← Chapters

လီဆာတစ်ယောက် သင်ယူချင်စိတ်ပြင်းပြနေပြီ

Vol. 9 Ch. 10

လီဆာတစ်ယောက် သင်ယူချင်စိတ်ပြင်းပြနေပြီ

Vol. 9 Ch. 10

လီဆာတစ်ယောက် ပြိုင်ပွဲက ထင်ထားသလိုမျိုး မလွယ်မှန်းသိလိုက်ရပေမဲ့ စိန်ခေါ်ထားပြီးပြီမလို့ နောက်ကျသွားပြီ။ အေမီပြတဲ့အတိုင်း လိုက်ခေါက်ဖို့ကြိုးစားပေမဲ့ ရှစ်မိနစ်နဲ့ပြီးဖို့နေနေသာသာ ဆယ့်ငါးမိနစ်ကျော်လို့ရယ်။ နာရီဝက်လောက်မကြာတာပဲ ကျေးဇူးတင်ရမယ်။

"အေမီရေ၊ ငါအိပ်ချင်နေပြီ။" မက်ဒါနာက ကြေမွနေတဲ့ အိပ်ရာခင်းတွေကိုကြည့်ရင်း သန်းဝေလိုက်လေရဲ့။ ညသန်းခေါင်ယံအချိန်နီးလာပြီ။ အေမီယူလာတုန်းက အသစ်စက်စက်အိပ်ရာခင်းလေးက အခုလီဆာလက်ချက်နဲ့ စက္ကူစုတ်လိုမျိုး အစင်းကြောင်းရာတွေနဲ့။

"ခနလေးပဲ၊ နောက်နည်းနည်းလောက်ကြာရင် ကျွန်မခေါက်နိုင်တော့မှာ ကျိန်းသေတယ်။" တစ်ကိုယ်လုံးချွေးတွေနဲ့ရွဲနေတဲ့ လီဆာက ပြောလိုက်ပေမဲ့ အေမီကတော့ လီဆာ့ပခုံးပေါ်လက်တင်လိုက်ပြီး အေးစက်နေတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

"သခင်မလေးလီဆာ၊ အိပ်ရာခင်းကျင်းခြင်းအတတ်က ကျွမ်းကျင်ဖို့အတွက် နှစ်တွေလတွေအများကြီး ကြိုးစားရတဲ့အရာပါ။ တစ်ညတည်းလေ့ကျင့်ပြီး တတ်တဲ့အရာမျိုး မဟုတ်ပါဘူးနော်။"

လီဆာလှည့်ကြည့်လိုက်တော့ အေမီက မျက်စိကိုစုံလုံးမှိတ်ပြီး သူ့ကိုနားချိတ်လောက်တဲ့အပြုံးမျိုးနဲ့ပြုံးပြနေတာ တွေ့လိုက်ရတယ်။ 'လီဆာ၊ ငါ့သခင်မလေးအိပ်ချင်နေပြီ။ လစ်လိုက်တော့။'လို့ ရိုင်းရိုင်းစိုင်းစိုင်းမပြောပေမဲ့ အေမီဆီကနေ ကြောက်စရာကောင်းတဲ့ဖိအားတစ်ခု ထွက်ပေါ်နေတာ မြင်နိုင်ပါတယ်။

"ဟုတ်... ဟုတ်။" လီဆာလည်း ကျောချမ်းလာပြီး မက်ဒါနာတို့အိပ်ခန်းထဲကနေ တစ်ခါတည်းထွက်ပြေးသွားလေရဲ့။

....

နောက်တစ်နေ့မနက်ရောက်တော့ ဟိုဘက်ဟိုတယ်က ဝန်ထမ်းတွေနဲ့ယာမာဒါတို့ ရောက်နေကြပြီ။ သူတို့တွေက လမ်းမပေါ်မှာ သရုပ်ပြဖို့အတွက် ကုတင်နှစ်လုံးချထားတယ်။ မက်ဒါနာကတော့ ပျင်းရိစွာသန်းဝေလိုက်ရင်းနဲ့ စားပွဲတစ်လုံးမှာဝင်ထိုင်ပြီး ပြိုင်ပွဲကျင်းပမယ့်နေရာကို တစ်ချက်ကြည့်လိုက်ပါတယ်။

"မင်းသမီးလေး၊ မနက်စာစားဖို့ ဆင်းလာတာလား။ ကျုပ်တို့တွေအားလုံး ပြင်ဆင်ထားပြီးပါပြီ။" ယာမာဒါက မက်ဒါနာကို ချက်ချင်းသတိထားမိသွားပြီး ပြေးလာတယ်။ သူနဲ့အတူဝန်ထမ်းတွေလည်း နောက်ကနေလိုက်လာပြီး သူတို့လက်ထဲမှာ ဟင်းပွဲသယ်တဲ့ ထော်လီတွေကိုယ်စီနဲ့။

