← Chapters

ရေခဲအရင်းအမြစ်

Vol. 136 Ch. 1895

ရေခဲအရင်းအမြစ်

Vol. 136 Ch. 1895

ကျန်းရီ၏ လျှပ်စီးအနှစ်သာရကို လေ့လာသည့် လမ်းကြောင်းက မှန်ကန်ကြောင်း လက်တွေ့က ထပ်မံ သက်သေပြလိုက်၏။

ကျန်းရီ လမ်းကြောင်းမှန်ကို ရှာရန် အချိန်ကြာမြင့်စွာ ပေးခဲ့ရသော်လည်း လမ်းကြောင်းမှန်ကို ရှာတွေ့သောအခါ ကနဦးအဆင့်ကို ရောက်ရန် နေ့တစ်ဝက်သာ အချိန်ပေးခဲ့ရပေသည်။ ကျန်းရီသည် လျှပ်စီးက ရေကိုဖန်တီးနိုင်သော အကြောင်း၏ ကနဦးအဆင့်ကို သိမြင်နားလည်သွားသောအခါ အအေးဓာတ်ကို ကြောက်စရာ မလိုတော့ချေ။

ကျန်းရီသည် အပြင်ဘက်တွင် တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားလိုက်ရသည်နှင့် သူ့ပတ်ပတ်လည်မှ မီးတောက်ဒိုင်းကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ထို့အခါ ပတ်ဝန်းကျင်မှ အရည်ပျော်နေသော ရေခဲများက ပြန်၍ အေးခဲလာသည်။ ထို့ကြောင့် မင်တိက သူ့ကို အာရုံမခံနိုင်ခဲ့ခြင်းဖြစ်သည်။

မင်တိက တမလွန်ဘုံအရှိန်အဝါကို ပြန်ရုတ်သိမ်းသွားပြီဖြစ်သော်လည်း ကျန်းရီ သတိမလျှော့သေးပေ။ ထိပ်တန်းတမလွန်ဘုံဘုရင်များသာ ဤဂူထဲအထိ တမလွန်ဘုံအရှိန်အဝါ ပို့လွှတ်နိုင်ကြသည်။ ထိုတမလွန်ဘုံဘုရင်က ဂူထဲတွင် သဲလွန်စများလည်း တွေ့သွားလောက်သည်။ သို့ဖြစ်ရာ မကြာခင်တွင် မင်တဲ သို့မဟုတ် အခြားထိပ်တန်းတမလွန်ဘုံဘုရင်များ ရောက်လာနိုင်ပေသည်။

ရှီး...ရှီး...

ကျန်းရီသည် မီးတောက်များကို လျင်မြန်စွာ ထုတ်၍ တွင်းဝမှ ရေခဲပြင်ကို အရည်ဖျော်ကာ အပြင်ထွက်လိုက်၏။ မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် ရေခဲရေများက ပြန်ခဲသွားသည်။ ဂူကလည်း ရေခဲလောက ပြန်ဖြစ်သွားသည်။

‘သွားတာပေါ့...’

ကျန်းရီသည် ဂူကို သေချာ ပြန်ပြန်ဆင်၍ သဲလွန်စများကို ဖျက်ဆီးပြီးနောက် မြေရိုင်း၏ အရှေ့မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်သည်။ ရေခဲအရင်းအမြစ်က အရှေ့မြောက်ဘက်တွင် ဖြစ်ပေသည်။

အရှေ့မြောက်ဘက်တွင် ရေခဲလွင်ပြင်တစ်ခုလည်း ရှိသည်။ ထိုနေရာ၌ ရေခဲတုံးကြီးများနှင့် ရေခဲတောင်များလည်း နေရာအနှံ့တွင် ရှိသည်။ ကျန်းရီ ကီလိုမီတာ သောင်းကျော် ပျံသန်းလိုက်၏။ သူက ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်ထားသည်။ ထို့ကြောင့် သူ့ အောက်ဘက်မှ ရေခဲများက ပိုအေးခဲမာကြောလာသည်ကို သူ ခံစားမိပေသည်။

အပူချိန်က နိမ့်လာလေလေ၊ ရေခဲများက ပိုအေးခဲမာကြောလာလေလေပင်။ ယခုတွင် ကျန်းရီ၏ အောက်ဘက်မှ ရေခဲများက ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များထက်ပင် ပိုမာကြောနေလောက်သည်။ သာမန် နတ်ဘုရားဘုရင်များပင် ၎င်းရေခဲများကို ထိုးခွဲနိုင်လိမ့်မည် မဟုတ်ချေ။

‘ဟိုမှာပဲ...’

