← Chapters

အသက်ရှင်ရက် ပြန်သွားမည်

Vol. 136 Ch. 1890

အသက်ရှင်ရက် ပြန်သွားမည်

Vol. 136 Ch. 1890

နေ့တစ်ဝက်မှာ အလွန်ကြာသည်။ ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းနှင့်ဆိုလျှင် ကျန်းရီတို့ အလွန်ဝေးဝေးသို့ ပျံသွားနိုင်သည်။ သို့သော် လုံခြုံသော နေရာတစ်ခုကို ရှာရန်မှာမူ အလွန်ခက်ပေသည်။

အနီးတွင် ဘုံကြီးနှစ်ဘုံသာ ရှိ၏။ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့ ဖြစ်ကြသည်။ ကျန်းရီတို့ ထိုဘုံနှစ်ဘုံသို့ သွား၍မဖြစ်ကြောင်းကို ပြောနေရန်ပင် မလိုပေ။ သူတို့ ကမ္ဘာဦးကောင်းကင်ဘုံအထိ ထွက်ပြေးရန်လည်း မဖြစ်နိုင်ချေ။ မင်တဲ ပြန်လာသည်ကို ကြည့်လျှင် တမလွန်ဘုံမျိုးနွယ်စစ်တပ်ကလည်း ပြန်လာလောက်ပေပြီ။ ထိုစစ်တပ်သည် သူတို့အတွက် ထောင်ချောက်တစ်ခု ဆင်ထားနိုင်ပေသည်။

အနီးအနား၌ ဆန်းကြယ်နယ်မြေအနည်းငယ် ရှိ၏။ ထိုဆန်းကြယ်နယ်မြေများက သေချာပေါက် မလုံခြုံပေ။ ချီဟုန် လှုပ်ရှားလိုက်ပြီဆိုလျှင် မီးနဂါးဓားအကြောင်း ပေါ်သွားပေလိမ့်မည်။ ထိုအခါ ရှာဖွေမှုက ပို၍ အသေးစိတ်လာလောက်သည်။ တမလွန်ဘုံဘုရင်များအားလုံး ကျန်းရီတို့ကို ကိုယ်တိုင်လိုက်ရှာကြလောက်ပေသည်။

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် သူ့ထံတွင် ရွေးချယ်စရာသုံးခုသာရှိကြောင်း သိလိုက်ရ၏။ သူတို့ အနောက်ဘက်သို့ ဆက်ပျံသန်းသွားပြီး တမလွန်ဘုံ၏ ပိုင်နက်ထဲ တိုးဝင်ကာ ပုန်းအောင်းစရာနေရာတစ်ခု ရှာ၍ရသည်။ သို့မဟုတ် သူတို့ စွန့်စား၍ အနီးရှိ ဆန်းကြယ်နယ်မြေတစ်ခုထဲတွင် ပုန်းနေနိုင်သည်။ သူတို့ ကွေ့ပတ်သွားပြီး ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ဦးတည်ကာ တမလွန်ဘုံမျိုးနွယ်စစ်တပ်ထဲ ရောဝင်နိုင်၊ မနိုင်ကို ကြည့်နိုင်သည်။

နောက်ဆုံးတွင် ကျန်းရီသည် အလုံခြုံဆုံးလမ်းဖြစ်သော တမလွန်ဘုံ၏ ပိုင်နက်ထဲ ဆက်ပျံသန်းသွားရန်သာ ရွေးချယ်လိုက်ပေသည်။ သူ ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်းနှင့် အခြားသူများကို အထိခိုက်မခံနိုင်ပေ။ ထို့ကြောင့် စွန့်စား၍ မဖြစ်ပါ။

ဤတစ်ကြိမ်တွင် အနီးရှိ စစ်တပ်အားလုံး စစ်ချီသွားခဲ့ကြသည်။ အနောက်ဘက် အာကာသဟင်းလင်းပြင်ထဲတွင် တမလွန်ဘုံ၏ စစ်တပ်များစွာ ရှိမနေပေ။ အချိန်နေ့တစ်ဝက်ကလည်း သူတို့ အလွန်ဝေးဝေးသို့ ပျံသန်းသွားနိုင်ရန် လုံလောက်ပေသည်။

သို့ဆိုလျှင် မင်တဲနှင့် အခြားသူများက သူတို့ကို ရှာတွေ့ရန် ပိုခက်သွားပေလိမ့်မည်။ မင်တဲက အလုံးစုံသိမြင်သူ မဟုတ်ပေ။ သူ သူတို့ကို အာရုံမခံမိသ၍ သူတို့ သေချာပေါက် လွတ်မြောက်နိုင်မည်ဖြစ်သည်။