ဘရာဇီးငှက်ပျောကိတ်၊ ဘရာဇီးအစာသွပ်ပေါင်မုန့်၊ ဒိန်ခဲမုန့်လုံးကြော် စသည်ဖြင့်တစ်ခုပြီးတစ်ခုကို အဖုံးတွေလှန်ပြပြီး မက်ဒါနာစားချင်လာအောင်လို့ ယာမာဒါက ဟင်းပွဲတွေနဲ့မိတ်ဆက်နေတယ်။

"အရူးကောင်၊ ရှင်ဘယ်လိုမျက်နှာမျိုးနဲ့ သူများတည်းခိုခန်းက ဧည့်သည်ကို ပြင်ပစားစရာတွေနဲ့ ဆွဲဆောင်ရဲတာလဲ။"

မက်ဒါနာတစ်ယောက် စားစရာတွေနဲ့ ဆွဲဆောင်ခံရခါနီး လီဆာက တည်းခိုခန်းထဲကနေ ပြေးထွက်လာပြီး ယာမာဒါကိုဆောင့်ကန်ဖို့လုပ်တယ်။

"မင်းသမီးလေး၊ ကျွန်တော့်ကိုကယ်ပါဦး။" ယာမာဒါကတော့ လီဆာကိုမြင်တာနဲ့ မက်ဒါနာနောက်ကိုဝင်ပုန်းပါလေရော။

"....." စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ မက်ဒါနာ။

"သူပြောတာမှန်တယ်၊ ဆိပ်ကမ်းပြာမှာ ပြင်ပစားစရာတွေလက်မခံဘူး။" သူတို့ပြဿနာတက်လုနီးနီးအချိန်မှာပဲ တည်းခိုခန်းပိုင်ရှင်ဖြစ်တဲ့ အဖွားဒိုင်ယာနာက ရှေ့ထွက်လာပြီးပြောပါတယ်။

ယာမာဒါကလည်း သက်ပြင်းချလိုက်တယ်။ ဆိုင်ရှင်ကိုယ်တိုင်က ပြောလာပြီဆိုမှတော့ သူဘာမှလုပ်လို့မရတော့ပါဘူး။

"အကုန်လုံးပြန်သယ်သွားကြ။" ယာမာဒါက ပြောလိုက်တော့ သူ့ဝန်ထမ်းတွေက ဟင်းပွဲတွေကို ပြန်သိမ်းသွားပါတယ်။ ဝန်ထမ်းမိန်းကလေး အဲလင့်ကတော့ အထူးဟင်းလျာတစ်ခုကို သယ်လာပြီး မက်ဒါနာရဲ့စားပွဲပေါ် ချထားပေးလိုက်တယ်။

"အဖွားဒိုင်ယာနာကိုယ်တိုင် မုန့်ဖိုထဲမှာဖုတ်ထားတဲ့ ပလောပီနံပန်ကိတ်ပါ။ သဘာဝပလောပီနံစစ်စစ်နဲ့လုပ်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ပျားရည်နဲ့အရံသစ်သီးတွေကလည်း ရနိုင်တဲ့ အကောင်းဆုံးပစ္စည်းတွေနဲ့ပြုလုပ်ထားတာပါ။"

အဲလင့်က ရှင်းပြတော့ မက်ဒါနာလည်းစိတ်ဝင်စားပြီး ကြည့်လိုက်တယ်။ အေမီချက်ပြုတ်ပေးတာတွေကြောင့် ဟင်းကောင်းတော်တော်များများစားဖူးပြီး ပန်ကိတ်ဆိုတာက ရိုးအီနေလောက်အောင်ဖြစ်နေပြီဆိုပေမဲ့ ဘရာဇီးစတိုင်ပလောပီနံပန်ကိတ်ကိုတော့ မက်ဒါနာက ပထမဆုံးမြည်းကြည့်ခွင့်ရတာပါ။ အနံက သင်းသင်းရှိပြီး အရောင်မရင့်လွန်းမဖျော့လွန်းတဲ့ပန်ကိတ်ပြားသုံးချပ်က ပန်းကန်ပေါ်မှာရှိနေပြီးတော့ တို့စားဖို့အတွက် အညိုရောင်သန်းတဲ့ ပျားရည်ခွက်တစ်ခုပါတယ်။ ပန်ကိတ်ကို ပလောပီနံအမှုန့်နဲ့ရောစပ်ပြုလုပ်ထားတာဖြစ်ပြီး ပန်ကိတ်သုံးချပ်ပေါ်မှာ စပျစ်နဲ့စတော်ဘယ်ရီစတဲ့ သီးနှံတွေလည်း တင်ထားသေးတယ်။

