← Chapters

ယောက်ျားတွေက အလွယ်တကူ မငိုဘူး

Vol. 136 Ch. 1888

ယောက်ျားတွေက အလွယ်တကူ မငိုဘူး

Vol. 136 Ch. 1888

မင်တဲသည် အာကာသထဲ ရောက်သည်နှင့် သူ၏ ဆန်းကြယ်စွမ်းရည်ကို ချက်ချင်း သုံးလိုက်၏။ သူ ဒေါသငယ်ထိပ်ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံတို့က အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရသည်။ တော်ဝင်မိသားစုဝင် သန်းတစ်ရာကျော် နှစ်ရာလောက်နှင့် မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များ သေဆုံးခဲ့ရသည်။ ထိုဆုံးရှုံးမှုက တမလွန်ဘုံမျိုးနွယ်အတွက် မပြောပလောက်ပါ။ သို့သော် တမလွန်ဘုံဧကရာဇ်က ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သူ တရားခံများကို မသတ်နိုင်လျှင် တမလွန်ဘုံဧကရာဇ်ကို မည်သို့ အဖြေပေးနိုင်မည်နည်း။

မင်တဲ၏ခန္ဓာကိုယ်မှနေ၍ တမလွန်ဘုံအရှိန်အဝါများ ထွက်နေ၏။ ထိုတမလွန်ဘုံအရှိန်အဝါများက လေပြေများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ၎င်းတို့က အလွန်လျင်မြန်စွာဖြင့် ကီလိုမီတာငါးသောင်း အဝန်းအဝိုင်းကို လွှမ်းခြုံနိုင်လိုက်သည်။ ထိုတမလွန်ဘုံအရှိန်အဝါများ ဖြတ်သန်းသွားသော နေရာတိုင်းကို မင်တဲက မြင်နိုင်ပေသည်။

မင်တဲ၏ ဆန်းကြယ်စွမ်းရည်က အလွန်စွမ်းအားကြီးကြောင်း ဝန်ခံရပေမည်။ ငါးမိနစ်အတွင်းမှာပင် သူ၏ တမလွန်ဘုံအရှိန်အဝါက ကီလိုမီတာငါးသောင်း အဝန်းအဝိုင်းကို လွှမ်းခြုံနိုင်ခဲ့သည်။ ထို့ပြင် ၎င်းအရှိန်အဝါများသည် အရပ်မျက်နှာအနှံ့သို့ ပြန့်ကားနေဆဲပင် ရှိပေသေးသည်။

မင်တဲသည် ဟွင့်သွမ့်သားရဲများစွာကို အလွယ်တကူ အာရုံခံခဲ့မိ၏။ ၎င်းတို့က အရပ်မျက်နှာသုံးဘက်သို့ ထွက်ပြေးနေကြသည်။ ထိုဟွင့်သွမ့်သားရဲများသည် အနီးရှိ တမလွန်ဘုံထောက်လှမ်းရေးများနှင့်လည်း တိုက်ခိုက်နေကြသည်။ ၎င်းတို့၏ ခွန်အားက အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့်ပင် ယှဉ်နိုင်ရာ တမလွန်ဘုံထောက်လှမ်းရေးများက ၎င်းတို့ကို လုံးဝမတားနိုင်ကြပေ။ ဟွင့်သွမ့်သားရဲများက အကောင်ကိုးထောင်ကျော် ရှိသည်။ မင်တဲသည် ၎င်းတို့အားလုံးကို တစ်ပြိုင်တည်းတော့ အာရုံမခံနိုင်ပါပေ။

‘ဟွင့်သွမ့်သားရဲတွေက အရပ်မျက်နှာသုံးဘက်ကို ထွက်ပြေးနေကြတာလား။ ဟင်းဟင်း... သူတို့က ငါ့ကို လမ်းလွှဲဖို့ ကြိုးစားနေတာ အသိသာကြီးပဲ။ အင်အားနှစ်သန်းစစ်တပ်နဲ့ လူသားခေါင်းဆောင်က အနောက်ဘက်ကို ထွက်ပြေးသွားတာပဲ ဖြစ်ရမယ်’

