← Chapters

မျှော်စင်မှ ပြန်လည်ထွက်ခွာခြင်း

Vol. 47 Ch. 649

မျှော်စင်မှ ပြန်လည်ထွက်ခွာခြင်း

Vol. 47 Ch. 649

အချိန်လေဟာနယ်စွမ်းအင်က အလွန်အစွမ်းထက်သောကြောင့် ယဲ့ချန်သည် အပေါ်ယံကိုသာ နားလည်ထားနိုင်သော်လည်း ခန္ဓာကိုယ်ပတ်လည်၌ အကာအရံတစ်ခု အလိုလို ဖြစ်ပေါ်နေသည်။ သူက ဆည်းဆာနတ်ဓားကိုမြှောက်၍ ခရမ်းရောင် မိုးကြိုးအစုအဝေးကြီးကို ပင့်ခုတ်လိုက်သည်။ မီတာရာချီရှည်လျားသော ဓားအလင်းကြီး ထွက်ပေါ်လာသောအခါ အမှောင်ထုက ကြီးစိုးသွား၍ အဆင့်တက်မိုးကြိုးများပင် မလွတ်မြောက်နိုင်ခဲ့ပေ။

"ဘုန်း"

ဓားချက်က မိုးကြိုးများကို ဖျက်ဆီး၍ ကောင်းကင်ထက်သို့ ရောက်ရှိသွားပြီး ကပ်ဘေးမိုးတိမ်များကို တစ်ဝက်ခန့် ပျောက်ကွယ်သွားစေသည်။

"ဓားချက်က အစွမ်းထက်လှချည်လား"

ကြယ်သခင်နှစ်ယောက်ပင် တအံ့တသြ ရေရွတ်လိုက်မိပြီး ဆည်းဆာနတ်ဓား၏အစွမ်းက သူတို့ထင်ထားသည်ထက် များစွာကျော်လွန်နေသည်။ သူတို့၏မျက်လုံးများက ပျော်ရွှင်မှုကြောင့် တောက်ပနေသည်။ ယဲ့ချန်သည်လည်း လက်ထဲမှ နတ်ဓားကို တစ်ချက်ကြည့်လိုက်မိသည်။ သူက နတ်ဓားကို အစွမ်းကုန်ထုတ်သုံးလိုက်ခြင်းဖြစ်သော်လည်း အဆင့်တက်ကပ်ဘေးကိုပင် ဖျက်ဆီးနိုင်မည်ဟု မျှော်လင့်မထားပေ။ စစ်ဧကရာဇ်တစ်ယောက်ပင် ဤဓားချက်မျိုးကို ခုခံနိုင်မည် မဟုတ်ပေ။

"ဘုန်း ဘုန်း ဘုန်း"

ခရမ်းရောင်မိုးကြိုးများ ပျက်စီးသွားပြီးနောက် နတ်မိုးကြိုး၃၂၁စင်း ထပ်မံကျဆင်းလာသော်လည်း နတ်ဓားချက်အောက်တွင် အလုံးစုံ ပျက်စီးကုန်သည်။ ၎င်းက အလွန်အစွမ်းထက်နေပြီး ယဲ့ချန်၏စိတ်အတွင်းရှိ ဓားပျံတစ်ခုတည်းကသာ ဖိနှိပ်နိုင်စွမ်းရှိသည်။ သူက အဆင့်တက်မိုးကြိုးများကို ဖျက်ဆီးနေရင်း စွမ်းအင်များကို စုပ်ယူနေခဲ့သည်။ မျက်ဝန်းများအတွင်း ကြယ်ကိုးလုံးလည်ပတ်နေပြီး ဒန်တန်အတွင်း၌ ကြီးမားစွာပြောင်းလဲသွားကာ ကြယ်ကိုးလုံးကြားတွင် အချိန်လေဟာနယ်ရုန်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ဝိညာဥ်များက ပိုမိုသန်မာလာကြပြီး ရုန်းများနှင့် စတင်ပေါင်းစပ်နေကြောင်း သူက ခံစားလိုက်ရသည်။ သူက လေထဲတွင် ကျောက်ရုပ်တစ်ခုပမာ မလှုပ်မယှက်ရပ်နေခဲ့ပြီး ကောင်းကင်ထက်ရှိ အဆင့်တက်ကပ်ဘေးကလည်း စတင်ပျောက်ကွယ်လာသည်။ ဆည်းဆာနတ်ဓားကြောင့် ဤကပ်ဘေးက သူ့ကိုထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ လဝက်ကြာသောအခါ ယဲ့ချန်၏စိတ်အတွင်း၌ ဉာဏ်အလင်းများ ဖြစ်ပေါ်လာပြီး စကြဝဠာဆင့်ကဲမှုတာအိုကို စတင်နားလည်လာသည်။

