← Chapters

မြေရိုင်း

Vol. 136 Ch. 1891

မြေရိုင်း

Vol. 136 Ch. 1891

ချီဟုန်ကဲ့သို့ စွမ်းအားကြီးသော ကူညီသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသော်လည်း ကျန်းရီ စိတ်လှုပ်ရှားမသွားသလို ကြောက်လည်း ကြောက်မသွားပေ။ သူသည် အခြားသူများအပေါ် မှီခိုရခြင်းကို နေသားမကျနိုင်ချေ။ သူ ငယ်စဉ်ကတည်းက မည်သူ့အပေါ်မှ မမှီခိုဘဲ အရာအားလုံးတွင် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးခဲ့သည်။ လက်တွင် ဓားဆွဲကိုင်၍သာ သွေးလမ်းခင်းခဲ့သည်။

ယခုတွင် ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို ဆွဲခေါ်၍ တောင်ဘက်သို့ ပျံသန်းနေသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ဆန်းကြယ်နယ်မြေတစ်ခု ရှာရန် မပြောတော့ပေ။ ချီဟုန်က မင်တဲမှာ သူ့အရှိန်အဝါကို ခြေရာခံ၍ သူ့ကိုရှာတွေ့နိုင်သည်ဟု ပြောခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် အနီးပတ်ဝန်းကျင်က မလုံခြုံလောက်တော့ပေ။ ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်၏ ပိုင်နက်ထထဲ ပိုနက်နက်ရှိုင်းရှိုင်းသာ သွား၍ တမလွန်ဘုံမျိုးနွယ်ဝင်များ သူ့ကို ရှာရခက်အောင် လုပ်လိုနေသည်။ သို့သော် အနာဂတ်တွင် မည်သို့လုပ်မည်နည်း။ မည်သို့ပြန်မည်နည်း။ ယင်းတို့မှာ နောင်ခါလာ၊ နောင်ခါဈေးပင်။

ထျန်းဖုန့်ဧကရာဇ်က တစ်ခဏပင် အနားမယူခဲ့ပေ။ သူသည် ကျန်းရီကို ခေါ်၍ ကောင်းကင်ကျောက်စိမ်းဘုံ၏ တောင်ဘက်မှနေ၍ အနောက်ဘက်သို့ ပတ်သွားပြီးမှ အ‌နောက်ဘက်တည့်တည့် ဆက်ပျံသန်းသွားလိုက်သည်။

လေးရက်၊ ငါးရက် ပျံသန်းပြီး အခြားဘုံကြီးတစ်ခုကို ပတ်ရှောင်ပြီးနောက် ကျန်းရီသည် ရပ်တန့်ရန် အမိန့်ပေးလိုက်၏။ ထို့နောက် ပုန်းအောင်းရန် အနီးရှိ ဆန်းကြယ်နယ်မြေများကို ရှာစေလိုက်သည်။

အချိန်များစွာ ကုန်ခဲ့ပေပြီ။ တမလွန်ဘုံမျိုးနွယ်ဝင်များကလည်း ကျန်းရီတို့ကို အကြီးအကျယ် လိုက်ရှာနေလောက်ပြီဖြစ်သည်။ သူတို့ ဟင်းလင်းပြင်ထဲတွင် ဆက်ပျံနေမည်ဆိုလျှင် ပေါ်သွားနိုင်ခြေများသည်။ သူတို့ ဘုံကြီးနှစ်ခုကို ပတ်ရှောင်ခဲ့စဉ်က လိုက်ရှာနေသူများစွာကို မနည်းရှောင်ခဲ့ရသည်။ ရှာဖွေမှုများမှာလည်း ပို၍ ပြင်းထန်လာဖို့သာ ရှိသည်။ ထို့ကြောင့် ဦးတည်ချက်မရှိ ဆက်သွားနေရန် မလွယ်တော့ပေ။ ကျန်းရီသည်လည်း ထပ်မံ၍ လိုက်သတ်မခံလိုချေ။

