ကျိယွမ်ကြယ်မှ နတ်သစ်ပင်
Vol. 47 Ch. 661
ယေဘူယျသဘောပြောရလျှင် စစ်ဧကရာဇ်တစ်ယောက်အတွက် သာမန်ဆူးပင်များကို အလွယ်တကူ ဖျက်ဆီးနိုင်သော်လည်း ၎င်းတို့က အံ့သြစရာကောင်းလောက်အောင် မာကျောနေပြီး ကောင်းကင်ချီများဖြင့် ရိုက်နှက်ခံရသည့်တိုင်အောင် နောက်ဆုတ်သွားရုံသာဖြစ်၍ ပျက်စီးမသွားခဲ့ပေ။ ဧကရာဇ်ယုမှာ ရှေ့ဆက်မတက်နိုင်ဘဲ ၎င်းတို့ကို ဆက်တိုက်ခုခံနေရသည်။ ထိုအချိန်တွင် ယဲ့ချန်က ထွက်ခွာသွားသဖြင့် ဧကရာဇ်ချင်က လေပေါ်သို့ခုန်တက်၍ တိုက်ခိုက်ချင်သော်လည်း သစ်ကိုင်းကြီးတစ်ခုက ရုတ်တရက်ရောက်ရှိလာကာ ဝမ်းဗိုက်ကို ဖြတ်ရိုက်လိုက်သောကြောင့် ဘန်းခနဲမြည်သံနှင့်အတူ သွေးများ အန်ထွက်လာရ၏။
ယဲ့ချန်သည် စစ်ဧကရာဇ်နှစ်ယောက်က သူ့ကို တိုက်ခိုက်လာလျှင် တိမ်ပုလဲကို အသက်သွင်း၍ ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။ မြွေနီကြီး၏ခွန်အားဖြင့် သူတို့ကို အလွယ်တကူဖိနှိပ်နိုင်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မင်သက်သွားခဲ့သည်။ ဧကရာဇ်ယုက ဒဏ်ရာများပြည့်နှက်နေကာ ဆူးပင်များကြား ရုန်းကန်နေရပြီး တစ်လက်မပင် ရှေ့မတက်နိုင်ဖြစ်နေခဲ့ပြီး ဧကရာဇ်ချင်မှာ ပို၍အခြေအနေဆိုးဝါးနေကာ မြေပြင်၌ လဲကျနေသည်။ သူ၏ပတ်ဝန်းကျင်၌ ဆူးပင်များ ပြည့်နှက်နေသော်လည်း ၎င်းတို့က ငြိမ်သက်နေကာ အန္တရာယ်ရှိပုံမပေါ်ချေ။ ဆူးပင်များက ဧကရာဇ်နှစ်ယောက်ကို တိုက်ခိုက်နေစဥ် သူက လှောင်ပြုံးပြုံးလိုက်သည်။ သူက တိုက်ခိုက်ရန် မလိုအပ်သောကြောင့် သစ်တော၏အနက်ပိုင်းသို့ ချာခနဲ လှည့်ထွက်သွားခဲ့သည်။
"ထွက်မပြေးနဲ့။ ရပ်စမ်း"
ဧကရာဇ်နှစ်ယောက်က တည်ငြိမ်စွာ ထွက်ခွာသွားသော ယဲ့ချန်ကိုကြည့်၍ ဒေါသတကြီး အော်ဟစ်နေကြသည်။
"ဒီကောင်တွေက ဘယ်မျက်လုံးနဲ့ ငါထွက်ပြေးတယ်လို့ ထင်နေတာလဲ။ လမ်းလျှောက်နေတာက အသိသာကြီးပါ"
ယဲ့ချန်က ထိုအော်သံများကြောင့် စိတ်ထဲမှ လှောင်ရယ်လိုက်သော်လည်း ရန်သူများကို လျစ်လျူရှုပြီး ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။
"ဒီကောင် ရပ်နေတဲ့နေရာက လုံခြုံသလား"
ဧကရာဇ်ချီနှင့် ဧကရာဇ်ယုက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့က အော်ဟစ်ကြုံးဝါး၍ ကောင်းကင်ချီများအားလုံးကို ထုတ်ဖော်ကာ ဆူးပင်များကို တွန်းဖယ်ပြီး ယဲ့ချန်မတ်တပ်ရပ်နေခဲ့သော နေရာသို့ အားကုန်ထွက်ပြေးလိုက်ကြ၏။ နောက်ဆုံးတွင် လုံခြုံသောနေရာသို့ ရောက်နိုင်ခဲ့သဖြင့် သူတို့က သက်ပြင်းကိုယ်စီချလိုက်မိသော်လည်း ထိုအချိန်၌ တည်ငြိမ်ကာ အန္တရာယ်ကင်းပုံပေါ်သော ဆူးပင်များမှာ ချက်ချင်းအသက်ဝင်လာ၍ တိုက်ခိုက်လာခဲ့ကြသည်။
