မဲပေးဆုံးဖြတ်ခြင်း
Vol. 47 Ch. 658
ရှောင်ရိနှင့် ဝမ်အာက သူစိမ်းများကဲ့သို့ ပြုမူနေသောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်၍ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ စစ်ဆေးလိုက်သော်လည်း တစ်ခုခု မူမမှန်ကြောင်း ရှာမတွေ့ခဲ့ပေ။
"နတ်ဧကရာဇ် ကလေးတွေကို ဘယ်လိုနည်းလမ်းနဲ့ ပြုစားထားတာလဲ။ အောက်တန်းကျလိုက်တာ"
ယဲ့မုန့်က ဒေါသကို မထိန်းချုပ်နိုင်တော့သဖြင့် လင်းဖန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲလိုက်သည်။ ယဲ့မျိုးနွယ်ဝင်များအတွက် ကလေးနှစ်ယောက်က သွေးသားရင်းချာများဖြစ်သောကြောင့် လင်းဖန်ထံ ပြေးဝင်တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။ သို့သော် တိုက်ခိုက်လျှင်လည်း အကြောင်းထူးမည် မဟုတ်သောကြောင့် ယဲ့ချန်က အားလုံးကို ထိန်းချုပ်လိုက်သည်။
"ယဲ့မျိုးနွယ်ဝင်တွေ ငါ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ သူတို့က မင်းတို့နဲ့မနေချင်တဲ့အတွက် ငါ ကာကွယ်ပေးထားတာက ဘာမှားယွင်းနေလို့လဲ။ မင်းတို့မှာ ပါရမီရှင်တွေ ပေါများပေမယ့် ဧကရာဇ်နန်းတော်ထဲမှာ မောက်မာနိုင်တဲ့ အခွင့်အရေး မရှိဘူး။ မင်းတို့မှာ နတ်အစေခံတစ်ယောက်မရှိရင် ငါ့ကို ဘာလုပ်နိုင်မှာလဲ ဟား ဟား"
လင်းဖန်က အထက်စီးမှ အောင်နိုင်သူဟန်ပန်မျိုးဖြင့် လှောင်ရယ်လိုက်သည်။ သူက လူပုံအလယ်၌ ပထမဆုံးအကြိမ် ကျိန်ဆဲခံနေရသဖြင့် ဒေါသထွက်နေခဲ့သည်။ စင်မြင့်ထက်ရှိ နဂါးဘုရင်ကမူ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
"နတ်ဧကရာဇ် ကလေးနှစ်ယောက်လုံးက ယဲ့မျိုးနွယ်ဝင်တွေဖြစ်ပြီး ငါတို့ရဲ့ကလေးအရင်းတွေလိုမျိုး သဘောထားခံရတယ်။ သူတို့ကို တာအိုအိမ်တော်က ဖမ်းချုပ်ပြီးတဲ့နောက်မှာ မင်းက ဘယ်လိုနည်းလမ်းမျိုးအသုံးပြုပြီး ထိန်းချုပ်ထားတယ်ဆိုတာကိုတော့ ငါ မသိဘူး။ ဒါပေမယ့် ကလေးတွေအပေါ်မှာ လုပ်ခဲ့တဲ့ မင်းလုပ်ရပ်ရဲ့အကျိုးဆက်ကို အနှေးနဲ့အမြန် ရင်ဆိုင်စေရမယ်။ ယဲ့မျိုးနွယ်က ဒီကိစ္စကို သေတဲ့အထိ မှတ်ထားတယ်"
ယဲ့ချန်၏ အေးစက်စက်စကားသံ ထွက်ပေါ်လာသည်။
