မှတ်ဉာဏ်ဖျက်ခြင်း
Vol. 47 Ch. 659
ယဲ့မျိုးနွယ်နှင့် တာအိုအိမ်တော်သည် စစ်ဧကရာဇ်များ၏မဲကို ရရှိရေးအတွက် ညတွင်းချင်းလှုပ်ရှားလာသောကြောင့် ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံး လှုပ်ခတ်နေသည်။ ယဲ့မျိုးနွယ်က သမိုင်းကြောင်းတွင် နောက်တစ်ဆင့်တက်လှမ်းလိုက်ပြီး အစပိုင်းမှာပင် တာအိုအိမ်တော်နှင့် ယှဥ်ပြိုင်နေသောကြောင့် အနာဂတ်တွင် မည်သို့ဖြစ်ပျက်လာမည်ကို လူတိုင်း သိချင်နေကြသည်။ သိုင်းဒေသကြီးများမှာလည်း ကပ်ဘေးတစ်ခုဖြစ်လာမည်ကို ခံစားနေရပြီး ယဲ့မျိုးနွယ်မြင့်မားလာမှုက တိုက်ကြီးတစ်ခုလုံးအတွက် ကောင်းမွန်သော်လည်း ၎င်းတို့အပေါ် ရုတ်တရက် ကျော်ဖြတ်သွားပြီး တာအိုအိမ်တော်နှင့် ဘေးချင်းယှဥ်ရပ်နိုင်လာသည့်အပေါ် လက်မခံနိုင်ဖြစ်နေကြသည်။ သိုင်းဒေသကြီး၁၈ခုလုံးက ဤကိစ္စ မည်သို့အဆုံးသတ်မည်ကို စောင့်ကြည့်နေကြသည်။
သိုင်းဒေသကြီးများတွင် ယဲ့မျိုးနွယ်ဝင်တပည့်များ ရှိသော်လည်း ၎င်းတို့က ယဲ့မျိုးနွယ်ဘက်တွင် ရပ်တည်မည်ဟု မဆိုလိုပေ။ တာအိုအိမ်တော်က ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးကို အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သဖြင့် လင်းဖန်က နှစ်ရာချီအာဏာကို ချုပ်ကိုင်ထားနိုင်သည်။ သူတို့ကြားတွင် ဆက်သွယ်မှုများရှိသောကြောင့် ဤဆက်ဆံရေးကို အလွယ်တကူဖြတ်တောက်ရန် မလိုပေ။ တာအိုအိမ်တော်အပြင် ယဲ့မျိုးနွယ်နှင့် ရန်ငြှိုးရှိသော ဧကရာဇ်လင်းကဲ့သို့ ကျင့်ကြံသူများကလည်း လင်းဖန်ဘက်တွင် ရပ်တည်ခဲ့ကြသည်။ တစ်ဖက်ချင်းစီက အသည်းအသန်လှုပ်ရှားနေကြပြီး အချိန်မကျရောက်သေးသဖြင့် ရလဒ်က ထွက်ပေါ်လာခြင်း မရှိပေ။
ယဲ့မျိုးနွယ်သည် စစ်ဧကရာဇ်များစွာကို သွားရောက်တွေ့ဆုံခဲ့သော်လည်း မည်သည့်သိုင်းဒေသကြီးမှ ရပ်တည်မပေးခဲ့ကြပေ။ အများစုက ဤကိစ္စတွင် ဘေးထွက်နေချင်ကြသော်လည်း ဧကရာဇ်မင်၏အင်အားစုက ထောက်ခံပေးမည်ဟု ချန်းလိုင်မှတဆင့် ဆက်သွယ်လာသည်။ သူက အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ယောက်ဝင်သောကြောင့် မဲအရေအတွက်နှစ်ဆယ်ပိုင်ဆိုင်ပြီး အခြားစစ်ဧကရာဇ်များကိုလည်း ဆက်သွယ်ပေးနိုင်စွမ်း ရှိသည်။ တာအိုအိမ်တော်၏ဧကရာဇ်မင်က ယဲ့ချန်ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့သောကြောင့် ဧကရာဇ်မင်နှင့် လင်းဖန်ကြားရှိ ပြိုင်ဆိုင်မှုက ကြာမြင့်စွာ တည်ရှိခဲ့ပုံပေါ်သည်။ သူ၏ထောက်ခံမှုဖြင့်ပင် ယဲ့ချန်က ရှောင်ရိတို့၏လုံခြုံရေးအတွက် စိုးရိမ်နေပြီး လွှမ်းမိုးနိုင်စွမ်း၌ တာအိုအိမ်တော်ကိုယှဥ်နိုင်ရန် ယဲ့မျိုးနွယ်မှာ အလွန်ဝေးကွာနေကြောင်း နားလည်ထားသည်။ ရှောင်ရိနှင့်ဝမ်အာ၏အဖြစ်ကို ကြားသောအခါ ရန်ဟိုင်က ကိုယ့်ကိုကိုယ်အပြစ်ရှိစိတ်ကြောင့် တာအိုအိမ်တော်မှ နှုတ်ထွက်သွားခဲ့သည်။ သို့သော်လည်း ချီပင်လယ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သောကြောင့် ပြောရေးဆိုခွင့် မရှိပေ။
သို့သော်လည်း ရန်ဟိုင်ကို ယဲ့ချန်က အပြစ်မတင်ခဲ့ပေ။ အရာအားလုံးက လင်းဖန်၏အောက်တန်းကျမှုသာဖြစ်၍ နောင်တအရဆုံးကိစ္စမှာ ကလေးနှစ်ယောက်ကို တန်းကုန်းကျောင်းတော်သို့ ပို့ဆောင်မိခြင်းဖြစ်သည်။ ရှောင်ရိတို့ကိစ္စအပြင် ယဲ့တောင်ကြားမှ လူသတ်မှုကြောင့် တာအိုအိမ်တော်နှင့် လင်းဖန်အပေါ် ထားရှိသော ယဲ့မျိုးနွယ်၏ အမုန်းတရားက ပိုမိုကြီးမားလာခဲ့သည်။
ရန်ယွင်မြို့တော်ရှိ ယဲ့မျိုးနွယ်ပိုင်နက်အတွင်း ယဲ့ချန်၏ကိုယ်ပွားတစ်ယောက်က နည်းလမ်းမျိုးစုံအသုံးပြု၍ ငယ်သားများ၏ကျင့်ကြံဆင့် မြင့်တက်လာစေရန် ကူညီပေးနေသည်။ ထိုအချိန်တွင် အနက်ရောင်အလင်းတစ်ခု ဖြတ်ခနဲရောက်ရှိလာကာ ဝိညာဥ်ပုလဲ ဖြစ်နေသောကြောင့် သူက အံ့သြသွားခဲ့ပြီး ရှောင်ရိနှင့် ဝမ်အာကို ခေါ်ဆောင်လာခြင်းရှိမရှိ သိချင်နေခဲ့သည်။ ၎င်းက သူ၏ရှေ့မှောက်တွင် ဝဲပျံနေရင်း အကြီးအကဲထွင်ထန်း၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
"ယဲ့ချန် လူငယ်လေး ဒီအဘိုးကြီး အရမ်းပင်ပန်းလာတယ်။ ကောင်းကင်မူလတိုက်ကြီးက အတော်ဆိုးရွားတာပဲ။ ငါ့ကို ရန်သူတွေက လမ်းတလျှောက်လုံးလိုက်ဖမ်းခဲ့ပြီး မင်းဆီမရောက်ခင်အထိ ကီလိုမီတာသန်းပေါင်းများစွာ လှည့်ပတ်ထွက်ပြေးလာခဲ့ရတယ်"
ထွင်ထန်း၏စကားသံက လေးကန်ဖြည်းလေးစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။
"စီနီယာ ကလေးနှစ်ယောက်ကို ခင်ဗျား ပြန်ခေါ်လာနိုင်ခဲ့လား"
ယဲ့ချန်က အလောတကြီး မေးမြန်းလိုက်သည်။
"ငါတောင် ထွက်ပြေးလာရတာလေ။ ကလေးတွေကိုခေါ်လာရင် လင်းဖန်ဆိုတဲ့ကောင်က ရှာတွေ့သွားလိမ့်မယ်။ လမ်းတလျှောက်လုံး ငါ့နောက်ကို ရန်သူတွေလိုက်ဖမ်းနေကြလို့ ကောင်းကင်မူလတိုက်ကြီးကို လေးငါးပတ်ပြည့်အောင် ထွက်ပြေးလာရတယ်။ နောက်ဆုံးတော့ ပြန်ရောက်လာနိုင်ခဲ့ပြီ"
ထွင်ထန်းက ခါးသက်သက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။
"စီနီယာ ပင်ပန်းသွားရပြီ"
