← Chapters

ရှောင်ရိနှင့် ဝမ်အာ၏ ပြောင်းလဲမှုများ

Vol. 47 Ch. 657

ရှောင်ရိနှင့် ဝမ်အာ၏ ပြောင်းလဲမှုများ

Vol. 47 Ch. 657

"အရှင် ယဲ့မျိုးနွယ်မှာ ရှောင်ရိနဲ့ ဝမ်အာဆိုတဲ့ ကလေးနှစ်ယောက် ရှိပါတယ်။ ကျုပ်တို့က တာအိုအိမ်တော်နဲ့ ပြဿနာမတက်ခင်မှာ သူတို့ကို တန်းကုန်းကျောင်းတော်ထံ ပို့ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် တာအိုအိမ်တော်က သူတို့ကို အကျယ်ချုပ်ဖမ်းထားပြီး ကယ်တင်ဖို့သွားခဲ့တဲ့ ယဲ့မျိုးနွယ်ဝင်တွေကိုလည်း ထောင်ချခဲ့ပါတယ်။ သူတို့ကို ဖမ်းချုပ်ထားတာ တစ်နှစ်ကျော်နေပြီဖြစ်တဲ့အတွက် လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်"

ယဲ့ချန်က တစ်လုံးချင်း ပြောလိုက်သည်။ လက်ရှိတွင် ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်များစွာ ရှိနေသောကြောင့် သူ၏တောင်းဆိုချက်ကို နဂါးဘုရင်ပင် အလေးအနက်ထား၍ စဥ်းစားရပေလိမ့်မည်။ နဂါးဘုရင်သာ လှုပ်ရှားမည်ဆိုလျှင် လင်းဖန်က ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မြောင်တို့လူစုကို မလွှတ်ပေးဘဲ မနေရဲချေ။

"ဒီအကြောင်းကို ငါ ကြားပါတယ်။ ဝမ်အာက ဖီးနစ်ဘုရင်ရဲ့မျိုးဆက်လို့လည်း သိထားတယ်။ ဒါပေမယ့် တာအိုအိမ်တော်က သူတို့ကို ထိန်းချုပ်ထားတယ်လို့တော့ မကြားဖူးဘူး။ ဒီကိစ္စသာ အမှန်တကယ်ဆိုရင် ငါက ကူညီပေးပါမယ်"

နဂါးဘုရင်က ခေါင်းညိတ်၍ သဘောတူလိုက်၏။ နတ်အစေခံဆယ်ယောက်က ကောင်းကင်မူလတိုက်ကြီးတွင် ဖြစ်ပျက်နေသမျှကို မြင်နိုင်စွမ်းရှိသော်လည်း အရာရာကို လိုက်လံစောင့်ကြည့်နေခြင်း မရှိပေ။ သူက ယဲ့ချန်၏တောင်းဆိုချက်ကို သဘောတူခဲ့ခြင်းမှာ ယဲ့မျိုးနွယ်၏အင်အားကို လျစ်လျူမရှုနိုင်သောကြောင့်ဖြစ်သည်။ ထို့နောက် ယဲ့ချန်က ဧကရာဇ်နန်းတော်တွင် ဆက်လက်နေထိုင်ခဲ့ပြီး နဂါးဘုရင်က ငယ်သားများစေလွှတ်၍ လင်းဖန်ကို ဆင့်ခေါ်ခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များက အဆင့်သတ်မှတ်ချက်စာရင်းမှ ဧကရာဇ်များကို စိန်ခေါ်ခဲ့ကြသော်လည်း အဆင့်တက်ကာစဖြစ်ပြီး အတွေ့အကြုံများစွာ မရှိသောကြောင့် ထိပ်တန်းတစ်ရာအတွင်း မဝင်ရောက်နိုင်ခဲ့ပေ။ သို့သော်လည်း တိုက်ခိုက်ခြင်းမှတဆင့် အတွေ့အကြုံများ သင်ယူနိုင်ခဲ့သောကြောင့် ကောင်းကျိုးရှိခဲ့သည်။ ယဲ့လော့သည်လည်း တိုက်ပွဲငါးပွဲ တိုက်ခိုက်ခဲ့သော်လည်း တစ်ပွဲသာ အနိုင်ရခဲ့သည်။ ဧကရာဇ်စာရင်းရှိ ကျင့်ကြံသူများက နှစ်ပေါင်းဆယ်ချီရာချီ အသက်ရှင်လာခဲ့သောကြောင့် စစ်ဧကရာဇ်အဆင့်တစ်ဆိုလျှင်ပင် တိုက်ပွဲအတွေ့အကြုံများစွာရှိပြီး အနိုင်ယူနိုင်ရန် မလွယ်ချေ။ ယဲ့မျိုးနွယ်ဝင်များက လင်းဖန်ရောက်အလာကို စောင့်ဆိုင်းရင်း ဧကရာဇ်နန်းတော်၌ ကျင့်ကြံလျက်ရှိသည်။

