အပူနှင့်အအေးကို ခံနိုင်သော
Vol. 136 Ch. 1894
ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့၏ ခန့်မှန်းချက်က မှန်ကန်၏။ မင်တဲထံတွင် ကျန်းရီ၏ တည်နေရာကို အကြမ်းဖျင်း အာရုံခံနိုင်သော ဆန်းကြယ်စွမ်းရည်တစ်ခု ရှိသည်။
ထိုဆန်းကြယ်စွမ်းရည်မှာ တမလွန်ဘုံဧကရာဇ်၏ ကိုယ်ပိုင်စွမ်းရည်ဖြစ်ပြီး တမလွန်ဘုံဧကရာဇ်က မင်တဲကိုသာ လက်ဆင့်ကမ်းသင်ပေးထားသည်။ မည်သူ၏ အရှိန်အဝါကိုမဆို တစ်ကြိမ် အာရုံခံမိပြီးလျှင် ၎င်းဆန်းကြယ်စွမ်းရည်ကို အသုံးပြု၍ ထိုသူ၏ တည်နေရာကို ထောက်လှမ်းနိုင်၏။
သို့သော် ထိုဆန်းကြယ်စွမ်းရည်တွင် အားနည်းချက်တစ်ခုတော့ ရှိသည်။ တစ်နည်းဆိုရသော် မင်တဲက တမလွန်ဘုံဧကရာဇ်၏ အဆင့်ကို မရောက်သေးပေ။ တမလွန်ဘုံဧကရာဇ်သာဆိုလျှင် ကျန်းရီကို ချက်ချင်း ရှာနိုင်မည်ဖြစ်သည်။ သို့သော် မင်တဲက ထိုသို့ မလုပ်နိုင်ပါ။ ကျန်းရီရှိနေနိုင်သော နေရာအဝန်းအဝိုင်းတစ်ခုကိုသာ သိနိုင်ပေသည်။ ထို့ကြောင့် သူသည် မိုင်ဆယ်သန်းအဝန်းအဝိုင်းအတွင်း စစ်တပ်ကို စေ့စေ့စပ်စပ် လိုက်ရှာခိုင်းထားခြင်းဖြစ်သည်။ ယခုတွင် သူသည်လည်း ထိုအနီးနားရှိ ဘုံတစ်ခုသို့ ရောက်နေပေပြီ။
မင်တဲသည် စွမ်းအားကြီး တော်ဝင်မိသားစုဝင် သန်းဆယ်ချီနှင့် တမလွန်ဘုံမျိုးနွယ်ဝင် သန်းဆယ်ချီကို စုစည်း၍ မိုင်ဆယ်သန်း အဝန်းဝိုင်းကို ဝိုင်းရံထားစေသည်။ အနီးရှိ ဆန်းကြယ်နယ်မြေအားလုံးကို အကြိမ်ကြိမ် ရှာပြီးပြီဖြစ်သည်။ သူသည် ကျန်းရီတို့ကို တွေ့သည်နှင့် သတ်ပစ်ရန်လည်း အမိန့်ပေးထား၏။ အဘယ်ကြောင့်ဆိုသော် သူ ချီဟုန်ကို မှတ်မိ၍ပင်။
မီးနဂါးဓား၏ အသုံးအဆောင်ဝိညာဉ် ပြန်ထွက်ပေါ်လာခြင်းမှာ မီးနဂါးဓားလည်း ပြန်ထွက်ပေါ်လာပြီဟူသော အဓိပ္ပာယ်ပင်။ မီးနဂါးဓားက မည်သူ့ထံတွင် ရှိနေသည်ဖြစ်စေ သူ ထိုဓားကို ရရပေမည်။ မင်တဲသည် မီးနဂါးဓားကို လိုချင်ခြင်း မဟုတ်ပါ။ ထိုဓားကို လူသားများ၏လက်ထဲ ထည့်မပေးလိုခြင်းသာ။ ထိုဓား၏ စွမ်းအားက အလွန်ကြီးသည်။ ထို့ပြင် ၎င်းက ကောင်းကင်ဧကရာဇ်ကိုလည်း ကိုယ်စားပြုပြီး လောကတစ်ခွင်လုံးရှိ သူရဲကောင်းများကို အမိန့်ပေးနိုင်စွမ်း ရှိပေသည်။
