ပြန်လည်ဆုံစည်းခြင်း
Vol. 47 Ch. 653
"အစ်မလော့"
ပုံရိပ်ငါးဆယ်ခန့်က ခန်းမအတွင်း ပျံသန်းရောက်ရှိလာပြီး ပထမဆုံးဝင်ရောက်လာသူများမှာ ယဲ့မုန့်၊ ယဲ့ရွှမ်စသူတို့ ဖြစ်နေကြကာ ယဲ့လောအနားတွင် ဝန်းရံလိုက်ကြသည်။ သူတို့က အချိန်ကြာမြင့်စွာ ခွဲခွာခဲ့ရသဖြင့် ပြန်လည်ဆုံစည်းရသောအခါ ပျော်ရွှင်မှုကိုဖော်ပြရန် စကားလုံး မရှိပေ။ သူမသည်လည်း ရင်းနှီးသော မျက်နှာများကို နောက်တစ်ကြိမ်ပြန်တွေ့ရသဖြင့် ပျော်ရွှင်ဝမ်းမြောက်နေသည်။ ယဲ့မုန့်တို့လူငယ်များသာမက ယဲ့ကျန့်တန်း၊ ယဲ့ချိန်ရွှမ်းစသော အဘိုးအိုများပင် ရောက်ရှိလာကြပြီး သူမကို ကြိုဆိုခဲ့ကြသည်။ တော်ဝင်ခန်းမက ယဲ့မျိုးနွယ်ဝင်များ ပြန်လည်ဆုံစည်းသည့်နေရာ ဖြစ်လာခဲ့သည်။ သူမက လူအုပ်အတွင်း ယဲ့ချန်ကိုရှာဖွေလိုက်ပြီး အကြည့်ချင်းဆုံသောအခါ မျက်ရည်လည်ရွဲဖြင့် ပြေးဝင်သွားခဲ့သည်။ သူမကို ပြန်လည်တွေ့ဆုံရသောအခါ ယဲ့ချန်ကလည်း ပျော်ရွှင်နေပြီး သူမ ပျောက်ကွယ်သွားချိန်မှစတင်၍ လွမ်းဆွတ်နေခဲ့ရသည်။ သူက ယဲ့လော့မသေဟု သေချာမှတ်ယူထားသော်လည်း စိုးရိမ်စိတ်က ရှိနေဆဲပင်ဖြစ်သောကြောင့် အထွတ်အမြတ်လသိုင်းနယ်မြေသို့ ရောက်နေကြောင်း သတင်းရမှသာ စိတ်အေးနိုင်ခဲ့သည်။ လက်ရှိတွင် သူမနှင့် ပြန်လည်ဆုံစည်းရသောအခါ ရင်ခွင်အတွင်း တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ သူမထံမှ ကိုယ်သင်းနံ့လေးက ရင်းနှီးမှုတစ်ခုကို သယ်ဆောင်၍ ဝိညာဥ်အထိ ရောက်ရှိလာခဲ့သည်။
ယဲ့ချန်နှင့် ယဲ့လော့ကို ဘေးတွင်ရပ်နေသော ယဲ့မျိုးနွယ်ဝင်များက အပြုံးကိုယ်စီနှင့် စောင့်ကြည့်နေကြသည်။ သူတို့က စိတ်ထဲတွင် ဤစုံတွဲအတွက် ဆုမွန်ကောင်းများ တောင်းပေးနေကြပြီး ယဲ့မျိုးနွယ်က မည်သည့်ကပ်ဘေးမျိုး တွေ့ကြုံရသည်ဖြစ်ပါစေ၊ ထိုနှစ်ယောက်က လုံးဝမခွဲခွာခဲ့ဘဲ တစ်ယောက်အတွက် တစ်ယောက် ရှိပေးခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်နှင့် ယဲ့လော့ ပေါင်းဖက်နိုင်ရန်အတွက် အားလုံးက စိတ်ရင်းဖြင့် ဆုတောင်းပေးလိုက်ကြသည်။ ခန်းမအတွင်း လူပေါင်းများစွာ ဝင်ရောက်လာပြီး ရုတ်တရက် ဆူညံသွားသဖြင့် ဧကရီရှီက မကျေမနပ်ဖြစ်သွားသော်လည်း တစ်ဖက်မှ လူအုပ်အတွင်း အဆင့်တစ် စစ်ဧကရာဇ်၂၃ယောက် ပါဝင်နေပြီး ကျန်လူများမှာလည်း အနည်းဆုံး တာအိုနတ်အဆင့်များ ဖြစ်နေသောကြောင့် ကြောက်လန့်တကြားနှင့် ဘေးထွက်ရပ်နေရုံသာ တတ်နိုင်သည်။
