← Chapters

နတ်ဧကရာဇ် လှည့်စားခံရခြင်း

Vol. 47 Ch. 656

နတ်ဧကရာဇ် လှည့်စားခံရခြင်း

Vol. 47 Ch. 656

စစ်ဧကရာဇ်အချို့က အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ ယဲ့မျိုးနွယ် လျင်မြန်စွာ မြင့်တက်လာခြင်းက တာအိုအိမ်တော်ကို ခြိမ်းခြောက်နေသဖြင့် အနာဂတ်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာနိုင်သည်။ ဧကရာဇ်နန်းတော်၏ဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးပြီး ထိပ်တန်းဧကရာဇ်ဆယ်ယောက်တွင် ကိုယ်ပိုင်အင်အားစုများရှိကာ ကောင်းကင်မူလကြယ်ကို ကာကွယ်ရန်ဆိုသော ဘုံသဘောတူညီချက်တစ်ခု ရှိသည်။ လူတိုင်းက အကြောင်းအရာတစ်ခုအတွက် မဲပေးဆုံးဖြတ်နိုင်ပြီး နတ်အစေခံများ၏ကြီးကြပ်မှုဖြင့် မျှခြေကို ထိန်းသိမ်းထားသည်။ အတိတ်တွင် အင်အားအကြီးဆုံးက လင်းဖန်ဖြစ်သော်လည်း ယဲ့မျိုးနွယ် ဝင်ရောက်လာသောအခါ သူ၏နေရာကို ခြိမ်းခြောက်နိုင်စွမ်းရှိလာသည့်အပြင် ဧကရာဇ်အချို့ကလည်း ယဲ့မျိုးနွယ်ဘက်တွင် စတင်ရပ်တည်လာကြသည်။

သို့သော်လည်း အချို့စစ်ဧကရာဇ်များက ယဲ့မျိုးနွယ်ကို သတိကြီးကြီးထားကာ စောင့်ကြည့်နေကြသည်။ ထိုမျိုးနွယ်၏ အင်အားကြီးမားလာခြင်းက အလွန်လျင်မြန်နေပြီး အချိန်တိုအတွင်း ဧကရာဇ်အယောက်သုံးဆယ်ကျော် ထွက်ပေါ်လာသဖြင့် အနာဂတ်တွင် ပိုမိုတုန်လှုပ်ဖွယ်ကောင်းသော အရာများကို စွမ်းဆောင်ပေလိမ့်မည်။ သူတို့က စစ်ဧကရာဇ်အရေအတွက်များလေ၊ ကောင်းကင်မူလကြယ်က ပို၍လုံခြုံလေဖြစ်သောကြောင့် ဝမ်းသာနေကြသော်လည်း ယဲ့မျိုးနွယ်ကြောင့် ဧကရာဇ်နန်းတော်၌ ဗြောင်းဆန်ကုန်မည်ကို စိုးရိမ်နေကြသည်။ အနာဂတ်တွင် သူတို့၏အင်အားစုများက ဧကရာဇ်နန်းတော်အတွင်း နေရာပျောက်သွားနိုင်ပြီး အခွင့်အရေးများ ပျောက်ဆုံးသွားနိုင်သည်။ စစ်ဧကရာဇ်များအားလုံး၌ ယဲ့မျိုးနွယ်နှင့်ပတ်သက်၍ မတူကွဲပြားသော အတွေးအမြင်ကိုယ်စီ ရှိနေကြသည်။

