← Chapters

ဘယ်သူမှ အမေ့ကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး

Vol. 136 Ch. 1889

ဘယ်သူမှ အမေ့ကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး

Vol. 136 Ch. 1889

နှစ်ပေါင်းမည်မျှ ရှိခဲ့ပြီနည်း။

အထက်ဘုံအချိန်နှင့်ဆိုလျှင် နှစ်အနည်းငယ်သာ ရှိသေးသော်လည်း အနိမ့်ဘုံအချိန်နှင့်ဆိုလျှင် နှစ်ရာကျော်ခဲ့ပေပြီ။ ကျန်းရီဆိုလျှင် တစ်ဘဝစာ ကြာခဲ့ပြီဟုပင် ခံစားနေရသည်။ သူသည် သူ့အရှေ့ရှိ အမျိုးသမီးကို ကြည့်ရင်း အိပ်မက်မက်နေသည်ဟု ထင်နေမိပေသည်။

ကျန်းရီ ငယ်စဉ်က ကျန်းယွင်ဟိုင်သည် သူ့မိဘများမှာ သေဆုံးသွားပြီဟု ပြောခဲ့၏။ သူက မည်သူမှ မလိုချင်သော မိဘမဲ့တစ်ယောက်အဖြစ်သာ ကြီးပျင်းခဲ့ရသည်။ သူသည် ငယ်စဉ်ကတည်းက မိခင်အရှေ့တွင် ဂျီကျခွင့် ရခဲ့သော၊ အနိုင်ကျင့်ခံရသောအခါ ဖခင်ကို အကူအညီတောင်းနိုင်ခဲ့သော အခြားကလေးများကို အားကျခဲ့ရသည်။ သို့သော် သူ့တွင် မိဘမရှိခဲ့၊ အစေခံမလေးတစ်ယောက်သာ ရှိခဲ့သည်။ သူနှင့် ထိုအစေခံမလေးသည် ရှင်သန်နိုင်ရန် အပြန်အလှန်မှီခိုခဲ့ကြရသည်။ ပူဆွေးဝမ်းနည်းမှုများကိုမူ သူတစ်ယောက်တည်းသာ ကြိတ်ခံခဲ့ရပေသည်။

နောက်ပိုင်းတွင် သူ့ထံ၌ အဖေရှိသေးကြောင်း သူ သိခဲ့ရသည်။ သို့သော် ထိုအဖေက အလွန်နှလုံးသားမဲ့သဖြင့် သူ သူ့အဖေကို အသိအမှန်မပြုခဲ့ပါ။ ရီဖျောင်ဖျောင်က အသက်ရှင်နေသေးကြောင်း သိလိုက်ရပြီး ရီဖျောင်ဖျောင် ချန်ခဲ့သော ပုံရိပ်ကို တွေ့ခဲ့ရမှသာ သူ့သွေးများ ဆူပွက်ခဲ့သည်။ သူ့ရင်ထဲတွင်လည်း မျှော်လင့်ချက်တစ်ခု ရှိလာခဲ့သည်။ သူ ရီဖျောင်ဖျောင်ကို တွေ့အောင်ရှာမည်ဟုလည်း သန္နိဋ္ဌာန်ချခဲ့ပေသည်။

ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေထဲမှ ထွက်လာကတည်းက လေလွင့်နေခဲ့သည်ဟု ဆိုနိုင်၏။ သူ အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်ခဲ့ရပြီး အကြိမ်များစွာ လိုက်သတ်ခံခဲ့ရသည်။ သို့သော် မည်မျှပင်ပန်းပါစေ၊ အခြေအနေက မည်မျှအန္တရာယ်များပါစေ သူ တစ်ခါမှ လက်မလျှော့ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ရင်ထဲတွင် ရည်မှန်းချက်တစ်ခု ရှိနေခဲ့၍ပင်။ သူ ရီဖျောင်ဖျောင်ကို ရှာရမည်။ သူ သူမကို ရှာကိုရှာရပေမည်။

