ဆည်းဆာနတ်ဓား
Vol. 47 Ch. 648
နာရီဝက်အကြာတွင် ယဲ့ချန်သည် ရှင်းရွှမ်၏ဦးဆောင်မှုဖြင့် သုံးလွှာကမ္ဘာ၏အတွင်းပိုင်းရှိ စင်မြင့်တစ်ခုထံ ရောက်ရှိလာခဲ့သည်။ ၎င်းအထက်တွင် ဧရာမအနက်ရောင် ဓားတစ်လက်ရှိနေကာ တစ်မီတာခွဲရှည်လျားပြီး ဗြက်အကျယ်က လက်နှစ်ဖဝါးခန့် ရှိပေသည်။ ၎င်း၏ထိပ်ဖျားတွင် ဆန်းကျယ်သော ရုန်းများ ရေးထွင်းထားသော်လည်း တစ်လက်လုံး နက်မှောင်တောက်ပနေသည်။ သူက ၎င်းနှင့် မီတာထောင်ချီကွာဝေးနေသော်လည်း စိတ်အတွင်းမှ ဓားပျံသည် အစွမ်းထက်ရတနာများကိုတွေ့လျှင် တုန်ခါနေကျအတိုင်း ဆက်တိုက်တုန်ယင်လာခဲ့သည်။
"ဒီဓားကို ဆည်းဆာနတ်ဓားလို့ ခေါ်တယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မဟာစစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပြီး အဆင့်သုံးမျိုးနွယ်ဝင်တွေ ထရီလီယံချီ သေဆုံးခဲ့ရတယ်။ ကြယ်ပေါင်းသောင်းချီက ကြယ်သေတွေအဖြစ် ပြောင်းလဲသွားပြီး မရေမတွက်နိုင်တဲ့ ကောင်းကင်နတ်ဆိုးတွေ သေဆုံးကုန်တယ်။ အဲ့ဒီစစ်မြေပြင်ကို ကြယ်သင်္ချိုင်းလို့ခေါ်ပြီး အာကာသစူးစမ်းသူတွေက ဒီဓားကိုရှာဖွေ ရယူလာနိုင်ကြတယ်။ ငါက အဲ့ဒီရတနာကို သူတို့ဆီကနေ ရယူနိုင်ခဲ့ပြီး ဒီနေရာမှာ အမွေအနှစ်အဖြစ် ချန်ထားရစ်ခဲ့တယ်။ ဒါပေမယ့် အခုအချိန်အထိ ဘယ်သူမှ ဆည်းဆာနတ်ဓားကို အသက်မသွင်းနိုင်ဘူး"
ရှင်းရွှမ်က ဓားအကြောင်း မိတ်ဆက်ပေးလိုက်သည်။
"ဒါဆိုရင် စီနီယာက ဘာကြောင့် ကျုပ်ကို ဒီရတနာပေးရတာလဲ"
ယဲ့ချန်က ပြန်မေးလိုက်သည်။
"ဒီနတ်ဓားကို အသက်သွင်းနိုင်ဖို့ အသုံးပြုနိုင်ဖို့ဆိုရင် အလွန်သန်မာတဲ့ ရုပ်ခန္ဓာ လိုအပ်တယ်။ သာမန်အဆင့်သုံးမျိုးနွယ်ဝင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က တန်ပြန်အားကို ခုခံနိုင်မှာမဟုတ်ပေမယ့် ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို အသက်သွင်းထားနိုင်တဲ့ မင်းကတော့ ခုခံနိုင်လောက်မယ်"
ရှင်းရွှမ်က ရှင်းပြရင်း ဆက်ပြောလိုက်သည်။
"ဒါကို မင်းအသုံးပြုနိုင်မလား စမ်းကြည့်လိုက်ပါ။ ဆည်းဆာနတ်ဓားရဲ့အစွမ်းက တာအိုလက်နက်တစ်ခုထက် ကျော်လွန်နေလို့ သာမန်ကျင့်ကြံသူတွေ အသုံးမပြုနိုင်ဘူး။ ဒီဓားက မင်းရဲ့ဓားပျံကိုတော့ မယှဥ်နိုင်ပေမယ့် အစွမ်းထက်ပါတယ်။ အစွမ်းဆယ်ပုံတစ်ပုံကို ထုတ်ဖော်နိုင်ရင်တောင် ကြယ်တစ်လုံးကို နှစ်ပိုင်း ဖြတ်ပစ်နိုင်လိမ့်မယ်"
ရှင်းရွှမ်က ယဲ့ချန်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်လိုက်ပြီး သူ၏စိတ်အတွင်းမှ ဓားပျံကို မြင်နိုင်စွမ်းရှိနေခဲ့သည်။ ယဲ့ချန်သည် တစ်ဖက်လူက သူ၏ဓားပျံအကြောင်း သိနေလိမ့်မည်ဟု မျှော်လင့်မထားပေ။ ကြယ်သခင်အဆင့်တစ်ယောက်က ဓားပျံ၏တည်ရှိမှုကို အာရုံခံနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