"ဘာတွေဖြစ်နေတာလဲ။ ဒီနေရာမှာ ယဲ့ချန်ရပ်နေတုန်းက ဘာပြဿနာမှ မရှိဘူးမလား"
စစ်ဧကရာဇ်နှစ်ယောက်က မျက်နှာပျက်သွားကြပြီး ကျိန်ဆဲလိုက်မိပြီး ကောင်းကင်ချီများကို လည်ပတ်ကာ ဆူးပင်များကို တိုက်ခိုက်လိုက်ရပြန်သည်။ သူတို့က ကျိယွမ်ကြယ်ပေါ်သို့ ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကာ ရောက်ရှိလာချိန်မှစတင်၍ ကျွန်ပိုးကောင်များ အမဲလိုက်ခြင်းကို ခံရသောကြောင့် ထွက်ပြေးခဲ့ကြရသည်။ ဤခရမ်းရောင်သစ်တောသို့ လွန်ခဲ့သောနှစ်လက ဝင်ရောက်ခဲ့မိပြီး ဆူးပင်များနှင့် ခရမ်းရောင်သစ်ပင်များကို ဆက်တိုက်ရှောင်တိမ်းခဲ့ရသော်လည်း လွတ်လမ်းကို ရှာမတွေ့ခဲ့ပေ။ သူတို့က သစ်တောအတွင်းမှ ထွက်ခွာလိုက်တိုင်း ကျွန်ပိုးကောင်အုပ်ကြီးများနှင့် ရင်ဆိုင်ရပြီး သေလုမျောပါးဖြစ်ခဲ့ရသောကြောင့် ဆိုးရွားလွန်းသော အခြေအနေကို ဖော်ပြရန် စကားလုံးပင် မရှိချေ။ ခရမ်းရောင်သစ်တောအတွင်း ဝင်ရောက်သူတိုင်းကို ဆူးပင်များက တိုက်ခိုက်သည်ဟု ထင်မှတ်ထားသော်လည်း ယဲ့ချန်ကမူ အန္တရာယ်ကင်းနေခဲ့သည်။ လွန်ခဲ့သောနှစ်လအတွင်း သူတို့၏အခြေအနေနှင့် အပန်းဖြေထွက်လာသည်နှင့် ဆင်တူသော ယဲ့ချန်၏အသွင်အပြင်ကို ယှဥ်တွေးမိချိန်တွင် သွေးအန်မတတ် ဒေါသထွက်လာကြသည်။
ယဲ့ချန်က ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေပြီး လမ်းကြောင်းတွင် ဆူးပင်များ ပြည့်နှက်နေသော်လည်း သူရောက်ရှိလာလျှင် အလိုလိုလမ်းဖယ်ပေးကြ၏။ သူက နောက်သို့ လှည့်ကြည့်လိုက်သောအခါ မီတာတစ်ရာအဝေးတွင် ရုန်းကန်နေရသော စစ်ဧကရာဇ်နှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။ သူတို့က ယဲ့ချန်နောက်သို့လိုက်ရန် အစွမ်းကုန်ကြိုးစားနေသော်လည်း ကောင်းကင်ချီများစွာသုံးစွဲပြီးမှသာ ခြေလှမ်းအနည်းငယ် ရှေ့တိုးနိုင်ခဲ့သည်။ ကံကောင်းသည်မှာ သူတို့၏သိုလှောင်အိတ်အတွင်း ကောင်းကင်ချီကို ပြန်လည်ဖြည့်တင်းပေးနိုင်သော ဆေးလုံးများ ရှိနေခြင်းဖြစ်သည်။ တစ်နာရီတိုင်း ရှေ့ဆက်တိုးနိုင်ရန်အတွက် ဆေးတစ်လုံးစီ အသုံးပြုနေရသဖြင့် သို့မဟုတ်လျှင် မောပန်းလွန်း၍ ချီကုန်ခမ်းကာ သေဆုံးသွားပေလိမ့်မည်။
စစ်ဧကရာဇ်နှစ်ယောက်က ဆူးပင်များအကြား ရုန်းကန်နေစဥ် ယဲ့ချန်က အပန်းဖြေထွက်လာသူတစ်ယောက်ကဲ့သို့ ခရမ်းရောင်သစ်တော၏ရှုခင်းကို ကြည့်ရှုနေရင်း ရန်သူများအား လှောင်ပြောင်ရန် နောက်လှည့်လာခဲ့သည်။