မင်တဲသည် ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့ကို အရေးမစိုက်တော့ပေ။ အကယ်၍ မိုးပြာမဟာဧကရာဇ်က စစ်တပ်ကို ခေါ်လာပြီး ထိုဘုံနှစ်ခုကို သိမ်းပိုက်မည်ဆိုလျှင်လည်း သူ သေချာပေါက် ဂရုစိုက်တော့မည် မဟုတ်ချေ။ မီးနဂါးဓားက ထိုဘုံများထက် ပိုတန်ဖိုးရှိသည်။ ထို့ကြောင့် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာလျှင်လည်း ဘုံနှစ်ခု ကျသွားရခြင်းအတွက် သူ အကြောင်းပြချက် ပေးနိုင်မည်ဖြစ်သည်။
မင်တဲ၏ အဆင့်အတန်းအရ ကျန်းရီကို ကိုယ်တိုင်လိုက်ရှာမည် မဟုတ်ပါ။ သူသည် တမလွန်ဘုံဘုရင်များကိုသာ စေလွှတ်နေသည်။ သို့သော် ထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးကိုတော့ မစေလွှတ်သေးပေ။ ကျန်းရီတို့ကို ရှာတွေ့လျှင် သူ ထိုထိပ်တန်းတမလွန်ဘုံများနှင့်အတူ ကျန်းရီတို့ကို ဝန်းရံ သတ်ဖြတ်ဖို့သာ ကြံရွယ်ထားပေသည်။ သူသည် နေ့စဉ်နေ့တိုင်းလည်း ဆန်းကြယ်စွမ်းရည်ကို အသုံးပြု၍ ကျန်းရီတို့က ဤနေရာတစ်ဝိုက်မှ ထွက်မသွားသေးကြောင်း အတည်ပြုနေလေသည်။
သို့သော်...
မရေမတွက်နိုင်သော ဆန်းကြယ်နယ်မြေများကို ရှာဖွေပြီးသော်လည်း ကျန်းရီတို့၏ ခြေရာလက်ရာကိုပင် မတွေ့ရသေးချေ။ သူတို့ သဲလွန်စများပင် ရှာမတွေ့ပေ။
ထို့ကြောင့် မင်တဲ ဒေါသထွက်လာပြီး စစ်တပ်ကို နေရာတစ်ခုမချန် ဆက်ရှာရန် အမိန့်ပေးလိုက်သည်။ ထို့ပြင် တမလွန်ဘုံမျိုးနွယ်ဝင်များသည် အချင်းချင်းလည်း ပြန်စစ်ဆေးရမည်ဖြစ်သည်။ ကျန်းရီတို့က တမလွန်ဘုံမျိုးနွယ်ဝင်များကြားတွင် ရောနှေ ပုန်းအောင်းနေမည်ကို သူ စိုးရိမ်ပေသည်။
***
ကျန်းရီသည် မီးတောက်များကို နေ့တစ်ဝက်ကြာအောင် ထုတ်လုပ်စုဆောင်းလိုက်၏။ မီးတောက်များက ရှစ်ရက်မှ ဆယ်ရက်စာ လုံလောက်ပြီဖြစ်ကြောင်း အတည်ပြုပြီးမှ သူ့ကို အပြင်ထုတ်ပေးရန် ထျန်းဖုန့်ဧကရာဇ်ဆီ အသံပို့လွှတ်လိုက်သည်။ ထျန်းဖုန့်ဧကရာဇ်၏ တစ်ကိုယ်လုံးက အေးခဲကာ နှင်းကိုက်ခံထားရပြီဖြစ်သည်။ အကယ်၍ ကျန်းရီသာ နောက်နေ့တစ်ဝက်ကြာမှ ထွက်မည်ဆိုလျှင် ထျန်းဖုန့်ဧကရာဇ် အေးခဲ၍ သေသွားလောက်သည်။
ရွှီး...
ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ဆောင်းဥတုပုလဲထဲ ထည့်ပြီးနောက် ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ လေ့လာလိုက်၏။ သူသည် ပထမလမ်းကို ရွေးကာ လျှပ်စီးအနှစ်သာရကို ဆက်လေ့လာလိုက်သည်။ ရက်အနည်းငယ်အတွင်း ရေခဲအနှစ်သာရကို သိမြင်နားလည်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် လျှပ်စီးအနှစ်သာရကို ဆက်လေ့လာခြင်းကသာ သူ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
တစ်ရက်ကြာအောင် လေ့လာနေပြီးနောက် နောက်ထပ် တမလွန်ဘုံဘုရင်တစ်ပါးက အပြင်တွင် ထပ်မံပေါ်လာပြန်၏။ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ဟွင့်သွမ့်ချီပုလဲထဲ ဝင်ပုန်းလိုက်ရသည်။ ဤတစ်ခေါက် ရောက်လာသူမှာလည်း သာမန်တမလွန်ဘုံဘုရင်တစ်ပါးပင်။ သူက မည်သို့မှ ဂူအောက်ခြေအထိ အာရုံခံနိုင်လိမ့်မည် မဟုတ်ပါ။
ထိုတမလွန်ဘုံဘုရင် ထွက်သွားသောအခါ ကျန်းရီ အပြင်ပြန်ထွက်၍ ဆက်လေ့လာသည်။ လျှပ်စီးအနှစ်သာရက အလွန်ရှုပ်ထွေးပေသည်။ အချိန်အကြာကြီး လေ့လာပြီးနောက်တွင်ပင် အဆုံးကို သူ မခံစားမိသေးပေ။ ထိုအနှစ်သာရကို အချိန်တိုအတွင်း သိမြင်နားလည်နိုင်လိမ့်မည် မဟုတ်ဟုသာ သူ ခံစားနေရသည်။
‘ဒီအတိုင်းတော့ မဖြစ်တော့ဘူး...’
အချိန်က ကြပ်နေသည်။ ကျန်းရီသည် လျှပ်စီးက မီးကိုဖန်တီးနိုင်သည့်အကြောင်းကို ရက်အနည်းငယ်အတွင်း သိမြင်နားလည်ရန် မဖြစ်နိုင်ဟု ခံစားမိနေသည်။ ထို့ပြင် သူ နားလည်သွားလျှင်ပင် မီးအရင်းအမြစ်ကို ထိန်းချုပ်ချင်မှ ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့ဖြစ်ရာ ထိုလမ်းက လမ်းဆုံးတစ်ခုကဲ့သို့ပင်။
‘လျှပ်စီး..မီး.. လျှပ်စီးက သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေဆိုတဲ့ ဓာတ်ငါးပါးအဖြစ် ခွဲထွက်နိုင်တယ်။ ဒါပေမဲ့... လျှပ်စီးက ရေခဲကို မဖန်တီးနိုင်တာ နှမြောစရာပဲ။ ဖန်သာဖန်တီးနိုင်ရင် ရေခဲအရင်းအမြစ်ကို အလွယ်လေး စုပ်ယူနိုင်မှာ။ မဟုတ်သေးဘူး...’