ထို့ပြင် အနောက်ဘက်သို့ ရောက်လေ၊ ရှာရမည့် ဧရိယာက ပိုကျယ်ပြန့်လာလေပင်။ အနောက်ဘက်တွင် ဆန်းကြယ်နယ်မြေများစွာ၊ ဘုံများစွာ ရှိသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုများက အများအပြားရှိလျှင်ပင် ကျန်းရီတို့‌ ကြောက်ရန်လိုမည် မဟုတ်ချေ။ တမလွန်ဘုံဘုရင်အရေအတွက်ကမူ အကန့်အသတ်ရှိသည် မဟုတ်ပါလား။

“ထျန်းဖုန့်ဧကရာဇ်.. အနောင်တောင်ဘက်ကို ပျံလိုက်။ ပတ်ဝန်းကျင်ကိုလည်း အာရုံစိုက်ထားပါ။ တမလွန်ဘုံမျိုးနွယ်က ထောက်လှမ်းရေးတွေ ခင်ဗျားကို သတိပြုမိမသွားစေနဲ့။ ဆန်းကြယ်နယ်မြေတွေနားကိုလည်း ကပ်မသွားနဲ့။ ခင်ဗျား အတွေ့ခံလိုက်ရရင် တွေ့သွားတဲ့ ထောက်လှမ်းရေးတွေကို ချက်ချင်း သတ်ပစ်လိုက်ပါ”

ကျန်းရီသည် စိတ်ပိုင်းဖြတ်ပြီးနောက် ထျန်းဖုန့်ဧကရာဇ်ကို အနောက်တောင်ဘက်သို့ ပျံသန်းခိုင်းလိုက်၏။ တမလွန်ဘုံမျိုးနွယ်က အနောက်မြောက်ဘက်တွင် ဖြစ်သည်။ ထို့ကြောင့် အနောက်တောင်ဘက်မှ ရှာဖွေမှုက အားနည်းလောက်ပေသည်။

“ကောင်းပါပြီ”

ထျန်းဖုန့်ဧကရာဇ်သည်လည်း သတိလက်လွတ်မဖြစ်ဝံ့ပါ။ ယင်းက သူနှင့် ဖုန့်နီ၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။ အကယ်၍ ကျန်းရီ သေသွားလျှင် အားလုံး သေရမည်ဖြစ်သည်။

ထျန်းဖုန့်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံက အဆုံးမဲ့ ဖြန့်ထွက်သွားသည်။ ယခင်တွင် ပတ်ဝန်းကျင်ကို ထောက်လှမ်းပေးသူမှာ ချီဟုန်ဖြစ်ခဲ့သည်။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံက ထျန်းဖုန့်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံထက် များစွာပိုအားကောင်းသည်။ ယခု ချီဟုန် မရှိတော့ရာ သူ သူ့ကိုယ်သူသာ အားကိုးရတော့သည်။ သို့သော် သူ့ကောင်းကင်စိတ်အာရုံကလည်း အားမနည်းပါ။ သူက ကောင်းကင်မိစ္ဆာဘုံ၏ မိစ္ဆာအရှင်‌လေးပါးထဲတွင် စွမ်းအားအကြီးဆုံး မိစ္ဆာအရှင် မဟုတ်ပါလား။

ထျန်းဖုန့်ဧကရာဇ်သည် အလင်းတန်းတစ်တန်းအလား အဆုံးစွန်အမြန်နှုန်းနှင့် ပျံသန်းနေ၏။ သူ အနီးတွင် ဆန်းကြယ်နယ်မြေတစ်ခုကို အာရုံခံမိလျှင် ချက်ချင်း ရှောင်တိမ်းသည်။ ဆန်းကြယ်နယ်မြေများအနီး၌ ထောက်လှမ်းရေးများ ရှိနေတတ်ရာ သူ အနီးသို့ ကပ်သွားလျှင် ရှာတွေ့ခံရပေလိမ့်မည်။

ကော်းကင်ဝိညာဉ်ဘုံ၏ အနောက်ဘက်တွင် အမှန်ပင် ထောက်လှမ်းရေးအနည်းငယ်သာ ရှိသည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ဟင်းဟင်းပြင်ထဲတွင် ပုန်းအောင်းနေကြသော တမလွန်ဘုံ၏ ထောက်လှမ်းရေးများကို အာရုံခံနေသည်။ ထျန်းဖုန့်ဧကရာဇ်က ရှန်းသွားမည်ကို သူ စိုးရိမ်ပေသည်။

