အတိတ်ကာလမှ အမွေအနှစ်
Vol. 5 Ch. 60
အခန်း (၆၀) : အတိတ်ကာလမှ အမွေအနှစ်
ဝမ်ဝေ့က လီကျွင်း၏ လက်အောက်ငယ်သားများက ဝူမင်အမည်ရှိ ကောင်လေးကို ပြန်ခေါ်လာမည့် အချိန်ကို စောင့်ဆိုင်းရင်း ရက်အနည်းငယ် အချိန်ယူကာ ဆက်လက်ကုသလိုက်သည်။ ကံကောင်းစွာဖြင့် သူက ကြာကြာမစောင့်လိုက်ရပေ။ ငါးရက်ကြာပြီးနောက် အဖွဲ့က သူ့စခန်းဆီ ရောက်လာကြသည်။
ဝမ်ဝေ့အား အံ့ဩသွားစေသည်က ထိုအဖွဲ့ခေါင်းဆောင်သည် မဟာအကြီးအကဲ ယန်းမိန်၏ တူမဖြစ်သည့် ယန်းလီလင်း ဖြစ်နေခြင်း ဖြစ်၏။
ဝမ်ဝေ့က လီကျွင်းအား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီး ဘာမှမပြောပေ။ လီကျွင်းက ထိုအကြောင်းကို မပြောသောကြောင့် ဝမ်ဝေ့က လျစ်လျူရှုထားပြီး သူ့ကိုယ်ရေးကိုယ်တာ ပါနေသောကြောင့် ဘာမှမမေးတော့ပေ။
သို့သော်လည်း ဂိုဏ်းအတွင်း အတွင်းရေးကိစ္စများ ရှုပ်ထွေးမှုအရ ယန်းလီလင်း၏ တည်ရှိမှုက မတော်တဆ မဟုတ်ပေ။ လီကျွင်းလည်း ထိုအကြောင်းကို သိသင့်ပေသည်။
သိပ်မကြာခင် ယန်းလီလင်းက ဝူမင်အား ဝမ်ဝေ့နှင့် လီကျွင်းရှေ့ ခေါ်လာသည်။ ထိုကောင်လေးကို ကြိုးဖြင့် တုပ်ထားသောကြောင့် ခန္ဓာကိုယ်အနှံ့ ကြိုးရာများ ထင်းနေသည်။ သူ့လက်ရှိအနေအထားက ဒီလိုဖြစ်နေသော်လည်း ကြိုးဖျက်ပစ်ဖို့ ကြိုးစားနေခြင်းကို မရပ်တန့်လိုက်ပေ။
လီကျွင်း၏ လူများကို ထွက်သွားခိုင်းပြီးနောက် ဝမ်ဝေ့က ကြိုးချည်ခံထားရသည့် ကောင်လေးကို ကြည့်ကာ ပြောလိုက်သည် “ ဝူမင်က မင်းမလား။ မင်း သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကို ကိုယ့်ဘာသာ ထုတ်မလား ဒါမှမဟုတ် ငါတို့က မင်းကို သတ်ပြီး ကိုယ့်ဘာသာ ထုတ်လိုက်ရမလား။ မင်းဆီမှာ ဆုံးဖြတ်ဖို့ အသက်ငါးရှိုက်စာ အချိန်ရမယ် ”
ထိုသို့ပြောပြီးနောက် ဝမ်ဝေ့၊ လီကျွင်းနှင့် ယန်းလီလင်းတို့က ဝူမင်အား ကြည့်လိုက်ကြသည်။ သူ့အနေနှင့် ဖိအားကို ခံစားလိုက်ရပြီး သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအားလုံး ထုတ်ပေးလိုက်ရသည်။
ထို့နောက် သုံးယောက်သား ပစ္စည်းများကို ကြည့်လိုက်သည့်အခါ ကျောက်စိမ်းပုလင်းများ၊ သံကြေးတက်နေသည့် လက်နက်များစွာနှင့် စာအုပ်အထူကြီး တစ်အုပ်ပါရှိသည်။