ဆန်းကြယ်နယ်မြေတစ်ခုကို ရှာရန်မှာ လွယ်ကူ၏။ သို့သော် ပုန်းအောင်းရန်သင့်တော်သော ဆန်းကြယ်နယ်မြေတစ်ခုကိုမူ ရှာတွေ့ရန် မလွယ်ပေ။ ထျန်းဖုန့်ဧကရာဇ်သည် အနီးပတ်ဝန်းကျင်တွင် လှည့်ပတ်ရှာနေ၏။ သို့သော် ဆန်းကြယ်နယ်မြေများအနီးသို့ မဆင်မခြင်တော့ ကပ်မသွားဝံ့ချေ။ ဆန်းကြယ်နယ်မြေတစ်ခု အနီးတွင် တမလွန်ဘုံအရှိန်အဝါ သိပ်သည်းနေကြောင်း ခံစားရလျှင် သူ ဆက်မစူးစမ်းဝံ့တော့ပေ။

တမလွန်ဘုံအရှိန်အဝါ ရှိနေလျှင် တမလွန်ဘုံမျိုးနွယ်ဝင်အချို့လည်း ရှိနိုင်သည်။ အကယ်၍ တမလွန်ဘုံမျိုးနွယ်တွင် ဆက်သွယ်ရေးအထူးနည်းလမ်းတစ်ခု ရှိလျှင် သူတို့အကြောင်း ချက်ချင်း ပေါ်သွားပေလိမ့်မည်။ သံသယအဝင်ခံရလျှင်ပင် ဒုက္ခများသွားနိုင်သေးသည်။

“သခင်... အရှေ့မှာ မြေရိုင်းတစ်ခု ရှိပါတယ်”

နေ့တစ်ဝက်ကြာပြီးနောက် ထျန်းဖုန့်ဧကရာဇ်က သတင်းကောင်းတစ်ခု ပေးလာ၏။ ကျန်းရီ စိတ်အားတက်သွားသည်။ မြေရိုင်းတစ်ခုထဲတွင် မည်သည့်သက်ရှိမှ မရှိနိုင်ပေ။ ထိုကဲ့သို့သော နေရာမျိုးမှာ ပုန်းအောင်းရန် အကောင်းဆုံးဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်ဝင်များက ထိုနေရာများကို သာမန်ကာလျှံကာသာ ရှာကြပေလိမ့်မည်။

ကျန်းရီ ခပ်သွက်သွက် မေးလိုက်သည်။

“အဲ့မြေရိုင်းက အန္တရာယ်များလား။ ဘယ်လို မြေရိုင်းမျိုးလဲ။ ကျွန်တော်တို့ အဲ့မှာ ပုန်းနိုင်မလား”

ထျန်းဖုန့်ဧကရာဇ်သည် ဆက်ထောက်လှမ်းရင်း ကျန်းရီကို ဆွဲခေါ်၍ အရှေ့သို့ ပျံသန်းသွား၏။ တစ်ချိန်တည်းမှာပင် သူ ရှင်းပြလိုက်သည်။

“ကျုပ်တို့ အဲ့မှာ ပုန်းနိုင်မယ်တော့ မထင်ဘူး။ သခင့်ဘာသာ ကြည့်ကြည့်လိုက်ပါ”

ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်၏။ မကြာခင်မှာပင် သူ့မျက်နှာထားက ခါးသီးသွားသည်။ သူ့အရှေ့တွင် အမှန်ပင်‌‌ မြေရိုင်းတစ်ခု ရှိနေသည်။ သို့သော် မည်သည့်သက်ရှိမှ ထိုမြေရိုင်းထဲတွင် နေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော ထိုမြေရိုင်းထဲမှ အပူချိန်က အလွန်နိမ့်ပင်။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံပင် မြေရိုင်းအတွင်းအပိုင်းအထိ ထိုးဖောက်အာရုံမခံနိုင်ပေ။ မြေရိုင်းအနီးသို့ ရောက်လာသောအခါတွင်လည်း သူ့စိတ်ဝိညာဉ်က အေးခဲသွားတော့မလို ရူးရှသော နာကျင်မှုကို ခံစားလိုက်ရလေသည်။

မြေရိုင်းထဲမှ အပူချိန်က မည်မျှ နိမ့်ပါသနည်း။ တွေးမကြည့်နိုင်လောက်အောင်ပင်။ ထျန်းဖုန့်ဧကရာဇ်ပင် မြေရိုင်းထဲဝင်သွားလျှင် ရေခဲရုပ်တုဖြစ်သွားနိုင်လောက်ပေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ထျန်းဖုန့်ဧကရာဇ်နှင့် ကျန်းရီတို့သည် မြေရိုင်းနှင့် မိုင်ရာကျော်အကွာသို့ ရောက်သောအခါ ပတ်ဝန်းကျင်အပူချိန်က ကြောက်မက်ဖွယ် အဆင့်အထိ နိမ့်ကျသွားကြောင်းကို ခံစားလိုက်ကြရသည်။ ကျန်းရီသာ ကိုယ်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်၍ အအေးဓာတ်ကို ခုခံမနေလျှင် တစ်ကိုယ်လုံး လှုပ်နိုင်တော့မည် မဟုတ်ချေ။