ကျန်းရီ အရှေ့သို့ ဆက်ပျံသန်းသွားလိုက်၏။ ကီလိုမီတာတစ်သောင်းခွဲ ပျံသန်းပြီးနောက် ကျန်းရီ၏ အကြည့်က ရေခဲကန်တစ်ကန်အပေါ်သို့ ကျရောက်သွား၏။ ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်အရ အလွယ်တွင် ကန်တစ်ကန်ရှိကြောင်း ထင်ရှားသည်။ အောက်ဘက်မှ ရေခဲအေးခဲမှုပမာဏအရ ရေခဲအရင်းအမြစ်က ထိုရေခဲကန်အောက်ခြေတွင် ရှိလိမ့်မည်ဟုလည်း ခန့်မှန်းရပေသည်။

ဤနေရာမှ ရေခဲထုများက ရှေးဦးဝိညာဉ်ရတနာတစ်ခုအလား မာကြော၏။ ကျန်းရီ အောက်သို့ ပျံဆင်းလိုက်ပြီး ရေခဲကန်၏ မျက်နှာပြင်ကို လက်သီးနှင့် ထိုးလိုက်သည်။ သို့သော် သူ ထိုးမခွဲနိုင်ပေ။ သူ့လက်သီးချက်က ရေခဲပြင်ကို အတန်ငယ်သာ တုန်ခါသွားစေသည်။

ရှီး...ရှီး...

ထို့ကြောင့် ကျန်းရီ မီးတောက်များကိုသာ ထုတ်လိုက်ရ၏။ ထိုအခါ သူ ရေခဲထုထဲ တဖြည်းဖြည်း နစ်ဝင်သွား၏။ ငါးရောင်ခြယ်မီးတောက်များက အလွန်အားကောင်းသည်။ ၎င်းတို့က အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် အလွယ်တူ လောင်ကျွမ်းပစ်နိုင်သည်။ သို့သော် ယခု ၎င်းတို့ ရေခဲထုကို အရည်ဖျော်နေသည့် နှုန်းမှာမူ အလွန်နှေးသည်။ ကျန်းရီသည် မီးတောက်လုံးအနည်းငယ်ကို သုံးခဲ့ပြီးဖြစ်သော်လည်း မီတာရာကျော်သာ ဆင်းနိုင်သေးသည်။ သို့ဖြစ်ရာ ရေခဲထုက မည်မျှမာကြောကြောင်း သိနိုင်ပေသည်။

ကျန်းရီ မီးတောက်များကို ဆက်ထုတ်လွှတ်လိုက်သောအခါ အောက်ဘက်သို့ ဆက်နစ်ဆင်းသွားသည်။

ပေသုံးထောင်၊ ပေသုံးသောင်း၊ ပေသုံးသိန်း၊ ပေတစ်သန်း...

ထိုအနက်သို့ ရောက်သောအခါ ကျန်းရီ၏ အောက်တွင် ရေခဲထု မရှိ‌တော့ဘဲ နက်ရှိုင်းသော ရေထုကြီး ဖြစ်သွားသည်။

‘ဒါက...’

ကျန်းရီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ အောက်သို့ရောက်လေ၊ ရေခဲထုက ပိုမာကြောလေဟု သူ အာရုံခံမိခဲ့သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ရုတ်တရက် ရေထုကြီးကို တွေ့လိုက်ရသနည်း။ သဘောတရားအရဆိုလျှင် အောက်ရောက်လာလျှင် အပူချိန်က ပို၍ပင် နိမ့်နေသင့်သည်။ သို့သော် အဘယ်ကြောင့် ဤရေထုကြီးက အေးခဲမနေရသနည်း။

