နဂါးဘုရင်၏ ဖိတ်ခေါ်ခြင်း
Vol. 47 Ch. 654
"လော့အာက ဘယ်လောက်ကြိုးစားပါစေ၊ အစ်ကိုကြီးကို မကျော်နိုင်ဘူး ဖြစ်နေတယ်"
ယဲ့လော့က ယဲ့ချန်ကိုစိုက်ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း သူမက ဤမျက်နှာကို အိပ်မက်ထဲ၌ပင် မေ့မရခဲ့ပေ။ နောက်ဆုံးတွင် ချစ်သူနှစ်ဦးက ပြန်လည်ဆုံစည်းနိုင်ပြီဖြစ်သည်။
"မင်းပင်ပန်းလာရင် အချိန်မရွေး ပြန်လာနိုင်ပါတယ်။ ယဲ့မျိုးနွယ်က အမြဲတမ်း မင်းရဲ့အိမ် ဖြစ်နေမှာပဲ"
ယဲ့ချန်က သူမ၏ဆံပင်များကို ပွတ်သပ်၍ တစ်ချက်ပြုံးလိုက်သည်။
"မရဘူး။ လော့အာက ပိုပြီးသန်မာလာရဦးမယ်။ အနာဂတ်မှာ ငါက အစ်ကိုကြီးကို ကာကွယ်ပေးမယ်"
သူမက ခေါင်းယမ်း၍ လေးနက်စွာပြောလိုက်သည်။ သနားစဖွယ်ချစ်စရာကောင်းသော ဤမိန်းမပျိုက အလွန်ခေါင်းမာကြောင်း သိထားသဖြင့် ယဲ့ချန်က နှုတ်ဆိတ်နေလိုက်သည်။
"လော့အာ မင်းကို စစ်ဧကရာဇ်အဆင့်ရောက်အောင် ငါ ကူညီပေးနိုင်တယ်"
"တကယ်လား"
ယဲ့လော့က မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မင်း ခံစားကြည့်ချင်လား"
ယဲ့ချန်၏မျက်နှာထက်တွင် ဆန်းကျယ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့လော့နှင့်အတူရှိနေစဥ် သူက ငယ်စဥ်ကလေးဘဝသို့ ပြန်လည်ရောက်ရှိသွားသည့်အတိုင်း စိတ်နှလုံးက အလွန်ဖြူစင်နေသည်။ သူက ညာလက်အတွင်း ဝိညာဥ်တစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီး ၎င်းက လရောင်အောက်တွင် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေခဲ့သည်။
"ဒါက ဘာများလဲ"
ယဲ့လော့က ယဲ့ချန်၏လက်ဝါးအတွင်းရှိ ဝိညာဥ်ကို စပ်စုလိုက်သောအခါ အလွန်သန့်စင်သော စွမ်းအင်များစွာကို အာရုံခံမိလိုက်သည်။
"ဒါက ငါ ကျင့်ကြံထားတဲ့ အစွမ်းထက်ဝိညာဥ်လေးတစ်ခုပါ။ ဒါကိုစုပ်ယူလိုက်မယ်ဆိုရင် မင်းက စစ်ဧကရာဇ်အဆင့်ကို ချက်ချင်းရောက်သွားလိမ့်မယ်"
ယဲ့ချန်က ဝိညာဥ်၏မူလဇစ်မြစ်ကို ရှင်းပြရန် ခက်ခဲသဖြင့် ဖုံးကွယ်ထားခဲ့သည်။ လျှို့ဝှက်လွန်းသော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်အကြောင်း သိလျှင် သူမအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်သည်။
"ကြိုးစားကြည့်မယ်။ ဒါပေမယ့် ဒီဝိညာဥ်ကို ဘယ်လိုစုပ်ယူရမှာလဲ"