တာအိုအိမ်တော်၏ အဓိကခန်းမအတွင်း လင်းဖန်သည် ဧကရာဇ်နန်းတော်သို့ ယဲ့မျိုးနွယ်ဝင်သုံးဆယ်ကျော် ရုတ်တရက် ပူးပေါင်းလာသော သတင်းကြောင့် တုန်လှုပ်နေခဲ့သည်။ ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်များစွာ ထွက်ပေါ်လာသော်လည်း သူက သတင်းလုံးဝမရသောကြောင့် သူလျှိုများအားလုံး ဖော်ထုတ်ခံလိုက်ရပုံပေါ်သည်။ စစ်ဧကရာဇ်၃၄ယောက်ဆိုသော အရေအတွက်က သူ့ကို ကြောက်လန်စေခဲ့ပြီး ယဲ့မျိုးနွယ်ရှိ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ခုနစ်ဆယ်ကျော်သူများပင် အဆင့်တက်နိုင်ရန် သုံးနှစ်ခန့်လိုအပ်မည်ဟု ခန့်မှန်းခဲ့မိသည်။ သို့သော်လည်း တစ်ဖက်လူ၏ကျင့်ကြံနှုန်းက တွေးမကြည့်နိုင်လောက်အောင် မြန်ဆန်နေပြီး တာအိုအိမ်တော်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာကာ အနာဂတ်တွင် သူ၏အာဏာကို ထိပါးလာနိုင်သည်။ လက်ရှိအနေအထားတွင် ယဲ့မျိုးနွယ်က များစွာမခြိမ်းခြောက်နိုင်သေးသော်လည်း အနာဂတ်၌ မည်သို့ဖြစ်ပျက်လာမည်ကို မည်သူမှ အတပ်မပြောနိုင်ပေ။ တာအိုအိမ်တော်က ကောင်းကင်မူလတိုက်ကြီးကို နှစ်ပေါင်းထောင်ချီအုပ်ချုပ်လာခဲ့ပြီး ၎င်းသာ ပျက်စီးသွားလျှင် အာဏာအရှိဆုံးက သူမဟုတ်ဘဲ ယဲ့မျိုးနွယ်ဖြစ်သွားမည်ကို အလွန်စိုးရိမ်နေခဲ့သည်။

"အရှင် ယဲ့မျိုးနွယ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက တစ်နေ့တခြား ကြီးမားလာနေတယ်။ ဘာဆက်လုပ်ကြမလဲ"

လန်လန်က မေးလိုက်ခြင်းဖြစ်သည်။

"ရှောင်ရိနဲ့ ဝမ်အာရဲ့ အခြေအနေ ဘယ်လိုလဲ"

"သူတို့က သိပ်မကြာခင် စစ်ဧကရာဇ်အဆင့်ကို ရောက်ပါတော့မယ်"

"အရမ်းကောင်းတယ်"

လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက ပါရမီကောင်းမွန်သော ကလေးနှစ်ယောက်ကို အနာဂတ်၌ ယဲ့မျိုးနွယ်ကိုရင်ဆိုင်ရာတွင် ဝှက်ဖဲများအဖြစ် စီစဥ်ရန် အောက်တန်းကျကျ ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် ကလေးနှစ်ယောက်က ပြောင်းလဲသွားပြီဖြစ်ကြောင်းကို ယဲ့ချန်ပင် သိနိုင်မည်မဟုတ်ပေ။

"ငါက ကျင့်ကြံခြင်းကို အာရုံစိုက်ပြီး နတ်အစေခံအဆင့်ကိုရောက်အောင် ကြိုးစားလိုက်ဦးမယ်။ လက်ရှိမှာ တာအိုအိမ်တော်ကို မင်းက အုပ်ချုပ်ရမယ်။ တစ်ခုခုအရေးကြီးတာရှိရင် ကြယ်သလင်းကျောက်ကတဆင့် ငါ့ကို ဆက်သွယ်လိုက်"