"ဒီလူတွေအားလုံးက ယဲ့မျိုးနွယ်ဝင်တွေလား။ ကောင်းကင်မူလတိုက်ကြီးမှာ ဘယ်တုန်းက စစ်ဧကရာဇ်တွေအများကြီး ထွက်ပေါ်လာတာလဲ။ တကယ့်ကို ၂၃ယောက်တောင် ရှိနေတာပဲ။ ကြောက်စရာကောင်းလိုက်တာ"
သူမက အမြင်မှားနေမည်ကို စိုးရိမ်သဖြင့် ထပ်ကာထပ်ကာ စစ်ဆေးလိုက်သည်။ သူမသိထားသမျှအရ ယဲ့မျိုးနွယ်သည် အရှေ့ပိုင်းတိုက်ကြီးမှ ပြောင်းရွှေ့လာသော မျိုးနွယ်လေးတစ်ခုသာ ဖြစ်သည်။ ပေါင်းစပ်နှုန်းခြောက်ဆယ်ကျော်သော ပါရမီရှင်တစ်ယောက်ပင် စစ်ဧကရာဇ်အဆင့်သို့ရောက်ရန် အနည်းဆုံး အချိန်၂နှစ် လိုအပ်သည်။
လွန်ခဲ့သောလများအတွင်း ယဲ့ချန်သည် စစ်ဧကရာဇ်များလက်အောက်၌ ကျင့်ကြံနေသူများကို ခေါ်ဆောင်၍ ဝိညာဥ်များနှင့် ပေါင်းစပ်ပေးခဲ့သည်။ သူ၏ကြိုးပမ်းမှုဖြင့် ယဲ့မျိုးနွယ်ဝင်များက ပါရမီက တိုးတက်လာသကဲ့သို့ အချိန်လေဟာနယ်စွမ်းအားကလည်း ရုပ်ခန္ဓာကို ပြောင်းလဲစေ၍ ကျင့်ကြံဆင့် မြင့်တက်သွားစေခဲ့သည်။ တာအိုနတ်အဆင့်တစ်ဆယ်သို့ ရောက်ရှိနေသူတိုင်းက ဝိညာဥ်တစ်ကောင်နှင့် ပေါင်းစပ်ပြီးလျှင် စစ်ဧကရာဇ်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့ကြသည်။ ကြယ်သခင်ရှင်း၏ခေတ်တွင် စစ်ဧကရာဇ်ပေါင်းထောင်ချီရှိသည်ဟု မှတ်တမ်းတင်ထားခဲ့ပြီး သူ၏နောက်လိုက်တစ်ဦးက သုညပိုင်ရှင်တစ်ယောက် ဖြစ်သည်။ ထိုလူကလည်း ယဲ့ချန်ကဲ့သို့ အခြားကျင့်ကြံသူများ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ပြောင်းလဲပေးနိုင်ခဲ့ပေလိမ့်မည်။ ရောင်ယွမ်၏အဆိုအရ ကြယ်သခင်ရှင်းကို ကယ်တင်ရန်အတွက် ထိုကျင့်ကြံသူက ထူးခြားသော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်က သုညပိုင်ရှင်တစ်ယောက် ဖြစ်သောကြောင့် ပေါင်းစပ်နှုန်းကို ပြောင်းလဲပေးနိုင်သည့်အပြင် ဝိညာဥ်များကို ပေါင်းစပ်ပေးခြင်းဖြင့် စစ်ဧကရာဇ်တစ်ယောက်ကို ဖန်တီးနိုင်နေခဲ့သည်။ ထို့ကြောင့် သူက အနာဂတ်တွင် ကြယ်သခင်ရှင်း၏ လက်အောက်ခံအင်အားစုမျိုး တည်ထောင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ဧကရီရှီမသိသည်မှာ တော်ဝင်မြို့တော်သို့ စစ်ဧကရာဇ်၂၃ယောက်သာ လိုက်ပါလာခဲ့ပြီး ရန်ယွင်မြို့တွင် ကိုးယောက် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ် စုစုပေါင်း၃၂ယောက် ရှိလာသည့်အပြင် တာအိုနတ်အဆင့်ခုနစ် ကျင့်ကြံသူဖြစ်သော ယဲ့ချန်ကလည်း စစ်ဧကရာဇ်အဆင့်တစ်အောက် ခွန်အားနိမ့်ကျခြင်း မရှိပေ။ ကောင်းကင်မူလကြယ်တစ်ခုလုံးတွင် စစ်ဧကရာဇ်အယောက်တစ်ရာကျော်သာ ရှိသောကြောင့် ဤပမာဏက တုန်လှုပ်ဖွယ်ကောင်းလှသည်။ စစ်ဧကရာဇ်ငါးယောက်ကို ပိုင်ဆိုင်ထားသော မူမျိုးနွယ်က ကောင်းကင်မူလတိုက်ကြီးတွင် ထိပ်တန်းအဖြစ် သတ်မှတ်ခံထားရသည်။ သို့သော် ယဲ့မျိုးနွယ်နှင့်ယှဥ်လိုက်လျှင် သူတို့က ထိပ်တန်းဟူသော စကားလုံးနှင့် မထိုက်တန်ပေ။ ဧကရီရှီတစ်ယောက်တည်းသာမက လင်ယုနှင့် ကျိဟောင်တန်းလည်း တုန်လှုပ်နေကြသည်။ ဤကား ယဲ့မျိုးနွယ်၏စစ်ဧကရာဇ်များ လူမြင်ကွင်းသို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်းဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း ယဲ့မျိုးနွယ်၏တိုးတက်မှုကို သူတို့က မျက်ဝါးထင်ထင် မြင်ခဲ့ရသော်လည်း အချိန်တိုအတွင်း ဤမျှအင်အားကြီးမားလာမည်ဟု မျှော်လင့်မထားကြပေ။
ကောင်းကင်မူလတိုက်ကြီးတွင် ကံကြမ္မာနှင့်ပတ်သက်သော ဆိုရိုးတစ်ခု ရှိသည်။ ကံကို ရှင်းဟွမ်က ထိန်းချုပ်ထားသဖြင့် ယဲ့မျိုးနွယ်မှာ ရှင်းဟွမ်၏ ကောင်းချီးပေးခြင်း ခံထားရပုံပေါ်သည်။
"မင်းပြန်ရောက်လာတာ ကောင်းတယ်"
အချိန်ကြာမြင့်စွာ ပွေ့ဖက်ပြီးနောက် ယဲ့ချန်က လူချင်းခွာလိုက်ပြီး ယဲ့လော့၏မျက်ရည်စများကို ကြင်နာစွာသုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။ သူမကလည်း လုံခြုံမှုကို ခံစားရသဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါက ယဲ့မျိုးနွယ်ခေါင်းဆောင် ယဲ့ချန် ဖြစ်ရမယ်။ မင်းကိုတွေ့ရတာ ဂုဏ်ယူစရာပါပဲ"
