ဧကရာဇ်မင်
Vol. 47 Ch. 650
ရန်ယွင်မြို့ရှိ ယဲ့မျိုးနွယ်၏နယ်မြေအတွင်း၊ ခန်းမတစ်ခုအတွင်း၌ ယဲ့ချန်နှစ်ယောက်က ပေါင်းစပ်သွားသောအခါ ခွန်အားများ တိုးတက်လာ၍ တာအိုနတ်အဆင့်ရှစ်နှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသည်။ ထို့နောက် သူတို့က တာအိုနတ်အဆင့်ခုနစ် ကျင့်ကြံသူနှစ်ယောက်အဖြစ် ပြန်လည်ကွဲထွက်သွားကြသည်။ ထို့နောက် သူ၏ဆင့်ခေါ်မှုဖြင့် ကြယ်ဝိညာဉ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်သော ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များ ရောက်ရှိလာကြသည်။ စုစုပေါင်းအရေအတွက် နှစ်ထောင်ကျော်ပြီး အားလုံးက ယဲ့ချန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူက ဧကရာဇ်ချီကို တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သော သတင်းက ပျံ့နှံ့နေသောကြောင့် ငယ်သားတိုင်းက အလွန်ရိုသေလေးစားနေကြသည်။ ခေါင်းဆောင်ဖြစ်သူ၏ လက်ရှိခွန်အားအရ အဆင့်နှစ် စစ်ဧကရာဇ်တစ်ယောက်ပင် ယဲ့မျိုးနွယ်ကို အနိုင်မကျင့်နိုင်တော့ပေ။
"ခေါင်းဆောင် ကလေးနှစ်ယောက်နဲ့ ယဲ့မြောင်တို့ကို သွားကယ်ကြရအောင်"
ငယ်သားများက ပြိုင်တူအော်ဟစ်၍ တောင်းဆိုလိုက်ကြသည်။ တာအိုအိမ်တော်မှ ကလေးနှစ်ယောက်ကို တစ်နှစ်ကျော်သည်အထိ အကျယ်ချုပ်ထားခြင်းက သူတို့ကို ဒေါသထွက်စေခဲ့သည်။
"ဒီတစ်ခေါက် ငါက လူသားနတ်ဘုရားမျှော်စင်ကနေ ဉာဏ်အလင်းအချို့ ရခဲ့ပြီး တိုးတက်မှုရှိလာတယ်။ မင်းတို့ကို နောက်ထပ်ဝိညာဉ်တွေနဲ့ ပေါင်းစပ်ပေးမယ်"
ယဲ့ချန်က လူတိုင်း၏စိုးရိမ်စိတ်ကို နားလည်ပြီး သူကိုယ်တိုင် ကယ်ချင်စိတ် ပြင်းပျနေသော်လည်း လက်ရှိအခြေအနေက တာအိုအိမ်တော်ကို မယှဉ်နိုင်သေးသဖြင့် လက်ကာပြကာ တားမြစ်လိုက်ရသည်။ သူ၏ကိုယ်တွင်းရှိ ဝိညာဉ်တိုင်းတွင် အချိန်လေဟာနယ်စွမ်းအင်များ ပိုင်ဆိုင်နေပြီဖြစ်သောကြောင့် ငယ်သားများကို ပေါင်းစပ်ပေးလိုက်လျှင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။ ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူတိုင်းကို ဝိညာဉ်တစ်ခုဖြင့် ပေါင်းစပ်ပေးလိုက်သောအခါ ကျင့်ကြံနှုန်းက သာမန်လူများထက် များစွာပို၍ မြန်ဆန်လာသည်။ ထို့ကြောင့် ပိုမိုအစွမ်းထက်သော ဝိညာဉ်များကိုသာ ပေါင်းစပ်ပေးလိုက်လျှင် ရလဒ်က အလွန်တရာ ကောင်းမွန်ပေလိမ့်မည်။
"ငါတို့က ဒီကိစ္စအတွက် လူသူမရှိတဲ့ ကြယ်တစ်လုံးပေါ်မှာ သွားရောက်ဆောင်ရွက်ရမယ်"