မင်တဲ၏ မျက်စံများ ရွေ့လျားသွား၏။ သူသည် ထွက်ပြေးနေကြသော ဟွင့်သွမ့်သားရဲများကို လုံးဝအရေးမထားဘဲ အနောက်ဘက်သို့သာ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ ဟွင့်သွမ့်သားရဲများ ထွက်ပြေးသွားမည် သူ မစိုးရိမ်ပေ။ တမလွန်ဘုံမျိုးနွယ်စစ်တပ်က ဤဘက်သို့ လာနေသည် မဟုတ်ပါလား။ မကြာခင်တွင် မင်တိကလည်း သတင်းရသွားပေလိမ့်မည်။ ထိုအခါ သူက ထောင်ချောက်အလွှာလွှာ ဆင်ပေလိမ့်မည်။ သို့ဖြစ်ရာ ထိုဟွင့်သွမ့်သားရဲများက မည်သည့်နေရာသို့ ထွက်ပြေးနိုင်ဦးမည်နည်း။ ၎င်းတို့ ရွေးချယ်စရာမရှိဘဲ တမလွန်ဘုံရုပ်သေးရုပ်များ ဖြစ်လာရမည်သာ။

မင်တဲ၏ ဉာဏ်ရည်က အလွန်မြင့်၏။ သူသည် တမလွန်ဘုံဧကရာဇ်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည်။ ထို့ကြောင့် စစ်တိုက်ခြင်းအနုပညာနှင့် ဗျူဟာများကို အတန်ငယ် နားလည်ထားသည်။ လူသားခေါင်းဆောင်နေရာတွင် သူဆိုလျှင်ပင် သူ့စစ်တပ်နှင့်အတူ အနောက်ဘက်သို့ ထွက်ပြေးမည်သာ။ အကယ်၍ သူတို့သာ အရှေ့ဘက်သို့ ပြန်ပြေးလျှင် လာနေသည့် တမလွန်ဘုံမျိုးနွယ်စစ်တပ်ကြီးနှင့် ထိပ်တိုက်တိုးမည် မဟုတ်ပါလော။

ဝှစ်...

မင်တဲ ပတ်ပတ်လည်ရှိ အနက်ရောင်အခိုးအငွေ့များထဲတွင် ဧရာမတံခွန်ကြီးတစ်ခု ထွက်ပေါ်လာ၏။ သူသည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ မကောင်းဆိုးဝါးဘုရင်တံခွန်ထဲ ဝင်လိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးဘုရင်တံခွန်က အနက်ရောင်အလင်း တောက်ပစွာ လင်းလက်လာပြီး အနောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ တံခွန်မှနေ၍ အနက်ရောင်အရှိန်အဝါတန်းများ ထုတ်လွှတ်နေသည်။ မင်တဲသည် မကောင်းဆိုးဝါးဘုရင်တံခွန်ကို သုံး၍ ပျံသန်းရင်း ပတ်ဝန်းကျင်ကို အာရုံခံရန် တမလွန်ဘုံသေမင်းအရှိန်အဝါများကို ထုတ်လွှတ်နေခြင်းပင်။

“ဟင်းဟင်း... သူတို့က တကယ်ကို အနောက်ဘက်ကို ထွက်ပြေးနေကြတာပဲ...”

တစ်နာရီကြာပြီးနောက် မကောင်းဆိုးဝါးဘုရင်တံခွန်မှနေ၍ ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ မင်တဲ၏ တိုက်ခိုက်စွမ်းအားက မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားနှင့်ပင် ယှဉ်နိုင်၏။ မကောင်းဆိုးဝါးဘုရင်တံခွန်၏ အကူအညီကို ယူလိုက်သောအခါ သူ၏ အမြန်နှုန်းက မိုးပြာမဟာဧကရာဇ်၏ အမြန်နှုန်းထက်ပင် ပိုမြန်သွားသည်။ တစ်ခဏလေးအတွင်းမှာပင် သူနှင့် ဟယ်နုန်ယင်းတို့ကြားက အကွာအဝေးက နီးကပ်လာသည်။ ထိုအခိုက်တွင် သူတို့က ကီလိုမီတာငါးသိန်း ကွာဝေးနေသေးသည်။ ရီဖျောင်ဖျောင်၏ အရိပ်မဲ့ငှက်ကလည်း အလွန်လျင်မြန်သည်။ သို့သော် မင်တဲသည် သူက ဟယ်နုန်ယင်းတို့ကို နောက်တစ်နာရီအတွင်း လိုက်မီလိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။

