယ်”
ချင်မူက ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ပေါ် ကိုင်း၍ ငိုနေသော ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ ကြည့်လိုက်သည်။
ချင်မူ အကြည့်လွှဲလိုက်ပြီး သူ့လက်သူ ငုံ့ကြည့်နေဆဲဖြစ်သော ကောင်းကင်သားတော်ဆီ ကြည့်လိုက်၏။
ချင်မူမှာ မျက်လုံးပိတ်လိုက်ပြီး တခဏကြာသော် ပြန်ဖွင့်လိုက်သည့်အခါ သူ၏မျက်လုံးများက စူးရဲတောက်ပနေချေသည်။
ခိုင်ဧကရာဇ်မှာ သူ၏ ဤပုံစံကို မြင်လျှင် စိုးရိမ်ကြောင့်ကြလာ၏။
ကောင်းကင်နတ်ဘုံတွေ့ဆုံပွဲတွင် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားများသည် ကိစ္စအရပ်ရပ်အား ဆွေးနွေးတိုင်ပင်နေကြ၏။ ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ ဧရာမကြီးမားပြီး သူ့ခေါင်းနောက်ရှိ ရောင်ခြည်တော်များက တစ်သောင်းသော အလင်းတန်းများကို ဖြန့်ကျက်နေလေသည်။
ဤနေရာတွင် ဝင်ရောက်ဆွေးနွေးနိုင်ရန် ရှေးဟောင်းနတ်ဘုရားများအနေဖြင့် ရာထူးအဆင့်အတန်း မြင့်မားပြီး အလေးစားခံပုဂ္ဂိုလ်များ ဖြစ်ရန် လိုအပ်၏။ မဟာနေဧကရာဇ်နှင့် ဓာတ်ကြီးငါးပါးကြယ်တာရာအရှင်သခင်ကဲ့သို့ ရှေးဟောင်းနတ်ဘုရားများပင်လျှင် ၀င်ရောက်ပိုင်ခွင့်မရှိပေ။
ရုတ်တရက် ရှေးဟောင်းနတ်ဘုရားတစ်ပါးက အပြေးအလွှား လာရောက်တင်ပြသည်။ “အရှင်မင်းကြီး လူသားမျိုးနွယ် ကောင်းကင်နတ်အရှင်ယွီ အသတ်ခံလိုက်ရတယ်... သူ နဂါးသွဲ့ရေကန်နန်းဆောင်ငယ်မှာ ဆုံးသွားပြီ... ကောင်းကင်နတ်အရှင်ဟောင်က အရှင်မင်းကြီးဆီ အစီရင်ခံစာပို့လိုက်ပါတယ်”
“ကောင်းကင်နတ်အရှင်ယွီ သေသွားပြီတဲ့လား”
ကောင်းကင်နတ်ဧကရာဇ် အံ့အားသင့်သွားပြီး ပြောလိုက်၏။ “ဆက်သစမ်း”
ထိုနတ်ဘုရားက ရှေ့သို့တက်၍ ကောင်းကင်နတ်အရှင်ဟောင်၏ အစီရင်ခံစာကို ဆက်သသည်။ ကောင်းကင်နတ်ဧကရာဇ်က တစ်ချက်ကြည့်ပြီး စာလိပ်ကို ပိတ်လိုက်၏။ “ကောင်းကင်နတ်အရှင်ယွီ အသတ်ခံလိုက်ရတယ်တဲ့လား ... နှမြောစရာကောင်းလိုက်တာ... ငါ သူ့ကို အများကြီး မျှော်လင့်ထားတာ... သူက ပါရမီလည်း ထူးချွန်တဲ့အပြင် အမြင်လည်း ရှိတယ်... သူ ငါ့အတွက် တည်ဆောက်ပေးမယ့် ရွှေရောင်ခေတ်ကို မြင်ရဖို့ စောင့်နေခဲ့မိတာ... အခုလို အသတ်ခံလိုက်ရမယ် မထင်ထားဘူး... မြေအောက်ဘုံအရှင်သခင်”