လင်းဖန်က ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်သာ ကျိယွမ်ကြယ်သို့ ကိုယ့်သဘောနှင့်ကိုယ် လိုက်ပါသွားခြင်းမရှိလျှင် သူ့အတွက် အင်အားများပြတ်လပ်နေမည် မဟုတ်သောကြောင့် စိတ်ထဲတွင် ဒေါသူပုန်ထနေခဲ့သည်။ အရာရာတိုင်းက ခန့်မှန်းရခက်ခဲနေပြီး အနာဂတ်၌ ကိစ္စများက ပိုမိုရှုပ်ထွေးလာပေလိမ့်မည်။ လက်ရှိတွင် ယဲ့ချန်က တာအိုအိမ်တော်ကို များစွာမခြိမ်းခြောက်နိုင်သေးသဖြင့် သူက လန်လန်ထံ တာဝန်လွှဲအပ်ကာ တံခါးပိတ်ကျင့်စဥ်ဝင်သွားခဲ့သည်။ ယဲ့မျိုးနွယ်၏အင်အားက သူ့အတွက် ကပ်​ဆိုးတစ်ခုဖြစ်လာပြီး ကောင်းကင်မူလတိုက်ကြီး၏ အာဏာအလုံးစုံကို အချိန်တိုင်း ဆုပ်ကိုင်ထားနိုင်မှုအပေါ် တပ်မက်လွန်းနေသဖြင့် လက်ရှိရာထူးကို မစွန့်လွှတ်နိုင်ဖြစ်နေသည်။

လင်းဖန်သည် လျှို့ဝှက်ခန်းတစ်ခုအတွင်း ကျင့်ကြံနေရင်း တောက်လောင်မီးလျှံကျင့်စဥ်ထံ အကြည့်ရောက်သွားခဲ့သည်။ ၎င်းကို သူ၏သူလျှိုများက ယဲ့မျိုးနွယ်မှ ပေးပို့လာခြင်းဖြစ်ပြီး ဖတ်ရှုလေ့လာပြီးသောအခါ အလွန်နက်နဲအဆင့်မြင့်ကြောင်း သိလိုက်ရသည်။ သူကြားဖူးသမျှထဲတွင် အဆင့်အမြင့်ဆုံး မီးတောက်ကျင့်စဥ်ပင် ၎င်း၏တစ်ထောင်ပုံတစ်ပုံကို မမီချေ။ မူလတွင် သူက တစ်ခုခုမှားယွင်းနေမည်ကို စိုးရိမ်သောကြောင့် ၎င်းကို မကျင့်ကြံရဲပေ။ သို့သော်လည်း ကျင့်စဥ်၏ အံ့သြဖွယ်ကောင်းမှုက စိတ်အတွင်း မကြာခဏ ထွက်ပေါ်လာသည်။

"ယဲ့မျိုးနွယ်မှာ စစ်ဧကရာဇ်တွေအများကြီး ထွက်ပေါ်လာတာက ဒီကျင့်စဥ်နဲ့ သက်ဆိုင်နေမလား"

နတ်ဧကရာဇ်က အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် မအောင့်အီးနိုင်တော့သဖြင့် တောက်လောင်မီးလျှံကျင့်စဥ်ကို စတင်ကျင့်ကြံလိုက်သည်။ သူ၏ကိုယ်ပိုင်ခွန်အားဖြင့် တစ်ခုခုမှားနေလျှင်ပင် အချိန်မီရပ်တန့်နိုင်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

"ဒီကျင့်စဥ်က တစ်ခုခုမှားနေတယ်"

နာရီအနည်းငယ်ကြာသောအခါ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသည့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရဲရဲနီနေအောင် ပူပြင်း၍ မီးများ တောက်လောင်နေသည်။ ထို့နောက် ဘန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာကာ သူက သွေးတစ်လုတ် အန်ချလိုက်ရသည်။ ကျင့်စဥ်တွင် ပြဿနာတစ်ခုရှိနေကြောင်း သတိထားမိလိုက်သည်နှင့်တပြိုင်နက် ရပ်တန့်လိုက်သော်လည်း ခန္ဓာကိုယ်အတွင်း၌ ချီများဗြောင်းဆန်သွားကာ အပြင်းအထန်ဒဏ်ရာရမည်ဟု ထင်မထားခဲ့ပေ။ ဝိညာဥ်ကိုပါ မထိခိုက်စေရန်အတွက် သူက လက်ကောက်ဝတ်ကို လှီးဖြတ်၍ ကျင့်ကြံခြင်းနှစ်ဆယ်ရာခိုင်နှုန်းကို ကိုယ်တိုင်ဖျက်ဆီးလိုက်ရသည်။