“အနီးကို ထပ်ကပ်သွားကြည့်တာပေါ့”

အနီးသို့ ရောက်လာလေ၊ အပူချိန်က ပိုနိမ့်လာလေပင်။ သူတို့ မြေရိုင်းနှင့် မိုင်အနည်းငယ်အကွာသို့ ရောက်သောအခါ ထျန်းဖုန့်ဧကရာဇ်က ခေါင်းခါ၍ အသံပို့လွှတ်လိုက်သည်။

“သခင်... ကျုပ်တို့ အရှေ့ဆက်သွားလို့ဖြစ်ဘူး။ မြေရိုင်းထဲ ဝင်သွားလို့လည်း မဖြစ်ဘူး။ ကျုပ်တို့ အထဲဝင်သွားလိုက်ရင် ရေခဲရုပ်တုတွေ ဖြစ်သွားလိမ့်မယ်။ ကျုပ်တို့ တခြားနေရာရှာတာ ပိုကောင်းလိမ့်မယ်”

“ပြန်ဆုတ်မယ်...”

ကျန်းရီ၏ တစ်ကိုယ်လုံးက စတင် အေးခဲလာပြီဖြစ်သည်။ သူ ပါးစပ်ပင် မဟနိုင်သဖြင့် အသံသာ ပို့လွှတ်လိုက်ရသည်။ ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီ၏အမိန့် ရသည်နှင့် လျင်မြန်စွာ ပြန်ဆုတ်လိုက်သည်။ သူတို့ မိုင်တစ်ရာအကွာသို့ ပြန်ရောက်မှသာ မျက်နှာများ သွေးရောင်ပြန်သန်းလာကြသည်။ သူတို့သည် အံ့အားသင့်နေသော မျက်ဝန်းများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုမြေရိုင်းက အဘယ်သို့သော မြေရိုင်းမျိုးနည်း။ အဘယ်ကြောင့် ထိုမျှအေးစက်နေရသနည်း။

“ထျန်းဖုန့်ဧကရာဇ်...”

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို မျှော်လင့်တကြီးကြည့်၍ ပြောလိုက်၏။

“ခင်ဗျား အဲ့မြေရိုင်းထဲမှာ ခဏလောက် တောင့်ခံနိုင်မလား။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို သန့်စင်လိုက်ပါ”

မြေရိုင်းထဲမှ အပူချိန်မှာ အလွန်နိမ့်သဖြင့် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အထဲကို ဖောက်မဝင်နိုင်ပေ။ ထျန်းဖုန့်ဧကရာဇ်ပင် အထဲကို စေ့စေ့စပ်စပ် အာရုံမခံနိုင်ပါ။ တမလွန်ဘုံမျိုးနွယ်၏ တမလွန်ဘုံအရှိန်အဝါကလည်း အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းမြေရိုင်းထဲတွင် ပုန်းအောင်းနေလျှင် အလွန်လုံခြုံနိုင်သည်။ တမလွန်ဘုံဘုရင်တစ်ပါး ရောက်လာလျှင်ပင် သူ ၎င်းမြေရိုင်းထဲ ဝင်ဝံ့လိမ့်မည် မဟုတ်ပေ။

ကျန်းရီတို့ ထိုမြေရိုင်းထဲတွင် အကြာကြီး ပုန်းအောင်းနေရန် မလိုပါ။ အလုံးအရင်းနှင့် ရှာဖွေမှု အကြိမ်အနည်းငယ်ကို ကျော်ဖြတ်နိုင်လိုက်လျှင် ကျန်းရီက သူ့ကိုယ်သူ တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ လျှို့ဝှက်၍ ပြန်သွားနိုင်ရန် နည်းလမ်းရှာနိုင်ပေသည်။

“တောင့်မခံနိုင်ပါဘူး...”