"မင်းတို့နှစ်ယောက်က ငါ့ကိုသတ်ချင်တယ်ဆိုရင် မြန်မြန်လိုက်လာကြစမ်း။ ငါက မင်းတို့ကို စောင့်ဆိုင်းနေမှာမဟုတ်ဘူး"
သူ၏စကားကို ကြားသောအခါ ရန်သူများက သွေးအန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူတို့က ဒေါသတကြီးကြုံးဝါးကာ ယဲ့ချန်ကို အမီလိုက်ရန်အတွက် ဆူးပင်များကို အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်။ သူတို့က မီတာအနည်းငယ် ရှေ့တိုးနိုင်ခဲ့သော်လည်း ယဲ့ချန်ထံရောက်ရှိရန် အလွန်ဝေးကွာနေခဲ့သည်။ ဆူးပင်များက သူ့ကိုမတိုက်ခိုက်ရသော အကြောင်းအရင်းကို စဥ်းစားမရခဲ့ပေ။ ယဲ့ချန်က လျှို့ဝှက်ကျင့်စဥ်တစ်ခုခု အသုံးပြုထားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်ကြသည်။
ယဲ့ချန်၏လက်ချောင်းထိပ်တွင် တိမ်ပုလဲက လမ်းညွှန်နေသဖြင့် ၎င်း၏ဆိုလိုရင်းကို သူက နားလည်စပြုလာသည်။ အရာအားလုံးကို ကျိယွမ်ကြယ်၏ရှင်းဟွမ်က စီစဥ်ထားခြင်းဖြစ်နိုင်ပြီး သူနှင့် ရောင်ယွမ်ကို လူကွဲစေကာ ရွှမ်လင်းနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် တိမ်နန်းတော်၌ ကောင်းကင်ပိုက်ကွန်ကိုအသုံးပြု၍ ရွှမ်လင်းကိုလှည့်စားခဲ့ပြီး သူ့ကို တိမ်ပုလဲပေးအပ်ကာ ဤသစ်တောထံ ခေါ်ဆောင်လာခဲ့သည်။ ကျိယွမ်ကြယ်၏ရှင်းဟွမ်က ရွှမ်လင်းအပေါ် သတိကြီးကြီးထားနေသဖြင့် ရွှမ်လင်းက သူ့ကိုရှာမတွေ့နိုင်သည်မှာ မထူးဆန်းတော့ပေ။ ခရမ်းရောင်သစ်တောက ရှင်းဟွမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် ယဲ့ချန်ကို မတိုက်ခိုက်ခဲ့ဘဲ သူ၏ရန်သူများဖြစ်သော ဧကရာဇ်ယုနှင့် ဧကရာဇ်ချင်ကိုသာ တားဆီးခဲ့သည်။
"ဒီကောင်တွေ ဖြည်းဖြည်းချင်း ဒုက္ခရောက်ပါစေကွာ။ ကောင်းကင်က အပြစ်ကို ခွင့်လွှတ်ပေးနိုင်ပေမယ့် လူတစ်ယောက်ကတော့ ခွင့်လွှတ်မပေးနိုင်ဘူးလို့ ဆိုရိုးရှိတယ်မလား"
ယဲ့ချန်က စိတ်ထဲမှ ရေရွတ်လိုက်ခြင်းဖြစ်သည်။
"မင်းတို့က အမီမလိုက်နိုင်မှတော့ ငါက အချိန်ဖြုန်းမနေတော့ဘူး"
ယဲ့ချန်က နောက်သို့ပြန်လှည့်ပြီး ဧကရာဇ်နှစ်ယောက်ကို လှောင်ပြုံးပြုံးပြကာ ပေါ့ပေါ့ပါးပါးအမူအရာနှင့် လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် တိမ်ပုလဲ၏လမ်းညွှန်မှုဖြင့် သူက သစ်တောအနက်ပိုင်းသို့ ထွက်ခွာသွားပြီး ရန်သူများကို အနောက်တွင် ချန်ထားရစ်ခဲ့သည်။ သူတို့က အမီလိုက်ရန်အတွက် မည်မျှကြိုးစားရုန်းကန်ပါစေ၊ အရာမထင်သောကြောင့် ယဲ့ချန်ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ အချိန်တစ်ခုအကြာတွင် ယဲ့ချန်က လှည့်ကြည့်လိုက်သောအခါ ဧကရာဇ်နှစ်ယောက်ကို မမြင်ရတော့ဘဲ ကြုံးဝါးနေသံများကိုသာ ကြားနေရသဖြင့် တစ်ချက်ပြုံးလိုက်သည်။ ထိုနှစ်ယောက်၏အသက်က ရှင်းဟွမ်၏လက်ထဲတွင် ရှိနေသဖြင့် သူက ဂရုစိုက်နေစရာ မလိုပေ။