သို့သော် ကျန်းရီ၏ စိုးရိမ်မှုမှာ မလိုအပ်ပါ။ ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ သူသည် ပျံသန်းရင်းဖြင့်ပင် ထောက်လှမ်းရေးများကို ခပ်လှမ်းလှမ်းမှပင် အလွယ်တကူ ရှောင်ရှားနိုင်ပေသည်။

ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းကလည်း ကြောက်မက်ဖွယ်ပင်။ သူသာ တစ်ဖြောင့်တည်း ပျံသန်းမည်ဆိုလျှင် လေး၊ ငါးရက်အတွင်း ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်သွားနိုင်သည်။ ထို့ကြောင့် နေ့တစ်ဝက်ဆိုသောအချိန်မှာ သူ အလွန်ဝေးသော နေရာသို့ ပျံသန်းနိုင်ရန် လုံလောက်ပါသည်။

ချီဟုန်က အမှန်ပင် စွမ်းအားကြီး၏။

ထျန်းဖုန့်ဧကရာဇ် နာရီနှစ်ဆယ်ကျော် ပျံသန်းပြီးနောက်တွင်ပင် သူတို့နောက်၌ မည်သည်မှ ဖြစ်ပျက်မလာသေးပေ။ မင်တဲလည်း သူတို့နောက်ကို လိုက်မလာသေးချေ။ ထို့ကြောင့် မင်တဲက ချီဟုန်၏ တားဆီးမှုကို ခံနေရကြောင်း ထင်ရှားသည်။ ချီဟုန်သည် မင်တဲကို နေ့တစ်ဝက် အချိန်ဆွဲပေးထားမည်ဟု ပြောခဲ့သည်။ သူ့ကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သေချာပေါက် လိမ်လိမ့်မည် မဟုတ်ပေ။

နာရီနှစ်ဆယ်ကျော်ပျံသန်းပြီးနောက် ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို တောင်ဘက်လှည့်စေလိုက်၏။ သူတို့ လမ်းကြောင်း ပြောင်းနေလျှင် ရန်သူများက သူတို့ကို ရှာရန် ပိုခက်သွားပေလိမ့်မည်။

နေ့တစ်ဝက်...

ကျန်းရီသည် သူတို့ မည်မျှဝေးဝေး ပျံသန်းခဲ့ပြီကို မသိပေ။ ချီဟုန် သတ်မှတ်ပေးလိုက်သော အချိန်က ပြည့်သွားပြီဖြစ်သော်လည်း ကျန်းရီ မရပ်တန့်သေးပေ။ သူ ပိုဝေးဝေးပျံနိုင်လေ၊ ပိုလုံခြုံလေပင်။ ယခုအထိ သူတို့ ပုန်းအောင်းရန် သင့်တော်သော နေရာတစ်ခုကို ရှာမတွေ့သေးချေ။

ကျန်းရီသည် ပျံသန်းနေရင်း ထျန်းဖုန့်ဧကရာဇ်ကို အနောက်တောင်ဘက်သို့ ပြန်ဦးတည်ရန် ပြောလိုက်၏။ သူ အနောက်ကို လှည့်ကြည့် လှည့်ကြည်နှင့်လည်း စိတ်မသက်မသာ ဖြစ်နေရသည်။ မင်တဲက သူတို့ကို မီလာမည်ကို သူ မစိုးရိမ်ပါ။ သူ စိုးရိမ်သည်မှာ ချီဟုန်ကိုဖြစ်သည်။

ချီဟုန်က စွမ်းအားကြီးကြောင်း သံသယဖြစ်စရာ မရှိပေ။ သို့သော် သူက ဝိညာဉ်သာဖြစ်ရာ သူ့တိုက်ခိုက်စွမ်းအားမှာ များစွာလျော့ကျနေသည်။ သူသည် သေချာပေါက် မင်တဲ၏ ပြိုင်ဘက် မဟုတ်ချေ။ အကယ်၍ သူသာ မင်တဲ၏ သတ်ဖြတ်မှုကို ခံလိုက်ရပါက မီးနဂါးဓားတွင် အသုံးအဆောင်ဝိညာဉ်မဲ့သွားပေလိမ့်မည်။ အသုံးအဆောင်ဝိညာဉ်မရှိလျှင် မီးနဂါးဓားက ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက် ဖြစ်နိုင်ပါဦးမည်လော။