ယဲ့ချန်က အနည်းငယ် စိတ်ပျက်သွားသော်လည်း တစ်ဖက်လူအပေါ် စာနာသဖြင့် မျက်နှာပျက်မသွားခဲ့ပေ။
"လင်းဖန်က အတော်အောက်တန်းကျတဲ့အတွက် မင်း သေချာပေါက် သတိထားရမယ်။ မင်းက သူ့ကို ဧကရာဇ်နန်းတော်မှာ ဆန့်ကျင်ခဲ့တယ်လို့ ကြားတယ်။ ရလဒ်က ထွက်လာပြီလား"
"ကျုပ်က ကလေးတွေကို မကယ်တင်နိုင်ခဲ့ဘူး။ လင်းဖန်က သူတို့ကို ဘာလုပ်ထားမှန်း မသိဘူး။ သူတို့က ကျုပ်ကို လုံးဝမမှတ်မိတဲ့အတွက် နဂါးဘုရင်ရဲ့ဆုံးဖြတ်ချက်အတိုင်း ဧကရာဇ်နန်းတော်မှာ မဲခွဲကြလိမ့်မယ်"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။
"ယဲ့မျိုးနွယ်က ကောင်းကင်မူလတိုက်ကြီးကို ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ။ ဒီကိစ္စက မမျှတဘူး။ အတိတ်က အစွမ်းမျိုးသာရှိနေရင် လင်းဖန်လိုကောင်မျိုးကို တစ်ချက်တည်း ရိုက်သတ်ပစ်လိုက်ရင် အကုန်ရှင်းသွားမှာပဲ"
ထွင်ထန်းက ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။ ယဲ့ချန်သည် ထွင်ထန်းက လေကြီးနေကြောင်း ခံစားရသော်လည်း ထုတ်မပြောခဲ့ပေ။
"တကယ်တော့ လင်းဖန်က ကလေးနှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့က မင်းကို ဘယ်လိုလုပ်မှတ်မိမှာလဲ"
"ဘာ"
ထွင်ထန်း၏စကားကြောင့် ယဲ့ချန်မှာ ဒေါသူပုန်ထသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသဖြင့် ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာသည်။ လင်းဖန်က ဤမျှဆိုးယုတ်ကာ အောက်တန်းကျမည်ဟု ထင်မထားခဲ့ပေ။ ကလေးနှစ်ယောက်၏မှတ်ဉာဏ်များကို နည်းလမ်းတစ်ခုခုဖြင့် ချိတ်ပိတ်ထားသည်ဟု သူက ထင်ထားသော်လည်း အပြီးတိုင်ဖျက်ပစ်ခံထားရမည်ဟု မျှော်လင့်မထားချေ။
"ရှောင်ရိနဲ့ ဝမ်အာက ကျုပ်ကို ဘယ်တော့မှ မမှတ်မိနိုင်ဘူးလား"
ယဲ့ချန်၏မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်လာသည်။ အတိတ်မှဖြစ်ရပ်များက ရုပ်ရှင်ပြနေသကဲ့သို့ ကွက်ကွက်ကွင်းကွင်း ထွက်ပေါ်လာကာ သေအတူရှင်မကွာ ဖြတ်သန်းလာခဲ့သဖြင့် ရှောင်ရိမှာ သူ၏ညီအရင်းကဲ့သို့ဖြစ်သည်။ လင်းဖန်သည် ထိုအဖိုးတန်မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်ခြင်းက သူ၏သည်းခံနိုင်စွမ်းကို များစွာကျော်လွန်သွားပြီဖြစ်သည်။
"လင်းဖန် ဒီရန်ကြွေးကို သွေးနဲ့ ပေးဆပ်စေရမယ်"
သူက လက်စားချေရန် သံဓိဋ္ဌာန်ချမှတ်လိုက်သည်။
"ကံကောင်းတာကတော့ ဒီအဘိုးကြီးရဲ့အကွက်ကို လင်းဖန် မသိခဲ့ဘူး"
