← Chapters

နောက်ဆုံးတော့ မင်းကို တွေ့ပြီ

Vol. 136 Ch. 1896

နောက်ဆုံးတော့ မင်းကို တွေ့ပြီ

Vol. 136 Ch. 1896

မင်တိသည် မြေရိုင်းအပြင်ဘက်တွင် တစ်ချိန်လုံး စောင့်နေခဲ့သည်။ မင်တဲက သတင်းရသည်နှင့် ချက်ချင်း ထွက်လာခဲ့လိုက်သည်။ မိုင်ဆယ်သန်းပတ်လည်အတွင်း၌ မည်သည့်သဲလွန်စမှ မရှိပေ။ တစ်ခုတည်းသော သဲလွန်စမှာ ရေခဲအရင်းအမြစ်မြေရိုင်းထဲမှ သဲလွန်စသာဖြစ်သည်။ မင်တိက ထိုသဲလွန်စကို မစစ်ဆေးနိုင်သဖြင့် မင်တဲကိုယ်တိုင် စစ်ဆေးရတော့ပေမည်။

ထိုမြေရိုင်းက မင်တဲရှိနေသော ဘုံနှင့် အတန်ငယ် ဝေး၏။ တော်သေးသည်မှာ မင်တဲတွင် မကောင်းဆိုးဝါးဘုရင်တံခွန် ရှိနေသဖြင့် အလွန်မြန်ခြင်းပင်။ နေ့တစ်ဝက် မပြည့်ခင်မှာပင် သူ ရေခဲအရင်းအမြစ်မြေရိုင်း အပြင်ဘက်သို့ ရောက်ရှိလာသည်။

မင်တဲသည် သူနှင့်အတူ ထိပ်တန်းတမလွန်ဘုံဘုရင် သုံးပါးနှင့် အင်အားတစ်သန်းရှိသော စစ်တပ်ကို ခေါ်လာသည်။ သူတို့ မြေရိုင်းအပြင်ဘက်သို့ ရောက်သည်နှင့် သူ ချက်ချင်း အမိန့်ပေးလိုက်လေသည်။

“မင်းတို့လေးယောက် တစ်နေရာစီ နေရာယူလိုက်ကြ။ မီးနဂါးဓားရဲ့ အသုံးအဆောင်ဝိညာဉ်က အထဲမှာ။ တကယ်လို့ အဲ့အသုံးအဆောင်ဝိညာဉ် ထွက်လာရင် မင်းတို့ မရရအောင် တားရမယ်။ သူ့ကို လွတ်မသွားစေနဲ့”

“နားလည်ပါပြီ”

မင်တိနှင့် အခြား ထိပ်တန်းတမလွန်ဘုံဘုရင် သုံးပါးတို့သည် သူတို့၏ တပ်ဖွဲ့များကို ချက်ချင်း ဦးဆောင်၍ မြေရိုင်းကို အရပ်မျက်နှာတစ်ခုစီမှနေ၍ ဝိုင်းထားလိုက်ကြ၏။ အကယ်၍ ကျန်းရီတို့ ထွက်ပြေးလိုလျှင် အရင်ဆုံး ထိုဝန်းရံထားမှုကို ဖောက်ထွက်ရပေလိမ့်မည်။

အရာအားလုံး အဆင်သင့်ဖြစ်သောအခါ မင်တဲ၏ ခန္ဓာကိုယ်မှနေ၍ တမလွန်ဘုံအရှိန်အဝါ ထွက်လာ၏။ သူ၏ တမလွန်ဘုံအရှိန်အဝါက တမလွန်ဘုံသေမင်းအရှိန်အဝါဖြစ်သည်။ ထို့ကြောင့် မင်တိတို့၏ တမလွန်ဘုံအရှိန်အဝါများထက် ပိုသိပ်သည်းပေသည်။

မင်တိတို၏ တမလွန်ဘုံအရှိန်အဝါက ရေဆိုလျှင် မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ဆီဖြစ်သည်။ များစွာပို၍ သိပ်သည်းသည်။

မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ရေခဲအရင်းအမြစ်မြေရိုင်းထဲ ဝင်သွားသည်။ မင်တဲသည် မြေရိုင်းထဲ ကိုယ်တိုင်မဝင်ဘဲ အရှိန်အဝါ ထုတ်လွှတ်၍သာ စူးစမ်းခြင်းပင်။

မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း ဝန်ခံရပေမည်။ ထိုအရှိန်အဝါသည် မြေရိုင်းထဲ မုန်တိုင်းတစ်ခုကဲ့သို့ ဝင်သွားပြီး မြေရိုင်းတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။

‘တကယ်ကို ပြဿနာတစ်ခု ရှိနေတယ်’

အရှိန်အဝါက ကျန်းရီပုန်းအောင်းနေခဲ့သော ဂူကို ဖြတ်သန်းသွား၏။ ကျန်းရီက သူ့ခြေရာလက်ရာများကို ဖျက်ခဲ့သော်လည်း မင်တဲက ပြဿနာတစ်ခုကို အလွယ်တကူ ရှာတွေ့သွားသည်။

ထိုမြေရိုင်းထဲတွင် မည်သည့်သက်ရှိမှ မရှိပေ။ အရာအားလုံးမှာ ပုံမှန်ပင်။ သို့သော် ထိုဂူထဲမှ ရေခဲများက သာမန်မဟုတ်ချေ။ အရည်ပျော်ခဲ့ဖူးကြောင်း ထင်ရှားနေသည်။ မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ရေခဲလွှာများထဲရှိ လူလုပ် ခြေရာလက်ရာများကို ရှာတွေ့ခဲ့ပေသည်။

‘သူ ဘယ်ကို ရောက်သွားတာလဲ’

မင်တဲသည် ဂူကို အကြိမ်အနည်းငယ် သေသေချာချာ စူးစမ်းလိုက်ပြီးနောက် အထဲတွင် မည်သည့်လူသားမှ ပုန်းမနေကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူ့အရှိန်အဝါက အခြားနေရာများဆီ ဆက်သွားလိုက်သည်။ ခေတ္တကြာပြီးနောက်တွင် အရှိန်အဝါသည် ရေခဲကန်တစ်ကန်အထက်၌ ရပ်တန့်သွားလေသည်။

‘ဟင်း...’

မင်တဲသည် ရေခဲကန် ထောင့်စွန့်ရှိ ကျန်းရီ၏ ခြေရာလက်ရာများကို တွေ့လိုက်၏။ သူ့စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။ ထိုရေခဲကန်ထဲမှ အပူချိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် နိမ့်သည်။ လူသားတစ်ယောက်က ထိုကန်ထဲ ဝင်နိုင်ပါမည်လော။ သာမန် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပင် မဝင်ဝံ့လောက်သည် မဟုတ်လော။

မင်တဲ၏ တမလွန်ဘုံသေမင်းအရှိန်အဝါက ရေခဲကန်ထဲ ဆင်းသွားလိုက်၏။ သို့သော် အနက် ပေသုံးထောင်သို့ ရောက်သောအခါ အောက်ကို ဆက်၍ မဖောက်ထွင်းနိုင်တော့ပေ။ ရေခဲသားက အလွန်မာကြောနေပေသည်။ တမလွန်ဘုံသေမင်းအရှိန်အဝါမှာ စွမ်းအားကြီးသော်လည်း အရာအားလုံးကို ဖောက်ထွင်းနိုင်သည်တော့ မဟုတ်ပါ။

မင်တဲသည် တစ်ခဏမျှ တွေးတောပြီးနောက် မီးခိုးလုံးများအဖြစ် ပြောင်းလဲကာ ရေခဲအရင်းအမြစ်မြေရိုင်းထဲ ဝင်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ တမလွန်ဘုံသေမင်းအရှိန်အဝါကလည်း ပါးလာသည်။ ပထမဆုံးအကြိမ်အဖြစ် သူ သူ၏ပုံစံအစစ်အမှန်ကို ဖော်ပြလိုက်ခြင်းပင်။

မင်တဲ တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာခဲ့ပြီဖြစ်ကြောင်း မသိရပါ။ သို့သော် သူ့ပုံစံက အလွန်ငယ်ရွယ်ပုံပေါ်သည်။ သူ့မျက်နှာပေါ်မှ အနက်ရောင် ဆေးမင်ကြောင်များကြောင့် မဟုတ်လျှင် သူက အလွန်ခံ့ညားသော သခင်လေးတစ်ယောက်ဟု အထင်မှားခံရပေလိမ့်မည်။ သူ့အကြည့်က စူးရှသဖြင့် မည်သူမှ သူနှင့် မျက်လုံးချင်းဆုံး၍ မကြည့်ဝံ့ပါ။ သူသည် အနက်ရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အရပ်မြင့်ကာ ကိုယ်ခန္ဓာ တုတ်ခိုင်သည်။ သူက မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေတော့သော်လည်း သူ့ကို မြင်လိုက်သူတိုင်း အလိုလို ကြောက်ရွံ့သွားကြမည်သာ။