"ဘုန်း"

ယဲ့ချန်၏ကျင့်ကြံဆင့် အတားအဆီးက ချိုးဖျက်ခံလိုက်ရပြီး တာအိုနတ်အဆင့်ခုနစ်အထိ ဆက်တိုက်အဆင့်တက်သွားကာ ဒန်တန်အတွင်းရှိ ဝိညာဥ်များကလည်း အချိန်လေဟာနယ်စွမ်းအင်များကို ပေါင်းစပ်ထားသဖြင့် ပို၍အစွမ်းထက်လာကြသည်။ သူက တစ်ချက်ပြုံးလိုက်ပြီး ဆည်းဆာနတ်ဓားကို ကျောထက်တွင် လွယ်လိုက်သည်။

"မင်းရဲ့နားလည်နိုင်စွမ်းက မဆိုးဘူး။ ဒါပေမယ့် မင်းနားလည်ထားတဲ့ အချိန်လေဟာနယ်ချီက အပေါ်ယံပဲရှိသေးသလို တကယ့်ကျင့်ကြံရေးလမ်းကြောင်းကလည်း အခုမှစတာဖြစ်တယ်။ အခုကတော့ မျှော်စင်က ထွက်ခွာဖို့ အချိန်တန်ပြီ"

ရှင်းရွှမ်က ယဲ့ချန်ကို ချီးကျူးလိုက်ခြင်းဖြစ်သည်။

"စီနီယာတို့က ကောင်းကင်မူလကြယ်အတွက် ဘာသတင်းစကားများ မှာကြားချင်ပါသေးလဲ"

ယဲ့ချန်က ပြန်လည်မေးခွန်းထုတ်သည်။

"ငါတို့က ကောင်းကင်မူလကြယ်ကို အသက်စွန့်ပြီး ကာကွယ်ခဲ့တယ်။ ငါတို့သေဆုံးသွားတဲ့နောက်မှာ ကိုယ့်ကိုကိုယ် အားကိုးရမယ်။ မင်းတို့က ငါတို့ကိုယ်စား ကြယ်ကို ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

တျန်းယွမ်က သက်ပြင်းတစ်ချက်ချ၍ မှာကြားလိုက်သည်။

"ကျုပ် အစွမ်းကုန်ကြိုးစားပြီး ကာကွယ်ပေးပါမယ်"

ယဲ့ချန်က လေးလေးနက်နက် ကတိပြုလိုက်သည်။

"အချို့အရာတွေကို အတင်းအကျပ်လုပ်လို့ မရဘူး။ ကံစီမံရာအတိုင်း ဖြစ်လာပါစေ။ သွားကြစို့"

ရှင်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်သည် ကျောက်စိမ်းနန်းတော်ရှိ တျန်းယွမ်ပုံရိပ်နှင့် ဤနေရာရှိ တျန်းယွမ်ပုံရိပ်က တစ်ခုခုကွာခြားနေကြောင်း ခံစားလိုက်ရသည်။ အသက်အရွယ်အရ အမြင်ကွာခြားခြင်းဖြစ်နိုင်ပြီး ကျောက်စိမ်းနန်းတော်မှ တျန်းယွမ်က ပိုမိုရင့်ကျက်သူဖြစ်သည်။