နောက်ထပ်ဆယ်နာရီ ကုန်ဆုံးသွား၏၊ နာရီနှစ်ဆယ် ကုန်ဆုံးသွား၏၊ ထို့နောက် နာရီသုံးဆယ် ကုန်ဆုံးသွားလေ၏။

ချီဟုန် ပြန်ရောက်မလာသေး။ ထို့ကြောင့် ကျန်းရီ မျက်နှာပျက်လာသည်။ ချီဟုန်က သူ့အတွက် ကြီးမားသောကျေးဇူးတစ်ခု ပြုလိုက်ပေပြီ။ ချီဟုန်သည် ခံစားချက်ကင်းမဲ့ပုံ ပေါ်သော်လည်း အမှန်တွင် အလွန်ကြင်နာတတ်သူတစ်ယောက်ပင်။ ကျန်းရီသည် ချီဟုန်က သူ့ကို စမ်းသပ်နေခြင်းဖြစ်ကြောင်းသိသည်။ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်အတွက် ချီဟုန်က သူ့ကို ပိုသန်မာလာစေလိုသည်။ ထို့ကြောင့် ကျန်းရီသည်လည်း ချီဟုန် တစ်ခုခု ဖြစ်သွားမည်ကို မလိုလားပေ။

“ကျုပ်တို့ အရှေ့ကို ဆက်ပျံသန်းနေဦးမှာလား။ ကျုပ် အမှတ်မမှားရင် အရှေ့မှာ ဘုံကြီးတစ်ဘုံဖြစ်တဲ့ ကောင်းကင်ကျောက်စိမ်းဘုံ ရှိတဲ့ပုံပဲ”

ထျန်းဖုန့်ဧကရာဇ်က ရုတ်တရက် ပြောလိုက်၏။ သူသည် အနီးမှ ဘုံများကို ခပ်ရေးရေး မှတ်မိသည်။ အရှေ့မှ ဘုံကို မမြင်နိုင်သေးသော်လည်း မိုးမြေဝိညာဉ်စွမ်းအင် စီးဆင်းမှုကို အာရုံခံနိုင်နေပြီဖြစ်သည်။

“အဲ့ဘုံထဲကို မဝင်နဲ့”

ကျန်းရီက အလွန်ပြတ်သားစွာ အမိန့်ပေးလိုက်၏။

“အဲ့ဘုံကို ပတ်ပြီး တောင်ဘက်ကို သွားလိုက်”

ဤကိစ္စက အကြီးအကျယ် ဖြစ်နေပေပြီ။ မင်တဲက သေချာပေါက် အလွှတ်ပေးလိမ့်မည် မဟုတ်ပေ။ သူ ဘုံအားလုံးကို ပိုက်စိပ်တိုက် ရှာပေလိမ့်မည်။ အကယ်၍ ကျန်းရီသာ ထိုဘုံထဲ ဝင်လိုက်လျှင် သေချာပေါက် ရှာတွေ့ခံရကာ အသတ်ခံရမည်ဖြစ်သည်။

ထျန်းဖုန့်ဧကရာဇ်သည် တောင်ဘက်သို့ ဦးတည်ရာပြောင်း၍ ထိုဘုံကို ကွေ့ပတ်သွားလိုက်၏။ ထိုစဉ် ကျန်းရီ မေးလိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်... ကောင်းကင်ကျောက်စိမ်းဘုံနားမှာ ပုန်းလို့အဆင်ပြေမဲ့ ဆန်းကြယ်နယ်မြေတွေ ရှိလား။ ဒါမှမဟုတ် မြေရိုင်းတွေပေါ့၊ ချော်ရည်မြေရိုင်းတစ်ခုဆို အကောင်းဆုံးပဲ”

မီးတောက်များမှာ တမလွန်ဘုံမျိုးနွယ်၏ သဘာဝရန်သူဖြစ်သည်။ ကျန်းရီကမူ မီးတောက်များကို မကြောက်ဆုံးဖြစ်သည်။ အကယ်၍ အနီးတွင် ချော်ရည်မြေရိုင်းတစ်ခု ရှိပါက သူတို့ အချိန်တစ်ခုအထိ လုံခြုံလောက်ပေသည်။

“ကျုပ်မသိဘူး...”