အမှောင်ထုထဲမှ မြေအောက်ဘုံအရှင်သခင်က အနည်းငယ် ဦးညွှတ်လိုက်သည်။ “အရှင်မင်းကြီး”
ကောင်းကင်နတ်ဧကရာဇ်က ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီကို ဒီတိုင်း သေခွင့်ပေးလို့ မဖြစ်ဘူး... သူ့ဝိညာဉ်က ယိုတုထဲ ရောက်လာမှာမလား... သူ့ဝိညာဉ်ကို ပြန်ခေါ်ပြီး အကြောင်းစုံ မေးကြည့်လိုက်စမ်းပါ”
မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး တခဏကြာသော် သူက ပြန်ပေါ်လာကာ ခေါင်းရမ်းလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီက ယိုတုမှာ မဟုတ်ပါဘူး”
ကောင်းကင်နတ်ဧကရာဇ် မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး ကောင်းကင်ယင်နတ်ဘုရားမဆီသို့ ကြည့်လိုက်သည်။ “ကောင်းကင်ယင်နတ်ဘုရားမ... ကောင်းကင်နတ်အရှင်ယွီရဲ့ ဝိညာဉ်က တစ်ပိုင်းတစ်စ ဖြစ်သွားလောက်တယ်... သူ့ရဲ့တစ်ပိုင်းတစ်စဝိညာဉ်က သင့်ရဲ့ကမ္ဘာမှာ ရှိသလား”
ကောင်းကင်ယင်နတ်ဘုရားမက လောလောဆယ်တွင် ကောင်းကင်နယ်စားမင်းအရိပ်ထဲ၌ ထိုင်နေပြီး တခဏကြာသော် ပြန်ဖြေသည်။ “အရှင်မင်းကြီး ကောင်းကင်နတ်အရှင်ယွီရဲ့ တစ်ပိုင်းတစ်စဝိညာဉ်က ကျွန်မရဲ့ ကောင်းကင်ယင်ကမ္ဘာထဲ မရှိပါဘူး”
ကောင်းကင်နတ်ဧကရာဇ် သက်ပြင်းချလိုက်သည်။ “ဒါဆို ဝိညာဉ် ပြိုကွဲသွားတာ ဖြစ်မယ်... ကောင်းကင်နယ်စားမင်း၊ ကောင်းကင်နတ်အရှင်ယွီ ဘယ်နေရာမှာ တိုက်ခိုက်ခံခဲ့ရတာလဲ မြင်ရလား”
ကောင်းကင်နယ်စားမင်းက ခေါင်းရမ်းသည်။ “ရွှမ်တုက ကမ္ဘာအားလုံးကို အမြဲစောင့်ကြည့်နေပေမယ့် နဂါးသွဲ့ရေကန်က ကောင်းကင်နတ်ဧကရီရဲ့ နန်းဆောင်မလို့ ကြည့်ပိုင်ခွင့် မရှိပါဘူး”
ကောင်းကင်နတ်ဧကရာဇ် တခဏ တိတ်ဆိတ်သွားသည်။ “အမိန့်နာခံ၊ ကောင်းကင်စက္ခုစစ်သူကြီးတွေနဲ့ မြေပြင်သောတစစ်သူကြီးတွေကို ဆင့်ခေါ်... ဒီအမှုကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး ကောင်းကင်နတ်မင်းယွီကို သတ်ခဲ့တဲ့ လူသတ်သမားအစစ် ထွက်လာအောင် ဖော်ထုတ်ရမယ်”
“အမိန့်တော်မြတ်အတိုင်းပါ”
ကောင်းကင်နတ်အရှင်ယွီ၏ စျာပနခန်းမ တည်ဆောက်ပြီး ကောင်းကင်နတ်အရှင်ဟောင်ကိုယ်တိုင် စောင့်ကြပ်နေသည်။ ကမ္ဘာအရပ်ရပ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များသည် ကောင်းကင်ရတနာကျင့်စဉ်ကို ပထမဆုံး ဖန်တီးပေးခဲ့သော လူငယ်အား နောက်ဆုံးအကြိမ် လာရောက်နှုတ်ဆက်ကြ၏။