ယဲ့ချန်က သစ်တောအတွင်း ဆက်လက်ထွက်ခွာလာပြီး တစ်နေရာအရောက်တွင် ပျားကြီးများနှင့် ကြုံတွေ့လိုက်ရ၏။ ၎င်းတို့တစ်ကောင်ချင်းစီက တာအိုနတ်အဆင့်အင်အားကို ပိုင်ဆိုင်ထားသောကြောင့် သူက သတိကြီးသွားခဲ့သည်။ သူက လက်ရှိတွင် တာအိုနတ်အဆင့်တစ်ဆယ် ကျင့်ကြံသူဖြစ်သော်လည်း ပျားများအားလုံးကို အနိုင်မယူနိုင်သည့်အပြင် အမှန်တကယ်တိုက်ခိုက်လျှင် မြွေနီကြီးကိုသာ အားကိုးရပေလိမ့်မည်။ သို့သော် ပျားများက သူ၏ပတ်လည်တွင် ခဏတာပျံသန်းပြီးနောက် တိုက်ခိုက်ခြင်းမရှိဘဲ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူက နောက်ပိုင်းတွင် ကျိယွမ်ကြယ်၏ရှင်းဟွမ်နှင့် တွေ့ဆုံနိုင်မည်လားဟု အတွေးနက်နေခဲ့သည်။ သူက လမ်းအတိုင်း လျှောက်လှမ်းလာ၍ တစ်နေရာအရောက်တွင် ဘေးတစ်ဖက်တစ်ချက်ရှိ သစ်ကိုင်းများပေါ်၌ လူပုလေးများ ထိုင်နေသည်ကို မြင်လိုက်ရ၏။
လူပုလေးများက အလွန်ပိန်ပြီး အရေပြားက အဘိုးအိုများကဲ့သို့ ရှုံ့တွနေ၍ တစ်မီတာသာသာခန့် အရပ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏အသားအရေက အစိမ်းရောင်ဖြစ်ပြီး မျက်လုံးကြီးများနှင့် နားရွက်ချွန်ချွန်များ ရှိကြသည်။ သူတို့က ယဲ့ချန်ကို လက်ညှိုးထိုး၍ ကျိယွမ်ကြယ်၏ဘာသာစကားဟု ထင်မှတ်ရသော စကားလုံးများကို ရေရွတ်နေကြသည်။ သူတို့က ယဲ့ချန်ရောက်ရှိလာသဖြင့် စပ်စုချင်နေသော်လည်း ကြည့်ရုံသာကြည့်နေကြပြီး ရှေ့တိုးမလာခဲ့ပေ။ သူကလည်း တစ်ဖက်မှာ မည်သည့်မျိုးနွယ်ဖြစ်ကြောင်း မသိရသည့်အပြင် တစ်ခါမှမမြင်တွေ့ဖူးသောကြောင့် မဆင်မခြင် ချဥ်းကပ်မသွားခဲ့ပေ။
သူက လမ်းကျဥ်းလေးတစ်ခုအတိုင်း ရှေ့ဆက်လာသောအခါ တုတ်တစ်ချောင်းကို အားပြု၍ ရပ်စောင့်နေသော လူပုအဘိုးအိုတစ်ယောက်ကို တွေ့ခဲ့ရသည်။ အဘိုးအိုက အခြားလူပုများကဲ့သို့ အစိမ်းရောင်အသားအရေကို ပိုင်ဆိုင်ထားသော်လည်း အရေးအကြောင်းများ ပိုမိုရှိနေသဖြင့် အသက်ကြီးရင့်နေကြောင်း သိသာသည်။ သူက ယဲ့ချန်ကို မြင်သောအခါ တုတ်ကိုမြှောက်၍ တစ်စုံတစ်ခုကိုပြောရန် ကြိုးစားလာသည်။ ယဲ့ချန်က ထိုအဘိုးအို၏စကားကို နားမလည်သော်လည်း လက်ဟန်ခြေဟန်များအရ အဓိပ္ပါယ်ကို နားလည်လိုက်သည်။ အဘိုးအိုက သူ့ကို တစ်နေရာရာသို့ လိုက်ပါစေလိုခြင်းဖြစ်သည်။ သူက ခေါင်းညိတ်ပြလိုက်သောအခါ အဘိုးအိုက ခရမ်းရောင်သစ်တော၏ ပိုမိုနက်ရှိုင်းသော အပိုင်းသို့ ဦးဆောင်ဝင်ရောက်သွားခဲ့သည်။