မင်တဲသည် ရေခဲကန်ဆီသို့ ပျံသန်းသွားပြီး မကြာခင်မှာပင် ကန်မျက်နှာပြင်ပေါ်သို့ ရောက်သွားသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တမလွန်ဘုံအရှိန်အဝါ ခပ်ရေးရေးတစ်ခုက အကြည်ရောင်ဒိုင်းတစ်ခုကဲ့သို့ ရှိနေသည်။ ၎င်းဒိုင်းကြောင့်သာ မဟုတ်လျှင် သူ့တစ်ကိုယ်လုံး အေးခဲသွားလောက်ပေပြီ။

ရွှီ...ရွှီ...

မင်တဲ၏ ခန္ဓာကိုယ်ထဲမှနေ၍ တမလွန်ဘုံသေမင်းအရှိန်အဝါများ တလိပ်လိပ်ထွက်လာ၏။ ထိုအရှိန်အဝါများက ရေခဲကန်ထဲ ထိုးဖောက်သွားသည်။ ဤတစ်ခေါက်တွင် မင်တဲ အစွမ်းကုန် သုံးလိုက်ပေသည်။ သို့သော် တစ်ခဏမျှကြာပြီးနောက် သူ၏စူးရှသော မျက်ဝန်းများထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူ ရေခဲကန်မျက်နှာပြင်ပေါ်တွင် ရပ်နိုင်လျှင်ပင် ကန်ထဲကိုမူ အနက် ပေနှစ်သိန်းလောက်အထိသာ ဖောက်ဝင်နိုင်ပေလိမ့်မည်။ သူ ထိုထက်ပို၍ သွားနိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီက မီးတောက်များကို သုံး၍ ရေခဲကို အရည်ဖျော်ကာ ကန်အောက်ခြေရှိ ရေထုထဲအထိ သွားခဲ့သည်။ မင်တဲက ပေနှစ်သိန်းသာ ဖောက်ဝင်နိုင်ရာ ကျန်းရီကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။

“ဟွန်း...”

မင်တဲသည် တစ်ခဏမျှ တွေးတောပြီးနောက် ရသလောက် ဖောက်ဝင်ရန် ဆုံးဖြတ်လိုက်၏။ ထိုမှ သူ ပိုဝေးဝေးအထိ အာရုံခံနိုင်မည်ဖြစ်သည်။ သူ့ကိုယ်ထဲမှနေ၍ တမလွန်ဘုံသေမင်းအရှိန်အဝါများ ထွက်လာပြီး အနက်ရောင်လှံရှည်တစ်ချောင်းအဖြစ် ပြောင်းလဲကာ ၎င်းလှံက ရေခဲကန်ကို ထိုးခွဲလိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ရေခဲကန်တစ်ခုလုံး အတန်ငယ် တုန်ယင်သွားပြီး နားပင်းလောက်ဖွယ် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ရေခဲပြင်တွင်လည်း အပေါက်လေးတစ်ပေါက် ဖြစ်ပေါ်လာသည်။ လှံရှည်က ဆက်၍ ထိုးဖောက်သွားသောအခါ ထိုအပေါက်မှာ တဖြည်းဖြည်း ပိုနက်လာပေသည်။ သို့သော် ထိုးဖောက်နှုန်းက အလွန်နှေးပေသည်။ အကြိမ်ရာကျော် ထိုးဖောက်ပြီးသည်ပင် တစ်ပေအနက်လောက်သာ ထိုးဖောက်နိုင်လေသည်။

“အဲ့လောက်မာတယ်လား”