"စားလို့ကောင်းမယ့်ပုံပဲ၊ ဒါပေမဲ့ တခြားသူတွေဘယ်သူမှ စားနေတာမတွေ့သလိုပဲနော်။"

မက်ဒါနာက ဟင်းပွဲကြောင့်စွဲဆောင်ခံလိုက်ရပေမဲ့ သူ့ပတ်ဝန်းကျင်ကဝိုင်းတွေကို လိုက်ကြည့်တော့ အဲဒီလိုကိတ်မျိုးစားမနေတာ တွေ့လိုက်ရတယ်။ ယနေ့အတွက်အထူးဟင်းလျာဆိုတဲ့ ဆိုင်းဘုတ်မှာရေးထားတာကလည်း တခြားဟင်းပါ။

"ဗီအိုင်ပီဟင်းလျာဖြစ်ပါတယ်၊ မင်းသမီးတစ်ပါးဆိုတော့ တော်ဝင်မျိုးတစ်ယောက်နဲ့ထိုက်တန်တဲ့ပုံစံနဲ့ ဆက်ဆံရမှာပါ။" အဲလင့်က ရှင်းပြလိုက်ပြီး ရန်ဘက်ဟိုတယ်ကလူတွေကို ခက်ထန်စွာကြည့်လိုက်တယ်။

"ရှင်တို့ဘက်က အကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုတော့ ပြိုင်ပွဲစကြတော့မလား။" လီဆာက အသင့်ပြင်ထားပြီဖြစ်တဲ့ ကုတင်နှစ်လုံးကို ကြည့်ရင်းကနေ အင်္ကျီလက်တွေကို ခေါက်တင်လိုက်တယ်။ သူအသင့်ဖြစ်နေပါပြီ။

ယာမာဒါကလည်း ခေါင်းညိတ်လိုက်ပြီး ကုတင်နှစ်လုံးနဲ့မျက်နှာချင်းဆိုင်မှာ စားပွဲသီးသန့်နဲ့ထိုင်နေကြတဲ့ လူသုံးယောက်ကို လက်ညိုးထိုးပြလိုက်လေရဲ့။

"ဒီက ဂုဏ်သရေရှိဒိုင်လူကြီးမင်းသုံးယောက်က ကျုပ်တို့ရဲ့အငြင်းပွားမှုကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ သူတို့အကုန်လုံးက ဘရာဇီးနဲ့အကောင်းဆုံး ဟိုတယ်သင်တန်းကျောင်းတွေက ကျောင်းအုပ်တွေမလို့ ဘက်လိုက်မှုရှိမရှိ ပူစရာမလိုပါဘူး။"

"ကောင်းပြီလေ။" လီဆာက ပြောလိုက်ပြီး ကုတင်တစ်လုံးကိုဝင်ရွေးကာ ဘေးမှာရပ်လိုက်တယ်။ အဲဒီနောက် သူတို့ကိုကူဖို့ရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကိုပြောလိုက်လေရဲ့။

"ငါ့ကို အိပ်ရာခင်းသုံးထည်နဲ့စောင်ပေး။" လီဆာရဲ့စကားကို ဝန်ထမ်းက အပြုအမူနဲ့ပဲတုံ့ပြန်တယ်။ ပေးစရာရှိတာပေးပြီး နောက်ဆုတ်သွားတယ်။ ယာမာဒါကတော့ လီဆာကို ရယ်ချင်နေတဲ့မျက်နှာနဲ့ ကြည့်နေပါတယ်။

"အိပ်ရာခင်းသုံးထည်ခေါက်နည်းလား၊ အခြေခံကျလွန်းတယ်။" သူက ခေါင်းခါလိုက်တယ်။ သူ့ဘက်က ပြိုင်ပွဲဝင်မယ့်ဝန်ထမ်းကလည်း နေရာမှာရောက်နေပြီဖြစ်ပြီး ဝန်ထမ်းတစ်ယောက်ကိုမှာလိုက်တယ်။

"ငှက်မွှေးစောင်နဲ့ငှက်မွှေးစောင်ဖုံးပေး။ ငါတို့ကယ်လီဖိုးနီးယားအိပ်ရာလိပ်လုပ်မယ်။"

ဝန်ထမ်းက သူ့အကူဝန်ထမ်းကို ပြောလိုက်ပြီးတော့ သူ့အကူထရော်လီပေါ်မှာတင်ပေးထားတဲ့ ငှက်မွှေးစောင်ဖုံးကို ကွန်ပစ်သလိုမျိုး မွေ့ရာပေါ်မှာ ဖြန့်ခင်းလိုက်တယ်။ တစ်ချက်တည်းနဲ့ပြန့်သွားတာမျိုးဖြစ်ပြီး သူ့အနေနဲ့အနည်းငယ်သာ လိုက်ဖြန့်ပေးဖို့လိုပါတယ်။

