← Chapters

ဧကရာဇ်နန်းတော်သို့ ပူးပေါင်းခြင်း

Vol. 47 Ch. 655

ဧကရာဇ်နန်းတော်သို့ ပူးပေါင်းခြင်း

Vol. 47 Ch. 655

ထန်းယွမ်သည် ဧကရာဇ်နန်းတော်မှဆိုလျှင် လူသားနတ်ဘုရားနယ်မြေ၏ သတင်းအချက်အလက်များ ရောင်းချနေသော အကြောင်းအရင်းကို စဥ်းစားမရသောကြောင့် ယဲ့ချန်က စိတ်ရှုပ်သွားခဲ့သည်။ ထို့အပြင် သူ၏မျိုးနွယ်က မျှော်စင်၏ အစောင့်အရှောက်ဖြစ်သည်ဟု ပြောခဲ့ပြီး ယဲ့ချန်ပင် ထွင်းဖောက်မမြင်နိုင်သော အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသဖြင့် မျှော်စင်၏ စောင့်ရှောက်သူဖြစ်သော နဂါးဘုရင်နှင့် တစ်ခုခုဆက်စပ်နေနိုင်သည်။ သို့သော်လည်း လက်ရှိက မေးခွန်းများမေးရန် အချိန်ကောင်းမဟုတ်သဖြင့် သူသည် ထန်းယွမ်ကိုကျော်ဖြတ်၍ နန်းတော်အတွင်း ဝင်ရောက်သွားခဲ့သည်။

"ခေါင်းဆောင် နဂါးဘုရင်က ဘယ်လိုလူမျိုးလဲ"

ယဲ့မျိုးနွယ်ဝင်များက ခပ်တိုးတိုး မေးလိုက်ခြင်းဖြစ်သည်။

"ငါလည်း မသိဘူး"

နဂါးဘုရင်ကို မတွေ့ဖူးသောကြောင့် ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ သူတို့၏ရှေ့မှောက်တွင် တိမ်များထံ တိုးထွက်နေသော ဧရာမတိုင်လုံးကြီးများရှိနေပြီး မျက်နှာကျက်နေရာ၌ ကြယ်ကောင်းကင်တစ်ခု တည်ရှိနေသည်။ ၎င်းထံမှ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေကာ ဆန်းကျယ်သော နက္ခတ်တစ်ခုကို ဖော်ဆောင်ထားသည်။ ဤကောင်းကင်အောက်တွင် သူ၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံးက အလိုလို လည်ပတ်လာခဲ့သည်။ အဝေးတစ်နေရာရှိ စင်မြင့်ထက်တွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် တင်ပျဥ်ခွေထိုင်နေသည်။ ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားသူ၏ဘေးတွင် ရွှေရောင်ဆေဘာတစ်လက် စိုက်ဝင်နေကာ မျက်နှာထက်၌ အေးစက်စက် သတ်ဖြတ်လိုမှုများ ထင်ဟပ်နေသည်။ သို့သော်လည်း ထိုလူ၏မျက်လုံးများက ကြည်လင်နေပြီး အရာရာကို ထွင်းဖောက်မြင်နိုင်ဟန်ဖြင့် ယဲ့ချန်ကို စိုက်ကြည့်လာသည်။

"ယဲ့ချန်က ယဲ့မျိုးနွယ်ကို ဦးဆောင်ပြီး အခစားဝင်ရောက်ပါတယ်"

နတ်အစေခံတစ်ယောက်ရှေ့မှောက်တွင် သူက ဦးညွှတ်၍ အရိုအသေပေးလိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။

"ယဲ့မျိုးနွယ်ဝင် ယဲ့မုန့်က နဂါးဘုရင်ကို အခစားဝင်ရောက်ပါတယ်"

"ယဲ့မျိုးနွယ်ဝင် ယဲ့ရွှမ်က နဂါးဘုရင်ကို အခစားဝင်ရောက်ပါတယ်"

ယဲ့ချန်နှင့်အတူ လိုက်ပါလာသော စစ်ဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် အရိုအသေပေးလိုက်ကြသည်။