ဧကရီရှီ၏မျက်နှာထက်တွင် ဖော်လံဖားအပြုံးမျိုး ဖြစ်ပေါ်နေသည်။ မူလတွင် သူမက မာနကြီးနေသော်လည်း ယဲ့မျိုးနွယ်မှ စစ်ဧကရာဇ်များကို မြင်တွေ့ပြီးနောက် ထိုမာနများ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားကြသည်။
"တွေ့ရတာ ဝမ်းသာပါတယ်"
ယဲ့ချန်က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏လုပ်ရပ်က ရိုင်းပျသည်ဟု ဆိုနိုင်သော်လည်း ဧကရီရှီက စိတ်မဆိုးဝံ့ပေ။
"လော့အာက ငါတို့ရဲ့ အထွတ်အမြတ်လသိုင်းဒေသမှာ ကောင်းကောင်းကျင့်ကြံနေပါတယ်။ သူမက ယဲ့မျိုးနွယ်ကို လာတွေ့ချင်နေပေမယ့် ကိစ္စတချို့ကြောင့် ကြန့်ကြာနေခဲ့ရပါတယ်။ အကြီးအကဲတွေက သူမကို စောင့်ရှောက်ပေးဖို့ ငါ့ကိုတာဝန်ပေးပြီး စေလွှတ်လိုက်တာပါ"
သူမက ကိုယ့်ကိုကိုယ်နှိမ့်ချ၍ ပြောလိုက်ပြီး ယဲ့လော့ထံ လှမ်းကြည့်လိုက်သည်။ ယဲ့လော့မှ သူမ၏ရည်ရွက်ချက်ရှိရှိ အချိန်ဆွဲမှုကို မပြောစေရန် ဆုတောင်းနေရုံသာ တတ်နိုင်ခဲ့သည်။
"လော့အာကို တစ်လမ်းလုံး စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ ယဲ့လော့ထံ လှမ်းကြည့်ခဲ့သည်။ သူမက ယဲ့မျိုးနွယ်ဝင်များနှင့် ပြန်လည်ဆုံစည်းရသဖြင့် ပျော်ရွှင်နေသည့်အပြင် စိတ်ထားကောင်းမွန်သောကြောင့် ဧကရီရှီ၏ လုပ်ရပ်များကို ခွင့်လွှတ်ပေးခဲ့သည်။
"ယဲ့မျိုးနွယ်ရဲ့ စစ်ဧကရာဇ်တွေက ဧကရာဇ်နန်းတော်ကို စာရင်းမပေးရသေးဘူးလား"
ဧကရီရှီက စပ်စုလိုက်သည်။
"ဧကရာဇ်နန်းတော်က ဘယ်လိုနေရာမျိုးလဲ"
ယဲ့ချန်က ထိုနေရာအကြောင်း မသိထားသဖြင့် ရှုပ်ထွေးသွားခဲ့သည်။
"ကြည့်ရတာ ယဲ့မျိုးနွယ်ဆီကို ဖိတ်ကြားချက် ရောက်မလာသေးဘူးထင်တယ်။ ဒီအဖွဲ့အစည်းကို နဂါးဘုရင် တည်ထောင်ထားတာဖြစ်ပြီး ဌာနချုပ်က တျန်းယွမ်ရှေးဟောင်းမြို့တော်မှာ ရှိတယ်။ စစ်ဧကရာဇ်တိုင်းမှာ အဆင့်သတ်မှတ်ချက်တစ်ခုရှိပြီး လက်ရည်စမ်းပြီး စိန်ခေါ်နိုင်တယ်။ အစစ်အမှန်ကျင့်ကြံသူတွေက တိုက်ပွဲတွေကနေ တိုးတက်လာတာ ဖြစ်တယ်"