လီကျွင်းက ပုလင်းတွေကို ဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည့်အခါ အထဲတွင် ဆေးရှိနေသည်။ သို့သော်လည်း လေနှင့် ထိတွေ့မိသည်နှင့် ပုပ်အက်အက် အနံ့များ ထွက်လာတာမျိုး သို့မဟုတ် အမှုန့်ဖြစ်သွားကြသည်။
ယန်းလီလင်းက ရုတ်ချည်း ပြောလိုက်သည် “ ဒါက ခန္ဓာအားတိုးဆေးလုံး၊ ဒါက ပင်လယ်ချဲ့ထွင်ဆေးလုံး ပြီးတော့ ဝိညာဉ်အားဖြည့်ဆေးလုံးတို့ပဲ …”
သူမက အနံ့တစ်မျိုးတည်းဖြင့် ပုလင်းထဲမှ အမျိုးအမည်အများစုကို ဆက်တိုက်ရေရွတ်လိုက်သည်။
ဝမ်ဝေ့က ထိုဆေးလုံးများကို မကြားဖူး၍ မျက်မှောင်ကြုတ်လိုက်မိသည်။ လီကျွင်းလည်း အတူတူ ဖြစ်၏။
သူက မေးလိုက်သည် “လီလင်း အဲဒါက ဘယ်လိုဆေးလုံးမျိုးတွေလဲ ”
“ ဒီဆေးလုံးအများစုက အခု သွေးချီဆေးလုံး ဒါမှမဟုတ် အံ့ဖွယ်ပင်လယ်ချဲ့ထွင်ဆေးလုံးတွေရဲ့ ရှေ့ပြေးပုံစံပဲ။ တချို့ဆေးလုံးတွေရဲ့ အညွှန်းဆို ပျောက်ကွယ်သွားတာ ကြာလှပြီ ”
ဝမ်ဝေ့က ထိုလူနှစ်ယောက် နှစ်များစွာ သိကျွမ်းလာသည့်အလာ တရင်းတနှီး စကားပြောနေသည်ကို သတိထားမိပြီး အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် သူက လက်နက်များကို စစ်ဆေးလိုက်၏။
“ ဒီလက်နက်အားလုံးက ဝိညာဉ်စွမ်းအား မရှိတော့ဘူး။ ပစ္စည်းတွေက အချိန်ကာလကြောင့် ပျက်စီးကုန်ပြီ။ ပြီးတော့ ပြန်လည်မွမ်းမံသန့်စင်ဖို့လည်း ခက်ခဲတယ်။ ”
လီကျွင်းနှင့် ယန်းလီလင်းတို့က လက်နက်များကို စစ်ဆေးကြည့်လိုက်ကြသည်။ သုံးယောက်သား သနားစရာ ဝူမင်ကို မေ့သွားကြပုံပေါ်သည်။
“ ဒါတွေရှိနေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ ”လီကျွင်းက မေးလိုက်သည်။
ဝမ်ဝေ့က စာအုပ်ကို ကောက်ကာ တုံ့ပြန်လိုက်သည် “ရှာကြည့်ကြတာပေါ့ ”
ဝမ်ဝေ့က ပထမဆုံး စာရွက်ကို လှန်လိုက်သည့်အခါ စာအုပ်က ထူလွန်းသော်လည်း အထဲရှိ စာလုံးမှာ အလွန်သေးနုတ်နေကြောင်း သတိထားလိုက်မိသည်။
လီကျွင်းက ရုတ်ချည်း ပြောလိုက်သည် “ ရှေးဟောင်းစာလား။ ဒီဟာတော့ ကျွန်တော် မပိုင်ဘူး ”
ကမ္ဘာသမိုင်းတစ်လျှောက် ဘာသာစကားက ပုံစံအမျိုးမျိုး ဖြတ်ကျော်ခဲ့ရသောကြောင့် အပြောင်းအလဲ ရှိလေသည်။ ခြွင်းချက်တစ်ခုတော့ ရှိ၏။ ထိုအရာက တာအိုစာလုံးများ ဖြစ်ပေသည်။