"ငါက လောဘကြောင့် မျက်လုံးကန်းခဲ့တယ်။ ဒီကောင်က ကျင့်စဥ်အစစ်အမှန်ကို ငါးစာအဖြစ်သုံးပြီး အမှားတွေ ထည့်သွင်းထားတယ်"

လင်းဖန်က သတ်ဖြတ်လိုစိတ်ဖြင့် ကြုံးဝါးလိုက်ပြီး မျက်နှာတစ်ခုလုံး မည်းနက်နေသည်။ ယဲ့ချန်၏နည်းလမ်းက အလွန်ပြောင်မြောက်ပြီး ကျင့်ကြံခြင်းမရှိလျှင် မှားယွင်းနေသည်ကို သတိထားမိမည်မဟုတ်ပေ။ အကယ်၍ သူသာ အချိန်မီမရပ်တန့်နိုင်ခဲ့လျှင် အကျိုးဆက်များက တွေးမရလောက်အောင် ဆိုးဝါးသွားပေလိမ့်မည်။ ကျင့်ကြံသူအများစုက ကျင့်စဥ်တစ်ခုကို ပြင်ဆင်ခဲ့လျှင် သဲလွန်စများ ကျန်ရစ်တတ်ပြီး သူက ၎င်းတို့ကို တစ်ချက်ကြည့်ရုံဖြင့် ရှာဖွေနိုင်သော်လည်း လက်ရှိတစ်ကြိမ်၌ သတိမထားမိခဲ့ပေ။ ဤအချက်က ယဲ့ချန်သည် ကျင့်ကြံခြင်းနှင့်ပတ်သက်၍ သူ့ထက် ပို၍ထူးချွန်သော နားလည်နိုင်စွမ်းရှိသည်ဟု မီးမောင်းထိုးပြနေသည်။ အမှန်တရားကို လက်မခံနိုင်သော လင်းဖန်မှာ ဒေါသတကြီးဖြစ်နေခဲ့ပြီး ယဲ့ချန်၏လှည့်ကွက်အောက်တွင် ထိခိုက်ခံစားခဲ့ရလေသည်။

"ထိုင်ပါဦး"

ဧကရာဇ်နန်းတော်အတွင်း၌ ယဲ့ချန်ကို နဂါးဘုရင်က နေရာပေးလိုက်ခြင်းဖြစ်သည်။ တစ်ဖက်လူ၏ ဖော်ရွေမှုကြောင့် သူကလည်း ငြင်းဆန်မနေဘဲ မျက်နှာချင်းဆိုင်၌ တင်ပျဥ်ခွေထိုင်ချလိုက်သည်။

"မင်းက ဘယ်လိုကျင့်စဥ်မျိုးကို ကျင့်ကြံထားတာလဲ။ နတ်အစေခံတစ်ယောက်ဖြစ်တဲ့ ငါတောင် ဘာမှမမြင်နိုင်ဘူး။ ပြောဖို့ အဆင်မပြေဘူးဆိုရင်တော့ ပြောစရာမလိုပါဘူး"

နဂါးဘုရင်က တစ်ချက်ပြုံး၍ မေးလိုက်သည်။

"မပြောနိုင်တာ ခွင့်လွှတ်ပါ အရှင်"

"မင်းရဲ့ကျင့်စဥ်က ဘာဆိုတာကို ငါမပြောနိုင်ပေမယ့် အချိန်ကြာကြာ စောင့်ကြည့်လာတဲ့နောက်မှာ အလွန်ထူးခြားတယ်ဆိုတာကို သိခဲ့ရတယ်။ ဒီကျင့်စဥ်က ကောင်းကင်ချီကိုးမျိုးကို ထိန်းချုပ်နိုင်တယ်မလား။ ဒါက အလွန်ရှားပါးတဲ့ ကျင့်စဥ်တစ်ခု ဖြစ်ရမယ်"

