← Chapters

ကျိယွမ်ကြယ်မှ ကောင်းကင်နတ်ဆိုး ထွက်ပေါ်လာခြင်း

Vol. 47 Ch. 660

ကျိယွမ်ကြယ်မှ ကောင်းကင်နတ်ဆိုး ထွက်ပေါ်လာခြင်း

Vol. 47 Ch. 660

ကောင်းကင်ထက်တွင် ပိုးကောင်ကြီးများက သေခြင်းရှင်ခြင်းကို ဂရုမစိုက်ဘဲ တိုက်ခိုက်နေကြသည်။ နောက်ဆုံးတွင် ပျားများက ကျွန်ပိုးကောင်များကို အထိအခိုက် အကျအဆုံးများစွာဖြင့် နောက်ဆုတ်သွားစေခဲ့သည်။ သို့သော်လည်း အလွန်အမင်းအစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသဖြင့် စောင့်ကြည့်နေသော ယဲ့ချန်ပင် အထိတ်တလန့် ဖြစ်သွားခဲ့သည်။ အလွန်အင်မတန်ကြီးမားသော အနက်ရောင်အရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ အမှောင်ထုက ကြီးမားနက်ရှိုင်းလွန်းသဖြင့် အဆုံးမဲ့ချောက်နက်တစ်ခုနှင့် ဆင်တူသည်။ အရိပ်ထဲတွင် မိစ္ဆာမျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာကာ ကောက်ကြောင်းရေးရေးကိုသာ မြင်နိုင်သော်လည်း အပြာရောင်တောက်ပနေသည့် မျက်ဝန်းအစုံနှင့် ကြမ်းကြုတ်သော အစွယ်ရှည်ကြီးနှစ်ချောင်းက ထင်ရှားစွာ ထွက်ပေါ်နေသည်။ ၎င်းက နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ဖြစ်နေသဖြင့် သူက ဖိအားကြောင့် အသက်ရှူရပ်မတတ်ဖြစ်သွားပြီး လည်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ခံထားရသကဲ့သို့ ခံစားနေရသည်။ သူ၏စိတ်အတွင်းရှိ ဓားပျံက တဆတ်ဆတ်တုန်ယင်လာကာ တိမ်ပုလဲကလည်း ထူးဆန်းစွာ လှုပ်ရှားနေသည်။

နတ်ဆိုးထံမှ ဧရာမလက်ဝါးကြီးတစ်ဖက် ကျဆင်းလာသောအခါ ဘန်းခနဲမြည်သံနှင့်အတူ ပျားအကောင်ပေါင်းသိန်းချီ ပေါက်ကွဲသွားကြသည်။ ကျန်ပျားများမှာလည်း အလန့်တကြားဖြစ်သွားပြီး ခရမ်းရောင်သစ်တောအတွင်း ပြန်လည်ဆုတ်ခွာလာကြသည်။ ထို့နောက် ၎င်းက ပျားများကို လျစ်လျူရှု၍ ယဲ့ချန်ကို စူးရဲစွာ ငုံ့ကြည့်လာသဖြင့် ရင်ထိတ်သွားရသည်။ သူ၏တည်နေရာကို ၎င်းက သိနေသဖြင့် နတ်ဆိုးကိုဆွဲဆောင်နိုင်သော ရတနာတစ်ခုခုက အကြောင်းအရင်း ဖြစ်နိုင်သည်။ ကောင်းကင်ထက်မှ ကျဆင်းလာသော ဖိအားက သူ၏လက်ရှိကျင့်ကြံဆင့်ဖြင့် ရင်ဆိုင်နိုင်သော အရာ မဟုတ်ပေ။

"ငါတော့ သေပြီ"