ဧကရီရှီက ရှင်းပြလိုက်သည်။ သူမက စစ်ဧကရာဇ်နန်းတော်၏ အဆင့်စာရင်းတွင် ယဲ့မျိုးနွယ်ဝင်များကို မတွေ့ဖူးသောကြောင့် ယခုမှအဆင့်တက်ထားခြင်းဖြစ်ကြောင်း သိသာသည်။ ယဲ့မျိုးနွယ်ဝင်များက သူမ၏စကားကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ လက်ရှိအချိန်အထိ ယဲ့ချန်က သူတို့၏ခွန်အားကို လူသိရှင်ကြား ထုတ်ဖော်ရမည့်အစား လျှို့ဝှက်ထားသဖြင့် အပြင်လူများ မသိနိုင်ကြပေ။
"ဧကရာဇ်နန်းတော်က အာဏာကိုလည်း အသုံးချနိုင်တယ်။ ကောင်းကင်မူလတိုက်ကြီးမှာ အရေးကိစ္စတစ်ခုပေါ်လာရင် စစ်ဧကရာဇ်တွေက မဲခွဲပြီး ဆုံးဖြတ်ကြတယ်။ အဆင့်စာရင်းရဲ့ ထိပ်တန်းငါးယောက်က မဲနှစ်ဆယ်စီပေးနိုင်ပြီး ထိပ်တန်းဆယ်ယောက်က ဆယ်မဲပေးနိုင်တယ်။ ထိပ်တန်းငါးဆယ်ကတော့ နှစ်မဲပေးနိုင်ပြီး ကျန်တဲ့သူတွေကတော့ တစ်မဲသာ ပိုင်ဆိုင်တယ်။ အဆင့်ပိုမြင့်တဲ့ စစ်ဧကရာဇ်ကို ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်က အာဏာနဲ့ လုပ်နိုင်စွမ်း ပိုမြင့်လာလိမ့်မယ်။ နတ်တိုင်းပြည်ရဲ့ ဘုရင်နေရာကိုတောင် ပြောင်းလဲနိုင်စွမ်း ရှိလာလိမ့်မယ်"
"ဧကရာဇ်နန်းတော်က ဒီလိုအလုပ်လုပ်တာလား"
ယဲ့ချန်သည် ဧကရီရှီ၏စကားကြောင့် ဧကရာဇ်နန်းတော်မှာ စစ်ဧကရာဇ်များ စုစည်းထားသော အဖွဲ့အစည်းတစ်ခုနှင့် ဆင်တူကြောင်း နားလည်လိုက်သည်။
"ငါတို့မူမျိုးနွယ်မှာ စစ်ဧကရာဇ်ငါးယောက်ရှိပြီး အသန်မာဆုံးမျိုးနွယ်ဝင်က ထိပ်တန်းဆယ်ယောက်ထဲမှာ ပါဝင်တယ်။ ကျန်တဲ့အထဲမှာ နှစ်ယောက်က ထိပ်တန်းငါးဆယ်ထဲမှာ ပါဝင်တယ်။ ဒါကြောင့် မူမျိုးနွယ်က ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်လာခဲ့တယ်"
ဧကရီရှီက ဂုဏ်ယူစွာ ရှင်းပြလိုက်သည်။
"ဒါဆိုရင် ကျုပ်က ဧကရာဇ်နန်းတော်ကို ဝင်လိုက်ပြီး မဲအရေအတွက်များများရမယ်ဆိုရင် တာအိုအိမ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လွန်ဆန်နိုင်မှာလား"
ယဲ့ချန်၏မျက်ဝန်းများက အေးစက်တင်းမာလာသည်။
"ရတယ်။ စစ်ဧကရာဇ်တွေက တာအိုအိမ်တော်ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်နိုင်တယ်။ မဲပေးခြင်းစတင်ပြီး စစ်ဧကရာဇ်အရေအတွက်ရဲ့ သုံးပုံနှစ်ပုံက ထောက်ခံတယ်ဆိုရင် တာအိုအိမ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြုပြင်နိုင်တယ်။ အနာဂတ်မှာ အခွင့်အရေးရှိရင် မူမျိုးနွယ်က ယဲ့မျိုးနွယ်နဲ့ လက်တွဲချင်ပါတယ်"