နဂါးဘုရင်က ယဲ့ချန်ကို စောင့်ကြည့်ခဲ့ခြင်းအား မဖုံးကွယ်ထားပေ။ ယဲ့ချန်ကိုယ်တိုင်လည်း ကောင်းကင်မူလတိုက်ကြီး၌ ဖြစ်ပျက်သမျှက နတ်အစေခံများ၏ အကြည့်အောက်မှ မလွတ်မြောက်နိုင်ကြောင်း နားလည်ထားသည်။

"ဟုတ်ပါတယ်"

ယဲ့ချန်က ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သော်လည်း ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မှသာ မလိုလားအပ်သော ပြဿနာများကို ရှောင်လွှဲနိုင်ပေလိမ့်မည်။

"မင်းရဲ့ဇနီး ထန်တိုက်လင်မှာ ကိုယ်ဝန်ရှိနေတာလား"

နဂါးဘုရင်သည် ယဲ့ချန်က သူ၏ကျင့်စဥ်အကြောင်း မ​ပြောလိုသောအခါ နားလည်မှုရှိစွာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"မှန်ပါတယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်ပြီး ဤစကားကို ကြားလိုက်ရသောအခါ ယဲ့လော့၏မျက်ဝန်းများ အနည်းငယ်မှိန်ကျသွားသော်လည်း ချက်ချင်းပုံမှန် ပြန်ဖြစ်သွားခဲ့သည်။

"ဂုဏ်ပြုပါတယ်။ မင်းတို့ရဲ့ရင်သွေးက ကောင်းကင်မူလကြယ်အတွက် ပါရမီရှင်တစ်ယောက် ဖြစ်လာမှာပါကွာ"

နဂါးဘုရင်က တစ်ချက်ရယ်မောလိုက်သော်လည်း ခဏတာစဥ်းစားပြီးနောက် သက်ပြင်းချနေခဲ့သည်။

"မင်းရော ထန်တိုက်လင်ရော နန်းကုန်းဇီရော ကြယ်သခင်အမွေအနှစ်ကိုမရနိုင်ခဲ့တာ နှမြောစရာကောင်းလွန်းတယ်။ ရှင်းဟွမ်က ဘာတွေစီစဥ်နေလဲဆိုတာ ငါ မတွေးတတ်တော့ဘူး။ မင်းက သုညပိုင်ရှင်တစ်ယောက်ဖြစ်နေလို့ ကြယ်သခင်ဖြစ်မလာနိုင်ဘူးဆိုပေမယ့် ပေါင်းစပ်နှုန်း၈၉အထိ ပိုင်ဆိုင်ထားတဲ့ ထန်တိုက်လင်က လုံးဝအရည်အချင်းပြည့်မီတယ်။ ဒါပေမယ့် သူမကလည်း ကြယ်သခင်အဖြစ် ရွေးချယ်ခံရမယ် မထင်ဘူး"

"နဂါးဘုရင် အရှင်က အလျင်လိုနေတာလား"

ယဲ့ချန်က စပ်စုလိုက်သည်။

"ငါ အချိန်အကြာကြီး ဆက်သွယ်ခဲ့ပေမယ့် ရှင်းဟွမ်က မတုံ့ပြန်ခဲ့ဘူး"

နဂါးဘုရင်က နောက်ထပ်သက်ပြင်းချလိုက်သည်။ ကြယ်သခင်များနှင့်ယှဥ်လျှင် သူက စိတ်မရှည်သူတစ်ဦးဟု ဆိုနိုင်သော်လည်း ရိုးသားပွင့်လင်းသူတစ်ယောက် ဖြစ်သည်။ သို့မဟုတ်လျှင် ကိစ္စအားလုံးကို ယဲ့ချန်အား ပြောပြနေမည် မဟုတ်ချေ။

"အတိတ်မှာတုန်းက ရှင်းဟွမ်ရဲ့လိုအပ်ချက်တွေကို ပြည့်မီတဲ့ ပါရမီရှင်တွေ မရှိခဲ့ဘူး။ လက်ရှိအချိန်မှာတော့ အရည်အချင်းရှိသူတွေ အများကြီး ထွက်ပေါ်လာတဲ့အတွက် ရှင်းဟွမ်က ကြယ်သခင်ကို ရွေးချယ်ပြီးဖြစ်ပါလိမ့်မယ်"

ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ရှင်းဟွမ်ကသာ ကြယ်သခင်ကို ရွေးချယ်ပြီးရင် ငါတို့နတ်အစေခံဆယ်ယောက်က သူ့ကို အစွမ်းကုန်ထောက်ပံ့ပေးမှာပါ။ ဒါပေမယ့် ရှင်းဟွမ်က ဆုံးဖြတ်ချက်မချရသေးတော့ ငါတို့လည်း ဘာမှမတတ်နိုင်ဘူး။ သိပ်မကြာခင်က ခရမ်းရောင်အလင်းကြယ်ဘေးမှာ ကောင်းကင်နတ်ဆိုးတွေရောက်နေတာကို ငါ တွေ့ရှိခဲ့တယ်။ အဲ့ဒီကြယ်ကိုသွားကြတဲ့ စစ်ဧကရာဇ်တွေ အန္တရာယ်ရှိမှာကို ငါ စိုးရိမ်မိတယ်။ ကောင်းကင်မူလကြယ်ကိုလည်း ရန်သူတွေက အချိန်မရွေး ရှာတွေ့သွားနိုင်တဲ့အတွက် အများဆုံး၂နှစ်အတွင်း ကြယ်သခင်တစ်ယောက်ကို ရှင်းဟွမ်က ရွေးချယ်ပေးဖို့ လိုအပ်နေပြီ။ မဟုတ်ရင် ကြယ်တစ်ခုလုံး အန္တရာယ်များတယ်။ မင်းကို ဒီအကြောင်းတွေပြောပြနေရတာက ယဲ့မျိုးနွယ်က ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လာလို့ပဲ။ မင်းလက်အောက်မှာ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်တဲ့ ပါရမီရှင်တွေ အများကြီးရှိပြီး ငါတို့ကို ကူညီပေးနိုင်တယ်။ သူတို့ထဲကတစ်ယောက်ယောက်လည်း နတ်အစေခံတစ်ယောက် ဖြစ်လာနိုင်တယ်"

နဂါးဘုရင်က ယဲ့ချန်ကို လေးနက်စွာစိုက်ကြည့်၍ ရှင်းပြလိုက်သည်။ နတ်အစေခံဆယ်ယောက်က ကောင်းကင်မူလကြယ်ကို နှစ်ထောင်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့ပြီး အစွမ်းကုန်ကြိုးစားခဲ့သော်လည်း နတ်အစေခံအသစ်တစ်ယောက် ထပ်မံထွက်ပေါ်လာခြင်း မရှိချေ။ ထို့ကြောင့် သူတို့၏မျှော်လင့်ချက်က ယဲ့မျိုးနွယ် ဖြစ်လာခဲ့သည်။ စစ်ဧကရာဇ်အဆင့်သို့ သုံးနှစ်အတွင်း တက်ရောက်နိုင်သူတိုင်းက နတ်အစေခံတစ်ယောက်ဖြစ်လာရန် အခွင့်အရေးတစ်ခု ရှိသည်။ ယဲ့မျိုးနွယ်၏စစ်ဧကရာဇ်များက ပိုမိုမြန်ဆန်သော ကျင့်ကြံနှုန်းကို ပိုင်ဆိုင်ထားသောအခါ သူ၏စိတ်ထဲတွင် အရေအတွက်မည်မျှ နတ်အစေခံဖြစ်လာမည်ကို သိချင်လာခဲ့သည်။

"ယဲ့မျိုးနွယ်က ကောင်းကင်မူလကြယ်အတွက် အစွမ်းကုန်ကြိုးစားကာကွယ်ပေးပါမယ်။ ဒါပေမယ့် တောင်းဆိုချက်တစ်ခုကို ခွင့်ပြုပေးပါ"

"ဘာများလဲ"

ယဲ့ချန်က လက်သီးနှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ ပြောလိုက်သောအခါ နဂါးဘုရင်၏အကြည့် ကျရောက်လာခဲ့လေသည်။

All Chapters