မင်တဲ၏ မျက်နှာပေါ်ရှိ အနက်ရောင်ဆေးမင်ကြောင်များ ရှုံ့တွန့်သွား၏။ သူ့မျက်နှာထားကလည်း အရုပ်ဆိုးသွားသည်။ ဤနှုန်းအတိုင်းဆိုလျှင် သူ မည်မျှကြာအောင် ထိုးဖောက်နေရမည်နည်း။ လက်ရှိတွင် သူ အအေးဓာတ်ကို ခံနိုင်နေသေးသည် ဆိုသော်လည်း ကြာရှည်ခံနိုင်မည် မဟုတ်ပေ။ အလွန်ဆုံးမှ နေ့တစ်ဝက်လောက်သာ ခံနိုင်မည်ဖြစ်သည်။ ထိုနေ့တစ်ဝက်အတွင်း သူ အနက်မည်မျှအထိ တူးနိုင်ပါမည်နည်း။

‘အောက်ဘက်မှာ ဒဏ္ဍာရီလာ ရေခဲအရင်းအမြစ် ရှိနေတာလား’

မင်တဲသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်၏။ သူ့အဆင့်တွင် ရေခဲအရင်းအမြစ်၊ မီးအရင်အမြစ်နှင့် သစ်သားအရင်းအမြစ်တို့ အကြောင်းကို သိခြင်းမှာ ပုံမှန်သာဖြစ်သည်။ ဆိုရလျှင် စွမ်းအားကြီး သိုင်းသမားများစွာသည် ထိုမိုးမြေအရင်းအမြစ်စွမ်းအားများကို စုပ်ယူလိုကြသည်။ သို့သော် ထိုသို့စုပ်ယူနိုင်ရန် အလွန်ခက်ပေသည်။

‘ရေခဲအရင်းအမြစ်က အရမ်းကြောက်စရာကောင်းတယ်။ အဲ့တော့ ဒီရေခဲကန်ထဲမှာ ဘယ်သူမှ ပုန်းမနေလောက်ဘူး မဟုတ်လား’

မင်တဲသည် တစ်စုံတစ်ယောက်က ဤရေခဲကန်ထဲ ဝင်နိုင်လောက်ကြောင်းကိုမူ လက်ခံ၏။ သို့သော် ကြာရှည်ပုန်းအောင်းနေနိုင်လိမ့်မည်ဟုတော့ မထင်ပေ။ မိုးပြာမဟာဧကရာဇ်ပင် ထိုသို့သောစွမ်းရည်မျိုး မရှိချေ။ ဧကရာဇ်အဆင့်ကို တက်လှမ်းရန် ရေခဲအနှစ်သာရခုနစ်မျိုးကို ပေါင်းစည်းခဲ့သူထံတွင်သာ ထိုစွမ်းရည်မျိုး ရှိချင်ရှိနိုင်လောက်သည်။

သို့သော် လူသားမျိုးနွယ်တွင် ထိုသို့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိကြောင်း မင်တဲ မကြားဖူးပေ။ လူသားမျိုးနွယ်မှ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားအားလုံးကို သူ ကောင်းစွာသိသည်။ မည်သူကမှ ရေခဲအနှစ်သာရများကို မလေ့လာကြချေ။

‘လူသားမျိုးနွယ်က မဟုတ်တာလား။ ရေခဲအရင်းအမြစ်ထဲမှာ မွေးဖွားလာတဲ့ ထူးဆန်းတဲ့သက်ရှိတစ်မျိုးလား’

မင်တဲ လက်လျှော့လိုလာ၏။ အကယ်၍ ရေခဲအရင်းအမြစ်မှ မွေးဖွားလားသော သက်ရှိတစ်မျိုး ရှိနေလျှင် ခြေရာလက်ရာများကို ရှင်းပြပြီးသား ဖြစ်သွားပေလိမ့်မည်။

‘အဲ့ဒါက ရေခဲအရင်းအမြစ်က မွေးလာတဲ့ သက်ရှိဟုတ်လား၊ မဟုတ်လား စမ်းကြည့်လိုက်ရင် သိရမှာပဲ’

မင်တဲသည် ခေတ္တမျှ တွေးတောပြီးနောက် တမလွန်ဘုံသေမင်းအရှိန်အဝါကို ထုတ်ကာ ဧရာမလက်ဝါးကြီးတစ်ခု ဖန်တီးလိုက်သည်။ ထိုလက်ဝါးကြီးသည် ပေသုံးသောင်းရှည်ပြီး အနက်ရောင်အလင်း တောက်ပနေပေသည်။ ၎င်းပတ်ပတ်လည်တွင် သင်္ကေတပုံသဏ္ဌာန် အမျိုးမျိုးလည်း လှည့်ပတ်နေသည်။ ထို့ပြင် ထူးဆန်းသော လေလမ်းကြောင်းတစ်ခုလည်း ဖြစ်ပေါ်လာသည်။ ထို့နောက် ဧရာမလက်ဝါးကြီးသည် ရေခဲပြင်ကို ရိုက်ချလိုက်လေသည်။

ဘုန်း...