"မင်းရဲ့ခြိမ်းခြောက်မှုကို ကြောက်မယ်လို့ ထင်နေတာလား။ ဒီဧကရာဇ်က ရိုးသားတယ်။ ဘာမဟုတ်တာမှ မလုပ်ထားဘူး"
လင်းဖန်က အော်ကြီးဟစ်ကျယ် တုံ့ပြန်လိုက်သည်။
"ဒါဆိုရင် ယဲ့မြောင်တို့ငါးယောက်ကရော ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ရှင်းပြစမ်း"
ယဲ့ချန်၏အကြည့်က ဓားတစ်စင်းပမာ ထက်ရှနေသည်။
"မင်းရဲ့ယဲ့မျိုးနွယ်ဝင်တွေက တာအိုအိမ်တော်မှာ ခိုလှုံခွင့်တောင်းလာတဲ့အတွက် ငါက သနားပြီး လက်ခံထားတာပဲ။ သူတို့က ယဲ့မျိုးနွယ်ကို ပြန်ချင်တယ်ဆိုရင် ငါက သဘောမတူစရာ အကြောင်း မရှိဘူး"
လင်းဖန်၏မျက်နှာထားက အရာအားလုံး စီစဥ်ထားသည့်အတိုင်း ဖြစ်လာသောကြောင့် ကျေနပ်နေသည်။
"ကျုပ်တို့က ယဲ့မျိုးနွယ်ကို မပြန်ချင်ပါဘူး။ ကျေးဇူးပြုပြီး လက်ခံပေးပါ နတ်ဧကရာဇ်"
သူ၏ဦးနှောက်ဆေးခြင်းခံထားရသော ယဲ့မျိုးနွယ်ဝင်ငါးယောက်က ချက်ချင်းဒူးထောက်၍ အော်ဟစ်လိုက်ကြသည်။
"ယဲ့မျိုးနွယ်ခေါင်းဆောင်က အလွန်ရက်စက်ပြီး အကြင်နာတရားကင်းမဲ့တယ်။ ကျုပ်တို့က လျှို့ဝှက်ချက်အချို့ ရှာတွေ့သွားတဲ့အတွက် သတ်ဖြတ်ချင်ခဲ့တယ်။ ကံကောင်းစွာနဲ့ ထွက်ပြေးနိုင်ခဲ့တာဟာ နတ်ဧကရာဇ်ရဲ့ ကျေးဇူးပါပဲ"
ယဲ့မြောင်က လင်းဖန်သင်ကြားထားသည့်အတိုင်း ယဲ့ချန်ကို စွပ်စွဲပြောဆိုလိုက်သည်။ ဧကရာဇ်နန်းတော်အတွင်း ရောက်ရှိနေသော အခြားကျင့်ကြံသူများက ထိုစကားကြောင့် ယဲ့ချန်အပေါ် သံသယဝင်လာကြသည်။
"နတ်ဧကရာဇ် မင်းက သူတို့ကို ဘယ်လိုထိန်းချုပ်ထားတာလဲ။ ခေါင်းဆောင်ကို စွပ်စွဲနေတာ ရပ်လိုက်စမ်း"
ယဲ့မျိုးနွယ်ဝင်များက ဒေါသတကြီးဖြစ်နေသကဲ့သို့ ယဲ့ချန်ကလည်း အံကြိတ်ထားမိသည်။ သူက လင်းဖန်ကို အထင်သေးခဲ့မိပြီး တာအိုအိမ်တော်သခင်ဟူသော အဆင့်အတန်းအရ အောက်လမ်းနည်းများ အသုံးပြုမည်မဟုတ်ဟု ထင်ထားခဲ့သည်။ သူ၏ပေါ့ဆမှုကြောင့် ကလေးနှစ်ယောက်က ထောင်ချောက်အတွင်း ကျရောက်သွားကာ လက်ရှိအချိန်၌ ငြင်းခုန်နေခြင်းက အသုံးမဝင်ပေ။ ရှောင်ရိတို့အားလုံးကို လင်းဖန်က ထိန်းချုပ်ထားသဖြင့် ယဲ့မျိုးနွယ်ဘာပြောပြော၊ အသုံးဝင်မည်မဟုတ်ချေ။
