မသေမျိုးဘုံ၏ ဂိတ်တံခါး
Vol. 136 Ch. 1892
‘ရေခဲအရင်းအမြစ်မြေရိုင်းလား’
ထျန်းဖုန့်ဧကရာဇ်သည် ထိုနေရာအကြောင်းကို တွေးမိရုံနှင့် တုန်ယင်သွား၏။ သို့သော် ကျန်းရီက သွားမည်ဟု ဆိုနေရာ သူက ဘာတတ်နိုင်ပါဦးမည်နည်း။ ထို့ပြင် လက်ရှိတွင် ၎င်းနေရာက အမှန်ပင် အလုံခြုံဆုံးနေရာ ဖြစ်နေပေသည်။
ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီ၏ အမိန့်များကို မလွန်ဆန်နိုင်ပေ။ သူ အံကြိတ်၍သာ မြေရိုင်းဆီသို့ ဦးတည်ပျံသန်းသွားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူ တမလွန်ဘုံမျိုးနွယ်စစ်တပ်များစွာကို ရှောင်ရှားခဲ့သည်။ မြေရိုင်းသို့ ရောက်ရန် နာရီနှစ်ဆယ်ကျော် ကြာခဲ့ပေသည်။
“ထျန်းဖုန့်ဧကရာဇ်... ခင်ဗျား ကျွန်တော်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ပါလား။ ကျွန်တော် အရှေ့ကို သွားထောက်လှမ်းလိုက်မယ်”
ကျန်းရီသည် သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ထုတ်၍ ထျန်းဖုန့်ဧကရာဇ်ကို အထဲထည့်ရန် ဟန်ပြင်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်က အတန်ငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“သခင်.. သခင် တောင့်ခံနိုင်ပါ့မလား။ ဒီကိစ္စက ဖိအားပေးလို့ရတဲ့ကိစ္စ မဟုတ်ဘူးနော်...”
အကယ်၍ ကျန်းရီသာ အေးခဲသေသွားလျှင် သူတို့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် ထာဝရ နေရတော့မည် မဟုတ်ပါလား။ လေဟာနယ်နတ်ဘုရားအသုံးအဆောင်များမှာ အထူးစီမံထားသော အသုံးအဆောင်များဖြစ်သည်။ အထဲမှ အကာအရံများကို မဖျက်ဆီးနိုင်ပေ။ အကယ်၍ အင်အားသုံးကာ ဖျက်ဆီးရန် ကြိုးစားမည်ဆိုလျှင် အထဲမှ နေရာက ပြိုပျက်ကာ သူတို့သည်လည်း အားကောင်းသော အာကာပြင်တွန့်ခေါက်မှုကြောင့် အမှုန့်ဖြစ်သွားပေလိမ့်မည်။ ထျန်းဖုန့်ဧကရာဇ်ပင် ခြွင်းချက်မဟုတ်ပေ။ မိုးပြာမဟာဧကရာဇ်နှင့် မင်တဲတို့ဆိုလျှင်မူ အသက်ရှင်ရက် ထွက်သွားနိုင်လောက်ပါသည်။
ကျန်းရီက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီဟု ဆို၍ မရသေးပေ။ သူ၏ တိုက်ခိုက်စွမ်းအားက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်နိုင်နေသော်လည်း ထိုမြေရိုင်းထဲ ခြေချလိုက်မည်ဆိုလျှင် သူ ကြာရှည်တောင့်မခံနိုင်လောက်ပေ။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်က အတန်ငယ် ချီတုံချတုံ ဖြစ်နေခြင်းပင်။
“ကိစ္စမရှိပါဘူး။ အထဲကိုသာ ဝင်လိုက်ပါ။ ကျွန်တော် တောင့်မခံနိုင်တော့ရင် ခင်ဗျားကို အပြင်ထုတ်လိုက်ပါမယ်”
ကျန်းရီက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ် ရွေးချယ်စရာ မရှိတော့ဘဲ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်ရပေသည်။ ၎င်းနောက် ကျန်းရီသည် ကိုယ်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်၍ မြေရိုင်းထဲသို့ လျင်မြန်စွာ ပျံဝင်သွားလိုက်လေသည်။
မြေရိုင်းနှင့် နီးကပ်လာလေ၊ ကျန်းရီ၏ အမြန်နှုန်းက နှေးလာလေပင်။ သူ မြေရိုင်းနှင့် ကီလိုမီတာငါးဆယ်အကွာသို့ ရောက်သောအခါ ရွေးချယ်စရာ မရှိတော့ဘဲ မိုးမြေစွမ်းအား အသုံးပြု၍ ခန္ဓာကိုယ် အင်အားမြှင့်တင်လိုက်ရ၏။ မဟုတ်လျှင် သူ လှုပ်ရှားရန်ပင် ခက်ခဲနေပေလိမ့်မည်။
ကီလိုမီတာ လေးဆယ်၊ သုံးဆယ်၊ နှစ်ဆယ်၊ တစ်ဆယ်...