တစ်ဖက်မှာလည်း လီဆာက ယုံကြည်ချက်အပြည့်နဲ့ ပထမအိပ်ရာခင်းအလွှာကို ပစ်တင်လိုက်ပေမဲ့ သေချာပြန့်မသွားဘဲ တစောင်းကြီးဖြစ်နေတယ်။ ဒါကြောင့် သေချာအောင်လိုက်ဖြန့်ပေးနေရပြီး အချိန်ပိုကုန်နေတယ်။

မက်ဒါနာကတော့ ပန်ကိတ်ကိုခက်ရင်းနဲ့ထိုးပြီးစားနေရင်းကနေ သူ့နောက်မှာလာရပ်တဲ့ အေမီကိုလှည့်ကြည့်ပြီး မေးလိုက်ပါတယ်။

"အေမီရေ၊ ဘယ်သူနိုင်မယ်လို့ထင်လဲ။" မက်ဒါနာရဲ့စကားကြောင့် အေမီက ပြိုင်နေတဲ့လူနှစ်ယောက်ကို ကြည့်လိုက်ပြီး ခေါင်းကိုစောင်းကာ ပြန်ဖြေပါတယ်။

"အသိသာကြီးပဲမဟုတ်ဘူးလား၊ မမလေးလီဆာရှုံးပါလိမ့်မယ်။"

အေမီက အခုလိုပြောလိုက်တဲ့အတွက် မက်ဒါနာလည်း သက်ပြင်းချလိုက်မိတယ်။ အခုလီဆာရဲ့အခြေအနေက မက်ဒါနာကျွမ်းကျင်စားဖိုမှူးတစ်ယောက်ကို အိမ်ချက်လက်ရာနဲ့အနိုင်ယူခဲ့တဲ့ပုံစံနဲ့မတူဘူး။ လီဆာက ကျောင်းမှာတောင် အိပ်ရာခင်းသေချာခေါက်တတ်တာမဟုတ်ဘူးရယ်။ တစ်ဖက်မှာတော့ မက်ဒါနာက ဂေါ်ဖီကြော်ကို တစ်ချိန်လုံးနီးပါးကြော်နေခဲ့တာလေ။

"ငှက်မွှေးစောင်နဲ့ခေါက်ရတဲ့ ကယ်လီဖိုးနီးယားအိပ်ရာလိပ်နည်းက လုပ်ရတာခက်ပေမဲ့ အဆင့်နည်းပြီး ကျွမ်းကျင်သူတွေအတွက် အချိန်သိပ်မယူရပါဘူး။ တစ်ဖက်မှာတော့ အိပ်ရာခင်းသုံးထည်နည်းက တတ်မြောက်ဖို့လွယ်ပေမဲ့ အဆင့်တွေများတဲ့အတွက်ကျွမ်းကျင်တွေတောင် ပုံမှန်ထက်အချိန်ပိုယူကြရပါတယ်။ ဒါကြောင့် သခင်မလေးလီဆာက မစခင်ကတည်းက ရှုံးနေနှင့်ပါပြီ။"

ဝန်ထမ်းကတော့ ငှက်မွှေးစောင်အဖုံးကို ပစ်တင်ပြီးတဲ့နောက် ငှက်မွှေးစောင်ကိုပစ်တင်တယ်။ အဲဒီနောက် နှစ်ခုညီအောင်ညှိလိုက်ပြီး ကော်ပြန့်လိပ်လိပ်သလိုမျိုး ခေါင်းရင်းပိုင်းကနေ စလိပ်ပါတယ်။ ကော်ပြန့်လိပ်လိုမျိုးလိပ်ပြီးသွားတဲ့အထိ လီဆာကတော့ ပထမအလွှာကို ထောင့်ချိုးလေးတွေပေါ်အောင်လိုက်ပြီး အစသိမ်းနေတုန်းပဲရှိသေးတာ။

"ခုမှ နှစ်မိနစ်ခွဲပဲရှိသေးတာကို တစ်ဝက်ပြီးနေပြီလား။ တကယ့်ကို မမျှတဲ့ပွဲပဲ။" ဒိုင်တချို့က ကယ်လီဖိုးနီးယားအိပ်ရာလိပ်နဲ့ လီဆာရဲ့အိပ်ရာခင်းသုံးထပ်ကိုယှဥ်ကြည့်ပြီး ခေါင်းကိုခါယမ်းလိုက်ကြပါပြီ။