ကျန်းရီသည် ယခုတွင် အပူရော၊ အအေးပါ ခံနိုင်နေပြီဖြစ်၍ ရေထု၏ အ‌အေးဓာတ်ကို မခံစားရပါ။ သူ ခေတ္တမျှ တွေးတောပြီးနောက် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်သည်။ ရလဒ်အနေဖြင့် သူ့တစ်ကိုယ်လုံး ရုတ်ခြည်း တုန်ယင်သွားပေသည်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ရေထုနှင့် ထိမိသည်နှင့် ချက်ချင်း အေးခဲသွား၏။ သူ့စိတ်ဝိညာဉ်လည်း ဒဏ်ရာရသွားသည်။ သူ့ကောင်းကင်စိတ်အာရုံမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်။

“ဖူး...”

အမွေးတိုင်နှစ်တိုင်စာ ကြာပြီးမှ ကျန်းရီ ပြန်ကောင်းလာသည်။ သူ ပြူးကျယ်သော မျက်လုံးများနှင့် မည်းမှောင်နေသော ရေထုကို စိုက်ကြည့်လိုက်၏။ သူ့ အံ့အားသင့် တုန်လှုပ်နေသည်။ ဤရေထု၏ အအေးဓာတ်က အထက်မှ ရေခဲထု၏ အအေးဓာတ်ထက်ပင် ပိုအေးသေး၏။ ထို့ကြောင့် ရေခဲအရင်းအမြစ်က အောက်ဘက်တွင်သာ ရှိနေလောက်သည်။ သို့သော် အဘယ်ကြောင့် ဤရေထုက အေးခဲမနေရသနည်း။ အပူချိန်က ဤမျှနိမ့်နေသည်ပင် အဘယ်ကြောင့် ရေက မခဲရပါသနည်း။

“ထျန်းဖုန့်ဧကရာဇ်...”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ထျန်းဖုန့်ဧကရာဇ်ထံ အသံပို့လွှတ်လိုက်ကာ သူ့ကို အပြင်ထွက်လာပြီး အအေးဓာတ်ကို ခံစားကြည့်ဖို့ ပြောလိုက်၏။ ထျန်းဖုန့်ဧကရာဇ်က အလွန်စွမ်းအားကြီးရာ သူ အေးခဲ၍တော့ သေမသွားလောက်သည် မဟုတ်လော။ သူ ရေခဲအရင်းအမြစ်နှင့် ထိသွားလျှင်ပင် ရုတ်ခြည်း သေမသွားလောက်သည် မဟုတ်လော။

ကျန်းရီသည် အသံပို့လွှတ်ပြီးနောက် ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်၏။ သို့သော် ကျန်းရီကို တုန်လှုပ်သွားစေသော ကိစ္စတစ်ခု ဖြစ်လာသည်။

ထျန်းဖုန့်ဧကရာဇ်သည် အပြင်ရောက်သောအခါ စကားတစ်ခွန်းပင် မပြောနိုင်တော့ဘဲ တစ်ကိုယ်လုံး ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် အေးခဲလာ၏။ သူ့နှုတ်ခမ်းက အတန်ငယ် လှုပ်ရှားသွားပြီး သူ့မျက်ဝန်းများထဲတွင် နာကျင်မှုများ ပြည့်လာသည်။ သူပုံစံမှာ အော်လိုနေသည့်ပုံပင်။ သို့သော် နောက်ဆုံး၌ သူ အော်ပင် မအော်နိုင်လိုက်ပါ။ တစ်ကိုယ်လုံး အေးခဲကာ ရေခဲရုပ်တုတစ်ခု ဖြစ်သွားလေသည်။

‘လခွမ်း... အဲ့လောက်တောင် ကြောက်စရာကောင်းတယ်လား’

ကျန်းရီ ချက်ချင်းပင် ထျန်းဖုန့်ဧကရာဇ်ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပြန်ထည့်လိုက်ရသည်။ ထျန်းဖုန့်ဧကရာဇ် အထဲရောက်သွားမှ သူ့ကိုယ်‌ပေါ်ရှိ ရေခဲသားက အလွှာလိုက် ကွဲအက်သွားသည်။ သူ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံ အထဲဝင်လာကြောင်း ခံစားလိုက်သောအခါ အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကြောက်ရွံ့သံနှင့် ပြောလိုက်လေသည်။