မိုးမြေစွမ်းအား သုံးထားသည်ပင် ကျန်းရီ မခံနိုင်တော့ချေ။ ထို့ကြောင့် မီးတောက်များကို သုံးလိုက်ရသည်။ သူ့လက်ထဲမှနေ၍ ငါးရောင်ခြယ်မီးတောက်များ ထွက်လာသည်။ သူ မီးတောက်များကို ထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးဒိုင်းတစ်ခု ဖန်တီးလိုက်သည်။ ထိုအခါမှ သူ့ကိုယ်ထဲရှိ အအေးဓာတ်များ ရုတ်ခြည်း ပျောက်ကွယ်သွားသည်။
ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ကျန်းရီသည် မိုးကြိုးမီးနတ်ဘုရားဒိုင်းဟုခေါ်သော စွမ်းရည်တစ်မျိုးကို နားလည်ခဲ့သည်။ သူ မိုးကြိုးမီးကို သုံး၍ သူ့တစ်ကိုယ်လုံးကို ကာပေးနိုင်သည့် ဒိုင်းတစ်ခု ဖန်တီးခဲ့သည်။ သူ့တွင် မီးဝိညာဉ်ပုလဲရှိရာ သူက မီးတောက်များကို ခံနိုင်ရည်ရှိသည်။ ယခုတွင်လည်း သူသည် မီးတောက်ဒိုင်းတစ်ခုကို ဖန်တီး၍ သူ့တစ်ကိုယ်လုံးကို ကာထားသည်။ ယင်းက အအေးဓာတ်ကို ခုခံရန် လုံလောက်ပေသည်။
‘အပူချိန်က ကြောက်စရာကောင်းလောက်အောင် နိမ့်လိုက်တာ။ မီးတောက်တွေက မြန်မြန် ကုန်နေတယ်’
မီးတောက်ဒိုင်းသည် တဖြည်းဖြည်း အားနည်းလာပြီး စွမ်းအင်မှာ အဆက်မပြတ် ကုန်ခမ်းနေသည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူ မီးတောက်လုံး အလုံးတစ်ရာ ထုတ်လိုက်မည်ဆိုလျှင်ပင် နာရီအနည်းငယ်သာ တောင့်ခံနိုင်လိမ့်မည်ဟု ကျန်းရီ တွက်ချက်လိုက်သည်။ ထို့ပြင် သူက မြေရိုင်းထဲပင် မရောက်သေးချေ။ မြေရိုင်းထဲ ရောက်သည်နှင့် မီးတောက်ကုန်ဆုံးနှုန်းက အဆများစွာ ပိုမြန်လာမည်ဖြစ်သည်။
မျှော်လင့်ထားသကဲ့သို့ပင်...