ကျန်းရီ ရုတ်တရက် စိတ်လှုပ်ရှားသွား၏။ ရေခဲက မည်သည့်အရာမှ ဖြစ်လာခြင်းနည်း။ ရေမှ ဖြစ်လာခြင်း မဟုတ်လော။ သူက လျှပ်စီးက ရေကိုဖန်တီးနိုင်သည့် အကြောင်းကို ကနဦးအဆင့်လောက် သိမြင်နားလည်နိုင်သွားမည်ဆိုလျှင် ကြောက်စရာကောင်းလောက်အောင် နိမ့်သော ထိုအပူချိန်ကို ခံနိုင်လောက်သည်။ ရေခဲအရင်းအမြစ်ကို မစုပ်ယူနိုင်လျှင်လည်း သူ ရေခဲအရင်းအမြစ်အနီးသို့ သွားနိုင်မည်ဆိုလျှင် ပြဿနာအားလုံးကို ဖြေရှင်းနိုင်လိုက်သလိုပင် ဖြစ်မသွားလော။
ကနဦးအဆင့်ကို ရောက်ရန်နှင့် အထွတ်အထိပ်အဆင့်ကို ရောက်ရန်မှာ အလွန်ကွာခြားသည်။ ယခင်တွင် သူသည် လျှပ်စီးက မီးကိုဖန်တီးနိုင်သည့် အကြောင်း၏ ကနဦးအဆင့်ကို နားလည်ရန် နေ့တစ်ဝက်သာ လေ့လာခဲ့ရသည်။ ဤတစ်ခေါက်တွင်မူ သူ့၌ အချိန်ရက်အနည်းငယ် ရှိနေပေသည်။
‘ဟုတ်ပြီ...’
ကျန်းရီ အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်၏။ သူ ခေါင်းထဲမှ အနှောင့်အယှက်ဖြစ်စေမည့် အတွေးများကိုလည်း မောင်းထုတ်လိုက်ပြီး အာရုံပြန်စူးစိုက်လိုက်သည်။ ထို့နောက် သူ အစဖြစ်သော လျှပ်စီးက ဓာတ်ငါးပါးအဖြစ် ခွဲထွက်နိုင်မှုက ပြန်စကာ တဖြည်းဖြည်း ဆက်လေ့လာသွားလိုက်လေသည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဤတစ်ခေါက်တွင် ကျန်းရီ အတော်လေး ကံကောင်းသည်။ မည်သည့် တမလွန်ဘုံဘုရင်ကမှ လာမစူးစမ်းတော့ပေ။ သို့သော် ဤတစ်ကြိမ်၌ လေ့လာမှုက ယခင်တစ်ကြိမ်ကလောက် မချောမွေ့ချေ။ ယခင်တစ်ခေါက်တွင် ချောမွေ့ခဲ့ခြင်းမှာ သူက နက်နက်ရှိုင်းရှိုင်း စိတ်နစ်နေခဲ့၍ သို့မဟုတ် မီးအရင်းအမြစ်ထဲတွင် ရှိနေခဲ့၍ ဖြစ်နိုင်သည်။ ဤတစ်ခေါက်တွင်မူ နေ့ဝက်ကြာပြီးနောက်တွင်ပင် သူ ကနဦးအဆင့်ကို မရောက်နိုင်သေးပေ။ သို့သော် သူ မည်သည်ကိုမှ အရေးမစိုက်ဘဲ ဆက်လေ့လာရန်သာ ဆုံးဖြတ်လိုက်သည်။
နေ့တစ်ဝက်ထပ်ကြာပြီးနောက် မင်တဲ ဒေါသထွက်လာ၏။ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သူ ရှိသော ဘုံသို့ ဆင့်ခေါ်လိုက်သည်။ မင်တဲသည် ထိုတမလွန်ဘုံမျိုးနွယ်ဝင်များကို သူ ကိုယ်တိုင် စစ်ဆေးသည်။ သို့သော် မည်သည့်ပြဿနာမှ ရှာမတွေ့ပေ။ သူတို့ အနီးနားရှိ ဆန်းကြယ်နယ်မြေများကို လေးကြိမ်၊ ငါးကြိမ်စီ ရှာပြီးသော်လည်း ကျန်းရီတို့ကို ရှာမတွေ့သေးချေ။ သဲလွန်စတစ်ခုကိုပင် မတွေ့ခြင်းဖြစ်သည်။