ယဲ့ချန်က အဆိပ်ပြင်းမြွေတစ်ကောင်ပမာ နတ်ဆိုး၏မျက်လုံးများကို ပြန်လည်စိုက်ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဖိအားကြောင့် နေရာတွင်အေးခဲနေပြီး ခြေတစ်လှမ်းရွေ့ရန်ပင် မလွယ်ချေ။ နတ်အစေခံအဆင့် နတ်ဆိုးတစ်ကောင်က အစွမ်းထက်လွန်းနေပြီး အကြည့်တစ်ချက်ဖြင့် သူ့ကို ချုပ်နှောင်နိုင်ခဲ့သည်။ ၎င်းက အက်ကွဲကွဲအသံကြီးဖြင့် ရယ်မောပြီး ဧရာမလက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ၎င်း၏ခွန်အားအရ သူ့ကိုသတ်လိုလျှင် လက်ချောင်းနှစ်ချောင်းဖြင့် ဖိညှစ်ရန်သာ လိုအပ်ပေလိမ့်မည်။ သူက အပြင်းအထန်ကြိုးစား၍ ရုန်းကန်နေသော်လည်း အရာမထင်ခဲ့ပေ။ သို့သော် ကောင်းကင်နတိဆိုး၏လက်ထဲတွင် အလဟဿမသေလိုသော စိတ်ဆန္ဒကြောင့် ခွန်အားချင်းကွာခြားသော်လည်း အလွယ်တကူ လက်မလျှော့ခဲ့ပေ။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ ကောင်းကင်ဓားပျံများ ထွက်ပေါ်လာကာ အံကိုတင်းတင်းကြိတ်ပြီး ရန်သူကို မော့ကြည့်လိုက်သည်။ သူက ကောင်းကင်နတ်ဆိုးနှင့် မယှဥ်နိုင်သော်လည်း ခေါင်းငုံ့မခံဘဲ တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။

ကောင်းကင်နတ်ဆိုးက ယဲ့ချန်၏ရုန်းကန်နေမှုကို လှောင်ပြောင်နေဟန်ဖြင့် ပြုံးနေခဲ့သည်။ သူက ဓားပျံရှစ်ချောင်းကို ကျဆင်းလာသော လက်ဝါးကြီးထံ ဦးတည်ပစ်ခတ်လိုက်သည်။ ဧရာမလက်ဝါးကြီးက ၎င်းတို့ကိုကာထားလိုက်ပြီး လက်ဝါးအတွင်းဖမ်းဆီးကာ ချေမွပစ်ရန် ကြိုးစားလိုက်သည်။

"ပေါက်ကွဲစမ်း"

ယဲ့ချန်က အေးစက်စက်ပြုံးလိုက်ပြီး ကောင်းကင်ဓားပျံများကို ဖောက်ခွဲပစ်လိုက်သောအခါ လက်ဝါးကြီးမှ အနက်ရောင်သွေးများစီးကျလာကာ နတ်ဆိုးက ညည်းတွားလိုက်ရသည်။ ၎င်းက ပိုမိုကြမ်းကြုတ်လာပြီး သူ့ကြောင့် ဒေါသထွက်သွားပုံပေါ်ကာ ဒဏ်ရာရသွားသော လက်ဝါးကြီး ဆက်လက်ကျဆင်းလာ၏။ ကောင်းကင်ဓားပျံများက နတ်ဆိုးကို မရပ်တန့်နိုင်ခဲ့သော်လည်း တိမ်ပုလဲက ခရမ်းရောင်အလင်းလွှာတစ်ခုကို ထုတ်လွှတ်၍ သူ့ကို ကာကွယ်ပေးခဲ့သည်။ ကောင်းကင်နတ်ဆိုး၏လက်ဝါးကြီးက ၎င်းကို ထိမှန်သွားချိန်တွင် တုန်ခါစေနိုင်ခဲ့သော်လည်း ပျက်စီးမသွားခဲ့ပေ။ တိမ်ပုလဲအတွင်းရှိနေသော မြွေနီကြီးကလည်း နတ်အစေခံအဆင့် ကျင့်ကြံသူဖြစ်ကာ သူ့ကို ကာကွယ်ပေးလိုနေသဖြင့် စိတ်အေးသွားခဲ့ရသည်။ နတ်အစေခံနှစ်ယောက်ကြားမှ ပြိုင်ဆိုင်မှုတွင် အနိုင်ရသူကို အချိန်တိုအတွင်း ဆုံးဖြတ်ရန် မလွယ်ချေ။

ကောင်းကင်နတ်ဆိုးက ဒေါသထွက်သွားပြီး အနက်ရောင်အရိပ်ကြီးတွင် လှိုင်းထသွားကာ နောက်ထပ်လက်ကြီးတစ်ဖက် ထပ်မံကျဆင်းလာသည်။ ဧရာမလက်ကြီးနှစ်ဖက်က ယဲ့ချန်ကိုကာကွယ်ထားသော အလင်းလွှာကို ဖျက်ဆီးရန် တဘုန်းဘုန်းထုနှက်နေသဖြင့် အက်ကြောင်းများ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။