ထိုအချိန်၌ ထွင်ထန်းက တစ်ချက်ပြုံး၍ ညာလက်ကို ယမ်းလိုက်သောအခါ အနက်ရောင်ဝိညာဥ် မီးတောက်တစ်ခုနှင့် အစိမ်းရောက်ဝိညာဥ် မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းတို့ထံမှ ရင်းနှီးမှုတစ်စုံတစ်ရာကို ယဲ့ချန်က ခံစားလိုက်ရ၏။
"ဒါတွေက ကလေးတွေရဲ့ ဝိညာဥ်တွေလား"
"မှန်တယ်။ လင်းဖန်က သူတို့ရဲ့မှတ်ဉာဏ်တွေကို ဖျက်မပစ်ခင်မှာ ငါက သူတို့ရဲ့ဝိညာဥ်ကိုခွဲထုတ်ပြီး သိမ်းဆည်းထားခဲ့တယ်။ မင်းသာ သူတို့ကိုပြန်ခေါ်လာနိုင်ရင် မှတ်ဉာဏ်တွေပြန်ရအောင် ငါ လုပ်ပေးနိုင်တယ်။ လင်းဖန်လိုကောင်မျိုးက ငါ့ရဲ့ဉာဏ်ရည်ကို မယှဥ်နိုင်ပါဘူး"
ထွင်ထန်းက သူ၏မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်၍ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ထွင်ထန်း၏ အမြော်အမြင်ကြီးမှုကြောင့် ယဲ့ချန်က စိတ်အေးသွားရသည်။ အကယ်၍ သူသာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိလျှင် ရှောင်ရိနှင့် ဝမ်အာက ယဲ့မျိုးနွယ်နှင့် သူ့ကို ထာဝရ မေ့လျော့သွားပေလိမ့်မည်။
"မလိုပါဘူးကွာ။ ရှောင်ရိကလည်း ငါ့တပည့် ဖြစ်နေတယ်လေ"
ထွင်ထန်းက လက်ကာပြလိုက်၏။ သူက ရှောင်ရိနှင့် ဝမ်အာ၏မှတ်ဉာဏ်များကို ပြန်လည်ဖန်တီးပေးနိုင်သော်လည်း တာအိုအိမ်တော်၏ ထိန်းချုပ်မှုအတွင်း ရှိနေဆဲပင်ဖြစ်သည်။ လင်းဖန်အပေါ် ယဲ့ချန်၏အမုန်းတရားက ပိုမိုနက်ရှိုင်းလာပြီး ထိုလူသည် သူ၏ပြောင်းပြန်အကြေးခွံကို ထိပါးလာသောကြောင့်ဖြစ်သည်။
(မှတ်ချက် ။ ။ ပြောင်းပြန်အကြေးခွံသည် နဂါးတစ်ကောင်၏ အထိမခံနိုင်သော အစိတ်အပိုင်း ဖြစ်သည်)
လက်ရှိအချိန်တွင် ကျိယွမ်ကြယ်ပေါ်တွင် တိမ်ပုလဲသည် ယဲ့ချန်တစ်ယောက်ကို သယ်ဆောင်၍ အလွန်လျင်မြန်စွာ ပျံသန်းနေပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိနေမှန်းပင် မသိရချေ။ ထို့နောက် ၎င်းက ရုတ်တရက်ရပ်တန့်သွားကာ ယဲ့ချန်၏ခန္ဓာကိုယ်အတွင်း လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
"ဒါက ဘယ်နေရာလဲ"
ယဲ့ချန်က ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သောအခါ ထူးဆန်းသော သစ်တောတစ်ခုအတွင်း ရောက်နေကြောင်း သိလိုက်ရသည်။ ၎င်းအတွင်း နွယ်ပင်များ၊ ဆူးပင်များနှင့် ဧရာမသစ်ပင်ကြီးများဟူ၍ အမျိုးအစားစုံလင်စွာရှိနေသော်လည်း အားလုံးက ခရမ်းရောင်တောက်ပနေသည်။ ဤနေရာရှိ သစ်ပင်များ၏အရောင်က သူမြင်ဖူးသော ခရမ်းရောင်များထက် ပို၍အရောင်ရင့်ပြီး သစ်တောအတွင်းပိုင်းဆီမှ သားရဲဟိန်းသံများ အချိန်တိုင်း ထွက်ပေါ်သည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ ကျွန်ပိုးကောင်များကို တွေ့လိုက်ရသော်လည်း ၎င်းတို့က သစ်တောအတွင်း ဆင်းမလာရဲဘဲ ကြောက်လန့်နေပုံပေါ်သည်။