တမလွန်ဘုံဧကရာဇ် သင်ပေးထားသော ဆန်းကြယ်စွမ်းရည်က ပြဿနာရှိနေခြင်းတော့ မဟုတ်နိုင်ပါ။ မင်တဲသည် ၎င်းစွမ်းရည်ကို ကိုယ်တိုင် အကြိမ်ကြိမ် စမ်းသပ်ကြည့်ခဲ့ဖူးသည်။ မည်သည့်ပြဿနာကိုမှ မတွေ့ခဲ့ပါ။ ထို့ကြောင့် ကျန်းရီတို့က သေချာပေါက် အနီးပတ်ဝန်းကျင်တွင် ပုန်းနေခြင်းသာ ဖြစ်ရမည်။ သူတို့ကို ယခုအထိ ရှာမတွေ့သေးသည်မှာတော့ သူ၏ လက်အောက်ငယ်သားများက အသုံးမကျ၍သာ ဖြစ်နိုင်ပေသည်။
မင်တဲသည် ထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးကို စုဝေး၍ တိုင်ပင်ဆွေးနွေးလိုက်၏။ နောက်ဆုံးတွင် သူတို့သည် ဆန်းကြယ်နယ်မြေရှစ်ဆယ်ကျော်ကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ မင်တဲသည် ထိုထိပ်တန်းတမလွန်ဘုံဘုရင်ရှစ်ပါးကို တစ်ပါးလျှင် ဆန်းကြယ်နယ်မြေဆယ်ခုကျော်စီ တာဝန်ယူခိုင်းရန်လည်း ဆုံးဖြတ်လိုက်လေသည်။
ထိုဆန်းကြယ်နယ်မြေ ရှစ်ဆယ်ကျော်ထဲမှ သုံးဆယ်ကျော်လောက်မှာ မြေရိုင်းများ ဖြစ်ကြသည်။ ကျန်သော ဆန်းကြယ်နယ်မြေ ငါးဆယ်လောက်မှာမူ ကြီးမားရှုပ်ထွေးသော ဆန်းကြယ်နယ်မြေများ ဖြစ်သည်။ ကျန်းရီတို့က သေချာပေါက် ထိုနယ်မြေတစ်ခုခုထဲတွင် ပုန်းနေရလိမ့်မည်ဟု မင်တဲ ယုံကြည်နေပေသည်။
ထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးသည် သူတို့၏ စစ်တပ်အသီးသီးနှင့်အတူ ထွက်ခွာသွားကြ၏။ သူတို့သည် သူတို့တာဝန်ယူရသော ဆန်းကြယ်နယ်မြေများ၊ မြေရိုင်းများကို ပိုက်စိပ်တိုက် ရှာဖွေကြတော့ပေမည်။ ထိုမှ သဲလွန်စတစ်ခုကိုမှ လွတ်မသွားမည်ဖြစ်သည်။
မင်တဲကမူ ကိုယ်တိုင်လိုက်မရှာပါ။ သူ ဘုံထဲရှိ မြို့မှာပင် ဆက်နေနေလိုက်သည်။ ထိုထိပ်တန်းတမလွန်ဘုံဘုရင် ရှစ်ပါးက သူ့ထက် များစွာပို၍ အားမနည်းပေ။ ထို့ကြောင့် သူတို့က ကျန်းရီကို သေချာပေါက် ရှာနိုင်လိမ့်မည်ဟု မင်တဲ ယုံကြည်သည်။
တိုက်တိုက်ဆိုင်ဆိုင်...
ရေခဲအရင်းအမြစ်ရှိသော မြေရိုင်းကို ရှာဖွေရန် တာဝန်ကျသူမှာ ကျန်းရီ၏ မိတ်ဆွေဟောင်းကြီး မင်တိပင်။ မင်တိသည် အနီးပတ်ဝန်းကျင်ရှိ ဆန်းကြယ်နယ်မြေများကို အရင်ရှာဖွေလိုက်ပြီး တစ်ရက်နေမှ ရေခဲအရင်းအမြစ်မြေရိုင်းဆီသို့ သွားလိုက်သည်။
မင်တိ၏ တိုက်ခိုက်စွမ်းအားက ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးထဲတွင် ဒုတိယဖြစ်သည်။ သူ၏ တမလွန်ဘုံအရှိန်အဝါကလည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သာမန်တမလွန်ဘုံဘုရင်များ၏ တမလွန်ဘုံအရှိန်အဝါများက မြေရိုင်း၏ အောက်ခြေအထိ မရောက်နိုင်ကြသော်လည်း မင်တိ၏ တမလွန်ဘုံအရှိန်အဝါမှာမူ ရောက်နိုင်ပေသည်။
“ဟင်...”