ချင်မူ၊ ခိုင်ဧကရာဇ်နှင့် နွားအိုကြီးလည်း ကောင်းကင်နတ်အရှင်ယွီ၏ အလောင်းဆီသို့ သွားရောက်နှုတ်ဆက်ကြသည်။ ခိုင်ဧကရာဇ်သည် ချင်မူ မည်သည့်အရာမှ မလုပ်ကြောင်း မြင်မှ စိတ်ဒုန်းဒုန်း ချနိုင်၏။ ‘သူ ငါ့စကား နားထောင်သားပဲ... မဟုတ်ရင် ဘယ်ချက် ပြဿနာအကြီးကြီး ထရှာမလဲ လန့်နေရတယ်’
ချင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို ကြည့်နေသည်။ ကောင်းကင်နတ်အရှင်ဟောင်ကား ဤရက်များအတွင်း ပိန်ကျသွား၏။
ဆယ်ရက်မှာ လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ကောင်းကင်နတ်ဘုံမှ ရှေးဟောင်းနတ်ဘုရားနှစ်ပါးက နတ်ဘုရားတစ်ပိုင်းများ ခေါ်၍ လာရောက်စစ်ဆေးသော်လည်း အကြောင်းမထူးပေ။
ကောင်းကင်နတ်အရှင်ယွီအား ကောင်းကင်နတ်မြစ်ဘေး၌ မြှုပ်နှံကြသည်။
ကောင်းကင်နတ်မြစ်သည် တဝုန်းဝုန်း စီးဆင်းလျက် ရှိ၏။
နောက်ဆုံးတော့ ကောင်းကင်နတ်အရှင်ဟောင် ကျင့်စဉ်ဖြန့်ဝေပေးမည့် နေ့ရက်သို့ ရောက်လာသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် လွန်စွာ တက်ကြွနေပြီး နတ်ဘုရားတစ်ပိုင်းများ လူသားအသွင် ဖန်ဆင်းနိုင်မည့် ကျင့်စဉ်ကို ဦးစွာ ဟောပြောပေး၏။ သူ ဟောပြောပြီးသည့်အခါ အားပေးကြွေးကြော်သံများ သောင်းသောင်းဖြဖြ ဆူညံသွားသည်။
ခိုင်ဧကရာဇ်မှာ အစက အရန်နန်းဆောင်ဆီသို့ သွား၍ ဟောပြောပွဲအား သွားကြည့်ချင်သော်လည်း ချင်မူ၊ နွားအိုကြီးနှင့် ကောင်းကင်နတ်အရှင်လင်သည် ကျက်သရေအဆောင်၌သာ နေကြ၏။ သူက သွားသင့်မသွားသင့် ချီတုံချတုံ ဖြစ်နေပြီးနောက် နွားအိုကြီးထံ ပြောလိုက်သည်။ “သူ့ကို သေချာကြည့်ထားနော်... ပြဿနာမရှာစေနဲ့... သူ ပြဿနာရှာရင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ယွီ အသတ်ခံရတဲ့ကိစ္စကို သူ့အပေါ် ပုံချလိမ့်မယ်”
နွားအိုကြီး ခေါင်းညိတ်လိုက်သည်။ “ငါ နားလည်ပါတယ်”
ထိုအခါမှ ခိုင်ဧကရာဇ် ထွက်ခွာသွားသည်။
ချင်မူက ငေးငေးငိုင်ငိုင် ဖြစ်နေသော ကောင်းကင်နတ်အရှင်လင်ဆီသို့ တစ်ချက်ကြည့်ပြီး သိုလှောင်အိတ် ထုတ်သည်။ သိုလှောင်အိတ်အတွင်းရှိ ပစ္စည်းအားလုံး သွန်ချပြီးနောက် ဗုဒ္ဓစွမ်းအင်သတ္ထုအနီများ ယူကာ အလျင်အမြန် ထုရိုက်တော့သည်။ နောက်ဆုံးတွင် ဗုဒ္ဓစွမ်းအင်သတ္ထုသားဖြင့် သွန်းလုပ်ထားသည့် ခေါင်းတလားတစ်ခု ပေါ်လွင်လာ၏။