“သခင်... အခု သခင်က ဘယ်နေရာမှာ ရှိနေတာလဲ။ ဘာလို့ အပူချိန်က အရမ်းနိမ့်ရတာလဲ။ အနီးနားမှာ ရေခဲအရင်းအမြစ် ရှိနေတယ် မဟုတ်လား။ မဟုတ်သေးပါဘူး... ဘာလို့ သခင်က ဘာမှ မဖြစ်ရတာလဲ”

ကျန်းရီ ပြုံးရုံသာ ပြုံးလိုက်ပြီး ရှင်းပြမနေတော့ပေ။ သူ ပုံမှန်အတိုင်း အသံပို့လွှတ်လိုက်သည်။

“ထျန်းဖုန့်ဧကရာဇ်... အပူချိန်က အရမ်းနိမ့်တယ်။ မင်တဲရဲ့ တမလွန်ဘုံအရှိန်အဝါက ဒီထဲကို ဝင်နိုင်လောက်လား”

“သေချာပေါက် မရဘူးပေါ့”

ထျန်းဖုန့်ဧကရာဇ်က သေချာစွာ ပြောလိုက်သည်။

“ကျုပ်ရဲ့ ခန္ဓာကိုယ်တောင် ချက်ချင်း အေးခဲသွားတာ။ အစောက ကျုပ် ထုတ်လွှတ်လိုက်တဲ့ ကောင်းကင်စိတ်အာရုံကလည်း အေးခဲသွားတယ်။ မင်တဲမပြောနဲ့ တမလွန်ဘုံဧကရာဇ်နဲ့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်တောင် ဒီထဲကို အာရုံခံနိုင်မှာ မဟုတ်ဘူး။ မင်တဲ ကိုယ်တိုင်ဝင်လာလည်း အေးခဲသွားမှာပဲ”

“ကောင်းပြီ...”

ထျန်းဖုန့်ဧကရာဇ်၏ စကားများကြောင့် ကျန်းရီ စိတ်အေးသွား၏။ သူတို့ သူ့ကို ရှာမတွေ့သေး၍ သူ ဘေးကင်းပေလိမ့်မည်။ သူတို့ ရေခဲထုကို မဖောက်နိုင်လျှင်၊ ရေထုထဲတွင် မနေနိုင်လျှင် သူ့ကို မည်သို့ ရှာမည်နည်း။

ဝှစ်...

ကျန်းရီသည် ရေခဲအရင်းအမြစ်ကို ရှာရန် အောက်ဘက်သို့ ဆက်ကူးသွားလိုက်၏။ သူ ကောင်းကင်စိတ်အာရုံ မထုတ်လွှတ်ရဲတော့ပေ။ ထိုအစား ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍သာ ကူးသွားသည်။ မိုင်တစ်ရာ ကူးဆင်းပြီးနောက် သူ ရေခဲအရင်းအမြစ်ကို အောင်အောင်မြင်မြင် ရှာတွေ့သွားလေသည်။

ရေထု၏ နက်ရှိုင်းသောနေရာတွင် အဖြူရောင်အရည်လုံးတစ်လုံး ရှိနေ၏။ ၎င်းကို အရည်လုံးဟု ခေါ်ခြင်းက သင့်တော်မည်တော့မထင်။ ၎င်းက အနှစ်လုံးတစ်လုံးနှင့် ပိုတူသည်။ ကျန်းရီသည် ၎င်းကို ခမ်းလှမ်းလှမ်းမှ အာရုံခံကြည့်ပြီးနောက် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ ၎င်းအနီးသို့ မကပ်ဝံ့တော့ပေ။

ကျန်းရီသည် တစ်ခဏမျှ အာရုံခံနေပြီးနောက် ထိုအနှစ်လုံးကို လှည့်ပတ်ကူးခတ်ကြည့်လိုက်၏။ ထိုအနှစ်လုံးကို ဗဟိုပြု၍ ရေထုက မိုင်တစ်ရာပတ်လည် ရှိနေခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။ မိုင်တစ်ရာပတ်လည်ကို ကျော်သွားလျှင်မူ ရေခဲထုသာ ပြန်ဖြစ်သွားသည်။

ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်ပြီး ရေခဲအရင်းအမြစ်၏ အောက်တည့်တည့်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ အကယ်၍ မင်တဲတို့က သူ့ကို လိုက်ရှာလိုလျှင် ရေခဲအရင်းအမြစ်ကို ပတ်သွားရပေလိမ့်မည်။ မင်တဲသည်လည်း ရေခဲအရင်းအမြစ်အနီးသို့ မကပ်ဝံ့လောက်သည် မဟုတ်လော။

ကျန်းရီသည်လည်း ရေခဲအရင်းအမြစ်အနီးကို ကပ်မသွားဝံ့ပါ။ သူက ရေခဲအရင်းအမြစ်အား အလိုလို စုပ်ယူမိသွားမည်ကို သူစိုးရိမ်သည်။ ရေခဲအရင်းအမြစ်ကိုသာ စုပ်ယူပြီးသွားလျှင် ဤမြေရိုင်းက ရေခဲမြေရိုင်းတစ်ခု ဟုတ်တော့မည် မဟုတ်ပေ။ ထိုအခါ မင်တဲနှင့် အခြားသူများက မြေရိုင်းထဲ စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သွားပေလိမ့်မည်။ သူကမူ ထိုစုပ်ယူပြီးသော ရေခဲအရင်းအမြစ်ကို သုံးနိုင်မည် မဟုတ်ပါ။ ထိုအခါ သူ သေရမည်ဖြစ်သည်။

‘မင်တဲကိုယ်တိုင် လာမရှာပါစေနဲ့လို့ မျှော်လင့်ပါတယ်’

ကျန်းရီ အထက်သို့ မော့ကြည့်လိုက်၏။ မင်တဲကိုယ်တိုင် ရောက်မလာသေးသ၍ သူ ကြောက်ရန်လိုမည် မဟုတ်ချေ။ မင်တဲက တမလွန်ဘုံဧကရာဇ်၏ နံပါတ်တစ်စစ်သူကြီးဟု ဆိုကြ၏။ သူက တမလွန်ဘုံဧကရာဇ်ထံမှနေ၍ ဆန်းကြယ်စွမ်းရည်များစွာနှင့် လျှို့ဝှက်အတတ်များစွာကို သင်ယူတတ်မြောက်ခဲ့သည်။ အကယ်၍ မင်တဲကိုယ်တိုင် ရောက်လာမည်ဆိုလျှင် ကျန်းရီအတွက် အလွန်အန္တရာယ်များပေလိမ့်မည်။

‘ကျင့်ကြံရမယ်’

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် သူ့ကိုယ်သူ ကံကြမ္မာ၏လက်ထဲသာ ထည့်လိုက်တော့သည်။ သူ လျှပ်စီးက ရေကိုဖန်တီးနိုင်သော အကြောင်းကိုမူ ဆက်မလေ့လာဝံ့ပေ။ ထို့ပြင် ကောင်းကင်စွမ်းအားကိုလည်း မကျင့်ကြံရဲပါ။ ထို့ကြောင့် နတ်ဘုရားသစ်ရွက်ကို သုံး၍သာ လျှပ်စီးက မီးကိုဖန်တီးနိုင်သော အကြောင်းကိုသာ ဆက်လေ့လာလိုက်သည်။

ဤရေထုကြီးက နတ်ဆိုးချောက်နက်အောက်ရှိ ရေအေးကန်နှင့် ဆင်တူ၏။ ပတ်ဝန်းကျင်က မည်းမှောင်နေသည်။ ကျန်းရီ သူ့လက်ချောင်းများကိုပင် မမြင်ရပေ။ ထို့ပြင် အသံလည်းမကြားရ၊ သက်ရှိအငွေ့အသက်များကိုလည်း မခံစားရချေ။ ကျန်းရီကသာ စိတ်ဓာတ်ခိုင်မာသူ မဟုတ်လျှင် ဤရေထုထဲ၌ တစ်ခဏမျှ နေပြီးနောက် ရူးသွပ်သွားမည်ဖြစ်သည်။

***

All Chapters