ကျန်းရီ မြေရိုင်းအရှေ့သို့ ရောက်သွားသောအခါ မီးတောက်များ၏ စွမ်းအင်က လျင်မြန်စွာ ကုန်ခမ်းလာ၏။ ကျန်းရီ အံကြိတ်ကာ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့ရေးရေးထဲ ဝင်တိုး၍ မြေရိုင်းထဲ ဝင်လိုက်လေသည်။
ထိုမြေရိုင်းက မသေးပေ။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံ မထုတ်လွှတ်ဝံ့သဖြင့် မီးတောက်များကို ဖြတ်၍ မျက်လုံးနှင့်သာ စူးစမ်းနေရ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဤမြေရိုင်း ရေခဲလောကတစ်ခုဖြစ်ကြောင်း သိနိုင်၏။ မြေရိုင်းထဲတွင် အဆုံးမဲ့ ရေခဲပြင်ကြီးမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။
‘မီးတောက်တွေ ကုန်တာ ပိုမြန်လာပြီ’
မီးတောက် ကုန်ဆုံးနှုန်းက အဆများစွာ ပိုမြန်လာကြောင်း ကျန်းရီ သတိပြုမိလိုက်၏။ မီးတောက်ဒိုင်းက အချိန်တစ်ခုအတွင်း ပျက်မသွားနိုင်လောက်သေးသော်လည်း သူ သတိမဲ့၍ မဖြစ်ပေ။ ထို့ကြောင့် မီးတောက်ဆယ်လုံးကို ထပ်ထုတ်ကာ ဒိုင်းနှင့် ပေါင်းစည်းလိုက်သည်။
‘မီးတောက်ဒိုင်းတစ်ခုက နှစ်နာရီတော့ ခံနိုင်လိမ့်မယ်’
ကျန်းရီသည် မီးတောက်ဒိုင်းထဲတွင် တစ်ခဏမျှ နေနေပြီးနောက် ဒိုင်းက ပျက်စီးမသွားသည်ကို တွေ့သောအခါ အတန်ငယ် စိတ်သက်သာရာရသွားသည်။ သူ၏ နဝမမြောက်ကြယ်စက်လုံးထဲတွင် မီးတောက်အချို့ကျန်သေးရာ သူ နာရီနှစ်ဆယ်လောက်တော့ တောင့်ခံနိုင်ပေလိမ့်မည်။ ထို့ပြင် သားရဲအမြုတေများလည်း ရှိနေရာ သူ မီးတောက်များ ဆက်ထုတ်နိုင်သည်။ ထို့ကြောင့် မီးတောက်များ ကုန်သွားမည်ကို စိုးရိမ်ရန် မလိုပေ။ သို့သော် မီးတောက်ဒိုင်းက ရုတ်တရက် ပျက်စီးသွားပြီး သူ ရေခဲရုပ်တု ဖြစ်သွားမည်ကိုတော့ စိုးရိမ်ပေသည်။
ကျန်းရီသည် ဖြည်းဖြည်းချင်း အောက်ဘက်သို့ ဆင်းသက်လိုက်၏။ သူ ကောင်းကင်ထဲတွင် အမြဲနေနေ၍ မဖြစ်ပေ။ သူ အောက်ဘက်သို့ ပျံဆင်းရင်း ပတ်ဝန်းကျင်ကို စူးစမ်းကာ ရေခဲအရင်းအမြစ်ဟု ခေါ်သော အရာကို ရှာဖွေနေသည်။
ကျန်းရီသည် မြေပြင်နှင့် နီးကပ်လာသောအခါ မြေပြင်ပေါ် မဆင်းဝံ့တော့ပေ။ အောက်ဘက်တွင် ရေခဲပြင်ကြီး ရှိနေသည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ မီးတောက်များက ရေခဲကို အရေပျော်သွားစေနိုင်သည်။ ထိုအခါ ခြေရာလက်ရာများ ကျန်ခဲ့ပေလိမ့်မည်။