"ယဲ့မျိုးနွယ်ရဲ့ ပါရမီရှင်တွေက စစ်ဧကရာဇ်တွေ ဖြစ်လာကြပြီ။ အရမ်းကောင်းတယ်။ မင်းတို့က ကောင်းကင်မူလကြယ်ရဲ့ မျှော်လင့်ချက်ဖြစ်တယ်။ ငါတို့ကြယ်ကို ကာကွယ်ပေးဖို့အတွက် ကြိုးစားပေးဖို့ တောင်းဆိုချင်ပါတယ်"

နဂါးဘုရင်က ယဲ့မျိုးနွယ်ဝင်များကို ဝေ့ကြည့်လိုက်ပြီး ဖော်ရွေစွာ ပြုံးလိုက်သည်။

"ကျုပ်တို့က အကောင်းဆုံးကြိုးစားပါမယ်"

ယဲ့မျိုးနွယ်ဝင်များက ပြိုင်တူအော်ဟစ်၍ သဘောတူလိုက်သည်။

"ငါက ဖိတ်စာ၃၃စောင် ပို့လိုက်တာပါ။ ဘာကြောင့် တစ်ယောက် ပိုနေရတာလဲ"

"ဒါက ကျုပ်ရဲ့ဇနီး ယဲ့လော့ပါ။ သူမက အထွတ်အမြတ်လသိုင်းဒေသကြီးရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး စစ်ဧကရာဇ်အဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ခေါ်ဆောင်လာတာပါ"

ယဲ့ချန်က ရှင်းပြလိုက်၏။

"အထွတ်အမြတ်လသိုင်းဒေသရဲ့တပည့် ယဲ့လော့က နဂါးဘုရင်ကို အရိုအသေပေးပါတယ်"

သူ၏ဘေးတွင်ရပ်နေသော ယဲ့လော့က ရှေ့တက်လာကာ ဦးညွှတ်လိုက်သည်။

"လွန်ခဲ့တဲ့လအနည်းငယ်က ရှင်းဟိုင်သိုင်းဒေသရဲ့ ထန်တိုက်လင်ကလည်း မင်းရဲ့ဇနီးလို့ ပြောခဲ့တယ်။ ကြည့်ရတာ မင်းက မိန်းကလေးတွေနဲ့ ပတ်သက်ရင် ကံကောင်းပုံပဲ"

နဂါးဘုရင်က ယဲ့လော့ကို တစ်ချက်ကြည့်၍ ရယ်မောကာ ချီးကျူးလိုက်သည်။

"အရှင်က မြှောက်ပင့်လွန်းနေပါပြီ။ လော့အာနဲ့ လင်အာက ကျုပ်နဲ့အတူ အရှေ့ပိုင်းတိုက်ကြီးမှာ ကောင်းအတူဆိုးအတူ ဖြတ်သန်းလာခဲ့ကြတဲ့ လက်တွဲဖော်တွေမို့ ဘယ်သူ့ကိုမှ မစွန့်ပစ်နိုင်ပါဘူး။ ဒါက ကံကောင်းတာမဟုတ်ဘဲ ယောကျ်ားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားပါ"

ယဲ့ချန်က တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

"တာဝန်တဲ့လား။ ပြောတာကောင်းတယ်။ ကောင်းကင်မူလကြယ်အတွက် အလိုအပ်ဆုံးက မင်းလိုမျိုး သစ္စာတရားကြီးမားတဲ့ ကျင့်ကြံသူမျိုးတွေပဲ။ ဒီလိုဆိုမှတော့ ယဲ့လော့ကိုလည်း ဧကရာဇ်နန်းတော်က လက်ခံလိုက်မယ်"

နဂါးဘုရင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

"ယဲ့ချန် မင်းက ဧကရာဇ်နန်းတော်ကို ဝင်ရောက်ပြီးရင် တရားမျှတမှုကို လက်ကိုင်ထားပြီး အာဏာကို မတပ်မက်ပါစေနဲ့။ စစ်ဧကရာဇ်တွေနဲ့ အတူတကွပူးပေါင်းပြီး ကောင်းကင်မူလကြယ်ကို ကာကွယ်ရမယ်"