အချိန်လေဟာနယ်စွမ်းအင်များ ယဲ့မျိုးနွယ်အတွင်းမှ ထွက်ပေါ်လာသည်ကို ရန်သူများ သိသွားလျှင် အကျိုးယုတ်နိုင်သောကြောင့် သူက ဤသို့ဆုံးဖြတ်လိုက်သည်။
"ဒါပေမယ့် ဘယ်နေရာကို သွားရမှာလဲ ခေါင်းဆောင်"
ယဲ့ပင်းက ခေါင်းကုတ်၍ မေးလိုက်ခြင်းဖြစ်သည်။
"ငါ နည်းလမ်းတစ် ခုစဉ်းစားထားတယ်"
ယဲ့ချန်က ချန်းလိုင်၏ဆေးဆိုင်ငယ်သို့ သွားရောက်၍ အကူအညီတောင်းရန် ဆုံးဖြတ်ထားသည်။ ထို့နောက် ယဲ့ချန်၏ကိုယ်ပွားတစ်ယောက်က ဆည်းဆာနတ်ဓားကိုလွယ်၍ ချန်းလိုင်၏ဆိုင်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ သို့သော် လမ်းပေါ်တွင် အလွန်တိတ်ဆိတ်နေသောကြောင့် တစ်ခုခုထူးဆန်းနေသည်ဟု သူက ခံစားလိုက်ရသည်။ ဝိညာဉ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ခဲ့ပေ။ သူက ချန်းလိုင်၏ဆိုင်နှင့် မီတာတစ်ထောင်အဝေးသို့ ရောက်သောအခါ သာမန်စစ်ဧကရာဇ်များထက် များစွာပို၍သာလွန်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။
"ယဲ့ချန် တစ်ဖက်လူက အနည်းဆုံး အဆင့်ရှစ် စစ်ဧကရာဇ် ဖြစ်လိမ့်မယ်"
ခြင်္သေ့ကြီး၏စကားသံက သူ၏စိတ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
"ရန်ယွင်မြို့ ဒီလောက်တိတ်ဆိတ်ငြိမ်သက်နေရတဲ့ အကြောင်းအရင်းက အရေးကြီးဧည့်သည်တစ်ယောက် ရောက်နေတာကိုး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ချန်းလိုင်၏ဆေးဆိုင်ထံ ချဉ်းကပ်လာခဲ့သည်။ ထိုနေရာက ပြောင်းလဲနေပြီး နုံချာသေးငယ်သော အသွင်မှ ခမ်းနားလှပသော အသွင်ဖြစ်နေခဲ့သည်။ ချန်းလိုင်က ထိုဧည့်သည်ကို ကြိုဆိုရန်အတွက် များစွာအားထုတ်ထားပုံပေါ်သည်။ ဆိုင်အကူက သူ့ကို မြင်သောအခါ အတွင်းခန်းသို့ ဖိတ်ခေါ်ခဲ့သည်။
"မင်း ရောက်လာပြီလား"
ချန်းလိုင်က ကြိုဆိုလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က အခန်းတွင်းသို့ ဝေ့ကြည့်လိုက်သောအခါ လိုက်ကာတစ်ခုနောက်တွင် ကျင့်ကြံသူတစ်ယောက် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူ၏အရှိန်အဝါက အစွမ်းထက်ပြီး သူ့ကို အကဲခတ်နေခဲ့သည်။
"ကျုပ်က ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ စီနီယာ"
သူက ထိုကျင့်ကြံသူကို တိုက်ရိုက်မေးခွန်းထုတ်လိုက်သည်။
"ငါ့ကို အလင်းဧကရာဇ် ဒါမှမဟုတ် ဧကရာဇ်မင်လို့ ခေါ်နိုင်ပါတယ်"
"ဧကရာဇ်မင်"
ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးမှ ဧကရာဇ်မင်၏သင်္ချိုင်းအကြောင်း တွေးမိလိုက်သဖြင့် ရှုပ်ထွေးသွားခဲ့သည်။ ဧကရာဇ်မင် သေဆုံးသွားပြီးနောက် အလင်းဧကရာဇ်ဟူသော ဘွဲ့ထူးက ဤကျင့်ကြံသူထံ ရောက်ရှိသွားခြင်း ဖြစ်နိုင်သည်။ ဧကရာဇ်မင်က ထိုအချိန်တွင် လိုက်ကာနောက်မှ ထွက်ပေါ်လာကာ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူရဲကောင်းတစ်ယောက်၏ဟန်ပန်မျိုး ပိုင်ဆိုင်ထားသည်။ သူ၏မျက်နှာထားက တည်ကြည်လေးနက်၍ ဖော်ပြမရနိုင်သော အစွမ်းမျိုးကို ထုတ်ဖော်နေသည်။ သူက ဤဧကရာဇ်မင်ကို တစ်ချက်ကြည့်လိုက်သောအခါ သလင်းကျောက်အခေါင်းအတွင်းရှိ အလောင်း၏မျက်နှာနှင့် အနည်းငယ် ဆင်တူသော်လည်း ထပ်တူကျနေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ ဤလူက ဧကရာဇ်မင်၏ မျိုးဆက်တစ်ဦး ဖြစ်နိုင်သည်။
"ငါ့ရုပ်ရည်က တစ်ခုခု ထူးခြားနေလို့လား"
ယဲ့ချန်က သူ၏မျက်နှာကို အကဲခတ်နေသော်လည်း ဧကရာဇ်မင်က စိတ်ဆိုးရမည့်အစား ဖော်ရွေစွာဖြင့် ရယ်မောလိုက်သည်။
"စီနီယာ ဧကရာဇ်မင်ဆိုတဲ့နာမနဲ့ နောက်ထပ်ကျင့်ကြံသူများ ရှိနေနိုင်မလား"
ယဲ့ချန်က ခဏတာတုံ့ဆိုင်းသွားပြီးနောက် မေးမြန်းလိုက်သည်။
"မင်း ဘယ်လိုသိထားတာလဲ။ စစ်ဧကရာဇ်တွေရဲ့ ဘွဲ့တွေက ဘိုးဘေးတွေဆီက ဆင်းသက်လာတာ ဖြစ်တယ်။ ငါ့ဘိုးဘေးတွေထဲမှာ ဧကရာဇ်မင်နာမည်နဲ့ ကျင့်ကြံသူသုံးယောက် ရှိတယ်"
ဧကရာဇ်မင်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ မထူးဆန်းပါဘူး"
"မင်း တစ်ခုခု သိထားလို့လား"
ဧကရာဇ်မင်က ယဲ့ချန်ထံ အကျိုးအကြောင်း စုံစမ်းလိုက်၏။
"အရှေ့ပိုင်းတိုက်ကြီးမှာ ဧကရာဇ်မင်ရဲ့အုတ်ဂူတစ်ခု ရှာတွေ့ခဲ့တယ်။ သူ့ကို ဓားဝိညာဉ်တစ်ခုက ကာကွယ်စောင့်ရှောက်ပေးနေတယ်"
ယဲ့ချန်က အမှန်အတိုင်း ပြောလိုက်သည်။ တစ်ဖက်လူက လင်းဖန်နှင့် တာအိုအိမ်တော်သခင်ရာထူးအတွက် ယှဉ်ပြိုင်နေသော ချန်းလိုင်၏ခေါင်းဆောင် ဖြစ်ပေလိမ့်မည်။ သူက ထိုအုတ်ဂူကိုတူးဖော်ရန် အစီအစဉ်မရှိသောကြောင့် တည်နေရာကို ပြောရန်အတွက် အပန်းမကြီးပေ။
"တကယ်လား။ ဒီအုတ်ဂူရဲ့တည်နေရာကို ပြောပြပေးနိုင်မလား"
ဧကရာဇ်မင်၏မျက်လုံးများက တောက်ပလာခဲ့သည်။
"ပြောပြနိုင်ပါတယ်"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ သူမပြောလျှင်ပင် ဧကရာဇ်မင်၏အင်အားဖြင့် အုတ်ဂူ၏တည်နေရာကို ရှာဖွေရန် ခက်ခဲမည်မဟုတ်ချေ။
"ဒါက ငါတို့မျိုးနွယ်ရဲ့ ပထမဆုံး အလင်းဧကရာဇ်ဖြစ်လိမ့်မယ်။ မျိုးနွယ်မှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်သောင်းချီက ဘိုးဘေး ကွယ်လွန်သွားတဲ့အချိန်မှာ အုတ်ဂူရှစ်ခု ပြုလုပ်ခဲ့တယ်။ ခုနစ်ခုက အတုဖြစ်ပြီး တစ်ခုကသာ အစစ်အမှန်ဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မျိုးနွယ်က အခက်အခဲအချို့ကြောင့် လှုပ်ခတ်ခဲ့ရပြီး အုတ်ဂူအစစ်အမှန်ရဲ့ တည်နေရာ ပျောက်ဆုံးသွားခဲ့တယ်။ ဒါက ငါတို့အတွက် တကယ့်ကို နောင်တရစရာကိစ္စ ဖြစ်နေခဲ့တာပဲ"