ဧကရီရှီက ယဲ့ချန်၏နောက်လိုက် စစ်ဧကရာဇ်များထံ အကြည့်ရောက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ယဲ့မျိုးနွယ်က မူမျိုးနွယ်နဲ့ ပူးပေါင်းချင်ပါတယ်။ မူမျိုးနွယ်က ထိပ်တန်းလူသားမျိုးနွယ်တစ်ခုဆိုတော့ ငြင်းစရာ မရှိပါဘူး။ ကျုပ် တစ်ခုလောက် မေးချင်ပါတယ်။ ဧကရာဇ်နန်းတော်ကို ဘယ်လိုဆက်သွယ်ရမလဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာခြင်းက ကောင်းကင်မူလတိုက်ကြီးတွင် ပို၍အာဏာရှိလာစေနိုင်ကြောင်း နားလည်သွားပြီဖြစ်သည်။
"ဒီကိစ္စကိုတော့ စိတ်မပူပါနဲ့။ နတ်အစေခံဆယ်ယောက်က ကောင်းကင်မူလတိုက်တစ်ခုလုံးကို စောင့်ကြည့်နေကြတယ်။ တစ်ယောက်ယောက်ကသာ စစ်ဧကရာဇ်အဆင့်ကို တက်သွားရင် သူတို့က သေချာပေါက် သတိထားမိလိမ့်မယ်။ သူတို့က လအနည်းငယ်လောက် အချိန်ယူပြင်ဆင်ပြီး ပြဿနာတစ်ခုခု မရှိဘူးဆိုရင် ဖိတ်ကြားချက်တစ်ခု ပို့ပေးလာလိမ့်မယ်။ စစ်ဧကရာဇ်တစ်ယောက်က ကောင်းကင်နတ်ဆိုးတွေနဲ့ မပူးပေါင်းသရွေ့ ပြဿနာမရှိဘူး"
ဧကရီရှီက ဖြေလိုက်သည်။ သူမက ယဲ့မျိုးနွယ်နှင့် ပူးပေါင်းလိုခြင်းအတွက် အနည်းငယ်မရိုးသားသော်လည်း ဧကရာဇ်နန်းတော်၌ မူမျိုးနွယ်က အာဏာအချို့ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ရနိုင်သမျှအင်အားကို အသုံးချရန် လိုအပ်နေသော ယဲ့ချန်က မငြင်းဆန်ခြင်းဖြစ်သည်။
အချိန်တစ်ခု ကျော်လွန်သွားပြီးနောက် ဆူညံနေသော တော်ဝင်နန်းတော်က ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များ တည်းခိုရန်အတွက် နန်းဆောင်များကို ကျိဟောင်တန်းက စီစဥ်ပေးခဲ့သည်။ တောက်ပသော လရောင်အောက်တွင် ယဲ့ချန်နှင့် ယဲ့လော့က မြက်ခင်းတစ်ခုအနီးတွင် ဘေးချင်းယှဥ်ထိုင်နေကြသည်။ သူမ၏ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးက လရောင်အောက်တွင် လှပစွာတည်ရှိနေပြီး လေညှင်းလေးများကြောင့် ခရမ်းရောင်ဝတ်ရုံက လူးလွင့်နေသည်။ ဖြန့်ချထားသော အနက်ရောင်ဆံပင်များကြားမှ ကျောက်စိမ်းရောင်အသားအရေနှင့် လှပသော ကောက်ကြောင်းများက ထင်ထင်ရှားရှား ထွက်ပေါ်နေခဲ့လေသည်။