ကျန်းရီ အရှေ့ပိုင်းအထီးကျန်ပင်လယ်ကို ဖြတ်ခဲ့သည်၊ သွေးညအကြောက်တရားပင်လယ်ကို ဖြတ်သန်းခဲ့သည်၊ အပြစ်သားကျွန်းကို ရောက်ခဲ့သည်၊ နှင်းဒေသထဲတွင် လေလွင့်ခဲ့သည်။ နောက်ဆုံးမှ သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် အောင်မြင်မှုရခဲ့ပေသည်။ သို့သော် ရီဖျောင်ဖျောင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင် ရှိမနေဘဲ အထက်ဘုံတွင် ဖြစ်ကြောင်း သိခဲ့ရ၏။ သူမက သူတော်စင်ဝိညာဉ်တောင်အောက်၌ပင် အဖိခံထားရပြီး အထီးကျန်မှုနှင့် နာကျင်မှုကို နှစ်တစ်ထောင်ခံစားရမည်ဖြစ်သည်။

သို့ဖြင့် ကျန်းရီသည် ရီဖျောင်ဖျောင်ကို ရှာရန် မရင်းနှီးသော ခရီးသစ်တစ်ခုကို အစပြုခဲ့ရပြန်သည်။ သို့သော် အထက်ဘုံတွင် ကိစ္စများစွာ ကြုံတွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူ ရီဖျောင်ဖျောင်အနီးသို့ တစ်ကြိမ် ရောက်ခဲ့ရပြီး သူမ၏နောက်ကျောပြင်ကိုပင် တွေ့ခဲ့ရသည်။ နောက်ဆုံးတွင် သူ သူမနှင့် တွေ့ခွင့်မရခဲ့ပါ။

အမေနှင့်သားသည် နီးကပ်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့။ ယင်းမှာ မည်မျှဝမ်းနည်းဖွယ်ကောင်းပါသနည်း။ မည်မျှနာကျင်ဖွယ်ကောင်းပါသနည်း။

တော်သေးသည်မှာ...

ကျန်းရီ၏ ကြိုးစားအားထုတ်မှုများနှင့် ဇွဲရှိခဲ့မှုတို့က အသီးအပွင့်ကို ပေးလာပေပြီ။ ယခုတွင် သူနှင့် ရီဖျောင်ဖျောင်တို့ ဆုံရပြီဖြစ်သည်။ ကျန်းရီ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်နှက်နေသော်လည်း သူ့နှုတ်ခမ်းများကတော့ ခပ်ရေးရေး ပြုံးနေသည်။ ရီဖျောင်ဖျောင်နှင့် တွေ့ဆုံနိုင်ပြီဖြစ်၍ ဤဘဝတွင် သူ သေရမည်ဆိုလျှင်ပင် မည်သည့်နောင်တမှ မရှိတော့ပေ။

“သားလေး... အမေ့သားလေး”

ရီဖျောင်ဖျောင်သည် အရိပ်မဲ့ငှက်ပေါ်မှနေ၍ အရှေ့သို့ ပျံသန်းသွား၏။ သူမ ကျန်းရီဆီသို့ ဖြည်းဖြည်းချင်း သွားနေသည်။ ကျန်းရီအရှေ့သို့ ရောက်သောအခါ သူမ ထိုင်ချလိုက်ပြီး သူမ၏ကျောက်စိမ်းကဲ့သို့သော လက်ကလေးများနှင့် ကျန်းရီ၏ မျက်နှာကို ပွတ်သပ်ကြည့်ရန် ဟန်ပြင်လိုက်၏။