ဧကရာဇ်မင်က တိတ်ဆိတ်သွားပြီးနောက် တစ်လုံးချင်း ရှင်းပြလိုက်သည်။
"ဒီခါးပတ်ကို ဓားဝိညာဉ်က ပေးအပ်ခဲ့တာပါ။ အခု မူလပိုင်ရှင်ဆီကို ပြန်ပေးလိုက်ပါမယ်"
ယဲ့ချန်က ဧကရာဇ်မင်၏ခါးပတ်ကိုဖြုတ်၍ လက်ရှိဧကရာဇ်မင်ထံ ကမ်းပေးလိုက်၏။
"ဓားဝိညာဉ်က မင်းကို ပေးထားတယ်ဆိုမှတော့ ယူထားလိုက်ပါ။ ဘိုးဘေးရဲ့အုတ်ဂူကို ရှာပေးတဲ့အတွက် ငါက မင်းအပေါ်မှာ အကြွေးတစ်ခု တင်သွားပြီ"
ဧကရာဇ်မင်က လက်ကာပြ၍ ငြင်းဆန်လိုက်သည်။ သူ့အတွက် အရေးကြီးသည်မှာ အဆင့်ခြောက်တာအိုလက်နက်တစ်ခု မဟုတ်ဘဲ ဘိုးဘေးဖြစ်သူ၏ ရုပ်ကြွင်းသာ ဖြစ်သည်။ ယဲ့ချန်ထံမှ အုတ်ဂူ၏တည်နေရာကို သိသောအခါ သူက ချန်းလိုင်ကိုညွှန်ကြား၍ သွားရောက်ရှာဖွေရန် လူအချို့ စေလွှတ်လိုက်သည်။
"ထိုင်ပါဦး"
ဧကရာဇ်မင်က ယဲ့ချန်အတွက် ခုံတစ်လုံးကို ညွှန်ပြလိုက်သည်။ ယဲ့ချန်ကလည်း ကပ်တွယ်မနေဘဲ ခါးပတ်ကို ပြန်လည်ဝတ်ဆင်၍ ထိုင်ချလိုက်သည်။ ဧကရာဇ်မင်သည် ယဲ့ချန်က ဘိုးဘေး၏အုတ်ဂူအကြောင်း ပြောပြခဲ့သော်လည်း အပြန်အလှန်အနေဖြင့် တောင်းဆိုခြင်းမရှိသောကြောင့် နှစ်သက်မှု တိုးပွားလာသည်။
"မင်းက လူသားနတ်ဘုရားနယ်မြေမှာ ကြယ်သခင်အမွေအနှစ်ကို မရလာခဲ့ဘူးလား"
"မရခဲ့ပါဘူး"
"နှမြောစရာပဲ။ မင်းသာ ဒီအမွေအနှစ်ကို ရလာခဲ့ရင် လင်းဖန်က ယဲ့မျိုးနွယ်ကို ထိပါးရဲမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် မင်းက တော်တော်လေး အကျိုးရှိလာပုံပေါ်တယ်"
ဧကရာဇ်မင်က ယဲ့ချန်လွယ်ထားသော ဆည်းဆာနတ်ဓားကို တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်သည်။
"ဟုတ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့ အခြေအနေကို သိချင်ပါတယ်"
ယဲ့ချန်က ရှောင်ရိနှင့် ဝမ်အာကို အလွန်စိုးရိမ်နေခဲ့သည်။
"လောလောဆယ်မှာ သူတို့က အဆင်ပြေပါတယ်။ ဝမ်အာမှာ ဖီးနစ်ဘုရင်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလို့ လင်းဖန်က လွယ်လွယ်နဲ့ ထိရဲမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို ပြန်လည်ခေါ်ဆောင်ဖို့က ပြဿနာရှိတယ်။ လင်းဖန်က အာဏာကို တပ်မက်လွန်းနေတဲ့အတွက် ကလေးနှစ်ယောက်အပေါ် မကောင်းကြံဖို့ အောက်လမ်းနည်းတွေသုံးမှာကို ငါ စိုးရိမ်တယ်"
ဧကရာဇ်မင်၏စကားကို ကြားသောအခါ ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ သူက စိုးရိမ်လွန်းသဖြင့် လက်သီးဆုပ်ကာ အံကြိတ်ထားသည်။ အကယ်၍ လင်းဖန်သာ ကလေးနှစ်ယောက်အပေါ် မကောင်းကြံရဲလျှင် သူက သေချာပေါက် တိုက်ခိုက်ရပေလိမ့်မည်။