"ရွှီး ရွှီး ရွှီး"

တိမ်ပုလဲအတွင်းမှ မြွေနီကြီးက ဆက်တိုက်နှာမှုတ်နေပြီး ခရမ်းရောင်ချီများ ဆက်တိုက်ထုတ်လုပ်၍ အလင်းလွှာကို အားဖြည့်ပေးနေခဲ့သည်။ အချိန်ကြာမြင့်စွာ အားပြိုင်ပြီးနောက် မြွေနီကြီးက ကောင်းကင်နတ်ဆိုးအောက် အားနည်းသော်လည်း အချိန်တစ်ခုအတွင်း အန္တရာယ်မရှိခဲ့ပေ။ ထိုအချိန်တွင် ခရမ်းရောင်သစ်တော၏အနက်ပိုင်း၌ လှုပ်ခတ်သွားပြီး ဧရာမအလင်းတန်းကြီးတစ်ခုက ကောင်းကင်သို့ မြင့်တက်လာခဲ့သည်။ ၎င်းက ကောင်းကင်နတ်ဆိုးကို တည့်တည့်မတ်မတ် ထိမှန်သွားသောကြောင့် နာကျင်စွာအော်သံကြီးတစ်ခု ထွက်ပေါ်လာ၍ အနက်ရောင်သွေးများ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။ နတ်ဆိုးက သစ်တော၏အနက်ပိုင်းသို့ တစ်ချက်လှမ်းကြည့်ပြီးနောက် အနက်ရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။

ယဲ့ချန်၏ကိုယ်ပေါ်မှ ဖိအားက ချက်ချင်းပျောက်ကွယ်သွားပြီး သူက စိတ်အေးသွားကာ သက်ပြင်းတစ်ချက်ချ၍ ကြောက်လန့်တကြား ထွက်ပြေးသွားသော နတ်ဆိုးကို လှမ်းကြည့်လိုက်မိသည်။ အကယ်၍ မြွေနီကြီးသာ သူ့ကို ကာကွယ်မပေးထားခဲ့လျှင် ၎င်း၏လက်ချက်ဖြင့် သေဆုံးပြီးဖြစ်ပေလိမ့်မည်။ သူက ခရမ်းရောင်သစ်တော၏ အနက်ပိုင်း၌ မည်သည့်အရာများ ရှိနေကြောင်း သိချင်စိတ်များဖြစ်ပေါ်လာကာ နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးကိုပင် တွန်းလှန်နိုင်သူအား တွေ့ချင်နေခဲ့သည်။ ဤအဖြစ်အပျက်က သူ့ကို နတ်အစေခံများ၏ခွန်အားကို လက်တွေ့နားလည်စေခဲ့ပြီး နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကပင် အလွန်ကြောက်စရာကောင်းနေသည်။ နတ်ဆိုးမျိုးနွယ်တွင် နတ်အစေခံအဆင့်ထက် ပို၍အစွမ်းထက်သော ကျင့်ကြံသူများလည်း ရှိသောကြောင့် စကြဝဠာအတွင်းမှ ကြယ်များကို ဖျက်ဆီးနိုင်ခြင်းက အဆန်းမဟုတ်ပေ။ သူသည် ကျိယွမ်ကြယ်နှင့် ကောင်းကင်မူလကြယ်မှ ကျင့်ကြံသူများက ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို အလွန်ကြောက်လန့်နေရသော အကြောင်းအရင်းအား စတင်နားလည်လာခဲ့သည်။ စကြဝဠာအတွင်း ၎င်းတို့က မရေမတွက်နိုင်အောင် များပြားနေပြီး ဤနဂါးငွေ့တန်းအတွင်း အရေအတွက်တစ်ခုသာ ရောက်လာလျှင် ကြယ်နှစ်ခုလုံး ပျက်သုဥ်းရပေလိမ့်မည်။ ထို့နောက် သူက ခရမ်းရောင်သစ်တော၏ အနက်ပိုင်းသို့ အတွေးနက်နေရင်း ဆက်လက်ထွက်ခွာလာခဲ့သည်။