"မင်းက ဘယ်သူ့ကိုမှ စိန်မခေါ်တော့ဘူးလား"

တစ်ရက်တွင် ဧကရာဇ်နန်းတော်အတွင်း ထန်းယွမ်ရောက်ရှိလာကာ ယဲ့ချန်ကို မေးလိုက်ခြင်းဖြစ်သည်။

"ငါက တာအိုနတ်အဆင့်ခုနစ် ကျင့်ကြံသူတစ်​ယောက်ဖြစ်တဲ့အတွက် စစ်ဧကရာဇ်တွေကို ဘယ်လိုယှဥ်နိုင်မှာလဲ"

ယဲ့ချန်က ခေါင်းယမ်းလိုက်သောအခါ ထန်းယွမ်က တစ်ချက်ပြုံးလိုက်သည်။ သူက ကျားသားစားရန် ဝက်ယောင်ဆောင်သောနေရာ၌ အမှန်တကယ်ထူးချွန်ပြီး လူသားနတ်ဘုရားနယ်မြေမှ အထွက်တွင် တာအိုအိမ်တော်၏ ဧကရာဇ်ချီကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့ကြောင်းကို လူတိုင်း သိထားသည်။ သူက မည်မျှသန်မာကြောင်း မသိရသော်လည်း အနည်းဆုံး စစ်ဧကရာဇ်အဆင့်ခွန်အားကို ပိုင်ဆိုင်ပေလိမ့်မည်။ ထို့အပြင် ယဲ့ချန်၌ အနည်းဆုံး စစ်ဧကရာဇ်အဆင့်လေး ကာကွယ်ရေးနတ်သားရဲတစ်ကောင် ရှိနေကြောင်းကို ထန်းယွမ်က အာရုံခံနိုင်ခဲ့သည်။ အကယ်၍ အဆင့်နှစ် စစ်ဧကရာဇ်တစ်ယောက်သာ ယဲ့ချန်ကို ရန်စခဲ့လျှင် ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်သည်။

"မင်းက ဒီနေရာကို ဘာကြောင့်ရောက်လာတာလဲ"

ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။

"ငါ့အဖေ နဂါးဘုရင်ကို လာတွေ့တာပါ"

ထန်းယွမ်က တစ်ချက်ပြုံး၍ ဖြေသည်။ သူနှင့် နဂါးဘုရင်ကြားတွင် ဆက်နွယ်မှုတစ်ခုရှိနေကြောင်း ခန့်မှန်းထားသော ယဲ့ချန်အတွက် ဤအချက်က အံ့သြစရာ မဟုတ်ပေ။

"မင်းရဲ့ကျင့်ကြံဆင့်ကို သိနိုင်မလား"

သူက ထန်းယွမ်၏ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်သောကြောင့် စပ်စုလိုက်သည်။

"ငါက တာအိုနတ်အဆင့်တစ်ဆယ်ကို ရောက်ပါပြီ။ ဒါပေမယ့် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ၁ပဲ ရှိတယ်"

ထန်းယွမ်၏အဖြေကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။

"လူတစ်ယောက်ရဲ့ပါရမီကို ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းနဲ့ ဆုံးဖြတ်တာက တစ်ဖက်သတ်ဆန်လွန်းတယ်။ ငါ့ပေါင်းစပ်နှုန်းက တစ်ဆိုတော့ ပါရမီက အလွန်ဆိုးဝါးပြီး တာအိုနတ်အဆင့်ရောက်အောင် ကျင့်ကြံနိုင်မယ်လို့ ဘယ်သူမှမထင်ထားဘူး။ ဒါပေမယ့် အဖေက စကြဝဠာရဲ့ အထူးရတနာအချို့ကို အသုံးပြုပြီး ရုပ်ခန္ဓာကို ပြောင်းလဲပေးခဲ့တယ်"

ထန်းယွမ်က သူ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။

"ရုပ်ခန္ဓာကို အစားထိုးလိုက်တာလား။ နတ်အစေခံတစ်ယောက်ကတော့ ဒီလိုလုပ်နိုင်စွမ်း ရှိလောက်မယ်။ ဒါပေမယ့် နတ်အစေခံအဆင့်ရောက်အောင် ကျင့်ကြံနိုင်တဲ့ နဂါးဘုရင်ရဲ့သားက ဘာကြောင့် ဒီလောက်ပါရမီ ဆိုးဝါးနေရတာလဲ။ ဒီကိစ္စက အံ့သြစရာပဲ"