လီဆာပထမတစ်လွှာခင်းပြီး ဒုတိယအလွှာအတွက် ကွန်ပစ်ဖို့လုပ်တော့ တစ်ဖက်ဝန်ထမ်းက ကော်ပြန့်လိပ်လိုဖြစ်နေတဲ့အိပ်ရာခင်းရဲ့ခြေရင်းအစကိုကိုင်ကာ ပြောင်းပြန်လှန်လိုက်ပြီး ပြန်ဖြန့်တယ်။ အခုဆိုရင် ငှက်မွှေးစောင်က အောက်က၊ စောင်အဖုံးကအပေါ်ကဖြစ်သွားပြီး ခြေရင်းကနေခေါင်ရင်းကို ဖြည်းဖြည်းချင်း အလိပ်ဖြေသွားရုံပဲ။ လီဆာဒုတိယအလွှာကို ခေါင်းရင်းနဲ့အတိထားပြီးချိန်မှာ ဝန်ထမ်းက အိပ်ရာလိပ်ဖြန့်လို့ပြီးသွားပြီဖြစ်ပြီး ခေါင်းအုံးထားဖို့နေရာအတွက် အိပ်ရာခင်းကို အပေါ်မှာတစ်ချက်အနားသပ်ခေါက်တင်လိုက်တယ်။ အိပ်ရာခင်းစသိမ်းစရာလည်းမလိုဘူး၊ ခေါင်းအုံးတင်ဖို့အသင့်ပဲ။

"ခေါင်းအုံးနဲ့ခေါင်းအုံးစွပ်တွေ၊ ငါ့ကိုပေး။" ဝန်ထမ်းက အကူဝန်ထမ်းဆီကနေ ခေါင်းအုံးတစ်စုံယူလိုက်ပြီး ခေါင်းအုံးအနားကိုဖိကိုင် ထက်ပိုင်းချိုးချလိုက်ပြီး ခေါင်းအုံးစွပ်ထဲအသာလေးထည့်လိုက်တယ်။ နောက်တော့ နှစ်လုံးလုံးလုပ်ပြီးသွားပြီး လှလှလေးတင်ပေးလိုက်ရော။ နောက်တော့ အိပ်ရာပေါ်အလှတင်တဲ့ ရန်နာပိတ်စအနီကို ခြေရင်းမှာခင်းပေးလိုက်တယ်။ သူပြီးသွားပြီ။

"ငါးမိနစ်နဲ့နှစ်ဆယ့်သုံးစက္ကန့်။" အချိန်မှတ်နေတဲ့ဒိုင်က ဝန်ထမ်းအတွက်အချိန်မှတ်တာကို ရပ်လိုက်ပြီးတော့ လက်ခုပ်တီးတယ်။ မက်ဒါနာနဲ့အတူ ဆိပ်ကမ်းပြာဆိုင်မှာ ထိုင်နေတဲ့သူတွေပါ ဝိုင်းပြီးလက်ခုပ်တီးကြတာ။ တစ်ဖက်မှာတော့ လီဆာက ပြိုင်ဘက်ဖြစ်သူပြီးသွားတဲ့အတွက် ပိုပြီးဗျာများနေပြီ။

"ဒီကောင်မလေး အချိန်ပြည့်တဲ့အထိတောင် ခင်းပြီးပါ့မလား။" ပရိသတ်တွေထဲက တစ်ယောက်က ပြောလိုက်တယ်။ လီဆာကတော့ ဒုတိယအလွှာပြီးလို့ စောင်ပစ်တင်ပြီး ညီအောင်ညှိနေတုန်းပဲရှိသေးတယ်။ တတိယအလွှာကိုတင်ပြီး အိပ်ရာစတွေသိမ်းဖို့လုပ်နေတုန်း အချိန်ပြည့်သွားပြီး ဒိုင်တွေထလာကာ လီဆာကိုရပ်ခိုင်းတယ်။

"ရပြီ၊ ရှစ်မိနစ်ပြည့်သွားပြီ။" လီဆာက သူခင်းထားတဲ့ အိပ်ရာကိုပြန်ကြည့်လိုက်တယ်။ အနားသိမ်းလို့မပြီးသေးရုံတင်မကဘူး ကွန်သေချာမပစ်တတ်လို့ အိပ်ရာခင်းတွေပါ ကြေမွနေသေးတယ်။

"ဒီပွဲကို ဟိုတယ်ဘလိဗီးယားနိုင်တယ်။" ဒိုင်တွေအကုန်လုံးက ခေါင်းညိတ်ပြီး ရလဒ်ကိုကြေကြာလိုက်ကြတယ်။