***

“သွားပြီ...”

ဟယ်နုန်ယင်းက ရုတ်တရက် အော်ပြောလိုက်၏။ သူမ၏ နှလုံးသားက ပိုလျင်မြန်စွာ ခုန်လာသည်။ ယခုတွင် သူမသည် မင်တဲ၏ အရှိန်အဝါကိုပင် ခံစားနေရပြီဖြစ်သည်။ ထိုအရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ချီလင်းဧကရီ၏ အရှိန်အဝါထက်လည်း ပိုစွမ်းအားကြီးသည်။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုသာရှိသည်။ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင်ဖြစ်သော မင်တဲက သူမတို့နောက်ကို လိုက်လာပေပြီ။

“ဘာဖြစ်လို့လဲ”

သိမ်းငှက်ဘုရင်လေးကလည်း တစ်ခုခု မှားနေကြောင်း ခံစားနေရ၏။ သူတို့ပတ်ပတ်လည်ရှိ အာကာသထဲမှ တမလွန်ဘုံအရှိန်အဝါက သိသိသာသာ ပိုသိပ်သည်းလာသည်။ သူ ကြက်သီးလည်း ထနေသည်။ ယင်းမှာ စွမ်းအားကြီး တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်က ချဉ်းကပ်လာနေသည်ဆိုသော အဓိပ္ပာယ်ပင်။

ဟယ်နုန်ယင်းက စိုးရိမ်သော မျက်ဝန်းများနှင့် ပြန်ပြောလိုက်သည်။

“တမလွန်ဘုံဘုရင်တစ်ပါးက ကျွန်မတို့နောက်က လိုက်လာတယ်။ သူက ကျွန်မတို့ကို အာရုံခံမိပြီးပြီထင်တယ်။ အဲ့တမလွန်ဘုံဘုရင်က တမလွန်ဘုံရဲ့ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင် မင်တဲပဲဖြစ်ရမယ်”

“အာ...”

ရီ‌ဖျောင်ဖျောင်၏ မျက်ဝန်းများ အေးစက်သွား၏။ သူမ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အရိပ်မဲ့ငှက်ကို ထိန်းချုပ်ကာ အနောက်မြောက်ဘက်သို့ ပျံသန်းသွားစေလိုက်သည်။ ထို့ကြောင့် ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ အတန်ငယ် မှင်တက်သွားကြ၏။ သို့သော် မကြာခင်မှာပင် ရီဖျောင်ဖျောင်က ကျန်းရီကို အန္တရာယ်မဖြစ်စေလိုခြင်းဖြစ်ကြောင်း သူမတို့ သဘောပေါက်သွားကြသည်။ ကျန်းရီက တမလွန်ဘုံ၏ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူမတို့သာ အနောက်တောင်ဘက်သို့ ဆက်ပျံသန်းသွားပါက ကျန်းရီမှာ သူမတို့နှင့်အတူ သေရပေလိမ့်မည်။

“ဒေါ်လေးရီ၊ သိမ်းငှက်ဘုရင်လေး...”

ဟယ်နုန်ယင်းသည် ခေတ္တမျှ တွေးတောပြီးနောက် ပြောလိုက်၏။

“ရှင်တို့ အနောက်တောင်ဘက်ကို ဆက်သွားလိုက်ပါ။ ကျွန်မ တပ်သားနှစ်သန်းနဲ့ ရှင်တို့ကို ကာပေးထားပါမယ်။ ရှင်တို့ ကျန်းရီကို ရှာတွေ့ရင် ထွက်ပြေးနိုင်ဖို့ အခွင့်အရေး ရနိုင်သေးတယ်။ မဟုတ်ရင်တော့ ကျွန်မတို့ ဘယ်ကိုသွားသွား သေရမှာပဲ...”