"အရှင် ကျုပ် နောက်တစ်ခု ပြောချင်ပါတယ်။ ကျုပ်က စစ်ဧကရာဇ်အဆင့်တစ်ဆယ်မှာ ဆယ်စုနှစ်ကြာအောင် တစ်ဆို့နေခဲ့ပါတယ်။ နောက်လာမယ့်၂နှစ်အတွင်း နတ်အစေခံအဆင့်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒါပေမယ့် ယဲ့မြောင်ဆီကနေ ယဲ့မျိုးနွယ်ရဲ့ကျင့်စဥ်တစ်ခုကို ရရှိခဲ့တဲ့အတွက် ကျင့်ကြံခဲ့ပါတယ်။ ဒါပေမယ့် မိစ္ဆာကျင့်စဥ်တစ်ခုဖြစ်နေပြီး ကျုပ်ရဲ့သွေးကြောတွေကို ထိခိုက်စေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ လုံခြုံရေးအတွက် ကျင့်ကြံခြင်းရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို စွန့်လွှတ်ခဲ့ရတယ်။ ယဲ့မျိုးနွယ်ရဲ့ကျင့်စဥ်က ထူးဆန်းပြီး မိစ္ဆာဆန်ပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ"
လင်းဖန်က သူတော်ကောင်းယောင်ဆောင်၍ နဂါးဘုရင်ထံ လီဆယ်တိုင်တန်းကာ ကျင့်စဥ်စာအုပ်ကို ဆက်သလိုက်သည်။
"ဟား ဟား ဒီကျင့်စဥ်ကို ယဲမြောင်ဆီကနေ ရတယ်ဆိုတာ သေချာလို့လား။ ယဲ့မျိုးနွယ်ထဲကို မင်းပို့ထားတဲ့ သူလျှိုတွေဆီက ရထားတာ မဟုတ်ဘူးလား။ မင်းက ဒါကြီးကို အမှန်လို့ယုံကြည်ပြီး ကျင့်ကြံလိုက်သေးတယ်။ ဝဋ်လည်တာပါလား"
ယဲ့ချန်က သူ၏စကားကို ကြားသောအခါ အော်ဟစ်လှောင်ရယ်လိုက်သည်။
"ဒီကျင့်စဥ်က ဆန်းကျယ်နက်နဲပေမယ့် ဘာမိစ္ဆာကျင့်စဥ်မှ မဟုတ်ဘူး။ မင်း အတွေးလွန်နေတာ ဖြစ်ရမယ်"
ကျင့်စဥ်ကို စစ်ဆေးလိုက်ပြီး အမှားများရှိနေသော်လည်း မိစ္ဆာကျင့်စဥ်မဟုတ်ကြောင်း နဂါးဘုရင်က မှန်ကန်စွာ ဆုံးဖြတ်ပေးလိုက်၏။ သူက ဤအင်အားစုနှစ်ခုကြားမှ ရန်ငြှိုးကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ တစ်ဖက်တွင် ကောင်းကင်မူလတိုက်ကြီးကို အုပ်ချုပ်ရန်အတွက် တာအိုအိမ်တော်အား လိုအပ်နေပြီး ကျန်တစ်ဖက်တွင် အနာဂတ်၌ အားကိုးရမည့် ယဲ့မျိုးနွယ် ဖြစ်နေခဲ့သည်။
"အရှင်"
"ဒီကိစ္စမှာ ငါ ဝင်မပါဘူး။ ယဲ့မျိုးနွယ်နဲ့ တာအိုအိမ်တော်မှာ ဘယ်သူက မှားတယ်၊ မှန်တယ်ဆိုတာကို မဆုံးဖြတ်နိုင်တဲ့အတွက် ဧကရာဇ်နန်းတော်က မဲခွဲဖြေရှင်းမယ်။ ယဲ့မျိုးနွယ်မှန်တယ်ထင်တဲ့ စစ်ဧကရာဇ်တွေက ယဲ့မျိုးနွယ်ကိုမဲပေးပြီး မှားတယ်ထင်ရင် တာအိုအိမ်တော်ကို မဲပေးကြ။ ဒီကိစ္စကို ဆယ်ရက်အတွင်း ရှင်းရှင်းလင်းလင်း ဖြစ်စေရမယ်။ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