ဒီဘာသာစကားကို ကျင့်ကြံသူများက စည်းမျဉ်းများအကြောင်း သို့မဟုတ် နက်နဲသည့် အဓိပ္ပါယ်များကို ရှင်းပြနိုင်ဖို့ နည်းလမ်းများ၊ ကျင့်စဉ်များကို ရေးသားရာ၌ အသုံးပြုကြသည်။ ထို့ကြောင့် တာအိုစာလုံးများသည် အသင်္ချေအင်ပါယာကမ္ဘာ၌ သက်တမ်းအရှည်ဆုံး ဘာသာစကား ဖြစ်ပေသည်။
သူတို့မိသားစု၏ မျိုးဆက်အနေနှင့် ဝမ်ဝေ့၊ လီကျွင်းနှင့် ယန်းလီလင်းတို့ အကုန်လုံး ကလေးဘဝကတည်းက ဘာသာစကားအမျိုးမျိုးကို သင်ယူခဲ့ရသည်။ ဘာသာစကား အတန်းက ကလေးငယ်များ ကမ္ဘာအကြောင်း ဉာဏ်အလင်းပွင့်သွားစေဖို့ သို့မဟုတ် နောက်အနာဂတ် တစ်ရက်ရက် အိုဟောင်းနေသည့် လျို့ဝှက်နယ်မြေထဲ ဝင်ရောက်ကာ သူတို့ရရှိခဲ့သမျှ ပစ္စည်းများကို ဘာသာပြန်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ပေသည်။
ဝမ်ဝေ့က စာကို ကျယ်ကျယ်ဖတ်လိုက်သည်။
“ ဒါကို ဖတ်နေမယ်ဆိုရင် မင်းက ငါ့မျိုးဆက်လို့ ဆိုလိုနေတာပဲ။ ငါ့အစီအစဉ်က အောင်မြင်ခဲ့ပြီ။ အခုကစပြီး ငါတို့မျိုးဆက်မှာ အမွေဆက်ခံသူ ရှိလာပြီပဲ။
ငါ့ဇာတ်ကြောင်းကို မရှင်းပြခင် ရှစ်ဟိုင်ရဲ့တစ်မိသားစုလုံးကို မျိုးဆက် ၁၈ လောက် ကျိန်ဆဲပစ်ချင်တယ်။ မင်းတို့ မျိုးဆက်နဲ့ ဆွေမျိုးအားလုံး ဆိုးဆိုးရွားရွား သေဆုံးရပြီး ဘယ်တော့မှ ပြန်လည်မမွေးဖွားလာပါစေနဲ့။ ရှစ်ဟိုင် … မင်းက သင်းကွပ်ခံရပြီးတော့ နှစ်တစ်သောင်းကျော်ကြာတဲ့အထိ အမျိုးသားတစ်သောင်းအောက် မုဒိမ်းကျင့်ခံရပါစေ”
ထိုအထိ ဖတ်ပြီးနောက် ဝမ်ဝေ့က ရပ်လိုက်သည်။
ဒီလူက ရှစ်ဟိုင်ဆိုတဲ့လူအပေါ် ဘယ်လောက်တောင် မုန်းတီးနေတာလဲ ..
ယန်းလီလင်းက ရုတ်ချည်း ပြောလိုက်သည် “ရှစ်ဟိုင်ဆိုတာက အစီအရင်ဘိုးဘေး ဧကရာဇ်ဟိုင်ယွမ်ရဲ့ နာမည်အရင်းမလား ”
“အဲလို မဖြစ်လောက်ပါဘူး” လီကျွင်းက ဝင်ပြောလိုက်သည် “ အစီအရင်ဘိုးဘေးက ရှေးဟောင်းအင်ပါယာခေတ်ကာလကတည်းက မဟာဧကရာဇ်လေ။ ဒီစာအုပ်က အဲလောက်တောင် သက်တမ်းရှိနေပြီလို့ ပြောနေတာလား ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ စတင်တွေးတောလိုက်သည်။ အသင်္ချေအင်ပါယာအလွှာ၏ သမိုင်းကြောင်းက အလွန်ရှည်လျားလေရာ နှစ်သန်းပေါင်းမြောက်များစွာ ရှိလေပြီ။ ထို့ကြောင့် ခေတ်ကာလများကို ဟွင်သွမ်းခေတ်ကာလ၊ ကမ္ဘာဦးခေတ်ကာလ၊ အင်ပါယာအစပိုင်းခေတ်ကာလ၊ ဗလာခေတ်ကာလ၊ ရှေးဟောင်းအင်ပါယာ ခေတ်ကာလ၊ ယုံကြည်မှု ခေတ်ကာလ၊ နတ်ဆိုးခေတ်ကာလ၊ အင်ပါယာအလယ်ပိုင်း ခေတ်ကာလနှင့် အင်ပါယာခေတ်သစ်ဟူ၍ ခွဲထားသည်။
ဝမ်ဝေ့က ပထမဆုံး ခေတ်ကာလလေးခုနှင့် ပတ်သက်ပြီး အင်မတန် အင်အားကြီးသည့် ကမ္ဘာဦးခေတ်ကာလအတွင်း ကမ္ဘာဦးနတ်ဘုရားများနှင့် မွေးရာပါ တည်ရှိမှုများစွာ ရှိသည့်အချက်မှလွဲ၍ သတင်းအနည်းငယ် ချန်ထားကြောင်း သိလေသည်။ သို့သော်လည်း အကုန်လုံး မပျောက်ကွယ်သွားသေးဘူးဆိုလျှင်ပင် အများစုက မရှိကြတော့ပေ။
အင်ပါယာအစပိုင်း ခေတ်ကာလအတွက်မူ သတင်းအချက်အလက်များအရ ကောင်းကင်အခွင့်အလမ်း ဧကရာဇ်ဟု ခေါ်ဆိုသည့် လူသားက ကမ္ဘာတစ်ခုလုံး၏ ပထမဆုံး မဟာဧကရာဇ် ဖြစ်လာခဲ့ပြီး မဟာဧကရာဇ် ခေတ်ကာလ အစပြုလာခဲ့သည်။
ဗလာခေတ်ကာလအတွင်း ဝမ်ဝေ့က သတင်းအချက်အလက် မရှိကြောင်း သိထားလေသည်။ သူက အဘိုးဖြစ်သူကို တစ်ခါမေးကြည့်ဖူးသော်လည်း သူက အချုပ်အားဖြင့် ကျင့်ကြံသူအများစုသည် ဗလာခေတ်ကာလအတွင်း တစ်စုံတစ်ခုဖြစ်ခဲ့ကြောင်းသာ ပြောပြသွားခဲ့သည်။ ထိုသမိုင်းကြောင်းကို သမိုင်းကြောင်းမှ အလွယ်လေး ဖျက်ထားလေ၏။
ကမ္ဘာထဲ ကျန်ရှိနေသည့် သတင်းအချက်အလက်မှာ ရှေးဟောင်းအင်ပါယာခေတ်ကာလမှ ယခုလက်ရှိ အင်ပါယာခေတ်သစ်ကာလအထိ ဖြစ်သည်။
ဝမ်ဝေ့က ထိုအရာအားလုံးကို စဉ်းစားပြီးနောက် ပြောလိုက်သည် “ သူက အဲအကြောင်းပြောနေတယ်ပဲ ထားလိုက်ပါစို့။ ဒါပေမဲ့ ပိုအရေးကြီးတာက ဒီစာအုပ်ပိုင်ရှင်က ရှစ်ဟိုင်ကို ဘာလို့ ဒီလောက်တောင်မုန်းတီးနေရတာလဲ ”
ထိုသို့ပြောပြီးနောက် သုံးယောက်သား ဆက်ဖတ်လိုက်ကြသည်။ စာအုပ်ပိုင်ရှင်က အမှန်စင်စင် ဧကရာဇ်ဟိုင်ယွမ်အကြောင်း ပြောနေခြင်း ဖြစ်နေသည်။
အတိအကျဆိုရလျှင် ဒီစာအုပ် သို့မဟုတ် ဒီစာစောင်က မေတ္တာ၊ အားကျမှုနှင် သစ္စာဖောက်မှုအကြောင်း အသေးစိတ်ညွှန်းဆိုထားလေသည်။
စာအုပ်ပိုင်ရှင် နာမည်က ဝူယဲ့ ဖြစ်ပြီး ဝူမင်၏ ဘိုးဘေး ဖြစ်ပေသည်။ သူက ဧကရာဇ်ဟိုင်ယွမ် မဟာဧကရာဇ် ဖြစ်မလာခင်က ရှစ်ဟိုင်နှင့် တစ်ဂိုဏ်းတည်းသား ဖြစ်၏။