လီဆာကတော့ စိတ်ညစ်ညစ်နဲ့စားပွဲခုံအလွတ်မှာ ဝင်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ မက်ဒါနာက အေမီကိုကြည့်လိုက်ပြီး "ဘာလို့လီဆာကို အဲဒီနည်းသင်မပေးလိုက်တာလဲ။"လို့မေးတော့

"လီဆာက အလွယ်ဆုံးနည်းလမ်းကိုတောင် မနည်းသင်ခဲ့ရတာလေ။ ဒါကြောင့် ခက်တဲ့နည်းကိုသင်ပေးလိုက်ရင် အခုထက်ပိုဆိုးအခြေအနေဆိုးလိမ့်မယ်။"

မက်ဒါနာလည်း အေမီရဲ့အဖြေကို အထွန့်တက်စရာမရှိတဲ့အတွက် လေပူတွေမှုတ်ထုတ်လိုက်တယ်။ အေမီက သခင်မလေးရဲ့စိတ်ကိုသိတဲ့အတွက်ကြောင့် အခုလိုဝင်ပြောလိုက်ပြန်တယ်။

"မမလေးစိတ်မပူပါနဲ့၊ အခုတစ်ပွဲကို ဘလိဗီးယားက နိုင်သွားတယ်ဆိုပေမဲ့ ကျန်တဲ့နှစ်ပွဲကို သူတို့နိုင်ဦးမယ်လို့တော့ အာမမခံနိုင်ဘူးလေ။" မက်ဒါနာက အေမီရဲ့စကားကိုကြားတော့ စိုးရိမ်တဲ့ပုံစံမပေါ်ဘဲ ပွဲကိုတစ်ချိန်လုံးစောင့်ကြည့်နေတဲ့ အဲလင့်နဲ့ဒိုင်ယာနာကို လှည့်ကြည့်လိုက်ပါပြီ။ အင်တာနက်ပေါ်မှာရီဗျူးကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့ ဆိပ်ကမ်းပြာက ဒီလောက်မညံ့နိုင်ဘူးမဟုတ်လား။

ယာမာဒါကတော့ မက်ဒါနာတို့ဆီကို ပြန်လျှောက်လာနေပါပြီ။ "မင်းသမီးလေး၊ မင်းသမီးလေးတွေ့တဲ့အတိုင်းပါပဲ။ ဒီတည်းခိုခန်းက အိပ်ရာကိုတောင်မှ အဆင်ပြေအောင်ခေါက်တတ်တာမဟုတ်ပါဘူး။ ဒီလိုအိပ်ရာခေါက်ကြာပုံမျိုးနဲ့ဆိုရင် မင်းသမီးလေးအနေနဲ့ သူတို့အိပ်ခန်းပြင်ဆင်ပေးတာကို အကြာကြီးစောင့်နေပေးရမှာပေါ့။ ကျွန်တော်တို့ဟိုတယ်ကိုလိုက်ခဲ့ပေးပါ။"

မက်ဒါနာကတော့ ယာမာဒါရဲ့သွေးဆောင်တဲ့စကားတွေကို ကြားရတာနားညီးနေပြီဖြစ်တာကြောင့် လက်ကိုခါပြလိုက်ပြီး ထိုင်ခုံကနေထကာ တည်းခိုခန်းအတွင်းထဲကို ဝင်သွားလိုက်တယ်။ ယာမာဒါကတော့ မက်ဒါနာက သူ့ကိုဂရုမစိုက်တဲ့အတွက် မကျေနပ်ဖြစ်သွားပေမဲ့ ဘာမှမပြောရဲဘူး။ အဲဒီအစား လီဆာတို့ကိုကြည့်ပြီး ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလိုက်ပါပြီ။

"မနက်ဖြန်ဟိုတယ်သန့်ရှင်းရေးပြိုင်ပွဲကျရင်လည်း မင်းတို့ကို အနိုင်ပိုင်းပြဦးမယ်။"

အဲဒီနောက်တော့ သူက ဝန်ထမ်းတွေကို အိပ်ရာတွေပြန်သိမ်းခိုင်းပြီး သူ့ဟိုတယ်သူပြန်သွားတယ်။

...