သို့သော် သူမသည် တစ်ချက်ထိမိလျှင် ထိုအိပ်မက်က ပျက်စီးသွားလိမ့်မည်ကို စိုးရိမ်သည့်အလား မထိဝံ့ဖြစ်နေသည်။ သူမ၏ မျက်ဝန်းများထဲမှ မျက်ရည်ပူများက မြစ်နှစ်စင်းအလား စီးကျလာပြီး သူမ၏ အဝတ်များကို စိုစွတ်စေနေသည်။ ထို့နောက် သူမ နှုတ်ခမ်းတုန်တုန်ယင်ယင်နှင့် ရေရွတ်လိုက်လေသည်။

“သားလေး.. တကယ်ပဲ သားလေးလား။ အမေ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်။ သားက တကယ်ပဲ အမေ့သားလေးလား”

ကျန်းရီ ကိုယ်ကိုမတ်လိုက်ပြီး ရီဖျောင်ဖျောင်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူ ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြန်ပြောလိုက်သည်။

“အမေ... သားက ကျန်းရီပါ။ သားက အမေ့သားပါ။ အမေ... နောက်ဆုံးတော့ သား အမေ့ကို ရှာတွေ့ပြီ”

“သားလေး... အမေတောင်းပန်ပါတယ်၊ အမေတောင်းပန်ပါတယ်”

ရီဖျောင်ဖျောင်သည် ကျန်းရီကို ဆွဲကာ ပွေ့ဖက်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ သူမ အဆက်မပြတ်လည်း ရေရွတ်နေသည်။

“သားလေး... အမေ့ကို ခွင့်လွှတ်ပေးပါ။ သားကို စွန့်ပစ်ခဲ့တဲ့ ဒီအမေ့ကို ခွင့်လွှတ်ပေးပါ။ သားကို ထားခဲ့တဲ့အတွက် အမေ့ကို ခွင့်လွှတ်ပေးပါ၊ ခွင့်လွှတ်...”

ရှိုက်ငင်မှုကြောင့် စကားပင် ကောင်းစွာ မပြောနိုင်တော့သောအခါ ကျန်းရီက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

“သားသိပါတယ်၊ သား အကုန်လုံးကို သိပါတယ်။ အမေ.. သား အမေ့ကို အပြစ်မတင်ပါဘူး။ အသုံးမကျခဲ့တဲ့၊ ကိုယ့်အမေကိုယ် သူတော်စင်ဝိညာဉ်တောင်‌အောက်ကနေ စောစောမကယ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်။ သား အမေ့ကို နှစ်ပေါင်းများစွာ ဒုက္ခခံစေမိခဲ့ပြီ။ အဲ့ဒါ အသုံးမကျခဲ့တဲ့ ဒီသားရဲ့ အပြစ်တွေပါ...”

“အဟမ်း... အဟမ်း...”

ထိုအခိုက်တွင် ဟယ်နုန်ယင်းက ရုတ်တရက် ချောင်းဖွဖွဟန့်လိုက်ပြီး ကျန်းရီနှင့် ရီဖျောင်ဖျောင်တို့၏ စကားစကို ဖြတ်လိုက်၏။

ဟယ်နုန်ယင်းသည် အမေနှင့်သား တွေ့ဆုံးမှုကို နှောင့်ယှက်လိုခြင်း မဟုတ်ပါ။ ရီဖျောင်ဖျောင်နှင့် ကျန်းရီထံတွင် ပြောစရာစကားများစွာရှိကြောင်း သူမသိသည်။ သို့သော် ယခုက ထိုစကားများ ပြောနေရမည့်အချိန် မဟုတ်ပေ။ သူတို့ ဆက်ပြောနေလျှင် မင်တဲက ဤနေရာသို့ ရောက်လာပေတော့မည်။ ထို့ကြောင့် သူမ ကျန်းရီကို သတိပေးလိုက်ရပေသည်။

“ကျန်းရီ... အခုက စကားပြော‌နေရမဲ့အချိန် မဟုတ်သေးဘူး။ တမလွန်ဘုံရဲ့ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင် မင်တဲက ကျွန်မတို့နောက်က လိုက်လာတယ်။ အလွန်ဆုံး ဆယ့်ငါးမိနစ်အတွင်း သူ လိုက်မီလာတော့မယ်။ သူ့တိုက်ခိုက်စွမ်းအားက မိုးပြာမဟာဧကရာဇ်နဲ့တောင် ယှဉ်နိုင်တယ်။ ရှင့်မှာ ကျွန်မတို့ကို ဒီက ခေါ်ထုတ်ပေးသွားနိုင်မဲ့ နည်းလမ်း ရှိလား”

“အာ...”