တမလွန်ဘုံအရှိန်အဝါများက ဤမြေရိုင်းထဲ ဝင်မလာနိုင်လောက်သော်လည်း သတိထားသည်က အကောင်းဆုံးဖြစ်သည်။ အကယ်၍ ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါး၏ တမလွန်ဘုံအရှိန်အဝါက ဝင်လာနိုင်နေလျှင် ခြေရာလက်ရာ ချန်ခဲ့မိပါက သူ ချက်ချင်း ရှာတွေ့ခံလိုက်ရပေမည်။
‘ဒီနားရောက်လာတော့ မီးတောက်ကုန်ဆုံးနှုန်းက ပိုမြန်လာတယ်။ ရေခဲအရင်းအမြစ်က ဒီနားမှာပဲ ရှိရမယ်’
ကျန်းရီသည် အရှေ့ တစ်နေရာသို့ ပျံသန်းပြီးနောက် မီးတောက်ကုန်ဆုံးနှုန်းက ပိုမြန်လာကြောင်း သတိပြုမိလိုက်၏။ ထို့ကြောင့် သူ လှည့်ပတ်ပျံသန်းကြည့်ကာ ရေခဲအရင်းအမြစ်က အရှေ့မြောက်ဘက်တွင် ရှိရလိမ့်မည်ဟု အတည်ပြုလိုက်သည်။ ထို့ကြောင့် သူ အနောက်တောင်ဘက်သို့ ပျံသန်းလိုက်၏။ သူ ဝေးဝေးရောက်သွားလေလေ၊ မီးတောက်ကုန်ဆုံးနှုန်းက နှေးလာလေလေပင်။ ထိုအခါမှ ကျန်းရီ အပြည့်အဝ စိတ်သက်သာရာရသွားလေသည်။
‘ဟိုနေရာမှာ ပုန်းနေရမယ်’
မိုင်ထောင်ကျော် ပျံသန်းပြီးနောက် ကျန်းရီ ဂူကြီးတစ်လုံးကို ရှာတွေ့သွား၏။ ထိုဂူက ပေရာကျော်မြင့်သည်။ ကျန်းရီ ဂူထဲဝင်လိုက်လျှင် အပြင်မှ ရေခဲများနှင့် နှင်းများက သူ့အပေါ် မသက်ရောက်နိုင်လောက်တော့ပေ။ ထို့ပြင် မည်သည့်ခြေရာလက်ရာမှလည်း ကျန်ခဲ့မည် မဟုတ်ချေ။ သို့သော် အကယ်၍ တမလွန်ဘုံဘုရင်တစ်ပါးက ဤမြေရိုင်းထဲ ဝင်လာနိုင်လျှင်မူ သူ အရှုံးကို ဝန်ခံလိုက်ရုံသာ ရှိပေသည်။
ဂူက အလွန်နက်၏။ သို့သော် ဂူဝကို ရေခဲပြင်ကြီးက ကာထားသည်။ ကျန်းရီ ကောင်းကင်ထက်တွင် မိုင်အနည်းငယ် လှည့်ပတ်ပျံကြည့်လိုက်၏။ ဂူထွက်ပေါက်မရှိကြောင်း သိလိုက်ရသည်။ သို့သော် ကျန်းရီ အရေးစိုက်မနေနိုင်ဘဲ အောက်ဘက်သို့ ပျံဆင်းလိုက်လေတော့သည်။
ဂူဝမှ ရေခဲပြင်က မြင့်မားသော အပူချိန်ကြောင့် အရည်ပျော်သွား၏။ ထိုအခါ ဂူထဲရှိ အောက်ဘက်သို့ စိုက်ဆင်းသွားသော တွင်းနက်ကြီးတစ်တွင်းကို တွေ့လိုက်ရသည်။ ကျန်းရီသည် ထိုတွင်းကြီးအတိုင်း ဆင်းသွားရာ ပေရာကျော် ဆင်းပြီးနောက် ကျောက်သားပြင်တစ်ခုဆီ ရောက်သွားပေသည်။
‘မီးတောက်တွေ ဆက်ထုတ်ရမယ်’
ကျန်းရီ ကျောက်သားပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မီးတောက်အချို့ ထုတ်၍ မီးတောက်ဒိုင်းနှင့် ပေါင်းစည်းလိုက်သည်။ ထို့နောက် သားရဲအမြုတေများကို ထုတ်ကာ မီးတောက်များ စတင်ထုတ်လိုက်လေသည်။ ဤနေရာတွင် မီးတောက်ကုန်ဆုံးနှုန်းက မြန်သည်။ သူ မီးတောက်များကို အဆက်မပြတ် ထုတ်မနေလျှင် အလွန်ဆုံး နာရီနှစ်ဆယ်သာ တောင့်ခံနိုင်ပေလိမ့်မည်။
‘မကောင်းတော့ဘူး...’