"ကျုပ်က မျှော်စင်ရဲ့ အဆင့်ခြောက်ကိုရောက်တော့ လူသတ်သမားနှစ်ယောက် ထွက်ပေါ်လာတယ်။ သူတို့က ကောင်းကင်နတ်ဆိုးတွေအဖြစ် ပြောင်းလဲသွားကြတယ်။ ဒီကိစ္စမှာ လင်းဖန်ပါဝင်ပတ်သက်နေမယ်လို့ ကျုပ် သံသယရှိတယ်"
ယဲ့ချန်က ခဏတာစဉ်းစားပြီးနောက် ဧကရာဇ်မင်ကို သတိပေးရန် ဆုံးဖြတ်လိုက်သည်။
"ဒီလိုကိစ္စမျိုး တကယ်ဖြစ်ခဲ့တာလား။ ဒီကောင်တွေက ကပ်ပါးနတ်ဆိုးတွေဆိုရင် အနိမ့်ဆုံး တာအိုနတ်အဆင့်တွေ ဖြစ်ကြလိမ့်မယ်။ အရွယ်ရောက်ပြီး နတ်ဆိုးတွေသာဆိုရင် နတ်အစေခံအဆင့်ကို ရောက်နေကြလိမ့်မယ်။ လင်းဖန်ဆိုတဲ့ကောင်က အာဏာကို တပ်မက်ပေမယ့် ကောင်းကင်နတ်ဆိုးတွေနဲ့တော့ ပူးပေါင်းရဲမှာ မဟုတ်ဘူး။ နတ်အစေခံဆယ်ယောက်က သူ့ကို ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူး"
ဧကရာဇ်မင်က ယဲ့ချန်၏စကားကြောင့် အံ့သြသွားပုံပေါ်သည်။
"ဘာဖြစ်ဖြစ် ဧကရာဇ်မင်အနေနဲ့ လင်းဖန်ကို သတိထားပါ"
ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ ဤကိစ္စက လင်းဖန်နှင့် ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ အရှေ့ပိုင်းတိုက်ကြီးမှ ယဲ့မျိုးနွယ်ဝင်များ သတ်ဖြတ်မှုအတွက် တာဝန်ခံရပေလိမ့်မည်။ ထို့အပြင် သူ၏ဦးလေးနှစ်ယောက်ဖြစ်သော ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်းကလည်း ပျောက်ကွယ်နေဆဲဖြစ်သည်။
"ကောင်းပြီ။ မင်းက ဒီနေရာကို ရောက်လာတာက ဒီကိစ္စပြောဖို့ တစ်ခုတည်းအတွက်တော့ မဟုတ်ဘူးမလား"
ဧကရာဇ်မင်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"စီနီယာကရော ဘာကြောင့် ရန်ယွင်မြို့တော်ကို ရောက်လာတာရလဲ"
ယဲ့ချန်က ပြန်ဖြေရမည့်အစား မေးခွန်းနှင့် တုံ့ပြန်လိုက်သည်။
"ဒီကိစ္စက ရှင်းပါတယ်။ မင်းကိုတွေ့ဖို့ သက်သက်ပဲ ဆိုပါတော့။ ဒါပေမယ့် ငါ့ဆီကို မင်းကိုယ်တိုင်ရောက်လာမယ်လို့တော့ မထင်ထားဘူး။ ပြီးတော့ မင်းက ဘိုးဘေးရဲ့အုတ်ဂူတည်နေရာကို သိနေမယ်လို့လည်း မမျှော်လင့်ထားဘူး။ ကြည့်ရတာ ငါတို့က မဟာမိတ်တွေဖြစ်လာဖို့ ကံပါလောက်တယ်"
ဧကရာဇ်က ရှင်းပြလိုက်သည်။
"ငါ့ကို တွေ့ဖို့လား"
ယဲ့ချန်က ခဏတာစဉ်းစား၍ အကြောင်းအရင်းကို နားလည်လိုက်သည်။ ဧကရာဇ်မင်က လူသားနတ်ဘုရားနယ်မြေမှ ကြယ်သခင်အမွေအနှစ်ကို ယဲ့ချန် ရခဲ့ခြင်းရှိမရှိအား ပထမဆုံး သိလိုသောကြောင့်ဖြစ်နိုင်သည်။ သို့သော်လည်း သူက ဤသတင်းကို အရင်ဆုံး လူသိရှင်ကြား ထုတ်ပြန်ခဲ့လေသည်။