ကောင်းကင်နတ်အရှင်လင်မှာ သူ့ကို ငေး၍သာ ကြည့်နေသည်။ ချင်မူ ခေါင်းတလားကို ထောင်ကျယ်အိတ်ထဲ ပြန်ထိုးထည့်ပြီး ပစ္စည်းများကို လျင်မြန်စွာ နေရာပြန်ချ၏။ သူက ဤမိန်းကလေးငယ်ကို ကြည့်လိုက်ပြီး ကောင်းကင်နတ်အရှင်လင်မှာ အသက်မဲ့နေသော မျက်ဝန်းများဖြင့် သူ့ကို စိုက်သာ ကြည့်နေလေသည်။
“အစ်ကိုကြီး ကျွန်တော် အပြင်ခဏ ထွက်လိုက်ဦးမယ်... မကြာခင် ပြန်လာခဲ့မယ်” ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
နွားအိုကြီး ရုတ်ခြည်း သတိအနေအထား ဖြစ်သွားပြီး မေးလိုက်သည်။ “ဘာလုပ်မလို့လဲ ... မဆင်မခြင် မလုပ်နဲ့နော်”
ချင်မူ ခေါင်းယမ်းလိုက်၏။ “မပူပါနဲ့ ကျွန်တော် မဆင်မခြင် မလုပ်ပါဘူး”
နွားအိုကြီးက ပြောသည်။ “ငါ လိုက်ခဲ့မယ်”
ချင်မူက အရန်နန်းဆောင်၏ ပင်မခန်းမဆီ လျှောက်မသွားဘဲ နဂါးသွဲ့ရေကန်မှ ထွက်သွားသဖြင့် နွားအိုကြီး အံ့အားသင့်သွားသည်။
‘သူ ကောင်းကင်နတ်အရှင်ဟောင်ကို သွားသတ်မှာ မဟုတ်ဘူးလား’
ချင်မူ ကောင်းကင်နတ်မြစ်၏ ကမ်းစပ်သို့ ရောက်လာပြီး ကောင်းကင်နတ်အရှင်ယွီ၏ အုတ်ဂူကို ရှာလိုက်သည်။ နွားအိုကြီးမှာ ပို၍ပင် ဇဝေါဇဝါ ဖြစ်နေတော့သည်။ ချင်မူက ကောင်းကင်နတ်အရှင်ယွီကို ဂါဝရပြုပြီးသား မဟုတ်လား... အဘယ်သို့ပြု၍ ဤနေရာသို့ ပြန်လာခဲ့သနည်း။
ချင်မူသည် ကောင်းကင်နတ်အရှင်ယွီ၏ အုတ်ဂူဆီ လျှောက်သွားကာ လက်ချောင်းငါးချောင်းကို ကောင်းကင်ယံသို့ မြှောက်လိုက်၏။ အုတ်ဂူ၏ အုတ်ခဲများ လျော့ရဲသွားပြီး ဘေးသို့ ခွဲထွက်သွားသည်။
ဒုတ်
ခေါင်းတလား၌ ရိုက်ထားသော သံများ ကျွတ်ကျသွားပြီး အဖုံး ပွင့်လာသည်။
ခေါင်းတလားထဲတွင် လဲလျောင်းနေသော ကောင်းကင်နတ်အရှင်ယွီ၏ အလောင်း တဖြည်းဖြည်း မြောက်တက်လာသည်။
ချင်မူက ကောင်းကင်နတ်အရှင်ယွီ၏ အလောင်းကို လျင်မြန်စွာ ပတ်လျှောက်ပြီး ဖန်ဆင်းမုဒြာသိုင်းကွက်များဖြင့် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ရိုက်နှက်နေသည်။ ကောင်းကင်နတ်အရှင်ယွီ၏ အရိုးများ ပြန်ဆက်နေသဖြင့် ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်သံများ ထွက်လာ၏။