ကျန်းရီ ရုတ်တရက် ‌မော့ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲမှ မျက်ရည်များ ပျောက်ကွယ်သွားသည်။ သူ့မျက်နှာထားလည်း အေးစက်သွားသည်။ သူ ဟယ်နုန်ယင်း၊ သိမ်းငှက်ဘုရင်လေးနှင့် ထျန်းဖုန့်ဧကရာဇ်တို့ကိုကြည့်လိုက်၏။ ထို့နောက် ရီဖျောင်ဖျောင်၏ ကျောပြင်ကို ညင်သာစွာ ပုတ်၍ ပြောလိုက်သည်။

“အမေ... အရင်ထွက်သွားလိုက်ပါ။ သား နောက်မှ အမေနဲ့ ပြောပါမယ်”

ရီဖျောင်ဖျောင် ထရပ်လိုက်သည်။ သူမ သူမကိုယ်သူမ တည်ငြိမ်လာအောင် ကြိုးစားလိုက်ပြီး ကျန်းရီကို ကြည့်၍ ပြောလိုက်လေသည်။

“ရှောင်ရီ... သားမှာ မင်တဲကို ရှောင်ဖို့ နည်းလမ်းရှိလား”

“ရှိပါတယ်”

ကျန်းရီက ခပ်ရေးရေး ပြုံး၏။

“အမေ.. မစိုးရိမ်ပါနဲ့။ သားရှိနေရင် အမေ့ကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်စေရဘူး”

ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများလည်း လင်းလက်သွားသည်။ ကျန်းရီထံတွင် အမှန်ပင် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခု ရှိနေပေသည်။ သူက မင်တဲကိုပင် ရှောင်နိုင်သည်လော။

သို့သော် ကျန်းရီက မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့၏ လက်မှပင် လွတ်မြောက်နိုင်ခဲ့ခြင်းနှင့် တမလွန်ဘုံမျိုးနွယ် ထိန်းချုပ်ထားသော ဘုံတစ်ခုထဲတွင် တစ်နှစ်ကျော် ပုန်းအောင်းနေနိုင်ခဲ့ခြင်းကို တွေးကြည့်သောအခါ ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့ သဘောပေါက်သွားကြသည်။ သူတို့ ရင်ခုန်မြန်လာကြသည်။ သူတို့နှစ်ယောက်စလုံး မသေလိုကြပါ။ သူတို့သာ ကမ္ဘာဦး‌ကောင်းကင်ဘုံသို့ ထွက်ပြေးနိုင်မည်ဆိုလျှင် အလွန်ကောင်းသောကိစ္စ ဖြစ်ပေလိမ့်မည်။

“အရင်ဆုံး သားရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ပါ”

ကျန်းရီက လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သူ ဟွင့်သွမ့်ချီ ပုလဲကို ထုတ်၍ သူမတို့သုံးယောက်ကို အထဲထည့်ရန် ဟန်ပြင်လိုက်သည်။ ရီဖျောင်ဖျောင်က တုံ့ဆိုင်းမနေပါ။ သူမ၏သားကို သူမက မယုံမကြည်ဖြစ်နေရပါမည်လော။ သူမသည် အရိပ်မဲ့ငှက်နှင့် ပိုးကောင်များကို သိမ်းလိုက်ပြီး ဟွင့်သွမ့်ချီပုလဲထဲ ဝင်သွားလိုက်သည်။ ဟယ်နုန်ယင်းနှင့် သိမ်းငှက်ဘုရင်လေးတို့က တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေကြ၏။ သို့သော် နောက်ဆုံးတွင် သူတို့သည် ကျန်းရီကို ယုံကြည်ရန် ရွေးချယ်လိုက်ကြပေသည်။ သူတို့ကိုယ်တိုင်လည်း ထွက်မပြေးနိုင်သည် မဟုတ်ပါလား။