ယဲ့ချန်က စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။

"ဘယ်လိုအထူးရတနာမျိုးလဲ။ ငါ့မေးခွန်းကိုဖြေဖို့ အဆင်မပြေရင် မဖြေပါနဲ့"

ခဏတာစဥ်းစားပြီးနောက် သူက သိချင်စိတ်ကို ထိန်းမထားနိုင်ခဲ့ပေ။

"လူသားရုပ်ခန္ဓာကို သတ္တု၊ သစ်သား၊ မီး၊ ရေနဲ့ မြေဆိုတဲ့ ဓာတ်ကြီးငါးပါးနဲ့ တည်ဆောက်ထားတယ်။ ဒါကြောင့် ငါက ချီအဆီအနှစ်ငါးမျိုးကို အသုံးပြုခဲ့ရတယ်။ ဒါပေမယ့် ရုပ်ခန္ဓာကို ပြောင်းလဲလိုက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ဖြစ်ပေါ်လာတယ်။ သုံးနှစ်ကြာတိုင်း ငါက အဆုံးမရှိတဲ့ နာကျင်မှုကို ခံစားရတဲ့အပြင် ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်"

ထန်းယွမ်က အမှန်အတိုင်း ရှင်းပြလိုက်သည်။

"ဒီလိုဆိုရင် မင်းက ဘာကြောင့် ဆက်ပြီးကျင့်ကြံနေရတာလဲ"

ထန်းယွမ်သည် ကျင့်ကြံခြင်းကြောင့် အသက်အန္တရာယ်ရှိနေသည်ကိုပင် အရှုံးမပေးသောကြောင့် ယဲ့ချန်ပင် လေးစားနေခဲ့မိသည်။

"ဘာမှမဟုတ်တဲ့ လူတစ်ယောက်အဖြစ် သေရတာထက်တော့ ပိုကောင်းမှာပါ။ ဒါပေမယ့် ရှင်းဟွမ်က တစ်ခါပြောဖူးတယ်။ ငါ့ဘဝမှာ ဒီဘေးထွက်ဆိုးကျိုးကိုဖြေရှင်းဖို့ အခွင့်အရေးခြောက်ကြိမ် ရလိမ့်မယ်။ ငါက သုံးကြိမ်ကို လွဲချော်ပြီးပြီဖြစ်လို့ ခြောက်ကြိမ်လုံးသာ လွဲချော်သွားရင် သေချာပေါက် သေရလိမ့်မယ်။ ကံကြမ္မာအလိုအရပါပဲ"

ထန်းယွမ်က ရယ်ရယ်မောမောနှင့် ဖြေလိုက်သည်။

"ရှင်းဟွမ်ကတောင် ထန်းယွမ်ရဲ့ကံကြမ္မာကို မပြောင်းလဲပေးနိုင်ဘူးလား"

ယဲ့ချန်က အတွေးနက်သွားခဲ့သည်။ လူသားခန္ဓာကို ဓာတ်ကြီးငါးပါးဖြင့် တည်ဆောက်ထားသည်ဆိုလျှင် ရှင်းဟွမ်များကလည်း တူညီသော ဖွဲ့စည်းပုံ ရှိနေနိုင်သည်။ ဖြစ်နိုင်သည်မှာ ဓာတ်ကြီးငါးပါးပြည့်စုံသော ကြယ်များ၌ ရှင်းဟွမ်များ မွေးဖွားလာကာ သူတို့က လူသားများကို ဖန်တီးခြင်းပင်။ သာမန်ကြယ်များတွင် ဓာတ်တစ်မျိုးသာရှိသောကြောင့် ရှင်းဟွမ်တစ်ယောက် မွေးဖွားလာနိုင်စွမ်း မရှိပေ။ စစ်ဧကရာဇ်အဆင့်၊ နတ်အစေခံအဆင့်နှင့် ကြယ်သခင်အဆင့်များမှာ လူသားများ၏ကျင့်ကြံဆင့်များသာဖြစ်၍ စကြဝဠာတွင် အစွမ်းအထက်ဆုံးက အဆင့်တစ်မျိုးနွယ်များဖြစ်ပြီး စကြဝဠာကြီးနှင့်အတူ ဖြစ်ပေါ်လာခဲ့ကြသည်။ ကောင်းကင်နတ်ဆိုးများကဲ့သို့ အဆင့်နှစ်မျိုးနွယ်များကပင် အဆင့်သုံးမျိုးနွယ် လူသားများထက် များစွာပို၍သန်မာကြသည်။ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်အတွက် စကြဝဠာအတွင်း သွားလာနိုင်ခြင်းက ပထမဆုံးခြေလှမ်း ဖြစ်သည်။ နတ်အစေခံများပင် စကြဝဠာကို မျှော်ကြည့်နိုင်စွမ်းသာရှိပြီး အဆုံးမဲ့ဟင်းလင်းပြင်အတွင်း ခရီးသွားလာနိုင်စွမ်း မရှိပေ။