ကျန်းရီသည် သားရဲအမြုတေများသုံး၍ မီးတောက်များကို ထုတ်နေရင်း ပြဿနာတစ်ခုကို သိလိုက်ရ၏။ ဤနေရာတွင် ထုတ်နိုင်သည့် မီးတောက်ပမာဏက အကန့်အသတ်ရှိသည်။ သားရဲအမြုတေများထဲမှ မီးတောက်ထွက်နှုန်းမှာ အပြင်ကထက် ဆယ်ဆပိုနှေးနေသည်။ ထိုနှုန်းနှင့်ဆိုလျှင် မီးတောက်ကုန်ဆုံးနှုန်းကို မည်သို့မှ ကာမိမည် မဟုတ်ချေ။
ကျန်းရီသည် တွေးတောပြီးနောက် ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်၍ တစ်ခဏမျှ တောင့်ခံထားရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုအတောအတွင်း သူက လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင်၍ မီးတောက်လုံလုံလောက်လောက် ထုတ်ရပေမည်။ ထိုနည်းနှင့်မှသာ သူတို့ အလုံးအရင်းနှင့် ရှာဖွေမှု အချီအနည်းငယ်လောက်ကို ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကျန်းရီသည် ကောင်းကင်စိတ်အာရုံသုံး၍ ဟွင့်သွမ့်ချီပုလဲကို အာရုံခံကာ ထျန်းဖုန့်ဧကရာဇ်ထံ အသံပို့လွှတ်လိုက်၏။ ထျန်းဖုန့်ဧကရာဇ်က အသင့်ဖြစ်သောအခါ ဟွင့်သွမ့်ချီပုလဲ လင်းလက်လာသည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ် အပြင်တွင် ထွက်ပေါ်လာလေသည်။
ရှဲ...
ထျန်းဖုန့်ဧကရာဇ်သည် ပြင်ဆင်ထားသော်လည်း အပြင်ရောက်လာသောအခိုက်တွင် မီးပူလောင်သွားသေး၏။ သို့သော် မီးတောက်အနည်းငယ်လောက်က သူ့ကို အပြင်းအထန် ဒဏ်ရာမရစေနိုင်ပါ။ သူ ကျန်းရီနှင့် ပေခြောက်ရာအကွာအထိ ပျံတက်ပြီးမှ စိတ်အေးသွားသည်။ သူ မီးအရင်းအမြစ်ထဲက လွတ်လာသည်မှာ မကြာသေးပေ။ ယခု ရေခဲအရင်းအမြစ်ကို ထပ်မံ တောင်ခံရဦးမည်။ သူ့တစ်ကိုယ်လုံး လျင်မြန်စွာ အေးခဲလာသည်။ သူ့မုတ်ဆိတ်နှင့် မျက်ခုံးမွေးများလည်း အဖြူရောင်ပြောင်းလာပေသည်။
ဝှစ်...