လင်းဖန်က အားကိုးရှာလိုက်သော်လည်း နဂါးဘုရင်က ပြတ်သားစွာ ငြင်းဆန်လိုက်၏။ သူက ဤကိစ္စတွင် ဘေးထွက်နေလိုသဖြင့် မဲပေးဆုံးဖြတ်ရန်သာ စီရင်ချက်ချလိုက်သည်။ မည်သည့်ရလဒ်ဖြစ်ပါစေ၊ နှစ်ဖက်လုံးက လက်ခံရမည်ဖြစ်ကာ စစ်ဧကရာဇ်အားလုံးက ကူညီဆုံးဖြတ်ပေးပေလိမ့်မည်။ ဤနည်းလမ်းကို ဧကရာဇ်နန်းတော်က နှစ်ပေါင်းသောင်းချီအသုံးပြုခဲ့ပြီး ပြဿနာများစွာကို ရှောင်ရှားနိုင်ခဲ့သောကြောင့် သူ၏အမြင်တွင် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်သည်။
"သဘောတူပါတယ်"
အချိန်တစ်ခုကြာ စဥ်းစားပြီးနောက် လင်းဖန်က ခေါင်းညိတ်လိုက်သည်။ ကောင်းကင်မူလတိုက်ကြီးကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော တာအိုအိမ်တော်၏လွှမ်းမိုးနိုင်စွမ်းကို ယဲ့မျိုးနွယ်က ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။ ယဲ့မျိုးနွယ်တွင် စစ်ဧကရာဇ်သုံးဆယ်ကျော် ပိုင်ဆိုင်ထားပြီး မဟာမိတ်များစွာရှိသော်လည်း တာအိုအိမ်တော်၏ စစ်ဧကရာဇ်များက အဆင့်ပိုမြင့်သောကြောင့် မဲအရေအတွက် ပိုသာနေခဲ့သည်။ လင်းဖန်တစ်ယောက်တည်းကပင် မဲနှစ်ဆယ်ကို ကိုယ်စားပြုသည့်အပြင် ထိပ်တန်းဆယ်ယောက်တွင် တစ်ဝက်က တာအိုအိမ်တော်၏ ဘက်တော်သားများ ဖြစ်ကြသည်။ ရှောင်ရိတို့ကိုလည်း သူက ထိန်းချုပ်ထားသဖြင့် ယဲ့မျိုးနွယ်သို့ ပြန်သွားမည်မဟုတ်သောကြောင့် လက်ရှိအခြေအနေက သူ့ဘက်တွင် အလေးသာနေခဲ့သည်။
"နဂါးဘုရင်ဆုံးဖြတ်တဲ့အတိုင်း ယဲ့မျိုးနွယ်က လိုက်နာပါမယ်။ ဆယ်ရက်အတွင်း မဲခွဲဆုံးဖြတ်ကြတာပေါ့"
ယဲ့ချန်သည်လည်း ရွေးချယ်စရာမရှိသောကြောင့် လက်ခံလိုက်ရ၏။ သူက ရှောင်ရိတို့ကို ပြန်လည်ကယ်တင်ရန်အတွက် ဤတစ်ကြိမ်၌ အနိုင်ရရန် မဖြစ်မနေလိုအပ်သည်။ သူက အရှေ့ပိုင်းတိုက်ကြီးမှ ယဲ့တောင်ကြားအဖြစ်ဆိုးကို ပြန်လည်အမှတ်ရသွားသောကြောင့် လင်းဖန်အပေါ် ပို၍မုန်းတီးစက်ဆုပ်လာခဲ့သည်။
"ဧကရာဇ်နန်းတော်မှာ မဲခွဲဆုံးဖြတ်ရင် ယဲ့မျိုးနွယ်က တာအိုအိမ်တော်ကို နိုင်စရာ အကြောင်းမရှိဘူး"