ယဲ့မျိုးနွယ်ဝင်များကို ပေါင်းစပ်ပေးလိုက်သော ဝိညာဥ်များက မည်သည့်အဆင့်မျိုးနွယ်ဖြစ်သည်ကို ယဲ့ချန်က စဥ်းစားနေမိသည်။ ၎င်းက အဆင့်နိမ့် ရှင်းဟွမ်ဖြစ်နေနိုင်သောကြောင့် အချိန်လေဟာနယ် တာအိုရုန်းများကို လက်ခံနိုင်စွမ်းရှိခြင်းဖြစ်သည်။ ၎င်းတို့၏အကူအညီဖြင့်ဆိုလျှင် ယဲ့မျိုးနွယ်ဝင်များက သာမန်စစ်ဧကရာဇ်များထက် ကျင့်ကြံနှုန်း ပိုမိုမြန်ဆန်လာပေလိမ့်မည်။ ရှင်းရွှမ်လက်ထက်ရှိ စစ်ဧကရာဇ်အရေအတွက်ကို အမီလိုက်ရန် သူက ဆုံးဖြတ်ထားသည်။ အချိန်ကျရောက်လာလျှင် ရှင်းဟွမ်ပင် ယဲ့မျိုးနွယ်အပေါ် မှီခိုရမည်ဖြစ်သောကြောင့် တာအိုအိမ်တော်လောက်ကို ကြောက်စရာလိုမည် မဟုတ်ချေ။

"နတ်ဧကရာဇ် ရောက်ရှိလာပါပြီ"

ဧကရာဇ်နန်းတော်အတွင်း စစ်ဧကရာဇ်တစ်ယောက်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"နတ်ဧကရာဇ်က ဘာအကြောင်းရှိလို့ ရောက်လာတာလဲ"

"ငါကြားတာကတော့ နဂါးဘုရင် ဆင့်ခေါ်လိုက်တာတဲ့"

ဧကရာဇ်နန်းတော်အတွင်း စစ်ဧကရာဇ်အယောက်ရှစ်ဆယ်ကျော် စုဝေးရောက်ရှိနေပြီး အားလုံးက ကြမ်းပြင်တွင် တင်ပျဥ်ခွေထိုင်နေကြသည်။ နဂါးဘုရင်က ပို၍မြင့်သော တစ်နေရာတွင်ရှိနေပြီး ထန်းယွမ်နှင့်ယဲ့ချန်က အတူရှိနေသည်။ လင်းဖန်သည် လန်လန်၊ ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မြောင်တို့ငါးယောက်ကို ခေါ်ဆောင်၍ ရောက်ရှိလာပြီး ထန်းယွမ်နှင့် ယဲ့ချန် အတူရှိနေသည်ကို မြင်လိုက်သောအခါ မျက်မှောင်ကြုတ်နေခဲ့သည်။

"ဒီငယ်သားက နဂါးဘုရင်ကို အရိုအသေပေးပါတယ်"

"လွတ်လွတ်လပ်လပ် နေပါ"

လင်းဖန်က နဂါးဘုရင်ကို ရိုရိုသေသေ ဦးညွှတ်လိုက်သောအခါ နဂါးဘုရင်က ခေါင်းညိတ်ပြလိုက်သည်။ ယဲ့မျိုးနွယ်ဝင်များက လင်းဖန်နှင့်အတူ လိုက်ပါလာသော ယဲ့မျိုးနွယ်ဝင်များကို နွေးထွေးစွာ ကြိုဆိုလိုက်သော်လည်း သူတို့က မသိဟန်နှင့် မျက်နှာထားများ အလွန်အေးစက်တင်းမာနေသည်။ ရှောင်ရိနှင့် ဝမ်အာက ယဲ့ချန်ကို ဆက်တိုက်လှမ်းကြည့်နေပြီး တစ်ခုခုကို စဥ်းစားနေပုံပေါ်သော်လည်း မျက်ဝန်းများက လုံးဝမမှတ်မိသကဲ့သို့ ဗလာဖြစ်နေကြသည်။ ပုံမှန်ဆိုလျှင် ဤကလေးနှစ်ယောက်က ယဲ့မျိုးနွယ်ဝင်များအပေါ် အလွန်ခင်တွယ်သောကြောင့် ပျော်ရွှင်နေရမည်ဖြစ်သော်လည်း ထူးထူးခြားခြား ပြောင်းလဲနေခဲ့သည်။