"အရှင် ကျုပ်က ဧကရာဇ်နန်းတော်ကို ဝင်ရောက်ပြီးရင် တောင်းဆိုချက်တစ်ခု ပြောခွင့်ရှိမလား။ ဒီလိုအခွင့်ရှိမယ်ဆိုရင် ယဲ့မျိုးနွယ်ရဲ့ စစ်ဧကရာဇ်တွေအားလုံးက ကောင်းကင်မူလကြယ်ကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားပါမယ်"

ယဲ့ချန်က တောင်းဆိုလိုက်၏။

"မင်းရဲ့တောင်းဆိုချက်က ကျိုးကြောင်းဆီလျော်မယ်ဆိုရင် စစ်ဧကရာဇ်တွေကို မဲခွဲ ဆုံးဖြတ်ခွင့်ပြုမယ်"

နဂါးဘုရင်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ကျုပ်တို့က ဧကရာဇ်နန်းတော်ကို ဝင်ရောက်ပါမယ်"

"အရမ်းကောင်းတယ်"

နှစ်ထောင်ချီရှင်သန်လာခဲ့သော နဂါးဘုရင်က ယဲ့ချန်ခေါင်းညိတ်လိုက်သဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။ ကြယ်သခင်ရှင်းနောက်ပိုင်းတွင် ကောင်းကင်မူလကြယ်၏အင်အားက ယုတ်လျော့လာခဲ့ပြီး နှစ်စဥ်နှစ်တိုင်း စစ်ဧကရာဇ်များ သေဆုံးသွားသော်လည်း ထိုကွက်လပ်ကို ပြန်လည်မဖြည့်တင်းနိုင်ခဲ့ပေ။ စစ်ဧကရာဇ်အရေအတွက် ကျဆင်းလာသဖြင့် အရေးတကြီးဖြစ်နေချိန်တွင် ယဲ့မျိုးနွယ်မှ စစ်ဧကရာဇ်သုံးဆယ်ကျော် ထွက်ပေါ်လာခြင်းက ဤကြယ်အတွက် ကောင်းကျိုးရှိစေခဲ့သည်။ နဂါးဘုရင်၏ညွှန်ကြားမှုဖြင့် ယဲ့မျိုးနွယ်ဝင် စစ်ဧကရာဇ်တိုင်းက အဆင့်သုံးစစ်ဧကရာဇ်၏ တိုက်ခိုက်မှုကို ခုခံနိုင်သော တာအိုအဆင့်သုံး ခရမ်းရောင်နတ်ဆိုးချပ်ဝတ်တစ်ခုစီ ရရှိခဲ့သည်။ ထို့အပြင် ဧကရာဇ်နန်းတော်၏ လက်နက်တိုက်အတွင်းမှ ကြိုက်နှစ်သက်ရာ တာအိုအဆင့်ငါး လက်နက်များလည်း ရရှိဦးမည်ဖြစ်သည်။ ထို့နောက် ဧကရာဇ်နန်းတော်နှင့် ဆက်သွယ်ရာတွင် အသုံးဝင်သော ကြယ်သလင်းကျောက်တစ်ခုစီ ရခဲ့ကြသည်။