ထျန်းဖုန့်ဧကရာဇ်၏ အဖြေက ကျန်းရီကို စိတ်ပျက်သွားစေ၏။ ထျန်းဖုန့်ဧကရာဇ်က ရှင်းပြသည်။

“သခင်.. အထဲမှာ ရေခဲအရင်းအမြစ်တစ်ခု ရှိနေနိုင်ပါတယ်။ မဟုတ်ရင် အပူချိန်က အဲ့လောက်နိမ့်နေမှာ မဟုတ်ဘူး။ ကျုပ်ရဲ့ ကောင်းကင်စိတ်အာရုံတောင် အထဲကို မစူးစမ်းနိုင်ဘူး။ ရေခဲအရင်းအမြစ်က မီးအရင်းအမြစ်လိုပဲ ကြောက်စရာကောင်းတယ်။ ကျုပ် ဝင်တော့ ဝင်သွားနိုင်လောက်ပါတယ်။ ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်လောက်ပဲ နေနိုင်လိမ့်မယ်။ ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်လောက်နဲ့ ဘာမှထူးသွားမှာ မဟုတ်ဘူး မဟုတ်လား”

“ရေခဲအရင်းအမြစ်လား”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ထို့နောက် သူ နားလည်သွားသည်။ ထျန်းဖုန့်ဧကရာဇ်၏ ခန့်မှန်းချက်က မှန်လောက်သည်။ ဤလောကထဲတွင် ရေခဲအရင်းအမြစ်မှလွဲ၍ မည်သည့်နေရာ၏ အပူချိန်က ထိုမျှနိမ့်နေမည်နည်း။

ထျန်းဖုန့်ဧကရာဇ်က မီးအရင်းအမြစ်ကို တောင့်မခံနိုင်ခဲ့လျှင် ရေခဲအရင်းအမြစ်ကိုလည်း တောင်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ကျန်းရီ အတန်ငယ် နှမြောနေမိသည်။ သူသည်လည်း ရေခဲအရင်းအမြစ်ကို တောင်ခံနိုင်လောက်မည် မဟုတ်ချေ။

ကျန်းရီ ထျန်းဖုန့်ဧကရာဇ်ကို အခြားတစ်နေရာ လိုက်ရှာရန် လက်ဝှေ့ယမ်းပြလိုက်သည်။ သို့ဖြင့် သူတို့နှစ်ယောက် အဝေးသို့ ပျံသန်းသွားကြသည်။ ကျန်းရီသည် ပုန်းအောင်းရန် နေရာကောင်းတစ်ခုထဲ မဝင်နိုင်ခဲ့၍ နှမြောနေမိဆဲပင်။ ယင်းမှာ အလွန်နှမြောစရာကောင်းပေသည်။

“အန်...”

နာရီအနည်းငယ် ပျံသန်းပြီးနောက် ထျန်းဖုန့်ဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူ အသံပို့လွှတ်လိုက်သည်။

“ဟိုဘက်ကနေပြီး စစ်တပ်ကြီးတစ်တပ် လာနေပါတယ်။ သခင်... သခင့်ရဲ့ အရှိန်အဝါကို ဖုံးကွယ်လိုက်ပါ။ ကျုပ် စစ်တပ်ကို ပတ်ရှောင်သွားလိုက်ပါမယ်”

ကျန်းရီ သတိလက်လွတ် မဖြစ်ဝံ့ပေ။ ထျန်းဖုန့်ဧကရာဇ်၏ အသံထဲတွင် စိုးရိမ်သည့်လေသံပါနေသည်။ သို့ဖြစ်ရာ ထိုစစ်တပ်က အမှန်ပင် ကြီးလောက်သည်။ ထို့ပြင် စွမ်းအားကြီးသူများလည်း ပါလာလောက်သည်။ စစ်တပ်ထဲတွင် တမလွန်ဘုံဘုရင်ပင် ပါလာနိုင်ပေသည်။

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် လျင်မြန်စွာ နောက်ပြန်လှည့်၍ ထိုစစ်တပ်ကို ပတ်ရှောင်သွားရန် ဟန်ပြင်လိုက်၏။ တစ်နာရီကြာ ပျံသန်းပြီးနောက် သူ့မျက်နှာထားက ထပ်မံအေးစက်သွားပြန်သည်။ သူ တီးတိုး ဆဲဆိုလိုက်သည်။

“လခွမ်းပဲ... ဘာလို့ အနီးမှာ တမလွန်ဘုံမျိုးနွယ်စစ်တပ်တွေ အများကြီး ရှိနေရတာလဲ။ မင်တဲက ကျုပ်တို့ ဒီအနားမှာ ရှိနေတာကို သိသွားပြီလား။ တမလွန်ဘုံဘုရင်တွေတောင် ဒီနားမှာ ကိုယ်တိုင်လိုက်ရှာနေကြတယ်”

“အာ..”