ယဲ့လော့က ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတွင် ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်များစွာ ပိုင်ဆိုင်ထားသော အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ဤလျှို့ဝှက်ချက်ကို အပြင်လူများမသိစေရန် ဖုံးကွယ်ထားရမည်ဟုလည်း ဆုံးဖြတ်လိုက်၏။ ယဲ့ချန်က ဝိညာဥ်ကို ညာလက်ဖြင့်သယ်ဆောင်၍ သူမ၏ရင်ဘတ်အတွင်း ပေါင်းစပ်ပေးလိုက်သောအခါ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားကာ မျက်လုံးဝိုင်းလေးများက ပြူးကျယ်လာသည်။ မူလတွင် သူက များစွာမတွေးမိသော်လည်း ရှက်သွေးဖြာနေသော ယဲ့လော့၏မျက်နှာကြောင့် တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလိုက်၏။ သူ၏ညာလက်ထံမှ နူးညံ့အိစက်သော အထိအတွေ့ကြောင့် အကြောင်းအရင်းကို နားလည်လိုက်သည်။
"အဟမ်း စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ကောင်းကင်ချီကို ထိန်းချုပ်ထားလိုက်"
သူက မသိဟန်ဆောင်၍ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ အမှန်အတိုင်းဝန်ခံရလျှင် ယဲ့လော့ထံမှ အထိအတွေ့က အမှန်တကယ် စွဲမက်ဖွယ်ကောင်းနေသည်။ သူမသည်လည်း ရှက်သွေးဖြာနေရင်း မျက်လုံးများကိုမှိတ်၍ ဝိညာဥ်ထံမှ စွမ်းအင်များကို စုပ်ယူရာ၌ အာရုံစိုက်ထားလိုက်သည်။ လရောင်အောက်တွင် ဤမြင်ကွင်းက အနည်းငယ် ကသိကအောက်ဖြစ်နေသော်လည်း ကံကောင်းစွာဖြင့် ယဲ့ချန်နေထိုင်သည်မှာ သီးသန့်ခြံဝန်းတစ်ခုဖြစ်၍ အပြင်လူများ ခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့် မရှိပေ။ တစ်နာရီအကြာတွင် အစွမ်းထက်အရှိန်အဝါတစ်ခုက ကောင်းကင်ထက်သို့ မြင့်တက်သွားကာ မည်းမှောင်နေသော ညကောင်းကင်က ထွန်းလင်းတောက်ပလာ၍ ရောင်စုံတိမ်များ ဖြစ်ပေါ်လာသည်။ အလင်းရောင်က တောက်ပလွန်းသောကြောင့် ကျစ်ဟွာနတ်တိုင်းပြည်တစ်ခွင် နေ့အချိန်ကဲ့သို့ ထွန်းလင်းတောက်ပနေခဲ့သည်။
"တစ်ယောက်ယောက်က စစ်ဧကရာဇ်အဆင့်ကို တက်သွားတယ်။ ဒီအရှိန်အဝါကို ရင်းနှီးနေတယ်။ ယဲ့လော့များ ဖြစ်နေမလား"