"ကြယ်သခင်တို့ကို နှုတ်ဆက်ပါတယ်"

ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ မျှော်စင်အပြင်ဘက်သို့ ဦးတည်ထွက်ခွာလိုက်သောအခါ အဆင့်ကိုးရှိ အလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။

"ယဲ့ချန် ပြန်ထွက်လာပြီလား"

"သူက ကြယ်သခင်အမွေအနှစ်ကို ရယူနိုင်ခဲ့လား"

ကောင်းကင်မူလတိုက်ကြီးရှိ ကျင့်ကြံသူများက လှုပ်လှုပ်ရွရွဖြစ်သွားကြပြီး စိတ်လှုပ်ရှားနေကြသည်။ ထန်တိုက်လင်ကဲ့သို့ ပါရမီရှင်မျိုးပင် ကြယ်သခင်တစ်ယောက် ဖြစ်မလာနိုင်သောအခါ မျှော်စင်၏အဆင့်ကိုးအထိ တက်နိုင်ခဲ့သော ယဲ့ချန်တွင် အခွင့်အရေးတစ်ခု ရှိနေသည်။ စစ်ဧကရာဇ်များသာမက နတ်အစေခံများအားလုံးပင် ဤကိစ္စကို အလေးထား၍ စောင့်ကြည့်နေကြသည်။

အနက်ရောင်ဓားတစ်လက်ကို လွယ်ထားသော ယဲ့ချန်က မျှော်စင်အပြင်သို့ ခဏအတွင်း ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် တာအိုနတ်အဆင့်ကျင့်ကြံသူများနှင့် စစ်ဧကရာဇ်အချို့ စုဝေးနေပြီး သူ့ကို စောင့်ကြည်နေကြသည်။

"ငါက တာအိုအိမ်တော်ရဲ့ ဧကရာဇ်ချီပါ။ တာအိုအိမ်တော်က မင်းကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ရှေ့တက်လာခဲ့သည်။ သူနှင့်အတူ တာအိုနတ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော် လိုက်ပါလာခဲ့သည်။ ယဲ့မျိုးနွယ်နှင့် တာအိုအိမ်တော်ကြားတွင် ရန်ငြှိုးက ကြီးမားပြီး နတ်အစေခံဆယ်ယောက်က ဖိတ်ခေါ်စေခြင်းဖြစ်သော်လည်း ထိုလူက ကောက်ကျစ်စွာဖြင့် တာအိုအိမ်တော်မှ စေခိုင်းလိုက်သယောင်ယောင် ပြောလိုက်ခြင်းဖြစ်သည်။

"တာအိုအိမ်တော် ဟုတ်လား။ စိတ်မဝင်စားဘူး"

ယဲ့ချန်၏ မျက်လုံးများက အေးစက်စက်တောက်ပလာသည်။ သူက ခပ်ပြတ်ပြတ်ပြော၍ ကောင်းကင်မူလတိုက်ကြီးထံ ပြန်ရန်အတွက် တည်နေရာရွှေ့ပြောင်းအစီအရင်ထံ ဦးတည်လိုက်သည်။

"ရာရာစစ မင်းလိုကောင်ကများ နတ်အစေခံတွေရဲ့ ဖိတ်ကြားချက်ကို ဆန့်ကျင်ရဲတယ် သေစမ်း"

ယဲ့ချန် ငြင်းဆန်လိုက်သောအခါ တိုက်ခိုက်ရန် အကြောင်းရှာနေသည့် ဧကရာဇ်ချီက ကောက်ကျစ်စွာပြုံး၍ လက်ဝါးဖြင့် နောက်ကျောကို တိုက်ခိုက်လိုက်သည်။ သာမန်တာအိုနတ်အဆင့် ကျင့်ကြံသူများဆိုလျှင် ဤလက်ဝါးချက်ကြောင့် မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။ သို့သော် သူ၏လက်ဝါးကို ဧရာမအနက်ရောင်ဓားကြီးထံမှ စွမ်းအားတစ်ခုက တွန်းလှန်ပစ်လိုက်သည်။ သူက မျက်လုံးများ ပြူးကျယ်သွားပြီး မတုံ့ပြန်နိုင်ခင်မှာပင် ဘန်းခနဲ လွင့်ထွက်သွားခဲ့သည်။ ညာလက်တစ်ခုလုံး သုံးမရအောင် စုတ်ပြတ်သွားပြီး မြေပြင်တွင် ခွေးသေတစ်ကောင်ပမာ လဲကျသွားလေသည်။