"ခွေးမသားလင်းဖန် ရှောင်ရိနဲ့ ဝမ်အာကို တစ်ခုခုလုပ်လိုက်ပြီထင်တယ်။ ဒီလိုသာဆိုရင် မင်းကို အလွတ်ပေးစရာ အကြောင်း မရှိတော့ဘူး"

ယဲ့ချန်၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာ၍ မကောင်းသောခံစားချက်များက ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။

"ရှောင်ရိနဲ့ ဝမ်အာက တစ်ခုခုမှားနေတယ်"

ယဲ့မျိုးနွယ်၏ စစ်ဧကရာဇ်များကလည်း တစ်ခုခုမှားယွင်းနေကြောင်း နားလည်လိုက်သဖြင့် ဒေါသတကြီး ဖြစ်ကုန်သည်။ နတ်ဧကရာဇ်က ကိုယ့်အဆင့်ကိုနှိမ့်ချ၍ အသက်ခုနစ်အရွယ် ကလေးနှစ်ယောက်ကို ကိုယ်ကျိုးအတွက် အသုံးချရန် ယုတ်မာစွာ ကြံစည်ခဲ့သည်။

"လင်းဖန် ယဲ့မျိုးနွယ်ခေါင်းဆောင် ပြောသလိုဆိုရင် မင်းက ဒီကလေးနှစ်ယောက်ကို အကျယ်ချုပ်ချထားပြီး ယဲ့မျိုးနွယ်ဝင်အချို့ကို ဖမ်းဆီးထားတယ်။ ဒီကိစ္စက အမှန်ပဲလား"

နဂါးဘုရင်က ယဲ့မျိုးနွယ်ဝင်များကို တစ်ချက်ကြည့်ပြီး လင်းဖန်ဘက်လှည့်ကာ မေးလိုက်ခြင်းဖြစ်သည်။

"မဟုတ်ပါဘူး အရှင်။ ရှောင်ရိနဲ့ ဝမ်အာက တန်းကုန်းကျောင်းတော်မှာ စစ်ဧကရာဇ်လန်လန်ရဲ့တပည့်အဖြစ် ပညာသင်ယူနေပါတယ်။ သူတို့က ကျောင်းတော်ရဲ့စည်းကမ်းအချို့ကို ဖောက်ဖျက်မိလို့ အကျယ်ချုပ်ထားတာ ဖြစ်ပါတယ်။ တာအိုအိမ်တော်က စည်းကမ်းကို အလေးထားတဲ့နေရာဖြစ်လို့ အပြစ်ဒဏ်မပေးလို့ မရပါဘူး။ ပြီးတော့ သူတို့က အရှေ့ပိုင်းတိုက်ကြီးကနေ ယဲ့မျိုးနွယ်နဲ့အတူ ရောက်လာတာဖြစ်ပေမယ့် ယဲ့မျိုးနွယ်ဝင်တွေ မဟုတ်ပါဘူး။ သူတို့ကို ယဲ့မျိုးနွယ်ဝင်တွေက လာခေါ်တဲ့အချိန်မှာ ငြင်းဆန်ခဲ့တဲ့အတွက် ဒီငယ်သားက ကာကွယ်ပေးခဲ့ပါတယ်။ ဒါက အမှားတစ်ခုလို့ မထင်ပါဘူး။ ယဲ့မျိုးနွယ်ခေါင်းဆောင်က မယုံဘူးဆိုရင် သူတို့ကို ယဲ့မျိုးနွယ်ဆီပြန်ချင်လား မေးကြည့်နိုင်ပါတယ်"

လင်းဖန်က ကောက်ကျစ်စွာပြုံး၍ ယုံကြည်မှုအပြည့်နှင့် ဖြေလိုက်သည်။

"ယဲ့မျိုးနွယ်ကို မပြန်ချင်ဘူး"

"ငါလည်း ယဲ့မျိုးနွယ်ကို ပြန်မသွားချင်ဘူး"

ရှောင်ရိနှင့် ဝမ်အာ၏ အသံလေးများက ဧကရာဇ်နန်းတော်အတွင်း ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့လေသည်။

All Chapters