ကောင်းကင်မူလကြယ်တွင် စစ်ဧကရာဇ်၁၃၁ယောက်ရှိခဲ့ပြီး ဆယ့်သုံးယောက်က ကျိယွမ်ကြယ်သို့ ဝင်ရောက်သွားပြီးနောက် သတင်းအစအန ပျောက်ကွယ်သွားခဲ့သည်။ ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုလည်း လိုက်ပါသွားသောကြောင့် ၁၁၆ယောက်သာ ကျန်ရစ်ခဲ့သည်။ ထန်တိုက်လင်၊ နန်းကုန်းဇီနှင့် ယဲ့မျိုးနွယ်ဝင်များ ထွက်ပေါ်လာမှုကြောင့် စစ်ဧကရာဇ်အရေအတွက်က ၁၅၂ယောက်အထိ တိုးတက်လာခဲ့သည်။ ဧကရာဇ်နန်းတော်၏ ထောင့်တစ်နေရာတွင် စာရင်းတစ်ခုရှိနေပြီး ခွန်အားအရ သတ်မှတ်ထားခြင်းဖြစ်သည်။ ယဲ့ချန်က ထိုစာရင်းကို စစ်ဆေးလိုက်သောအခါ လင်းဖန်က နတ်အစေခံများအောက်တွင် အသန်မာဆုံးဖြစ်ကာ နံပတ်တစ်ဖြစ်ကြောင်း သိလိုက်ရသည်။ အဆင့်နှစ်ကို မြင့်မြတ်ဝိညာဥ်သိုင်းဒေသ၏ ဟင်းလင်းပြင်ဧကရာဇ်၊ အဆင့်သုံးကို မိုးကြိုးသိုင်းဒေသ၏ မိုးကြိုးဧကရာဇ်နှင့် အဆင့်လေးကို သူနှင့်တွေ့ဆုံဖူးသော ဧကရာဇ်မင်က ပိုင်ဆိုင်ထားသည်။ ဧကရာဇ်မင်က ဤမျှအစွမ်းထက်မည်ဟု သူက မျှော်လင့်မထားသော်လည်း ဤကဲ့သို့ကျင့်ကြံသူမျိုးကို ဒဏ်ရာရစေရန် တိုက်ခိုက်နိုင်ခဲ့သော အရှေ့ပိုင်းတိုက်ကြီးမှရန်သူက ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။ တစ်ဖက်လူက ကောင်းကင်နတ်ဆိုးတစ်ကောင်ပင် ဖြစ်နေနိုင်သည်။

ယဲ့မျိုးနွယ်ဝင်များက ဧကရာဇ်နန်းတော်သို့ ဝင်ရောက်ကာစဖြစ်၍ အဆင့်သတ်မှတ်ချက်အတွင်း မရှိပေ။ အကယ်၍ သူတို့က အဆင့်တစ်ခုလိုချင်လျှင် အခြားစစ်ဧကရာဇ်များကို စိန်ခေါ်တိုက်ခိုက်ရမည်ဖြစ်ကာ အနိုင်ရလျှင် ထိုအဆင့်ကို ပိုင်ဆိုင်ပေလိမ့်မည်။

"ဒီစာရင်းက ဧကရာဇ်နန်းတော်ရဲ့ စစ်ဧကရာဇ်တွေအားလုံး ခွန်အားစမ်းသပ်ဖို့ ဖန်တီးထားတာဖြစ်တယ်။ မင်းက ပိုပြီးသန်မာတယ်ဆိုရင် အာဏာ ပိုပြီးရှိလာမယ်။ စိတ်ဝင်စားတယ်ဆိုရင် မင်းတို့က အခြားစစ်ဧကရာဇ်တွေကို စိန်ခေါ်နိုင်တယ်။ တိုက်ပွဲကွင်းပြင်ကို ကြယ်သခင်ရှင်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အချိန်မရွေး ဝင်ရောက်နိုင်တယ်။ သူက အထူးအစီအရင်တစ်ခုကိုလည်း တည်ဆောက်ထားပြီး အထဲမှာ သေဆုံးသွားရင်တောင် ပြန်လည်ရှင်သန်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် မင်းတို့က ထိပ်တန်းဧကရာဇ်တွေကို စိန်ခေါ်ဖို့တော့ အားမပေးဘူး။ မင်းတို့က အခုမှ အဆင့်တက်လာတာဆိုတော့ ကျင့်စဥ်တွေနဲ့ အတွေ့အကြုံမှာ သူတို့ကို မယှဥ်နိုင်ဘူး"

အဆင့်သတ်မှတ်ချက်ကို စိတ်ဝင်တစားကြည့်ရှုနေသော ယဲ့ချန်အား နဂါးဘုရင်က ရှင်းပြလိုက်ခြင်းဖြစ်သည်။

"ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်ပြီး နတ်ဧကရာဇ်ဆိုသော အမည်ကို မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