ကျန်းရီသည် သူနှင့် ဟွင့်သွမ့်ချီပုလဲကြားမှ ဝိညာဉ်ချိတ်ဆက်မှုကို ဖြတ်၍ ၎င်းကို ထျန်းဖုန့်ဧကရာဇ်ဆီ ပစ်ပေးလိုက်သည်။ ထျန်းဖုန့်ဧကရာဇ်သည် ဟွင့်သွမ့်ချီပုလဲကို လျင်မြန်စွာ သန့်စင်၍ ကျန်းရီကို အထဲထည့်လိုက်လေသည်။
ထျန်းဖုန့်ဧကရာဇ်က ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်သည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ် အကောက်ကြံမည်ကို ကျန်းရီ မစိုးရိမ်ပေ။ သူ ဟွင့်သွမ့်ချီပုလဲထဲရှိ နေရာကျဉ်းလေးထဲ ဝင်ပြီးနောက် များစွာပို၍ သက်တောင့်သက်သာ ခံစားလိုက်ရပေသည်။
အထဲမှ နေရာမှ မကျယ်ပေ။ အချင်း ငါးကီလိုမီတာလောက်သာ ရှိသည်။ ထို့ပြင် အထဲတွင် လူများစွာ ရှိနေသည်။ ခွမ်ဟူ၊ ဟဲ့ရွှီဝမ်၊ တောက်မင်၊ ခွမ်ကျန့်နှင့် အခြားသူများက အတူစုဝေးနေကြသည်။ ကော့ချမ်ဘုရင်၊ ဖုန့်နီ၊ ဟယ်နုန်ယင်း၊ ရီဖျောင်ဖျောင်၊ သိမ်းငှက်ဘုရင်လေးနှင့် ယွင်ပင်းတို့က အခြားတစ်ဘက်တွင် စုဝေးနေကြသည်။ ကျန်းရီ ဝင်လာသည်ကို မြင်လိုက်သောအခါ ခွမ်ဟူနှင့် အခြားသူများ၏ မျက်လုံးများ အေးစက်သွား၏။ ရီဖျောင်ဖျောင်၊ ဟယ်နုန်ယင်းနှင့် အခြားသူများ၏ မျက်လုံးများမှာမူ လင်းလက်သွားကာ သူမတို့ ကျန်းရီထံ ပျံသန်းသွားကြလေသည်။
“အမေ...”
ကျန်းရီသည် အတန်ငယ် ဦးညွှတ်လိုက်၏။ ထို့နောက် ဟယ်နုန်ယင်းနှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။
“သခင်မလေးဟယ်၊ စစ်သူကြီးယွင်ပင်း၊ သိမ်းငှက်ဘုရင်လေး...”
“ရှောင်ရီ... အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲ။ သား အဆင်ပြေရဲ့လား”
ရီဖျောင်ဖျောင်က ကျန်းရီ၏လက်ကို ဆုပ်ကိုင်၍ မေးလိုက်၏။ ဟယ်နုန်ယင်းတို့ကလည်း စိုးရိမ်ဟန်နှင့် ကြည့်နေကြသည်။ ကျန်းရီက ပခုံးတွန့်ကာ ပြန်ပြောလိုက်လေသည်။
“အမေ မစိုးရိမ်ပါနဲ့။ သား ဒီမှာ ရှိနေတယ် မဟုတ်လား”
ကျန်းရီသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ရင်ထဲ လေးနေပေသည်။ အပြင်ဘက်မှ အခြေအနေက မကောင်းပေ။ ထျန်းဖုန့်ဧကရာဇ်က ကြာရှည် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ကျန်းရီ စကားအကြာကြီး ပြောမနေဝံ့ပေ။ သူ တစ်ခဏမျှ စကားစမြည် ပြောပြီးနောက် ထောင့်တစ်နေရာသို့သွားကာ မီးတောက်များကို စတင်ထုတ်လုပ်စုဆောင်းလိုက်လေသည်။
“ဒေါ်လေးရီ... အရမ်းစိုးရိမ်မနေပါနဲ့”
ဟယ်နုန်ယင်းသည် ခပ်လှမ်းလှမ်းတွင် တင်ပျဉ်ခွေထိုင်သော ကျန်းရီကို လှမ်းကြည့်၍ ခပ်ရေးရေးပြုံးကာ ပြောလိုက်၏။
“ဒေါ်လေးရဲ့သားက ပါရမီရှင်တစ်ယောက်ပါ။ သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရွေးချယ်ထားတဲ့ ဆက်ခံသူလည်း ဟုတ်တယ်။ သူ့ခရီးအဆုံးက သေချာပေါက် တမလွန်ဘုံထဲမှာ မဟုတ်ပါဘူး။ စောင့်ကြည့်နေပါ။ ဒေါ်လေးရဲ့သားက နောက်ကျရင် ကပ်လောကတစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မယ်။ ပြီးတော့ မသေမျိုးဘုံရဲ့ ဂိတ်တံခါးကို ဖွင့်ပြီးလည်း ထာဝရ ရှင်သန်နိုင်ပါလိမ့်မယ်”
***