သူ့ကိုယ်ထဲရှိ အရိုးအစများသည် အမှန်တကယ် ပြန်ဆက်သွားသည့်အပြင် ကွဲကြေသွားသော နှလုံးသား၏ အစနအများလည်း အလိုအလျောက် ပြန်တည်ဆောက်နေကြသည်။
တမုဟုတ်ချင်း သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိတော့ပေ။
ဤသည်မှာ ဖန်ဆင်းကျင့်စဉ်ပင် ဖြစ်ချေ၏။
ဖန်ဆင်းကျင့်စဉ်တွင် ချင်မူကား အတိတ်တွင်ရော၊ အနာဂတ်တွင်ပါ နံပါတ်တစ် ဖြစ်လိမ့်မည်။
နောက်ဆုံးတွင် ချင်မူ၏လက်ဝါးက မုဒြာလက်ဟန်တစ်ခုအဖြစ် စုသွားပြီး ကောင်းကင်နတ်အရှင်ယွီ၏ နှလုံးသားအပေါ် အသာအယာ တင်လိုက်သည်။
လက်ဝါးဆီမှ အားလှိုင်း ဖြာထွက်လာသည့်အခါ ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်သည် လျှော့တိုက်ခံလိုက်ရသကဲ့သို့ တွန့်ခနဲ လှုပ်သွား၏။ ရုတ်တရက် ရပ်တန့်နေသော သွေးများ ပြန်လည်စီးဆင်းလာသည်။
ထို့နောက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်မှ နှလုံးခုန်သံတစ်ချက် ကြားလိုက်ရသည်။
ဒုတိယတစ်ချက်နှင့် တတိယတစ်ချက်လည်း ရှေ့ဆင့်နောက်ဆင့် လိုက်ပါလာ၏။
နွားအိုကြီး အံ့အားသင့်သွားပြီး ချင်မူ့ကို တစ်လှည့်၊ ကောင်းကင်နတ်အရှင်ယွီကို တစ်လှည့်ကြည့်လိုက်သည်။ သူ အကြီးအကျယ် အံ့ဩနေချေသည်။
ချင်မူက ထောင်ကျယ်အိတ် ဖွင့်၍ ယခုလေးတင် သွန်းလုပ်ခဲ့သော ခေါင်းတလားကို ထုတ်သည်။ ခေါင်းတလား၏ အဖုံး ပွင့်သွားပြီး ကောင်းကင်နတ်အရှင်ယွီသည် ခေါင်းတလားအတွင်းသို့ အသာအယာ လွင့်မျောသွား၏။
ခေါင်းတလားက ပြန်ပိတ်သွားပြီး သူ၏ထောင်ကျယ်အိတ်ထဲ ပျံသန်းသွားသည်။
ချင်မူက နဂါးသွဲ့ရေကန်ဆီသို့ ပြန်လှည့်သွားသည်။ နွားအိုကြီးမှာ သူ့နောက်သို့ ကပျာကယာ လိုက်သွားပြီး နောက်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ယွီ၏ အုတ်ဂူသည် ခြေရာလက်ရာမပျက် ပြန်ဖြစ်သွားကြောင်း မြင်လိုက်ရ၏။ အုတ်ဂူ၏ ကျောက်တုံးများ အလိုအလျောက် ပြန်စေ့သွားလေသည်။
နျိုစန်းသွော တခဏ တွန့်ဆုတ်နေသော်လည်း မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်မိသည်။ “ညီလေး၊ ကောင်းကင်နတ်အရှင်ယွီရဲ့ အလောင်းကို မင်း အသက်ပြန်သွင်းနိုင်လည်း မထူးဘူး.. သူ့ဝိညာဉ်က ပြိုကွဲသွားပြီမဟုတ်လား”
ချင်မူက ပြန်မဖြေ၊ ရှေ့သာ ဆက်လျှောက်သွားသည်။