"အား"

ဧကရာဇ်ချီက နာကျင်မှုကြောင့် အော်ဟစ်နေသည်။

"အရှင် အဆင်ပြေရဲ့လား"

သူ၏နောက်လိုက်များက အလျင်အမြန် ကူညီပေးလိုက်ကြပြီး အခြေအနေ အလွန်ဆိုးသောကြောင့် ထိတ်လန့်ကုန်သည်။ ညာလက်တစ်ခုလုံး ပျက်စီးသွားရုံသာမက တစ်ကိုယ်လုံး သွေးများယိုစီးကျနေသော အပေါက်များ ပြည့်နှက်နေကာ တစ်ချက်ကြည့်ရုံနှင့် ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။ သူတို့က ယဲ့ချန်ကို လှမ်းကြည့်လိုက်သော်လည်း မည်သူမှ မတားမြစ်ရဲကြပေ။ စစ်ဧကရာဇ်တစ်ယောက်ပင် ယဲ့ချန်ထံမှ တစ်ကွက်တည်းဖြင့် သေလုမျောပါးဖြစ်သွားသော်လည်း သူက တစ်ချက်ပင်လှည့်မကြည့်ဘဲ အစီအရင်အတွင်း ဝင်ရောက်သွားခဲ့သည်။

"မျှော်စင်ရဲ့အဆင့်ကိုးကနေ ဘယ်လိုအရာတွေ ရလာလို့လဲ။ ဒီကောင်က ကြောက်စရာကောင်းလိုက်တာ"

ဧကရာဇ်ချီက ကြောက်စိတ်ကြောင့် မျက်လုံးများပြူးကျယ်နေကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။ နတ်ဧကရာဇ်၏အဆိုအရ သုညပိုင်ရှင်တစ်ယောက်က ကြယ်သခင် မဖြစ်နိုင်သော်လည်း ယဲ့ချန်ထံမှ အချိန်လေဟာနယ်စွမ်းအားများကို အာရုံခံမိခဲ့သည်။ ယဲ့ချန်က အစီအရင်အတွင်း ဖြတ်ခနဲပျောက်ကွယ်သွားပြီး တာအိုအိမ်တော်က သူ့ကို အင်အားသုံးခေါ်ဆောင်သွားချင်သော်လည်း ကျရှုံးခဲ့သော သတင်းက လျင်မြန်စွာ ထွက်ပေါ်လာသည်။ အဆင့်နှစ် စစ်ဧကရာဇ်တစ်ယောက်ပင် သူ၏တိုက်ကွက်တစ်ခုတည်းကို မခုခံနိုင်သောကြောင့် မျှော်စင်အတွင်း တစ်နှစ်ကျော် ကျင့်ကြံပြီးနောက် စစ်ဧကရာဇ်အဆင့်သို့ ရောက်နေနိုင်သည်ဟု လူတိုင်းက ခန့်မှန်းလိုက်ကြသည်။ ဤကျင့်ကြံနှုန်းက နန်းကုန်းဇီနှင့် ထန်တိုက်လင်ကိုပင် ယှဥ်နိုင်နေပြီဖြစ်သောကြောင့် တိုက်ကြီးတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။

အချိန်ခဏအကြာတွင် ယဲ့ချန်၏ ဘက်တော်သားများဖြစ်သော စစ်ဧကရာဇ်အုပ်စုက ကြယ်သလင်းကျောက်မှတဆင့် ဆက်သွယ်လာကြသည်။