"ဒါက ဘယ်လိုလက်နက်မျိုးလဲ။ အစွမ်းဆယ်ပုံတစ်ပုံနဲ့တောင် ကြယ်တစ်လုံးကို ပိုင်းဖြတ်နိုင်ရင် ရာနှုန်းပြည့်စွမ်းအားကို ဘယ်လိုလူမျိုးက ထုတ်ဖော်နိုင်မှာလဲ။ ဒါပေမယ့် ဒီလိုနတ်ဓားမျိုးကတောင် ငါ့ဓားပျံကို မယှဥ်နိုင်ဘူးတဲ့လား"
သူက နတ်ဓားကို စိုက်ကြည့်လိုက်ရင်း စိတ်ထဲ၌ အတွေးများ ဖြစ်ပေါ်လာသည်။
"ကျုပ် စမ်းကြည့်မယ်"
သူက ခေါင်းညိတ်၍ စင်မြင့်ထက်သို့ ခုန်တက်သွားပြီး နတ်ဓားအနီး ချဥ်းကပ်လိုက်သောအခါ ကြောက်မက်ဖွယ်သေခြင်း၏အရှိန်အဝါကို ခံစားလိုက်ရသည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းလွန်းပြီး သူ၏မြင်ကွင်းအတွင်းရှိနေသော ကြယ်အလင်းရောင်များကို ဖုံးကွယ်ထားသည့် ကြယ်သေတစ်လုံးကို ထွက်ပေါ်လာစေသည်။ ကောင်းကင်၌ အရာရာတိတ်ဆိတ်သွားပြီး မည်းမှောင်သွားကာ မရဏတရား၏အရှိန်အဝါက မျက်နှာကိုပင် ရိုက်ခတ်လာသည်။ ဤစွမ်းအားကြောင့် သူ၏ခုခံလိုစိတ်က ပျောက်ကွယ်သွားကာ နှလုံးသားအတွင်း အမှောင်ထုက ကြီးစိုးလာသည်။ ဆည်းဆာနတ်ဓားက ယဲ့ချန်ကို အလုံးစုံ ဖိနှိပ်လိုက်ပြီဖြစ်သည်။
"မဟုတ်ဘူး"
ယဲ့ချန်က နတ်ဓားကိုထိန်းချုပ်ရန် မဆိုထားနှင့်၊ အနီးသို့ပင် မကပ်နိုင်သောကြောင့် ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သူ၏ဘဝက ဆည်းဆာနေဝင်ချိန် ရောက်ရှိလာသကဲ့သို့ သေခြင်းတရားကို စတင်ထိတွေ့မိလာခဲ့သည်။
"ကြည့်ရတာ သူက ဆည်းဆာနတ်ဓားကို မဖိနှိပ်နိုင်ဘူး ထင်တယ်"
တျန်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ရှင်းရွှမ်က ဤဓားကို မည်သည့်နေရာမှ ယူဆောင်လာကြောင်း မသိရသော်လည်း ၎င်း၏အစွမ်းက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။
"ဟုတ်တယ်"
ရှင်းရွှမ်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
"ဒါဆိုရင် မင်းက ဘာကြောင့် သူ့ကို အသုံးပြုခွင့်ပေးလိုက်တာလဲ"
တျန်းယွမ်၏မျက်နှာထက်တွင် ခံစားချက်ကင်းမဲ့နေကာ ယဲ့ချန်နှင့် နတ်ဓား၏အဖြစ်ကို စောင့်ကြည့်နေသည်။
"ကျုပ်က အလောင်းအစား လုပ်လိုက်တာပါ"
ရှင်းရွှမ်၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ တည်ငြိမ်နေသဖြင့် ယဲ့ချန်ကို ယုံကြည်ကြောင်း သိသာသည်။
ဆည်းဆာနတ်ဓားထံမှ အနက်ရောင် ဓားအလင်းတန်းများစွာ ထွက်ပေါ်လာပြီး ယဲ့ချန်၏ခန္ဓာကိုယ်ကို ထိမှန်ကာနီးတွင် သူက အကြံရလိုက်သဖြင့် စိတ်အတွင်းမှ ဓားပျံကို အသက်သွင်းလိုက်သည်။