သူသည် ကျက်သရေအဆောင်ဆီသို့ ပြန်ကာ ငေးငိုင်နေသော ကောင်းကင်နတ်အရှင်လင်ကို ပြုံးပြလိုက်၏။ “မမကြီးလင်၊ ဒီခေါင်းတလားကို သေသေချာချာ သိမ်းထားပါ”
သူက ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းတလားကို ထုတ်၍ ကောင်းကင်နတ်အရှင်လင်၏ အရှေ့တွင် ချပေးလိုက်သည်။
ကောင်းကင်နတ်အရှင်လင်၏ အသက်မဲ့နေသော မျက်ဝန်းများမှာ ခေါင်းတလားကို မြင်လျှင် လှုပ်ခတ်သွား၏။
“ကောင်းကင်နတ်အရှင်ရုံနဲ့ ပြန်တွေ့ရင် ဒီခေါင်းတလားကို သူ့ဆီပေးပြီး ယိုတုထဲမှာ ဖွက်ခိုင်းလိုက်ပါ... နောင်တစ်ချိန်ကျရင် မူဆိုတဲ့ လူတစ်ယောက် သူ့ကို လာရှာပါလိမ့်မယ်လို့လည်း ပြောပေးပါ”
ချင်မူ့မျက်နှာတွင် နွေးထွေးသည့် အမူအရာရှိပြီး သူက နူးညံ့ပျော့ပျောင်းစွာ ပြောနေသည်။ “မူက သူ့ကို ‘နားလည်ပါပြီ... ကျွန်တော် ပြန်ရောက်ပြီ’ လို့ ပြောလိမ့်မယ်... သူ အဲဒီလိုပြောတာနဲ့ ဒီအခေါင်းကို ထုတ်ပေးရမယ်... မမကြီးလင်၊ ကျွန်တော် သွားပြီနော်”
သူက ထ၍ အဆောင်၏အပြင်သို့ ထွက်သွားသည်။
ကောင်းကင်နတ်အရှင်လင်မှာ ထရပ်ပြီး အက်ကွဲနေသောအသံဖြင့် မေးလေသည်။ “ဘယ်သွားမလို့လဲ”
ချင်မူက ရပ်၍ သူမကို လှည့်ကြည့်ကာ တောက်ပစွာ ပြုံးပြ၏။ “ကျွန်တော် အဆုံးသတ်ပေးရမယ့် အရာကို အဆုံးသတ်ပေးဖို့ သွားမလို့ပါ... မမကြီးလင်၊ နောင်ကျ ပြန်တွေ့ရအောင်”
သူ ကျက်သရေအဆောင်အပြင်သို့ ထွက်လာပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ နေကား ဦးခေါင်းထက်၌ အရှိန်ပြင်းပြင်း တောက်ပနေသည်။
“ကောင်းကင်နတ်ဧကရာဇ် အမိန့်ထုတ်ပြန်သည်... မူချင်း၊ ချင်ခိုင်၊ အသင်တို့ရဲ့ လမ်းစဉ်တွေနဲ့ ကျင့်စဉ်တွေက နက်နဲသိမ်မွေ့ပြီး ဒီကမ္ဘာကို အုပ်စိုးနိုင်တဲ့ အရည်အချင်းရှိတယ်.... သင်တို့က ကမ္ဘာလောကရဲ့ အရှင်သခင်ကို အကျိုးပြုနိုင်တဲ့အတွက် ဤနေ့က စ၍ ချီးမြှင့်မြှောက်စားတော်မူတယ်.... မူချင်း ကောင်းကင်နတ်အရှင်မူ၊ ချင်ခိုင် ကောင်းကင်နတ်အရှင်ချင်”
နဂါးသွဲ့ရေကန်၏ အရန်နန်းဆောင်ထဲတွင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဧကရာဇ်၏ အမိန့်စာကို ဖတ်ကာ အပြုံးတစ်ခုဖြင့် ပြော၏။ “ဂုဏ်ယူဝမ်းမြောက်ပါတယ် နောင်တော်ချင်၊ နောင်တော်မူ... ဒီနေ့ကစပြီး ကောင်းကင်နတ်မင်းကိုးပါး ရှိလာခဲ့ပြီ... နှမြောစရာကောင်းတာက...”