လင်းဖန်က စိတ်ထဲမှ ကဲ့ရဲ့လိုက်ခြင်းဖြစ်သည်။ သူက ယဲ့ချန်၏လှည့်ကွက်ကြောင့် ကျင့်ကြံခြင်း ဆုံးရှုံးခဲ့ရပြီး ပြန်လည်ဖာထေးနိုင်ရန်အတွက် အနည်းဆုံး ဆယ်နှစ် ပြန်လည်ကျင့်ကြံရပေလိမ့်မည်။
နဂါးဘုရင်၏အမိန့် ထွက်ပေါ်လာသောအခါ စစ်ဧကရာဇ်များအားလုံးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ မည်သူမှ အလောတကြီး မဆုံးဖြတ်ရဲပေ။ တာအိုအိမ်တော်နှင့် ယဲ့မျိုးနွယ်ကို ထောက်ခံသူများမှာ လူနည်းစုဖြစ်ပြီး ကျန်ဧကရာဇ်များက အခြေအနေကို ကွဲကွဲပြားပြားသိစေရန် စုံစမ်းလိုက်ကြသည်။
ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မြောင်တို့လူစု၏ စိမ်းကားသော အပြုအမူများကြောင့် ယဲ့မျိုးနွယ်ဝင်များက ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေကြသည်။ လင်းဖန်၏လုပ်ရပ်က သူတို့အားလုံး၏ရင်ထဲတွင် ဆူးတစ်ချောင်းကို နက်ရှိုင်းစွာ စိုက်ဝင်သွားစေခဲ့သည်။
"ငါ့ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုရင် မင်းတို့အားလုံး ပြန်နိုင်ပြီ"
နဂါးဘုရင်၏စကားသံ ထွက်ပေါ်လာသောအခါ လင်းဖန်က ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ ရှောင်ရိတို့ကို ခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။
"ခေါင်းဆောင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ မဲခွဲဆုံးဖြတ်တဲ့နေရာမှာ တာအိုအိမ်တော်ကို အနိုင်ယူနိုင်ပါ့မလား"
"ဒါပေမယ့် ငါတို့မျိုးနွယ်ဝင်တွေက နေရာတိုင်း အများကြီးရှိနေတာပဲ။ တာအိုအိမ်တော်ကို အနိုင်ရမှာပါ"
"ငါတို့ဘက်က စစ်ဧကရာဇ်တွေရဲ့ အဆင့်သတ်မှတ်ချက်က ဧကရာဇ်စာရင်းမှာ သိပ်မမြင့်ဘူး။ မဲအရေအတွက် မလုံလောက်မှာ စိုးရိမ်ရတယ်"
ယဲ့မျိုးနွယ်ဝင်များက စိုးရိမ်တကြီး ဖြစ်နေကြသည်။
"အစ်ကိုကြီး ငါက အထွတ်အမြတ်လသိုင်းဒေသကြီးကိုပြန်ပြီး စစ်ဧကရာဇ်တွေကို ယဲ့မျိုးနွယ်ဘက်က ရပ်တည်ဖို့ တောင်းဆိုပေးမယ်"
ယဲ့လော့က ယဲ့ချန်ကို နှစ်သိမ့်ပေးလိုက်သည်။
"မှန်တယ်။ သိုင်းဒေသကြီးတွေက စစ်ဧကရာဇ်တွေက ယဲ့မျိုးနွယ်ကို မျက်နှာသာပေးကြပါလိမ့်မယ်။ သူတို့လိုချင်တာရှိရင် ဖြည့်ဆည်းပေးမယ်လို့ ကတိပေးလိုက်။ ငါတို့က ရှောင်ရိ၊ ဝမ်အာနဲ့ ယဲ့မြောင်တို့အားလုံးကို ကယ်တင်ရမယ်"