ထျန်းဖုန့်ဧကရာဇ်က တစ်ခဏမျှ တွေးတောကာ ပြန်ပြောလိုက်၏။

“နှစ်ထောင်ချီ ကြာခဲ့ပြီဆိုတော့ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ ဖြစ်ကုန်ပြီ။ ပြီးတော့ ဒီဘုံနားမှာ ချော်ရည်မြေရိုင်းတစ်ခု ရှိခဲ့ဖူးတယ်လို့ ကျုပ် မမှတ်မိဘူး”

“အဲ့လိုဆိုလည်း ကောင်းပြီ”

ကျန်းရီ အတန်ငယ်စိတ်ပျက်ဟန်နှင့် ပြောလိုက်သည်။

“ကောင်းကင်ကျောက်စိမ်းဘုံနဲ့ ဝေးဝေးကိုသာ ဆက်ပျံလိုက်ပါ။ လမ်းတစ်လျှောက်မှာ မြေရိုင်းတစ်ခုခု ရှိမလား ကြည့်ကြည့်ပေါ့”

“အရှေ့မှာ ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့ ရှိနေတယ်”

မိုင်တစ်သောင်း ပျံသန်းပြီးနောက် ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများက ရုတ်တရက် လင်းလက်လာ၏။ သူ လေသံတိုးတိုးနှင့် ပြောလိုက်သည်။

“သခင်... သခင်ရဲ့ အရှိန်အဝါကို ဖုံးကွယ်လိုက်ပါ။ ကျုပ် လျှို့ဝှက်ပြီး ပတ်သွားလိုက်မယ်။ ကောင်းကင်ကျောက်စိမ်းဘုံက သတင်းရထားလို့ စပြီး ရှာနေတဲ့ပုံပဲ”

ကျန်းရီ သူ့အရှိန်အဝါကို လျင်မြန်စွာ ဖုံးကွယ်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်ကလည်း သူ့အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။ ထို့နောက် သူတို့သည် လေပြေတစ်ချက်အလား အရှေ့တောင်ဘက်သို့ ပျံသန်းကာ ခပ်လှမ်းလှမ်းမှ ကင်းလှည့်တပ်ဖွဲ့ကို ကွေ့ရှော်သွားလိုက်သည်။ ပြီးမှ သူတို့ ‌တောင်ဘက်သို့ ဆက်ပျံသန်းလိုက်ပေသည်။

ဝှစ်...

နှစ်နာရီကြာပြီးနောက် အနောက်မှနေ၍ အလင်းတန်းတစ်တန်း ပျံသန်းလာ၏။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံလိုက်ကြသည်။ သူတို့ ချက်ချင်းပင် ဝမ်းသာသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ချီဟုန် ပြန်လာ၍ပင်။

ချီဟုန်သည် မီးဝိညာဉ်ပုလဲထဲ တိုက်ရိုက်ပျံဝင်ကာ ချက်ချင်း အသံပို့လွှတ်လိုက်သည်။

“ဒီနေရာကနေ မြန်မြန်ထွက်သွားတော့။ မင်တဲက ငါ့အရှိန်အဝါကို ခြေရာခံနိုင်တယ်။ သူ ဒီကို ရောက်လာလောက်တယ်။ ဒါပေမဲ့ သူ ဒီကို ရောက်ဖို့ နေ့တစ်ဝက်လောက်တော့ လိုမှာပါ။ ကောင်လေး... ဘယ်ဘုံထဲကိုမှ မဝင်ဖို့ မှတ်ထားပါ။ ပြီးတော့ ပုန်းလို့အဆင့်ပြေမဲ့ နေရာတစ်ခုကိုလည်း အမြန်ဆုံးရှာပါ။ မကြာခင် လိုက်ရှာမဲ့တပ်တွေ ပိုများလာလိမ့်မယ်။ ပြီးတော့... ငါ့စွမ်းအင်က ကုန်တော့မယ်။ ခဏနေရင် ငါ အိပ်မောကျသွားမှာ။ တကယ်လို့ ငါ သုံးနှစ်အတွင်း မီးအရင်းအမြစ်ကို မရဘူးဆိုရင် ပြန်နိုးထလာနိုင်တော့မှာ မဟုတ်ဘူး။ အဲ့ကျရင် မင်း မင်းကိုယ်မင်းပဲ မှီခိုရလိမ့်မယ်”

“အရှင်ချီဟုန်... အရှင် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ကျန်းရီသည် အသံပြန်ပို့လွှတ်၍ အလွန်ပြတ်သားစွာ ပြောလိုက်လေသည်။

“အရှင် စိတ်အေးအေးနဲ့ အနားယူနေပါ။ ကျန်တာတွေကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ ကျွန်တော် သေချာပေါက် အသက်ရှင်ရက် ပြန်သွားမှာပါ”

***

All Chapters