"ငါက သေတဲ့အထိ လက်မလျှော့ဘူးကွ"
သူ၏မျက်ဝန်းအတွင်း ကြယ်ကိုးလုံး ထွက်ပေါ်လာကာ မြင့်မြတ်သော အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။ ဓားပျံက သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာရန် တုန်ခါနေပြီး မျက်လုံးအစုံမှ ဓားအလင်းနှစ်ခု ထွက်ပေါ်လာသည်။ ထိုဓားပျံသည် အစစ်အမှန်ဖြစ်သည်ဟု သူက ပထမဆုံးအကြိမ် ခံစားလိုက်ရပြီး သူ၏အကြည့်မှ ထွက်ပေါ်လာသော ဓားအလင်းနှစ်ခုနှင့်အတွေ့၌ အနက်ရောင်ဓားအလင်းများ နောက်ဆုတ်သွားကြသည်။ ထိုအချိန်တွင် သူက အစွမ်းထက်ဓားပျံတစ်လက်ကဲ့သို့ လေပေါ်သို့မြင့်တက်လာကာ ထက်ရှသော အရှိန်အဝါတစ်ခု ပိုင်ဆိုင်နေသည်။ အစွမ်းထက်လက်နက်နှစ်ခု၏ အားပြိုင်မှုတွင် ဓားပျံက ဆည်းဆာနတ်ဓားကို လုံးဝဖိနှိပ်နိုင်ခဲ့ပြီး နတ်ဓားက ရုန်းကန်လိုဟန်ဖြင့် ဆက်တိုက်တုန်ခါနေခဲ့သည်။ သို့သော် ၎င်းက မည်မျှကြိုးစားပါစေ၊ ဓားပျံ၏ဖိအားအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ လက်ရှိတွင် ရုပ်ခန္ဓာ၊ စိတ်နှင့် ဝိညာဥ်က ဓားပျံနှင့် တစ်သားတည်းဖြစ်သွားသည်ဟု ယဲ့ချန်က ခံစားလိုက်ရ၏။ သူကိုယ်တိုင်က ပြိုင်ဘက်ကင်းအစွမ်းထက်သော ဓားပျံတစ်စင်း ဖြစ်ပေါ်လာပုံပေါ်သည်။
ယဲ့ချန်က ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်သောအခါ ဓားပျံ၏အရှိန်အဝါကြောင့် နတ်ဓားမှာ တုန်ယင်သွားခဲ့သည်။ သူက ဓားပျံ၏အစွမ်းကို အာရုံခံနိုင်နေခဲ့ပြီး တာအိုလက်နက်တစ်ခုထက် ပို၍အစွမ်းထက်သော ဆည်းဆာနတ်ဓားမှာ ၎င်းအောက် နိမ့်ကျကြောင်း နားလည်လိုက်သည်။ သူက ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်ဖော်၍ နတ်ဓားထံ တစ်လှမ်းချင်းချဥ်းကပ်နေပြီး နောက်ဆုံးတွင် သူ၏ညာလက်က ဓားလက်ကိုင်ပေါ် ကျရောက်သွားခဲ့သည်။ သူက နတ်ဓားကို ထိတွေ့လိုက်ချိန်တွင် စိတ်အတွင်း၌ ဆတ်ခနဲတုန်ခါသွား၍ ကောင်းကင်ချီများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ နတ်ဓားအတွင်း အချိန်လေဟာနယ်စွမ်းအင်များစွာ တည်ရှိနေပြီး လက်ကိုင်ကိုဆုပ်ကိုင်ထားသော သူ၏ကိုယ်တွင်းသို့ ဝင်ရောက်လာကာ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာနှင့် ကျင့်ကြံဆင့်ကို တိုးတက်သွားစေခဲ့သည်။ ဆည်းဆာနတ်ဓားပေါ်ရှိ တာအိုရုန်းများက သူ့ကို ဆက်တိုက်အဆင့်တက်စေခဲ့ပြီး တာအိုနတ်အဆင့်ငါးအထိ တဟုန်ထိုး ရောက်ရှိသွားသည်။ သို့သော် သူက အချိန်လေဟာနယ်စွမ်းအင်ကို အသုံးပြု၍ တာအိုရုန်းများ ထုတ်ဖော်တိုက်ခိုက်နိုင်သောကြောင့် စစ်ဧကရာဇ်အဆင့်တစ် ကျင့်ကြံသူကိုပင် ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။