သစ်တောအတွင်း အချိန်တစ်ခုရှေ့ဆက်ပြီးနောက် သူ၏ရှေ့တည့်တည့်တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။ သူတို့ဝတ်ဆင်ထားသော အဝတ်အစားများတွင် ခရမ်းရောင်စွန်းထင်းနေပြီး အချို့နေရာများတွင် ဆူးများကြောင့် စုတ်ပြဲပျက်စီးနေခဲ့သည်။

"ဒီနေရာက ဘယ်လိုနေရာကြီးလဲ။ ငါတို့က အချိန်အကြာကြီး လှည့်ပတ်သွားလာပြီးပြီ။ အခုအထိ အပြင်မထွက်နိုင်သေးဘူး"

"ဒီနေရာက အန္တရာယ်များလွန်းတယ်။ စစ်ဧကရာဇ်အဆင့် ခွန်အားနဲ့တောင် ဒီဆူးတွေကို အလွယ်တကူ မဖျက်ဆီးနိုင်ဘူး။ ဒါတွေက တိုက်ခိုက်နိုင်စွမ်းရှိပြီး အဆိပ်ပြင်းနေတာ မယုံနိုင်စရာပဲ။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်နေမှာကို စိုးရိမ်ရတယ်"

ပုံရိပ်နှစ်ခု၏အသံများကို ကြားဖူးသလိုရှိနေသောကြောင့် ယဲ့ချန်က အာရုံစိုက်၍ စစ်ဆေးလိုက်သောအခါ ဧကရာဇ်ချင်နှင့် ဧကရာဇ်ယုဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း လက်ရှိတွင် ကောင်းကင်မူလတိုက်ကြီးတွင် တွေ့ခဲ့ရသော မောက်မာသည့် ပုံစံမျိုးမဟုတ်ဘဲ သနားစရာအခြေအနေမျိုး ဖြစ်နေခဲ့သည်။ သူတို့က တစ်စုံတစ်ယောက်၏အရှိန်အဝါကို အာရုံခံမိသဖြင့် စိုးရိမ်တကြီး စစ်ဆေးလိုက်ကြပြီး ယဲ့ချန်ဖြစ်နေကြောင်း သိလိုက်ရသောအခါ မျက်ဝန်းများတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာသည်။ သူတို့က ယဲ့ချန်ကို ဤနေရာမျိုး၌တွေ့ရန် မမျှော်လင့်ထားပေ။

"ဒီကောင်တွေက ကျိယွမ်ကြယ်အထိ လိုက်လာကြတာလား။ ကြည့်ရတာ ရောင်ယွမ်အထင်ကြီးဖို့ လုပ်နေတာ ဖြစ်ရမယ်"

ယဲ့ချန်သည်လည်း ထိုနှစ်ယောက်ကို ဤနေရာ၌တွေ့ရမည်ဟု ထင်မထားသဖြင့် အံ့သြသွားခဲ့သည်။ တစ်ဖက်လူ၏ရန်လိုမှုကို ခံစားလိုက်ရသောအခါ ချက်ချင်းသတိကြီးသွားပြီး သူ့ကို သတ်ဖြတ်ချင်နေကြောင်း နားလည်လိုက်သည်။ ထို့အပြင် ဤသစ်တောအတွင်း၌ ဆူးပင်များရှိနေသော်လည်း သူက အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့ပြီး လမ်းတလျှောက်လုံး ပြဿနာတစ်ခုတလေပင် မကြုံခဲ့ရပေ။ သို့သော် ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်က ဆူးပင်များ၏ တိုက်ခိုက်ခြင်းခံထားရပုံပေါ်သည်။

"ယဲ့ချန် မင်းကို ဒီနေရာမှာ လာတွေ့ရမယ်လို့ မထင်ထားဘူး။ ရောင်ယွမ် ဘယ်မှာလဲ ပြောစမ်း"

ဧကရာဇ်ယုက အေးစက်စက် မေးလိုက်သည်။

"ငါနဲ့ ရောင်ယွမ်က လူကွဲသွားပြီ။ သူမ ဘယ်ကိုရောက်နေတယ်ဆိုတာကို မသိဘူး"