"လူငယ်တွေက ရည်မှန်းချက်ကြီးတာ ကောင်းပေမယ့် လင်းဖန်ကို အနိုင်ယူဖို့တော့ မလွယ်ကူဘူး။ ယဲ့ချန် ဒီကောင်လေးက ပါရမီရှင်ဆိုပေမယ့် လေ့ကျင့်ဖို့ လိုအပ်နေသေးတယ်"

နဂါးဘုရင်က ယဲ့ချန်၏သဘောထားကို နားလည်သဖြင့် တစ်ချက်ပြုံးလိုက်ပြီး စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်က စာရင်း၏အလယ်တွင် နန်းကုန်းဇီကို ရှာတွေ့ခဲ့ပြီး သူက အဆင့်တက်ပြီးပြီးချင်း နံပတ်၆၃သို့ တက်ရောက်နိုင်ခဲ့သည်။ နန်းကုန်းဇီက ခွန်အားကို ထိမ်ချန်ထားခြင်းဖြစ်နိုင်ပြီး ဆန်းကျယ်ကာ ခန့်မှန်းရခက်သော ဤပါရမီရှင်က ရှင်းရွှမ်နှင့် ပတ်သက်နေပုံပေါ်သည်။ အဆင့်သတ်မှတ်ချက်အတွင်း ထန်တိုက်လင်၏အမည်ကို ရှာမတွေ့သဖြင့် သူမက စိန်ခေါ်ခြင်းမလုပ်ရသေးကြောင်း ထင်ရှားသည်။ သူမ၏ခွန်အားဖြင့်ဆိုလျှင် ထိပ်တန်းတစ်ရာအတွင်း အလွယ်တကူဝင်ရောက်နိုင်သော်လည်း သန္ဓေသားကို မထိခိုက်စေလိုသောကြောင့် ဖြစ်နိုင်သည်။ ဤအကြောင်းကို တွေးမိလိုက်သောအခါ ယဲ့ချန်က ကြင်နာစွာပြုံးလိုက်မိပြီး မကြာခင် မီးဖွားတော့မည့် ဇနီးသည်ထံ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက သိပ်မကြာခင် ဖခင်တစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပါလော။

ယဲ့မျိုးနွယ်ဝင်များက အဆင့်သတ်မှတ်ချက်စာရင်းကို ကြည့်၍ ဆွေးနွေးနေကြပြီး တိုက်ခိုက်ခြင်းက အတွေ့အကြုံရှာဖွေရန် အကောင်းဆူံးနည်းလမ်းဖြစ်သောကြောင့် စိန်ခေါ်လိုနေကြသည်။ ထို့အပြင် ဤနေရာ၌ သေဆုံးသွားလျှင်ပင် နဂါးဘုရင်က ပြန်လည်အသက်သွင်းပေးနိုင်သောကြောင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ပေသည်။

"ခေါင်း​ဆောင် ကျုပ်တို့က ဧကရာဇ်စာရင်းကို စိန်ခေါ်ချင်ပါတယ်"

သူတို့က ယဲ့ချန်ထံမှ ခွင့်ပြုချက်တောင်းလိုက်ပြီး အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

"သွားပါ"

စိန်ခေါ်တိုက်ပွဲများ၌ အန္တရာယ်မရှိသောကြောင့် ယဲ့ချန်ကလည်း ခွင့်ပြုပေးခဲ့သည်။ တိုက်ပွဲများက ယဲ့မျိုးနွယ်ဝင်များကို ပိုမိုသန်မာလာစေရန် ကူညီလေ့ကျင့်ပေးနိုင်သည်။ အားလုံးက အခြားစစ်ဧကရာဇ်များကို စိန်ခေါ်ရန်အတွက် ထွက်ခွာသွားကြပြီး ယဲ့လော့တစ်ယောက်သာလျှင် သူ့ကိုအဖော်ပြု၍ ခန်းမအတွင်း ကျန်ရစ်ခဲ့သည်။ ထိုအချိန်တွင် သူ၏ကိုယ်ပိုင်ကြယ်သလင်းကျောက်က ထွန်းလင်းလာ၍ နှင်းဧကရာဇ်တို့လူစု၏ ပုံရိပ်များ ထွက်ပေါ်လာကြသည်။