"ကြည့်ရတာ မင်းရဲ့အလောင်းအစားက မှန်သွားပြီ ထင်တယ်"
ဤဖြစ်ရပ်ကို အစအဆုံးစောင့်ကြည့်နေသော ကြယ်သခင်နှစ်ယောက်အနက် တျန်းယွမ်၏စကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှင်းရွှမ်၏အမြင်က သူ့ထက် ပို၍စူးရှထက်မြက်ပြီး ယဲ့ချန်၏ဓားပျံမှာ ဆည်းဆာနတ်ဓားကို ဖိနှိပ်နိုင်မည်ဟု တွက်ချက်နိုင်ခဲ့သည်။
"ကြည့်ရတာ ကောင်းကင်မူလကြယ်ပေါ်မှ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာတော့မယ် ထင်တယ်။ သူ့ရဲ့အောင်မြင်မှုက ကျုပ်တို့လို ကြယ်သခင်တွေထက် ပိုလိမ့်မယ်"
ရှင်းရွှမ်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဆည်းဆာနတ်ဓားက အစွမ်းထက်ပြီး ကြယ်ဝိညာဥ် မဟာတာအိုလက်နက်တွေကိုတောင် ကျော်လွန်တယ်။ ဒါပေမယ့် ဒီဓားကြောင့် သူ့ကို ရှင်းဟွမ်က ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ဒီလုပ်ရပ်က မှန်ပါ့မလား"
တျန်းယွမ်က မသေမချာဖြင့် ရေရွတ်လိုက်သည်။
"အမှန်နဲ့အမှားကို ဘယ်သူမှ မပြောနိုင်ပါဘူးလေ။ ရှင်းဟွမ်ကလည်း ကျုပ်တို့လိုမျိုး ရှင်သန်ဖို့အတွက် ရုန်းကန်နေရတယ်။ သူ့ထိန်းချုပ်မှုအောက်ကနေ လူသားတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ် ဘာကြောင့် မဖောက်နိုင်ရမှာလဲ"
ရှင်းရွှမ်က သက်ပြင်းတစ်ချက်ချ၍ အတွေးနက်နေပုံပေါ်သည်။ ယဲ့ချန်က တာအိုနတ်အဆင့်သို့ ရောက်သွားသောအခါ သုံးလွှာကမ္ဘာ၏ ကောင်းကင်ထက်တွင် တိမ်ညိုတိမ်မည်းများ စုဝေးလာသည်။
"သူ့အတွက် ကောင်းကင်ကပ်ဘေး ကျဆင်းလာပြီ။ ဒါပေမယ့် ကောင်းကင်ဘုံက ဒီလိုပါရမီရှင်မျိုးကို အသက်ရှင်ခွင့်ပေးမယ် မထင်ဘူး"
တျန်းယွမ်က ကောင်းကင်သို့ မော့ကြည့်၍ ခေါင်းယမ်းလိုက်သည်။ သုံးလွှာကမ္ဘာအတွင်း ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်မည့် ကျင့်ကြံသူမှာ ယဲ့ချန်က ပထမဆုံးဖြစ်သည်။
"ဘုန်း"
မြေပြင်တစ်ခွင် တုန်ခါသွားပြီး မိုးချုန်းသံများ ထွက်ပေါ်လာသည်။
"ကောင်းကင်ကပ်ဘေး ကျဆင်းလာပြီ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ကောင်းကင်သို့ စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူက ဆည်းဆာနတ်ဓားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမရှိသေးသည့်အပြင် ၎င်း၏အစွမ်း တစ်ရာခိုင်နှုန်းကိုပင် မထုတ်ဖော်နိုင်ချေ။ သူ၏တာအိုနတ်အဆင့်ငါး ကျင့်ကြံဆင့် ခွန်အားဖြင့်ပင် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်ရပေလိမ့်မည်။
"ဝုန်း"