ယဲ့ချန်က ပခုံးတွန့်ပြလိုက်၏။

"ခွေးကောင် ရောင်ယွမ်က မင်းရဲ့ထောင်ချောက်ထဲကို ရောက်သွားပြီမလား။ မြန်မြန်ထုတ်ပေးစမ်း။ မဟုတ်ရင် ငါတို့ကို မယဥ်ကျေးဘူးလို့ အပြစ်မတင်နဲ့"

ဧကရာဇ်ယုက ယဲ့ချန်ကို အရှင်လတ်လတ်ဝါးစားလိုနေဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ အကယ်၍ ယဲ့ချန်နှင့် ရောင်ယွမ်သာ ကျိယွမ်ကြယ်သို့ ဝင်ရောက်မသွားလျှင်လည်း သူက ဤမျှဒုက္ခခံ၍ လိုက်ရှာနေရမည် မဟုတ်ပေ။ ဤနေရာက ငရဲဘုံတစ်ခုနှင့်ဆင်တူပြီး ရောက်ရှိလာချိန်မှ စတင်၍ ပြဿနာများစွာ ကြုံတွေ့ခဲ့ရသည်။ ဧကရာဇ်ချင်ကလည်း ယဲ့ချန်ကို မျက်နှာထားတင်းတင်းဖြင့် စိုက်ကြည့်နေကာ သတ်ချင်နေခဲ့သည်။ သူတို့အမြင်တွင် ယဲ့ချန်က ရွှမ်အဆင့်တစ်ယောက်သာ ဖြစ်သောကြောင့် သတ်ဖြတ်ရန် အလွန်လွယ်ကူနေသည်။

"ရောင်ယွမ်က ငါ့ကြောင့် ထောင်ချောက်မိတယ် ဟုတ်လား။ မင်းတို့က ရူးနေကြတာလား။ တာအိုနတ်အဆင့် ကျင့်ကြံသူတစ်​ယောက်ကို ချီပင်လယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလှည့်ဖျားနိုင်မှာလဲ။ ငါ့မှာ မင်းတို့နဲ့စကားများနေဖို့ အချိန် မရှိဘူး။ လမ်းဖယ်စမ်း"

ယဲ့ချန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ စစ်ဧကရာဇ်နှစ်ယောက်က တိုက်ခိုက်ချင်သည်ဆိုလျှင်လည်း အဓိပ္ပါယ်မရှိသော စကားများပြောနေရသည့် အကြောင်းအရင်းကို သူက နားမလည်ပေ။

"မင်းက ထွက်ပြေးချင်နေတာလား။ ရောင်ယွမ် ဘယ်နေရာမှာဆိုတာကို မပြောရင် တစ်လှမ်းမှ မသွားနိုင်စေရဘူး"

ယဲ့ချန် ခြေလှမ်းပြင်နေသည်ကို မြင်သောအခါ ဧကရာဇ်ချင်က ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။

"ဆရာတူအစ်ကို ဘာလို့ စကားအများကြီးပြောနေမှာလဲ။ ဒီကောင့်ကို အရင်ဖမ်းလိုက်မယ်"

ဧကရာဇ်ယုက စိတ်ဆတ်သူပီပီ ယဲ့ချန်ကို တိုက်ခိုက်ရန် ရှေ့တက်လာခဲ့သည်။ သူ၏ စစ်ဧကရာဇ်ခွန်အားရှေ့မှောက်တွင် ယဲ့ချန်က ထွက်မပြေးနိုင်ဟု လုံးဝယုံကြည်ထားသည်။ သို့သော်လည်း ထိုအချိန်တွင် ရွှစ်ခနဲမြည်သံတစ်ခု ထွက်ပေါ်လာကာ ဆူးပင်များက လျင်မြန်စွာ ကြီးထွားလာ၍ အသက်ဝင်လာသည့်အတိုင်း သူ့ကို တိုက်ခိုက်လာကြသည်။

"ဒီသောက်ရူးဆူးပင်တွေ လာပြန်ပြီလား"

ဧကရာဇ်ယုက ၎င်းတို့၏အစွမ်းကြောင့် နာကျင်ဖူးသဖြင့် မပေါ့ဆရဲဘဲ ယဲ့ချန်ကိုတိုက်ခိုက်ရန် လှမ်းနေသောလက်ကို ပြန်ရုတ်ကာ ဆူးပင်များအား ကောင်းကင်ချီဖြင့် တိုက်ခိုက်လိုက်ရလေသည်။

All Chapters