သူ့မျက်နှာသည် တမုဟုတ်ချင်း ညှိုးကျသွားပြီး ဆုံးပါးသွားသော ကောင်းကင်နတ်အရှင်ယွီကို သတိရသွားပုံရ၏။ “အစ်ကိုကြီးယွီကတော့ မမြင်နိုင်တော့ဘူး... နောင်တော်မူ၊ ကောင်းကင်နတ်အရှင်မူ... ကောင်းကင်နတ်အရှင်ချင် ကောင်းကင်နတ်အရှင်မူရော ဘယ်မှာလဲ”
ခိုင်ဧကရာဇ်က ပြောသည်။ “ကျက်သရေအဆောင်မှာပါ... လိုက်မလာဘူး”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။ “ဂုဏ်ယူပါတယ် ကောင်းကင်နတ်အရှင်ချင်၊ ဒီနေ့ကစပြီး နောင်တော်ချင်နဲ့ နောင်တော်မူတို့နှစ်ယောက်လုံး ကောင်းကင်နတ်အရှင်တွေ ဖြစ်လာတော့မယ်.... ကဲ အခု အစ်ကိုကြီး ကောင်းကင်နတ်အရှင်ယွီ ဖန်တီးခဲ့တဲ့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းအကြောင်း ပြောဖို့ အချိန်ကျပြီ”
ဤအခိုက်အတန့်တွင် သူ့မျက်လုံးများက ခန်းမ၏အပေါက်ဝဆီသို့ စိုက်ကြည့်လိုက်မိသည်။ သူ့ပါးစပ်သည် ပွင့်အာသွားပြီး သူ့မှာ ဆွံ့အသွားတော့၏။
အားလုံး သူ ဖြန့်ဝေပေးမည်ကို စောင့်နေသဖြင့် သူ့အမူအရာကို မြင်လျှင် နောက်လှည့်ကြည့်လိုက်ကြသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
အရန်နန်းဆောင်၏ တံခါးဝတွင် ‘ကောင်းကင်နတ်အရှင်ယွီ’က တိတ်ဆိတ်စွာ ရပ်နေပြီး ကောင်းကင်နတ်အရှင်ဟောင်ကို လှမ်းကြည့်နေ၏။
တခဏကြာသော် ‘ကောင်းကင်နတ်အရှင်ယွီ’သည် ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ လျှောက်လာကာ မှင်သေသေ ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ငါကိုယ်တိုင် ဖန်တီးခဲ့တဲ့ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို ငါ ရှင်းပြပါရစေ”
ခိုင်ဧကရာဇ်မှာ အကြီးအကျယ် တုန်လှုပ်သွားပြီး သူ့ဘေးမှ လျှောက်သွားသော ‘ကောင်းကင်နတ်အရှင်ယွီ’ ကို ကြည့်နေမိသည်။ သူ့နှလုံးသားသည် တဒိန်းဒိန်း ခုန်လာတော့၏။ ‘မဖြစ်နိုင်ဘူး... သူ မရှင်နိုင်ဘူး... နျိုပန်း’
သူ နန်းဆောင်အပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ နွားအိုကြီးသည် ကူကယ်ရာမဲ့စွာ ရပ်နေ၏။ သူက သူ့ဘာသာသူ တွေးနေလေသည်။ ‘ခိုင်ဧကရာဇ်ရေ တောင်းပန်ပါတယ်... ငါလည်း သူ့ကို မတားနိုင်လိုက်ဘူး... သူက နွားစိတ်ကွ...’
၎
င
၎
၎