ရန်သူက တမလွန်ဘုံ၏ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင်ဖြစ်နေသည်။ သူက သူမတို့သုံးယောက်ကို အာရုံခံမိထားပြီဖြစ်ရာ သူမတို့က သေလူများ ဖြစ်နေပေပြီ။ အကယ်၍ ဟယ်နုန်ယင်းသာ တပ်သားနှစ်သန်းနှင့်အတူ နောက်တွင်ချန်နေခဲ့မည်ဆိုပါက ရီဖျောင်ဖျောင်နှင့် သိမ်းငှက်ဘုရင်လေးတို့ ကျန်းရီကို ရှာတွေ့လျှင် ရှင်သန်နိုင်ခြေ ရှိပေသေးသည်။ ကျန်းရီက တမလွန်ဘုံမျိုးနွယ် ထိန်းချုပ်ထားသော ဘုံထဲတွင် ကြာမြင့်စွာ ပုန်းအောင်းနေနိုင်ခဲ့သူ မဟုတ်ပါလား။ သူ့တွင် တမလွန်ဘုံမျိုးနွယ်၏ ရှာဖွေမှုကို ရှောင်နိုင်သည့် ထူးခြားသော ဆန်းကြယ်စွမ်းရည်အချို့ ရှိရပေလိမ့်မည်။

“မဖြစ်ဘူး...”

သိမ်းငှက်ဘုရင်လေးက အလွန်ပြတ်သားစွာ ပြော၏။

“ခင်ဗျားက ခေါင်းဆောင်ပဲ။ ကျွန်တော်တို့က ဘယ်လိုလုပ် ခင်ဗျားကို နောက်မှာချန်ခဲ့ပြီး ထွက်ပြေးနိုင်မှာလဲ။ ခင်ဗျားပဲ သွားလိုက်ပါ။ ကျွန်တော် တပ်သားနှစ်သန်းနဲ့ နောက်မှာချန်ခဲ့ပြီး အချိန်ဆွဲပေးထားပါမယ်”

“ကျွန်မတို့အတွက် ကာပေးထားဖို့ မလိုတော့ပါဘူး...”

ရီဖျောင်ဖျောင်က ရုတ်တရက် ခါးသီးစွာ ဝင်ပြောလိုက်၏။

“ရှောင်ရီရဲ့ အမြန်နှုန်းက ရုတ်တရက်ကြီး တိုးလာတယ်။ သူက အခု ကျွန်မတို့ဆီက မြန်မြန် ချဉ်းကပ်လာနေပြီ။ သူက သိပ်မဝေးတော့ဘူး။ အဲ့တမလွန်ဘုံဘုရင်က သူ့ကိုလည်း အာရုံခံမိပြီးသွားလောက်ပြီ။ အဲ့လိုဆိုမှတော့ ကျွန်မတို့ ရှောင်ရီနဲ့ အရင်တွေ့ပြီးမှ ဘယ်လိုဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်ကြတာပေါ့”

“အဲ့လိုဆိုလည်း ကောင်းပါပြီ”

ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူမတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ကျန်းရီက အလွန်ဆန်းကြယ်လွန်းသည်။ သူ့တွင် သူမတို့ကို ဤအခက်အခဲထဲမှ ကယ်နိုင်လောက်သော နည်းလမ်းတစ်ခု ရှိနိုင်ပေသည်။