အခြားခြံဝန်းတစ်ခုတွင်ရှိနေသော ဧကရီရှီက ထိတ်လန့်တုန်လှုပ်သွားသည်။ ယဲ့လော့က တာအိုနတ်အဆင့်တွင် လအနည်းငယ်တစ်ဆို့နေပြီး စစ်ဧကရာဇ်အဆင့်သို့တက်ရန် အခက်တွေ့နေခဲ့သည်။ အဆင့်တက်ရန်အတွက် အချိန်ကာလတစ်ခုနှင့် ကံကောင်းမှုများ လိုအပ်သော်လည်း ကျစ်ဟွာနတ်တိုင်းပြည်သို့ရောက်ရောက်ချင်း အဆင့်တက်သွားသဖြင့် တစ်ခုခုထူးဆန်းနေသည်။ သူမကို တစ်စုံတစ်ယောက်က အဆင့်တက်စေရန် ကူညီပေးခြင်းဖြစ်ပေလိမ့်မည်။ ထို့နောက် ဧကရီရှီက ယဲ့လော့၏အရှိန်အဝါ ထွက်ပေါ်လာသော နေရာသို့ ချက်ချင်းထွက်ခွာလာခဲ့သည်။ ကောင်းကင်ထက်ရှိ အလင်းရောင်များက ဖြည်းဖြည်းချင်း မှိန်ကျသွားစဥ် ယဲ့လော့က တင်ပျဥ်ခွေထိုင်၍ ဝိညာဥ်၏စွမ်းအင်များကို စုပ်ယူရာ၌ အာရုံစိုက်ထားသည်။ သူမကို စောင့်ကြပ်ပေးနေသော ယဲ့ချန်က တစ်ယောက်ယောက် ချောင်းကြည့်နေကြောင်း ခံစားလိုက်ရသဖြင့် သတိကြီးသွားခဲ့သည်။
"ထွက်လာစမ်း"
သူက အမှောင်ထုအတွင်းသို့ စူးစူးရဲရဲစိုက်ကြည့်၍ အမိန့်ပေးလိုက်သည်။
"အဆင့်တက်သွားတာက လော့အာလား"
ခဏအကြာတွင် ဧကရီရှီထွက်ပေါ်လာပြီး မသိချင်ဟန်ဆောင်၍ မေးလိုက်သည်။
"ဟုတ်တယ်"
ယဲ့ချန်က ခေါင်းညိတ်၍ သူမကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။
"လော့အာက တာအိုနတ်အဆင့်တစ်ဆယ်မှာ တစ်ဆို့နေတာ လအနည်းငယ်ရှိပြီ။ သူမက ဘာကြောင့် ရုတ်တရက် အဆင့်တက်သွားတာလဲ။ အဖိုးတန်ဆေးတစ်ခုခု စားလိုက်လို့များလား"
ဧကရီရှီက ချောင်းကြည့်နေသည်ကို လူမိသွားသော်လည်း ရိုးသားဟန်ဆောင်၍ မသိကျိုးကျွံ ရေရွတ်လိုက်သည်။ သူမက အခြားလူများ၏လျှို့ဝှက်ချက်ကို မေးမြန်းခြင်းက မသင့်တော်ဟု သိထားပြီး ယဲ့ချန်က ပြောမည်မဟုတ်ကြောင်း နားလည်ထားသော်လည်း သိချင်စိတ်ကို ထိန်းမရဖြစ်နေခဲ့သည်။
"ဒါက ဆေးတစ်မျိုး မဟုတ်ပါဘူး။ ကောင်းကင်ချီအမြုတေကို စုပ်ယူလိုက်လို့ ဖြစ်တာပါ"
ယဲ့ချန်၏မျက်နှာထက်တွင် အပြုံးတစ်ခု ဆန်းကျယ်စွာ ဖြစ်ပေါ်လာသည်။
"ကောင်းကင်ချီအမြုတေက ဘယ်လိုအရာမျိုးလဲ"
ယဲ့ချန်က လျှို့ဝှက်ချက်ကို ထုတ်ပြောလာသောအခါ ဧကရီရှီ၏သိချင်စိတ်က ပိုမိုကြီးမားလာသည်။
"ကျုပ်မှာ နည်းနည်းတော့ ကျန်သေးတယ်။ ဧကရီရှီရော လိုချင်လို့လား။ ဒါကို စုပ်ယူလိုက်ရင် ကျင့်ကြံဆင့်က သေချာပေါက် တိုးတက်သွားလိမ့်မယ်"