ကျန်းရီ၏ မျက်နှာထားက တည်သွားသည်။ မင်တဲက ဆန်းကြယ်စွမ်းရည်တစ်ခုကို သုံး၍ သူတို့ရှိနေသော နေရာကို အာရုံခံနိုင်လျှင် သူတို့ ထွက်ပြေးနေလျှင်လည်း အသုံးဝင်တော့မည် မဟုတ်ချေ။ သူတို့ သေရန် ‌စောင့်နေသည်ကမှ သက်သာလိမ့်ဦးမည်။

‘တစ်ခုခုတော့ မှားနေပြီ...’

ကျန်းရီသည် တစ်စုံတစ်ခု မှားနေပြီဟု ခံစားမိ၏။ အကယ်၍ မင်တဲက သူတို့ ဤအနီးတစ်ဝိုက်တွင် ရှိနေကြောင်း သေချာလျှင် သူကိုယ်တိုင် လာရှာသင့်သည် မဟုတ်လော။ အဘယ်ကြောင့် စစ်တပ်များကိုသာ စေလွှတ်လိုက်ရသနည်း။

ဝှစ်...

ထျန်းဖုန့်ဧကရာဇ်သည် ဦးတည်ချက် ထပ်ပြောင်း၍ ချဉ်းကပ်လာသည့် စစ်တပ်ကို ပတ်ရှောင်လိုက်၏။ သို့သော် နာရီအနည်းငယ်ကြာအောင် ပျံသန်းပြီးနောက် သူ ထပ်မံရပ်တန့်ကာ လေးလေးနက်နက် ပြောလိုက်လေသည်။

“သခင်... ကျုပ်တို့တော့ ပြဿနာအကြီးကြီးတက်ပြီ။ အနားမှာ တပ်ဖွဲ့တွေ အများကြီး ရှိနေတယ်။ ကျုပ်တို့ ဒီအတိုင်း ဆက်ပျံသန်းနေရင် တစ်တပ်တပ်နဲ့တော့ ထိပ်တိုက် တိုးတော့မှာပဲ။ တကယ်လို့ လူသားတွေနဲ့ မိစ္ဆာတွေကို အာရုံခံနိုင်တဲ့ ထူးခြားတဲ့ တမလွန်ဘုံမျိုးနွယ်ဝင်တွေ ပါလာရင် ကျုပ်တို့ တန်းပေါ်သွားလိမ့်မယ်”

“မင်တဲက တကယ်ပဲ ကျွန်တော်တို့ ရှိလောက်တဲ့နေရာကို အကြမ်းဖျင်းအာရုံခံနိုင်တာလား”

ကျန်းရီ ခေါင်းကိုက်လာသည်။ သူ မျက်တောင်ပုတ်ခတ်ကာ ဖြေရှင်းရန် နည်းလမ်းတစ်ခုကိုလည်း တွေးတောနေသည်။ သူတို့ ဤအတိုင်းဆက်၍ ပျံသန်းမနေနိုင်ပေ။ သူတို့တည်နေရာ ပေါ်သွားသည်နှင့် မင်တဲနှင့် အခြားထိပ်တန်းတမလွန်ဘုံဘုရင်များက ချက်ချင်း ရောက်လာကြပေလိမ့်မည်။

ပုန်းနေရမည်လော။

သို့သော် အနီးတွင် ပုန်းအောင်းနေရန် သင့်တော်သော နေရာတစ်ခု ရှိမနေပေ။ အစောမှ မြေရိုင်းကတော့ မဆိုးပါ။ သို့သော် ထိုမြေရိုင်းထဲ၌ ရေခဲအရင်းအမြစ် ရှိနေသည်။

“မြေရိုင်းဆီ သွားကြတာပေါ့”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်ကာ ပြောလိုက်၏။ ထိုမြေရိုင်းထဲမှ အပူချိန်က အလွန်နိမ့်သည်။ သို့သော် သူ့တွင် ပေါင်းစည်းမီးတောက်များ ရှိသည်။ သူ တစ်ခဏလောက်တော့ တောင့်ခံနိုင်သင့်သည်။ ရှေးဦးစွာ ဤရှာဖွေမှုကို ရှောင်ရပေမည်။

***

All Chapters