ရီဖျောင်ဖျောင် အနောက်တောင်ဘက်သို့ ပြန်လှည့်လိုက်၏။ ကျန်းရီက သူမတို့ထံ လျင်မြန်စွာ ချဉ်းကပ်လာနေပြီး ယခုတွင် သူမတို့နှင့် သိပ်မဝေးတော့ပေ။ ထို့ကြောင့် လမ်းလွှဲသွားရန် အကြောင်းမရှိတော့ပေ။ မင်တဲကလည်း ကျန်းရီကို အာရုံခံမိပြီးလောက်ပေပြီ။ အကယ်၍ ကျန်းရီသာ တစ်စုံတစ်ခု မလုပ်နိုင်လျှင် အမေနှင့်သားသည် ပြန်ဆုံးပြီးလျှင်ပြီးချင်း သေရတော့ပေမည်။

အရိပ်မဲ့ငှက်၏ အမြန်နှုန်းက အဆုံးစွန်အထိ ရောက်သွား၏။ ရီဖျောင်ဖျောင်သည် ပိုးကောင်များကို သုံး၍လည်း သူမတို့အနောက်မှ အခြေအနေကို ထောက်လှမ်းနေသည်။ ထို့ကြောင့် မကောင်းဆိုးဝါးဘုရင်တံခွန်က သူမတို့နောက်သို့ ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် လိုက်နေကြောင်းကို သူမ သိလိုက်ရသည်။

“သားလေး...သားလေး...”

အရှေ့သို့ ရောက်လာလေလေ၊ ရီဖျောင်ဖျောင်၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပိုပြည့်လာလေလေပင်။ သူမသည် မငိုမိရန် ကြိုးစားနေသော်လည်း သူမ၏တစ်ကိုယ်လုံး ပို၍ ပို၍ တုန်ယင်လာပေသည်။ သူမ ညပေါင်းမည်မျှ လွမ်းဆွတ်ခဲ့ရသနည်း။ အိပ်မက်များမှနေ၍ အကြိမ်မည်မျှ စိတ်ပျက်စွာ နိုးထခဲ့ရသနည်း။ စိတ်ကူးယဉ်အတွေးများ မည်မျှ တွေးခဲ့ရသနည်း။

ရီဖျောင်ဖျောင် ကျန်းရီကို ချန်ထားခဲ့စဉ်က ကျန်းရီမှာ မွေးကင်းစအရွယ်သာ ရှိသေးသည်။ ရီဖျောင်ဖျောင်သည် ထိုအကြောင်းကို တွေးမိတိုင်း အပြစ်ရှိသလို ခံစားရကာ အုပ်ချုပ်သူအဆင့်သို့ ရောက်သည်အထိ ကြိုးစားကျင့်ကြံလိုခဲ့သည်။ သူမ ဝိညာဉ်ဘုရင်ကို ကျော်တက်ကာ သူတော်စင်အကျဉ်းထောင်ထဲမှ ထွက်၍ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့သွားကာ ကျန်းရီကို ရှာလိုခဲ့သည်။

သို့သော် ကျန်းရီက အလွန်အစွမ်းအစရှိနေလိမ့်မည်ဟု ရီဖျောင်ဖျောင် ထင်မထားခဲ့ပေ။ ကျန်းရီသည် အထက်ဘုံသို့ တက်လှမ်းလာနိုင်ခဲ့ရုံသာမက အထက်ဘုံ၏ နံပါတ်တစ် သိုင်းသမားလည်း ဖြစ်လာခဲ့သည်။ ယခုတွင် သူက ကောင်းကင်ဘုံတစ်ခွင်လုံးမှာပင် ကျော်ကြားနေပြီး တမလွန်ဘုံမျိုးနွယ်ကို အခက်တွေ့အောင် လုပ်နိုင်နေပေသည်။

ကီလိုမီတာတစ်သိန်း၊ ကီလိုမီတာငါးသောင်း... ကီလိုမီတာငါးထောင်...

ရီဖျောင်ဖျောင်၏ ခန္ဓာကိုယ်က ပို၍ ပို၍ တုန်ယင်လာသည်။ သူမကိုယ်ထဲမှ သွေးများလည်း ဆူပွက်နေသည်။ သွေးများမှာ ပုံမှန်ထက် ဆယ်ဆပိုမြန်စွာ စီးဆင်းနေသည်။ ယင်းမှာ ကျန်းရီက သူမတို့အရှေ့သို့ ရောက်နေပြီဆိုသော အဓိပ္ပာယ်ပင်။ သူမတို့၏ သွေးများက အပြန်အလှန် လှုံ့ဆော်နေကြခြင်းဖြစ်လေသည်။

“အာ...”