အမှန်တွင် ကျန်းရီ ယုံကြည်မှုမရှိပါ။ သို့သော် သူ ရီဖျောင်ဖျောင်ကို မည်သို့ စိုးရိမ်စေနိုင်မည်နည်း။ သူသည် သူမတို့သုံးယောက်ကို သိမ်းပြီးသည်နှင့် ထျန်းဖုန့်ဧကရာဇ်ကို အမိန့်ပေးလိုက်၏။

“သွားကြစို့”

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် ချက်ချင်းပင် ကျန်းရီကို ဆွဲခေါ်၍ ပျံသန်းသွားလိုက်၏။ ကျန်းရီဿည် မီးဝိညာဉ်ပုလဲကို ထုတ်ကာ အသံပို့လွှတ်လိုက်သည်။

“အရှင်ချီဟုန်... မင်တဲက ကျွန်တော့်ကို အာရုံခံမိထားပြီ။ အရှင့်မှာ ကျွန်တော့်ကို လွတ်မြောက်အောင် ကူညီပေးနိုင်မဲ့ နည်းလမ်းတစ်ခု ရှိပါသလား။ အရှင် ကျွန်တော့်ကို သုံးကြိမ်ကူညီပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒီတစ်ခေါက် ကျွန်တော့်ကို ကူညီပေးဖို့ တောင်းဆိုပါတယ်”

“ဟူး...”

ချီဟုန် သက်ပြင်းသဲ့သဲ့ချ၍ အသံပြန်ပို့လွှတ်လိုက်၏။

“မင်တဲက တမလွန်ဘုံရဲ့ စွမ်းအားအကြီးဆုံး တမလွန်ဘုံဘုရင်ပဲ။ သူက မင်းကို အာရုံခံမိထားပြီ၊ ပြီးတော့ ဒီနေရာက တမလွန်ဘုံရဲ့ ပိုင်နက်ထဲမှာပဲ ရှိနေသေးတယ်။ အာကာသဟင်းလင်းပြင်ထဲမှာ တမလွန်ဘုံအရှိန်အဝါတွေ ရှိနေတယ်။ မင်း လွတ်နိုင်မှာ မဟုတ်ဘူး။ ဖုန့်စစ်နဲ့ငါက မင်တဲကို မယှဉ်နိုင်ဘူး”

“ဗျာ...”

ကျန်းရီ မျက်နှာပျက်သွားသည်။ သူ သေရမည်ကို မမှုပါ။ သို့သော် ရီဖျောင်ဖျောင် ထိခိုက်သွား၍ မဖြစ်ပေ။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။

“အရှင် ကျန်တဲ့သူတွေကို လွတ်အောင် ကူညီပေးလို့ရမလား။ မင်တဲကို ကျွန်တော်နဲ့ ထျန်းဖုန့်ဧကရာဇ်တို့ ထိန်းထားပေးမယ်လေ”

“မင်းရဲ့ခေါင်းကိုသုံး။ မင်း သေသွားရင် လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ရဲ့ မျှော်လင့်ချက်က ပျက်သုဉ်းသွားလိမ့်မယ်။ သူတို့ အခုလွတ်သွားရင်တော့ နောက်ဆုံးကျ သေရမှာပဲ မဟုတ်လား”

ချီဟုန်က ဒေါသတကြီး မာန်မဲလိုက်၏။ ထို့နောက် သူ ခေတ္တမျှ တွေးတောကာ ဆက်ပြောလိုက်သည်။