"ကျွန်ပိုးကောင်တွေတောင် မဝင်ရောက်ရဲဘူးဆိုရင် ဒီနေရာက ဘာများထူးဆန်းနေလို့လဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ အလေးအနက် စဥ်းစားနေသည်။ သူ၏လက်ညှိုးရှိ တိမ်ပုလဲက သစ်တော၏အနက်ပိုင်းသို့ သွားရောက်ရန် လမ်းညွှန်နေကြောင်း ခံစားလိုက်ရသည်။ ထိုနေရာသို့ လှမ်းမျှော်ကြည့်လိုက်သောအခါ မိုးထိုးမတတ်မြင့်မားနေသော ခရမ်းရောင်သစ်ပင်ကြီးများကို မြင်လိုက်ရသည်။ သူက ဤနေရာတွင် သံသယအချို့ကို ဖြေရှင်းနိုင်ချေရှိသောကြောင့် ဆုံးဖြတ်ချက် ပြတ်သားစွာချမှတ်၍ တစ်လှမ်းချင်း ဦးတည်သွားလိုက်သည်။
ကောင်းကင်ထက်တွင် ပျံသန်းနေသော ကျွန်ပိုးကောင်များထံ သစ်တောအတွင်းမှ တဝှီဝှီမြည်သံများက ရုတ်တရက် ထိုးတက်သွားကြသည်။ နွားတစ်ကောင်အရွယ်အစားရှိသော အနက်ရောင်ပျားကြီးများ အုပ်လိုက်ထွက်ပေါ်လာကာ အရေအတွက်က သန်းချီနိုင်သည်။ ၎င်းတို့က ကောင်းကင်ထက်တွင် အရိပ်မည်းကြီးပမာစုဝေး၍ ကျွန်ပိုးကောင်များကို တိုက်ခိုက်နေသဖြင့် ကြမ်းတမ်းရက်စက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်၌ အသားကြိတ်စက်တစ်ခု လည်ပတ်နေသကဲ့သို့ ပျားများနှင့် ကျွန်ပိုးကောင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက မရေမတွက်နိုင်အောင် ကျဆင်းလာသည်။
"ဒီပျားတွေက ကျိယွမ်ကြယ်ရဲ့ မှော်သားရဲတွေ ဖြစ်နိုင်တယ်"
ယဲ့ချန်သည် ပျားများက တစ်စုံတစ်ခုကို ကာကွယ်နေကြောင်း ခန့်မှန်းလိုက်သည်။ သူက သိချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် ၎င်းတို့ထွက်ပေါ်လာရာသို့ ဆက်လက်ဦးတည်လိုက်သည်။ လူသားများနှင့် သားရဲများက အဆင့်သုံးမျိုးနွယ်များဖြစ်ကာ အချင်းချင်းမတည့်ကြသော်လည်း ကောင်းကင်နတ်ဆိုးဟူသော ဘုံရန်သူကို ရင်ဆိုင်ရာ၌ စည်းလုံးကြသည်။ ရှင်းဟွမ်များအတွက် လူသားနှင့် သားရဲဟူသည်မှာ ကာကွယ်သူမျိုးနွယ်များ ဖြစ်ကြသည်။ လူသားများက ကျင့်ကြံခြင်းတွင် ပါရမီကောင်းမွန်သော်လည်း သက်တမ်းတိုသည့်အပြင် ထိန်းချုပ်ရန်လည်း မလွယ်ပေ။ ကျန်တစ်ဖက်တွင် သားရဲများက လူသားများလောက် ပါရမီမပါသော်လည်း သက်တမ်းရှည်လျားပြီး ရှင်းဟွမ်အပေါ် များစွာသစ္စာရှိကြလေသည်။