"ဟားဟားဟား... ဟားဟားဟား... သူတို့ဖြစ်ပျက်နေတာကို ကြည့်ရတာ ငရဲခန်းဟိုတယ်များအစီအစဥ်ကြည့်နေရသလိုပဲ။ ဒါပေမဲ့ ဒါကပိုကောင်းတယ်။ လုံးဝကို ရီရယ်လတီရှိုးစစ်စစ်ပဲ။"

အိုလီက အထပ်မြင့်တိုက်ပေါ်ကနေတစ်ဆင့် ခါတိုင်းလိုပဲ လီဆာတို့ကိုချောင်းကြည့်နေတယ်။ ဂျက်စပါကတော့ နောက်မှာရပ်နေရင်းကနေ အိုလီကိုထပ်ပြီး သတိပေးလိုက်ပြန်ပါတယ်။

"အိုလီ၊ သူတို့သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ။" ဂျက်စပါကသတိပေးရင်လည်း သတိပေးချင်စရာပါ။ တစ်ဖက်အဖွဲ့က အေမီက ကင်းထောက်တဲ့နေရာမှာ ပြိုင်စံရှားလောက်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတာပါ။ တစ်ချိန်လုံး အနီးအနားက တိုက်တစ်ခုမှာနေပြီး အမြဲတမ်းရန်စနေမယ်ဆိုရင် သူတို့လုပ်နေတဲ့မစ်ရှင်အတွက် အများကြီးအနှောင့်အယှက်ဖြစ်လာနိုင်တယ်။

ဒါပေမဲ့ အိုလီကတော့ သတိပေးခံလိုက်ရတဲ့အတွက်ဒေါသထွက်လာပြီး စားပွဲပေါ်မှာရှိနေတဲ့ လယ်သာအကောင်းစားနဲ့လုပ်ထားတဲ့ မီနျူးစာအုပ်ကိုကောက်ကိုင်ကာ ဂျက်စပါ့ရင်ဝကိုပစ်လိုက်တယ်။

"ငါသိပါတယ်၊ အရူးကောင်ရဲ့။ ငါ့ကိုလာလာပြီး ဆရာမလုပ်နဲ့။"

"ဟုတ်... ဟုတ်ပြီ။" ဂျက်စပါကတော့ မီနျူးစာအုပ်ကို ဖမ်းလိုက်ပြီး ခေါင်းညိတ်ပြတယ်။

...

"သခင်မလေးလီဆာ၊ အိပ်ရာပေါ်ကနေ တစ်စိတ်လောက် ဖယ်ပေးလို့ရမလား။ မမလေးအတွက် အိပ်ရာခင်းပေးရဦးမှာမလို့ပါ။" အေမီက ခုထိအိပ်ရာပေါ်မှာ မှောက်ခုံကြီးလှဲပြီး ငိုကြွေးနေတဲ့ လီဆာကိုပြောလိုက်တယ်။ လီဆာက အေမီကိုမော့ကြည့်ပေမဲ့ နှေးတိနှေးတုတ်လုပ်နေတာကြောင့် အေမီက အတင်းဆွဲချမယ်လုပ်ပါလေရော။

"ဟုတ်ပါပြီ၊ ကျွန်မဆင်းပေးပါမယ်။ ဟုတ်ပြီလား၊ အတင်းဆွဲချစရာမလိုပါဘူး။" လီဆာက အိပ်ရာပေါ်ကနေ ဆင်းပေးလိုက်တော့မှ မက်ဒါနာလည်း နီရဲနေတဲ့ သူ့မျက်လုံးတွေကို မြင်ရတော့တာ။

"ပြီးသွားတဲ့ကိစ္စတွေက ပြီးသွားပြီပဲဥစ္စာ၊ နင်ငိုနေလည်း အိပ်ရာခင်းပြိုင်ပွဲရလဒ်က ပြောင်းသွားမှာမဟုတ်ဘူးလေ။ မနက်ဖြန်ပြိုင်ပွဲအတွက် တစ်ခုခုစဥ်းစားပါလား။"

မက်ဒါနာက သတင်းတွေဖတ်နေရင်းကနေ ပျင်းရိတဲ့လေသံနဲ့ ပြောလိုက်တယ်။ သတင်းထဲမှာ မြန်မာနဲ့ဆုဗာနာက ပူးပေါင်းမဟာမိတ်ဖွဲ့ပြီး တရုတ်နိုင်ငံယူနန်နယ်ထဲမှာ စစ်ဆင်ရေးလုပ်နေတယ်။ အဓိကကတော့သူတို့နယ်စပ်တွေထဲ ပိုးကောင်တွေခနခနဝင်လာနေတာကို တားဆီးဖို့ပါ။

"အပြောကတော့ လွယ်တာပေါ့ အရူးမကြီးရဲ့။ ဒါပေမဲ့ နောက်နေ့ကျရင် ဟိုတယ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရမှာလေ။ ပြီးတော့စည်းကမ်းချက်တွေအရ ရှိသမျှဝန်ထမ်းကုန်ကိုသုံးပြီး သန့်ရှင်းရေးလုပ်နိုင်တယ်လို့ပါတယ်။ သူတို့က ဝန်ထမ်းတွေအများကြီးရှိပြီး ဒီမှာက ကျွန်မနဲ့အစ်မကြီးအဲလင့်ပဲရှိတာလေ။"