"ယဲ့ချန် ယဲ့မျိုးနွယ်ဝင်သုံးဆယ်ကျော်က စစ်ဧကရာဇ်အဆင့်တက်နိုင်ခဲ့ပြီး ဧကရာဇ်နန်းတော်ကို ဝင်ရောက်ခဲ့တယ်လို့ ကြားတယ်။ ဂုဏ်ပြုပါတယ်"

သူတို့က ဤသတင်းကို ကြားကြားချင်း မယုံနိုင်ခဲ့ပေ။ အကြောင်းအရင်းမှာ ယဲ့မျိုးနွယ်က သတင်းကို အမှောင်ချထားပြီး စစ်ဧကရာဇ်သုံးဆယ်ကျော်ကို ပိုင်ဆိုင်သော မျိုးနွယ်တစ်ခုဟူ၍ ကောင်းကင်မူလကြယ်တွင် မရှိဖူးခဲ့ပေ။ ဤကိစ္စက ကောလဟာလတစ်ခုဟု ထင်မှတ်ထားခဲ့သော်လည်း နဂါးဘုရင်ကိုယ်တိုင် ဧကရာဇ်နန်းတော်၏ ကြယ်သလင်းကျောက်မှတဆင့် ကြေညာခဲ့သောကြောင့် အမှန်တရားဖြစ်ကြောင်း နားလည်လိုက်သည်။ ကောင်းကင်မူလကြယ်အတွက် စစ်ဧကရာဇ်အရေအတွက်များစွာ ထွက်ပေါ်လာခြင်းက အလွန်ကောင်းမွန်သည့်အပြင် သူတို့နှင့်ဆက်ဆံရေးကောင်းမွန်သော ယဲ့မျိုးနွယ်မှ ဖြစ်နေသဖြင့် အံ့သြဝမ်းသာနေကြသည်။

"အရှင်တို့ ကျုပ်က ဒီကိစ္စကို ဖုံးကွယ်ထားမိတာ တောင်းပန်ပါတယ်"

ယဲ့ချန်က ရိုးသားစွာဖြင့် ဦးညွှတ်လိုက်သည်။

"ငါတို့အားလုံး နားလည်ပါတယ်။ ပြဿနာ မရှိဘူး"

သူတို့က ယဲ့ချန် ဖုံးကွယ်ထားရသော အကြောင်းပြချ​က်ကို နားလည်နေသဖြင့် စိတ်ကွက်မသွားကြပေ။ လက်ရှိတွင် ယဲ့မျိုးနွယ်၌ ထန်တိုက်လင်အပါအဝင် စစ်ဧကရာဇ်၃၄ယောက်ရှိပြီဖြစ်၍ မဲအရေအတွက်သုံးဆယ်ကျော် ပိုင်ဆိုင်ထားသောအခါ မည်သူမှ အထင်မသေးဝံ့သော အင်အားစုတစ်ခု ဖြစ်လာသည်။ ယဲ့မျိုးနွယ်မှ တစ်ခုခုလုပ်လိုလျှင် နတ်ဧကရာဇ်ပင် ခေါင်းကိုက်ရပေလိမ့်မည်။ ဧကရာဇ်နန်းတော်၏ ကြယ်သလင်းကျောက်မှတဆင့် စစ်ဧကရာဇ်များ ဆွေးနွေးနေကြသည်။ စစ်ဧကရာဇ်အယောက်သုံးဆယ်ကျော် ရုတ်တရက်ပေါ်လာပြီး ဧကရာဇ်နန်းတော်သို့ ဝင်ရောက်လိုက်ခြင်းက ဤနှစ်များအတွင်း အကြီးမားဆုံးသတင်း ဖြစ်လာခဲ့သည်။ ယဲ့မျိုးနွယ်က တစ်ကွက်တည်းဖြင့် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးကို လှုပ်ခါပစ်လိုက်လေသည်။

All Chapters