သူမ၏စကားကြောင့် ယဲ့မျိုးနွယ်ဝင်များက တက်တက်ကြွကြွ ဖြစ်လာကြသည်။
"ယဲ့မုန့် ယဲ့ရွှမ် မင်းတို့ရဲ့ဆရာတွေကို ဆက်သွယ်ပြီး အခြားစစ်ဧကရာဇ်တွေနဲ့ ဆက်သွယ်လိုက်။ သိုင်းဒေသကြီးတွေရဲ့ တပည့်တွေက ချက်ချင်းပြန်ပြီး စစ်ဧကရာဇ်တွေကို တွေ့ဆုံပါ။ ကောင်းကင်မူလတိုက်ကြီးရဲ့ စစ်ဧကရာဇ်တစ်ယောက်ချင်းစီကို သွားတွေ့ရမယ်။ သူတို့က တောင်းဆိုချင်တာရှိရင် ကြယ်သလင်းကျောက်ကတဆင့် ငါ့ဆီကို အကြောင်းကြားကြ"
ခဏတာစဥ်စားပြီးနောက် ယဲ့ချန်၏ဆုံးဖြတ်ချက် ထွက်ပေါ်လာသောအခါ ယဲ့မျိုးနွယ်ဝင်များက ဧကရာဇ်နန်းတော်အတွင်းမှ အလျှိုလျှို ထွက်ခွာသွားကြသည်။
ယဲ့မျိုးနွယ်ဝင်များကို စောင့်ကြည့်နေသော နဂါးဘုရင်က အတွေးနက်နေခဲ့သည်။ ယေဘူယျဆိုရလျှင် မျိုးနွယ်တစ်ခု၏ စစ်ဧကရာဇ်အချင်းချင်းကြားတွင် ပြိုင်ဆိုင်မှုများရှိတတ်သောကြောင့် အစေးမကပ်ကြပေ။ သို့သော်လည်း ယဲ့မျိုးနွယ်၏ စည်းလုံးမှုက သြချရလောက်ပေသည်။
"လင်းဖန်က ယဲ့မျိုးနွယ်ကို ဖိနှိပ်ချင်နေတယ်။ ဒါက ဉာဏ်ရှိတဲ့လုပ်ရပ်မျိုး မဟုတ်ဘူး"
သူက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်သည်။ နတ်အစေခံတစ်ယောက်၏ ကျင့်ကြံခြင်းဖြင့် လင်းဖန်၏လုပ်ရပ်ကို သူက ရှာတွေ့ခဲ့သော်လည်း ထုတ်မပြောခဲ့ပေ။ တာအိုအိမ်တော်ဖြစ်စေ၊ ယဲ့မျိုးနွယ်ကိုဖြစ်စေ၊ ဘက်လိုက်၍မရသောကြောင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
"အဖေ ဒီတစ်ခေါက် လင်းဖန်က တော်တော်ကြီးလွန်သွားတယ်"
ထန်းယွမ်က သူ့အမြင်ကို ထုတ်ပြောလိုက်ခြင်းဖြစ်သည်။
"မှန်တယ်။ ဒါပေမယ့် တာအိုအိမ်တော်သခင်ဖြစ်တဲ့အတွက် သူက ကောင်းကင်မူလတိုက်ကြီးပေါ်မှာ နှစ်ပေါင်းများစွာ လွှမ်းနိုင်ခဲ့တယ်။ ငါတို့က အခြားကျင့်ကြံသူတွေကို ခွန်အားသုံးဖိနှိပ်လို့ မရဘူး"
နတ်အစေခံတစ်ယောက်အတွက် ကောင်းကင်မူလတိုက်ကြီးကို ကာကွယ်ရန် တာဝန်ရှိရုံသာမက စစ်ဧကရာဇ်များကြားတွင် ဟန်ချက်ညီစေရန် ထိန်းကျောင်းပေးရသည်။ ထို့ကြောင့် နဂါးဘုရင်အနေဖြင့် ယဲ့မျိုးနွယ်ကိုရော တာအိုအိမ်တော်ကိုပါ ဖိနှိပ်ရန် မသင့်လျော်ချေ။