"ယဲ့ချန် မင်းရဲ့ကျင့်ကြံဆင့်ကို ပြောပါဦး"

"ယဲ့ချန် မင်းက ကြယ်သခင်အမွေအနှစ်ကို ရလာတာလား"

သူတို့က အလောတကြီး မေးလိုက်ခြင်းဖြစ်သည်။

"ကျုပ်က အခုမှ တာအိုနတ်အဆင့်ခုနစ် ရှိပါသေးတယ်"

သူက အမှန်အတိုင်း ဖြေလိုက်သည်။ အပြင်ဘက်တွင် သူ၏ကျင့်ကြံဆင့်က အနည်းဆုံး စစ်ဧကရာဇ်အဆင့်လေး ဖြစ်နိုင်သည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။

"တာအိုနတ်အဆင့်ခုနစ်လား"

စစ်ဧကရာဇ်အားလုံးက တအံ့တသြ ဖြစ်သွားကြသည်။ ခဏတာစဥ်းစားပြီးနောက် ဧကရာဇ်ချီကို အနိုင်ယူခဲ့သည်မှာ ဧရာမအနက်ရောင်ဓားကြီး ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်ကြသည်။

"ကျုပ်က သုညပိုင်ရှင်တစ်ယောက် ဖြစ်နေတဲ့အတွက် ကြယ်သခင်တစ်​ယောက် မဖြစ်လာနိုင်ပါဘူး"

သူက တစ်ချက်ပြုံး၍ စစ်ဧကရာဇ်များ နားလည်မှုမလွဲစေရန် ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။ သူတို့က အနည်းငယ် စိတ်ပျက်သွားပုံပေါ်သည်။ ယဲ့ချန်က သုညပိုင်ရှင်တစ်ယောက် ဖြစ်နေသောကြောင့် ကြယ်သခင်မဖြစ်နိုင်မှန်း သိထားသော်လည်း အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာစေရန် မျှော်လင့်ထားခဲ့ကြသည်။

"ယဲ့ချန် မင်းရဲ့ကျောပေါ်က ဓားကြီးက ရတနာတစ်ခုလား"

သစ်သားဧကရာဇ်က စပ်စုလိုက်ခြင်းဖြစ်သည်။

"ဒါကို ဆည်းဆာနတ်ဓားလို့ခေါ်ပြီး ကြယ်သခင်နှစ်ပါးက ဆုအဖြစ် ပေးလိုက်တာပါ"

"ကြယ်သခင်တွေရဲ့ ဆုလာဘ်လား။ ဒီလောက်အစွမ်းထက်နေတာ မထူးဆန်းတော့ပါဘူး။ မင်းက ဧကရာဇ်ချီကို ဒဏ်ရာရအောင် လုပ်လိုက်တယ်ဆိုတော့ ပြဿနာများလာနိုင်တယ်"

သစ်သားဧကရာဇ်က စိုးရိမ်စွာဖြင့် သတိပေးလိုက်သည်။

"တာအိုအိမ်တော်က ဘယ်လိုဖြစ်ဖြစ် ကျုပ် အခက်တွေ့အောင် လုပ်နေကျပါပဲ"

ယဲ့ချန်က ထီမထင်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။ သူက ကြယ်သခင်တစ်ယောက်မဟုတ် ဟူသော သတင်းက လျင်မြန်စွာ ထွက်ပေါ်လာသဖြင့် လူတိုင်း၏ရင်ထဲတွင် မည်သူက ကြယ်သခင်ဖြစ်လာမည်နည်းဟူသော မေးခွန်း ဖြစ်ပေါ်နေသည်။ သားရဲနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးသို့ ရောက်ရှိနေသော ပါရမီရှင်လည်း ဖြစ်နိုင်ချေရှိသည်။ သူတို့က ကြယ်သခင်အသစ်တစ်ယောက်ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့ရသောကြောင့် စိုးရိမ်ကြောင့်ကြနေကြသည်။