"ဒါကို နင်စိုးရိမ်နေတာလား။" မက်ဒါနာကလည်း ပြန်စဥ်းစားလိုက်တယ်။ ဟိုအိမ်တော်ထိန်းချုပ်ယာမာဒါမှာက ဝန်ထမ်းဒါဇင်နဲ့ချီပြီးရှိနေတာပါ။ ပြီးတော့ ဟိုတယ်တစ်ခုဖြစ်တာနဲ့အညီ သန့်ရှင်းရေးစက်ကိရိယာတွေလည်း အကုန်အစုံရှိမှာပါပဲ။ ဒါပေမဲ့ဆိပ်ကမ်းပြာမှာ လူနည်းနည်းပဲရှိပြီး စက်ပစ္စည်းလည်း မစုံပါဘူး။

ဒါပေမဲ့ အေမီကတော့ ပြုံးလိုက်ပြီး အခုလိုပြောပါတယ်။ "အဲဒီလိုတော့မဟုတ်ပါဘူး၊ သခင်မလေးလီဆာ။"

လီဆာလည်း အေမီဆီကနေပြီး အခုလိုကြားရတဲ့အတွက်ကြောင့် မျှော်လင့်တကြီးနဲ့ကြည့်လိုက်ပါတယ်။ လီဆာကတော့ အခန်းအလယ်မှာရပ်လိုက်ပြီး လက်ကိုမြှောက်ကာ အခန်းတစ်ပြင်လုံးကိုပြလိုက်ပါတယ်။

"ဆိပ်ကမ်းပြာတည်းခိုခန်းမှာက ဧည့်သည်ခန်းအနည်းငယ်ပဲရှိပါတယ်။ ဘလိဗီးယားမှာက အနည်းဆုံးဧည့်သည်အခန်းငါးဆယ်ကျော်ရှိမှာပါ။ ဝန်ထမ်းတွေများပေမဲ့ သူတို့ရှင်းရမယ့်ဟိုတယ်က ပိုကြီးပြီး တာဝန်ပိုကြီးပါတယ်။ ကျွန်မတို့က တည်းခိုခန်းခပ်သေးသေးပဲမလို့ စီမံနိုင်တဲ့အရွယ်အစားမှာပဲ။"

"ဒီလိုပြောတော့လည်း ဟုတ်သလိုရှိသား။" မက်ဒါနာက အေမီပြောတာကို နားထောင်နေရင်းကနေ မေးကိုကိုင်ပြီး စဥ်းစားကြည့်တယ်။

"စကားမစပ်၊ သခင်မလေးလီဆာအနေနဲ့ သန့်ရှင်းရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လောက်သိပါသလဲ။"

"အဆောင်မှာတော့ ကိုယ့်အခန်းကိုယ်သန့်ရှင်းရေးလုပ်ပါတယ်။"

"ဒါဆို သိပ်ပြီးစိတ်မချရဘူးပေါ့။"

"...." လီဆာတစ်ယောက် အေမီဲရဲ့ကောက်ချက်ကြောင့် တစ်ခါတည်းရင်ခံသွားတယ်။ ဒါပေမဲ့ ပထမတစ်ခါလည်း အေမီပြောတာမှန်ပြီးနေပြီမလို့ လီဆာတစ်ယောက် ဆင်ခြေရှာမရဘူးရယ်။

"ပြိုင်ပွဲဒုတိယအချီက လူအများနဲ့လုပ်ရမှာမလို့ တည်းခိုခန်းကို အမြဲသန့်ရှင်းရေးလုပ်ရတဲ့ အဲလင့်လည်းပါမှာဆိုပေမဲ့ ပါတနာအနေနဲ့ သခင်မလေးလီဆာအနေနဲ့ သူ့အနှောင့်အယှက်ဖြစ်စေလို့မရပါဘူး။" အေမီက ပြောလိုက်တော့ လီဆာကလည်း သင်ယူချင်စိတ်အပြည့်နဲ့ ခေါင်းညိတ်လိုက်ပြီးတော့ အေမီကိုပြောပါတယ်။

"အွန်း၊ ကျွန်မကို သန့်ရှင်းရေးလုပ်တာနဲ့ပတ်သက်တဲ့အရာအားလုံးသင်ပေးပါ။"

"ဟုတ်ပြီ၊ ဒါဆိုရင် သခင်မလေးလီဆာကို သန့်ရှင်းရေးလုပ်ရင်သုံးတဲ့ ပစ္စည်းတွေကနေစပြီး ရှင်းပြပေးပါမယ်။"

[ပုံ၊ ကယ်လီဖိုးနီးယားအိပ်ရာလိပ်။]

All Chapters