ဟယ်နုန်ယင်း၏ ကောင်းကင်စိတ်အာရုံက ပိုစွမ်းအားကြီး၏။ သူမ ရုတ်တရက် အာမေဋိတ်ပြုလိုက်သည်။ စွမ်းအားကြီး မိစ္ဆာမျိုးနွယ်ဝင်တစ်ယောက်က လူသားခန္ဓာ၊ သားရဲမျက်နှာရှိသော တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်ကို ဆွဲ၍ ပျံသန်းလာသည်ကို သူမ အာရုံခံမိလိုက်ခြင်းပင်။ သူတို့က အလွန်လျင်မြန်သဖြင့် နောက်အခိုက်အတန့်တွင် သူမတို့နှင့် ဆုံတော့မည်ဖြစ်သည်။ ထိုတမလွန်ဘုံမျိုးနွယ်ဝင်က ထိန်းမနိုင်သိမ်းမရ ငိုရှိုက်နေပေသည်။

ဝှစ်...

နောက်ဆုံးတွင် ဟယ်နုန်ယင်းတို့အရှေ့၌ လေခွင်းသံတစ်သံ ပေါ်ထွက်လာ၏။ ‌ငွေရောင်ဆံပင်၊ ငွေရောင်မျက်လုံးရှိသော မိစ္ဆာက တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်ကို ဆွဲ၍ ပျံသန်းလာသည်ကို သူမတို့ မြင်လိုက်ရသည်။

ထိုတမလွန်ဘုံမျိုးနွယ်က အလွန်အဆင့်နိမ့်သော တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်ပင်။ သူက လူသားခန္ဓာနှင့် သားရဲမျက်နှာ ရှိ၏။ ထိုအခိုက်တွင် သူ့မျက်နှာတွင် မျက်ရည်များ ရွှဲနေသည်။ သူ့အကြည့်က အရိပ်မဲ့ငှက်ပေါ်ရှိ ရီဖျောင်ဖျောင်အပေါ်တွင် ရှိနေသည်။ သူ့မျက်ဝန်းများထဲ၌ ခံစားချက်များစွာ ရောပြွန်းနေပေသည်။ ထိုမျက်ဝန်းများက သူ၏ ရှုပ်ထွေးသော ခံစားချက်များကို ဖော်ပြောနေသကဲ့သို့ပင်။

ရီဖျောင်ဖျောင်သည်လည်း အလွန်ခံစားချက်ပြင်းထန်နေသည်။ သူမသည် အရိပ်မဲ့ငှက်ကို ရပ်တန့်စေလိုက်ပြီး ခပ်လှမ်းလှမ်းရှိ တမလွန်ဘုံမျိုးနွယ်ဝင်ကို ကြည့်လိုက်၏။ သူမ လုံးဝ အံ့အားသင့်မနေပါ။ ထိုအစား ပြင်းပြသောချစ်ခြင်းနှင့် အဆုံးမဲ့သော အပြစ်ရှိစိတ်ကိုသာ ခံစားနေရပေသည်။

ရွှီး...

လူသားခန္ဓာ၊ သားရဲမျက်နှာရှိသော တမလွန်ဘုံမျိုးနွယ်ဝင်က အဖြူရောင်အလင်း လင်းလက်သွားပြီး ခံ့ညားသော လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ သူ အရှေ့သို့ သုံးကီလိုမီတာ ပျံသန်းလာပြီး ဟင်းလင်းပြင်ထဲတွင် ဒူးထောက်လိုက်သည်။ ထို့နောက် ငိုကြွေးရင်း ရိုခိုးဦးချလိုက်လေ၏။

“တာဝန်မကျေတဲ့သား ကျန်းရီ အမေ့ကို အရိုအသေပေးပါတယ်”

***

All Chapters