မင်တိသည် မြေရိုင်းထဲသို့ တမလွန်ဘုံအရှိန်အဝါ ထုတ်လွှတ်လိုက်သောအခါ ကျန်းရီရှိနေသော ဂူထဲရှိ မသင်္ကာစရာလက္ခဏာအချို့ကို တွေ့လိုက်ရ၏။ ဂူထဲရှိ ရေခဲများက ပျော်ထားဖူးကြောင်း သိသာသည်။ ထိုအခိုက်တွင် ၎င်းတို့က ပြန်အေးခဲနေပြီဖြစ်သော်လည်း တစ်စုံတစ်ယောက် ရှိခဲ့သော အငွေ့အသက်ကို သူ ခံစားနေရသည်။
ထူးဆန်းသည်မှာ...
ဂူထဲတွင် မီးတောက်များကြောင့် ဖြစ်ပေါ်လာသော တွင်းနက်ကြီးတစ်တွင်းလည်း ရှိနေသည်။ ထိုအခိုက်တွင် တွင်းဝက အေးခဲနေပေသည်။ တွင်းထဲမှ အပူချိန်ကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် နိမ့်နေသည်။ မီးတောက်များလည်း ရှိမနေပေ။ ကျန်းရီက လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ပင်။ တွင်းဝမှ ရေခဲပြင်က အလွန်အေးစက်နေသဖြင် မင်တိ၏ တမလွန်ဘုံအရှိန်အဝါက မထိုးဖောက်နိုင်ချေ။ သူ အကြိမ်အနည်းငယ် စူးစမ်းပြီးနောက် တမလွန်ဘုံအရှိန်အဝါကို ပြန်ရုတ်သိမ်းကာ ချက်ချင်း အမိန့်ပေးလိုက်သည်။
“အရှင်မင်တဲဆီ သတင်းပို့လိုက်။ ဒီမြေရိုင်းမှာ တစ်ခုခု မှားနေတယ်လို့။ ပြီးတော့ သူ့ကို ဒီကို ကိုယ်တိုင်လည်း လာခိုင်းလိုက်”
ရွှီး...
တမလွန်ဘုံအရှိန်အဝါ ရုတ်သိမ်းသွားပြီးနောက် တွင်းဝရေခဲပြင်အောက်ဘက် ပေတစ်ထောင်အကွာတွင် ရုတ်တရက် မျက်ဝန်းတစ်စုံ ပွင့်လာ၏။ ကျန်းရီက ရေခဲရုပ်တုတစ်ရုပ် ဖြစ်နေခြင်းပင်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မည်သည့်မီးတောက်မှလည်း ရှိမနေပေ။ သို့သော် သူ့မျက်နှာက အလွန်နီမြန်းနေသည်။ သူက အအေးဓာတ်ကို လုံးဝမကြောက်သကဲ့သို့ပင်။
ကျန်းရီ အတန်ငယ် လှုပ်ရှားလိုက်သောအခါ သူ့ကိုယ်ပေါ်မှ ရေခဲများက တဂျွက်ဂျွက်နှင့် အက်ကွဲသွား၏။ ထို့နောက် သူသည် စိတ်လှုပ်ရှားမှု ပြည့်နှက်နေသော မျက်ဝန်းများနှင့် ပြုံးကာ ရေရွတ်လိုက်လေသည်။
“ကောင်းကင်က ငါ့ကို မစွန့်ပစ်သေးဘူး။ လျှပ်စီးက ရေကို ဖန်တီးတယ်၊ ရေက ရေခဲကို ဖန်တီးတယ်၊ ရေခဲက အရာအားလုံးကို ပိတ်ဆို့နိုင်တယ်။ အခုကစပြီး ငါ အအေးဓာတ်ကို ကြောက်စရာမလိုတော့ဘူး။ ငါ အပူရော၊ အအေးကိုပါ ခံနိုင်သွားပြီ...”
***