သူတို့နှစ်ယောက်လုံးက အစီအရင်ကို လေ့လာကြသည်။ ဗလာခေတ်ကာလကြောင့် လူ့အဖွဲ့အစည်းက သုညအဖြစ် ရောက်သွားခဲ့သည်။ ထို့ကြောင့် အရာများစွာကို အစကနေ ပြန်စတင်ရသည်။ နမူနာအားဖြင့် အစီအရင်တာအိုလည်း အပါအဝင် ဖြစ်ပေသည်။
ထိုစဉ်အချိန်အတွင်း အစီအရင်တာအိုက ယနေ့လောက် စနစ်မကျသေးပေ။ နက်နဲအဆင့်၊ မြေကမ္ဘာအဆင့်နှင့် ကောင်းကင်အဆင့်ဟူ၍ အဆင့်များမခွဲထားသေးပေ။ တကယ်တော့ ယနေ့လောက် အစီအရင်အမျိုးအစား ကွဲမနေသေးပေ။
အခြေအနေကို ထိန်းနိုင်ဖို့ ထိုခေတ်ကာလ၏ ကျင့်ကြံသူများက တစ်ယောက်ယောက် အစီအရင် တာအိုကို သက်သေပြပြီး မဟာဧကရာဇ် ဖြစ်လာဖို့ လိုအပ်ခဲ့သည်။ ထိုလူ့ကို အစီအရင် ဘိုးဘေးဂုဏ်ပုဒ် ချီးမြင့်ခံရမည် ဖြစ်ပြီး နောင်လာနောင်သားမျိုးဆက်များအတွက် ရှည်ကြာသည့် ဂုဏ်ကျက်သရေကို ချန်ထားနိုင်လိမ့်မည်။
ထို့ကြောင့် တစ်ကမ္ဘာလုံး ပြိုင်ပွဲ စတင်ခဲ့သည်။ ကျင့်ကြံသူအများစုက တာအိုသက်သေပြနိုင်ဖို့ သင်္ကေတများနှင့် အစီအရင်များကို လေ့လာကြသည်။ တကယ်တော့ အခြေအနေက အခြားသောစွမ်းရည်များဖြစ်သည့် ဆေးပညာ၊ လက်နက်၊ ပြန်လည်သန့်စင်ခြင်းနှင့် အဆောင်တို့တွင်လည်း အတူတူသာ ဖြစ်ပေသည်။ အားလုံးက ဘိုးဘေး ဂုဏ်ပုဒ်ကို မက်မောကြသည်။
ထို့နောက် တစ်ဂိုဏ်းတည်းရောက်လာကြသည့် ဝူယဲ့နှင့် ရှစ်ဟိုင်တို့ သွေးသောက်ညီအစ်ကိုကလည်း အစီအရင်ကို လေ့လာခဲ့ကြသည်။ ရှစ်ဟိုင်က အစီအရင်နှင့် ပတ်သက်လာလျှင် ပြိုင်ဖက်ကင်း ပါရမီကို ပိုင်ဆိုင်ထားပြီး ဝူယဲ့ကတော့ သာမန်မျှသာ ဖြစ်၏။
သို့သော်လည်း ဝူယဲ့က အလုပ်ကြိုးစားကာ ဝီရိယကောင်းသူ ဖြစ်၏။ ပို၍ အရေးကြီးသည်က သူက သူ့နည်းသူ့ဟန်နှင့် ထူးချွန်လေသည်။ ထို့ကြောင့် သူက ပါရမီနည်းပါးမှုကြောင့် စိတ်ဓာတ်မကျပေ။ သူက ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းသာ ရှာလိုခဲ့သည်။
အမှန်တကယ်လည်း သူက အောင်မြင်ခဲ့သည်။ ကံဆိုးသည်က ထိုအကြောင်းအရင်းကြောင့် သူ့တစ်သက်တာ ကံဆိုးမိုးမှောင်ကျခဲ့ရသည်။ သူ့သွေးသောက်ညီအစ်ကို ရှစ်ဟိုင်အပေါ် ယုံကြည်ခဲ့မှုကြောင့် ဖြစ်ပေသည်။