ယဲ့ချန်၏ညာလက်ထဲတွင် ဝိညာဥ်တစ်ခုက အဖြူရောင် မီးခိုးလုံးတစ်ခုအသွင်နှင့် တည်တည်ငြိမ်ငြိမ် ထွက်ပေါ်လာသည်။ ၎င်းကို ယဲ့ချန်က အသက်မသွင်းခင်အချိန်အထိ တစ်ဖက်လူ၏ကျင့်ကြံဆင့်ကို တိုးတက်စေမည်ဖြစ်သည်။ အကယ်၍ သူသာ ဆန္ဒရှိလျှင် ၎င်းမှတဆင့် ပေါင်းစပ်ထားသူ၏ စိတ်အတွေးများကို ထိန်းချုပ်နိုင်ကြောင်း တာအိုအိမ်တော်သူလျှိုများအပေါ် စမ်းသပ်ထားပြီးဖြစ်သည်။ ၎င်းက မရိုးဖြောင့်သော ဧကရီရှီအတွက် သင့်တော်သည့် လက်ဆောင်တစ်ခု ဖြစ်နေသည်။
"သူက ငါ့ကို ဒီလိုအရာမျိုးပေးတဲ့အထိ ရက်ရောနေတာ ဘာကြောင့်လဲ"
ဧကရီရှီက ဝိညာဥ်ကို ဂရုတစိုက်စစ်ဆေးလိုက်သောအခါ သန့်စင်သော စွမ်းအင်ပမာဏများစွာကိုသာ တွေ့ခဲ့ရပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း မခံစားခဲ့ရပေ။
"မင်းက ငါ့ကို ဒီအရာပေးမယ်ဆိုတာ တကယ်လား"
သူမ၏မျက်လုံးများတွင် လောဘစိတ်များ ဖုံးဖိမရအောင် ထွက်ပေါ်လာသည်။
"တကယ်ပါ။ ကျုပ်က မူမျိုးနွယ်နဲ့ပူးပေါင်းချင်မှတော့ လက်ဆောင်တစ်ခု ပေးရမှာပေါ့"
ယဲ့ချန် ကလှောင်ပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်သည်။ နောက်ဆုံးတွင် လောဘတက်နေပြီဖြစ်သော ဧကရီရှီက သူ့ကို မယုံသော်လည်း တာအိုနတ်အဆင့် ကျင့်ကြံသူတစ်ယောက်က အန္တရာယ်မပေးနိုင်ဟု သတ်မှတ်ကာ ဝိညာဥ်ကို စတင်စုပ်ယူလိုက်လေသည်။
တစ်လအကြာတွင် ယဲ့ချန်သည် ယဲ့လော့နှင့် ယဲ့မျိုးနွယ်ဝင်များကို ရန်ယွင်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ယဲ့လော့က ယဲ့မျိုးနွယ်တွင် လအနည်းငယ် နေထိုင်ဦးမည်ဖြစ်သောကြောင့် ဧကရီရှီက အထွတ်အမြတ်လသိုင်းဒေသကြီးသို့ တစ်ကိုယ်တော် ပြန်သွားခဲ့သည်။ တစ်ရက်တွင် ယဲ့ချန်၏အခန်းအတွင်းသို့ ယဲ့ပင်းက အလောတကြီး ပြေးဝင်လာသည်။
"ခေါင်းဆောင် ကျုပ်တို့ဆီကို နဂါးဘုရင်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာတွေ ရောက်လာတယ်"
နတ်အစေခံဆယ်ယောက်၏ ခေါင်းဆောင်ဖြစ်သော နဂါးဘုရင် မှ ယဲ့မျိုးနွယ်သို့ စာများပေးပို့လာသောအခါ သူက အလွန်အံ့သြ၍ စိတ်လှုပ်ရှားနေခဲ့သည်။
"ငါ့ကို ဒီစာတွေပေး"