ကောင်းကင်၌ ရွှေရောင်မိုးကြိုးများ တဖြတ်ဖြတ် လင်းလက်နေသည်။
"ရွှေမီးလျှံနတ်မိုးကြိုး ရှစ်ဆယ့်တစ်စင်း"
ကြယ်သခင်နှစ်ယောက်လုံး မင်သက်သွားကြသည်။ ကောင်းကင်ကပ်ဘေး၏ ပထမဆုံးကပ်ဘေးမှာပင် စစ်ဧကရာဇ်များသာ ရင်ဆိုင်ရသော ရွှေမီးလျှံနတ်မိုးကြိုးများ ကျဆင်းလာသည်။ သို့သော် ယဲ့ချန်က တာအိုနတ်အဆင့်သို့သာ ချိုးဖျက်တက်ရောက်သွားခြင်း ဖြစ်သည်။
"ငါထင်တဲ့အတိုင်း ကောင်းကင်ဘုံက သူ့ကို အသက်ရှင်ခွင့် မပေးချင်ဘူး"
တျန်းယွမ်က ဤသို့မှတ်ချက်ပြုလိုက်စဥ် ယဲ့ချန်မှာလည်း ကြောက်မက်ဖွယ်ကပ်ဘေးကြောင့် ကြောက်စိတ်အချို့ ဖြစ်ပေါ်လာသည်။ သူက ရွှမ်အဆင့်သို့တက်ခဲ့စဥ် ကျဆင်းလာသော ရွှေမီးလျှံနတ်မိုးကြိုးများကြောင့် ရုပ်ခန္ဓာတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။ သို့သော်လည်း သူက မာန်တင်းကာ ကောင်းကင်ချီများနှင့် အချိန်လေဟာနယ်စွမ်းအင်များကို လက်သီးတွင်စုစည်း၍ မိုးကြိုးများကို ထိုးချလိုက်သည်။
"ဘန်း"
သူ၏လက်သီးချက်တွင် မိုးကြိုးရှစ်ဆယ့်တစ်စင်းလုံး အပိုင်းပိုင်းအစစ ပေါက်ကွဲသွားကာ ဘက်ပေါင်းစုံသို့ လျှပ်စီးများ ပျံ့နှံ့သွားခဲ့သည်။ ယဲ့ချန်သည် သူ၏ကိုယ်တွင်း၌ ရွှမ်အဆင့်ခွန်အားထက် အဆတစ်ရာကျော်လွန်သော စွမ်းအားမျိုး ရှိနေကြောင်း ခံစားလိုက်ရသည်။
"ဒါက တာအိုနတ်အဆင့်ရဲ့ ခွန်အားလား။ ရွှေမီးလျှံနတ်မိုးကြိုး၈၁စင်းကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်တယ်ပေါ့ "
ကြယ်သခင်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်၍ အံ့သြသွားကြသည်။ တာအိုနတ်အဆင့်ငါး ကျင့်ကြံသူဖြစ်သော ယဲ့ချန်သည် ကပ်ဘေးကို ရင်ဆိုင်ရန်အတွက် ရုန်းကန်ရမည်ဟု သူတို့က ခန့်မှန်းထားခဲ့ကြသည်။ ယဲ့ချန်၏လက်သီးချက်တွင် ပထမဆုံး ကောင်းကင်ကပ်ဘေး ပျက်စီးသွားပြီးနောက် ကောင်းကင်တွင် တိမ်မည်းများ ပိုမိုသိပ်သည်းလာပြီး ပထမအကြိမ်ထက် ဆယ်ဆပိုများသော ပမာဏအထိ စုဝေးလာခဲ့သည်။ ခရမ်းရောင်နတ်မိုးကြိုး ၁၆၇စင်း ကျဆင်းလာသဖြင့် မုန်တိုင်းပမာ တဝုန်းဝုန်း လှုပ်ခတ်သွား၏။ စစ်ဧကရာဇ်တစ်ယောက်ပင် ဤကပ်ဘေး၏ ကြောက်မက်ဖွယ်အစွမ်းကြောင့် စိုးရိမ်ကြောက်ရွံ့သွားနိုင်သည်။
ခရမ်းရောင်မိုးကြိုးများအတွင်း ယဲ့ချန်က လှံတစ်စင်း ထောင်ထားသည့်ပမာ မတ်တပ်ရပ်နေပြီး ခန္ဓာကိုယ်ပတ်လည်၌ အချိန်လေဟာနယ်စွမ်းအင်များ လည်ပတ်နေသည်။
"ဘုန်း ဘုန်း ဘုန်း"
အဆင့်တက်ကပ်ဘေးမိုးကြိုးများက ယဲ့ချန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အချိန်လေဟာနယ် တာအိုရုန်းများနှင့် ထိတွေ့သွားလေသည်။