နာရီဝက်ခန့်အကြာတွင် အဘိုးအိုနောက်မှလိုက်ပါလာသော ယဲ့ချန်သည် အချင်းမီတာရာချီကျယ်ဝန်းသော ခရမ်းရောင်ရေကန်တစ်ခုထံ ရောက်ရှိလာခဲ့သည်။ ၎င်း၏အလယ်တွင် ဧရာမသစ်ပင်ကြီးတစ်ပင်ရှိနေပြီး မီတာရာချီမြင့်မားကာ ထီးတစ်လက် စိုက်ထူထားသည်နှင့် ဆင်တူနေသည်။ ၎င်းထံမှ နွယ်ပင်များတွဲလောင်းကျနေပြီး သစ်ရွက်များကြားတွင် လက်သီးဆုပ်အရွယ် သစ်သီးများရှိနေကာ သက်တမ်းကို အတိအကျခန့်မှန်းနိုင်ရန် မလွယ်ချေ။ သစ်သီးများက သလင်းကျောက်များကဲ့သို့ ကြည်လင်ပြီး ကျောက်စိမ်းဖြင့် ထုလုပ်ထားသကဲ့သို့ ချောမွတ်နေသော်လည်း အရောင်မျိုးစုံ ရှိနေခဲ့သည်။ သူက ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့ပြီး ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင် ဖြစ်နေခဲ့သည်။
ကျိယွမ်ကြယ်ပေါ်တွင် ဤနတ်သစ်ပင်ကို ရှာတွေ့မည်ဟု ထင်မထားသောကြောင့် ယဲ့ချန်က အလွန်အံ့သြနေခဲ့သည်။ ၎င်းအထက်ရှိ နတ်သစ်သီးများက ခူးဆွတ်ခံထားရပုံပေါ်သော်လည်း အနည်းဆုံး အရေအတွက်နှစ်ဆယ်ခန့် ကျန်ရစ်နေသည်။ ထို့အပြင် ၎င်း၏သက်တမ်းက အရှေ့ပိုင်းတိုက်ကြီးတွင် သူစိုက်ပျိုးခဲ့သော သစ်ပင်ထက် ပို၍ကြီးရင့်နေခဲ့သည်။ သူက ကျောက်စိမ်းနန်းတော်အတွင်းမှ ရရှိခဲ့သော နတ်သစ်သီးအကြောင်း အမှတ်ရသွားခဲ့ပြီး ၎င်းကို ကျိယွမ်ကြယ်မှ ကောင်းကင်မူလကြယ်၏ ကြယ်သခင်တျန်းက ယူဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။ သူက ကောင်းကင်မူလကြယ်ရှိ ကိုယ်ပွားနှင့် မဆက်သွယ်နိုင်သောကြောင့် ဤခန့်မှန်းချက် မှန်ကန်ကြောင်း မသိနိုင်ခဲ့ပေ။
ကောင်းကင်နတ်သစ်ပင်များကြားတွင် ဆက်သွယ်မှုတစ်ခုခု ရှိနေနိုင်သည်ဟု ယဲ့ချန်က အတွေးများနေစဥ် အဘိုးအိုက သူ့ကို အရိုသေပေးကာ ရေကန်ထံ ညွှန်ပြ၍ နောက်ဆုတ်သွားခဲ့သည်။
"ငါတို့က ရေကန်အနားကိုတောင် မရောက်သေးဘူးလေ။ အဘိုးအိုက ဘာကြောင့် နောက်ဆုတ်သွားတာလဲ"
ယဲ့ချန်က အဘိုးအို၏အပြုအမူကြောင့် စိတ်ရှုပ်သွားခဲ့သည်။ သူ၏လက်ဟန်အမူအရာက ဤနေရာအထိသာ ခေါ်ဆောင်လာခွင့်ရှိကြောင်း ပြောပြနေသည်။ ဤရေကန်က လူပုများအတွက် ကန့်သတ်နယ်မြေတစ်ခု ဖြစ်နိုင်ကြောင်း ယဲ့ချန်က တွေးမိလိုက်သည်။ သူက ခဏတာစဥ်းစား၍ ရေကန်ထံ ဆက်လက်လျှောက်လှမ်းခဲ့လေသည်။