ယဲ့ချန်က ယဲ့ပင်းထံမှ စာအားလုံးကို တောင်းယူလိုက်သည်။ အကယ်၍ သူခန့်မှန်းထားသည့်အတိုင်းဆိုလျှင် ၎င်းတို့က ဧကရာဇ်နန်းတော်၏ဖိတ်စာများ ဖြစ်ပေလိမ့်မည်။ သူက စာများကို ဖွင့်ဖတ်လိုက်သောအခါ ခန့်မှန်းထားသည့်အတိုင်း မှန်ကန်နေပြီး စုစုပေါင်းအရေအတွက်က ၃၃စောင် ဖြစ်သည်။ ယဲ့မျိုးနွယ်ရှိ စစ်ဧကရာဇ်များအားလုံးအပြင် ယဲ့ချန်အတွက်လည်း တစ်စောင် ပါဝင်နေခဲ့သည်။ နဂါးဘုရင်၏အမြင်တွင် တာအိုနတ်အဆင့်ခုနစ်သာ ရှိသေးသော်လည်း စစ်ဧကရာဇ်တစ်ယောက်ကို အနိုင်ယူနိုင်သည့် ယဲ့ချန်ကို ဧကရာဇ်နန်းတော်အတွင်းဝင်ရန် ထိုက်တန်သည်ဟု သတ်မှတ်ထားပုံပေါ်သည်။ နောက်ဆုံးတွင် သူက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော အခွင့်အရေး ရောက်ရှိလာပြီဖြစ်သောကြောင့် ယဲ့မျိုးနွယ်အပေါ် ဖိနှိပ်ခဲ့သော တာအိုအိမ်တော်ကို ပြန်လည်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဧကရာဇ်နန်းတော်မှ အသိအမှတ်ပြုခြင်းခံရလျှင် ယဲ့မျိုးနွယ်၏ အဆင့်နှင့် အာဏာက ကောင်းကင်မူလတိုက်ကြီးတွင် ထိပ်တန်းဖြစ်လာပေလိမ့်မည်။
"ခေါင်းဆောင် ကျုပ်တို့က ဧကရာဇ်နန်းတော်ကို ပူးပေါင်းမှာလား"
ယဲ့မျိုးနွယ်ဝင်များက ယဲ့ချန်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ ယဲ့မျိုးနွယ်တွင် စစ်ဧကရာဇ်များစွာ ပိုင်ဆိုင်ထားသော သတင်းက လက်ရှိအချိန်အထိ လူသိရှင်ကြား ထွက်ပေါ်လာခြင်း မရှိသေးပေ။
"စစ်ဧကရာဇ်အဆင့်အောက်က လူတွေအားလုံးက တာအိုနတ်အဆင့်တစ်ဆယ်ရောက်အောင် ကြိုးကြိုးစားစား လေ့ကျင့်ကြ။ ဖိတ်စာရတဲ့လူတိုင်းက ငါနဲ့အတူ ဧကရာဇ်နန်းတော်ကို သွားကြမယ်"
ယဲ့ချန်က နောက်ဆုံးတွင် ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်နှစ်ယောက်တွင် တစ်ယောက်က ရန်ယွင်မြို့တွင်နေရစ်ခဲ့ပြီး ယဲ့မျိုးနွယ်ဝင်များကို ကျင့်ကြံပေးမည်ဖြစ်ကာ ကျန်တစ်ယောက်က ယဲ့လော့နှင့် စစ်ဧကရာဇ်များကို ခေါ်ဆောင်၍ ဧကရာဇ်နန်းတော်ထံ ထွက်ခွာလာခဲ့သည်။
တျန်းယွမ်ရှေးဟောင်းမြို့တော်၏ အလယ်တွင် မိုးထိုးမတတ်မြင့်မားနေသော တိုင်လုံးကြီးများနှင့် တည်ဆောက်ထားသည့် ရွှေရောင်အဆောက်အအုံတစ်ခု ရှိနေသည်။ တိုင်လုံးကြီးများ၏အလယ်တွင် ဆန်းကျယ်သော ရုန်းများစွာ ရေးထွင်းထားသည့် ရင်ပြင်ကျယ်တစ်ခုရှိနေပြီး ၎င်းအထက်တွင် လူသုံးဆယ်ခန့် တင်ပျဥ်ခွေထိုင်နေကြသည်။ သူတို့၏ရှေ့မှောက်တွင် ပလ္လင်တစ်ခုရှိပြီး ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ရှိနေခဲ့သည်။ ထိုလူက စစ်ဧကရာဇ်များကို ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သင်ကြားပေးနေခြင်းဖြစ်ကာ ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်ဖော်ထားသဖြင့် အားလုံးက အသက်ပင်မရှူရဲဘဲ ကျောင်းသားငယ်လေးများပမာ ရိုရိုသေသေ နားထောင်နေကြသည်။ ဤသက်လတ်ပိုင်းအရွယ်လူက နတ်အစေခံဆယ်ယောက်၏ ခေါင်းဆောင် နဂါးဘုရင် ဖြစ်ပေသည်။
တျန်းယွမ်ရှေးဟောင်းမြို့တော်က အဓိကခံတပ်ဖြစ်ပြီး နဂါးဘုရင်က ၎င်းကိုကာကွယ်ရန် တာဝန်ယူထားပြီး ကျန်နတ်အစေခံများက ကြယ်မြို့များကို တာဝန်ယူအုပ်ချုပ်နေကြသည်။ ဤအချက်က နဂါးဘုရင်၏ခွန်အားကြီးမားပုံကို မီးမောင်းထိုးပြနေသည်။ အဆောက်အအုံ၏ထိပ်ပိုင်းတွင် ကြယ်ကောင်းကင်ကြီးတစ်ခုကို မြင်တွေ့နိုင်ပြီး တျန်းယွမ်မြို့ကို ကာကွယ်သော တာဝန်အပြင် နက္ခတ်များကိုဖတ်ရှူ၍ ရန်သူ၏တည်နေရာကို တွက်ချက်သော တာဝန်ကိုလည်း သူက ထမ်းဆောင်နေသည်။ ဤနည်းလမ်းကြောင့်ပင် ကျိယွမ်ကြယ်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ရင်ပြင်ထံသို့ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ထူးခြားသော အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်သည့် လူငယ်တစ်ယောက် ရောက်ရှိလာသည်။ ထိုလူငယ်က ယဲ့ချန်နှင့် တွေ့ဆုံဖူးသော ထန်းယွမ် ဖြစ်နေခဲ့သည်။
"အဖေ ယဲ့မျိုးနွယ်ဝင်တွေ ရောက်ရှိလာပါပြီ"
သူက နဂါးဘုရင်ကို ရိုသေစွာဦးညွှတ်၍ တင်ပြလိုက်၏။
"သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ"
နဂါးဘုရင်က ခေါင်းတစ်ချက်ညိတ်၍ နန်းတော်၏ဝင်ပေါက်ထံ လှမ်းကြည့်နေခဲ့သည်။ ဤမြင်ကွင်းကို ယဲ့ချန်သာ မြင်လျှင် အလွန်တရာ အံ့သြသွားပေလိမ့်မည်။ သူ့ကို လူသားနတ်ဘုရားနယ်မြေအကြောင်း သတင်းရောင်းချရန် ကြိုးစားခဲ့သော ထန်းယွမ်က နဂါးဘုရင်၏သားတော် ဖြစ်နေခဲ့သည်။
ယဲ့ချန်က ငယ်သားများကိုဦးဆောင်၍ ဧကရာဇ်နန်းတော်အတွင်း ဝင်ရောက်လာသောအခါ စောင့်ကြိုနေသည့် ထန်းယွမ်ကို တွေ့လိုက်ရသည်။
"မင်းက ဘယ်လိုရောက်နေတာလဲ"
ယဲ့ချန်က အံ့သြသွားခဲ့သည်။
"မင်းက အံ့သြနေတာလား၊ နောက်မှအံ့သြပါကွာ။ အထဲမှာ နဂါးဘုရင် စောင့်နေတယ်"
ထန်းယွမ်က ဖော်ရွေစွာပြုံး၍ နန်းတော်အတွင်းသို့ ယဲ့မျိုးနွယ်ဝင်များကို ဖိတ်ခေါ်သွားလေသည်။