“မင်းတို့ အရင်သွားလိုက်ကြပါ။ ငါပဲ မင်တဲကို ထိန်းထားပေးမယ်။ မှတ်ထားပါ... ငါ သူ့ကို အလွန်ဆုံး နေ့တစ်ဝက်ပဲ ထိန်းထားနိုင်မှာ။ မင်း နေ့တစ်ဝက်အတွင်း အလုံခြုံဆုံးနေရာတစ်ခုကို ရှာရမယ်။ ပြီးရင် ငါ မင်းကို လာရှာမယ်။ ဒီတစ်ခေါက် ငါ သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားမှာပဲ။ ကျန်းရီ မင်း သုံးနှစ်အတွင်း မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်အောင် ဒါမှမဟုတ် ငါ့ကို နတ်ဆိုးချောက်နက်ထဲ ပြန်ခေါ်သွားနိုင်အောင် ကြိုးစားရမယ်။ မဟုတ်ရင် ငါ့ဝိညာဉ်က ပျက်စီးသွားလိမ့်မယ်”

“ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ် အရှင်ချီဟုန်”

ကျန်းရီ ထပ်ခါထပ်ခါ ခေါင်းညိတ်၍ ပြောလိုက်၏။

“အရှင်ချီဟုန်... မစိုးရိမ်ပါနဲ့။ ကျန်းရီ သုံးနှစ်အတွင်း မီးအရင်းအမြစ်ကို ထိန်းချုပ်နိုင်အောင်၊ ဒါမှမဟုတ် အရှင့်ကို နတ်ဆိုးချောက်နက်ထဲ ပြန်ပို့ပေးနိုင်အောင် ကြိုးစားပါမယ်။ အဲ့လိုမလုပ်နိုင်ခဲ့ရင် ကျွန်တော် အသေဆိုးနဲ့ သေပါစေ”

“ကျိန်နေဖို့ မလိုပါဘူးကွာ”

မီးဝိညာဉ်ပုလဲထဲမှနေ၍ အလင်းတန်းတစ်တန်း ထွက်လာပြီး အဝေးသို့ ပျံသန်းသွားလိုက်သည်။ ချီဟုန်သည် ပျံသန်းရင်း အသံထပ်မံပို့လွှတ်လိုက်သည်။

“မင်းက ဝူမင် ရွေးချယ်ထားတဲ့သူပဲ။ မင်းက လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ရဲ့ မျှော်လင့်ချက်ပဲ။ ဒီတစ်ခေါက် ငါ့ရဲ့ဝိညာဉ် ပျက်စီးရရင်တောင် အ‌ရေးမကြီးဘူး။ အရေးကြီးတာက... မင်း မင်းရဲ့စွမ်းအားကို တိုးတက်အောင် ကြိုးစားဖို့ပဲ။ မင်း ဝူမင်နဲ့ ငါ့ရဲ့ကိုယ်စား လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်ကို ကာကွယ်ပေးရမယ်။ မင်း တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်ရမယ်။ မင်း အဲ့လိုမလုပ်နိုင်ရင် ငါ အေးအေးချမ်းချမ်း အနားယူနိုင်မှာ မဟုတ်ဘူး”

“သွားမယ်...”

ကျန်းရီ အံကြိတ်၍ ထျန်းဖုန့်ဧကရာဇ်ကို အော်ပြောလိုက်၏။ ချီဟုန်က မင်တဲကို တားပေးမည်ဖြစ်သော်လည်း အန္တရာယ်မကင်းသေးပေ။ ကျန်းရီ နေ့တစ်ဝက်အတွင်း ပုန်းအောင်းရန် အလုံခြုံဆုံးနေရာတစ်ခုကို ရှာရပေမည်။ မဟုတ်လျှင် သူတို့ သေရဦးမည်သာ။

***

All Chapters