တာအိုအိမ်တော်၏ အဓိကခန်းမအတွင်း ဖြစ်သည်။

"အရှင်တို့ ကျွန်တော်မျိုးက ဧကရာဇ်ချီကို စေလွှတ်ပြီး ဖိတ်ကြားခိုင်းခဲ့ပေမယ့် ယဲ့ချန်က သူ့ကိုဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုလူမျိုးကို ဖမ်းဆီးချုပ်နှောင်ထားသင့်ပါတယ်"

လင်းဖန်က ယုတ်မာစွာဖြင့် နတ်အစေခံဆယ်ယောက်ထံ ယဲ့ချန်ကို ဖမ်းဆီးရန် သွေးထိုးနေခြင်းဖြစ်သည်။

"လင်းဖန် မင်းက ယဲ့မျိုးနွယ်ကို ရန်ငြှိုးထားနေတာကို ငါတို့ သိတယ်။ ဒါပေမယ့် ကြယ်သခင်အမွေအနှစ်က အလွန်အရေးကြီးတယ်။ တာအိုအိမ်တော်သခင်တစ်ယောက်က ကိုယ်ကျိုးထက် တရားမျှတမှုကို ဦးစားပေးရမယ်"

နဂါးဘုရင်က လေးနက်စွာ သတိပေးလိုက်သည်။

"နားလည်ပါပြီ အရှင်"

"ယဲ့ချန်ကို ကြယ်သခင်နှစ်ပါးက လမ်းညွှန်ပေးပြီး ဆည်းဆာနတ်ဓားကို ချီးမြှင့်ခဲ့ပေမယ့် ကြယ်သခင်လောင်းလျာ မဟုတ်ဘူးဆိုတာကို ငါ သိပြီးပြီ။ ဒီကိစ္စကို မေ့လိုက်တော့။ သားရဲနတ်ဘုရားမျှော်စင်က ပါရမီရှင်ထွက်လာရင် ချက်ချင်းဖိတ်ခေါ်လာခဲ့။ ယဥ်ယဥ်ကျေးကျေး ဖိတ်ခေါ်လာစမ်း။ ဒီလိုကိစ္စမျိုး နောက်ထပ်မမြင်ချင်ဘူး"

နဂါးဘုရင်၏အကြည့်က လင်းဖန်တစ်ကိုယ်လုံးကို ဖောက်ထွင်းသွားသယောင် ထက်ရှနေသည်။

"စိတ်ချပါ အရှင်"

လင်းဖန်က အလွန်ရိုကျိုးစွာဖြင့်​​ပြောလိုက်သည်။ နတ်အစေခံဆယ်ယောက်က တျန်းယွမ်မြို့တော်နှင့် ကြယ်မြို့ကိုးမြို့ကို ရန်သူများလက်မှ ကာကွယ်နေရသောကြောင့် ကောင်းကင်မူလတိုက်ကြီး၏ အရေးကိစ္စအဝဝကို တာအိုအိမ်တော်ထံ လွှဲအပ်ထားရသည်။ လူသားနတ်ဘုရားနယ်မြေတွင် ယဲ့ချန်ကို လင်းဖန်က ရည်ရွယ်ချက်ရှိရှိ အကွက်ဆင်ခဲ့ခြင်းကို သူတို့က သတိထားမိသော်လည်း အရေးတယူမလုပ်ခဲ့ကြပေ။ နတ်အစေခံများ၏ပုံရိပ် ပျောက်ကွယ်သွားသောအခါ သူ၏မျက်နှာတစ်ခုလုံး မည်းနက်လာခဲ့သည်။ မျှော်စင်မှထွက်လာပြီးနောက် ယဲ့ချန်က အလွန်အစွမ်းထက်လာပြီး ဧကရာဇ်ချီကိုပင် တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည်။ ဤသို့သော ပါရမီရှင်မျိုးက သူ၏အာဏာကို ထိပါးလာနိုင်စွမ်းရှိသောကြောင့် ဆက်လက်ကြီးပြင်းခွင့် မပေးလိုပေ။

All Chapters