မြေရိုင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွား၏။ ရေခဲကန်မျက်နှာပြင်ပေါ်တွင် ဧရာမလက်ဝါးရာကြီး ထင်သွားသည်။ ထိုလက်ဝါးရာက ငါးပေနက်ရာ အလွန်ထိတ်လန့်ဖွယ်ပင်။

အားကောင်းသော လက်ဝါးချက်က အောက်ဘက်ရှိ ရေထုကို တုန်ခါသွားစေ၏။ မျက်လုံးမှိတ်ကာ လေ့လာသုံးသပ်နေသော ကျန်းရီလည်း လန့်နိုးသွားသည်။ သူ ဆတ်ခနဲ မျက်လုံးဖွင့်ကာ ရေတုန်ခါမှုကို ခံစားကြည့်လိုက်သည်။ ထို့နောက် ချက်ချင်း ထရပ်လိုက်ပြီး မိုးမြေစွမ်းအား လှည့်ပတ်၍ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်လေသည်။

“ဟွန်း... နောက်ဆုံးတော့ ငါ မင်းကို တွေ့ပြီ”

ကျန်းရီ၏ ရုတ်တရက် လှုပ်ရှားလိုက်ကို မင်တဲက အာရုံခံမိလိုက်၏။ သူ့မျက်လုံးများ အေးစက်သွားသည်။ ကျန်းရီက မိုးမြေစွမ်းအား လှည့်ပတ်လိုက်၍ အရှိန်အဝါ ထွက်သွားခဲ့သည် မဟုတ်ပါလား။ မင်တဲက ထို လူသားအရှိန်အဝါခပ်ရေးရေးကို အာရုံခံမိလိုက်ခြင်းဖြစ်သည်။

မင်တဲ၏ မျက်နှာပေါ်မှ အနက်ရောင်သွေးကြောများ တွန့်လာ၏။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။

“ကောင်းလိုက်တဲ့အတတ်... မင်းက ရေခဲအရင်းအမြစ်နားမှာတောင် ပုန်းနေနိုင်တယ်ပေါ့လေ။ ဟွန်း... ဒီရေခဲထုက ပေသန်းချီ နက်ရင်တောင် ငါ ရအောင် ထိုးဖောက်နိုင်တယ်။ လူသား... သေဖို့သာ ပြင်ထားပေတော့”

မင်တဲသည် ကျန်းရီ၏ အသက်အရှိန်အဝါက အလွန်ငယ်ရွယ်ကြောင်း ခံစားမိ၍ အံ့အားလည်း သင့်နေ၏။ ထိုလူသားက အဘယ်သို့ ရေခဲအရင်းအမြစ်အနီးတွင် ပုန်းနေနိုင်ရသနည်း။ မည်သို့ပင်ဖြစ်စေ သူ ထိုကဲ့သို့သော လူသားပါရမီရှင်ကို လွှတ်ပေးလိုက်၍ မဖြစ်ချေ။ ထို့ပြင် မီးနဂါးဓားကလည်း ထိုလူသားနှင့်အတူ ရှိနေလောက်သည်။ သို့ဖြစ်ရာ ထိုလူသားက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နိုင်သည်။ သူ ထိုလူသားကို သတ်ကိုသတ်မှ ဖြစ်ပေလိမ့်မည်။

ဝုန်း...ဝုန်း...ဝုန်း...

မင်တဲ၏ ခန္ဓာကိုယ်မှနေ၍ တမလွန်ဘုံသေမင်းအရှိန်အဝါများ တလိပ်လိပ်ထွက်လာပြီး လှံရှည်များအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူ ရေခဲပြင်ကို ဆက်ထိုးခွဲလိုက်သည်။ ဤရေခဲပြင်က အလွန်မာကြောသည်။ ယင်းကြောင့် သူ ကျန်းရီကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။ ထို့ပြင် သူ ချီဟုန်ကိုလည်း စိုးရိမ်နေသေးပေသည်။ သို့ဖြစ်ရာ တွင်းတစ်တွင်းကို အမြန်ဆုံးတူးရမည်ဖြစ်သည်။

***

All Chapters